Switch Mode

အခန်း (၆၂၄)

အရိုးဆွေး နတ်ဘုရားလက်နက်တစ်ခု 

ဧရာမသစ်ပင်ကြီးမှာ အခြားရွေးချယ်စရာ မရှိတော့ပေ။

သူသည် ဝမ်ပေါင်လဲ့ အင်္ဂါဂြိုဟ်ပေါ်သို့ စတင်ရောက်ရှိလာခဲ့စဉ်တုန်းကအတိုင်း ဖြစ်နေပြီမဟုတ်ပါလော။ ထိုစဉ်တုန်းကလည်း ဝမ်ပေါင်လဲ့မှာ ရွေးချယ်စရာမရှိခဲ့ပေ။ သူသည် သတိကြီးကြီးထားကာ လှုပ်ရှားခဲ့ရပြီးမှ တဖြည်းဖြည်းနှင့် ဩဇာအာဏာ ကြီးမားလာခဲ့သည်ဖြစ်ပြီး ဧရာမသစ်ပင်ကြီး၏ ရန်မှ သူ့ကိုယ်သူ ကာကွယ်နိုင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ပေါ်သို့ စတင်ရောက်ရှိခဲ့ပြီးနောက် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ခြင်းမရှိပါက ထိုကဲ့သို့ အလျင်အမြန် ဩဇာအာဏာ ကြီးထွားလာနိုင်ခဲ့မည် မဟုတ်ပေ။ သို့ဖြစ်ရာ သူသည် ဧရာမသစ်ပင်ကြီးအား ဖိအားပေးနိုင်စွမ်း ရှိခဲ့မည်လည်း မဟုတ်ပေ။ ထိုသို့သာဆိုပါက သူသည် ထိုစဉ်ကတည်းက အသက်ဆုံးရှုံးသွားခဲ့ရနိုင်ပေသည်။

သို့သော် ထိုစဉ်တုန်းက ဧရာမသစ်ပင်ကြီးမှာလည်း သွမ့်မုချွယ်အား သတိထားနေခဲ့ရခြင်း ဖြစ်သည်။ သူသည် သွမ့်မုချွယ် ဝမ်ပေါင်လဲ့အား အင်္ဂါဂြိုဟ်ဆီသို့ စေလွှတ်ခဲ့ရသည့် အကြောင်းအရင်းကို နားမလည်နိုင်ပဲ ဖြစ်နေခဲ့ရ၏။ ထို့ကြောင့်လည်း ဧရာမသစ်ပင်ကြီးမှာ အဆင်အခြင်မဲ့စွာ လှုပ်ရှားခဲ့ခြင်းမရှိဘဲ စိတ်ရှည်ရှည်ထားခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် သူ လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ သိသိသာသာ တိုးတက်ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး အချိတ်အဆက်ပေါင်း မြောက်မြားစွာကို ပိုင်ဆိုင်ထားနေပြီဖြစ်သောကြောင့် ဧရာမသစ်ပင်ကြီးမှာ သူ့အား အန္တရာယ်မပြုနိုင်ဘဲ ဖြစ်ခဲ့ရသည်။

သူတို့နှစ်ယောက်၏ကြားတွင် ရန်ငြိုးရန်စများ ကျန်ရှိနေသေးပါသော်လည်း မည်သူကမှ မဖြေရှင်းခဲ့ကြပေ။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ သူ့အား ယခုလို အလွယ်တကူ ခွင့်လွှတ်ပေးလိုက်ခြင်း ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ သင်္ချိုင်းမြေပုံထဲသို့ ဝင်ရောက်နိုင်ရန်ကိုသာ အဓိကအာရုံစိုက်နေ၏ ဧရာမသစ်ပင်ကြီးအား သူ၏အမိန့်ကို နာခံလာအောင် လုပ်ရန်မှာ သူ့အတွက် သိပ်အရေးမကြီးပေ။

အမှန်တွင် ဝမ်ပေါင်လဲ့မှာ ဧရာမသစ်ပင်ကြီး သူ၏အမိန့်ကို နာခံသည်ဖြစ်စေ၊ မနာခံသည်ဖြစ်စေ ဂရုမစိုက်ပေ။ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲတွင် ထိုအကြောင်းနှင့် ပတ်သက်၍ သေသေချာချာ ရေးသားဖော်ပြထား၏။ ကမ္ဘာကြီးထဲတွင် ထာဝရတည်မြဲနေမည့် သစ္စာစောင့်သိစိတ်ဆိုသည့်အရာဟူ၍ မရှိသလို ထာဝရ သစ္စာဖောက်နေမည့် လူများဟူ၍လည်း မရှိပေ။ သူသည် ဧရာမသစ်ပင်ကြီးအား သူ့ကို သစ္စာဖောက်ပါက ကြုံတွေ့ရနိုင်သည့် နောက်ဆက်တွဲအကျိုးဆက်များကို အသိပေးထားရန်သာ လိုအပ်ပေသည်။ သူ့ဘက်မှ ထိုမျှလောက်သိထားရုံနဲ့ လုံလောက်ပေသည်။

ထို့ကြောင့်လည်း ယခုတွင် သူသည် ဧရာမသစ်ပင်ကြီးအား ကျယ်ပြန့်တာအိုနန်းတော်အပြင်ဘက်သို့ ခေါ်သွားလိုက်ပြီး တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို အသုံးပြုကာ သူ့အား ရှိခိုးနန်းတော်အဆောင်ဆီသို့ ခေါ်သွားလိုက်တော့သည်။

တခြားတစ်ယောက်ယောက်သာဆိုပါက ထိုတည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား အသုံးပြုခွင့်ရှိမည် မဟုတ်ပေ။ မည်မျှပင် တောင်းဆိုစေကာမူ ခွင့်ပြုချက်ရရှိမည် မဟုတ်ပေ။ ဗေဒါပင်ကြီးဆီမှ သစ်ရွက်တစ်ရွက်ကို ရရှိထားသည့် လူများသာလျှင် ထို တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား အသုံးပြုနိုင်စွမ်း ရှိပေသည်။

သို့သော် ထိုစည်းမျဉ်းများမှာ ဝမ်ပေါင်လဲ့အပေါ် အကျိုးသက်ရောက်မှုမရှိပေ။ သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ မဟာထိပ်သီး အကြီးအကဲကြီး လေးယောက်ထဲမှ တစ်ယောက်ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ပုန်ကန်မှုတစ်ခုခုကို မကျူးလွန်သရွေ့ သူ၏ လုပ်ရပ်များကို ကန့်ကွက်နိုင်မည့် လူအရေအတွက်မှာ မရှိသလောက် နည်းပေသည်။

သူသည် ဧရာမသစ်ပင်ကြီးနှင့် နှစ်ယောက်တည်း ရှိနေပါက အန္တရာယ်နှင့် ကြုံတွေ့ရမည်ကိုလည်း စိုးရိမ်နေခြင်းမရှိပေ။ သူ၏ ရာထူးအဆင့်အတန်းကြောင့် ဓားကိုယ်ထည်ပိုင်းထဲတွင် သူသည် အချုပ်အနှောင်အများစုကို လျစ်လျူရှုနိုင်စွမ်းရှိနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဧရာမသစ်ပင်ကြီးအတွက် အန္တရာယ်ရှိနေသည့် နေရာများမှာ ဝမ်ပေါင်လဲ့အတွက်မူ သူ၏ အိမ်‌နောက်ဖေးကဲ့သို့ပင်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ၏ တိုက်ရည်ခိုက်ရည်အား အပြည့်အဝ ယုံကြည်ထား၏။

သူသည် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလော။ ဧရာမသစ်ပင်ကြီးမှာ အစွမ်းထက်ပါသော်လည်း မီးခိုးနက်ခေါင်းဆောင်ကြီးနှင့် အကြီးအကဲစွန်းဟေ့တို့လောက် အစွမ်းထက်နိုင်မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ဧရာမသစ်ပင်ကြီးအား သတ်ဖြတ်ရန် စိတ်ကူးမရှိပါသော်လည်း အကယ်၍ ဧရာမသစ်ပင်ကြီးသာ သူ့အား မကောင်းကြံပါက ဝမ်ပေါင်လဲ့မှာ သနားငဲ့ညှာနေမည် မဟုတ်ပေ။ ထို့အပြင် သူသည် မည်သည့်ကိစ္စကိုမှလည်း ဖုံးကွယ်နေမည်မဟုတ်ဘဲ ဧရာမသစ်ပင်ကြီး၏ ယုတ်မာရက်စက်မှုများကို တစ်ကမ္ဘာလုံးသိသွားအောင် ကြေညာလိုက်မည်သာ ဖြစ်သည်။

ဧရာမသစ်ပင်ကြီးမှာ ဉာဏ်ပြေးသော လူတစ်ယောက်ဖြစ်ရာ သူ၏ လက်ရှိအခြေအနေအား ကောင်းကောင်းကြီ နားလည်ထားလိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်ထား၏။ သူ ယုံကြည်ထားသည့် အတိုင်းပင်။ ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့ သူတို့နှစ်ယောက်အား ဓားကိုယ်ထည်ပိုင်းထဲသို့ တည်နေရာ ပြောင်းရွှေ့ပြီးသွားသည့်တိုင်အောင် စိုးထိတ်နေရဆဲပင်။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့အား တရိုတသေ ဆက်ဆံနေဆဲ ဖြစ်သည်။

ခဏအကြာတွင် သူတို့မှာ ရှိခိုးနန်းတော်အဆောင်ထဲမှ ထွက်လာပြီးနောက် ဝမ်ပေါင်လဲ့မှာ ဧရာမသစ်ပင်ကြီးအား ရှေ့မှ ဦးဆောင်သွားလိုက်၏။ ထိုသို့ဖြင့် သူတို့မှာ သင်္ချိုင်းဂူကြီး ရှိနေသည့် အချုပ်အနှောင်နယ်မြေကြီး၏ အစွန်းသို့ ရောက်ရှိလာတော့သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ လက်ညှိုးထိုးကာ မေးလိုက်၏ ” မြင်လား ”

ဧရာမသစ်ပင်ကြီးမှာ ချက်ချင်းပင် သတိကြီးကြီးထားလိုက်ပြီး အာရုံစူးစိုက်ကာ လှမ်းကြည့်လိုက်၏။ သူသည် ပေါ့ပေါ့ဆဆနှင့် စိတ်လွတ်ကိုယ်လွတ် နေနေမည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ သူ့အား အန္တရာယ်ပြုလိမ့်မည် မဟုတ်ကြောင်း သူက ယုံကြည်ထားပါသော်လည်း ဤနေရာကြီးမှာ ဝမ်ပေါင်လဲ့ကိုပင် ယခုလို သတိကြီးကြီးထားနေရအောင် လုပ်နိုင်စွမ်း ရှိနေသည်ဖြစ်ရာ အလွန်အင်မတန်မှ အန္တရာယ်များနိုင်ပေသည်။

ဧရာမသစ်ပင်ကြီးမှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ထိုနယ်မြေအား သေသေချာချာ အကဲခတ် ကြည့်ရှုလိုက်၏။ သူသည် အချုပ်အနှောင်များကို စစ်ဆေးကြည့်လိုက်ပြီးနောက် သင်္ချိုင်းဂူကြီးအား အကဲခတ်လိုက်သည်။ ထိုအခါ သူသည် သင်္ချိုင်းမြေပုံနှင့် ၎င်းပေါ်ရှိ အက်ကွဲကြောင်းများအပြင် အစိမ်းရောင် မီးခိုးငွေ့များကိုပါ မြင်လိုက်ရတော့သည်။

အချုပ်အနှောင်များကြောင့် သူ၏အာရုံခံနိုင်စွမ်းများမှာ ဝေဝါးနေရ၏။ သို့သော် သူသည် ထိုအစိမ်းရောင်မီးခိုးငွေ့များကို မြင်လိုက်ရသည်နှင့် ၎င်းတို့နှင့် သူ၏ကြားတွင် ချိတ်ဆက်မှုတစ်ခု ရှိနေသည်အလား ခံစားလိုက်ရသဖြင့် မျက်လုံးများ အရောင်လက်သွားတော့သည်။ ထို့နောက် သူသည် မြေကြီးပေါ်တွင်ရှိနေသော သစ်သားဓားတစ်လက်ကို မြင်လိုက်ရ၏။

ထိုအခါမှသာ ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့ သူ့အား ထိုနေရာသို့ ခေါ်လာရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ ထို့နောက် သူသည် သူ၏ရှေ့တွင်ရှိနေသော အခက်အခဲများကို အမှန်တကယ် ကျော်လွှားနိုင်မည်လောဟု သိချင်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ သူ့အား ဖိအားပေးနေခြင်းမရှိဘဲ ဧရာမသစ်ပင်ကြီး ဆုံးဖြတ်ချက်ချပြီးသည့်အချိန်အထိ စောင့်ဆိုင်းနေရင်း စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်၏။ ၎င်းမှာ ဉာဏ်ပြေးသော လူများနှင့် အလုပ်လုပ်ရခြင်း၏ အားသာချက်ဖြစ်ပေသည်။ သူသည် စကားတစ်ခွန်းပြောလိုက်ရုံနှင့် သူတို့မှာ ကိစ္စတစ်ခုအား အပြီးအစီး ဆောင်ရွက်ပေးနိုင်သည် မဟုတ်ပါလော။ သူ့ဘက်မှ အသေးစိတ် လိုက်လံရှင်းပြနေစရာပင် မလိုပေ။

အချိန်အတော်အတန် ကြာပြီးနောက် ဧရာမသစ်ပင်ကြီး၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပသွား၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား လျှောက်တင်လိုက်တော့သည်။

” အကြီးအကဲဝမ်။ ကျေးဇူးပြုပြီးတော့ အချုပ်အနှောင်ကို ဖယ်ရှားလိုက်ပါ။ ကျွန်တော် သင်္ချိုင်းဂူကို သေသေချာချာ စစ်ဆေးပြီးတော့မှ အကြီးအကဲကို အဖြေပြန်ပေးပါ့မယ် ”

ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း ခေါင်းညိတ်ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သဖြင့် ထိုအချုပ်အနှောင်နယ်မြေ၏ အစွန်းတွင် အလင်းရောင် တံခါးပေါက်တစ်ပေါက် ပေါ်ပေါက်လာ၏။ ထိုတံခါးပေါက် ပွင့်သွားသောအခါ အထဲမှလေများ အပြင်ဘက်သို့ အလုံးအရင်းနှင့် တိုးထွက်လာကြသည်။ ထိုလေများနှင့်အတူ အသက်ရှူသံတစ်သံကိုလည်း ခပ်ရေးရေးခန့် ကြားလိုက်ရ၏။

ဝမ်ပေါင်လဲ့တစ်ယောက် သတိကြီးကြီးထား၍ အကဲခတ်နေစဉ်မှာပင် ဧရာမသစ်ပင်ကြီးမှာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထို့နောက် သူ၏ လက်ချောင်းတစ်ချောင်းကို ချိုးကာ ရှေ့သို့ လှမ်းပစ်လိုက်တော့သည်။ ထိုလက်ချောင်းမှာ အသေးစား လူပုလေးတစ်ယောက်အသွင် ပြောင်းလဲသွားကာ ရှေ့သို့ပြေးထွက်သွားပြီး တလက်လက်တောက်ပနေသည့် အလင်းရောင် တံခါးပေါက်ဆီသို့ ဦးတည်သွားတော့သည်။

ထို့နောက် ၎င်းမှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အစိမ်းရောင်မီးခိုးငွေ့များထဲသို့ ဝင်ရောက်သွားလိုက်၏။ ၎င်းမှာ သင်္ချိုင်းဂူအား တစ်ပတ်ပတ်လိုက်ပြီးနောက် မြေကြီးပေါ်ရှိ သစ်သားဓားလေးအား ကောက်ယူကာ ချက်ချင်းပြန်ရောက်လာသည်။

ထို လူပုလေးမှာ မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ရပေ။ ၎င်းမှာ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပြီး ဧရာမသစ်ပင်ကြီး၏ လက်ချောင်းအဖြစ်သို့ ပြန်လည်ပြောင်းလဲသွား၏။ ဧရာမသစ်ပင်ကြီးမှာ ထိုဓားအား ဝမ်ပေါင်လဲ့ဆီသို့ တရိုတသေ ပြန်ပေးလိုက်ပြီး တိုးတိုးလေးပြောလိုက်၏။

” အစိမ်းရောင် မီးခိုးငွေ့တွေက ကျွန်တော့်အပေါ် အပြည့်အဝ အကျိုးသက်ရောက်နိုင်စွမ်း မရှိဘူး။ အဲတာမလို့ ကျွန်တော် သင်္ချိုင်းဂူထဲမှာ မိနစ်သုံးဆယ်လောက်အထိ နေလို့ရလောက်တယ်။ အကြီးအကဲဝမ်က ကျွန်တော့်ကို ဘာလုပ်ခိုင်းချင်တာလဲ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ သူသည် ထိုဓားကို ပြန်မယူဘဲ ဧရာမသစ်ပင်ကြီးအား မေးလိုက်သည် ” ခဗျား အာရုံခံမိလား ”

ဧရာမသစ်ပင်ကြီးမှာ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ တွေဝေတုံ့ဆိုင်းသွားပါသော်လည်း ဝမ်ပေါင်လဲ့အား မလိမ်ညာရဲပေ။ ဝမ်ပေါင်လဲ့မှာ သူ့ထက်ငယ်ပါသော်လည်း ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့၏ တွေးခေါ်ပုံများနှင့် လုပ်ပုံကိုင်ပုံများကို ကောင်းကောင်းကြီး နားလည်ထားပြီးသား ဖြစ်သည်။ သူသည် လပေါ်နှင့် အင်္ဂါဂြိုဟ်ပေါ်တွင် ရှိခဲ့စဉ်တုန်းက ထိုလူငယ်လေး၏ အစွမ်းအစများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုလူငယ်လေးမှာ အစွမ်းထက် ပညာရပ်ပေါင်း မြောက်မြားစွာကို ပိုင်ဆိုင်ထားပြီး အခြားသူများကိုလည်း နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ပစ်နိုင်သည်ဖြစ်ကြောင်း သူက သိထား၏။

ထို့ကြောင့် သူသည် အမှန်အတိုင်းပြန်ဖြေလိုက်သည်။

” ကျွန်တော်… နတ်ဘုရားလက်နက်တစ်ခုရဲ့ အငွေ့အသက်တွေကို အာရုံခံမိပါတယ် ” ဧရာမသစ်ပင်ကြီးမှာ ထိုသို့ပြန်ဖြေလိုက်ပြီးနောက် စကားအဆုံးတွင် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ နတ်ဘုရားလက်နက်တစ်ခုမှာ ကျင့်ကြံသူများအတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားသည် မဟုတ်ပါလော။

” ကောင်းပြီလေ။ မင်း ဒီဓားကို ယူလိုက်။ ပြီးရင် အဲဒီ နတ်ဘုရားလက်နက်ကို ငါ့အတွက် သွားယူပေး ” ဝမ်ပေါင်လဲ့မှာ ခေါင်းညိတ်ကာ တည်ကြည်စွာပြန်ပြောလိုက်၏။ ထို့နောက် သူသည် ဧရာမသစ်ပင်ကြီးအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်ရင်း သူ ဆုံးဖြတ်ချက်ချမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။

ထိုအခါ ဧရာမသစ်ပင်ကြီးမှာ ငြိမ်ကျသွား၏။ သူသည် အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောလိုက်ပြီးမှ အံကြိတ်လိုက်တော့သည်။ သူသည် ငြင်းဆန်ခဲ့ခြင်း မရှိသလို ထိုတာဝန်မှာ မည်မျှအထိ ခက်ခဲကြောင်းကိုလည်း ရှင်းပြနေခြင်းမရှိပေ။ ၎င်းမှာ သူနှင့်ဝမ်ပေါင်လဲ့၏ ကြားရှိ ရန်ငြိုးရန်စများကို သင်ပုန်းချေနိုင်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်အား ဖောက်ထွက်သွားအောင် လုပ်နိုင်မည့် အခွင့်အရေးတစ်ခု မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ သူ့အား ယွမ်ယင်အဆင့်သို့ ဖောက်ထွက်နိုင်ရန် ကူညီပေးမည်ဟု ကတိပေးထားပြီးသားဖြစ်သည်။

သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ကျင့်ကြံခြင်းလမ်းစဥ်ပေါ်၌ စတင်လျှောက်လှမ်းခဲ့ခြင်း ဖြစ်၏။ လပေါ်တွင် ရှိနေခဲ့စဉ်တုန်းက သူသည် သစ်သီးတစ်ဝက်ကိုသာ စုပ်ယူစားသုံးနိုင်ခဲ့သောကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အမြုတေထိပ်ဆုံးအဆင့်တွင် ရပ်တန့်နေရ၏။ ထို့အပြင် သူသည် နောက်ထပ်တစ်ဆင့်သို့လည်း မဖောက်ထွက်နိုင်တော့ပေ။ ထို့ကြောင့် သူသည် သွမ့်မုချွယ်၊ လီရှင်းဝမ်နှင့် ရှုယွင်ခွင်းတို့ ဖောက်ထွက်သွားနိုင်ခဲ့သည်ကို တွေ့မြင်ခဲ့ရပြီးနောက် သူကိုယ်တိုင် ဖောက်ထွက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရတော့သည်။

အကယ်၍ တခြားသူတစ်ယောက်ရောက်သာ သူ့အား ကူညီပေးနိုင်သည်ဟု ပြောလာခဲ့မည်ဆိုပါက သူသည် ယုံကြည်နေမည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ ကျယ်ပြန့်တာအိုနန်းတော်၏ မဟာထိပ်သီး အကြီးအကဲကြီးတစ်ယောက်ဖြစ်သူ ဝမ်ပေါင်လဲ့ကိုယ်တိုင် သူ့အား ကတိပေးထားသည် မဟုတ်ပါလော။ သူသည် ဝမ်ပေါင်လဲ့အား အပြည့်အဝ ယုံကြည်ထားပေသည်။

ထို့ကြောင့် ဧရာမသစ်ပင်ကြီးမှာ သံဓိဋ္ဌာန်ချလိုက်ပြီး ဝမ်ပေါင်လဲ့၏ ရှေ့တွင် တလက်လက်တောက်ပနေသည့် အလင်းရောင် တံခါးပေါက်အား ဖြတ်ကာ အစိမ်းရောင်မီးခိုးငွေ့များဆီသို့ ချဉ်းကပ်သွားလိုက်တော့သည်။ ထိုအခါ သူ၏ခန္ဓာကိုယ်မှာ တွန့်လိမ်ပုံပျက်သွား၏။ နောက်ဆုံးတွင် သူသည် ခန္ဓာကိုယ်အရွယ်အစား သေးငယ်သွားပြီး သင်္ချိုင်းဂူကြီးပေါ်ရှိ အက်ကွဲကြောင်းတစ်ခုထဲသို့ လူးလွန့်ဝင်ရောက်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ဧရာမသစ်ပင်ကြီး အထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်ရင်း စိတ်လှုပ်ရှားလာ၏။ ထို့နောက် သူသည် အန္တရာယ်တစ်ခုခု ပေါ်ပေါက်လာပါက ချက်ချင်းနောက်သို့ဆုတ်ခွာရန် အဆင်သင့်ပြင်ထားလိုက်သည်။ ထို့အပြင် သူသည် ကျူးသိုပညာရပ် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကိုပါ အသုံးပြုထား၏။ သူသည် ကျေးဇူးတရားမသိတတ်သည့် လူတစ်ယောက် မဟုတ်သောကြောင့် ဧရာမသစ်ပင်ကြီးသာ သူ၏ တောင်းဆိုမှုအား ဖြည့်ဆည်းပေးနိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့မယ်ဆိုပါက သူ့ဘက်မှလည်း သူတို့နှစ်ယောက် အတူတူထွက်ပြေးနိုင်ရန် အကောင်းဆုံး ကြိုးစားပေးမည် ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး ခဏအကြာတွင် မိနစ်သုံးဆယ်တိတိ ကုန်ဆုံးသွားပြီ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်များကြုတ်ကာ မျက်လုံးများ မှေးလာရတော့သည်။ သို့သော် ထိုအချိန်တွင် သင်္ချိုင်းဂူကြီးထဲမှ ပေါက်ကွဲသံ အကျယ်ကြီးတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။

ထို ပေါက်ကွဲသံများ ထွက်ပေါ်လာသောအခါ သင်္ချိုင်းဂူကြီးပေါ်ရှိ အက်ကွဲကြောင်းများမှာ အရွယ်အစား ကြီးမားလာကြ၏။ ထို့ကြောင့် ထိုအက်ကွဲကြောင်းများထဲမှ အစိမ်းရောင်မီးခိုးငွေ့များ အဆက်မပြတ် တိုးထွက်လာကြတော့သည်။ အသက်ရှူသံကြီးမှာလည်း ရုတ်တရက်ဆိုသလို ပို၍ကျယ်လောင်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး တစ်ခေါင်းလုံး ထူပူသွားရတော့သည်။ ထိုအချိန်တွင် ဧရာမသစ်ပင်ကြီးမှာ အက်ကွဲကြောင်းတစ်ခုထဲမှ ရုတ်တရက်ဆိုသလို ပြေးထွက်လာ၏။

သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မျက်ဝန်းများထဲ၌ အကြောက်တရားများဖြင့် ပြည့်နှက်နေ၏။ သူ၏ လက်ထဲတွင်မူ အရိုးဆွေးနေပြီဖြစ်သည့် လက်တစ်ဖက် ရှိနေသည်။

ထို လက်ထဲမှ ယိုယွင်းပျက်စီးမှု အငွေ့အသက်များ ထွက်ပေါ်နေသည်။ တစ်ချိန်ထဲမှာပင် ၎င်းမှာ နတ်ဘုရားလက်နက်တစ်ခု၏ အငွေ့အသက်များကိုလည်း ထုတ်လွှတ်နေသေးသည်။

Comment

Leave a Reply

Options

not work with dark mode
Reset