ဝမ်ပေါင်လဲ့၏ ဒုတိယ ကြေညာချက်မှာ တာဝန်ကျောက်တိုင်ကြီးနှင့် ဝိညာဉ်ကွန်ရက်တို့အား အချိန်နှင့်တပြေးညီ ချိတ်ဆက်ပေးမည့် တာဝန်စီမံခန့်ခွဲမှု အစီအစဉ်ပင် ဖြစ်သည်။
တာဝန်စီမံခန့်ခွဲသူများ၏ တာဝန်မှာ တာအိုနန်းတော် အပြင်ဘက်၌ လေ့ကျင့်နေသည့် ကျင့်ကြံသူများ သို့မဟုတ် အခြားအကြောင်းအရင်း အမျိုးမျိုးကြောင့် တာအိုနန်းတော်သို့ ပြန်မလာနိုင်သည့် ကျင့်ကြံသူများကို ကူညီပေးရန် ဖြစ်သည်။ သူတို့မှာ ထိုကျင့်ကြံသူများဆီမှ တာဝန်ပြီးမြောက်ရန် လိုအပ်သည့် ပစ္စည်းများကို သွားယူပေးပြီး သူတို့၏ကိုယ်စား ဂိုဏ်းဆီသို့ တင်သွင်းပေးကာ တိုက်ပွဲရမှတ်များ ပြန်လည်ပို့ဆောင်ပေးကြမည်ဖြစ်သည်။ ထိုလုပ်ငန်းကြောင့် တာအိုနန်းတော်ဂိုဏ်းသားများမှာ အများကြီး အချိန်ကုန်သက်သာနိုင်ပေသည်။
၎င်းမှာ ဂိုဏ်းချုပ်ကြီးရှု၏ အကြံအစည်ဖြစ်၏။ ထိုလုပ်ငန်းမှာ ပြည်ထောင်စုကြီးထဲရှိ အိမ်တိုင်ရာရောက် ပို့ဆောင်ခြင်းလုပ်ငန်းနှင့် ဆင်တူပေသည်။ ဝမ်ပေါင်လဲ့ မဟာထိပ်သီး အကြီးအကဲတစ်ယောက် ဖြစ်မလာခင်တုန်းကဆိုလျှင် ဂိုဏ်းချုပ်ကြီးရှုမှာ ထိုအကြံအစည်အား အကောင်ထည်ဖော်နိုင်ရန် အခက်တွေ့နေရမည် ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့၏ လက်ရှိ ရာထူးအဆင့်အတန်းကြောင့် အရာအားလုံးမှာ ပြေလည်သွားပြီ ဖြစ်သည်။ ထို့အပြင် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းအသစ်များအရ ပြည်ထောင်စုဂိုဏ်းသားများသာလျှင် တာဝန်စီမံခန့်ခွဲသူများ ဖြစ်လာခွင့် ရှိပေသည်။
ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက နစ်နာကြေးထုတ်ပေးရန် လိုအပ်သည့် အချက်များကဲ့သို့သော အခြား အသေးစိတ် အချက်အလက်များကို ဖြေရှင်းပေးရန် လိုအပ်သေးသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ ထိုအချက်များအတွက် စိတ်ပူနေစရာမလိုပေ။ ဂိုဏ်းချုပ်ကြီးရှုမှာ အရာအားလုံးကို ဖြေရှင်းပေးမည် ဖြစ်သည်။
ထိုကြေညာချက်နှစ်ခုကြောင့် ဝမ်ပေါင်လဲ့မှာ တတိယမြောက် ကြေညာချက်အား တွေးမိသွားခဲ့ရခြင်းဖြစ်သည်။ ၎င်းမှာ သူနှင့် ပြည်ထောင်စုအစိုးရ၏ အရင်းအနှီးများကို စိုက်ထုတ်ကာ ငွေချေးလုပ်ငန်းတစ်ခုကို တည်ထောင်ရန်ပင်ဖြစ်သည်။
ထိုငွေချေးလုပ်ငန်းအား တာအိုနန်းတော်ဂိုဏ်းသားအားလုံး အသုံးပြုနိုင်ပေသည်။ လူတိုင်းအတွက် ကိုယ်ပိုင် အကြွေးစနစ်သတ်မှတ်ချက်များ ထားရှိပေးမည်ဖြစ်ပြီး ရာထူးအဆင့်အတန်းအလိုက် အကြွေးစနစ် ကန့်သတ်ချက်အမျိုးမျိုးကို ထုတ်ပေးဦးမည်လည်းဖြစ်သည်။ ထို ငွေချေးလုပ်ငန်းမှ အတိုးများရရှိနိုင်မည် ဖြစ်သည်။
ထိုတတိယမြောက် ကြေညာချက်ကြီးကြောင့် တာအိုနန်းတော်ဂိုဏ်းသားအားလုံးမှာ အံ့ဩတုန်လှုပ်သွားရပြီး ဝမ်ပေါင်လဲ့နှင့် ပြည်ထောင်စုကြီး၏ ချမ်းသာကြွယ်ဝမှုအား အထင်းသား မြင်လိုက်ရတော့သည်။
ထိုငွေချေးလုပ်ငန်းအား ဝမ်ပေါင်လဲ့နှင့် ပြည်ထောင်စုကြီးတို့က ကူညီထောက်ပံ့ပေးထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ လုံခြုံရေးအတွက် စိတ်ချရပေသည်။
ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ မမြင့်မားပါသော်လည်း သူ၏ မဟာထိပ်သီးအကြီးအကဲကြီးဆိုသော ရာထူးအဆင့်အတန်းကြောင့် မည်သူကမှ ငွေချေးပြီးလျှင် ပြန်မဆပ်ဘဲ နေရဲကြမည်မဟုတ်ပေ။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့တစ်ယောက် အောက်ခြေအဆင့်မှ ယခုအဆင့်သို့ အဆင့်ဆင့်တက်လှမ်းလာခဲ့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်ဖြစ်ရာ သူ၏ အကျင့်စရိုက်အကြောင်းကို ကောင်းကောင်းကြီး သိထားပြီးသား ဖြစ်သည်။ သူသည် လိုအပ်လာပါက အလွန်အင်မတန်မှ ရက်စက်ယုတ််မာနိုင်ကြောင်း သူတို့က သိထားကြ၏။ စွန်းဟေ့မှာဆိုလျှင် လူတိုင်းမှတ်မိနေမည့် ဥပမာတစ်ခု ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့၏ အကြံအစည်များကို ရိပ်မိနေသောကြောင့် ထိုကြေညာချက် သုံးခုအား ကန့်ကွက်ခဲ့ကြသည့် လူအချို့ ရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ လုပ်ပိုင်ခွင့်အာဏာနှင့် ဖုန့်ချိုးရန်၏ ထောက်ခံမှုနှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုကန့်ကွက်သံများမှာ တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်သွားရတော့သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ လူနည်းစု၏ ထောက်ခံမှုကို စိတ်မဝင်စားပေ။ သူသည် လူအများစု အဆင်ပြေချောမွေ့နိုင်ရန်သာ စိတ်ဝင်စား၏။
” သူတို့တွေ ကျွန်တော့်ကို မကျေနပ်ရင် ဒီလုပ်ငန်းတွေသုံးနေရင်း ကျွန်တော့်ကို ကျိန်ဆဲလို့ရတာပေါ့ဗျာ ” ဂိုဏ်းချုပ်ကြီးရှု ငွေချေးလုပ်ငန်း အစီအစဉ်အား ကြားသိခဲ့ရသဖြင့် သူ၏စိုးရိမ်စိတ်များကို ထုတ်ပြောခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ပြန်ဖြေခဲ့သည်။
ထိုစကားများကြောင့် ဂိုဏ်းချုပ်ကြီးရှုမှာလည်း သူ့အား အပြည့်အဝ ယုံကြည်သွားတော့သည်။ ထို့နောက် သူသည် တရိုတသေ ဦးညွှတ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ အစီအစဉ်များကို အကောင်အထည်ဖော်ရန် ထွက်ခွာသွားတော့သည်။
ထိုသို့ဖြင့် ထိုအစီအစဉ်များ အကောင်အထည်ပေါ်လာပြီး တာအိုနန်းတော်ကြီးမှာ တဖြည်းဖြည်းနှင့် ပြောင်းလဲလာ၏။ ထိုပြောင်းလဲမှုများကြောင့် လူအများမှာ ခံယူချက်များ မပြတ်မသားဖြစ်လာရသဖြင့် မြဲ့လျဲ့ကျိမှာ ထိတ်ထိတ်ပျာပျာ ဖြစ်လာရတော့သည်။
ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့မှာ ပူးပေါင်းလိုက်ကြသည်ဖြစ်ရာ သူသည် ကိစ္စတော်တော်များများကို ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ဖြစ်သွားရ၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာလည်း မည်သည့်အကြောင်းကြောင့်မှန်းမသိ ယခင်တုန်းကအတိုင်း ကြားနေအဖြစ်သို့ ပြန်ရောက်သွားပြီး ထိုကိစ္စများထဲ၌ ဝင်ပါခြင်းမရှိတော့ပေ။ ထို့ကြောင့် မြဲ့လျဲ့ကျိမှာ စိုးရိမ်စိတ်များ ကြီးထွားလာရပြီး ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့အား မကျေမချမ်း ဖြစ်လာတော့သည်။
အကယ်၍ သူ့ဘက်မှ ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိပါက တာအိုနန်းတော်ကြီးမှာ သိပ်မကြာခင်တွင် ပြည်ထောင်စုကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားတော့မည်ဖြစ်ကြောင်း သူက ခံစားနေရ၏။ ထိုအချိန်သို့ရောက်လျှင် ထိုအဖွဲ့အစည်းနှစ်ခုအား ခွဲခြားနိုင်ရန်မှာ လုံးဝဖြစ်နိုင်တော့မည် မဟုတ်ပေ။
မြဲ့လျဲ့ကျိ လက်မခံနိုင်သည့် အချက်တစ်ချက်ရှိပေသည်။ သူသည် သူ၏စိတ်ထဲတွင် တာအိုနန်းတော်သာလျှင် အကြီးအမြတ်ဆုံးဖြစ်ပြီး တာအိုနန်းတော်၏ အသိအမှတ်ပြုခြင်းကို မခံရသော အပြင်လူများအားလုံးမှာ နိမ့်ကျနေသည်ဟု မှတ်ယူထား၏။
ဝမ်ပေါင်လဲ့မှာ တန်ခိုးအာဏာ ကြီးထွားလာပြီး အစီအစဉ်အသစ်များကို အကောင်အထည်ဖော်နေသောကြောင့် ပြည်ထောင်စုဂိုဏ်းသားများမှာ တာအိုနန်းတော်ထဲတွင် သိသိသာသာ နေရာရလာကြပြီဖြစ်သည်။ တာအိုနန်းတော်ဂိုဏ်းသား အများစုမှာလည်း ထိုအချက်အား ကျင့်သားရနေကြပြီဖြစ်၏။ သူတို့မှာ မသိစိတ်မှနေ၍ သူတို့အားလုံးသည် တန်းတူဖြစ်ကြောင်း မှတ်ယူထားကြပြီ ဖြစ်သည်။
ထိုအချက်များအားလုံးကြောင့် မြဲ့လျဲ့ကျိမှာ စိုးရိမ်တကြီး ဖြစ်နေရခြင်းပင်။ သို့သော် ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့မှာ ပူးပေါင်းထားကြသောကြောင့် သူသည် သူတို့နှစ်ယောက်အား အံမတုနိုင်ဘဲ ဖြစ်နေရ၏။
ထို့ကြောင့်လည်း သူသည် အံကြိတ်ကာ အောင့်အည်းသည်းခံရင်း အခွင့်အရေးတစ်ခု ပေါ်ပေါက်လာမည့်အချိန်ကို စောင့်ဆိုင်းနေတော့သည်။
ထိုအခွင့်အရေးသာ ပေါ်ပေါက်လာမည်ဆိုပါက သူသည် အစွမ်းကုန်ထုတ်၍ ပြဿနာရှာကာ သူ၏ခရီးလမ်းတစ်လျှောက်ရှိ ဆူးညှောင့်ခလုတ်များအားလုံးကို ဖျက်ဆီးချေမှုန်းပစ်မည် ဖြစ်သည်။
မြဲ့လျဲ့ကျိမှာ ထိုသို့တွေးလိုက်ပြီးနောက် တံခါးပိတ်ကျင့်စဉ်ထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်အား တိုးတက်လာအောင်လုပ်ပြီး သူ၏တပည့်ရင်း ဒူဂူလင်းအား အချိန်ပိုပေး၍ လေ့ကျင့်ပေးတော့မည် ဖြစ်သည်။ သူသည် ဒူဂူလင်းပေါ်သို့ သူ၏မျှော်လင့်ချက်များအားလုံး ပုံအောထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဒူဂူလင်းတစ်ယောက် အမြန်ဆုံးနည်းဖြင့် ဖောက်ထွက်နိုင်အောင် ကူညီပေးချင်နေ၏။
ထိုသို့ဖြင့် လတ်တလောတွင် တာအိုနန်းတော်မှာ ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်သွားတော့သည်။ ပြည်ထောင်စုပျိုးပင် တတိယအသုတ်အား ဆင့်ခေါ်မည့်အစီအစဥ်ကို မည်သူကမှကန့်ကွက်ခဲ့ခြင်းမရှိပေ။ သူတို့မှာ နောက်တစ်လအကြာတွင် ရောက်ရှိလာတော့မည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုကာ ဖုန့်ချိုးရန်မသိအောင် ထိုတတိယအသုတ်ထဲ၌ လူနှစ်ယောက် ခိုးထည့်ထားခဲ့၏။
ပထမတစ်ယောက်မှာ အင်္ဂါဂြိုဟ်လက်ထောက်ဘုရင်ခံ ဧရာမသစ်ပင်ကြီး ဖြစ်သည်။
ဒုတိယတစ်ယောက်မှာမူ… လီဝူချန်း ဖြစ်သည်။
ပြည်ထောင်စုပျိုးပင်အသစ်များကို စစ်ဆေးရသည်မှာ ပြည်ထောင်စုကြီး၏ တာဝန်ဖြစ်၏။ ထို့အပြင် ဝမ်ပေါင်လဲ့တစ်ယောက် ဗေဒါပင်ကြီး၏ မှတ်ဉာဏ်များအား မြင်တွေ့ခဲ့ရသည်ကို ဖုန့်ချိုးရန်က သိရှိထားခြင်းမရှိပေ။ ထို့ကြောင့် သူမသည် ထို ပြည်ထောင်စုပျိုးပင် တတိယအသုတ်အပေါ် အာရုံမစိုက်ခဲ့ပေ။ ထို့ကြောင့် နောက်တစ်လအကြာတွင် ရောက်ရှိလာသည့် ပြည်ထောင်စုပျိုးပင် အယောက်တစ်ရာထဲ၌ လီဝူချန်းပါ ပါလာတော့သည်။ ဖုန့်ချိုးရန်မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲ၌ အနည်းငယ်ခန့် စိုးရိမ်ထိတ်လန့်နေသည့် အမူအရာဖြင့် ရပ်နေသော လီဝူချန်းအားကြည့်ရင်း အသက်ရှူသံများ မြန်ဆန်လာတော့သည်။
ဝမ်ပေါင်လဲ့မှာမူ မည်သည့်အရာကိုမှ သတိမထားမိသည့်ပုံစံ ဟန်ဆောင်နေလိုက်၏။ ဖုန့်ချိုးရန်မှာ သံသယများဝင်လာပါသော်လည်း ထုတ်ပြောခွင့်မရဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူမသည် သံသယစိတ်များကို မျိုသိပ်ကာ လူအုပ်ကြီးထဲရှိ လီဝူချန်းအား လှမ်းကြည့်ရင်း မျက်ဝန်းများထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာတော့သည်။
လီဝူချန်းမှာ ဖုန့်ချိုးရန်အား မြင်ဖူးပါသော်လည်း သူမအား မမှတ်မိပေ။ သို့သော် သူသည် ဝမ်ပေါင်လဲ့အား ရင်းရင်းနှီးနှီးသိထား၏။ သူသည် ဖုန့်ချိုးရန်၏ ဘေးတွင်ထိုင်နေပြီး သူ၏ ပတ်ပတ်လည်တွင် ကျင့်ကြံသူပေါင်းမြောက်မြားစွာ ဝန်းရံနေကြသည် ဖြစ်ရာ အလွန်အင်မတန်မှ မြင့်မားသော ရာထူးအဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားကြောင်း သိသာထင်ရှားပေသည်။
ထို့ကြောင့် လီဝူချန်း၏ နှလုံးသားထဲ၌ မနာလိုစိတ်များနှင့်အတူ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရ၏။ ပြည်ထောင်စုကြီးမှာ ဝမ်ပေါင်လဲ့၏ ရာထူးအသစ်အကြောင်းကို သိရှိထားပြီးသားဖြစ်သည်။ သူတို့မှာ ထိုကိစ္စနှင့် ပတ်သက်သည့် သတင်းများကို မကြာသေးမီတုန်းကမှ ရရှိခဲ့သည်ဖြစ်ပြီး ဆူညံပွက်လော ရိုက်သွားခဲ့ကြ၏။
သူသည် တာအိုနန်းတော်သို့ ရောက်လာခါနီးမှသာ ထိုသတင်းများကို ကြားသိခဲ့ရခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် အံ့ဩတုန်လှုပ်သွားရဆဲပင်။ သူသည် ဝမ်ပေါင်လဲ့နှင့် ရန်ငြိုးများရှိခဲ့ဖူးပြီး ဝမ်ပေါင်လဲ့မှာ အငြိုးအတေးကြီးသော လူတစ်ယောက်ဖြစ်ရာ သူသည် ယခုတွင် အခက်အခဲအချို့နှင့် ရင်ဆိုင်ရတော့မည်ဟု မှတ်ယူထား၏။ သူသည် ကောင်းကင်တာအိုကျောင်းထဲတွင် ရှိနေခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့၏ ဂိုဏ်းတူညီမလေးတစ်ယောက်အပေါ် မေတ္တာသက်ဝင်သွားခဲ့၏။ ထို့ကြောင့်လည်း သူသည် ယခုတွင် ပုံမှန်ထက်ပို၍ စိုးထိတ်နေရခြင်းဖြစ်သည်။ သူသည် ခေါင်းငုံ့ကာ လူအုပ်ကြီးအား မသိမသာ အကဲခတ်လိုက်ပြီးနောက် ကောင်းကင်တာအိုကျောင်းမှ မိန်းမငယ်လေးတစ်ယောက်အား လှမ်းမြင်လိုက်ရ၏။ ထိုအခါ ခံစားချက်မျိုးစုံဖြင့် တောက်ပနေခဲ့သည့် သူ၏မျက်ဝန်းများမှာ နူးညံ့သိမ်မွေ့သွားတော့သည်။
” မေ့အာလေးက ဝမ်ပေါင်လဲ့ကြောင့် အခက်တွေ့နေရလောက်တယ်။ မေ့အာလေး အန္တရာယ်ကင်းကင်း နေနိုင်နေသရွေ့ ငါ နည်းနည်းပါးပါး ဒုက္ခခံရတာ ကိစ္စမရှိပါဘူးကွာ ” လီဝူချန်းမှာ သူ၏ အသက်ရှူနှုန်းအား တည်ငြိမ်သွားအောင်လုပ်လိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်၏။ ထို့နောက် သူသည် အခြားပြည်ထောင်စုပျိုးပင်များနှင့်အတူ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ထဲမှ ထွက်လာပြီး ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့အား အရိုအသေပေးလိုက်တော့သည်။
သူ သိမထားသည့် အချက်တစ်ချက်မှာ ဤ ပြည်ထောင်စုပျိုးပင် တတိယအသုတ်ထဲ၌ အစိုးရိမ်ဆုံးဖြစ်နေရသည့် ပုဂ္ဂိုလ်သည် သူမဟုတ်သည့် အချက်ပင်။ အသားများ တဆတ်ဆတ် တုန်ရီနေရပြီး ရင်တထိတ်ထိတ် ဖြစ်နေရသည့်လူမှာ သူ၏ အနီးတွင်ရပ်နေသော သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်ပေသည်။
ထိုပုဂ္ဂိုလ်မှာ တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ဟု လူအများကခေါ်ကြသည့် ဧရာမသစ်ပင်ကြီး ပင် ဖြစ်သည်။
သူ၏ စိုးရိမ်စိတ်များမှာ ရေဆူမှတ်သို့ ရောက်နေရပြီဖြစ်သည်။ သူသည် လိုက်လမ်းမေးမြန်းခဲ့ပြီးနောက် အစတုန်းက သူ၏နာမည်မှာ ပြည်ထောင်စုပျိုးပင် တတိယအသုတ်စာရင်းထဲ၌ မပါခဲ့ကြောင်း သိခဲ့ရ၏။ ဝမ်ပေါင်လဲ့မှာ သူ့အား ထိုစာရင်းထဲ၌ ထည့်သွင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဧရာမသစ်ပင်ကြီးမှာ ကြောက်ရွံ့ထိတ်လန့်နေရခြင်းဖြစ်သည်။ သူသည် စိတ်ထဲတွင်ကျိတ်၍ ဝမ်းနည်းပူဆွေးကာ မကျေမချမ်းဖြစ်နေရ၏။ ယခင်တုန်းက သူ၏ အစီအစဉ်များကို ပျက်ပြားသွားအောင်လုပ်ခဲ့သော ဝမ်ပေါင်လဲ့ဆိုသည့် ဂြိုဟ်ကောင်မှာ နှစ်အနည်းငယ်အတွင်းတွင် တာအိုနန်းတော်၏ မဟာထိပ်သီးအကြီးအကဲကြီးအဖြစ်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
” ကမ္ဘာကြီးက တရားမျှတမှု မရှိပါလားကွာ ” ဧရာမသစ်ပင်ကြီး နှင့် လီဝူချန်းတို့မှာ စိုးရိမ်စိတ်များကိုယ်စီဖြင့် မကျေမချမ်း ဖြစ်နေကြတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား အောက်ကျို့ခံ၍ နှုတ်ဆက်နေကြစဉ် ဝမ်ပေါင်လဲ့မှာမူ ပြုံးဖြဲဖြဲသာ လုပ်နေ၏။
ဖုန့်ချိုးရန်မှာလည်း မူမမှန်ပေ။ သူမသည် စကားအနည်းငယ်ခန့် ကြိုးစားပြောလိုက်ပြီးနောက် လီရှင်းဝမ်အား တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်မှတစ်ဆင့် အကြောင်းကြားစာပေးပို့ရန် ချက်ချင်းထွက်ခွာသွား၏။ သူမသည် အဘယ်ကြောင့် လီဝူချန်းအား ပြန်လာခွင့်ပေးခဲ့ရခြင်း ဖြစ်သနည်းဟု သူ့အား မေးမြန်းတော့မည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန် ထွက်ခွာသွားသည်ကို စိုက်ကြည့်နေလိုက်ပြီးနောက် သူသည်လည်း စကားအနည်းငယ်ခန့်ပြောကာ ထွက်ခွာသွားတော့သည်။ ထို့နောက် ပြည်ထောင်စုပျိုးပင် တတိယအသုတ်မှာလည်း လူစုများခွဲသွားကြ၏။ အခြား ပြည်ထောင်စုကျင့်ကြံသူများမှာ ထိုလူသစ်များအား လမ်းပြပေးရန် အသီးသီး ခေါ်သွားကြစဉ် ဂိုဏ်းချုပ်ကြီးရှုမှာ အော်ပြောလိုက်၏။
” တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီး။ ခဏနေပါဦး။ မဟာထိပ်သီး အကြီးအကဲကြီးက သူ့ရဲ့ နန်းတော်ထဲမှာ တာအိုရောင်းရင်းနဲ့ တွေ့ချင်လို့ပါတဲ့ ”
ထိုစကားကို ကြားလိုက်ရသောအခါ အန္တရာယ်လက်မှ လွတ်မြောက်သွားပြီဟု အထင်ဖြင့် မကြာသေးမီကမှ စိတ်အေးသွားရပြီး သက်ပြင်းများ ချနေမိခဲ့သော ဧရာမသစ်ပင်ကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး စိတ်ထဲတွင်ကျိတ်၍ အသံကုန်အော်ဟစ်မိသွားတော့သည်။ သို့သော် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ အံကြိတ်ကာ ခေါင်းညိတ်ပြလိုက်၏။
” တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီး။ ကျွန်တော်တို့က မိတ်ဆွေဟောင်းတွေဆိုတော့… ကျွန်တော်က တာအိုရောင်းရင်းကို စကားတစ်ခွန်း ပြောပြသင့် မပြောပြသင့် တွေးနေတာ … ” ဂိုဏ်းချုပ်ကြီးရှုမှာ စိတ်မကောင်းဖြစ်နေသည့် အမူအရာဖြင့် သူ့အားကြည့်ကာ ဆိုလိုက်၏။
” ကျေးဇူးပြုပြီး ပြောပါ ဂိုဏ်းချုပ်ကြီးရှု ” ဉာဏ်များသော ဧရာမသစ်ပင်ကြီးမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းခေါင်းမော့လာပြီးဂိုဏ်းချုပ်ကြီးရှုအား တရိုတသေ ဦးညွှတ်လိုက်၏။
” တချို့လူတွေက အောင်မြင်ဖို့ကံပါလာပြီးသားဗျ။ ကိုယ်က ရလာတဲ့ အခွင့်အရေးတွေကို ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် အတိတ်တုန်းက ပဋိပက္ခတွေကိုပါ ဖြေရှင်းနိုင်ပြီးတော့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်မှာပါ။ မဖြစ်နိုင်ဘူးဆိုတဲ့အရာ မရှိပါဘူး ” ဂိုဏ်းချုပ်ကြီးရှုမှာ ဧရာမသစ်ပင်ကြီးအား အဓိပ္ပါယ်ပါပါကြည့်ရင်း ဩဝါဒ ခြွေလိုက်တော့သည်။