ဧရာမသစ်ပင်ကြီးမှာ ဂိုဏ်းချုပ်ကြီးရှု၏ စကားများကို နားထောင်ရင်း ငြိမ်ကျသွား၏။ ထို့နောက် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ရိုသေလေးစားမှု အပြည့်ရှိသော မျက်နှာထားဖြင့် ဆက်နေနေလိုက်သည်။ သို့သော် စိတ်ထဲတွင်မူ သူသည် တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောနေပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ တရိုတသေ ဦးညွှတ်လိုက်၏။
” ဂိုဏ်းချုပ်ကြီးရှုရဲ့ အကြံဉာဏ်တွေအတွက် ကျေးဇူးတင်ပါတယ် ”
ထိုအခါ ယွမ်ယင်အဆင့်သို့ ရောက်နေပြီဖြစ်သော ဂိုဏ်းချုပ်ကြီးရှုမှာ ဧရာမသစ်ပင်ကြီးအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ ထို့နောက် သူသည် စကားတစ်ခွန်းမှ ဆက်မပြောတော့ဘဲ ဝမ်ပေါင်လဲ့၏ နန်းတော်ဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။
ဧရာမသစ်ပင်ကြီးမှာလည်း သူ၏နောက်မှ လိုက်လာ၏။ အခြား ပြည်ထောင်စုကျင့်ကြံသူများ အသီးသီး ထွက်ခွာသွားကြစဉ် ဧရာမသစ်ပင်ကြီးမှာ ဂိုဏ်းချုပ်ကြီးရှုနောက်မှလိုက်ရင်း ပင်မတောင်ထိပ်ပေါ်ရှိ စတုတ္ထမြောက်နန်းတော်ဆီသို့ ရောက်ရှိလာတော့သည်။
ထိုတောင်ထိပ်ပေါ်တွင် ဝိညာဉ်ချီများမှာ ထူထပ်သိပ်သည်းနေပြီး ယွမ်ယင်အဆင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာ ရှိနေကြသည်။ ထို့အပြင် မြဲ့လျဲ့ကျိအပါအဝင် အခြား မဟာထိပ်သီးအကြီးအကဲကြီး နှစ်ယောက်၏ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများနှင့် မန္တန်အစီအရင်ကြီးတို့မှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို လွမ်းခြုံထားကြသည်ဖြစ်ရာ ဧရာမသစ်ပင်ကြီးမှာ ကြောက်ဒူးတုန်နေရတော့သည်။
သူတို့နှစ်ယောက် စတုတ္ထမြောက်နန်းတော်ရှေ့သို့ ရောက်သွားချိန်တွင် ဧရာမသစ်ပင်ကြီးမှာ နန်းတော်ရှေ့၌ စိုက်ထူထားသော ဝမ်ပေါင်လဲ့၏ ရုပ်တုကြီးကို မြင်လိုက်ရသဖြင့် အံ့ဩတုန်လှုပ်သွားရ၏။ သူသည် ထိုနန်းတော်ထဲမှ အားကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်ကို အာရုံခံမိနေသဖြင့် အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ ပို၍ဆိုးသည်မှာ ဂိုဏ်းချုပ်ကြီးရှုသည် ပိတ်ထားသော တံခါးပေါက်ရှေ့၌ ရပ်ကာ ရိုသေလေးစားမှုအပြည့်ရှိသည့် မျက်နှာအမူအရာဖြင့် ဦးညွှတ်လိုက်ခြင်းပင်။ ဂိုဏ်းချုပ်ကြီးရှုမှာ ယွမ်ယင်အဆင့်သို့ ရောက်နေသည်ဖြစ်ပြီး သူ့အား အလွယ်တကူချေမှုန်းပစ်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။
” ရှုယွင်ခွင်း မဟာထိပ်သီး အကြီးအကဲကြီးကို ဂါရဝပြုပါတယ်။ အကြီးအကဲကြီး ပြောထားတဲ့အတိုင်း ကျွန်တော် တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကို ခေါ်လာပြီးပါပြီ ”
ဧရာမသစ်ပင်ကြီးမှာ သူ၏ရှေ့တွင်မြင်နေရသော မြင်ကွင်းကြောင့် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရတော့သည်။ သူသည် သူ၏စိတ်ကို အဆင်သင့်ပြင်ထားပြီး ဖြစ်ပါသော်လည်း ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက် ဝမ်ပေါင်လဲ့အား ယခုလို တရိုတသေ ဆက်ဆံနေသည်ကို မြင်လိုက်ရသဖြင့် အသက်ရှူနှုန်းများ ထိန်းမနိုင်သိမ်းမရ မြန်ဆန်သွားရဆဲပင်။ ထို့ကြောင့် သူသည်လည်း ခေါင်းငုံ့ကာ ညာလက်သီးပေါ်ဘယ်လက်ဝါးတင်၍ မျက်နှာရှုံ့မဲ့မဲ့နှင့် ဂါရဝပြုလိုက်ရ၏။
” အမြဲစိမ်းသစ်ပင်ကြီး မဟာထိပ်သီးအကြီးအကဲကြီးကို ဂါရဝပြုပါတယ် ”
သူတို့နှစ်ယောက် ထိုကဲ့သို့ ဂါရဝပြုပြီးသွားသောအခါ ခန်းမကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ထို့နောက် အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ဝမ်ပေါင်လဲ့၏ တည်ကြည်မှုအပြည့်ရှိသော စကားသံတစ်သံ ထွက်ပေါ်လာသည်။
” ဝင်လာလို့ရပြီ ”
ဂိုဏ်းချုပ်ကြီးရှုမှာ သူသည် ထိုနေရာ၌ ရှိမနေသင့်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ်လိုက်ပြီး ဧရာမသစ်ပင်ကြီးအား တစ်ချက်ပင်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
ဧရာမသစ်ပင်ကြီးမှာမူ ထိတ်လန့်တုန်လှုပ်နေရပြီ ဖြစ်သလို သက်ပြင်းများလည်း ချမိနေ၏။ သူသည် တစ်အောင့်ခန့် ငြိမ်နေလိုက်ပြီးမှ အံကြိတ်ကာ နန်းတော်ဆီသို့ လျှောက်လှမ်းသွားပြီး နန်းတော်တံခါးများကို တွန်းဖွင့်လိုက်တော့သည်။ ထို့နောက် သူ နန်းတော်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူ့အား ကျောပေးထားသည့် ဝမ်ပေါင်လဲ့အား ချက်ချင်းပင်မြင်လိုက်ရ၏။
” ဧရာမသစ်ပင်ကြီး မဟာထိပ်သီးအကြီးအကဲကြီးကို ဂါရဝပြုပါတယ် ” ဧရာမသစ်ပင်ကြီးမှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချရင်း ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ တရိုတသေ ဦးညွှတ်လိုက်၏။
ထိုနန်းတော်ကြီး၏ ပင်မခန်းမကြီးမှာ အလွန်အင်မတန်မှ ခမ်းနားထည်ဝါပေသည်။ ခန်းမကြီး၏ အဆုံးတွင် ဧရာမကုလားထိုင်ကြီးတစ်လုံး ရှိနေပြီး ၎င်း၏ ဘယ်ညာနှစ်ဘက်တွင် ကုလားထိုင် ရှစ်လုံး၊ ကိုးလုံးခန့် ရှိနေကြ၏။ ထို့အပြင် ခန်းမကြီး၏ ပတ်ပတ်လည်တွင် ရုပ်တုကိုးခုအား စိုက်ထူထားသေးသည်။ ၎င်းတို့မှာ အစောင့်များနှင့် တူပြီး မန္တန်အစီအရင်စွမ်းအား အငွေ့အသက်များကို ထုတ်လွှတ်နေကြ၏။ ထို့ကြောင့် ဧရာမသစ်ပင်ကြီးမှာ ကြောက်ရွံ့ထိတ်လန့်နေရတော့သည်။
ဝမ်ပေါင်လဲ့မှာ ဧရာမသစ်ပင်ကြီးအား ကျောပေးထားပြီး ခန်းမကြီး၏ အဆုံးရှိ ကုလားထိုင်ဘေးတွင် မတ်တတ်ရပ်ကာ သူ၏ရှေ့တွင်ရှိနေသော ရုပ်တုတစ်ခုအား ငေးကြည့်နေ၏။ သူသည် ဧရာမသစ်ပင်ကြီး၏ နှုတ်ဆက်သံကို မကြားလိုက်သည့်ပုံပင်။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးပြီးသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ နောက်သို့ပြန်လှည့်လာမည့်ပုံ မပေါ်သေးပေ။ သူသည် ထိုရုပ်ထုကြီးကိုသာ စိတ်ဝင်စားနေသည့်ပုံပင်။ သူ၏ နှုတ်ဆိတ်နေမှုကြောင့် ဧရာမသစ်ပင်ကြီးမှာ နှိပ်စက်ညှဉ်းပန်းခံနေရသကဲ့သို့ ခံစားနေရပြီး စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ ဤ နန်းတော်ကြီးထဲရှိ အငွေ့အသက်များမှာ သူ့အား လွှမ်းခြုံထားသဖြင့် သူသည် ကတုန်ကယင်နှင့် ရပ်စောင့်နေရ၏။
ပို၍ဆိုးသည်မှာ သူသည် ဤအဖြစ်အပျက်မျိုးနှင့် ကြုံဖူးထားခြင်းပင်။ ဝမ်ပေါင်လဲ့ အင်္ဂါဂြိုဟ်ပေါ်သို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့စဉ်တုန်းက သူသည် ဝမ်ပေါင်လဲ့အား သူ၏ရုံးခန်းထဲသို့ ဆင့်ခေါ်ခဲ့သည် မဟုတ်ပါလော။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား သင်ခန်းစာပေးနိုင်ရန် ယခုလို ပြုမူခဲ့၏။
ယခုတွင် ဝမ်ပေါင်လဲ့မှာ အကြွေးပြန်ဆပ်နေခြင်း ဖြစ်ပေသည်။ ဧရာမသစ်ပင်ကြီးမှာမူ သူ့အား ရပ်တန့်နိုင်စွမ်းမရှိသောကြောင့် နှုတ်ဆိတ်၍သာ စောင့်ဆိုင်းနေရ၏။ ထို့နောက် နန်းတော်ကြီးမှာ တဖြည်းဖြည်းနှင့် ပြန်ပိတ်သွားပြီး အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ လေထုထဲရှိ ထူထပ်သိပ်သည်းသော ဝိညာဉ်ချီများကြောင့် ခန်းမကြီးထဲ၌ ဝိညာဉ်မြူခိုးများ ပေါ်ပေါက်လာ၏။
ထို မြူခိုးများထဲတွင် ဝမ်ပေါင်လဲ့မှာ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသကဲ့သို့ ဖြစ်နေ၏။ ထိုသို့ဖြင့် ဧရာမသစ်ပင်ကြီး၏ စိုးရိမ်စိတ်များ ဆက်၍ ကြီးထွားလာနေစဉ်မှာပင် ဆယ့်ငါးမိနစ်တိတိ ကုန်ဆုံးသွား၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ စကားသံမှာ ခန်းမကြီးထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
” တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီး ” ဝမ်ပေါင်လဲ့မှာ ဖြည်းဖြည်းချင်း နောက်သို့လှည့်လာပြီး ဆိုလိုက်၏။
” ကျုပ်တို့တွေ ပြန်ဆုံကြပြန်ပြီနော် ”
ဧရာမသစ်ပင်ကြီးမှာ ထိုစကားလုံးများကို လည်းမှတ်မိနေသောကြောင့် မျက်နှာရှုံ့မဲ့မဲ့ ဖြစ်သွားရ၏။ သူသည် ခေါင်းငုံ့ထားဆဲဖြစ်ပြီး စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ဆွံ့အနေရပြီဖြစ်သည်။
” တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်။ ဘာလို့ ကျုပ် ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ မဟာထိပ်သီးအကြီးအကဲကြီးတစ်ယောက် ဖြစ်နေရသလဲဆိုတာကို ခဗျား သိလား ” ဝမ်ပေါင်လဲ့မှာ မပွင့်တပွင့်ပြုံးကာ ဧရာမသစ်ပင်ကြီးအား စိုက်ကြည့်၍ တိုးတိုးလေး မေးလိုက်၏။
ထိုအခါ ဧရာမသစ်ပင်ကြီးမှာ သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားသွားရတော့သည်။ ထိုအခါမှသာ သူသည် အင်္ဂါဂြိုဟ်ပေါ်တွင် ရှိနေခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့ ခံစားခဲ့ရသည့် ခံစားချက်များကို နားလည်သွား၏။ ထိုစဉ်တုန်းကလည်း သူသည် ယခုကဲ့သို့ အလားတူမေးခွန်းတစ်ခုကို မေးခဲ့ဖူးသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား အလိုက်အထိုက် လိုက်ပြောပေးရန် အချက်ပြနေခြင်းဖြစ်ကြောင်း သူက သိလိုက်၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့အား ငြင်းဆန်၍ ရမည်မဟုတ်ကြောင်းကိုလည်း သိရှိထားသည်ဖြစ်ရာ မာန်တင်းကာ လေသံတိုးတိုးဖြင့် ပြန်မေးလိုက်၏။
” ဘာလို့လဲခဗျ… ”
” ဘာလို့လဲ ဟုတ်လား။ ခဗျားက ကျုပ်ကို ဘာလို့လဲဆိုပြီးတော့ မေးနေတာလား ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ လျှပ်စီးတန်းများ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ဧရာမသစ်ပင်ကြီးအား စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ဆိုလိုက်တော့သည်။
” ဘာလို့လဲဆိုတော့ ကျုပ် လပေါ်မှာ ရှိနေခဲ့တုန်းက အမြုတေအဆင့်ကိုရောက်ဖို့ တစ်လှမ်းပဲ လိုတော့တာမလို့ပဲ။ တစ်လှမ်းဆိုမှ တစ်လှမ်းပဲ။ ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ တိုက်ရည်ခိုက်ရည် စွမ်းအားတွေနဲ့သာဆိုရင် အဲ့အချိန်တုန်းက ကျုပ်သာ ဖောက်ထွက်သွားနိုင်ခဲ့လို့ကတော့ အခုဆို ဝိညာဉ်ကြားခံနယ်အဆင့်အထိ ရောက်နေလောက်ပြီ။ စတုတ္ထမြောက် မဟာထိပ်သီးအကြီးအကဲကြီးဆိုတဲ့ ရာထူးလေးမှာ တစ်နေမှာ မဟုတ်တော့ဘူး ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ဆိုလိုက်သဖြင့် သူ၏ စကားသံများမှာ ခန်းမထဲ၌ ပဲ့တင်ထပ်သွားပြီး နန်းတော်ကြီးတစ်ခုလုံးအား တုန်ရီသွားစေတော့သည်။ ထိုအချိန်တွင် အားကောင်းသော ဖိအားတစ်မျိုးမှာ ဧရာမသစ်ပင်ကြီးပေါ်သို့ ကျရောက်လာသောကြောင့် သူ၏ ဒူးခေါင်းများမှာ ပျော့ခွေသွားရပြီး ဒူးထောက်ကျသွားတော့မည့်အလား ဖြစ်သွားရ၏။
ဧရာမသစ်ပင်ကြီးမှာ မျက်စိမျက်နှာ ပျက်နေရပြီဖြစ်သည်။ သူသည် ထိုစကားများကို ကောင်းကောင်းကြီးမှတ်မိနေဆဲပင်။ ယခင်တုန်းက သူသည် ထိုစကားများဖြင့် ဝမ်ပေါင်လဲ့အား ခြောက်လှန့်ခဲ့ဖူးသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် အကယ်၍ အခွင့်အရေးတစ်ခုခုရပါက ဤနေရာမှ ပြန်လည်ထွက်ခွာပြီး အင်္ဂါဂြိုဟ်သို့ ချက်ချင်းပြန်သွားနိုင်မည့် နည်းလမ်းများကို ကြိုးစားရှာဖွေနေလောက်ပြီ ဖြစ်သည်။
ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးမှာ သူ့အတွက် အလွန်အင်မတန်မှ အန္တရာယ်များသော နေရာတစ်ခု ဖြစ်ပေသည်။
သူ၏ နှလုံးထဲ၌ ခံစားနေရသည့် အန္တရာယ်ကြီးနှင့် စိုးရိမ်စိတ်များမှာ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ ဝမ်ပေါင်လဲ့မှာ သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် သူ၏ထိုင်ခုံဆီသို့ လျှောက်လှမ်းသွားလိုက်ပြီး အောက်သို့ထိုင်ချလိုက်၏။ ထို့နောက် သူသည် ဧရာမသစ်ပင်ကြီးအား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ဆိုလိုက်ပြန်သည်။
” ကျုပ် တွေးနေတာတစ်ခုရှိတယ်။ တကယ်လို့ ကျုပ်သာ ရှားပါးသစ်သီးတစ်လုံးလုံးကို စားလိုက်မယ်ဆိုရင် ယွမ်ယင်အဆင့်ကို ဖောက်ထွက်သွားနိုင်လောက်တယ်။ ခဗျား လပေါ်မှာတုန်းက တစ်ဝက်စားခဲ့တဲ့ သစ်သီးလိုမျိုးပေါ့ ”
ဧရာမသစ်ပင်ကြီးမှာ ထိုစကားကို ကြားလိုက်ရသောအခါ တစ်ခေါင်းလုံး ထူပူသွား၏။ ထို့နောက် သူသည် အလိုလို နောက်ဆုတ်မိသွားတော့သည်။ သို့သော် ဖိနှိပ်အားကြီးတစ်ခုမှာ သူ၏ပတ်ပတ်လည်၌ ပေါ်ပေါက်လာသောကြောင့် သူသည် မလှုပ်ရှားနိုင်တော့ဘဲ ဖြစ်သွားရ၏။
ဧရာမသစ်ပင်ကြီးမှာ ကြောက်ရွံ့တုန်လှုပ်နေရပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းအရင်းကြောင့် သူ့အား တာအိုနန်းတော်ဆီသို့ ခေါ်ခဲ့ခြင်း ဖြစ်ပေသည်။
သူသည် လက်မခံနိုင်ဘဲ ဖြစ်နေရပါသော်လည်း သူ၏ ရုန်းကန်မှုများမှာ အချည်းနှီးပင်။ ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် သူ့အား ဖိအားပေးနေသည်မဟုတ်ပေ။ သူ၏ ရာထူးအဆင့်အတန်းနှင့် ဤနန်းတော်ကြီးတို့ကြောင့် ဧရာမသစ်ပင်ကြီးမှာ လုံးဝ ကူရာကယ်ရာ မဲ့နေရခြင်းဖြစ်သည်။ သို့သော် သူသည် ဉာဏ်များသော လူတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိတ်လန့်တုန်လှုပ်နေသည့်တိုင်အောင် တစ်ခုခုမှာ လွဲနေကြောင်း ရိပ်မိသွား၏။ အကယ်၍ ဝမ်ပေါင်လဲ့မှာ သူ့အား အမှန်တကယ် စားလိုပါက ယခုလို စကားများကြီး ပြောနေစရာမလိုပေ။ ထို့ကြောင့် ဧရာမသစ်ပင်ကြီးမှာ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာ၏။
” အကြီးအကဲဝမ်။ ကျွန်တော်… ”
” ခဗျား ဘာစကားပြောမလဲဆိုတာ ကျုပ်သိတယ်။ ပြီးတော့ ကျုပ် ခဗျားကိုစားဖို့ အစီအစဉ် မရှိသေးဘူးဆိုတာကို ခဗျား သိထားမှန်းလည်း ကျုပ်သိတယ်။ ဒါပေမဲ့ မကောင်းကြံဖို့ မတွေးနဲ့နော်။ ခဗျား ကျုပ်ကို သစ်သီးတစ်လုံး အကြွေးတင်နေတုန်းပဲ ” ဝမ်ပေါင်လဲ့မှာ ဧရာမသစ်ပင်ကြီးအား စကားဖြတ်ပြောလိုက်၏။ သူ၏ အဓိပ္ပါယ်လေးနက်သော အကြည့်ကြောင့် ဧရာမသစ်ပင်ကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားရသည်။ ထို့နောက် သူသည် အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောလိုက်ပြီးမှ သဘောပေါက်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ပေါ်ပေါ်ထင်ထင် ပြောဆိုခဲ့ခြင်း မရှိသည့်တိုင်အောင် သူသည် ဝမ်ပေါင်လဲ့မှာ သူ၏ အကူအညီတစ်ခုခုကို လိုအပ်နေခြင်း ဖြစ်ရမည် ဖြစ်ကြောင်း သဘောပေါက်သွား၏။ ထို့ကြောင့် သူသည် ဤနေရာသို့ ဆင့်ခေါ်ခြင်း ခံခဲ့ရခြင်း ဖြစ်ပေသည်။ ဧရာမသစ်ပင်ကြီးမှာ ထိုသို့ နားလည်သဘောပေါက်သွားသောအခါ အသက်ပြင်းပြင်းရှူ၍ ဦးညွှတ်လိုက်ပြန်သည်။
ယခုအကြိမ်တွင်မူ သူ၏ အမူအရာမှာ ပို၍တည်ကြည်နေပြီး လေးစားသမှု ပိုရှိနေ၏။
” ကျွန်တော်မျိုး အကြီးအကဲခိုင်းသမျှ အရာအားလုံးကို လုပ်ပေးဖို့အဆင်သင့်ပါ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ ခေါင်းညိတ်လိုက်၏။ သူသည် ဉာဏ်ပြေးသောလူများကို သဘောကျနှစ်သက်ပေသည်။ ဧရာမသစ်ပင်ကြီး လက်ရှိတွင် ဤနေရာသို့ ရောက်နေရသည့် အကြောင်းအရင်းတစ်ခု ရှိသည်။ သူသည် ဧရာမသစ်ပင်ကြီးအား သစ်သီးတစ်လုံးလိုချင်သောကြောင့် ဆင့်ခေါ်ခဲ့ခြင်းမဟုတ်ပေ။ ရှိခိုးနန်းတော်ဆောင်အနီးတွင် သူရှာတွေ့ခဲ့သည့် အချုပ်အနှောင်နယ်မြေထဲမှ သင်္ချိုင်းမြေပုံကြီးကြောင့် သူ့အား ဆင့်ခေါ်ခဲ့ခြင်း ဖြစ်ပေသည်။
ကျောက်ယမုန့်၏ သုံးသပ်ချက်များအရဆိုလျှင် သစ်သားစွမ်းအင်တစ်မျိုးတည်းဖြင့် ဖွဲ့စည်းထားသော သက်ရှိများသာလျှင် ထို သင်္ချိုင်းမြေပုံထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထိုစဉ်ကတည်းက ဝမ်ပေါင်လဲ့မှာ သူရွေးချယ်နိုင်မည့် လူများကို စဉ်းစားထားပြီးသား ဖြစ်၏။ အကယ်၍ ဧရာမသစ်ပင်ကြီးသာ ထို သင်္ချိုင်းမြေပုံထဲသို့ မဝင်နိုင်ပါက သူသိထားသည့် လူများထဲတွင် အခြားမည်သူကမှ ဝင်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့်လည်း သူသည် ဧရာမသစ်ပင်ကြီးအား ပြည်ထောင်စုပျိုးပင် တတိယအသုတ်ထဲ၌ ထည့်သွင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
” တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီး။ ကျုပ် ခဗျားကို ခိုင်းစရာတစ်ခုရှိတယ်။ ခဗျား လုပ်ပေးနိုင်မယ်ဆိုရင် ကျုပ်က ခဗျားနဲ့ ကျုပ်ရဲ့ကြားမှာ ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေအားလုံးကို သင်ပုန်းချေပေးမယ့်အပြင် ခဗျားကို ယွမ်ယင်အဆင့်အထိ တက်လှမ်းနိုင်ဖို့ပါ ကူညီပေးဦးမှာ ”
ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့်ဆိုလိုက်၏။ သို့သော် နန်းတော်ကြီး၏ မန္တန်အစီအရင်မှာ သူ၏ စကားသံအား ချဲ့ပေးလိုက်သောကြောင့် ၎င်းမှာ ခန်းမထဲ၌ ပဲ့တင်ထပ်သွားတော့သည်။