Switch Mode

အခန်း (၆၂၀)

ပြည်ထောင်စု အဖွဲ့အစည်း

ထိုပုံရိပ်များမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထင်ရှားပြတ်သားစွာ ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူသည် ‌ဗေဒါပင်ကြီးအဖြစ် ပြောင်းလဲသွားပြီး ထိုမြင်ကွင်းအား ကိုယ်တိုင် မြင်တွေ့နေရသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန်၏ စကားများကို နားထောင်ရင်း နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရတော့သည်။ သူ၏ အသက်ရှူသံများမှာ ရပ်တန့်သွားပြီဖြစ်၏။ သူသည် ဖုန့်ချိုးရန်၏ ရင်ခွင်ထဲတွေရှိနေသော မွေးကင်းစကလေးငယ်လေးအား စိုက်ကြည့်နေမိတော့သည်။ သူ၏ အတွေးထဲတွင်မူ ” ဝူချန်း ” ဆိုသည့် အမည်တစ်ခုသာ ရှိနေ၏။

ထို့နောက် ထိုပုံရိပ်ကြီးမှာ မှုန်ဝါးဝါးဖြစ်သွားပြီး သူသည် ဗေဒါပင်ကြီးပေါ်၌ သစ်သီးတစ်လုံး ရင့်မှည့်လာသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ဖုန့်ချိုးရန်၏ရှေ့သို့ ပြုတ်ကျလာ၏။ ဖုန့်ချိုးရန်မှာ ထိုသစ်သီးအား ကောက်ယူလိုက်ပြီးနောက် ထို မွေးကင်းစကလေးငယ်လေး၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထိုအခါ ထိုကလေးငယ်လေးမှာ ထိုသစ်သီးအား အငမ်းမရ စုပ်လိုက်သဖြင့် ၎င်းမှာ ချက်ချင်းပင် အရည်ပျော်ကျသွားပြီး ပျောက်ကွယ်သွားတော့သည်။

ဖုန့်ချိုးရန်မှာမူ နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ်လိုက်ပြီး နောက်ဆုံးတွင် ထွက်ခွာသွားတော့သည်။ ဖုန့်ချိုးရန် ထွက်ခွာသွားသည့်ပုံရိပ်မှာ နောက်ဆုံးပုံရိပ်ဖြစ်ပြီး ၎င်းမှာလည်း တဖြည်းဖြည်းနှင့် မှုန်ဝါးသွား၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ ဗေဒါပင်ကြီး၏ မှတ်ဉာဏ်များထဲမှ ပြန်လည်နိုးထလာသည်အလား ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ၏ မျက်ဝန်းများမှာလည်း ကြည်လင်ပြတ်သားသွားပြီဖြစ်ပြီး သူသည် သူ့အား စောင့်ကြည့်နေသည့် တာအိုနန်းတော် ကျင့်ကြံသူတစ်သန်းတိတိ ပတ်လည်ဝိုင်းနေသော တောင်ထိပ်ပေါ်သို့ ပြန်ရောက်သွားပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးမှ အသိစိတ်ပြန်ဝင်လာ၏။ ထို့ကြောင့် သူသည် ခါးမတ်မတ်ထားလိုက်ပြီး နောက်သို့လှည့်၍ မဟာထိပ်သီးအကြီးအကဲကြီး သုံးယောက်ကို လှမ်းကြည့်မိလိုက်သည်။ သူတို့မှာ မည်သည့်အရာကိုမှ သတိမထားမိခဲ့သည့်ပုံပင်။

ထို့ကြောင့် သူတစ်ယောက်တည်းသာလျှင် ဗေဒါပင်ကြီး၏ မှတ်ဉာဏ်များကို မြင်ခဲ့ရခြင်းဖြစ်နိုင်ကြောင်း ဝမ်ပေါင်လဲ့က ကောက်ချက်ချလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူသည် မွေးစားဂိုဏ်းသားတစ်ယောက် ဖြစ်နေပြီး အခြား အကြီးအကဲ သုံးယောက်မှာ အတွင်းစည်းဂိုဏ်းသားများသာ ဖြစ်နေကြသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ဗေဒါပင်ကြီးနှင့် ကောင်းမွန်စွာ ချိတ်ဆက်နိုင်စွမ်းမရှိပေ။ သို့ဖြစ်ရာ သူတို့သုံးယောက်မှာ သူမြင်တွေ့ခဲ့ရသည့် ပုံရိပ်များကို မမြင်ခဲ့ရလောက်ပေ။

ထို့ကြောင့် ဖုန့်ချိုးရန် တစ်ယောက်သာလျှင် ထိုမွေးကင်းစကလေးငယ်လေး၏ နောက်ကြောင်းရာဇဝင် အစစ်အမှန်နှင့် သူရှိနေသည် နေရာအား သိရှိထားရခြင်းဖြစ်ရပေမည်။ ယခုတွင် သူလည်း သိသွားပြီဖြစ်သည်။

တာအိုဂိုဏ်းသား ဝူချန်း ဖုန့်ချိုးရန်၏ လက်ထဲသို့ မည်သို့မည်ဖုံ ရောက်ရှိသွားခဲ့သည်ကို ဝမ်ပေါင်လဲ့က သေချာမသိပေ။ သို့သော် သူ သေသေချာချာ သိထားသည့် အချက်မှာ ပြည်ထောင်စုဥက္ကဋ္ဌဟောင်းကြီး လီရှင်းဝမ်သည် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်မှ ထွက်ခွာလာခဲ့ပြီးနောက် မွေးကင်းစ ကလေးငယ်တစ်ယောက်အား ပြည်ထောင်စုကြီးဆီသို့ပြန်ခေါ်လာခဲ့သည့် အချက်ပင် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လတ်တလောတွင် ထိုကိစ္စအကြောင်း ခဏမေ့ထားလိုက်ရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ပတ်ပတ်လည်တွင် ရှိနေသော တာအိုနန်းတော် ကျင့်ကြံသူများအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် သူတို့၏ရှေ့တွင် မဟာထိပ်သီးအကြီးအကဲကြီး သုံးယောက်ဆီသို့ လျှောက်လှမ်းသွားလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ တရိုတသေ ဦးညွှတ်လိုက်တော့သည်။

” မဟာထိပ်သီးအကြီးအကဲကြီး သုံးယောက်ကို ဂါရဝပြုပါတယ် ”

ထိုအခါ ဖုန့်ချိုးရန်မှာ ပြုံးမိသွားပြီး ပြန်၍ ဦးညွှတ်လိုက်၏။ မြဲ့လျဲ့ကျိမှာမူ စိတ်မပါလက်မပါ အမူအရာဖြင့် ဦးညွှတ်လိုက်ပြီးနောက် တာအိုဘုန်းတော်ကြီး ယိုရန်မှာမူ ထုံးစံအတိုင်း နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်ပြလိုက်၏။

” မဟာထိပ်သီးအကြီးအကဲကြီး ဝမ်ပေါင်လဲ့ကို ဂါရဝပြုပါတယ် ”

သူတို့လေးယောက် တောင်ထိပ်ပေါ်တွင်ရပ်ရင်း အပြန်အလှန် ဂါရဝပြုနေကြသည့် မြင်ကွင်းမှာ ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများ၏ မှတ်ဉာဏ်များထဲတွင် ထာဝရ စွဲထင်ကျန်ရစ်သွားပြီ ဖြစ်သည်။ ထို့နောက် သူတို့မှာလည်း ဦးညွှတ်ဂါရဝပြုလိုက်ကြ၏။

” မဟာထိပ်သီးအကြီးအကဲကြီးဝမ်ကို ဂါရဝပြုပါတယ် ”

သူတို့၏အော်ဟစ်သံများမှာ မိုးခြိမ်းသံများခဲ့သို့ ဆူညံနေပြီး ကောင်းကင်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။ ထိုအချိန်တွင် တာအိုနန်းတော် ခေါင်းလောင်းများမှာ စတင်မြည်သည်း သွား၏။ ထိုသို့ဖြင့် အခမ်းအနားမှာ ပြီးဆုံးသွားတော့သည်။

ယခုမှစ၍ ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ အဖွဲ့အစည်းသုံးခုသာ ရှိနေကြတော့မည် မဟုတ်ပေ။ စတုတ္ထမြောက် မဟာထိပ်သီး အကြီးအကဲတစ်ယောက် ပေါ်ပေါက်လာပြီ မဟုတ်ပါလော။

ပြည်ထောင်စုဂိုဏ်းသားမှာ အသံအကျယ်ဆုံးနှင့် စိတ်အလှုပ်ရှားဆုံးဖြစ်နေကြသည်။ မဟာထိပ်သီးအကြီးအကဲကြီးသုံးယောက်မှာ ပြုံးကာ တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်ကြ၏။ ထို့နောက် ဖုန့်ချိုးရန်မှာ ဂိုဏ်းကိုယ်စား ရာထူးအပြောင်းအလဲများကို ကြေညာပေးလိုက်၏။

မီးစိမ်းကျွန်းမှာ ဝမ်ပေါင်လဲ့ အပိုင်စားရသော ကိုယ်ပိုင်ကျွန်းတစ်ခု အဖြစ်သို့ ရောက်သွားပြီဖြစ်သည်။ ထို့အပြင် သူသည် ကျယ်ပြန့်တာအိုနန်းတော်အနီးရှိ အခြား ကျွန်းဒါဇင်ပေါင်းများစွာကိုလည်း အုပ်ချုပ်ခွင့်ရသွားရပြီ ဖြစ်သည်။ ထို့အပြင် ပင်မကျွန်းပေါ်တွင်လည်း စတုတ္ထမြောက် မဟာထိပ်သီးအကြီးအကဲကြီးအတွက် စတုတ္ထ‌မြောက် နန်းတော်တစ်ခုကို တည်ဆောက်တော့မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုနန်းတော်ထဲတွင် နေ့စဉ်နေ့တိုင်း‌ လေ့ကျင့်နိုင်ပေသည်။ ဂိုဏ်းမှာ ၎င်း၏ အရွယ်အစားနှင့် ဒီဇိုင်းပုံစံအား အဆင့်အမြင့်ဆုံးဖြစ်အောင် ကြိုးစားတည်ဆောက်ပေးမည် ဖြစ်သည်။ ထို့အပြင် သူတို့မှာ ထိုဆောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သောပစ္စည်းများကိုလည်း ငွေကုန်ကြေးကျခံ၍ အရင်းအနှီးစိုက်ထုတ်ပေးဦးမည်လည်း ဖြစ်သည်။

ထို့အပြင် သူသည် အခြားသော မဟာထိပ်သီးအကြီးအကဲသုံးယောက်နည်းတူ လူအများ၏ တရိုတသေ ဆက်ဆံခြင်းကို ခံရမည်ဖြစ်သလို ဂိုဏ်း၏ အုပ်ချုပ်ရေးအပိုင်းတွင်လည်း ဆုံးဖြတ်ချက်များ ဝင်ရောက်ချမှတ်နိုင်မည် ဖြစ်သည်။ ထိုမျှသာမက သူသည် ပြည်ထောင်စုကြီးနှင့် ကျယ်ပြန့်တာအိုနန်းတော်တို့၏ ကြားရှိ သံတမန်ဆက်ဆံရေးအားလုံးကိုလည်း တာဝန်ယူရမည်ဖြစ်သည်။

ထို့အပြင် သူသည် အခြားသော လုပ်ပိုင်ခွင့်အသေးအမွှားလေးများကိုလည်း ပိုင်ဆိုင်သွားဦးမည်ဖြစ်သည်။ လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်အား အုပ်ချုပ်နေသည့် အချုပ်အခြာအာဏာပိုင် လေးယောက်ထဲမှ တစ်ယောက်ဖြစ်သွားပြီ ဖြစ်သည်။

ထိုကဲ့သို့ဖြစ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။ ဝမ်ပေါင်လဲ့မှာ နှစ်နှစ်ဆိုသည့် အချိန်တိုလေးအတွင်းတွင် အပြင်လူတစ်ယောက်အဖြစ်မှ ဂိုဏ်းထဲ၌ ဩဇာအာဏာအလွန်ကြီးမားသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူကမှ တွေးမိခဲ့ကြမည်မဟုတ်ပေ။

အမှန်အတိုင်းဆိုရလျှင် ဝမ်ပေါင်လဲ့သာ ယွမ်ယင်အဆင့်မှ ဖောက်ထွက်ကာ ဝိညာဉ်ကြားခံနယ်အဆင့်အထိ ရောက်ရှိသွားမည်ဆိုပါက သူသည် ဂိုဏ်းထဲ၌ တစ်ပါးတည်းသော မင်းအဖြစ်သို့ ပြောင်းလဲသွားနိုင်ခြေ ရှိပေသည်။

ဖုန့်ချိုးရန် သူမ၏ကြေညာချက်အား အဆုံးသတ်လိုက်ပြီးနောက် အခမ်းအနားကြီးမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။ လူတိုင်းမှာ ဘေးချင်းကပ်လျက် ရပ်နေကြသည့် မဟာထိပ်သီးအကြီးအကဲကြီး သုံးယောက်အား လှမ်းကြည့်နေကြသည်။ ထိုအချိန်တွင် ဖုန့်ချိုးရန်မှာ ပြုံးကာ ဝမ်ပေါင်လဲ့အား ကျောက်စိမ်းပေလွှာတစ်ခု လှမ်းပေးလိုက်၏။

” အကြီးအကဲဝမ်။ အခု ရာထူးအသစ်တွေကို အပ်နှင်းပေးဖို့ပဲ ကျန်တော့တယ်။ အကြီးအကဲကြီးပဲ ကြေညာပေးလိုက်ပါ‌။ တကယ်လို့ အကြီးအကဲကြီးဘက်က အပြောင်းအလဲလေးတွေ လုပ်ချင်တယ်ဆိုရင် မကြေညာသေးဘဲ ကျော်သွားလိုက်လို့ရပါတယ်။ နောက်မှ ဆွေးနွေးကြတာပေါ့ ”

ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန်အား စိုက်ကြည့်နေရင်း ဗေဒါပင်ကြီး၏ မှတ်ဉာဏ်များမှာ သူ၏အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ခေါင်းညိတ်ကာ သူမအား တရိုတသေ ဦးညွှတ်လိုက်ပြီး သူမဆီမှ ကျောက်စိမ်းပေလွှာအား လှမ်းယူလိုက်သည်။ သူသည် ထိုကျောက်စိမ်းပေလွှာအား ဖတ်ရှုပြီးသွားသောအခါ ခေါင်းမော့လာပြီး သူမအား တအံ့တဩနှင့် စိုက်ကြည့်နေမိတော့သည်။

ဖုန့်ချိုးရန်မှာ နှုတ်ဆိတ်ကာ ပြုံးမြဲပြုံးနေဆဲဖြစ်ပြီး မြဲ့လျဲ့ကျိမှာမူ အသက်မပါသည့် မျက်နှာအမူအရာဖြင့် ရပ်နေ၏။ တာအိုဘုန်းတော်ကြီး ယိုရန်မှာမူ နဂိုအတိုင်း ကိုယ်ဟန်အမူအရာ သိမ်မွေ့နေဆဲပင်။ သူ၏မျက်ဝန်းများထဲတွင် ဝမ်ပေါင်လဲ့အား ထောက်ခံအားပေးလိုသည့် အရိပ်အယောင်များပင် ကိန်းအောင်နေသေးသည်။

ဝမ်ပေါင်လဲ့မှာ ထိုအကြီးအကဲကြီး သုံးယောက်ကို ကြည့်လိုက်ပြီးနောက် နောက်သို့လှည့်ကာ သူ၏ ပတ်ပတ်လည်ရှိ ဂိုဏ်းသားများကို ကြည့်လိုက်သည်။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် စကားပြောလိုက်၏။ သူ၏စကားသံမှာ ကြည်လင်ပြတ်သားနေပြီး လေထဲ၌ ပဲ့တင်ထပ်သွားသည်။

” ခုန်းတောက်။ ရှေ့ကိုထွက်ခဲ့ပါ ”

ထိုအခါ ပြည်ထောင်စုဂိုဏ်းသားများ၏ ကြားတွင် ရပ်နေသည့် ခုန်းတောက်မှာ ကြက်သေသေသွားရ၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် လေပေါ်သို့ခုန်တက်သွားကာ ဝမ်ပေါင်လဲ့၏ ရှေ့သို့ ရောက်ရှိလာပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်တော့သည်။

” မဟာထိပ်သီးအကြီးအကဲကြီးကို ဂါရဝပြုပါတယ် ”

” ခုန်းတောက်ကို ယာယီအကြီးအကဲရာထူး အပ်နှင်းလိုက်တယ်။ သူ ယွမ်ယင်အဆင့်ကို ရောက်သွားတာနဲ့ သူ့ကို အကြီးအကဲအဆင့်အထိ ချက်ချင်း ရာထူးတိုးပေးမှာဖြစ်တယ် ”

ထိုအခါ ခုန်းတောက်မှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး ချက်ချင်းပင် ကျေးဇူးတင်စကားဆိုလိုက်၏။ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ယွမ်ယင်အဆင့် ကျင့်ကြံသူများသာလျှင် အကြီးအကဲတစ်ယောက် ဖြစ်လာခွင့်ရှိကြောင်း သူက သိထား၏။ ဝိညာဉ်ကြားခံနယ်အဆင့်သို့ ရောက်ရှိသွားသည့်လူများမှာမူ မဟာထိပ်သီးအကြီးအကဲအဆင်သို့ ရာထူးတိုးသွားကြမည် ဖြစ်သည်။

အကြီးအကဲတစ်ယောက် ရရှိပိုင်ဆိုင်နိုင်သည့် အကျိုးခံစားခွင့်များမှာ သာမန်ဂိုဏ်းသားများနှင့် လုံးဝမတူဘဲ ကွဲပြားပေသည်။ သူသည် ယာယီအကြီးအကဲတစ်ယောက်သာ ဖြစ်ပါသော်လည်း အကြီးအကဲတစ်ယောက်၏ အကျိုးခံစားခွင့် အားလုံးနီးပါးကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

” ကျောက်ယမုန့်။ ရှေ့ကို ထွက်ခဲ့ပါ ” ဝမ်ပေါင်လဲ့၏ ကြေညာချက်မှာ မပြီးသေးပေ။ ခုန်းတောက် နောက်သို့ဆုတ်သွားပြီးနောက် သူသည် နောက်ထပ်နာမည်တစ်ခုကို အော်ခေါ်လိုက်၏။

ထိုအခါ ကျောက်ယမုန့်မှာလည်း အသက်ပြင်းပြင်းရှူကာ လေပေါ်သို့ ခုန်တက်သွားလိုက်၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့၏ရှေ့သို့ ရောက်ရှိလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်သည်။

” ကျောက်ယမုန့်ကို ကျယ်ပြန့်တာအိုနန်းတော်ရဲ့ အကြီးအကဲရာထူး အပ်နှင်းလိုက်တယ် ”

ဝမ်ပေါင်လဲ့၏ စကားသံကိုကြားလိုက်ရသောအခါ ဘေးပတ်ပတ်လည်ရှိ ဂိုဏ်းသားများမှာ အံ့အားသင့်သွားကြပါသော်လည်း အသံမထွက်ရဲကြပေ။ ကျယ်ပြန့်တာအိုနန်းတော်မှ အကြီးအကဲများအားလုံးမှာ ယွမ်ယင်အဆင့်တွင် ရှိနေကြသည်မဟုတ်ပါလော။ ကျောက်ယမုန့်မှာ အမြုတေအဆင့်တွင်သာ ရှိနေသေးသည်ဖြစ်သည်။ သို့သော် သူမသည် ရှိခိုးနန်းတော်အဆောင်ထဲ၌ အတွင်းစည်းဂိုဏ်းသားရာထူးကို ဆွတ်ခူးနိုင်ခဲ့သည်ဖြစ်ကြောင်း လူအများစုက သိရှိထားကြ၏။ ထို့ကြောင့် သူတို့မှာ ဂိုဏ်း၏လုပ်ရပ်ကို နားလည်ပေသည်။

အတွင်းစည်းဂိုဏ်းသားတစ်ယောက်၏ ရာထူးအဆင့်အတန်းမှာ အလွန်အင်မတန်မှ မြင့်မား၏။ သို့ဖြစ်ရာ ထိုရာထူးကိုပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်မှာ သာမန်ဂိုဏ်းသားတစ်‌‌ယောက်သာမက ယာယီဂိုဏ်းသားတစ်ယောက် အနေနှင့်ပါ ရှိမနေသင့်ပေ။

ကျောက်ယမုန့်မှာ အသက်ရှူသံများ မြန်ဆန်လာပြီးနောက် ခေါင်းမော့ကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူမသည် အသာအယာပြုံးကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကျေးဇူးတင်စကားဆိုလိုက်၏။ သူမ ထွက်ခွာသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ ကြေညာချက်မှာ ပြီးဆုံးသွားခြင်းမရှိသေးပေ။

” ဒီနေ့ကစပြီးတော့ အခြေတည်ထိပ်ဆုံးအဆင့်ကို ရောက်တဲ့ ပြည်ထောင်စု ကျင့်ကြံသူတိုင်းကို အမြုတေအဆင့်အဆောင်ထဲ သုံးကြိမ်တိတိ ဝင်ရောက်ခွင့်ပေးမယ်။ အဲဒီအဆောင်ထဲမှာ လေ့ကျင့်ပြီးရင် အမြုတေအဆင့်ကို ဖောက်ထွက်နိုင်မှာဖြစ်တယ် ”

” ဂိုဏ်းချုပ်ကြီးရှု။ ဂိုဏ်းချုပ်ကြီးက ဖောက်ထွက်နိုင်ဖို့အတွက် ယွမ်ယင်ပညာရပ်အဆောင်ထဲကို ဝင်ခွင့်ပေးဖို့ တောင်းဆိုထားတာနော်။ အဲဒီတောင်းဆိုချက်ကို ခွင့်ပြုလိုက်တယ် ”

ထိုကြေညာချက်များကြောင့် တာအိုနန်းတော် တစ်ခုလုံးမှာ အံ့ဩတုန်လှုပ်သွားရပြန်သည်။ ပြည်ထောင်စုကျင့်ကြံသူများမှာမူ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေကြ၏။ ဖုန့်ချိုးရန်မှာ ဝမ်ပေါင်လဲ့အား လက်ဆောင်အကြီးကြီးတစ်ခု ပေးခဲ့သည်မဟုတ်ပါလော။ သူမသည် သူ့အား ကြေညာချက်များကို ထုတ်ပြန်ခိုင်းခဲ့သဖြင့် သူသည် သူ၏ လုပ်ပိုင်ခွင့်အာဏာများကို လူအများသိအောင် ထုတ်ပြနိုင်ခဲ့၏။

နောက်ဆုံးတွင် အခမ်းအနားကြီး ပြီးဆုံးသွားပြီဖြစ်သောကြောင့် လူအုပ်ကြီးမှာလည်း တဖြည်းဖြည်းနှင့် ပါးသွားပြီဖြစ်သည်။ ထို့နောက် စတုတ္ထမြောက်နန်းတော်၏ ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်လိုက်တော့သည်။ ထိုလုပ်ငန်း ပြီးစီးသည့်အချိန်အထိ ဝမ်ပေါင်လဲ့မှာ မီးစိမ်းကျွန်းပေါ်တွင် စောင့်ဆိုင်းနေရမည် ဖြစ်သည်။ ဂိုဏ်းချုပ်ကြီးရှုမှာ စီမံခန့်ခွဲရေးကိစ္စများအားလုံးကို တာဝန်ယူထားမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ မီးစိမ်းကျွန်းဆီသို့ ပြန်ရောက်သွားပြီးနောက် သူ၏ ဂူဗိမာန်ထဲသို့ ပြန်သွားလိုက်၏။ ထို့နောက် သူသည် အသက်ရှူသံများမြန်ဆန်လာရတော့သည်။ သူသည် သူ၏ နှလုံးသားထဲ၌ တစ်စုံတစ်ခုအား အချိန်အတော်အတန်ကြာအောင် မျိုသိပ်ထားခဲ့ရသည့်ပုံ ပေါက်နေ၏။ နောက်ဆုံးတွင် သူသည် လုံးဝမမျိုသိိပ်နိုင်တော့သဖြင့် အသက်ရှူသံများ လေးလံသွားရပြီး အသိစိတ်ထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာတော့သည်။

” လီဝူချန်း… သူပဲ ဖြစ်ရမယ်။ သူက ကျယ်ပြန့်တာအိုနန်းတော်ရဲ့ တာအိုဂိုဏ်းသားဟောင်း ဝင်စားတဲ့လူတစ်ယောက် ဖြစ်နေရတယ်လို့ ” ဝမ်ပေါင်လဲ့မှာ အလွန်အမင်း အံ့ဩတုန်လှုပ်နေရသဖြင့် ထိုအချက်အား လက်မခံနိုင်လောက်အောင် ဖြစ်နေရဆဲပင်။ ထိုသို့ ဖြစ်နေရခြင်းမှာ သူ ရှိခိုးနန်းတော်အဆောင်ထဲ၌ ကြုံတွေ့ခဲ့ရသည့် အရာများကြောင့် ဖြစ်ပေသည်။ တာအိုဂိုဏ်းသားတစ်ယောက်မှာ မည်မျှအထိ လုပ်ပိုင်ခွင့်အာဏာကြီးမားကြောင်း သူက ကောင်းကောင်းကြီးသိထား၏။ ထိုကဲ့သို့သော လူမျိုးမှာ ကမ္ဘာကြီးအား လိုသလို ထိန်းချုပ်နိုင်စွမ်းရှိပေသည်။

ထို့ကြောင့် သူသည် လက်မခံချင်ဘဲ ဖြစ်နေရ၏။ သူသည် ပင်ပန်းဆင်းရဲကြီးစွာ ကြိုးစားခဲ့ရကာ သေမင်းခံတွင်းဝမှ အကြိမ်ကြိမ် လွတ်မြောက်လာခဲ့ပြီးမှ မွေးစားဂိုဏ်းသားအဆင့်ကို ရရှိခဲ့သည် မဟုတ်ပါလော။ သို့သော် လီဝူချန်းမှာမူ တာအိုဂိုဏ်းသားတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ သူတို့နှစ်ယောက်၏ကြားတွင် ပဋိပက္ခများ ရှိနေခြင်းပင်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ထိုကိစ္စကြောင့် ခေါင်းခဲလာရတော့သည်။

” လီဝူချန်းက ငါ့လောက်လည်း မချောသလို ငါ့လောက်လည်း သဘောထားမကြီးတာ မျက်လုံးပါတဲ့လူတိုင်း သိပါတယ်။ သူက သဘောထားသေးသိမ်ပြီးတော့ အငြိုးအတေးကြီးတဲ့ လူတစ်ယောက်ကွ။ တကယ်လို့ သူသာ သူ့ရဲ့ အတိတ်ဘဝကို ပြန်မှတ်မိသွားမယ်ဆိုရင် ငါ့ကို ပြဿနာလာမရှာနိုင်ဘူးလို့ ပြောလို့မရဘူး… ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း စိုးရိမ်ပူပန်နေရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset