သုံးလကြာပြီးနောက် နက်ရှိုင်းသော အရှေ့သမုဒ္ဒရာအောက်ခြေရှိ ဖန်သားနန်းတော်ထဲဝယ် …
နဂါးလေး၏ ပုန်ကန်မှု၊ သူ့မယ်တော်၏ အသနားခံမှု နှင့် သူ့ခမည်းတော်၏ စစ်ဆေးမှုများ ပြီးဆုံးသွားပြီးနောက် မင်းသားလေးအား ဂီတသင်ပေးသောငမူးဆရာ နတ်ငါးတစ်ကောင်ကြောင့် မင်းသားလေး ဤပေါက်ကရများကို ယုံနေကြောင်း သိသွားလေသည်။ ထိုနတ်ငါးကို အပိုင်းပိုင်းခုတ်၍ ကြက်သွန်နီ၊ ဂျင်း၊ ရှာလကာရည်၊ ကြက်သွန်ဖြူတို့နှင့် နယ်ကာ ဟင်းချက်စားလိုက်ပြီ ဖြစ်၏။
တစ်ခုဆိုးသည်မှာ…
အာဒိကပ္ပခေတ်တွင် ဂျပန်ဝါဆာဘီဆော့စ်နှင့် ဆူရှီ မပေါ်သေးခြင်းပင်။
ယခုအခါတွင် နဂါးနန်းတော်၏ ဒုတိယမင်းသားလေး အောင်းရိသည် ရှေးဟောင်းနတ်သင်္ဘောကြီးတစ်ခုပေါ်တွင် ကြိုးတုပ်ခံထားရ၏။ ထိုသင်္ဘောကြီးသည် အရှေ့သမုဒ္ဒရာနှင့် တောင်သမုဒ္ဒရာတို့ ထိစပ်ရာ နယ်နိမိတ်သို့ အရှိန်အဟုန်ဖြင့် သွားနေလေသည်။
အောင်းရိ၏ဘေးတွင် ရေနဂါးတပ်ဖွဲ့အနည်းငယ်နှင့် မျက်ခုံးမွေးများနှင့် မုတ်ဆိတ်မွေးများ ဖြူဆွတ်နေသော လိပ်ဘိုးဘိုးတစ်ဦးသာ ရှိသည်။
အငြိမ်းစားယူခဲ့သည်မှာ ကြာပြီဖြစ်သော ထိုလိပ်ဘိုးဘိုးသည် အောင်းရိ၏ဘေးတွင်ထိုင်ကာ သက်ပြင်းချ၍ သူ့အား ဖျောင်းဖျနေသည်။
“ အရှင့်သား… အရှင့်သားက ဘယ်လိုလုပ်ပြီး တုနတ်ဝိဇ္ဇာဂိုဏ်းလေးနဲ့ ပတ်သတ်နေရတာလဲ ”
“ သူတို့မှာ ဘာအစွမ်းအစတွေများ ရှိလို့လဲ။ တကယ်လို့ ဘုရင်ကြီးက အရှင့်သားကို ခွင့်ပြုပေးလိုက်ရင်တောင် သူတို့က အရှင့်သားကို တပည့်အဖြစ်လက်ခံကြမှာ မဟုတ်ဘူး ”
“ ဘုရင်ကြီး အတွက်လည်း ထည့်စဉ်းစားပေးပါဦး။ အခု ဘုရင်ကြီးက အများရဲ့ ကန့်ကွက်မှုတွေကို ဆန့်ကျင်ပြီး အရှင့်သား တန်ခိုးရှင်တစ်ယောက်ရဲ့ တပည့်ခံမယ့် ကိစ္စကို ခွင့်ပြုပေးလိုက်ရတာ ”
“ အခု ကျွန်တော်မျိုး အရှင့်သားကို ကျဲကျောင်းတော်က ဂိုဏ်းတစ်ခုရဲ့ နတ်ဝိဇ္ဇာတစ်ယောက်ဖြစ်တဲ့ တိမ်မည်းနတ်ဝိဇ္ဇာဆီမှာ တပည့်ခံဖို့ ခေါ်သွားပေးမယ် ”
“ အဲ့ နတ်ဝိဇ္ဇာက သိပ်ပြီး ထင်ထင်ပေါ်ပေါ်မနေဘူးဆိုပေမယ့် သူက ကျဲကျောင်းတော်ရဲ့ နတ်ဝိဇ္ဇာ(၇)ယောက်ထဲမှာ အတော်ဆုံးပဲ။ ပြီးတော့ သူ့ကို တန်ခိုးရှင်တွေကလည်း အထင်ကြီးကြတယ်။ သူတိုက်ရိုက်သင်ပေးတဲ့ တပည့်ဆိုလို့ ကျွန်တော်မျိုးနဲ့ မျိုးနွယ်တူတဲ့ ရွှေလိပ်တစ်ကောင်ပဲရှိတယ်။ အဲ့ရွှေလိပ်နဲ့ ကျွန်တော်မျိုးနဲ့က အရင်တုန်းက ခင်မင်ခဲ့ဖူးတယ် ”
“ အရှင့်သား… ဒါက အရှင့်သားရဲ့ ဆန္ဒအတိုင်းပါပဲ ”
“ အဲဒါကြောင့် နောက်ထပ် ပြဿနာကြီးတွေ မရှာပါနဲ့တော့ ”
အောင်းရိသည် ဘေးသို့ ခေါင်းစောင်းကြည့်လိုက်သည်။ အလျှော့ပေးမည့် ပုံတော့ မရှိသေးချေ။
သို့သော် သူသည် ဆယ်နှစ်သားသာ ရှိသေးသူတစ်ယောက်ဖြစ်၍ ကိစ္စအကုန်လုံးကို မသိနိုင်သေးပေ။ ဥထဲရှိနေစဉ် ပညာရပ်မျိုးစုံသင်ကြားခဲ့ရသော်လည်း အပြင်လောကသို့ ရောက်သည်မှာ ဆယ်နှစ်သာ ရှိသေးလေသည်။
လိပ်ဘိုးဘိုးသည် ဘေးမှနေ၍ တတွတ်တွတ်နားချနေရာ အောင်းရိ အတန်ငယ် စိတ်ဝင်စားလာသည်။
“ အဲဒီနတ်ဝိဇ္ဇာက တန်ခိုးရှင်တစ်ယောက်ဖြစ်လာနိုင်တဲ့ ကျင့်စဉ်တွေကို သိလား ”
“ သိပါတယ် အရှင့်သား ”
လိပ်ဘိုးဘိုးသည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ထိုနတ်ဝိဇ္ဇာသည် မည်မျှအထင်ကြီးစရာကောင်းကြောင်း၊ ကျဲကျောင်းတော်၏ တည်ထောင်သူ အရှင်လင်းပေါင်ထျန်းကျွမ်းသည် ထိုနတ်ဝိဇ္ဇာကို ချစ်ခင်ကြောင်း၊ သို့သော် ထိုနတ်ဝိဇ္ဇာသည် သူ၏တန်ခိုးအစွမ်းများကို အပြင်သို့ထုတ်မပြဘဲ သိုသိုသိပ်သိပ်သာနေကြောင်းများကို အောင်းရိအား အားပေါင်အာရင်း သန်သန်ဖြင့်ပြောလေတော့သည်။
မကြာမီတွင် လိပ်ဘိုးဘိုးသည် သက်ပြင်းချကာ အောင်းရိထံသို့ အသံပို့လွှတ်လိုက်၏။
“ အရှင့်သား… အရှင့်သား ဘာကြံနေလဲဆိုတာ ကျွန်တော်မျိုးသိပါတယ်။ ဒါပေမဲ့ အဲဒါက အရှင့်သားထင်သလို မရိုးရှင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေလို့ ရလာဒ်ကောင်းတွေ ရလာမှာ မဟုတ်ဘူး… ”
“ ထင်ပေါ်ကျော်ကြားမှုတွေဆိုတာ အိပ်မက်လိုပါပဲ။ နိုးလာတဲ့အခါ ဘာမှ ရှိမှာ မဟုတ်တော့ဘူး။ အဲဒါကြောင့်လည်း ဘယ်သူမှ အိပ်မက်တွေက မနိုးထချင်ကြတာပေါ့ ”
“ အရှင့်သားက ဘုရင်ကြီးအတွက်လည်း တွေးပေးရမယ်လေ။ သူက နဂါးမျိုးနွယ်ရဲ့ အမြင့်ဆုံးနေရာမှာ ထိုင်နေရတဲ့သူဆိုတော့ သူစိတ်ရှိတိုင်း လျှောက်လုပ်လို့မရဘူး။ မဟုတ်ရင် နဂါးမျိုးနွယ်က အန္တရာယ်တွေနဲ့ ကြုံလာနိုင်တယ် ”
အောင်းရိသည် အတန်ကြာ တွေးတောနေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
‘ ခပ်တိုတိုပြောရရင် အခု ငါက နဂါးနန်းတော်ကနေထွက်ပြီး ကျယ်ပြောတဲ့ ပြင်ပလောကကို ခြေဆန့်လို့ရတော့မယ်ဆိုတဲ့ သဘောပဲ ’
ထိုနတ်ဝိဇ္ဇာ၏ တပည့်ဖြစ်နိုင်ရေးအတွက် သူသည် နဂါးနန်းတော်မှ မင်းသားလေးဟူသော ဂုဏ်ပုဒ်ကို အားကိုးရဦးမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် နဂါးနန်းတော်၏ အရှက်ရမှုကို သူမည်သို့ ဖယ်ရှားပေးနိုင်မည်နည်း။
သူသည် နဂါးနန်းတော်မှ ဖြစ်သောကြောင့်သာ နတ်ဝိဇ္ဇာတစ်ပါး၏ တပည့်အဖြစ်သို့ ရောက်ရမည့်ပုံ ဖြစ်နေသည်။
သူ အလိုရှိသည်မှာ သူ တစ်ကိုယ်စာ လွတ်မြောက်ရေးမဟုတ်ဘဲ နဂါးမျိုးနွယ်တစ်ခုလုံး လွတ်မြောက်ရေးဖြစ်သည်။
ရှေးဦးစွာ နောက်ရက်များတွင် သူ့အားထပ်၍ နားချလာနိုင်သည့် လိပ်ဘိုးဘိုးကို အယုံသွင်းရပေမည်။
တဖြူးဖြူးတိုက်ခတ်နေသော သမုဒ္ဒရာလေများအကြားတွင် အောင်းရိသည် ခပ်တွန့်တွန့် ပြုံးလိုက်သည်။ သူ၏ ပျိုမြစ်သော မျက်နှာလေးတွင် မရိုးသားသော အရိပ်အယောင်လေးများ ပေါ်သွားလေ၏။ ထို လိပ်ဘိုးဘိုး သူ့ကို ယုံလာပေပြီ။
*****
တုနတ်ဝိဇ္ဇာဂိုဏ်း၏ ကောင်းကင်ခွင်းတောင်ရှိ ကျိုးနတ်ဝိဇ္ဇာကိုးပါးတို့၏ ကျင့်ကြံရာ တောအုပ်ကြီးထဲတွင်…
ကျိုးကျိုးသည် ချုံတောင်လေးမှနေ၍ ပြန်လာလေ၏။ သူမသည် အားအင်များ ကုန်ခမ်းလာသကဲ့သို့ သူမ၏ အိမ်သို့ ခြေတရွတ်ဆွဲကာ လျှောက်သွားလေသည်။ သူမသည် အိမ်ရှေ့ရှိ သစ်သားလှေကားထစ်လေးပေါ်တွင် ထိုင်လိုက်ပြီး ရှေ့သို့ကိုင်းလိုက်၏။
သူမသည် အရက်အိုးကြီးကိုဖက်၍ မှီထားပြီး အရည်ပျော်ကျနေသော ရွှံ့ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေသည်။
“ ငါတအား ပျင်းနေပြီ။ ရှို့ရှို့လေး အခန်းအောင်းကျင့်တာ သုံးလလောက်ပဲရှိသေးတယ်… ငါက ဘာလို့ သုံးနှစ်လောက်လို့ ခံစားနေရတာလဲ။ ဘယ်သူမှလည်း ငါနဲ့ မဆော့ချင်ကြဘူး… ”
“ ဆရာတူအစ်ကိုတွေ ဆရာတူအစ်မတွေက အချင်းချင်းအဖော်ပြုပေးကြတယ်… ”
“ အစ်မတစ်နဲ့ အစ်ကိုနှစ်က တစ်တွဲ၊ အစ်မလေးနဲ့ အစ်ကိုငါးက တစ်တွဲ၊ အစ်မခြောက်နဲ့ အစ်ကိုခုနစ်က တစ်တွဲ … အခုက အစ်ကိုရှစ်နဲ့ ညီမကိုးလေးတို့ရဲ့ အလှည့်ရောက်ရမှာလေ။ ဒါပေမဲ့ အစ်ကိုရှစ်ကလည်း အစ်မသုံးလို ကောင်းကင်ခွင်းတောင်က ထွက်သွားတယ်… ”
“ ကံဆိုးမလေးငါကတော့ အဖော်ပြုပေးမယ့်သူ ရှိလာမှာ မဟုတ်တော့ပါဘူးလေ… ”
“ ဆရာကလည်း နောက်ထပ်တပည့် လက်မခံလောက်တော့ဘူး… ငါကနောက်ဆုံးပဲ…အား… ”
ဘေးအိမ်ရှိ ပြတင်းပေါက်လေးပွင့်လာ၏။ မိန်းမပျိုလေးတစ်ယောက်အသွင် ရှိသော ကျိုးရှစ်သည် ကျိုးကျိုးဆီသို့ လှမ်းကြည့်လိုက်သည်။ ကျိုးကျိုး၏ စကားများကို ကြားသောအခါ ရယ်လိုက်လေ၏။
ပန်ချီးကားများမှနတ်သမီးများပုံစံကဲ့သို့ သက်တန့်ရောင်အဝတ်များကို ဝတ်ဆင်ထားသော ကျိုးရှစ်သည် ပြတင်းပေါက်မှနေ၍ ပျံထွက်လာပြီး ကျိုးကျိုး၏ဘေးတွင်ဆင်းလိုက်သည်။ ထို့နောက် သစ်သားလှေကားထစ်တွင် ထိုင်၍ ကျိုးကျိုး၏ နှာခေါင်းလေးကို ညှစ်လိုက်၏။
“ ဆရာတူအစ်မ ”
ကျိုးကျိုးသည် ကျိုးရှစ်ကို ဖက်လိုက်ပြီး မျက်လုံးများမှိတ်ကာ ဝမ်းနည်းသံဖြင့် ပြောလိုက်သည်။
“ ညီမနဲ့ အတူ ချုံတောင်လေးကို လိုက်ခဲ့ပါလား။ ညီမ ‘နတ်ဘုရားများနှင့်တိုက်ခိုက်ခြင်း’ နဲ့ ‘နတ်ဝိဇ္ဇာမိုနိုပိုလီ’ ဆော့ချင်တယ် ”
ကျိုးရှစ်သည် နူးနူးညံ့ညံ့ရယ်လိုက်ပြီး သူ၏ဆရာတူညီမလေး၏ ခေါင်းကိုပွတ်ပေးလိုက်သည်။
“ ညီမအရူးလေး… အစ်မက ချုံတောင်လေးကို ဘယ်လိုလုပ်သွားလို့ ရမှာလဲ ”
“ ဟမ်… ဘာလို့သွားလို့ မရတာလဲ ”
“ အစ်မပါလိုက်လာမယ်ဆို ညီမလေး ရှက်နေမှာပေါ့ ”
“ ညီမက ဘာကိုရှက်ရမှာလဲ ”
ကျိုးကျိုးသည် ခေါင်းလေးထောင်လာပြီး မေးလိုက်သည်။
“ ဆရာတူအစ်မက တစ်ခုခု အထင်လွဲနေတာတော့ မဟုတ်ဘူးမလား။ ညီမနဲ့ ရှို့ရှို့လေးက အဒေါ်နဲ့ တူလေးလို ဆက်ဆံရေးပါ ”
“ ေဩာ် … အဲဒီလိုလား ”
ကျိုးရှစ်သည် အလိုမကျသောအကြည့်ဖြင့် ပြောလေ၏။
ကျိုးကျိုးသည် မျက်တောက်ခတ်၍ ဇက်ကလေး ပုကာ ပြန်ပြောလိုက်သည်။
“ အဲ… အဲဒီလို မဟုတ်ဘူးလား ”
“ အင်း … အဒေါ်နဲ့ တူလေးက နေ့တိုင်းလိုလို ဆေးဖော်လိုက်၊ မန္တန်အစီအရင်တွေ ဆင်လိုက်နဲ့ တစ်နေကုန်တွတ်ထိုးနေပြီး ရင်းရင်းနှီးနှီး လက်ကိုင်ခြေကိုင် လုပ်နေတာပေါ့လေ ”
“ ဟာ… လက်ကိုင်ခြေကိုင်မလုပ်ပါဘူး။ သူ့မှာက ရောဂါနဲ့ ”
ကျိုးရှစ်ကြောင်သွားပြီး ခပ်သွက်သွက် ပြန်မေးလိုက်သည်။
“ သူက ဘာရောဂါရှိလို့လဲ။ ဂိုဏ်းတူ တူလေးချန်ရှို့မှာ ထုတ်ပြောလို့မရတဲ့ ရောဂါရှိနေတာလား။ အဲဒါဆိုရင်တော့ ပြဿနာကြီးပဲ ”
“ အဲဒီလို ထုတ်ပြောလို့မရတဲ့ ရောဂါမဟုတ်ပါဘူး။ ရှို့ရှို့လေးက သူ့ဆရာတူညီမလေးက လွဲရင် တခြားဘယ်မိန်းကလေးနဲ့မှ ထိလို့မရဘူး။ ထိမိရင် တစ်ကိုယ်လည်း အကြောဆွဲသွားတာ ”
ကျိုးကျိုးသည် ပြုံး၍ဆက်ပြော၏။
“ သူ့ညီမလေးကျ သူ့လက်ပေါ်မှာပဲ ကြီးလာတာဆိုတော့ ဘာမှမဖြစ်ဘူး။ ညီမနဲ့ဆိုလည်း လက်သီးချင်းတိုက်တာ၊ လက်ဝါးချင်းရိုက်တာလောက်ဆို ဘာမှမဖြစ်ပါဘူး ”
ကျိုးရှစ်သည် လက်ပိုက်လိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်နေပြီးနောက် ရုတ်တရက်ထပြောလိုက်သည်။
“ အဲဒီရောဂါက ဘယ်လိုကနေ စဖြစ်တာလဲ။ အစ်မကို အသေးစိတ်ပြောပြ ”
“ ညီမ အရင်တစ်ခေါက်က ရှို့ရှို့လေးနဲ့ မြောက်ကျွန်းကို သွားတုန်းက… ”
ခေတ္တမျှကြာပြီးသွားအခါ ကျိုးရှစ်သည် သူမ၏ ညီမလေးကို ဖက်ကာ ရယ်လေတော့သည်။ သူမက တစ်ခုခုပြောလိုက်ရာ ကျိုးကျိုးတစ်ယောက် တွေဝေသွား၏။ ထို့နောက် သူမနဖူးကို ပွတ်ကာ ပြောလိုက်လေ၏။
“ အဲ့ကောင်စုတ်က ညီမကို လှည့်စားရဲတယ်ပေါ့လေ ”
“ စိတ်လျှော့လေ ကျိုးအာရဲ့ … ကိုယ့်ကိုယ်ကို စောင့်ထိန်းတဲ့ အဲဒီလိုယောက်ျားမျိုးက ဒီလောကမှာ ရှားတယ်။ အခွင့်အရေးကို လက်မလွတ်စေနဲ့ ”
ကျိုးကျိုးသည် ရုတ်ခြည်း ရှက်သွေးဖြာသွားသွားပြီး စိတ်ကောက်ဟန်ဖြင့် ခြေဆောင့်လိုက်သည်။
“ အစ်မကလည်း ဘာတွေပြောနေတာလဲ။ သူနဲ့ ညီမက ဘာမှမဟုတ်ပါဘူး… ”
“ တော်ပြီ… ညီမ အခန်းအောင်းကျင့်တော့မယ် ”
“ နောက်ရက်နည်းနည်းဆို ညီမလေးက ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲမှာ အစောင့်အရှောက်လုပ်ရမှာ မဟုတ်ဘူးလား ”
“ အဲ … ဟုတ်သားပဲ… ဒါပေမဲ့ ရက်နည်းနည်းလောက် အခန်းအောင်းကျင့်လို့ ရတာပဲ ”
ကျိုးကျိုးသည် လှည့်ထွက်လိုက်ပြီး အိမ်ထဲသို့ ဝင်ရန်ပြင်လိုက်တော့သည်။ ကျိုးရှစ်သည် သူမကိုကြည့်၍ ခပ်ဖွဖွ ရယ်လိုက်လေ၏။
“ ကျိုးအာ… ညီမလေးက အစ်မရှေ့မှာ ရှက်နေဖို့ မလိုပါဘူး။ ဘယ်လိုဝတ်စားရမယ်၊ မျက်နှာချေဘယ်လို လိမ်းရမယ်ဆိုတာ ညီမလေးကို အစ်မသင်ပေးမယ်လေ … ”
“ အာ… မသင်ချင်ပါဘူး ”
“ လာပါ။ ညီမလေးရဲ့ လက်ရှိပုံစံကို အစ်မကြည့်ပါရစေဦး ”
“ အမှတ်လေးအစ်မ … ညီမကို လျှောက်မကိုင်ပါနဲ့။ အိုက်ယား…. စိတ်ရှုပ်ဖို့ကောင်းလိုက်တာ ”
အနောက်အရပ်တွင် နေမင်းကြီး တဖြည်းဖြည်းဝင်နေပေပြီ။ နတ်သမီးလေးနှစ်ယောက်၏ ရယ်မောသံလေးများသည်လည်း ဟိုဟိုသည်သည် ပျံ့လွင့်နေလေ၏။
ဘေးအိမ်မှ ကြည့်နေသော စိတ်ပျက်လက်ပျက် ဖြစ်နေဟန်တူသော တာအိုရသေ့ဂျပုသည် ခေါင်းကို ယမ်းကာ ကျိုးကျိုး၏ အိမ်ပြင်ရှိ မန္တန်အစီအရင်ကို အသက်သွင်းပေးလိုက်လေသည်။
ထို့နောက် သူသည် ရှေ့၌ရှိသော စားပွဲပေါ်ရှိ အလကားရထားသော အစားအသောက်များကို ကြည့်ကာ နှုတ်ခမ်းတွန့်သွား၏။
ကျိုးကျိုးသည် ယခုအကြိမ်ကျင်းပမည့် ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲတွင်လည်း မြောက်ကျွန်းသွားရာတွင် စောင့်ရှောက်သူအဖြစ် လိုက်ရသည်။ ယခင်အခေါက်တွင် ပြဿနာအနည်းငယ်ကြုံခဲ့သဖြင့် ဂိုဏ်းသည် ယခုအခေါက်တွင် သူမနှင့်အတူ အခြားအတုမဲ့နတ်ဝိဇ္ဇာတစ်ပါးကိုလည်း ထည့်ပေးလိုက်၏။
ဤအကြိမ်တွင် တပည့်နှစ်ယောက်သာ မြောက်ကျွန်းသို့သွားသည်။
ကြိုတင်ပြင်ဆင်ပွဲကျင်းပသည့်နေ၌ တပည့်ငယ်များ၏ ခေါင်းဆောင်ဖြစ်သော ယုံချင်ရွှမ်းယာသည် အနီရဲရဲဝတ်စုံကို ဝတ်ဆင်ကာ ကျောတွင် ဓားကြီးလွယ်၍ ကျင်းပရာနေရာသို့ အချိန်မီရောက်လာလေသည်။
သို့သော် သူမသည် လူအားလုံး အဖွဲ့များခွဲပြီးသည်အထိ မည်သည့်အဖွဲ့မှာမှ မပါဘဲ သူမ၏နေရာ ဂူသို့သာ ပြန်၍ ဂူအောင်းကျင့်ကြံခဲ့၏။
ထို့ကြောင့် မြောက်ကျွန်းကိုသွားသည့် တပည့်နှစ်ယောက်သည် အတုမဲ့နတ်ဝိဇ္ဇာနှစ်ပါး၏ အထူးစောင့်ရှောက်မှုကို ခံရတော့သည်။
မြောက်ကျွန်းသို့ အသွားအပြန်ခရီးသည် လပေါင်းများစွာကြာသည်။ ထိုမှပြန်ရောက်ပြီးနောက် လအနည်းငယ်ကြာသောအခါ ကျိုးကျိုးသည် သူမ၏ အမှတ်လေးဆရာတူအစ်မပြောသော စကားများကို ပြန်အမှတ်ရနေသည်။
မကြာမီမှာပင် လီချန်ရှို့အား ဆော့ဖော်ဆော့ဖက်အဖြစ်သာ သဘောထားကာ တခြားခံစားချက်များမရှိဟု ထင်ခဲ့သော ကျိုးကျိုးသည် ကိုယ့်ကိုယ်ကို သံသယဝင်လာချေ၏။
သူမသည် ချန်ရှို့လေးအား ကြိုက်နေပြီး ကိုယ့်ဘာသာ သတိမထားမိခဲ့ခြင်းလော။
မဖြစ်နိုင်ချေ။ အဒေါ်နှင့် တူလေးဆက်ဆံရေးသည် အတန်ငယ် စိတ်လှုပ်ရှားစရာကောင်းသော်လည်း သူမသည် ချန်ရှို့လေးအား တူလေးတစ်ယောက်အနေနှင့်သာ ဆက်ဆံခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမသည် သတိလက်လွတ်ဖြစ်ကာ သူ၏လှည့်စားခြင်းကို ခံခဲ့ရ၏။
ကျိုးကျိုးသည် ထိုအကြောင်းကိုတွေးလေလေ စိတ်ရှုပ်လာလေလေဖြစ်ပြီး တရားထိုင်ရန်ပင် စိတ်မစုစည်းနိုင်တော့ပေ။
နောက်ထပ် လအနည်းငယ် ကုန်ဆုံးသွားပြန်၏။ ကျိုးကျိုးအား ဆေးဖော်ရာတွင် ကူညီပေးရန် လီချန်ရှို့၏ ဖိတ်ကြားချက်ပါသည့် စက္ကူကြိုးကြာလေး ရောက်လာချိန်တွင် ကျိုးကျိုးသည် ဝမ်းသာအားရ ထခုန်လိုက်၏။
ထို့နောက် သူမ ချီတုံချတုံ ဖြစ်သွားရပြန်သည်။
“ အသက်(၁၀၀)ကျော်လောက်ပဲ ရှိသေးတဲ့ ဂိုဏ်းတူ တူလေးကြောင့်တော့ ငါ ရင်မခုန်လောက်ပါဘူးနော်… ဟုတ်တယ်မလား ”
‘ တချို့စကားတွေက မေးကြည့်မှ သိရမှာပေါ့ ’
အမှတ်လေးဆရာတူအစ်မ၏ ရယ်သံများသည် သူမ၏နားထဲတွင်ဆွဲနေဆဲပင်။ ကျိုးကျိုးသည် ကုတင်ပေါ်တွင်ထိုင်လိုင်ပြီး ကိုယ့်ဘာသာရေရွတ်နေသည်။ ထို့နောက် မွေ့ရာအား လက်ဖြင့်ရိုက်လိုက်၏။
‘ နင်က ဘာတွေကြောက်နေတာလဲ။ သူ့ကို တိုက်ရိုက်သွားမေးလိုက်ပေါ့ ’
ကျိုးကျိုးသည် သန့်ရှင်းသပ်ရပ်သော ဖျင်ကြမ်းဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်ပြီး အရက်အိုးကြီးကို စီးကာ ချုံတောင်လေးဆီသို့ ထွက်သွားလိုက်လေသည်။
လီချန်ရှို့သည် သူ ကောင်းကင်ပြစ်ဒဏ်ခံရာတွင် အဆင့်သင့်ဖြစ်စေရန် အဆိပ်ဆေးလုံးတချို့ကို ဖော်လိုခြင်းဖြစ်သည်။
ကျိုးကျိုးရောက်လာချိန်တွင် လီချန်ရှို့သည် အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထား၍ အဆိပ်ဆေးပင်များကို ပြင်ဆင်နေ၏။
ကျိုးကျိုးသည် ထိုနေရခက်သော အကာအကွယ်ဝတ်စုံကို တစ်ကြိမ်သာဝတ်ဆင်ခဲ့ပြီးနောက် ထပ်၍ မဝတ်တော့ချေ။
ထို့ကြောင့် လီချန်ရှို့သည် ဆရာဒေါ်လေးကို ထိခိုက်မည်ဆိုးသဖြင့် အဆိပ်ဆေးဖော်တိုင်း အဆိပ်အာနိသင်များ အပြင်သို့ မထွက်လာစေရန် အထူးဂရုစိုက်ခဲ့ရသည်။
ဆေးဖော်နေစဉ်အတွင်း သူတို့သည် ယခင်ကအတိုင်း စကားတတွတ်တွတ်ပြောနေကြ၏။
သို့သော် ကျိုးကျိုးသည် သူမ၏ အမှတ်လေးဆရာတူအစ်မပြောခဲ့သော စကားများကို တွေးမိနေဆဲပင်။ (၃၂)နာရီကြာ ဆေးဖော်နေခဲ့သော်လည်း သူမသည် မေးရန်ဟန်ပြင်လိုက်၊ တွန့်ဆုတ်သွားလိုက်ဖြင့် မမေးဖြစ်သေးပေ။
‘ အဲဒါက မေးခွန်းလေးတစ်ခုပဲကို ဘာလို့ မေးဖို့ခက်နေရတာတုံး ’
‘ ငါက တကယ်ပဲ… ’
‘ ဘယ်လိုလုပ် ဖြစ်နိုင်မှာတုံး … ငါက အငယ်တွေကို ကြိုက်တတ်တဲ့သူမှ မဟုတ်တာ။ သူ့ကိုသာ မေးလိုက်ရင် အကုန်အဆင်ပြေသွားလောက်မှာပါ ’
ကျိုးကျိုးသည် အသက်ပြင်းပြင်းရှူလိုက်ပြီး နားသယ်စရှိဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် လက်ဖြင့်သပ်လိုက်ကာ ဘေးရှိ ဆေးဖော်ရာတွင် အာရုံစိုက်နေသော လီချန်ရှို့ကို ကြည့်လိုက်သည်။
သူမသည် အတတ်နိုင်ဆုံးအားတင်းကာ လေသံဖျော့ဖျော့လေးဖြင့် မေးလိုက်သည်။
“ ငါ … ဒီတစ်ခေါက်… ဆေးဖော်တာမှာ ကူညီတာ အဆင်ပြေရဲ့လား ”
“ အရင်လိုပဲ အဆင်ပြေပါတယ်… ”
လီချန်ရှို့သည် ဝတ်စုံအတွင်းမှ နေ၍ ရယ်ကာ ပြန်ဖြေလိုက်၏။
“ ဆရာဒေါ်လေးရဲ့ နတ်တန်ခိုးတွေက တကယ်ကို အကူအညီဖြစ်တယ် ”
ထိုစဉ် အဆိပ်ဆေးလုံးများသည် အနည်းငယ် လှုပ်ယမ်းသွား၍ လီချန်ရှို့သည် အဆိပ်ဆေးလုံးများကို နေရာပြန်ချလိုက်ရသည်။
ကျိုးကျိုးသည် မျက်တောင်ခတ်၍ လေသံတိုးတိုးဖြင့် ဆက်မေးလိုက်သည်။
“ အဲဒါဆို … တူလေးချန်ရှို့ … မင်း…ငါ့ကို… ဘယ်လိုသဘောရလဲဟင် ”
ဆေးလုံးဖော်ရာတွင် အရေးကြီးအဆင့် ရောက်နေသဖြင့် အဆိပ်ဆေးလုံးများ၏ ဂုဏ်သတ္တိကို အာရုံစိုက်၍ထိန်းချုပ်နေရသည့်အပြင် ကာကွယ်ရေးဝတ်စုံအထူကြီးလည်း ဝတ်ဆင်ထားသည့် လီချန်ရှို့တစ်ယောက် ကျိုးကျိုး မေးသည်ကို သေချာမကြားလိုက်ချေ။ သူကြားလိုက်သည်မှာ ‘တူလေးချန်ရှို့’ ဆိုသည်နှင့် ‘ ဘယ်လို ’ ဟူသော စကားနှစ်လုံးသာ ဖြစ်သည်။
သို့သော် သူတို့ အမြဲပြောနေကြ အကြောင်းအရာဟု ထင်မှတ်၍ …
လီချန်ရှို့သည် ပြုံး၍ ခေါင်းညိတ်ကာ လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
“ သိပ်ကို တည်ငြိမ်တယ်။ ပိုပြီး ရှားတာက အညစ်အကြေးမရှိဘဲ သန့်ရှင်းစင်ကြယ်နေတာ ”
လီချန်ရှို့သည် ပုံပေါ်လာတော့မည့် ဆေးပေါင်းဖိုအတွင်းမှ ဆေးလုံးများကို ကြည့်ရင်း မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်၏။
“ ကျွန်တော်သာ ပိုင်ဆိုင်လာခဲ့ရင်တော့ … ”
( ဘာသာပြန်သူမှတ်စု၊ ထိုစကားသည် တရုတ်ဘာသာစကားအရ ကိုယ်ဝန်ရှိအောင်လုပ်ချင်သည်ဆိုသော တခြားအဓိပ္ပါယ်လည်း သက်ရောက်နေပေသည်။ )
ကျိုးကျိုးသည် ပါးစပ်အဟောင်းသားဖြစ်ကာ ကတုန်ကရင် ြဖစ်သွားရသည်။
သူမသည် လီချန်ရှို့ကို တုန်ရီနေသည် လက်ညှိုးလေးဖြင့် ထိုးကာ ပြောလိုက်သည်။
“ မင်း…မင်း..ဘာစကားပြောလိုက်တယ်ဆိုတာ မင်းကိုယ်တိုင်ရော သိရဲ့လား ”
လီချန်ရှို့က ပြန်ဖြေလိုက်သည်။
“ ဘာလို့လဲ … ကျွန်တော်ပြောတာ ဘာမှားသွားလို့လဲ ”
‘ ငါ ဘာအမှားပြောမိလို့ပါလိမ့် ’
‘ သိပ်ကို တည်ငြိမ်ပြီး အညစ်အကြေး မရှိဘဲ သန့်ရှင်းစင်ကြယ်တယ်လို့ ပြောလိုက်တာလေ ’
‘ ပြီးတော့ ငါသာ ပိုင်ဆိုင်လာခဲ့ရင် လို့ပဲ ပြောလိုက်တာပါ… ’
မည်သူသည် ထိုမျှ အောက်တန်းကျသနည်း။
ကျိုးကျိုး၏ မျက်နှာလေးနှင့် လည်တိုင်လေးသည် ရုတ်ခြည်းပင် ရဲတွတ်သွား၏။ နှဖူးမှလည်း အဖြူရောင်အငွေ့များ လွင့်ပျံလာသည်။
သူမသည် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး တစ်ခုခုပြောချင်ဟန်ရှိသော်လည်း အသံများတုန်ရီနေသဖြင့် ပြောမထွက်ချေ။ ထို့နောက် သူမသည် နောက်သို့လှည့်ကာ ခြေနှစ်လှမ်း တိုး၍ ကောင်းကင်ခွင်းတောင်လေးသို့ ပျံပြေးလေတော့သည်။
“ အမ် ”
လီချန်ရှို့က လေတိုးသံကြား၍ လှည့်ကြည့်လိုက်သည်။
‘ သူပြန်သွားပြီလား။ ဒီနေ့အတွက်ရမယ့် လုပ်အားခ အရက်ကိုတောင် ယူမသွားပါလား… ’
ဆရာဒေါ်လေးကျိုးကျိုး၏ နတ်တန်ခိုးများသည် အမှန်ပင် တည်ငြိမ်၍ အညစ်အကြေးကင်းကာ သန့်ရှင်းစင်ကြယ်သည်။ ထိုသို့မဟုတ်လျှင် သူမသည် ဆေးဖော်ရာတွင် အလေအလွင့်နည်းအောင် ကူပေးနိုင်မည် မဟုတ်ပေ။ သူမ အကူအညီကြောင့် လီချန်ရှို့သည် ပစ္စည်းရှစ်မျိုးခန့် သုံးရသက်သာခဲ့၏။
သူသည် ဆရာဒေါ်လေးကဲ့သို့ နတ်တန်ခိုးမျိုးကို ပိုင်ဆိုင်ချင်သည်။ သို့သော် သူသည်လည်း မကြာခင် ကောင်းကင်ပြစ်ဒဏ် ခံယူကာ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
‘ ဆရာဒေါ်လေး တစ်ခုခုကို အထင်လွဲသွားတာတော့ မဟုတ်လောက်ပါဘူးနော် ’
လီချန်ရှို့ တွန့်ခနဲ ဖြစ်သွားသည်။
‘ ထားလိုက်ပါတော့… ဆေးဖော်တာမှာပဲ အာရုံစိုက် ’
နောင်မှ ဤကိစ္စကို ပြန်ရှင်းပြရပေတော့မည်။
ကျိုးကျိုးသည် အရက်အိုးကြီးပေါ်တွင်ထိုင်ကာ တုနတ်ဝိဇ္ဇာဂိုဏ်းရှိ တောင်များကိုဖြတ်၍ ပျံသန်းနေ၏။ သူမသည် ခါးမှအရက်အိုးကိုဖြုတ်ကာ ခေါင်းမော့၍ တဂွတ်ဂွတ်မြည်သွားသည်အထိ မော့လိုက်သည်။ ထို့နောက် သူမသည် ကောင်းကင်ခွင်းတောင်ရှိ တောအုပ်အတွင်းသို့ မြားတစ်စင်းနှယ် ဆင်းသက်လိုက်ရာ တောအုပ်သည် တုန်ခါသွားပြီး တောတွင်းအနှံ့ရှိ ငှက်များပင် ထပျံသွားကြ၏။
ဖျင်ကြမ်းဝတ်စုံဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးသည် တောတွင်းရှိ သစ်ပင်ကြီး၏အောက်မှ မြက်ခင်းပေါ်ရှိ သစ်ရွက်ကြွေပုံကြီးပေါ်တွင် လှဲ၍နေလေသည်။ သူမသည် မျက်နှာကို လှပသော လက်သွယ်ကလေးနှစ်ဖက်ဖြင့် ကာ၍ အသက်ပြင်းပြင်းရှူနေချေ၏။
မကြာမီမှာပင် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ၏ မျက်နှာနုနုလေးသည် ရဲတွတ်နေပေသည်။ သူမသည် လက်တစ်ဖက်ကို နှဖူးပေါ်တင်ကာ ကျန်တစ်ဖက်ဖြင့် သစ်ရွက်များအကြားမှ ထိုးနေသော နေရောင်ကိုကာလိုက်၏။
“ သန့်ရှင်းစင်ကြယ်တယ် ဟုတ်လား… ”
“ ဟူး … ငါ ဘာတွေပြောနေတာလဲ…တကယ်ပါပဲဟယ်… ”
သူမသည် သိုလှောင်ဓမ္မအဆောင်အိတ်အတွင်းမှ အမှတ်ငါးအစ်ကိုလာပေးထားသော အမှတ်လေးအစ်မ ချုပ်ပေးသည့် အရောင်တောက်တောက် ဝတ်စုံလေးကို ထုတ်လိုက်သည်။
“ ငါဘာတွေ ထပ်တွေးမိနေတာလဲ။ သူက ငါရဲ့ ဂိုဏ်းတူ တူလေးလေ ”
ကျိုးကျိုးသည် သိုလှောင်ဓမ္မအဆောင်အိတ်ကို လွှင့်ပစ်လိုက်သည်။ ခေတ္တမျှကြာပြီးနောက် ထိုအိတ်လေးကို လှမ်း၍ကြည့်လိုက်၏။
သူမသည် ထိုဝတ်စုံအား စမ်း၍ ဝတ်မကြည့်လိုခြင်း မဟုတ်ပေ။ အခြားသူများ မြင်သွားမည်ကိုသာ မလိုလားခြင်း ဖြစ်ပေသည်။
***