“ ဟာ … ”
“ ငါ ဒါကြီးကို မကြိုက်ပါဘူး … ”
“ အာ…ဟိုပေါ်ဒီပေါ်နဲ့… ဒါက အဝတ်စအကြီးနောက်မှာ အဝတ်စသေးလေး နှစ်စကို ပတ်ထားရသလိုပဲ။ ငါသာ ဒါကို အပြင်ဝတ်သွားရင် လူတွေ မျက်စိစပါးမွေး စူးတော့မှာ ”
“ ဒါက ပိုတောင်ဆိုးသေးတယ်။ အရေးကြီးတဲ့နေရာတွေကို သေချာမကာမိဘူး။ အမှတ်လေးအစ်မက အမှတ်ငါးအစ်ကိုအတွက် ဒီလိုဟာမျိုးတွေ ဝတ်ပြတာလား ”
“ မဟုတ်လောက်ပါဘူး… အဝတ်တွေတော့ စမ်းဝတ်ကြည့်ပြီးသွားပြီ… ဟီးဟီးဟီး ”
မနက်စောစောမှ နေ၍ နေ့လယ်ခင်းအထိ ကျိုးကျိုးတစ်ယောက် အလုပ်များနေလေသည်။ သူမသည် အိမ်တံခါးဝတွင် တံခါးလက်ကိုင်ကိုကိုင်ကာ ဖွင့်၍ထွက်ရန် အချိန်အတော်ကြာ ချီတုံချတုံဖြစ်နေ၏။
‘ ငါ ဒီအတိုင်း အလည်သွားရုံပါပဲ ’
‘ ဟုတ်တယ်… အလည်သွားရုံပဲ ’
အသက်ဖွဖွရှူသွင်းလိုက်ပြီးနောက် ကျိုးကျိုးသည် သူမအရှေ့ရှိ သစ်သားတံခါးကို ဆွဲဖွင့်၍ အပြင်သို့ ထွက်လိုက်လေသည်။ သူမသည် အပြာရောင်ပန်းပွားတပ်ထားသော အဝတ်ဖိနပ်ကို စီးထား၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မန္တန်အစီအရင်ကြီး လွှမ်းခြုံထားသော တောင်များပေါ်တွင် သက်တံ့တစ်ခု ထွက်လာပေသည်။
အကြည့်များ၊ အာမေဍိတ်အသံများ ဟိုမှသည် လွင့်ပျံလာ၏။
ဆေးဖော်ဆောင်အတွက် ရေခပ်ရန်ပြင်နေကြသောတပည့်များသည် အသံများကြား၍ လှမ်းကြည့်လိုက်ရာ သူတို့လက်ထဲမှ ထမ်းပိုးများပင် လွတ်ကျသွားကြသည်။ ပန်းခင်းတွင် ပေါင်းသင်နေကြသော ဂိုဏ်းသားများသည်လည်း လက်ထဲမှ ဂေါ်ပြားများ လွတ်ကျသွား၏။ ဆေးပုလင်းများကိုလင်ပန်းဖြင့် သယ်လာသော မိန်းကလေးများသည်လည်း လင်ပန်းမှောက်သွားတော့သည်။
“ အဟမ်း ”
ကျိုးကျိုးသည် လည်ချောင်းရှင်းကာ လက်နောက်ပစ်၍ ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူမသည် ခေါင်းမော့ရင်ကော့ကာ ဘေးပတ်ဝန်းကျင်ကို တည်တည်ငြိမ်ငြိမ် အကဲခတ်လိုက်၏။
အမျိုးသားကျင့်ကြံသူအချို့သည် ခေါင်းငုံ့လိုက်ကြပြီး မမြင်ဟန်ဆောင်လိုက်သော်လည်း တစ်ချက်နှစ်ချက် ခိုးကြည့်ကြသေး၏။ ဂိုဏ်းသို့ရောက်သည်မှာ မကြာသေးသော တပည့်ငယ်တစ်ယောက်သည်လည်း မျက်နှာရဲသွားပေ၏။
‘ ဘာမှမဖြစ်ပါဘူး။ ဘာပဲဝတ်ဝတ် အတူတူပဲပေါ့။ လူမြင်မတင့်တဲ့ အဝတ်တွေကို ဝတ်ထားတာမှ မဟုတ်တာ။ ငါဝတ်နေကျ ဖောင်းပွပွ အဝတ်တိုလေးထပ်တောင် ပိုလုံခြုံသေးတယ် ’
ကျိုးကျိုးသည် ချီတုံချတုံ ဖြစ်နေပြီး နှုတ်ခမ်းသပ်လိုက်သည်။ သို့သော် သူမစိတ်ကိုသူမ ခပ်မြန်မြန် ပြင်ဆင်လိုက်သည်။ သူမသည် အရက်အိုးကို ဆင့်ခေါ်လိုက်ပြီး ဆယ်ပေခန့်ရှည်အောင် ပြောင်းလိုက်၏။
သူမသည် ခြေကားရားလက်ကားရား ထိုင်နေကျဖြစ်သော်လည်း ယခုဝတ်စုံနှင့်ဆိုလျှင် ကိုးရိုးကားရား နိုင်နေပေလိမ့်မည်။ သူမသည် မည်သည့်အစဖြင့် ချုပ်ထားသည်မသိသော ပေါ့ပါးသည့် ပန်းရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် သူမသည် အဝတ်အောက်ဖျားကလေးကို သိမ်း၍ အရက်အိုး၏ ထိပ်တွင် တင်ပျဥ်ခွေထိုင်လိုက်ပြီး ကောင်းကင်ပေါ် ပျံတက်သွားလိုက်လေသည်။
ကျိုးကျိုးတစ်ယောက် ကောင်းကင်ခွင်းတောင်မှ ထွက်လိုက်သည်နှင့် မျက်ကွင်းများနက်နေသော တာအိုရသေ့ဂျပုလေးသည် ပေလိပ်တစ်လိပ်ကိုကိုင်ကာ တိမ်ဖြူစီး၍ ပြန်လာသည်ကို တွေ့လိုက်ရ၏။
ကျိုးကျိုးသည် နတ်တန်ခိုးသုံးကာ အရက်အိုးကိုရပ်တန့်လိုက်ပြီး ချောင်းဟန့်လိုက်သည်။
“ အဟမျး…အဟမျး..အဟမျး… ”
ဘေးမှ ဖြတ်သွားသော ကျိုးဝူသည် သူမကိုကြည့်၍ ပြုံးပြလိုက်ပြီး ပေလိပ်ကိုကိုင်ရင်းပင် လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်ကာ တောင်ပေါ်သို့ ဆင်းသွားလေသည်။
ကျိုးကျိုးသည် ကြောင်သွားကာ မျက်လုံးပင့်လိုက်ပြီး သူမလမ်းကိုသူမ ဆက်သွားလိုက်၏။
ကောင်းကင်ခွင်းတောင်ကာ မန္တန်အစီအရင်အတွင်း ဝင်နေပြီး ဖြစ်သော ကျိုးဝူသည် ဖျတ်ခနဲ အောက်သို့ငုံ့ကာ ရေရွတ်လိုက်သည်။
“ ခုနက ငါတွေ့လိုက်တာ… ဆရာတူညီမလေးလား… ”
“ မဟုတ်လောက်ပါဘူး။ သူက နှစ်တစ်ရာလောက် အဝတ်တစ်မျိုးပဲ ဝတ်တတ်တဲ့သူပဲ။ ဘယ်လိုလုပ် အဲဒီလိုလှတပတ ဝတ်ထားမှာလဲ ”
“ ငါအမြင်မှားတာပဲ နေမယ် ”
“ ငါလည်း အခုတလော ပင်ပန်းနေတယ်။ တော်သေးတယ် ရှစ်ရှစ်လေး ပြန်ပြီး အခန်းအောင်းကျင့်ကြံသွာလို့။ ငါ့ခွန်အားတွေကို ပြန်ဖြည့်လို့ရပြီ ”
ထို့နောက် ကျိုးဝူသည် သက်ပြင်းချလိုက်ပြီး ပေလိပ်ထဲမှ ချီစုစည်းနည်းလမ်း (၃၂)သွယ်ကို ဆက်၍လေ့လာလိုက်ပြီး သူ၏ အိမ်သို့ လျှောက်သွားလိုက်လေသည်။
အိမ်ထဲသို့ ဝင်လိုက်ချိန်တွင် ကျန်ရစ်နေသေးသော ရှစ်ရှစ်၏ ကိုယ်သင်းရနံ့လေးကိုရလိုက်ရာ ကျိုးဝူတစ်ယောက် ကြက်သီးများထသွား၏။
ယင်းမှာ သူ့ခန္ဓာကိုယ်မှ အလိုလို တုန့်ပြန်မိလိုက်ခြင်းဖြစ်သည်။ သူသည် အမှတ်လေးအစ်မကို အသည်းပေါက်မတက်ချစ်ပေရာ အသက်ပင်သေသေ မကြောက်မရွံ့ ဆက်၍ချစ်မည်ဖြစ်၏။
ကျိုးဝူသည် ဤတလောအတွင်း သူ၏စွမ်းဆောင်ခဲ့မှုများကို ပြန်တွေးလိုက်မိပြီး ပြုံးလိုက်သည်။
ဂိုဏ်းတူ တူလေးချန်ရှို့ပေးသည့် နဂါးဆေးအရက်ကို သောက်ပြီးကတည်းက သူ၏ခါးအားသည် ပို၍ကောင်းလာပြီး ရှစ်ရှစ်၏ရှေ့တွင် ပို၍ ယုံကြည်မှုရှိလာလေသည်။ ထို့ကြောင့် သူသည် တာအိုလက်တွဲဖော်လေးနှင့် ချစ်ခရီးလမ်း ဖြောင့်ဖြူးလာခဲ့၏။ တာအိုတရားကို ကျင့်ကြံရသည်မှာလည်း ပို၍ ပျော်စရာ၊ စိတ်ဝင်စားစရာ ကောင်းလာပေသည်။
သို့သော် ထိုခွေးကောင်လေး သူ့အား လှည့်စားခဲ့ခြင်းကိုတော့ မကျေနပ်သေးချေ။
ကျိုးဝူသည် စားပွဲခုံတွင်ထိုင်နေရင်း ကိုယ့်ဘာသာရေရွတ်နေကာ အတွေးနက်နေလေ၏။
‘ သူဖော်တဲ့ ဆေးကို သူ့ပြန်တိုက်ရရင် ကောင်းမလား ’
‘ ဒီဆေးအရက်နဲ့ တူတဲ့ဟာမျိုးတစ်ခု လုပ်ပြီး သူ့ကို မန္တန်အစီအရင်ထဲကို မျှားခေါ်ရင် ကောင်မလား ’
‘ အဲဒီခွေးကောင် တောင့်ခံနိုင်လောက်တယ်။ ပြီးတော့ ရှက်မှာလည်း မဟုတ်ဘူး။ ဒီတော့ ကျိုးကျိုးနဲ့ မီးလောင်ရာ လေပင့်လိုက်ရမလား ’
‘ အာ. .. မဟုတ်သေးပါဘူး။ အဲဒီလိုဆို အဲ့ကောင်ကမြတ်ပြီး ငါက ရှုံးသလိုပဲ။ ပြီးတော့ ကျိုးကျိုးကလည်း သဘောတူမှာ မဟုတ်ပါဘူး ’
‘ ငါက သစ္စာဆိုထားရတော့ အဲဒီကောင်ကို အကောက်ကြံဖို့ နည်းလမ်းက သိပ်မရှိဘူး။ ကိစ္စမရှိပါဘူး ဒီလိုက ပိုစိတ်ဝင်စားစရာ ကောင်းတယ် ’
‘ စောင့်နေလိုက် ခွေးကောင်လေး… ငါမကြာခင် မင်းရဲ့ဟာကွက်ကို ရှာတွေ့မှာပါ ’
******
ကျိုးကျိုးသည် ချုံတောင်လေးသို့သွားနေရင်း နှုတ်ခမ်းကိုက်ကာ ရေရွတ်နေမိသည်။
“ ဘာလို့ လမ်းမှာတွေ့တဲ့ သူတွေက ငါ့ကို အထူးတဆန်းနဲ့ ကြည့်နေရတာလဲ။ အရိုက်ခံရမှာ မကြောက်ဖူးနဲ့ တူတယ် ”
အရက်အိုးကြီးသည် ချုံတောင်လေးပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။ သူမသည် နတ်အာရုံကို သုံး၍ အာရုံခံလိုက်ရာ လီချန်ရှို့သည် လင်းအယ်ကို သင်ပေးနေကြောင်း သိလိုက်ရသည်။
ကျိုးကျိုးသည် မျက်တောင်ခတ်လိုက်ပြီး သူမ၏ ကိုယ်ရောင်ကိုယ်ဝါကို သိမ်းလိုက်၏။ သူမ ရုတ်တရက်ပေါ်လာလျှင် ထိုနှစ်ယောက် မည်သို့တုံ့ပြန်မည်ကို သိချင်လေသည်။
သူတို့လန့်သွားလောက်ပေမည်။
ကျိုးကျိုးသည် မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ်ချီတုံချတုံဖြစ်နေသည်။
သူမ ကောက်ရိုးတဲလေးနားသို့ ခိုးကြောင်ခိုးဝှက် ကပ်သွားလိုက်သည်။ တဲအတွင်းမှ နေ၍ အသံများကို ကြားနေရသည်။
“ စိတ်သည် အမြဲလှုပ်ရှားနေတတ်ပြီး တာအိုတရားသည် ထိုစိတ်တွင် မူတည်လေသည်။ ချီဓာတ်သည် ပင်လယ်သို့ ပြန်သွားပြီး မူလဝိညာဉ်တွင် ပြန်၍ ကိန်းအောင်းပေမည် ”
“ အဲဒီစာကြောင်းမှာ နားလည်ဖို့အခက်ဆုံးက ‘ချီဓာတ်သည် ပင်လယ်သို့ ပြန်သွားပြီး’ ဆိုတာပဲ။ ဒီနေရာက ချီဆိုတာက ကျင့်ကြံလို့ရတဲ့ ဓမ္မတန်ခိုးကို ပြောတာမဟုတ်ဘူး။ သန့်စင်တဲ့ချီ၊ ညစ်ညမ်းတဲ့ချီ ဆိုတာတွေကိုပြော တာလည်းမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ ကိုယ်ထဲမှာရှိတဲ့ မွေးရာပါ အသက်ချီဓာတ်ကို ပြောတာ ”
“ အဲဒီအသက်ချီဓာတ်က မိခင်ရဲ့ သားအိမ်ထဲက ရတဲ့ ရတနာပဲ။ ကျင့်ကြံသူတွေအတွက် အဲဒီချီဓာတ်က အရမ်းအရေးကြီးတယ်… ”
လီချန်ရှို့သည် တဲအတွင်းရှိ ကျောမှီအဝိုင်းပါသည့် ထိုင်ခုံတွင် သက်တောင့်သက်သာ ထိုင်နေသည်။ လန်လင်းအယ်သည် တရားထိုင်ဖျာကလေးပေါ်တွင် ထိုင်၍ သူပြောသည်များကို ဂရုတစိုက်နားထောင်နေ၏။
ကျိုးကျိုးသည် တဲအတွင်းသို့ ခြေဖျားထောက်၍ ဝင်သွားလိုက်သည်။ ထို့နောက် သူမသည် လက်ကို ကျားလက်သည်းပုံစံလုပ်၍ အော်လိုက်သည်။
“ ဝေါင်း … ”
မျက်လုံးမှိတ်ကာ ထိုင်နေသော လန်လင်းအယ်သည် တခစ်ခစ်ရယ်လိုက်၏။ လီချန်ရှို့သည် လက်ထဲတွင် ကိုင်ထားသော ကျမ်းစာအုပ်ကို ချကာ အဝတ်အစားအသစ်များဝတ်ဆင်ထားကာ ပြုံးနေသော ကျိုးကျိုးကို ကြည့်လိုက်သည်။
ကျိုးကျိုးတစ်ယောက် မျက်လုံးကလေးများဝိုင်းသွားပြီး မေးလိုက်၏။
“ ဘာလို့ မင်းတို့ မလန့်သွားရတာလဲ ”
လန်လင်းအယ်သည် လန့်သွားသည့်ဟန် ဆောာင်လိုက်ပြီး အော်လိုက်သည်။
“ အမယ်လေး… လန့်လိုက်တာ ဆရာဒေါ်လေးရယ်… ”
သို့သော် သူမ ခေါင်းလှည့်၍ ကြည့်လိုက်သောအခါ တအံ့တဩဖြစ်သွား၏။
“ ဆရာဒေါ်လေး… ဘာလို့ ရုတ်တရက်ကြီး… အဝတ်အစား အကောင်းတွေ ဝတ်လာရတာလဲ ”
“ ဘာဖြစ်လို့လဲ… ငါကဝတ်လို့မရဘူးလား… ”
ကျိုးကျိုးသည် လီချန်ရှို့၏ တုံ့ပြန်မှုကို မသိမသာ ချောင်းကြည့်နေသည်။ သူမသည် လန်လင်းအယ်၏ ရှေ့တွင် လှည့်၍ပြလိုက်ရာ ဝတ်စုံလေးသည် လေတွင်ဝဲသွားပြီး တဲအတွင်း၌ အမွှေးနံ့ယဉ်ယဉ်လေးတစ်ခု ပျံ့နှံ့သွားလေသည်။
ထိုအချိန်တွင် လန်လင်းအယ်သည်လည်း သူမ အစ်ကိုကြီး မည်သို့ တုံပြန်မည်ကို ချောင်းကြည့်နေ၏။ အစ်ကိုကြီးသည် ပြုံး၍ ခေါင်းညိတ်လိုက်သည်ကို တွေ့လိုက်သောအခါ သူမ စိတ်အေးသွားသည်။
‘ တော်သေးတယ်.. အစ်ကိုကြီး ရင်မခုန်သွားဘူး ’
လန်လင်းအယ်က နူးနူးညံ့ညံ့ရယ်၍ ပြောလိုက်၏။
“ ဝတ်လို့ရပါတယ် ဆရာဒေါ်လေးရဲ့…. ဆရာဒေါ်လေးက အရင်ကလည်းလှတယ်ဆိုပေမဲ့ အခုကျ ပိုပြီး တောက်ပြောင်နေလို့ ပြောလိုက်တာပါ။ လင်းအယ်တော့ ဆရာဒေါ်လေးနဲ့ တိမ်တစ်ခုထဲ အတူစီးပြီးတောင် မသွားရဲတော့ဘူး ”
ကျိုးကျိုးသည် မျက်တောင်ခတ်၍ လီချန်ရှို့ကို ကြည့်လိုက်သည်။
“ ချန်ရှို့… မင်းရောဘယ်လိုသဘောရလဲ ”
“ အဆင်ပြေပါတယ် ”
လီချန်ရှို့သည် ခေါင်းညိတ်ကာ သူမကို ချီးကျူးလိုက်၏။
သူ၏ ဆရာတူညီမနှင့် ဆရာဒေါ်လေးကဲ့သို့ သူနှင့်ရင်းနှီးသော အမျိုးသမီးတစ်ယောက်သည် အဝတ်အသစ် သို့မဟုတ် ဆံထိုးအသစ်ကလေးများကို ဝတ်ကာ ဟန်ရေးပြနေလျှင် သူသည် လူကြီးလူကောင်းပီသစွာ ချီးမွမ်းပေးရမည် ဖြစ်သည်။
သို့သော် ယမန်နေ့က အထင်လွှဲမှု တစ်ခုခုရှိသွားသည်ဟု ထင်သဖြင့် ဆက်၍ပြောလိုက်၏။
“ ရုတ်တရက်ကြီးဆိုတော့ နည်းနည်းတော့ မြင်ရတာ အသားမကျဘူး ဖြစ်နေတယ် ”
“ အင်း ဟုတ်လား ”
ကျိုးကျိုးသည် ထိုအဝတ်များကို နေ့တစ်ဝက်လောက် ရွေးချယ်ခဲ့ရသည်ဖြစ်ရာ အတန်ငယ် စိတ်ပျက်သွားသည်။
လန်လင်းအယ်သည် ဘေးမှနေ၍ သက်ပြင်းချလိုက်သည်။
‘ အစ်ကိုကြီးက အမြဲအဲဒီလိုချည်းပဲ… ’
‘ ကြမ္မာနှောင်ကြိုးတွေ မတွယ်ချင်တဲ့ သူ့လိုလူကို ဖျားယောင်းဖို့ တကယ်မလွယ်ဘူး ’
‘ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ… ’
ထို့နောက် လန်လင်းအယ်သည် ပြုံး၍ ကျိုးကျိုးနားသို့ သွားကာ နားနားကပ်၍ ပြောလိုက်၏။
“ ဆရာဒေါ်လေး… ဆရာဒေါ်လေးဒီလိုဝတ်တာ ပထမဆုံးအကြိမ်လား ”
ကျိုးကျိုး ချက်ချင်းပြန်ဖြေလိုက်သည်။
“ ဟုတ်တယ် … ငါလည်း ရုတ်တရက်ကြီး ငါ့ပုံစံကို ပြောင်းချင်လာလို့ ”
“ အဲဒီလိုမျိုးဝတ်ထားရင် မျက်နှာချေနည်းနည်းလိမ်းထားမှ လိုက်ဖက်တာ ”
ထို့နောက် လန်လင်းအယ်သည် ကျိုးကျိုး နားနားသို့ကပ်၍ ခပ်တိုးတိုးတစ်ခု ပြောလိုက်ရာ ကျိုးကျိုး၏ မျက်လုံးများအရောင်တောက်သွားပြီး လင်းအယ်ကို ဆွဲ၍ ဘေးရှိ ကန့်လန့်ကာလေးနောက်သို့ ခေါ်သွား၏။
ထိုအရာကို တွေ့လိုက်သောအခါ လီချန်ရှို့သည် အတန်ငယ် ခေါင်းယမ်းလိုက်ပြီး လက်ထဲတွင်ကိုင်ထားသော ကျမ်းစာအုပ်ကို ဆက်၍ဖတ်နေလိုက်၏။ ထိုနှစ်ယောက် တိုးတိုး တိုးတိုးဖြင့် တွတ်ထိုးနေကြသည်ကို ကြားလိုက်သောအခါ သူသည် မျက်နှာအမူအရာမပျက်သွားစေဘဲ စိတ်ထဲတွင် အကြောင်းအရာ နည်းနည်းတွေးလိုက်သည်။
ခေတ္တမျှကြာသောအခါ လန်လင်းအယ်၏ အံ့အားသင့်သံလေးကို ကြားလိုက်ရပြီး ကျိုးကျိုးသည် ကန့်လန့်ကာနောက်မှ ထွက်လာလေသည်။ သူမသည် ကိုယ့်ကိုယ်ကို ကျေနပ်နေပြီး လီချန်ရှို့ကို ကြည့်လိုက်၏။
“ ဒီလိုရော ဘယ်လိုလဲ ”
လီချန်ရှို့မော့ကြည့်လိုက်ရာ ပို၍ပင် ပြုံးမိသွားသည်။
သူ၏ ဆရာဒေါ်လေးသည် အခြားသူတစ်ယောက်ကဲ့သို့ပင်။ သူမသည် မျက်နှာချေများလိမ်းထားပြီး မျက်ခုံးမွေးပါးပါး ဆွဲထား၏။ ထို့ပြင် နှုတ်ခမ်းနီနည်းနည်းလည်း ဆိုးထား၏။ သူမသည် ပါးလျသော ပိုးသားဂါဝန်လေးနှင့် ရင်ဖုံးအင်္ကျီလေးကို ဝတ်ဆင်ထားကာ ဆံပင်ကိုလည်း ဇာမဏီမြီးပုံစံ ကျစ်ထားလေသည်။ သူမသည် အစောပိုင်းကထက် ပို၍ကြည့်ကောင်းသွားပြီး ပို၍ မိန်းမဆန်သွား၏။
“ မဆိုးပါဘူး ”
လီချန်ရှို့သည် ကျိုးကျိုးကို လက်မထောင်ပြလိုက်သည်။
“ ဆရာဒေါ်လေးက ကျွန်တော်တွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ အလှဆုံး ထိပ်တန်းသုံးယောက်စာရင်းဝင်တယ် ”
“ တကယ်လား ”
ကျိုးကျိုး မျက်တောင်ပုတ်ခတ် ပုတ်ခတ်ဖြစ်သွား၏။ လွန်ခဲ့သောနှစ်ရက်က ခံစားခဲ့ရသော သူမ၏ ရင်တွင်းမှ ထူးဆန်းသည့် ခံစားချက်များလည်း ပျောက်သွားပေပြီ။ သူမသည် စိတ်သက်သာရာရကာ ဝမ်းသာသွားလေသည်။
“ တကယ်ပေါ့… ဆရာဒေါ်လေးက ကိုယ်လှတာ ကိုယ်မသိဘူးလား ”
လီချန်ရှို့က ပြုံး၍ဆက်ပြောလိုက်သည်။
“ ဆရာဒေါ်လေးက မျက်နှာချေလိမ်းလေ့မရှိပေမယ့် ဂိုဏ်းက ယောက်ျားလေးတော်တော်များက ဆရာဒေါ်လေးကို ကြွေနေကြတာ ”
“ ဟင် … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ကျိုးကျိုးသည် မျက်လုံးပင့်လိုက်သော်လည်း ပြုံးယောင်သမ်းနေပေသည်။
ထို့နောက် သူမသည် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“ ငါက အဲဒါတွေကို ဂရုမစိုက်ပါဘူး။ တာအိုတရားကို ကျင့်ကြံတယ်ဆိုတာ အသက်ရှည်ဖို့ပဲမလား ”
“ အဲ့အကြောင်းတွေ မပြောတော့ဘူး။ ဒါနဲ့ မင်း ဆက်သင်ဦးမှာလား ”
“ မသင်တော့ဘူးဆို ‘ နတ်ဘုရားများနှင့်တိုက်ခိုက်ခြင်း ’ ကိုဆော့ရအောင် ”
လီချန်ရှို့ ပြောလိုက်သည်။
“ သင်ကြားရေးက ကျွန်တော့်တာဝန်ဆိုတော့ … ”
“ ဆရာဒေါ်လေးက ဒီကို လာခဲတာပဲ… ”
လန်လင်းအယ်သည် ကျိုးကျိုး၏လက်မောင်းလေးကို ခို၍ပြောလိုက်၏။
“ နတ်ဘုရားတွေနဲ့ တိုက်ကြတာပေါ့ ”
လီချန်ရှို့မှာ ကိုယ့်နဖူးကိုယ်ရိုက်လိုက်ရသည်။ တစ်လလျှင် (၇)ခါ၊ (၈)ခါလောက် လာနေသူတစ်ယောက်ကို လာခဲသည်ဟု အဘယ်သို့ ဆိုနိုင်သနည်း။
ကျိုးကျိုးက ထပ်၍ ထောက်ခံလိုက်၏။
“ နတ်ဘုရားတွေနဲ့ တိုက်မယ် ”
“ ကောင်းပြီလေ။ ဆရာဒေါ်လေးတို့ နှစ်ယောက်လုံးက ဒီလောက် စိတ်အားထက်သန်နေမှတော့ လင်းအယ်ကို နောက်မှပဲ ဆက်သင်ပါတော့မယ် ”
လီချန်ရှို့ ခေါင်းယမ်းလိုက်၏။ ထိုနှစ်ယောက်သည် ဘေးတွင် တဟေးဟေးဖြစ်နေပြီး ကျင်လည်စွာပင် စားပွဲပုလေးနှင့် ဖျာလေးများကို ပြင်ဆင်လိုက်သည်။
ကျိုးကျိုးသည် ထိုင်ရသည်မှာ သက်တောင့်သက်သာမရှိ ဖြစ်နေ၍ ဘေးရှိ လီချန်ရှို့၏ တဲသို့သွားကာ သူမ ဝတ်နေကျအတိုင်း ပြန်၍လဲဝတ်လိုက်သည်။ သူမသည် ပန်းပွားဖိနပ်လေးကိုလည်း သက်တောင့်သက်သာရှိသော ကောက်ရိုးညှပ်ဖိနပ်ဖြင့် ပြန်လဲလိုက်ပြီး မျက်နှာချေများကိုလည်း ပြန်ဖျက်ပစ်လိုက်၏။
ထိုကောက်ရိုးဖိနပ်သည် သာမန်မဟုတ်ပေ။ ထိုကောက်ရိုးသည် ကျိုးဝူကိုယ်တိုင် ဂရုတစိုက်ပျိုးထောင်ထားသည့် နတ်မြက်နှင့်လုပ်ထားခြင်း ဖြစ်သည်။
ထိုဖိနပ်သည် ပန်းပွားဖိနပ်ထက် ပို၍ သက်တောင့်သက်သာရှိ၏။
ကျိုးကျိုးသည် တဲအတွင်းမှ ပြန်မထွက်ခင် မကြာသေးခင်က လီချန်ရှို့ ပြောလိုက်သော လေသံကို စဉ်းစားမိသွားသည်။
‘ အလှဆုံး ထိပ်တန်းသုံးယောက်ထဲ ဝင်တယ်ဆိုပဲ ’
ကျိုးကျိုး အလိုလိုပြုံးသွားကာ ရေရွတ်လိုက်သည်။
“ အဲ့ကောင်စုတ်လေးက တော်တော်အရှက်မရှိတာပဲ။ အဲ့လိုစကားမျိုးတောင် ပြောရဲတယ် ”
ကျိုးကျိုးသည် တံခါးဖွင့်၍ ထွက်လိုက်ပြီး ဘေးမှတဲဆီသို့ လေတိုက်ခတ်သည့်အလား လှစ်ခနဲ ပြန်သွားလိုက်၏။
အပြိုင်အဆိုင် အော်နေသံများကို တစ်ချက်တစ်ချက် လွင့်ပျံလာတော့သည်။
“ နတ်ဘုရားတွေကို တိုက်မယ်ဟေ့ ”
“ နှစ်ဆပဲ
”
“ နောက်ထပ် နှစ်ဆ… ”
“ မင်းက ဒီတစ်ခေါက် နတ်ဘုရားဖြစ်တာပဲ။ ငါက ကျင့်ကြံသူလေး။ ကဲ နောက်နှစ်ဆ… အခုငါ့မှာ ဝိညာဉ်ကျောက်တုံး (၁၂)တုံးရှိတယ် ”
“ လင်းအယ်… ရွှေ့လေ… ”
“ လင်းအယ်မှာ (၁၇)တုံးရှိတယ်။ ဒီနေ့ လင်းအယ်ကို နိုင်အောင် ယှဉ်နိုင်ပါ့မလား ”
******
သန်းခေါင်ချိန်ရောက်မှ လီချန်ရှို့တစ်ယောက် ပြန်သွား၏။
သူ၏ ဆရာဒေါ်လေးနှင့် ဆရာတူညီမလေးသည် အတန်ငယ် အရက်မူးနေကြပြီး ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေပေပြီ။ တံခါးပိတ်ပေးရန်နှင့် မန္တန်အစီအရင်ကို အသက်သွင်းပေးရန်မှာ သူ့တာဝန်ဖြစ်၏။ မဟုတ်လျှင် နောက်တစ်နေ့နံနက်တွင် အခြားသူများသည် သူတို့၏ ကိုးရိုးကားရားပုံများကို မြင်သွားပေလိမ့်မည်။
သူသည် ဆေးဖော်ဆောင်သို့ ပြန်ရောက်သောအခါ မြေအောက် လျှို့ဝှက်ခန်းသို့ သွားလိုက်၏။ လီချန်ရှို့သည် အခန်းထောင့်ရှိ တရားထိုင်ဖျာလေးပေါ်တွင် ထိုင်လိုက်ပြီး မျက်စိမှိတ်ကာ သူ၏ ဝိညာဉ်နှင့် ချီကို ဖုံးကွယ်လိုက်သည်။
သူ၏ လက်ဖဝါးနှစ်ဖက်တွင် နီဖန့်ဖန့် မီးလုံးတစ်လုံး ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွား၏။ ထို့နောက် ထိုမီးလုံးသည် ကိုယ်တွင်း၌ လှည့်လည်သွားနေကာ သူ၏ မူလဝိညာဉ်နှင့် တာအိုခန္ဓာကိုယ်ကို ပြင်ဆင်ထုဆစ်နေလေသည်။
ပွင့်ဖတ်ကိုးဖတ်ပါသော ကြာပွင့်များသည် သူ့ပတ်လည်တွင် ပျံဝဲနေကြ၏။ ထိုအခိုက်တွင် ကြာပွင့်များသည် ငါးတစ်ကောင်၏အရွယ်အစားရှိကာ ပွင့်ဖတ်များပေါ်ရှိ အကြောများသည်လည်း ထင်ရှားထင်ရှား ရှိလေသည်။ ၎င်းတို့သည် ပို၍ပြီးပြည့်စုံလာပြီး အပေါ်တွင်ထင်ရှားသော အက္ခရာများလည်း ရှိလေသည်။
သို့သော် လီချန်ရှို့သည် မလုံလောက်သေးဟု ခံစားနေရဆဲပင်။ ထိုကြောင့် သူသည် တာအိုပေါင်းစည်းခြင်းနဝမအဆင့်သို့ တက်ရန် ချီတုံချတုံဖြစ်နေခြင်းပင်။
***
👍👍👍