ရှီမာယူယူ ထိုသို့ပြောင်းလဲသွားမည်ကို ဝိညာဉ်လေးထင်မထားသဖြင့် သူမရိုက်ချက်ကို မရှောင်လိုက်နိုင်ပေ။ သူအရိုက်ခံရပြီးနောက် သူ့ခေါင်းအားကိုင်ကာ ရှီမာယူယူအားစိုက်ကြည့်လိုက်သည်။
ဝိညာဉ်လေး၏ မျက်လုံးပြူးများသည် သူမအားစိုက်ကြည့်နေသည်ကို ရှီမာယူယူမြင်သည်နှင့် ချက်ချင်းပင် သူမခင်တွယ်မှုအားခံစားမိလိုက်သည်။ သူမ သူ့အားဖက်လိုက်ကာ ခေါင်းပုတ်လိုက်ပြီး ပြောလိုက်သည် “ကောင်းပြီ ငါစိတ်ပူလို့ပါ၊ မြန်မြန်ပြောပြ တခြားနည်းလမ်းကဘာလဲ”
ရှီမာယူယူ၏ ခင်တွယ်မှုကို ဝိညာဉ်လေးခံစားမိကာ သူမပြောသည်များကို သူကြားသည်နှင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “မင်းကလည်းတုံးလိုက်တာ၊ ဆေးကအပြင်ပိုင်းအားကိုပဲတိုးစေတာ ဒါပေမယ့်သူတို့ရဲ့အပြင်ပန်းအားကိုလည်း တိုးဖို့လိုတယ်မလား”
“အပြင်ပန်းဟုတ်လား” ရှီမာယူယူစိုက်ကြည့်လိုက်သည် “သူတို့အတွက် စာချုပ်သားရဲရှာပေးဖို့မင်းပြောနေတာလား”
ဝိညာဉ်လေးခေါင်းညိတ်လိုက်သည် “မိုရှားမင်းကိုပေးတာကိုမေ့သွားပြီလား၊ အဲဒါအဖိုးတန်ပစ္စည်းပဲ မင်းသိလား”
“အင်ပါယာသားရဲကျမ်းကိုပြောတာလား” သူပြောသည်ကို ရှီမာယူယူစဉ်းစားလိုက်သည်။ သားရဲများထိန်းကျောင်းရန် အင်ပါယာသားရဲကျမ်းအား အသုံးပြုခြင်းသည် စာချုပ်ကာလအတွင်း နှစ်ဦးနှစ်ဖက်အား အားတိုးစေသည်။ သူမမျက်လုံးများသည် တောက်ပသွားကာ ဝိညာဉ်လေး၏မျက်နှာအားဆွဲပြီး ပြုံးကာပြောလိုက်သည် “ဟုတ်သားပဲ သူတို့နဲ့စာချုပ်ချုပ်ဖို့ ဝိညာဉ်သားရဲတွေပြင်ပြီး ငါ့အစ်ကိုတွေကိုကူညီလို့ရတာပဲ ဝိညာဉ်လေး သတိပေးတဲ့အတွက် ကျေးဇူးပဲ”
ထိုသို့ပြောပြီးနောက် ဝိညာဉ်လေးမျက်နှာအားနမ်းလိုက်ပြီး ကျေနပ်သောအပြုံးဖြင့် လျှောက်သွားလိုက်သည်။
“ငါ့မျက်နှာပေါ်ကို တံတွေးတွေပေသွားပြန်ပြီ” ဝိညာဉ်လေး သူမအားအော်လိုက်သော်လည်း သူ့မျက်လုံးများတွင် ပျော်ရွင်မှုများပြည့်နှက်နေသည်။
ရှီမာယူယူ အပြင်သို့ထွက်လာကာ ဟိန်းသံလေးအား အော်လိုက်လေသည်။
“ယူယူ၊ ငါ့ကိုလွမ်းနေတာလား” ဟိန်းသံလေး ရှီမာယူယူဘေးသို့ချက်ချင်းရောက်လာကာ အရှက်မရှိပြောလေသည်။
ဟိန်းသံလေး၏ မျက်နှာပြောင်တိုက်မှုကို သူမကြည့်၍ မျက်လုံးများ ဝိုင်းသွားသည်။
ဒီလိုမျက်နှာပြောင်တိုက်တဲ့ ဝိညာဉ်သားရဲရှိသေးတာလား။
“ဟိန်းသံလေး၊ တခြားဝိညာဉ်သားရဲတွေကို မင်းရဲ့အမိန့်နာခံအောင် မင်းလုပ်နိုင်တယ်မလား” ရှီမာယူယူမေးလိုက်သည်။
“သူတို့ရဲ့အဆင့်ပေါ်မူတည်ပြီးတော့ပေါ့ ငါထင်တာ” ဟိန်းသံလေးပြောလိုက်သည် “သူတို့ဘာအမျိုးအစားလဲဆိုတာတော့ ပြဿနာမရှိပါဘူး၊ ဒါပေမယ့် သူတော်စင်အဆင့်သားရဲရှာလာမယ်ဆိုရင်တော့ ငါ့ရဲ့လက်ရှိအားနဲ့ဆိုရင်တော့မဖြစ်နိုင်ဘူး”
“သူတော်စင်သားရဲကို အမိန့်ပေးဖို့မလိုပါဘူး” ရှီမာယူယူ သူမလက်အားဝှေ့ရမ်းလိုက်သည်။ သူမ သူတော်စင် သားရဲအားထိန်းချုပ်ချင်ရင်တောင် မဖြစ်နိုင်ပေ “ငါသာမာန်ဝိညာဉ်သားရဲပဲလိုတယ်၊ ငါ့အစ်ကိုတွေအတွက် စာချုပ်ဝိညာဉ်သားရဲတွေပြင်ဖို့ အစီအစဉ်ဆွဲနေတာ၊ ပြီးတော့ သူတို့အဆင့်မမြင့်ရင်တောင် ငါသူတို့ကို ထိန်းကျောင်းပေးလို့ရတဲ့ဟာမျိုးလိုတယ်”
“အကြံကောင်းပဲ” ဟိန်းသံလေးပြောလိုက်သည် “မင်းဘယ်လောက်လိုတာလဲ၊ ငါပူလွောင်တောင်တန်းကိုသွားပြီး နည်းနည်းဖမ်းလို့ရတယ်”
ဟုတ်ပြီ၊ နောက်ဆုံးတော့ သူ ထိုဝိညာဉ်သားရဲများကို ဖမ်းသည်ကို ဟိန်းသံလေးဝန်ခံပြီပေါ့။
“ငါ့မှာ အစ်ကိုလေးယောက်ရှိတယ်၊ တစ်ယောက်ကိုတစ်ကောင်ဆီလိုတယ်” ရှီမာယူယူပြောလိုက်သည် “အင်း… ငါမင်းနဲ့လိုက်ပြီး ကြည့်တာပိုကောင်းမယ် ဒါမှအဆင့်ကိုသိပြီး ထိန်းကျောင်းလို့ရမှာ၊ ငါသူတို့ကို အဆင့်မြင့်ရောက်အောင် ကြိုးစားပြီးပြင်ပေးပါ့မယ်”
“ကောင်းပြီ မင်းဘယ်အချိန်သွားချင်လဲ” ထိုဝိညာဉ်သားရဲများကို ဆွဲဆောင်ရန် ဟိန်းသံလေးအလွန်အမင်းစိတ်လှုပ်ရှားလျက်ရှိသည်။ သူတို့သွားပြီး ဝိညာဉ်သားရဲများအား ပြန်ပေးဆွဲမည်ကို ကြားသည်နှင့် ဟိန်းသံလေး မစောင့်နိုင်တော့ပေ။
“ငါတို့အခုသွားလို့ရတယ်၊ မနက်ဖြန်ကျရင် ငါတို့မြို့တော်ကိုပြန်တော့မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်မနက် ရောက်အောင် မြန်မြန်ပြန်လာရမယ်” ရှီမာယူယူပြောလိုက်သည်။
“မနက်ဖြန်မနက်ဟုတ်လား၊ မဖြစ်နိုင်ဘူး” ဟိန်းသံလေးပြောလိုက်သည် “မင်းအကောင်းဆုံး ထိန်းကျောင်းပေးနိုင်မယ့် ဝိညာဉ်သားရဲတစ်ကောင်ကိုပဲရွေးချယ်လို့ရမယ်၊ ပြီးတော့ မင်းကြိုးစားချင်ရင် ဝိညာဉ်သားရဲရဲ့ အဆင့်ကိုကြည့်ပြီး ထိန်းကျောင်းတာကို မလောတာကောင်းမယ်၊ ဆယ်ရက်အတွင်းလုပ်နိုင်ရင်ကို ကောင်းနေပြီ”
ရှီမာယူယူစဉ်းစားကြည့်သည်။ ဟိန်းသံလေးပြောတာမှန်သည်၊ ကြည့်ရတာ သူမထွက်သွားရန် အကြောင်းပြချက်တော့လိုမည်။
ထိုအကြောင်းအားအချိန်တစ်ခုစဉ်းစားပြီးနောက်တွင်တော့ သူမ စာတစ်စောင်ချန်ထားခဲ့ကာ ဟိန်းသံလေးအား ဖက်ပြီး တည်းခိုခန်းမှထွက်လာခဲ့လိုက်သည်။ သူတည်းခိုခန်းတံခါးမှ ထွက်လာသည်နှင့် တံခါးရှေ့တွင် ရှီမာယူရန် သူမအားစောင့်နေလိမ့်မည်ဟု ထင်မထားပေ။
“အစ်ကိုလေး၊ ဒီမှာဘာလုပ်နေတာလဲ”
ရှီမာယူရန် ရှီမာယူယူအားကြည့်လိုက်လေသည်။ ထိုရင်းနှီးသော မျက်နှာထား၊ ရင်းနှီးသော အကြည့်၊ သို့သော်….
“သူတို့လမ်းလျှောက်ထွက်သွားလို့ ငါမင်းကိုဒီမှာစောင့်နေတာ” ရှီမာယူရန်ပြုံးကာပြောလိုက်သည်။
“ကျွန်တော့်ကိုစောင့်နေတယ် ဟုတ်လား၊ ဘာအတွက်လည်း” ရှီမာယူယူအနည်းငယ်စိုးရိမ်သွားသည်။ ဒီလူ တစ်ခုခုကိုသတိထားမိသွားတာလား။
သူမမျက်လုံးတွင် ဖြစ်သွားသောခံစားချက်ကို ရှီမာယူရန်သတိထားမိကာ သူမဆံပင်အားဖွလိုက်ပြီး ပြောလိုက်သည် “မင်းရဲ့ အစ်ကိုလေးနဲ့လမ်းအတူလျှောက်ဖို့ စိတ်ဝင်စားလား”
“အစ်ကိုလေးက လျှောက်ကြည့်ချင်လို့လား”
“မဟုတ်ပါဘူး၊ ငါမင်းကို ပြောစရာနည်းနည်းရှိလို့” ရှီမာယူရန်ပြောလိုက်သည်။
“သြော်… ကောင်းပြီလေ ဒါဆိုလဲ၊ လမ်းလျှောက်ကြတာပေါ့” ရှီမာယူယူပြောလိုက်သည်။
သူမခေါင်းငုံ့သွားကာ ရှီမာယူရန်နှင့်အတူလမ်းလျှောက်ထွက်ကာ သူမဘယ်လိုရှင်းပြရမလဲဆိုတာကို စဉ်းစားလျက်ရှိသည်။ သူမ မသိလိုက်ဘာသာပဲ လက်ဖက်ရည်ဆိုင်သို့ သူ့နောက်မှလိုက်လာလေသည်။
“လက်ဖက်ရည်သွားသောက်ရအောင်” ရှီမာယူယူ၏ အထင်အမြင်ကို ရှီမာယူရန်မမေးပဲ အပေါ်ထပ်သို့တိုက်ရိုက်ခေါ်သွားလေသည်။
သူတို့သည် ဆိုင်ရှင်အား သီးသန့်အခန်းအားပြင်ခိုင်းလိုက်ပြီး ရှီမာယူယူသည် လမ်းအားမျက်နှာမူထိုင်ထားပြီး ဆန့်ကျင်ဘက်တွင်တော့ ရှီမာယူရန်ထိုင်ထားကာ သူစကားစပြောသည်ကို စောင့်နေခဲ့သည်။
“ဒီဆိုင်က လက်ဖက်ရည်ကမဆိုးဘူးလို့ကြားတယ်” ရှီမာယူရန် စကားပြောရင်းနှင့်ပင် လက်ဖက်ရည်တစ်ခွက်အားလောင်းထည့်လိုက်သည်။
ရှီမာယူယူ သူမလက်တွင်လက်ဖက်ရည်ပန်းကန်လုံးအားကိုင်းပြီး အနံ့မွှေးလိုက်ကာ တစ်ငုံသောက်လိုက်လေသည်။ ထို့နောက် သူမခွက်အားပြန်ချလိုက်ပြီးပြောလေသည် “တကယ်မဆိုးဘူးပဲ”
ရှီမာယူယူ လက်ဖက်ရည်အား မတူညီစွာအရသာခံနေသည်ကို ရှီမာယူရန်ကြည့်နေသည်။ သူမျက်စိတစ်ချက်ဝှေ့ကြည့်လိုက်သည် “အရင်က ညီလေး၅က လက်ဖက်ရည်ဘယ်လိုသောက်ရမလဲဆိုတာသိတာ မဟုတ်ဘူး၊ ငါလက်ဖက်ရည်ကောင်းကောင်းပေးတိုင်းလည်း အမြန်မျိုချတာပဲ”
“သင်ဖို့တစ်ခုခုလိုတာပဲ” ရှီမာယူယူ နှလုံးခုန်သံမြန်လာသည်။ စတင်ပြီပဲ။
“သင်ဖို့တစ်ခုခုလိုတာတော့ အမှန်ပဲ၊ ဒါပေမယ့် တစ်ချို့အရာတွေက သင်ရုံနဲ့မရဘူး၊ ညီလေး၅ အဘိုးကိုကယ်နေတကို တွေ့ရတော့ မင်းရဲ့အပြုအမူတွေက လုံးဝကိုကျွမ်းကျင်နေတာပဲ၊ ဒါကတော့ တစ်ခုလုံးသင်ထားတာတော့ မဖြစ်နိုင်ဘူး” ရှီမာယူရန်ပြောလိုက်သည်။
ရှီမာယူယူ ထိုအကြောင်းအား စဉ်းစားကြည့်သည်။ သူပြောတာမှန်သည်။ သူမ ဆေးပညာသည် အချိန်တိုအတွင်း တိုးတက်လာသည်မှာ မူမမှန်ပေ။ ထိုနေ့တွင် သူမ ရှီမာလိုင်အား အပ်စိုက်ကုထုံးဖြင့် သုံးရက်မှ ငါးရက်အတွင်းသင်ထားသော သူမအရည်အချင်းအားပြသခဲ့သည်။
“အစ်ကိုလေးက ဘာပြောချင်တာလဲ” ရှီမာယူယူ တဲ့တိုးပင်မေးလိုက်သည်။
ရှီမာယူယူ မတုန်မလှုပ်နေရာမှ ထိုသို့ပြောင်းလဲသွားမည်ကို ရှီမာယူရန် ထင်မထားပေ။ သူပြုံးကာပြောလိုကသည် “ငါသိချင်ရုံပါ မင်းဘယ်သူလဲ၊ ငါ့ညီလေး၅လို ဘာလို့ဟန်ဆောင်နေတာလဲ၊ အခု ငါ့ညီလေး ၅ဘယ်မှာလဲ”
“ကျွန်တော်…”
ရှီမာယူယူစကားပြောချင်သော်လည်း ရှီမာယူရန်လက်ကိုမြှောက်လိုက်ကာ ပြောလိုက်သည် “မင်းက ငါ့ညီလေး ၅လို့မပြောနဲ့၊ အရင်က သူဘယ်လိုလဲ၊ မင်းအခုလက်ရှိကဘယ်လိုလဲ…. ဒါက ငါရှင်းရှင်းလင်းလင်းသိတဲ့အရာပဲ၊ မင်းက သူလို့ပြောရင် ငါကယုံမယ်ထင်လား”
ရှီမာယူယူ ခေါင်းမဖော်နိုင်အောင်ငုံ့ကာ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။
“မင်းရိုးရိုးသားသားပြောတာကောင်းလိမ့်မယ်၊ ဒါမှမဟုတ်ရင်မင်းကို အခုပဲရှင်းလင်းပစ်ဖို့ ငါ့အတွက်မခက်ဘူး၊ မြန်မြန်ပြော ငါ့ညီလေး၅ဘယ်မှာလဲ”
ရှီမာယူယူကြည့်လိုက်သည်။ ရှီမာယူရန် သံသယများပြည့်နှက်နေသည်ကိုမြင်သည်နှင့် သူမသက်ပြင်းချလိုက်ကာ ပြောလိုက်သည် “အစ်ကိုလေး ကျွန်တော်တကယ်ပါ”
“မဖြစ်နိုင်ဘူး” ရှီမာယူရန်ချက်ချင်းပင်ငြင်းလိုက်သည်။
“ကျွန်တော်လေးနှစ်တုန်းက အိပ်ရာထဲမှာသေးပေါက်တော့ အစ်ကိုကထဖို့ပြောတယ်လေ၊ အစ်ကိုက ကျွန်တော့်ရဲ့ စိုနေတဲ့ဘောင်းဘီကို အိပ်ရာအောက်ကိုထိုးထည့်တာကို မြင်သွားတယ်လေ…”
ရှီမာယူယူအားကြည့်နေသော ရှီမာယူရန်သည် ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်နေခဲ့သည်။
“ကျွန်တော် ငါးနှစ်သားတုန်းက အစ်ကိုက ကျွန်တော့်ကို မြို့တော်အပြင်ကိုခေါ်သွားပြီး သစ်ပင်ပေါ်က ပျားအုံကို ယူပေးခဲ့တယ်လေ၊ ကျွန်တော်တို့နှစ်ယောက်လုံး ပျားတွေလိုက်တာခံရလို့ဘာလုပ်ရမှန်းမသိသေးခင်မှာပဲ ပျားတစ်ကောင်က အစ်ကို့ဘောင်းဘီထဲဝင်သွားပြီး ကိုက်လိုက်တယ်လေ…”
“ကျွန်တော် ဆယ်နှစ်တုန်းက အစ်ကို မိန်းကလေးတစ်ယောက်ကိုကြိုက်တုန်းက အစ်ကိုတို့နှစ်ယောက်တွေ့အောင်လုပ်ပေးတာ ကျွန်တော်ပဲလေ ဒါပေမယ့်နောက်ဆုံးမှာ အစ်ကိုပဲလက်လျော့လိုက်တာ…”
“ပြီးတော့ ဆယ်နှစ်သားတုန်းကပဲ ကျွန်တော်ပထမဆုံး လစဉ်ကိစ္စဖြစ်တုန်းက အစ်ကိုလုံးဝကြောက်သွားတယ်လေ၊ ကျွန်တော်သေတော့မယ်ထင်ပြီးတော့၊ ကျွန်တော့်အတွက် အဝတ်သန့်ကိုရှာပေးတာလည်း အစ်ကိုပဲလေ အစေခံမိန်းကလေးကတောင် အစ်ကို နေမကောင်းဘူးလို့မှားထင်သွားတယ်လေ..”
“အဟွတ် အဟွတ် ထပ်ပြီးမပြောနဲ့တော့” သူမ ထိုအခြေအနေအားပြောပြနေစဉ်တွင်ပဲ ရှီမာယူရန် စကားစ ဖြတ်လိုက်သည်။
ရှီမာယူယူ ပြုံးလိုက်သည် “ဒါတွေက ကျွန်တော်တို့လျှို့ဝှက်ချက်အဖြစ်ထားဖို့ ကတိပေးထားတာပဲ၊ ဒီနှစ်တွေမှာ ဘယ်လိုအခက်အခဲကြုံကြုံ ဘယ်တော့မှမပြောခဲ့ဘူး၊ အခုကျွန်တော့်ကိုယုံပြီလား”