အပိုင်း(၉၇)-နတ်ဆိုးချီ

ရှီမာယူယူခေါင်းရမ်းကာပြောလိုက်သည် “အခုတော့ဘာအကြံမှမရှိသေးဘူး၊ လောလောဆယ်အဘိုးရဲ့ ခန္ဓာကိုယ်က အဆိပ်ကိုထိန်းထားလို့ပဲရမယ်”

“ဘယ်လောက်ကြာမှာလဲ”

“နှစ်ရက်” ရှီမာယူယူပြောလိုက်သည် “ဒီနှစ်ရက်အတွင်း အဆိပ်ကို ဖြေဖို့အဖြေရှာရမယ်၊ ဒါမှမဟုတ်ရင် နောက်နှစ်ရက်ကြာတဲ့အထိ ဒီတိုင်းပဲဖြစ်လိမ့်မယ်”

“ကောင်းပြီ အရင်ဆုံးအဘိုးရဲ့ အဆိပ်ကို ထိန်းဖို့လုပ်ဦး” ရှီမာယူလီစိုးရိမ်စွာပြောလိုက်လေသည်။

“အဘိုးရဲ့ အပေါ်ဝတ်ကိုချွတ်လိုက်” ရှီမာယူယူခေါင်းညိတ်ကာ သူတို့နှစ်ယောက်အားပြောလိုက်လေသည်။

ရှောင်လင်းဝင်လာသည်နှင့် သူမ သူ့အားညွှန်ကြားလိုက်လေသည် “ပြင်းတဲ့ဝိုင် တစ်အိုးနဲ့ အဝတ်အစားအသစ်တွေ ပို့်ပေးဖို့ တည်းခိုခန်းပိုင်ရှင်ကိုပြောလိုက်”

ရှီမာယူလီသည် ရှီမာလိုင်၏ အဝတ်အစားများကို ချွတ်နေသည်ကို ရှောင်လုံတွေ့သော် ရှီမာယူယူလုပ်ချင်သည့်အရာများကိုမသိသော်လည်း တံခါးတွင်စောင့်နေသော ကိုယ်ရံတော်များကိုခေါ်ကာ ရှီမာယူယူညွှန်ကြားသည့်အတိုင်း ခိုင်းလိုက်လေသည်။

ဝိုင်နှင့် အဝတ်အစားအသစ်များသည် လျင်မြန်စွာပင်ရောက်ရှိလာချိန်တွင်ရှီမာယူလီသည် ရှီမာလိုင်၏ အပေါ်ဝတ်များကို ချွတ်ပြီးနေလေပြီ။

ရှောင်လင်းသည် ဝိုင်အိုးအားယူလိုက်ပြီး ကိုယ်ရံတော်အား ထွက်သွားခိုင်းလိုက်သည်။

“သခင်လေး ၅၊ ဝိုင်ရောက်ပါပြီ” ရှောင်လင်းသည် ဝိုင်အိုးအား ကိုင်ကာလျှောက်လာလေသည်။

ရှီမာယူယူ အဝတ်အစားများနှင့် ရှောင်လင်းဖွင့်ပေးသော ဝိုင်အိုးအားယူကာ အဝတ်အစားများအပေါ်သို့ ဝိုင်များလောင်းချလိုက်လေသည်။ အဝတ်သည် အားပြင်းသောဝိုင်များဖြင့် စိုစွတ်သွားသည်နှင့် သူမသည် ရှီမာလိုင်၏ ခန္ဓာကိုယ်အား သုတ်ရန် အဝတ်ကိုအသုံးပြုလိုက်လေသည်။

သူမ သုံးကြိမ်သုတ်ပြီးသည့်နောက်တွင် အဝတ်အား ထောင့်တစ်နေရာသို့ပစ်လိုက်လေသည်။ အတွေးတစ်ချက်ဖြင့် အားလုံးရှေ့တွင် အနုစိတ်သော သေတ္တာတစ်လုံးပေါ်လာလေသည်။

သူမ သေတ္တာဖွင့်ကာ အထဲမှ အပ်ကိုထုတ်ပြီး ရှီမာလိုင်၏ခန္ဓာကိုယ်အတွင်းသို့ စိုက်လိုက်လေသည်။ ထို့နောက် သူမ ဒုတိယအကြိမ်၊ တတိယအကြိမ်စိုက်လိုက်လေသည်……

ရှီမာယူလီနှင့် သုံးယောက်သားသည် ရှီမာလိုင်၏ ခန္ဓာကိုယ်အနှံ့အပ်ဖြင့်စိုက်နေသော ရှီမာယူယူအား ကြည့်ကာ အလွန်အမင်းအံ့သြနေကြလေသည်။ ထိုအပ်များ၏ လုပ်ဆောင်ချက်များကို သူတို့မသိရသေးပေ။

နာရီဝက်အကြာတွင် ရှီမာယူယူ၏နှဖူးပြင်သည် ချွေးသီးများ သီးလာသည်။ သူမနောက်ဆုံးအပ်အား စိုက်ပြီးနောက်တွင် သူမ သက်ပြင်းချမိတော့သည်။

“ညီလေး ၅ ပြီးသွားပြီလား” ရှီမာယူယူ စိတ်သက်သာရာရသွားသည်ကို ခံစားမိသည်နှင့် ရှီမာယူရန်မေးလိုက်လေသည်။

ရှီမာယူယူသည် အဆင့်တိုင်းတွင် ဂရုစိုက်ရန်လိုပြီး အမှားတစ်ချက်မှ လုပ်လို့မဖြစ်ပေ။ ပြောရမည်ဆိုလျှင် ဖိအားလည်းများလှသည်။ အပ်စိုက်ကုထိုးဆရာတစ်ယောက်အနေနှင့် ရှီမာလိုင်၏ ရင်ဘတ်တစ်ဝိုက်မှ အဆိပ်များအား အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည်။

“အဘိုးမျက်နှာက သက်သာသွားတဲ့ပုံပဲ” ရှီမာလိုင်၏မျက်နှာအားတွေ့သည်နှင့် ရှီမာယူလီစိတ်လှုပ်ရှားစွာပြောလိုက်သည်။

သူ့မျက်နှာပေါ်မှ အနက်ရောင်ချီသည် ပျောက်ကွယ်သွားကာ ပုံမှန်အရောင်သို့ပြောင်းလဲသွားသည်ကို ရှီမာယူရန်နှင့် ရှောင်လင်းတို့ကြည့်နေခဲ့ကြသည်။ သို့သော် သူသည် ထိခိုက်ထားသဖြင့် ဖြူဖတ်ဖြူရော်ဖြစ်ဆဲပင်။

“ညီလေး ၅ ဒါကိုဘယ်လိုလုပ်လိုက်တာလဲ” ရှီမာယူရန်မေးလိုက်သည်။

“အဘိုးရဲ့ သွေးကြောတွေကို အပ်သုံးပြီပိတ်လိုက်တာ”

“သွေးကြောဟုတ်လား အဲဒါဘာလဲ” ရှီမာယူလီ မျက်ခုံးများပင့်ကာမေးလိုက်သည် “ပြီးတော့ ညီလေး ၅ ဘယ်တုန်းက ဆေးပညာကိုသင်လိုက်တာလဲ”

“ကျွန်တော်အမြဲတမ်းသိနေခဲ့တာ အဲဒါကို အစ်ကိုတို့မသိရုံပါပဲ” ရှီမာယူယူပြောလိုက်လေသည်။ “အဘိုးက အခုလှုပ်လို့မရသေးဘူး အစ်ကိုတို့ အဘိုးကိုကြည့်နေခဲ့လိုက်၊ ကျွန်တော်အခန်းပြန်ပြီး နည်းနည်းလောက်နားပြီး အကြံထုတ်လိုက်ဦးမယ်”

“အင်း.. မင်းသွားပြီးနားလိုက်ပါ” ရှီမာယူလီပြောလိုက်လေသည်။

ရှီမာယူယူ မှော်ဝင်လက်စွပ်အတွင်း အပ်များကိုထည့်ကာ လှည့်ထွက်သွားလေသည်။

ရှီမာယူရန်သည် သူမ၏ လှည့်ထွက်သွားသောပုံအားကြည့်ကာ မျက်လုံးထဲတွင် ပဟေဠိများဖြစ်ပေါ်လာလေသည်။

ရှီမာယူယူအခန်းဘေးလာလိုက်ကာ ထိုအခန်းသည် အရင်ဘယ်သူနေသလဲဆိုသည်ကို ဂရုမစိုက်တာ့ပဲဝင်လိုက်သည်။ အခုတော့ သူမဟာဖြစ်သွားပြီလေ။ သူမ အခန်းတံခါးသော့ခတ်လိုက်ကာ ဝိညာဉ်ပုလဲအတွင်းဝင်လိုက်လေသည်။ ထိုနေရာမှ ဆေးပညာသည် သူမအားကူညီနိုင်မလားဆိုသည်ကို ကြည့်ချင်သည်။ သူမဝင်သည်နှင့် မိုရှားအား တွေ့ရလိမ့်မည်ဟု ထင်မထားပေ။

“မိုရှား ဒီမှာဘာလုပ်နေတာလဲ၊ ရွှေမြွေအသီးပင် ဘေးမှာနေနေတာမဟုတ်ဘူးလား”

“မင်းအဘိုးရင်ဘတ်က အနက်ရောင်ချီက…. ဘာနဲ့တူလဲ” မိုရှားတိုက်ရိုက်ပင်မေးလိုက်သည်။

မိုရှားသည် သူအလိုရှိသလို ဝိညာဉ်ပုလဲသို့ ဝင်နိုင်ထွက်နိုင်ကြောင်းကို ရှီမာယူယူသိသည်။ အပြင်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းများကိုသူသိပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် ရှီမာလိုင်၏ အခြေအနေအား သူသိသည်ကို သူမ မအံ့သြတော့ပေ။

သူမ အနည်းငယ်စဉ်းစားပြီးမှ ပြောလေသည်။ “အဲဒါက ငှက်လက်သည်းနဲ့တူတယ် ဒါပေမယ့် ခြေခြောက်ချောင်းပဲ” ရှီမာယူယူပြောလိုက်လေသည်။

“ခြေခြောက်ချောင်း၊ ငါသိပြီ” မိုရှားရေရွတ်လိုက်သည်။

မိုရှား၏ တုန့်ပြန်မှုကို ရှီမာယူယူမြင်သည်နှင့် မေးလိုက်သည် “မင်းသိတာလား”

“အဲဒါ အဆိပ်မဟုတ်ဘူး၊ နတ်ဆိုးချီပဲ” မိုရှားပြောလိုက်သည်။

“ဘာ.. နတ်ဆိုးချီဟုတ်လား၊” ရှီမာယူယူ၏ မျက်လုံးများပြူးသွားတော့သည် “နတ်ဆိုးမျိုးနွယ်က သူတွေက နတ်ဆိုးတိုင်းပြည်မှာ ကျန်နေခဲ့တယ်လို့မင်းပြောတယ်မလား၊ ဘယ်လိုလုပ် နတ်ဆိုးချီက အဘိုးရဲ့ ခန္ဓာကိုယ်ထဲရောက်နေတာလဲ”

“အဲဒါ ငါဘယ်လိုသိမှာလဲ၊ ငါမပြန်တာတောင်နှစ်တွေကြာနေပြီ” မိုရှားပြောသည် “မင်းအဘိုးနိုးတာတဲ့အထိ စောင့်ပြီးမေးပါလား”

“နတ်ဆိုးချီဆိုရင် ငါ့အဘိုးကို ကယ်ဖို့နည်းလမ်းကိုမင်းသိမှာပဲ” မိုရှားအား ရှီမာယူယူမျှော်လင့်တကြီးကြည့်မိသည်။

ထိုကဲ့သို့အကြည့်မျိုး ရှီမာယူယူ သူ့အားကြည့်ချင်းကို မိုရှားမမြင်ဖူးပေ။ အရင်ကဆိုလျှင် သူမသည် သူ့အား ခြိမ်းခြောက်ခြင်း သို့မဟုတ် ကျေးဇူးတင်ခြင်းသာရှိခဲ့သည်။ သူမ အကြည့်များသည် အမြဲတမ်း ခပ်တန်းတန်းဖြစ်သည့် အရိပ်အယောင်ရှိခဲ့သည်။ သို့သော် အခုသူမ သူ့အားကြည့်သောအကြည့်သည် မှီခိုသည့် ပုံစံဖြစ်နေသည်။ သူ့အား ဘယ်သူမှ မှီခိုခြင်းမရှိခဲ့ဖူးသဖြင့် ထူးဆန်းစွာခံစားမိနေသည်။

“ဘယ်လိုလဲ မင်းမှာ အကြံရှိလား မရှိဘူးလား”  မိုရှားစကားမပြောသည်ကို ရှီမာယူယူမြင်သည်နှင့် တိုက်တွန်းလိုက်သည်။

မိုရှား သူ့စိတ်တွင် အမည်မသိသော ခံစားချက်ဖြစ်ပေါ်လာပြီးပြောလိုက်သည် “ငါ့မှာ အကြံတစ်ခုတော့ရှိတယ်၊ ရိုးရှင်းပါတယ်၊ ဒါပေမယ့် နတ်ဆိုးချီကို ရှင်းပစ်ပြီးရင် မင်းအဘိုးရဲ့ ခန္ဓာကိုယ်ပျက်စီးသွားလိမ့်မယ်” “ဒါဆို ငါတို့ဘာလုပ်သင့်လဲ” ရှီမာယူယူမေးလိုက်သည်။

“မင်း အမြင့်ဆုံးဆေးပဲလိုမယ်” မိုရှားပြောလိုက်သည်။

“အမြင့်ဆုံးဆေးဟုတ်လား အဲဒါဘာဆေးလဲ အဆင့်ဘယ်လောက်လဲ” ရှီမာယူယူမေးလိုက်သည်။

“လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ပြန်ကောင်းစေတဲ့ ဆေးပဲ၊ အဆင့်လေး” မိုရှားပြောလေသည်။

“အဆင့်လေးဟုတ်လား” ရှီမာယူယူ အံသြသွားလေသည်။ အခုသူမ အဆင့်လေးအမြင့်ဆုံးဆေးကို ရှာရန်လိုတော့သည်။ “မဖြစ်နိုင်ဘူးဆိုရင်တောင် အခုတော့ သူ့အသက်ကိုကယ်ဖို့လုပ်ရတော့မှာပဲ ငါသန်မာလာရင် သူပြန်ကောင်းလာဖို့နည်းလမ်းရှာမယ်”

“ငါကြည့်ကြည့်မယ်၊ ဝိညာဉ်ပုလဲထဲမှာ အမြင့်ဆုံးဆေးဖော်ဖို့ ဘာဆေးဖက်ဝင်ပစ္စည်းရှိမလဲကြည့်လိုက်ဦးမယ်” မိုရှားပြောလိုက်သည်။

ရှီမာယူယူ ခေါင်းမော့ကာ တောက်ပသော မျက်လုံးများဖြင့် သူ့အားကြည့်လိုက်လေသည် “ဟုတ်သားပဲ မင်းအဂ္ဂိရတ်ပညာကိုသိတာပဲ၊ အမြင့်ဆုံးဆေးကိုဖော်ဖို့ ကူညီပေး ဟုတ်ပြီလား”

“မင်းငါ့ကို လက်ငှားပေးမယ်ဆိုရင် အဆင်ပြေတယ် ဒါပေမယ့် မင်းအခြေအနေတစ်ခုကို သဘောတူရမယ်” မိုရှားပြောလိုက်သည်။

ရှီမာယူယူကြက်သေသေသွားလေသည်။ ထို့နောက် သူမလေးနက်စွာ ချက်ချင်းပင်ပြောလိုက်လေသည် “ငါ့အဘိုးကို ကယ်နိုင်မယ်ဆိုရင် စာချုပ်ကိုဖျက်ရမယ်ဆိုရင်လည်း ဖျက်လိုက်မယ်”

သူတွေးသည်ကို ရှီမာယူယူသိလိမ့်မည်ဟု မိုရှားမထင်မိပေ။ သို့သော် သူတို့ကြားမှ ဆက်သွယ်မှုအရ သူမသိသည်မှာ မထူးဆန်းပေ။

သို့သော် မကောင်းဘူးဟု မခံစားမိပါ။ သူ၏ သရုပ်မှန်နှင့်ဆိုလျှင် ဘယ်လိုလုပ် ထာဝရအတူသွားလို့ရနိုင်မလဲ။

“မင်းသိမှတော့ ငါပြောစရာမလိုတော့ဘူး၊ ငါအမြင့်ဆုံးဆေးဖော်ရင် မင်းနောက်ဆုံးမှာ မင်းရဲ့ ဝိညာဉ်စွမ်းအင်တွေ ထည့်ပေးရမယ်၊ မဟုတ်ရင် နတ်ဆိုးချီကိုမသုံးပဲ အဲဆေးကသူ့အသက်ကို ထိရောက်မှာမဟုတ်ဘူး” မိုရှားပြောလိုက်သည်။

“ငါသိတယ်၊ ဒါဆို ငါတို့ဘယ်အချိန်စကြမလဲ” ရှီမာယူယူမေးလိုက်သည်။

“မင်းနားပြီးရင် စလို့ရပြီ” မိုရှားပြောလိုက်သည် “အဲအချိန်အတွင်း ငါပါဝင်ပစ္စည်းတွေကိုပြင်ထားလိုက်မယ်”

“အင်း..”  ရှီမာယူယူ ခေါင်းညိတ်ကာ ရွှေမြွေအသီးပင်ဘေးသို့လာကာ ထိုင်ချလိုက်လေသည်။

ရွှေမြွေအသီးပင်သည် ဝိညာဉ်အားဖြည့်ရာတွင် အထောက်အကူဖြစ်ကာ သူမအားရှိရန် အကူအညီပေးနိုင်သည်။

သူမ ပြန်အားပြည့်လာသည်ကို ခံစားမိသည်နှင့် မိုရှား သူမရှေ့တွင်ပေါ်လာကာပြောလိုက်သည် “ပါဝင်ပစ္စည်းတွေကို ပြင်ပြီးပြီ စလို့ရပြီ၊ အဆင့်ငါးဆေးလုံးအတွက်လိုတဲ့ဝိညာဉ်စွမ်းအင်က မနိမ့်ဘူး၊ မင်းသေချာပြင်ဆင်ထားလိုက်တော့၊ ငါဖော်မယ့်ဆေးက ဝိညာဉ်စွမ်းအင်ကိုပြန်ကောင်းဖို့ကူညီပေးမှာ၊ မင်းကိုယ်ထဲမှာရှိတဲ့ အနက်ရောင်ချီကို မင်းသုံးမယ်ဆိုရင် ကွာခြားချက်ရှိမှာမဟုတ်ဘူး”


Comment

Leave a Reply

Options

not work with dark mode
Reset