Switch Mode

အခန်း (၆၂၁)

အထီးကျန်နဂါး

ကံကြမ္မာဆိုသည့် အရာကြီးမှာ မျှတမှုမရှိကြောင်း ဝမ်ပေါင်လဲ့က ညည်းညူနေမိတော့သည်။ သူသည် သက်ပြင်းများချကာ ဘာမှမတတ်နိုင်ဘဲ ဖြစ်နေရ၏။

” စဉ်းစားကြည့်ကွာ။ ပြည်ထောင်စုဥက္ကဋ္ဌကြီးဆိုလည်းဟုတ် ကျယ်ပြန့်တာအိုနန်းတော်ရဲ့ မဟာထိပ်သီးအကြီးအကဲကြီး ဆိုရင်လည်း ဟုတ်တဲ့ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက တစ်ဘဝလုံး ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတာ။ ငါ ပိုင်ဆိုင်ထားသမျှအရာအားလုံးကို ငါ့ရဲ့ သွေး၊‌ ချွေး၊ မျက်ရည်တွေနဲ့ ပေးဆပ်ခဲ့ရတာချည်းပဲ။ ငါက ဘယ်သူ့အကူအညီမှ မယူဘဲနဲ့ ဒီအဆင့်အထိ ရောက်လာအောင် အထီးကျန် နဂါးတစ်ကောင်လို မီးမုန်တိုင်းထဲကနေ တစ်လှမ်းချင်းစီ ဖြတ်လာခဲ့ရတာကွ ” ဝမ်ပေါင်လဲ့မှာ သူ၏ ဂူဗိမာန် အပေါက်ဝတွင်ရပ်ရင်း လက်နှစ်ဖက်ကို နောက်ပစ်ပြီး ကောင်းကင်ကြီးအား မော့ကြည့်ကာ စိတ်အားငယ်နေသည့်လေသံဖြင့် ရေရွတ်နေမိတော့သည်။

ထိုအချိန်တွင် သူ ဖြတ်သန်းခဲ့ရသည့် သူ၏ ဘဝကြီးတစ်ခုလုံးမှာ သူ၏မျက်ဝန်းများထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။ သူသည် တစ်ကိုယ်တော်လမ်းကို လျှောက်ရင်း စိတ်ရောကိုယ်ပါ အထီးကျန်ဆန်ခဲ့ရသည် မဟုတ်ပါလော။

” လီဝူချန်းဆိုတဲ့ ကောင်ကျတော့ မွေးကတည်းက တာအိုဂိုဏ်းသား ဖြစ်နေတာတဲ့။ သူ ဝိညာဉ်ကြားခံနယ်အဆင့်ကို ရောက်သွားတာနဲ့ အတိတ်ဘဝကို ပြန်မှတ်မိသွားမှာတဲ့။ သူက ကျယ်ပြန့်တာအိုနန်းတော်ကြီး တစ်ခုလုံးကို အုပ်စိုးနိုင်သွားမှာတဲ့ ”

” ကံကြမ္မာကြီးက မမျှတလိုက်တာကွာ ”

” ဘဝဆိုတာ ဒါပဲ။ မတရားမှုဆိုတာ ဒါပဲ ”

ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်သီးဖြင့် ဘေးတွင်ရှိနေသောနံရံအား လှမ်းထိုးလိုက်၏။ ထိုအခါ ဂူဗိမာန်ကြီးမှာ တုန်ရီသွားပြီး တောင်ကြီးမှာ သိမ့်သိမ့်တုန်သွားတော့သည်။ သူသည် သူ၏ မကျေနပ်ချက်များကို ဖြေဖျောက်နိုင်ရန် ကြိုးစားနေသည့်ပုံပင်။

သို့သော် ထိုမျှလောက်နှင့် မလုံလောက်သေးသောကြောင့် ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ဒေါသတကြီး အော်ဟစ်မြည်တမ်းကာ ကောင်းကင်ဘုံကြီးအား အဖြေတောင်းရန် ပြင်လိုက်စဉ်မှာပင် မ‌မလေးမှာ သူ၏အသိစိတ်ထဲ၌ ချောင်းဟန့်လိုက်၏။

” တော်လောက်ပြီ။ နင်ပြောတဲ့ စကားတွေကို နင့်ကိုယ်နင်တောင် ယုံရဲ့လား။ ဘာလဲဟ… ငါက လူမဟုတ်လို့လား။ နင့်ရဲ့ ဂိုဏ်းတူအစ်ကိုကရော လူမဟုတ်လို့လား။ လီရှင်းဝမ်ကရော။ ဒါမှမဟုတ် အင်္ဂါဂြိုဟ်ဘုရင်ခံကရော။ နင့်ကို ကူညီဖူးခဲ့တဲ့ လူတစ်ယောက်မှ မရှိဘူးလို့ ထပ်ပြောရဲ ပြောကြည့်စမ်း ”

မမလေး၏ စကားများကြောင့် ဝမ်ပေါင်လဲ့မှာ ငြိမ်ကျသွားရ၏။ သို့သော် သူသည် အရှက်မရှိသော လူတစ်ယောက်ဖြစ်ရာ ချောင်းသာဟန့်လိုက်ပြီး မမလေးအား စကားပြန်မပြောဘဲ ကံကြမ္မာကြီးမှာ တရားမျှတမှုမရှိသည့်အကြောင်း ဆက်၍တွေးတောနေတော့သည်။ အကယ်၍ အခြားသူများသာဆိုလျှင် ထိုကဲ့သို့အလိမ်ပေါ်သွားပါက ယခုလို ဆက်၍ ဟန်ဆောင်နိုင်တော့မည် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ထမင်းစားရေသောက်အဆင့်တွင်သာ ရှိပေသည်။

ထို့ကြောင့် သူသည် ခဏအကြာတွင် ဒေါသများပြန်ထွက်လာပြီး သက်ပြင်းချကာ ရေရွတ်လိုက်ပြန်သည် ” တကယ့် ပါရမီရှင် အစစ်ဆိုတာ သာမန်လူတွေနဲ့မတူဘဲ ကွဲထွက်နေတဲ့ ငါ့လိုမျိုး ဖြစ်နေရမှာ ”

” ပြီးတော့ ခေါင်းတုံးချန်းက တာအိုဂိုဏ်းသားတစ်ယောက် ဖြစ်နေပေမဲ့ သူက အတိတ်ဘဝကို ပြန်ပြီးတော့ သတိမရသေးဘူး။ ငါက မွေးစားဂိုဏ်းသားတစ်ယောက် ဖြစ်နေပြီးသားမလို့ ငါ့ရဲ့ အနာဂတ်က ထွန်းလင်းတောက်ပနေပြီးသား။ လောလောဆယ်တော့ သူ ငါ့ကို ယှဉ်နိုင်ဦးမှာ မဟုတ်ပါဘူး။ သူ သတိပြန်ရသွားရင်တောင် ဘာဖြစ်လဲ။ ငါက အမှောင်ကလေးငယ်တစ်ယောက်လေ။ ပြီးတော့ ငါတို့နှစ်ယောက်ရဲ့ကြားက အငြိုးအတေးတွေက အဲ့လောက်လည်း မကြီးပါဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် သူ၏ဗိုက်ကိုပုတ်ကာ စိုးရိမ်စိတ်များကို ဖျောက်ဖျက်ပစ်လိုက်တော့သည်။

ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် လျင်မြန်စွာကုန်ဆုံးသွား၏။ တာအိုနန်းတော်ကျင့်ကြံသူများ၏ ကြိုးစားအားထုတ်မှုကြောင့် ပင်မကျွန်းပေါ်ရှိ သူ၏နန်းတော်၏ ဆောက်လုပ်ရေးလုပ်ငန်းမှာ အဆင်ပြေချောမွေ့စွာ လည်ပတ်နေ၏။ ၎င်း၏ အရွယ်အစားနှင့် ဒီဇိုင်းပုံစံမှာ အခြား မဟာထိပ်သီးအကြီးအကဲကြီးသုံးယောက်၏ နန်းတော်များနှင့် တစ်ပုံစံတည်း ဖြစ်သည်။ ၎င်းမှာ အလွန်အင်မတန်မှ ကြီးမားပြီး ခမ်းနားထည်ဝါ၏။ ထို့အပြင် သူတို့မှာ ထိုနန်းတော်ကြီး၏ ဘေးတွင် ဝမ်ပေါင်လဲ့၏ ရုပ်ထုကြီးတစ်ခုကိုလည်း တည်ဆောက်နေသေးသည်။

၎င်း၏ ဘေးမှ ဖြတ်သွားသည့် ကျင့်ကြံသူတိုင်းမှာ နှလုံးသားထဲ၌ ရိုသေလေးစားမှု အငွေ့အသက်များ ပေါ်ပေါက်လာရမည်သာ ဖြစ်သည်။ ထို့အပြင် နန်းတော်ကြီး၏ ပတ်ပတ်လည်တွင် မန္တန်အစီအရင် အမြောက်အမြား တပ်ဆင်ထားသေးသည်။ ၎င်းတို့အား ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ အဓိက မန္တန်အစီအရင်ကြီးနှင့် ချိတ်ဆက်ထား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏နန်းတော်ထဲတွင်ရှိနေပြီး မန္တန်အစီအရင်ကြီးမှာ အလုပ်လုပ်နေသရွေ့ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် သူ့အား အန္တရာယ်ပြုနိုင်မည်မဟုတ်ပေ။

မန္တန်အစီအရင်များအား တပ်ဆင်ရန်နှင့် နန်းတော်ကြီးအား တည်ဆောက်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများမှာ အလွန်အင်မတန်မှ များပြားပေသည်။ ဝမ်ပေါင်လဲ့မှာ တာအိုနန်းတော်ကျင့်ကြံသူတစ်ယောက်ဆီမှ မန္တန်အစီအရင်သော့အား ရရှိလိုက်ပြီးနောက် ထိုနန်းတော်ဆီသို့ သွားရောက်ကြည့်ရှုစစ်ဆေးလိုက်၏။ ထိုအခါ သူသည် စိတ်ကျေနပ်သွားတော့သည်။

ခဏအကြာတွင် သူသည် မီးစိမ်းကျွန်းပေါ်မှ ထွက်ခွာလာပြီး ထိုနန်းတော်ထဲသို့ ပြောင်းသွားလိုက်၏။ ထိုအခါ ပြည်ထောင်စုဂိုဏ်းသားများမှာ သူ၏နန်းတော်ထဲသို့ လာရောက်လည်ပတ်ကြတော့သည်။ အချိန်တစ်ပတ်တိတိ ကုန်ဆုံးသွားပြီးနောက် အရာအားလုံးမှာ ပြန်လည်ငြိမ်သက်သွား၏။ တာအိုနန်းတော်ထဲမှ အခြားဂိုဏ်းသားများမှာလည်း ဝမ်ပေါင်လဲ့၏ ရာထူးအဆင့်အတန်းအသစ်ကို ကျင့်သားရစ ပြုလာကြပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အခမ်းအနား ကျင်းပခဲ့သည့် နေ့တုန်းက ပြည်ထောင်စုကြီးထဲမှ ကျင့်ကြံသူများအတွက် အမြုတေအဆင့်အဆောင်နှင့် ယွမ်ယင်ပညာရပ်အဆောင်တို့အား ဖွင့်ပေးမည်ဟု ကြေညာခဲ့သည်မဟုတ်ပါလော။ သို့ဖြစ်ရာ ယခုတွင် ထိုအဆောင်များထဲ၌ လေ့ကျင့်ခဲ့ပြီးနောက် ဖောက်ထွက်နိုင်ခဲ့သည့် ပြည်ထောင်စုကျင့်ကြံသူပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာတော့သည်။

ကျိုးရိဖန်းမှာ ထိုကဲ့သို့ အရင်ဆုံး ဖောက်ထွက်နိုင်ခဲ့သည်ဖြစ်ပြီး ယခုလက်ရှိတွင် တံခါးပိတ် ကျင့်ကြံနေဆဲပင်။ ဂိုဏ်းချုပ်ကြီးရှုမှာလည်း ယွမ်ယင်ပညာရပ်အဆောင်ထဲသို့ ပထမဦးဆုံးဝင်ရောက်သွားလိုက်ပြီး ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ရန် ကြိုစားနေ၏။

ဝမ်ပေါင်လဲ့မှာမူ ယွမ်ယင်ပညာရပ်အဆောင်ထဲသို့ ချက်ချင်းဝင်ရောက်သွားခြင်း မရှိပေ။ သူသည် မကြာသေးမီကမှ အမြုတေထိပ်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်ဖြစ်ရာ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တည်ငြိမ်မှုမရှိသေးပေ။ သူသည် သူ၏ နတ်ဘုရားစွမ်းရည်များကို တတ်မြောက်အောင် လေ့ကျင့်ရင်း သူ၏ ကျင့်ကြံခြင်းအဆင့်အား အကောင်းဆုံး အနေအထားသို့ ရောက်အောင် မြှင့်တင်ရမည်ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ကျယ်ပြန့်တာအိုနန်းတော်ကြီးမှာ ပြန်၍ ငြိမ်သက်သွား၏။ ဝမ်ပေါင်လဲ့မှာ တစ်ခါတစ်ရံတွင် ပြည်ထောင်စုဂိုဏ်းသားအချို့ဆီမှ အစီရင်ခံစာများကို လက်ခံရရှိခဲ့သည်။ သို့သော် အချိန်အများစုတွင် သူသည် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ နောက်ဆုံးအဆင့်နှင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်၏ ဒုတိယအဆင့်တို့အား လေ့ကျင့်နေခဲ့၏။

ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ တိုးတက်နှုန်းမှာ နှေးကွေးနေပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်၏ တိုးတက်နှုန်းမှာဆိုလျှင် ပို၍ပင်‌ နှေးကွေးနေသည်။ သို့သော် သူသည် အလွန်အမင်း စိတ်ပူနေခြင်းမရှိဘဲ အဖြေရှာတွေ့နိုင်ရန် ဆက်လက်ကြိုးစားနေဆဲပင်။ ထိုသို့ဖြင့် တစ်လတိတိ ကုန်ဆုံးသွားပြီးနောက် ကျိုးရိဖန်းမှာ တံခါးပိတ်ကျင့်စဉ်ထဲမှ ပြန်ထွက်လာတော့သည်။ သူသည် အခြေတည်အဆင့်မှ ဖောက်ထွက်သွားခဲ့ပြီး အမြုတေအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူသည် အဆုံးမဲ့ပညာရပ် မျက်လုံးနယ်မြေထဲမှ အမွေအနှစ်တစ်ခုကိုလည်း ရရှိထားသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ကျိုးရိဖန်းတစ်ယောက် တံခါးပိတ်ကျင့်စဉ်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန်အား လှမ်း၍ ဆက်သွယ်လိုက်၏။ ထိုအခါ ကျိုးရိဖန်းမှာ ခုန်းတောက်နည်းတူ ယာယီအကြီးအကဲတစ်ယောက် ဖြစ်သွားတော့သည်။

ထို့နောက် ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်းအား ကျင့်ကြံခြင်းအပိုင်းတွင် ကူညီပေးနိုင်ရန် တိုက်ပွဲရမှတ်အချို့ ချေးငှားပေးလိုက်၏။ ဝမ်ပေါင်လဲ့မှာ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ဖတ်ရှုထားဖူးသောကြောင့် ထိုရမှတ်များအား လက်ဆောင်အဖြစ်မပေးခဲ့ဘဲ ချေးငှားပေးခဲ့ခြင်း ဖြစ်သည်။ မိတ်ဆွေများမှာ ဘယ်သောအခါမှ တစ်ယောက်ကိုတစ်ယောက် ငွေအလကား မပေးသင့်ကြောင်း သူက လေ့လာမှတ်သားဖူးထားသည်။ ထိုသို့ အလကားပေးလိုက်မည်ဆိုပါက ပထမအကြိမ်တွင် ကျေးဇူးတင်ခံရနိုင်ပြီး ဒုတိယအကြိမ်တွင် အကောင်းမြင်ခံရနိုင်ပါသော်လည်း နောက်ပိုင်းတွင် လူများမှာ တန်ဖိုးထားတော့မည် မဟုတ်ပေ။

အကယ်၍ လူတစ်ယောက်အား လုံးဝသုံးစား၍ မရသည့်အဆင့်သို့ ရောက်သွားအောင် ဖျက်ဆီးလိုပါက သူ့အား မည်သည့်အရာကိုမဆို အလကားယူခိုင်းလိုက်ရုံပင်။ ထိုသို့သာဆိုလျှင် သူသည် အမှိုက်သာသာအဆင့်သို့ ရောက်ရှိသွားမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ငယ်ရွယ်သေးသောကြောင့် ထိုကဲ့သို့သော အရာများကို နားမလည်သေးပါသော်လည်း သူ့ဆီတွင် အကျင့်တစ်ခုရှိပေသည်။ ၎င်းမှာ သူသည် တစ်စုံတစ်ခုကို နားမလည်ပါက ထို ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲတွင် ညွှန်ကြားထားသည့်အတိုင်း ဆောင်ရွက်ခြင်းသာဖြစ်သည်။ သူသည် ထိုကဲ့သို့ ကြိမ်ဖန်များစွာ လုပ်ခဲ့ဖူးသည်ဖြစ်ပြီး တစ်ခါမှ စိတ်မပျက်ခဲ့ရဖူးပေ။

ဂိုဏ်းချုပ်ကြီးရှုမှာ ယွမ်ယင်ပညာရပ်အဆောင်ထဲ၌ အချိန်ပေး၍ တံခါးပိတ်ကျင့်ကြံလိုက်ပြီးနောက် ဖောက်ထွက်သွားနိုင်ခဲ့၏။ သူသည် ခိုင်မာသော ခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်ထားသောကြောင့်လားတော့ မသိပေ။ ယွမ်ယင်အဆင့်သို့ အခက်အခဲမရှိ ဖောက်ထွက်သွားနိုင်ခဲ့သည်။

သူ၏ ဖောက်ထွက်မှုမှာ တာအိုနန်းတော်မှာ အခြား ယွမ်ယင်အဆင့် ကျင့်ကြံသူများ၏ ဖောက်ထွက်မှုနှင့် မတူပေ။ သူ၏ အခြေခံအုတ်မြစ်မှာ ခိုင်မာသောကြောင့် သူ ဖောက်ထွက်သွားသည့်အချိန်တွင် ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းမှာ ပို၍ အားကောင်းနေ၏။ သူသည် အစောပိုင်း ယွမ်ယင်အဆင့်တွင်သာ ရှိနေသေးသည့်တိုင်အောင် သူ ထုတ်လွှတ်နေသည့် အငွေ့အသက်များမှာ တာအိုနန်းတော်မှ အလယ်အလတ် ယွမ်ယင်အဆင့် ကျင့်ကြံသူများ၏ အငွေ့အသက်များနှင့်ပင် ယှဉ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာလည်း သူ၏ဖောက်ထွက်မှုအား မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရ၏။ ထို့နောက် သူသည် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့ ဖောက်ထွက်ခဲ့သည့် အချိန်များကို ပြန်၍သတိရသွားသည်။ ထိုစဉ်တုန်းက သူ၏ အာရုံခံနိုင်စွမ်းများမှာ ယခုလောက် အားမကောင်းသေးသောကြောင့် သူသည် သူတို့မှာ အလွန်အင်မတန်မှအစွမ်းထက်သည်ဟုသာ ကောက်ချက်ချနိုင်ခဲ့၏။ သို့သော် ယခုတွင်မူ ချင့်ချိန်နှိုင်းဆမှုများ ပြုလုပ်ကြည့်လိုက်ပြီးနောက် သူသည် သွမ့်မုချွယ်နှင့် လီရှင်းဝမ်တို့ နှစ်ယောက်စလုံးအား လျှော့တွက်မိခဲ့သည်ဖြစ်ကြောင်း နားလည်သွားတော့သည်။

သူတို့နှစ်ယောက်စလုံးမှာ ဂိုဏ်းချုပ်ကြီးရှုထက် အများကြီးပို၍ ပါရမီပါပေသည်။ သူတို့၏ စွမ်းအားများမှာ သာမန် ယွမ်ယင်အဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာပို၍ သာလွန်နေ၏။ ထို့အပြင် သူတို့မှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်အား တည်ငြိမ်သွားအောင်လုပ်ရန် နှစ်နှစ်တိတိ အချိန်ရထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ယခုတွင် သူတို့နှင့် ဆုံတွေ့လိုက်ရမည်ဆိုပါက သူတို့အား အနိုင်မယူနိုင်လောက်ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စိုးရိမ်သွားရ၏။ မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းချုပ်ကြီးရှု၏ ဖောက်ထွက်မှုမှာ တာအိုနန်းတော်ထဲရှိ ပြည်ထောင်စုအဖွဲ့အစည်းအတွက် သတင်းကောင်းပင် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူကိုယ်တိုင် ဂိုဏ်းချုပ်ကြီးရှုအား အကြီးအကဲအဖြစ် ရာထူးတိုးပေးလိုက်၏။ သို့ဖြစ်ရာ လက်ရှိတွင် သူ၏လက်အောက်၌ အကြီးအကဲနှစ်ယောက် ရှိနေပြီဖြစ်သည်။

ထို့အပြင် ယာယီအကြီးအကဲနှစ်ယောက်နှင့် အမြုတေအဆင့်သို့ ရောက်လုနီးပါး ဖြစ်နေသည့် အခြားဂိုဏ်းသားပေါင်း မြောက်များစွာလည်း ရှိနေသေးသည်။ သို့ဖြစ်ရာ သူတို့၏ အဖွဲ့အစည်းမှာ အချိန်နှင့်အမျှ အင်အားကြီးထွားလာမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုပျိုးပင် တတိယအသုတ်အား ဆင့်ခေါ်ပေးရန် အဆိုပြုတင်သွင်းထားပြီးသား ဖြစ်သည်။ ထိုသို့သာ ဆင့်ခေါ်နိုင်မည်ဆိုပါက သူ၏ အဖွဲ့အစည်းမှာ ပိုမို အားကောင်းလာမည် မဟုတ်ပါလော။ ဖုန့်ချိုးရန်မှာ ထိုကိစ္စအား သဘောတူလိုက်သည်ဖြစ်ရာ မြဲလျဲ့ကျိမှာလည်း စိတ်မပါလက်မပါနှင့် သဘောတူလိုက်ရ၏။ ယခုတွင် ဝမ်ပေါင်လဲ့မှာ သူ့အတွက် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ စတုတ္ထမြောက် မဟာထိပ်သီး အကြီးအကဲကြီး ဖြစ်လာပြီးနောက် သူ့ အဖွဲ့အစည်း၏ အနာဂတ်အကြောင်း အလေးပေး၍ စဉ်းစားလာ၏။ သူသည် ထိုကိစ္စနှင့်ပတ်သက်၍ ဂိုဏ်းချုပ်ကြီးရှုနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ဝမ်ပေါင်လဲ့မှာ ဂိုဏ်းချုပ်ကြီးရှုအား အကြီးအကဲအဖြစ် ရာထူးတိုးပေးခဲ့ပြီးနောက် စတုတ္ထမြောက် မဟာထိပ်သီးအကြီးအကဲကြီး၏ လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုကာ ကြေညာချက်သုံးခု ထုတ်ပြန်လိုက်သည်။

ထိုကြေညာချက်သုံးခုကြောင့် တစ်ဂိုဏ်းလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။

ပထမဆုံးကြေညာချက်မှာ ဝိညာဉ်ကွန်ရက်အား တိုးချဲ့ရန်ဖြစ်သည်။ သူသည် စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ရန် အားပေးကာ ကန့်သတ်ချက်များကို ဖယ်ရှားပေးခဲ့ပြီး တာအိုနန်းတော်ဂိုဏ်းသားများအား ဝိညာဉ်ကွန်ရက်ပေါ်တွင် ကိုယ်ပိုင်ဈေးဆိုင်များ ဖွင့်လှစ်စေခဲ့၏။ ထို့ကြောင့် ကုန်ပစ္စည်းဖလှယ်မှုလုပ်ငန်းမှာ ပိုမိုတိုးတက်လာပြီး ဂိုဏ်းသားများမှာ ဝိညာဉ်ကွန်ရက်ပေါ်၌ ဈေးရောင်းရင်း အမြတ်အစွန်းများ ရှာဖွေနိုင်သွားတော့သည်။

ကျင့်သိုမင်မှာ ယခင်တုန်းက ထိုကဲ့သို့ လုပ်ခဲ့ဖူးပါသော်လည်း ဝမ်ပေါင်လဲ့လောက် အောင်မြင်မှုမရခဲ့ပေ။ သူ မအောင်မြင်ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ သူ၏ ရာထူးအဆင့်အတန်းမှာ နိမ့်ကျနေသောကြောင့်ပင်။ ထို့ကြောင့် သူသည် မဟာထိပ်သီးအကြီးအကဲတစ်ယောက်၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ ကြေညာချက်ထုတ်ပြန်လိုက်သော ဝမ်ပေါင်လဲ့အား မယှဉ်နိုင်ပေ။

ယခုတွင် ဝမ်ပေါင်လဲ့ကိုယ်တိုင် ကူညီထောက်ပံ့ပေးနေသည်ဖြစ်ရာ ထိုလုပ်ငန်းမှာ တဖြည်းဖြည်းချင်း တိုးတက်လာတော့မည်ဖြစ်သည်။ ထိုလုပ်ငန်းကြီး အရွယ်အစားတစ်ခုအထိ ကြီးထွားလာသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်ကွန်ရက်မှာ တာအိုနန်းတော်ထဲ၌ မရှိမဖြစ်လိုအပ်သော အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်သာ ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset