Switch Mode

အပိုင်း(၁၀၇)-အကူအညီတောင်းခံခြင်း

ရှီမာယူယူ ယုံကြည်ချက်အပြည့်ရှိနေသည်ကို ရှီမာလိုင်ကြည့်ကာ သူမအား ယုံကြည်မည်ဟု ဆုံးဖြတ်လိုက်သည်။ အဂ္ဂိရတ်ပညာရှင်များ ရှီမာမျိုးနွယ်သို့လာမကူညီသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

“အင်း… သမီးအရင်ပြန်တော့၊ အဘိုးဒီဝိညာဉ်သားရဲတွေကိုသေချာဖြေရှင်းလိုက်မယ်” ရှီမာလိုင်ပြောလိုက်သည်။

ရှီမာမျိုးနွယ်တွင် ရုတ်တရက် ဝိညာဉ်သားရဲများတိုးပွားလာသည်။ ထို့အပြင် ထိုအခြေအနေအား ဘယ်သူမှမသိပေ။ ထိုအကြောင်းအား လျှို့ဝှက်ထားပါက သူတို့အတွက် ဝှက်ဖဲတစ်ခုဖြစ်လာမည်။

ထိုအရာအားဖြေရှင်းရန် ယုံကြည်စိတ်ချရလောက်သည့် လူအား အားထားရတော့မည်။ မျိုးနွယ်အတွက် ထိုမက်လုံးအား လက်ခံနိုင်မည့် သစ္စာစောင့်သိမည့်သူမှာ သူတို့ပင်ဖြစ်သည်။

“ဟုတ်သားပဲ အဲလူက ဒါကိုလျှို့ဝှက်ချက်အဖြစ်ထားပြီး တခြားသူတွေကိုပြောမှာမဟုတ်ဘူး၊ ဟုတ်တယ်၊ ငါစဉ်းစားမိပြီ” ဝိညာဉ်သားရဲများကို ရှီမာလိုင်လက်ထဲသို့အပ်ပြီးနောက် ရှီမာယူယူစာကြည့်ခန်းမှထွက်ကာ ဝိညာဉ်သားရဲများနှင့်ပတ်သတ်သည့် အခြေအနေအား မမေးတော့ပေ။

ရှီမာလိုင်သည် သူမထက်ပင်နှစ်တစ်ရာကျော်နေထိုင်ခဲ့ပြီးဖြစ်၍ ထိုကိစ္စမျိုးတွင် အချိုးကျကျဖြေရှင်းနိုင်မည်မှာ အသေအချာပင်။

သူမအခန်းသို့ရောက်သောအခါ ချွန်ဂျီအန်းအား တခြားသူများအား သူမကို အနှောင့်အယှက်မပေးရန် ညွန်ကြားပြီး အခန်းထဲတွင် တံခါးပိတ်နေလေသည်။ လျှပ်တစ်ပြက်ပင် သူမဝိညာဉ်ပုလဲအတွင်းဝင်သွားသည်။

“မိုရှား” သူမ ရွှေမြွေအသီးပင်ဘေးလာရာတွင် ဘေးတွင်ထိုင်နေသော မိုရှားအားတွေ့လိုက်သည်။

မိုရှားသည် နှစ်သက်ဖွယ်ကောင်းသော သူ၏မျက်လုံးတစ်စုံအားဖွင့်လိုက်သည်။ သူမ သူ့မျက်လုံးများအားမြင်သည်နှင့် စိတ်ရှုပ်ထွေးသွားသည်။

မိုရှား၏ မျက်လုံးများကိုမြင်သည့်အချိန်တိုင်း ရင်းနှီးသည်ဟု သူမခံစားရသလဲ။

“မင်းဘာလိုချင်လို့လဲ” မိုရှားမေးလိုက်သည်။

“ငါ အဆင့်နှစ်အဂ္ဂိရတ်ပညာရှင်မြန်မြန်ဖြစ်ချင်တယ်” ရှီမာယူယူ အတွေးများပြန်ရုပ်သိမ်းကာ ပြောလိုက်သည်။

“ဘာလို့လဲ”

နာလန်မျိုးနွယ်၏ အခြေအနေတစ်ခုလုံးအား ရှီမာယူယူရှင်းပြကာ ပြောလိုက်သည် “အဘိုးက အဲအဂ္ဂိရတ်ဆရာတွေကို ဂရုမစိုက်ခဲ့လို့ သူတို့ဆက်ဆံရေးကမကောင်းဘူး၊ အဲဒါကြောင့်ပဲ အဲဒီအဂ္ဂိရတ်ပညာရှင်တွေက ငါတို့ကို မကူညီကြဘူး၊ အပြင်မှာ အဆင်ပြေမယ့် အဂ္ဂိရတ်ဆရာကိုရှာရတာမလွယ်ဘူး၊ ဆိုတော့ ငါ ဒုတိယအဆင့်အဂ္ဂိရတ်ပညာရှင်မြန်မြန်ဖြစ်ဖို့လိုတယ်၊ အဲဒါမှပဲ ငါက နာလန်မျိုးနွယ်နဲ့ယှဉ်လို့ရမယ်”

မိုရှား မျက်မှောင်ကြုတ်ကာပြောလိုက်သည် “မင်းအဆင့်တစ် အဂ္ဂိရတ်ပညာရှင်ဖြစ်တာတောင် မကြာသေးဘူး၊ အဆင့်နှစ်အဂ္ဂိရတ်ပညာရှင် ဖြစ်ဖို့ကာဒီလောက်အချိန်တိုလေးနဲ့က မလွယ်ဘူး”

“ငါသိတယ်၊ အဲဒါကြောင့်ပဲမင်းကိုကူညီဖို့ပြောနေတာလေ.. ငါအဆင့်နှစ်အဂ္ဂိရတ်ပညာရှင်ဖြစ်ဖို့ မင်းကသေချာပေါက်လုပ်ပေးနိုင်တယ်”

“နည်းလမ်းမရှိတာတော့ မဟုတ်ဘူး” မိုရှားပြောလိုက်သည် “ဒါပေမယ့် မင်းဘာပဲလုပ်လုပ် တစ်ဆင့်ချင်းသွားမှရမယ်၊ ဒါမှ လေ့ကျင့်ရင်း မင်းရဲ့အပြုအမူတွေက ကောင်းလာမှာ၊ ဆေးဖော်တာရဲ့ အစိတ်အပိုင်းတစ်ခုစီကို မင်းကိုယ်မင်းရင်းနှီးအောင်လုပ်ရမယ်၊ လေ့ကျင့်ခြင်းက ပြည့်စုံခြင်းပဲ ပြီးတော့ မင်းရဲ့ အတိမ်းစောင်းမခံတဲ့အချိန်ရောက်ရင် မင်းသူ့အလိုလိုအဆင့်နှစ်ဖြစ်သွားလိမ့်မယ်”

“အချိန်ကြာမှာလား” ရှီမာယူယူမေးလိုက်သည်။

“မင်းရဲ့ ပင်ကိုယ်အရည်အချင်းနဲ့ ငါ့ရဲ့သင်ကြားတာနဲ့ဆိုရင်တော့ သိပ်မကြာလောက်ပါဘူး” မိုရှားပြောလိုက်သည်။

“ကောင်းပြီလေ အဲဒါဆို မစခင် အကုန်လုံးကိုစီစဉ်လိုက်မယ်” ရှီမာယူယူ ပြောပြီးသည်နှင့် ထွက်သွားလေသည်။

အစက သူမ မနက်ဖြန်ကိုကျောင်းသို့ပြန်သွားရန်စဉ်းစားထားသည်။ သို့သော် အခုလက်ရှိအခြေအနေအရ သူမသည် တံခါးပိတ်ကာ ကျင့်ကြံရတော့မည်။ သို့သော် သူမ ဝိညာဉ်ပုလဲအတွင်းဆက်ရှိနေပါက သူမ၏ ကိုယ်ရောင်ကိုယ်ဝါးအား ရှီမာလိုင်မခံစားမိပဲ မသိလိုက်ပဲနေမည်မဟုတ်ပေ။

ထိုအကြောင်းအားစဉ်းစားကာ ကျောင်းသို့ပြန်သွားသည်ကပင် ကောင်းသေးသည်။ အထဲတွင်ရှိနေပါက ဖက်တီးကျူနှင့်တခြားသူများသည် သူမအိမ်ထဲတွင်ရှိနေမည်ကိုပင် သတိထားမိမည်မဟုတ်ပေ။

ထိုစိတ်ကူးအတိုင်းပင် သူမအိမ်ထဲတွင် ကျင့်ကြံမှုမတင်တော့သည်။ သူမ ဒုတိယနေ့အထိစောင့်ကာ ကျောင်းသို့ ကသိုက်ကရိုက်သွားတော့သည်။ ချွန်ဂျိအန်းနှင့် ယွန်ယူတို့သည် ရှီမာယူယူ၏ အခန်းလွတ်ကိုမြင်မှပင်သက်ပြင်းချနိုင်တော့သည်။

အရင်ကဆိုလျှင် သူတို့သည် အမြဲတမ်း ရှီမာယူယူ၏ အဆူခံ၊ အရိုက်ခံခဲ့ရသည်။ အခုတော့ သူ၏ အရိပ်ကိုပင် မြင်ရခဲသည်၊ နေ့တိုင်းတွင် လုပ်စရာအလုပ်မရှိပေ။ ကျောင်းသားများသည် ကျောင်းတွင်နေထိုင်နိုင်ပြီး၊ သူတို့သည် အဆောင်တွင်ကျင့်ကြံခြင်း သို့မဟုတ် စာကြည့်တိုက်သွားကာ စာဖတ်ခြင်းများပြုလုပ်နိုင်သည်။

ရှီမာယူယူ ကျောင်းသို့ရောက်သောအခါ ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် အပြင်ထွက်သွားကြသည်။ သူတို့နှစ်ယောက်အား ဖမ်းလို့မမိခြင်းသည် ဖြစ်နေကျအတိုင်းဖြစ်၍ ရှီမာယူယူ မအံ့သြတော့ပေ။ ဖက်တီးကျူသည် သူ့မျိုးနွယ်ရှိရာသို့ပြန်သွားပြီး ဝေကျိရွှီတစ်ယောက်တည်းအိမ်တွင်ကျန်ခဲ့ကာ စာအုပ်တစ်အုပ်အားဖတ်နေလေသည်။

“ယူယူလား” တံခါးမကြီးဖွင့်သံကြားသည်နှင့် ဝေကျိရွှီကြည့်လိုက်သည်၊ ရှီမာယူယူအား မြင်သည်နှင့် သူပျော်ရွှင်စွာထရပ်လိုက်သည်။

“ကျိရွှီ၊ မင်းဘယ်လိုလုပ် ဒီမှာတစ်ယောက်ထဲရှိနေတာလဲ” ရှီမာယူယူမေးရင်းနှင့်ပင် လျှောက်သွားကာ ထိုင်လိုက်သည်။

“ဝူရန်ဖေနဲ့ ဘေဂုံထန်က မနက်စောစောကပဲထွက်သွားတာ၊ ဖက်တီးကျူကတော့ မနေ့ကအိမ်ပြန်သွားတာ ပြန်မလာသေးဘူး” ဝေကျိရွှီပြောသည် “ယူယူ ငါတို့ဆားမြို့မှာတုန်းက မင်းဘယ်ရောက်နေတာလဲ၊ ဘာမှမပြောပဲ ဘာလို့ထွက်သွားတာလဲ”

ရှီမာယူယူ သူမနှာခေါင်းအားကိုင်ကာ ပြောလိုက်သည် “အဲတုန်းက ငါအရေးတကြီးလုပ်စရာရှိလို့ အစ်ကိုလေးကိုပဲ ပြောခိုင်းလိုက်ရတာ၊ ငါတို့ မစ်ရှင်ကိုတင်ပြပြီးပြီလား”

ဝေကျိရွှီခေါင်းညိတ်သည် “ငါတို့ ဒုတိယမြောက်နေ့မှာပဲ တင်ပြပြီးပြီ၊ ငါဆေးဖက်ဝင် ပစ္စည်းတွေအားလုံးကိုသိမ်းထားတယ်၊ မင်းဒီမှာမရှိပေမယ့်လည်း ငါတို့လေးယောက်ဆိုလုံလောက်ပြီလေ၊ မင်းအစားတောင်ငါတို့လုပ်ထားပေးတယ်၊ ရလဒ်ကတော့ ငါတို့ဒီတစ်ခါ မစ်ရှင်မှာ အမှတ်ပြည့်ရတယ်”

“တကယ်လား” သူတို့ မစ်ရှင်အတွက်အမှတ်ပြည့်ရသည်ဟု ကြားသည်နှင့် ရှီမာယူယူပျော်သွားသည်၊ “ကျေးဇူးအများကြီးတင်ပါတယ်”

“ဘာလုပ်ဖို့ကျေးဇူးတင်တာလဲ” ဝေကျိရွှီမေးလိုက်သည်။ “မင်းသာ ငါတို့အတူတူလုပ်ဖို့အခွင့်အရေးမပေးဘူးဆိုရင် ဝိညာဉ်သားရဲတွေရဲ့ အသေကောင်တွေ အဲလောက်အများကြီး ရနိုင်မှာမဟုတ်ဘူး၊ မင်းဒီတစ်ခါ ဘယ်လောက်ကြာအောင်နေမှာလဲ”

“ဒီမှာ အချိန်တစ်ခုတော့ နေဖို့စဉ်းစားထားတယ်” ရှီမာယူယူပြောလိုက်သည် “ငါ့အချိန်တွေကို အခန်းပိတ်ပြီး ကျင့်ကြံမယ်လို့ စီစဉ်ထားတယ်ဆိုတော့ ငါအပြင်သိပ်ထွက်မှာမဟုတ်ဘူး”

“မင်းအခန်းပိတ်ပြီးကျင့်ကြံချင်လို့လား” ဝေကျိရွှီ ရှီမာယူယူအား အလွန်အံ့အားသင့်စွာကြည့်လိုက်သည်။ ပုံမှန်အားဖြင့် လူများ တံခါးပိတ်ကျင့်ကြံခြင်းသည် အဆင့်ကျော်ချင်မှသာ လုပ်ကြသည်။ သူမ ထပ်ပြီးတံခါးပိတ်ပြီး အဆင့်ကျော်ဦးမလို့လား။

ဒီလိုမျိုးတိုက်ခိုက်မှုကိုတော့ မလုပ်လောက်ပါဘူး။

ရှီမာယူယူအဆင့်တက်သွားသည်ကိုသာ သူသိပါက ထိုမျှလောက် စိတ်တွေဝေနေမည်မဟုတ်ပေ။

“ကောင်းပြီ ငါအိမ်ကိုနည်းနည်းရှင်းလိုက်ဦးမယ်” ရှီမာယူယူပြောပြီးသည်နှင့် အိမ်ထဲသို့ ဦးတည်ဝင်သွားလေသည်။

ရှီမာယူယူ၏ လှည့်သွားသောကျောပြင်အား ဝေကျိရွှီကြည့်ကာ ဘာအတွက်ကြောင့် သူမထိုကဲ့သို့ ကြိုးစားနေသလဲဆိုသည်ကို စဉ်းစားနေသည်။ သူစာကြည့်တိုက်တွင် ရှာဖွေမနေတော့ပဲ အခန်းထဲတွင် ကျင့်ကြံရန်သာ သူ့စိတ်ကတိုက်တွန်းနေလေသည်။

ရှီမာယူယူ အခန်းသန့်ရှင်းရေးလုပ်ပြီးသည်နှင့် ဝိညာဉ်ပုလဲအတွင်းဝင်ကာ ကျင့်ကြံတော့သည်။ အခုလက်ရှိတွင် သူမသည် အဆင့်တစ်ဆေးဖော်စပ်ခြင်းတွင် ရင်းနှီးပြီးသားဖြစ်၍ ဘေဂုံထန်နှင့် ဝူရန်ဖေတို့ပြန်လာချိန်တွင် သူမသည် ဆေးဖိုပေါ်တွင် ဆေးများဖော်ပြီးဖြစ်သည်။

သူတို့ပြန်လာသည်ကို သူမသိသည်နှင့် ရှီမာယူယူ ဝိညာဉ်ပုလဲအတွင်းမှထွက်ကာ သူမတံခါးပိတ်ကျင့်ကြံသည့်အကြောင်းပြောပြကာ ဝိညာဉ်ပုလဲအတွင်းသို့ပြန်ဝင်လိုက်လေသည်။

“အခု တံခါးပိတ်ကျင့်ကြံတာစတော့မယ်” ရှီမာယူယူ မိုရှားအားကြည့်ကာပြောလိုက်သည်။

မိုရှားခေါင်းညိတ်ကာပြောလိုက်သည် “အခုကစပြီး မင်းဝိညာဉ်ပုလဲထဲမှာ နေ့ဆို ကျင့်ကြံပြီး ညဆိုမင်းရဲ့ စိတ်စွမ်းအားနဲ့ ဝိညာဉ်ချီတွေကို ပြန်အားဖြည့်ရမယ်၊ ဒီရွှေမြွေအသီးရဲ့ရောင်ဝါက ဝိညာဉ်ကိုအားဖြစ်စေတယ်ဆိုပေမယ့် သူက လရောင်ကိုစုပ်ဖို့လိုသေးတယ် အဲဒါဆိုတေယ့ ငါတို့ ညကို အပြင်ထွက်ဖို့လိုတယ်”

ရှီမာယူယူ ရွှေမြွေအသီးပင်အားကြည့်ကာ သူ့တွင် အဖြူရောင်မြူခိုးထွက်ခြင်းမရှိတော့သည်ကို သတိထားမိလိုက်သည်။ ထိုအပင်ကိုယ်ထည်မှ လရောင်သည် လုံးဝကုန်သွားပြီဟု သူမကောက်ချက်ချလိုက်သည်။

“မင်းဆေးဖော်တာတစ်ရက်ကုန်သွားပြီဆိုတော့ ဒီညကို အရင်နားပြီး မင်းရဲ့စိတ်စွမ်းအားကို  ပြန်အားဖြည့်လိုက်ဦး” မိုရှားပြောလိုက်သည်။

မိုရှားခေါင်းညိတ်သည်။ အတွေးတစ်ချက်နှင့်ပင် သူမသည် ရွှေမြွေအသီးကိုယူဆောင်ကာ မိုရှားနှင့်အတူ ဝိညာဉ်ပုလဲအတွင်းမှထွက်ခဲ့လေသည်။

ထိုညတွင် လရောင်သည် အလွန်တောက်ပနေ၍ ဟိန်းသံလေးအား လိုက်ကာအားနှစ်ခြမ်းခွဲစေပြီး အခန်းထဲတွင် လရောင်ကျရောက်စေလိုက်သည်။

ရွှေမြွေအသီးပင်ပေါ်သို့ လရောင်ကျရောက်သည်နှင့် အရွက်များသည် ဖျော့တော့သော မြူခိုးကဲ့သို့ ရောင်ဝါအားထုတ်လွှတ်တော့သည်။ ရှီမာယူယူနှင့် မိုရှားတို့သည် ဘေးတွင်ထိုင်ကာခြေထောက်ချိတ်ထားကာ ရွှေမြွေအသီးပင်အားအသုံးပြုကာ သူတို့၏ ဝိညာဉ်နှင့် လိပ်ပြာအား အားဖြည့်နေလေသည်….

Comment

Leave a Reply

Options

not work with dark mode
Reset