Switch Mode

အပိုင်း(၉၈)-အမြင့်ဆုံးဆေး

ရှီမာယူယူဆေးကိုထုတ်လိုက်ကာ သူမလက်ထဲမှ အနက်ရောင်ပစ္စည်းအားကြည့်လိုက်လေသည်။ ထိုမိုရှားတွေ့ကရာဖော်လိုက်သော ဝိညာဉ်စွမ်းအင်အားပြန်ကောင်းစေသော ဆေးသည် အဆင့်သုံးရှိလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။ အဲလိုဆိုရင် သူရဲ့ အဂ္ဂိရတ်ပညာက ဘယ်အဆင့်ရောက်နေပြီလဲ။

“မင်းဘာသာမင်း ဆေးဖော်လို့ရနေတာပဲ ငါ့အကူအညီလိုသေးလို့လား” သူ့အားကူပြီး ဆေးဖော်စေချင်သည်ကို ရှီမာယူယူတွေးကာ စိတ်ရှုပ်ထွေးသွားလေသည်။

“ပြောရမယ်ဆိုရင် ငါကဝိညာဉ်ပဲရှိသေးတာ၊ အခုငါအဆင့်နိမ့်တဲ့ဆေးတွေကိုပဲ ဖော်လို့ရတာ၊ ဒါပေမယ့် အဆင့်မြင့်တဲ့ဆေးတွေဆိုရင် ပေါင်းစပ်ဖို့နတ်ဆိုးချီတွေ လုံလောက်အောင်မရှိဘူး”

“သြော်အဲလိုလား” ရှီမာယူယူ ဆေးအားသိမ်းကာ ထလိုက်သည် “စလိုက်ကြအောင်”

ရှီမာယူယူတွေးနေသည်ကို မိုရှားမခန့်မှန်းတတ်သော်လည်း သူမအား ဆေးဖော်သောခန်းဆီသို့ခေါ်လာလိုက်သည်။

ဝိညာဉ်လေးသည် အထဲတွင်စောင့်နေသည်။ သူမသည် အခုစိုးရိမ်နေသည်ကို သိသောကြောင့် သူမအား ကြည့်ရုံပဲကြည့်ကာ ဘာမှမပြောပေ။

“စတော့မယ်၊ စတော့မယ်ဆိုရင် အချက်ပြတာစောင့် ပြီးရင် မင်းရဲ့ဝိညာဉ်စွမ်းအင်ကို လောင်းထည့်လိုက်တော့၊ ငါမရပ်နဲ့လို့မပြောမချင်းမရပ်နဲ့၊ ဒါမှမဟုတ်ရင် အခြေနေဆိုးသွားလိမ့်မယ်၊ မင်းမှာ ဝိညာဉ်စွမ်းအင်မလောက်ဘူးဆိုရင် ဒီဆေးတွေကိုသုံး” မိုရှား ထိုအတောအတွင်းကိုပင် သူမအား သတိပေးလိုက်လေသည်။

“အင်း” ရှီမာယူယူခေါင်းညိတ်ကာ ဆေးဖိုအားကြည့်လိုက်လေသည်။

အဘိုးအတွက်ဆေးဖော်သည့်အချိန်ဖြစ်သည့်တိုင်အောင် လေ့လာရန်အချိန်ကောင်းလည်းဖြစ်သည်။ တခြားသူဆေးဖော်သည်ကို ကြည့်ခြင်းသည် ကိုယ်ပိုင်အားနည်းချက်ကို သတိထားမိပြီး တိုးတက်မှုဖြစ်စေသည်။

မိုရှားသည်လည်း အတွေးချင်းတူသည်။ သူဆေးဖော်စဉ်အတွင်း ရှီမာယူယူကြည့်ရုံနှင့် နားလည်စေရန် အဆင့်များကို ဖြေးဖြေးချင်းလုပ်ဆောင်သွားလေသည်။ သို့သော် အကျိုးဆက်မှာ အစပိုင်းတွင်ပင် ၃ ၄နာရီလိုမည်။

“စပြီ” မိုရှားပြောသည်။

ရှီမာယူူသည်လည်း ဆေးဖော်ရန်ကြာမည့်အချိန်အား ခန့်မှန်းမိကာ ကြိုတင်ပြင်ဆင်ထားလေသည်။ မိုရှားပြောသည်နှင့် ဝိညာဉ်စွမ်းအင်အားထုတ်ကာ ဆေးဖိုထဲသို့လောင်းထည့်လေသည်။

ဆေးတွင် ဝိညာဉ်စွမ်းအင်ပါရန် သူမဝိညာဉ်စွမ်းအင်လျင်မြန်စွာ ထည့်ရန်လိုသည်။ သူမကိုယ်ထဲမှ ဝိညာဉ်စွမ်းအင် မလုံလောက်သည်ကို လျင်မြန်စွခံစားမိလိုက်သည်။

သူမဝိညာဉ်စွမ်းအင် ကုန်လုဆဲဆဲတွင် မိုရှားပေးသော ဆေးအားထုတ်ကာစားလိုက်လေသည်။ ဆေးသည် ခန္ဓာကိုယ်အနံ့လျင်မြန်စွာပျံ့ကာ ဝိညာဉ်စွမ်းအင်သည် နောက်ထပ်ပြန်ပြည့်သွားသည်ကို ခံစားမိလေသည်။ ထိုစွမ်းအင်သည် ဆေးမှလာသလား အပြင်ဝန်းကျင်မှစွမ်းအင်များကို ဆွဲယူသလားဆိုသည်ကိုတော့ သူမ မသိပါ။

ရှီမာယူယူသည် သူမဝိညာဉ်စွမ်းအင်နှင့် ရင်းနှီးမှုမရှိသောကြောင့် စွမ်းအင်စီးဆင်းမှု ပြိုကွဲမည်ကို မိုရှား အစတွင်စိုးရိမ်ခဲ့သော်လည်း သူမ စွမ်းအင်များအဆက်မပြတ်ထည့်နေသည်ကိုကြည့်ကာ ခွင့်ပြုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

သူမ ဆေး၂လုံးစားပြီးသည့်နောက် ဆယ်မိနစ်အကျော်အကြာတွင် မိုရှားရပ်တန့်ရန်အော်လိုက်လေသည်။ ရှီမာယူယူ လက်အား ကသိုက်ကရိုက်ရုတ်လိုက်ပြီး တစ်ကိုယ်လုံးအားအင်ကုန်ခမ်းသွားသကဲ့သို့ မြေပေါ်တွင်ထိုင်ချလိုက်သည်။

မိုရှား မီးငြိမ်းကာ ဆေးအား ပြန်သိမ်းသည်အထိ ဆေးဆက်ဖော်နေသည်။

ရွှေရောင်ဆေးလုံးသည် ရှီမာယူယူရှေ့တွင်ပေါ်လာကာ ထိုတောက်ပသော ရွှေရောင်သည် သူမမျှော်လင့်ထားသော အရောင်အတိုင်းပင်။

“မင်းဒီမှာနားနေပြီးတော့ မင်းရဲ့ ဝိညာဉ်စွမ်းအင်တွေပြန်မွေးလိုက်ဦး” မိုရှားပြောသည်။

ရှီမာယူယူခေါင်းညိတ်ကာ ခြေထောက်ချိတ်ပြီး တရားထိုင်တော့သည်။ သူမခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်သည် လုံးဝပင် ကုန်ခမ်းနေကာ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို သူမစုတ်ယူပြီး လွတ်နေသော ခန္ဓာကိုယ်ထဲသို့ အလျင်အမြန်ဝင်စေလိုက်သည်။

သူမခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်များပြည့်သည်ကိုခံစားရသည်နှင့် ခံစားချက်အားပြန်လည်ထိန်းချုပ်တော့သည်။

အပြင်တွင် လှုပ်ရှားနေသော ဝိညာဉ်စွမ်းအင်များသည် သူမခန္ဓာကိုယ်ထဲသို့ စီးဆင်းနေသည်ကို ရှီမာယူယူခံစားရနိုင်သည်။

“ဒီခံစားချက်….ကငါအဆင့်တက်တာများဖြစ်နေမလား” ရှီမာယူယူ သူမကိုယ်သူမပြောမိသည်။ “ဒီလိုဆိုရင် အဆင့်ခြောက်ကိုတက်ဖို့ ကြိုးစားကြည့်သင့်တယ်”

သူမ အာရုံစိုက်ရန်ပြင်ဆဲမှာပင် ဝိညာဉ်လေး ဆေးဖော်သည့်အခန်းထဲတွင် ပေါ်လာကာ သူမကျင့်ကြံခြင်းကို နှောင့်ယှက်တော့သည်။

“ဘာဖြစ်တာလဲ” ရှီမာယူယူ ဝိညာဉ်လေးအားကြည့်ပြီးမေးလိုက်လေသည်။

“မင်းရဲ့ အချိန်နဲ့အားတွေမကုန်အောင် ကူညီပေးမလို့” ဝိညာဉ်လေးပြောလေသည် “မင်းဝိညာဉ်ပုလဲအတွင်းမှာဆိုရင် အဆင့်တက်ဖို့မဖြစ်နိုင်ဘူး၊ မင်းဝိညာဉ်စွမ်းအင် ဘယ်လောက်ပဲစုပ်ပါစေ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ထိန်းထားရုံပဲရှိမယ်”

“ငါအဆင့်တက်ဖို့မဖြစ်နိုင်ဘူးလား၊ ဘာလို့လဲ” ရှီမာယူယူ နားမလည်တော့ပေ။

“ဘာလို့လဲဆိုတော့ ဒီနေရာက ကောင်းကင်ဥပဒေမရှိလို့ပဲ” ဝိညာဉ်လေးပြောလေသည်။

“ကောင်းကင်ဥပဒေဟုတ်လား၊ အဲဒါဘာလဲ” ရှီမာယူယူဆက်မေးလိုက်သည်။

“အဲဒါဘာလဲဆိုတာ မင်းကိုပြောဖို့အဆင်မပြေဘူး၊ မင်းကိုယ်တိုင်ရှာကြည့်ပေါ့” ဝိညာဉ်လေးပြောလိုက်သည် “မင်းဒီမှာ အဆင့်မတက်မှတော့ အပြင်သွားလေ၊ အဲမှာ အောင်မြင်ကောင်း အောင်မြင်လိမ့်မယ်”

ရှီမာလိုင်၏ အခြေအနေအားစဉ်းစားလိုက်လျှင် ဒီတွင် အချိန်မကြန့်ကြာချင်သောကြောင့် ထလိုက်ကာ မိုရှားအား ရှာရန်ပြင်ဆင်လိုက်သည်။ သို့သော် သူမတံခါးဖွင့်လိုက်သည်နှင့် တံခါးရှေ့တွင်ရပ်ကာ လက်နောက်ပစ်ပြီး ကောင်းကင်အားကြည့်နေသော သူ့အား တွေ့လိုက်ရသည်။

“ပြီးပြီလား” မိုရှားလှည့်ပြီးမေးလိုက်လေသည်။

“အင်း.. သွားရအောင်” ရှီမာယူယူပြောလိုက်သည်။

မိုရှားခေါင်းညိတ်လိုက်သည့်နောက်တွင် ရှီမာယူယူအရင်ထွက်သွားလေသည်။

ရှီမာလိုင်၏ အခန်းတွင် ရှီမာယူရန်နှင့် ရှီမာယူလီတို့သည် ရှီမာလိုင်အားစိုးရိမ်စွာကြည့်နေကြသည်။

“အစ်ကိုလေး၊ ကျွန်တော်တို့ခေါ်တဲ့ ဆေးဆရာတွေနဲ့ အဂ္ဂိရတ်ဆရာတွေက ဘာလုပ်ရမလဲဆိုပြီးပဲပြောကြတယ်၊ ညီလေး ၅ကအဘိုးကို ဘယ်လိုကယ်နိုင်မှာလဲ” ရှီမာယူလီပြောလိုက်သည်။

ရှီမာယူယူ၏ လှည့်သွားသော ကျောအား ရှီမာယူရန်ကြည့်ကာ ပြောလိုက်သည် “ငါလည်းမသိဘူး၊ အခုတော့ သူစဉ်းစားထားတာရှိမယ်လို့မျှော်လင့်ရမှာပဲ၊ သူ့မှာအကြံရှိမယ်လို့ မျှော်လင့်ပါတယ်…”

ရှီမာယူရန်ပြောသောစကားများသည် ထူးဆန်းသည်ဟု ရှီမာယူလီခံစားမိသော်လည်း အတိအကျကိုတော့ သူမဖော်ထုတ်တော့ပေ။

ရှောင်လင်းသည် တံခါးနှစ်ချက်ခေါက်ကာ တွန်းဖွင့်ဝင်ပြီး ပြောလိုက်လေသည် “သခင်လေး ၃၊ သခင်လေး ၄၊ ငါးယောက်မြောက်သခင်လေးက ဒီအိမ်မှာမရှိပါဘူး”

“ညီလေး ၅က အိမ်ထဲမှာမရှိဘူးဟုတ်လား” ရှီမာယူလီ မယုံနိုင်စွာမေးပြောလိုက်သည် “သူအိမ်မှာမရှိဘူးဆိုရင် ဘယ်မှာလဲ”

“ငါးယောက်မြောက်သခင်လေးဝင်သွားတဲ့ တံခါးကို သွားခေါက်ကြည့်တာ တုန့်ပြန်မှုမရှိပါဘူး” ရှောင်လင်းပြောလိုက်သည်။

“ညီလေး ၅ပြန်သွားတာ တစ်နေ့လုံးစာရှိတော့မယ်၊ အခုအဘိုးမှာ၁ရက်ပဲကျန်တော့မယ်၊ ဒီအချိန်မှာ သူဘယ်ရောက်နေတာလဲ” ရှီမာယူလီ စိုးရိမ်စွာပြောလိုက်သည်။

“ကျွန်တော်တစ်ခုခုရှာဖို့သွားတာ” ရှီမာယူယူသည် တံခါးရှေ့တွင် ရုတ်တရက်ပေါ်လာသောကြောင့် သုံးယောက်လုံးအံ့သြသွားလေသည်။

“ညီလေး ၅ အဘိုးကိုကယ်ဖို့နည်းလမ်းတွေ့ပြီလား” ရှီမာယူရန်မေးလိုက်သည်။

ရှီမာယူယူခေါင်းညိတ်ကာ ပြောလိုက်သည် “အဲလိုပဲထားပါတော့၊ ဒါပေမယ့် လုံးဝတိတ်ဆိတ်နေဖို့လိုတယ်၊ ခဏလောက်အကုန်အပြင်ထွက်နိုင်မလား”

ရှီမာယူလီနှင့် ရှီမာယူရန်တို့အကြည့်ချင်းဖလှယ်လိုက်ကြကာ ရှီမာယူယူလုပ်ချင်သည့်အရာကို မခန့်မှန်းတတ်တော့ပေ။

“ကောင်းကောင်းနားပါ၊ ကျွန်တော်အဘိုးကိုသေချာပေါက်ကယ်မှာပါ” ရှီမာယူယူ သူတို့အား အခိုင်အမာပြောလိုက်သည် “အဘိုးကို တစ်ခုခုအဖြစ်မခံပါဘူး”

ရှီမာယူရန် ရှီမာယူယူအနီးသို့လာကာ သူမခေါင်းအားပုတ်လိုသည်။ သို့သော် လမ်းတစ်ဝက်တွင်ရပ်ကာ လက်အားချထားကာ ပြောလိုက်သည် “ငါတို့မင်းကို အပြင်မှာစောင့်မယ်”

ရှီမာယူယူခေါင်းညိတ်ကာ သူမမျက်လုံးထဲမှာ ထူးခြားသော တောက်ပမှုအားရှီမာယူရန်မြင်လိုက်သည်နှင့် သဘောပေါက်လိုက်သည်။ သူမ၏ သရုပ်မှန်ကိုသတိထားမိလိုက်သည်။

“ညီလေး ၅၊ အဘိုးကို မင်းကို ယုံယုံကြည်ကြည်နဲ့အပ်ပါတယ်” ရှီမာယူရန်ထွက်သွားသည်ကို ရှီမာယူလီမြင်သည်နှင့် အတူလိုက်သွားတော့သည်။

ရှီမာယူယူတံခါးပိတ်ကာ အပြင်တွင်ရှိသော သူတို့အား ကြည့်ကာပြောလိုက်သည် “မစိုးရိမ်ပါနဲ့၊ အဘိုးက ကျွန်တော့်ကို ဒီလောက်ဂရုစိုက်တာ အခုကျွန်တော်ပြန်ဆပ်ရမယ့်အလှည့်ပဲ”

ထိုသို့ပြောပြီးနောက် တံခါးကိုပိတ်လိုက်သည်။

ရှီမာယူယူ၏ အပြုအမူအား ရှီမာယူလီစောင့်ကြည့်ကာ ပြောလိုက်သည် “ညီလေး ၅က တကယ်အရွယ်ရောက်လာပြီပဲ”

ရှီမာယူရန်သည် တင်းကျပ်စွာပိတ်ထားသော တံခါးအားကြည့်ကာ ရှီမာယူလီပြောသည်များကို ဆွံ့အသွားလေသည်။

သူမအရွယ်ရောက်လာတာလား… ဒါမှမဟုတ် လုံးဝတခြားတစ်ယောက်အဖြစ်ပြောင်းသွားတာလား။

အိမ်ထဲတွင် ရှီမာယူူယူသည် ရှီမာလိုင်အိပ်ရာဘေးလာကာ အတွေးတစ်ချက်နှင့်ပင် မိုရှားသည် သူမဘေးတွင်ပေါ်လာသည်။

အပြင်တွင်လူများရှိသောကြောင့် ရှီမာယူယူစကားမပြောပေ၊ သူမသည် မိုရှားနှင့် စာချုပ်အဆက်အသွယ်ကို အသုံးပြုကာ ဆက်သွယ်မှုပြုလုပ်သည်။

“မိုရှား စလိုက်ကြအောင်….”

Comment

Leave a Reply

Options

not work with dark mode
Reset