စတုတ္ထမြောက် မဟာထိပ်သီးအကြီးအကဲနှင့် ပတ်သတ်သည့် သတင်းများကြောင့် ကျယ်ပြန့်တာအိုနန်းတော်တစ်ခုလုံးမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။ ဖုန့်ချိုးရန်မှာ နောက်သုံးရက်အကြာတွင် ဗေဒါပင်ကြီး၏အောက်၌ အခမ်းအနားတစ်ခု ကျင်းပမည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။
ထို ကြေညာချက်ကြောင့် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ပြည်ထောင်စုကျင့်ကြံသူများအားလုံးမှာ စိတ်လှုပ်ရှားသွားကြသည်။ လီယီပင်လျှင် နှုတ်ဆိတ်သွားရပြီး သက်ပြင်းများချကာ သူမ၏စိတ်ကို တည်ငြိမ်အောင်ထားလိုက်ရ၏။ သူမသည် ဝမ်ပေါင်လဲ့အား ရွံရှာမုန်းတီးပါသော်လည်း သူတို့နှစ်ယောက်၏ အရည်အချင်းမှာ မိုးနှင့်မြေလို ကွာခြားနေသည့်အချက်ကို ငြင်းဆန်၍ မရပေ။
ထို့အပြင် သူမသည် အချက်တစ်ချက်ကိုလည်း ကောင်းကောင်းကြီး နားလည်ထားသေးသည်။ ထိုအခမ်းအနား ပြီးစီးသွားပါက ဝမ်ပေါင်လဲ့မှာ စတုတ္ထမြောက် မဟာထိပ်သီးအကြီးအကဲအဖြစ်သို့ တရားဝင် ရောက်ရှိသွားတော့မည် ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ပြည်ထောင်စုကျင့်ကြံသူများ၏ ခေါင်းဆောင်အဖြစ်သို့ အလိုလို ရောက်ရှိသွားမည်မှာ မလွဲဧကန်ပင်။
ထိုကြောင့် ပြည်ထောင်စုကျင့်ကြံသူတိုင်းမှာ ဝမ်ပေါင်လဲ့၏ လက်အောက်ငယ်သားများအဖြစ်သို့ ရောက်ရှိသွားကြတော့မည် ဖြစ်သည်။ သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ စတုတ္ထမြောက် အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စုအဖွဲ့အစည်းကို တည်ထောင်ကြမည်ဖြစ်သည်။
လီယီပင်လျှင် ထိုအချက်အား ခန့်မှန်းနိုင်စွမ်းရှိနေသည်ဖြစ်ရာ အခြားသူများမှာလည်း ထိုနည်းတူပင်။ အခမ်းအနား မကျင်းပမီ သုံးရက်အတွင်းတွင် ဂိုဏ်းချုပ်ကြီးရှုမှာ သူ၏ အချိန်အများစုကို ဝမ်ပေါင်လဲ့၏ မီးစိမ်းကျွန်းပေါ်၌သာ ကုန်ဆုံးစေခဲ့၏။ သူသည် ဝမ်ပေါင်လဲ့၏ ကိုယ်စား ထိုကျွန်းအား အဓိက တာဝန်ယူပေးနေခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့၏ ရာထူးအဆင့်အတန်းမှာ အလွန်အင်မတန်မှ မြင့်မားကြောင်း သူသည် လက်ခံထားပြီးသား ဖြစ်သည်။ သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ မွေးစားဂိုဏ်းသားနှင့် မဟာထိပ်သီးအကြီးအကဲဆိုသည့် ရာထူးအဆင့်အတန်းနှစ်ခုကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ပြည်ထောင်စုဥက္ကဋ္ဌကြီးနှင့် အခြား နိုင်ငံရေးအင်အားစုများမှာ သူ့အား တရိုတသေ ဆက်ဆံရတော့မည် မဟုတ်ပါလော။
” သွမ့်မုချွယ်တော့ ဒီအကြောင်းသိသွားရင် သွေးပျက်သွားလောက်တယ်… ” ဂိုဏ်းချုပ်ကြီးရှုမှာ စိတ်ထဲတွင် ကျေနပ်နေသည့် အမူအရာဖြင့် ရေရွတ်လိုက်၏။ လပေါ်တွင် ရှိခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့မှာ သူ၏ အစီအစဉ်များကို အမှုမဲ့ အမှတ်မဲ့နှင့် ဖျက်ဆီးခဲ့ပါသော်လည်း အမှန်တွင်မူ သွမ့်မုချွယ်၏ ဝင်ရောက်နှောက်ယှက်မှုများကြောင့်သာ သူ၏အစီအစဉ်များမှာ ပျက်ပြားသွားခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း ဂိုဏ်းချုပ်ကြီးရှုမှာ သွမ့်မုချွယ်တစ်ယောက် ဒုက္ခများနှင့် ကြုံရရန် မျှော်လင့်နေခြင်း ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့၏ ရှေ့တွင် ကိုယ်နှုတ်အမူအရာ ဆင်ခြင်ခဲ့ပြီး သူ့ကိုယ်သူ ဝါကြီးသော လူတစ်ယောက်အဖြစ် သဘောထားခဲ့ခြင်း မရှိပေ။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့အား ရိုရိုသေသေ ဆက်ဆံခဲ့ပြီး ထိုသုံးရက်အတွင်း သူဆီသို့ လာရောက်လည်ပတ်ခဲ့သည့် ဧည့်သည်များကို ကူ၍ လက်ခံတွေ့ဆုံပေးနေခဲ့၏။
သူ၏ အကူအညီများကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံး လှုပ်ရှားသွားရသလို ကျေးဇူးလည်း တင်မိသွားသည်။ မဟာထိပ်သီးအကြီးအကဲတစ်ယောက် ဖြစ်လာတော့မည်ဆိုသော အတွေးများကြောင့် သူသည် စိတ်လှုပ်ရှားနေရပြီဖြစ်သည်။ သူ၏ အတွေးများမှာ ဂိုဏ်းချုပ်ကြီးရှုနှင့် ထပ်တူကျနေ၏။ သူသည် ပြည်ထောင်စုကြီးဆီသို့ မဟာထိပ်သီးအကြီးအကဲတစ်ယောက်အဖြစ် ပြန်ရောက်သွားမည်ဆိုပါက မည်သို့မည်ဖုံ ကြိုဆိုခံရလိမ့်မည်နည်းဟု တွေးတောနေတော့သည်။
ထိုအတွေးများကြောင့် သူသည် စိတ်ဓာတ်များတက်ကြွလာရ၏။ သူ သုံးရက်တိတိ ဧည့်သည်များကို လက်ခံတွေ့ဆုံလိုက်ပြီးနောက် အခမ်းအနား ကျင်းပမည့်နေ့သို့ ရောက်ရှိလာတော့သည်။
ထို့နေ့တွင် ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ ကျင့်ကြံသူအားလုံးမှာ စုဝေးနေကြပြီ ဖြစ်သည်။ သူတို့၏ စုစုပေါင်းအရေအတွက်မှာ အယောက်တစ်သန်းတိတိ ရှိပေသည်။ ပင်မကျွန်းပေါ်တွင် နေရာမလောက်သောကြောင့် သူတို့ထဲမှအများစုမှာ ကျွန်း၏ ဘေးပတ်ပတ်လည်ရှိ လေထဲတွင် ရစ်ဝဲနေကြရသည်။ သူတိုအားလုံးမှာ ဧရာမ ဗေဒါပင်ကြီးအား စိုက်ကြည့်နေကြ၏။
လက်ရှိတွင် ထိုဗေဒါပင်ကြီး၏ အောက်၌ လူသုံးယောက်သာ ရှိသေးသည်။ သူတို့မှာ ဖုန့်ချိုးရန်၊ တာအိုဘုန်းတော််ကြီး ယိုရန်နှင့် မြဲ့လျဲ့ကျိတို့ပင် ဖြစ်သည်။ သူတို့သုံးယောက်မှာ သစ်ပင်ကြီးအောက်တွင် တည်ကြည်စွာ ရပ်နေကြ၏။ ထိုအချိန်တွင် ဖုန့်ချိုးရန်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် တည်ကြည်စွာဆိုလိုက်သည်။ သူမ၏စကားသံမှာ မိုးခြိမ်းသံခဲ့သို့ ပဲ့တင်ထပ်သွားပြီး ဩဇာညောင်းလွန်းလှပေသည်။
” မဟာထိပ်သီးအကြီးအကဲဝမ်။ ကျေးဇူးပြုပြီး ရှေ့ကိုကြွပါ ”
ဖုန့်ချိုးရန်၏ စကားသံမှာ လေထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုအခါ ဘေးပတ်ပတ်လည်ရှိ ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာလည်း ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရိုသေလေးစားမှုအပြည့်ဖြင့် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
” မဟာထိပ်သီးအကြီးအကဲဝမ်။ ကျေးဇူးပြုပြီး ရှေ့ကိုကြွပါ ”
အသံမျိုးစုံ ပေါ်ထွက်လာပြီး အားကောင်းသော အသံလှိုင်းတစ်မျိုးမှာ ကောင်းကင်ပေါ်သို့ ပျံ့နှံ့သွား၏။ ထိုအချိန်တွင် လူတိုင်းမှာ ပင်မတောင်ထိပ်၏ တောင်ခြေ၌ တစ်ယောက်တည်း မတ်တတ်ရပ်နေသည့် လူတစ်ယောက်အား လှမ်းကြည့်လိုက်ကြသည်။
ဝမ်ပေါင်လဲ့မှာ အဖြူရောင်ဝတ်ရုံများ ဆင်မြန်းထား၏။ ထိုဝတ်ရုံ၏ ရင်ဘတ်နေရာတွင်မူ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး၏ပုံအား ပန်းထိုးထားသည်။ ၎င်းမှာ အစစ်ဟုမထင်ရပဲ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။ သူ၏ ဝတ်ရုံများထဲတွင် ထူးဆန်းသောစွမ်းအားတစ်မျိုး ကိန်းအောင်နေသကဲ့သို့ပင်။ ထိုဝတ်ရုံများ၏ အောက်တွင်ရှိနေသော ဝမ်ပေါင်လဲ့မှာ တောက်ပသောအလင်းရောင်တစ်ခုကို ထုတ်လွှတ်နေသကဲ့သို့ ဖြစ်နေသောကြောင့် မည်သူကမှ သူ့အား သေသေချာချာ စိုက်မကြည့်နိုင်ဘဲ ဖြစ်နေရ၏။
ထိုဝတ်ရုံများမှာ မဟာထိပ်သီးအကြီးအကဲများသာ ဆင်မြန်းခွင့်ရှိသော မဟာထိပ်သီးတာအိုဝတ်ရုံများ ဖြစ်ကြပေသည်။
အခမ်းအနားကို နှစ်ပိုင်းခွဲထား၏။ ပထမအပိုင်းတွင် ဝမ်ပေါင်လဲ့မှာ တစ်ဂိုဏ်းလုံး၏ရှေ့၌ တောင်ထိပ်ပေါ်သို့ တက်ရမည် ဖြစ်သည်။ သူသည် ဂိုဏ်း၏ ပင်မအချက်အချာဖြစ်သော ဗေဒါပင်ကြီး၏ အောက်သို့ရောက်အောင် သွားရမည် ဖြစ်သည်။ ၎င်းမှာ မဟာထိပ်သီးအကြီးအကဲများအတွက် သီးသန့်သတ်မှတ်ထားသည့် နေရာတစ်ခု ဖြစ်၏။
ထို့နောက် သူသည် ဗေဒါပင်ကြီးအား နှုတ်ခွန်းဆက်သရမည် ဖြစ်သည်။
ယခုတွင် လူပေါင်းမြောက်မြားစွာမှာ သူ့အား စိုက်ကြည့်နေကြ၏။ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူတို့အား လျစ်လျူရှုကာ ရှေ့သို့ဆက်လက် ချီတက်သွားလိုက်သည်။ သူသည် တဖြည်းဖြည်းနှင့် အပေါ်သို့တက်သွားပြီးနောက် လူတိုင်း၏ရှေ့တွင် တောင်ထိပ်ပေါ်သို့ ရောက်ရှိသွားပြီး မဟာထိပ်သီးအကြီးအကဲကြီး သုံးယောက်၏ရှေ့၌ ပေါ်ပေါက်လာ၏။ ထိုအခါ သူသည် ခါးကိုမတ်မတ်ထားလိုက်ပြီး သူတို့ သုံးယောက်အား ကြည့်လိုက်၏။
သူတို့မှာလည်း သူ့အား ပြန်ကြည့်လိုက်ကြသည်။ မြဲ့လျဲ့ကျိမှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ရောထွေးနေပြီး အင်အားမဲ့နေသလို ခံစားနေရ၏။ ဖုန့်ချိုးရန်မှာမူ အလွန်အင်မတန်မှ ပျော်ရွှင်နေပြီး တာအိုဘုန်းတော်ကြီး ယိုရန်မှာမူ အလွန်အင်မတန်မှ တည်ကြည်နေ၏။ သူသည် ပုံမှန်အတိုင်း သိမ်မွေ့စွာပြုံးကာ ဝမ်ပေါင်လဲ့အား ထောက်ခံအားပေးလိုသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်၏။
ဝမ်ပေါင်လဲ့မှာမူ တာအိုဘုန်းတော်ကြီးယိုရန်အား အနည်းငယ်ခန့် သံသယဝင်သွားရသည်။ သို့သော် သူသည် အဘယ်ကြောင့် ထိုကဲ့သို့ခံစားနေရမှန်း မသိနိုင်လောက်အောင် ဖြစ်နေရဆဲပင်။
” အကြီးအကဲဝမ်။ ကျေးဇူးပြုပြီးတော့ ဗေဒါပင်ကြီးကို နှုတ်ခွန်းဆက်သလိုက်ပါ။ ဗေဒါပင်ကြီးရဲ့ မျက်မြင်သက်သေနဲ့အတူ သင်က ကျယ်ပြန့်တာအိုနန်းတော်ရဲ့ စတုတ္ထမြောက် မဟာထိပ်သီးအကြီးအကဲအဖြစ်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ် ” ဖုန့်ချိုးရန်မှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် တိုးတိုးလေးဆိုလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းညိတ်လိုက်ပြီး အရင်ဆုံး နောက်သို့လှည့်ကာ သူ၏ ပတ်ပတ်လည်ရှိ လူပင်လယ်ကြီးအား လှမ်းကြည့်လိုက်၏။ သူတို့အားလုံးမှာ သူ့အား စိုက်ကြည့်နေကြသည်ဖြစ်ကြောင်း သူက ခံစားမိနေသည်။ ထို့နောက် သူသည် နောက်သို့ပြန်လှည့်သွားပြီး သူ၏ရှေ့တွင်ရှိနေသော ဗေဒါပင်ကြီးအား စိုက်ကြည့်လိုက်၏။
၎င်းမှာ သစ်ပင်အိုကြီးတစ်ပင် ဖြစ်ပေသည်။ ၎င်း၏ တုတ်ခိုင်သော ပင်စည်ကြီးမှာ အချိန်၏ တိုက်စားမှုကြောင့် အက်ကွဲကြောင်းများဖြင့် ဗရပွဖြစ်နေပြီဖြစ်သည်။ ၎င်းမှာ အချိန်ကြာမြင့်စွာ သက်ရှိထင်ရှားရှိနေခဲ့သော အကြီးအကဲတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး တာအိုနန်းတော်အား ကာကွယ်စောင့်ရှောက်ကာ အဖြစ်အပျက်အားလုံးကို စောင့်ကြည့်ပေးနေ၏။
ဝမ်ပေါင်လဲ့မှာ ထို ဗေဒါပင်ကြီးအား စိုက်ကြည့်နေလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် ရှေ့သို့လှမ်းလာပြီး လူတိုင်း၏ ရှေ့တွင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သစ်ပင်ကြီးအား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
သူ ထိုသို့ အရိုအသေပေးလိုက်သည်နှင့် ဗေဒါပင်ကြီးမှာ ရုတ်တရက်ဆိုသလို အပြင်းအထန် တုန်ရီသွားပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။ လေများ ငြိမ်သက်သွားပြီး ကောင်းကင်ယံထဲရှိ တိမ်တိုက်များမှာလည်း ရပ်တန့်သွား၏။ ထို့နောက် ကျယ်ပြန့်တာအိုနန်းတော်၏ မန္တန်အစီအရင်ကြီး ပေါ်ပေါက်လာပြီး ဘေးပတ်ပတ်လည်ရှိ မီးပင်လယ်ကြီးထဲဆွင်လည်း လှိုင်းလုံးကြီးများ ထလာတော့သည်။ ထိုကမ္ဘာကြီးတစ်ခုလုံးမှာ တုန်ရီနေသကဲ့သို့ပင်။
ထို့ကြောင့် လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားရ၏။ ဝမ်ပေါင်လဲ့အား သူတို့၏ မဟာထိပ်သီးအကြီးအကဲအဖြစ် လက်မခံချင်ဘဲ ဖြစ်နေရသည့် လူများမှာဆိုလျှင် ကြက်သေသေသွားကြတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား မယုံကြည်နိုင်လောက်အောင်ဖြစ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြ၏။
” သူက ဗေဒါပင်ကြီးနဲ့ တကယ်ကို ထပ်တူကျသွားတာပဲ ”
” သူက ဂိုဏ်းရဲ့ မန္တန်အစီအရင်ကြီးကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိနေတာပါလား ”
” အဲဒီနေ့တုန်းက ဖြစ်ပျက်ခဲ့သမျှ အရာတွေအားလုံးက အမှန်ပဲလားဟ ”
ဝမ်ပေါင်လဲ့ သူ၏ မွေးစားဂိုဏ်းသား အသိအမှတ်ပြုတံဆိပ်ပြားအား ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြခဲ့စဉ်တုန်းက ထိုအခြင်းအရာများ ပေါ်ပေါက်လာခဲ့သည် မဟုတ်ပါလော။ သို့သော် ထိုမြင်ကွင်းအား လူတိုင်း မမြင်လိုက်ရပေ။ ထို့ကြောင့် ထိုစဉ်တုန်းက ယခုလိုမျိုး ဆူဆူညံညံ ဖြစ်မသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတွင်မူ လူတိုင်းမှာ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီဖြစ်ရာ သူတို့၏ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာတော့သည်။
သူတို့အားလုံး ထိုကဲ့သို့ အံ့အားသင့်နေကြစဉ် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွား၏။ ထို့နောက် သစ်ပင်ကြီးဆီမှ နတ်ဘုရားအသိစိတ်တစ်ခု ထွက်ပေါ်လာသည်ကို သူက အာရုံခံမိလိုက်သည်။ ၎င်းမှာ သူ၏ သိုလှောင်အိတ်ထဲသို့ လူးလွန့်ဝင်ရောက်သွားပြီး သူ၏ အသိအမှတ်ပြုတံဆိပ်ပြားထဲသို့ ရောက်ရှိသွား၏။
၎င်းမှာ တစ်စုံတစ်ခုအား စစ်ဆေးနေသည့်ပုံပင်။ ခဏအကြာတွင် ထို နတ်ဘုရားအသိစိတ်မှာ သူ၏ အသိအမှတ်ပြုတံဆိပ်ပြားထဲမှ ပြန်လည် ထွက်ခွာသွား၏။ သစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့၏ နောက်ကြောင်းရာဇဝင်ကို သေချာအောင် စုံစမ်းပြီးသွားသည့်ပုံပင်။ ၎င်းမှာ ပို၍ပင် ပြင်းထန်စွာတုန်ရီလာ၏။ ထို့နောက် ထို နတ်ဘုရားအသိစိတ်မှာ ဝမ်ပေါင်လဲ့၏ အတွေးများထဲသို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် သူ၏ အသိစိတ်ထဲ၌ ပုံရိပ်များ ပေါ်ပေါက်လာတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ သူသည် ထိုပုံရိပ်များထဲတွင် ဖုန့်ချိုးရန်အား မြင်လိုက်ရခြင်းဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရမည်ဆိုပါက သူသည် ဧရာမသစ်ပင်ကြီး၏ မှတ်ဉာဏ်များအား မြင်လိုက်ရခြင်း ဖြစ်၏။ ထိုမှတ်ဉာဏ်များထဲတွင် ဖုန့်ချိုးရန်မှာ သစ်ပင်ကြီး၏ရှေ့၌ ရပ်နေ၏။
ထိုပုံရိပ်ထဲမှ ဖုန့်ချိုးရန်မှာ လက်ရှိထက် ပို၍ ငယ်ရွယ်နုပျိုနေပြီး သူမ၏ရင်ခွင်ထဲတွင် မွေးကင်းစကလေးငယ်တစ်ယောက် ရှိနေ၏။
သူမသည် ဝေခွဲမရဖြစ်နေသော အမူအရာဖြင့် ဗေဒါပင်ကြီး၏ရှေ့တွင် ဒူးထောက်နေပြီး သစ်ပင်ကြီးအား တိုးတိုးလေးပြောနေသည်။
ဝမ်ပေါင်လဲ့မှာမူ အသက်ရှူသံများ မြန်ဆန်လာရပြီဖြစ်သည်။ ထိုမြင်ကွင်းမှာ ထူးဆန်းလွန်းနေသည် မဟုတ်ပါလော။ ထိုအချိန်တွင် သူသည် ဖုန့်ချိုးရန် ရေရွတ်နေသည့် စကားများကို ကြားလိုက်ရတော့သည်။
” ဗေဒါပင်အိုကြီးရှင့်။ အဆုံးမဲ့မျိုးနွယ်စုက ကျွန်မတို့ရဲ့ လမ်းခရီးမှာ ကျွန်မတို့ကို ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ အကြီးအကဲတွေက ဒဏ်ရာအပြင်းအထန် ရသွားခဲ့တာမလို့ အခု အိပ်မောကျနေကြပြီ။ ရှေးဟောင်းဓားကြီးကလည်း လမ်းကြောင်းပြောင်းပြီးတော့ နေအဖွဲ့အစည်းလို့ခေါ်တဲ့ နယ်မြေတစ်ခုထဲကိုရောက်သွားပြီ။ ဒီကြယ်စင်စုထဲမှာ ပြည်ထောင်စုကြီးလို့ခေါ်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုရှိတယ်။ ရှေးဟောင်းဓားကြီးရဲ့ အပိုင်းအစတွေက အဲဒီ ပြည်ထောင်စုကြီးထဲကို ရောက်သွားတာမလို့ သူတို့ဆီမှာ ကျင့်ကြံခြင်းခေတ် စတင်သွားပြီ… ကျွန်မ သူတို့ကို လမ်းညွှန်ပေးဖို့ ဆန္ဒရှိတယ်။ အဲတာမှ သူတို့တွေ အစွမ်းထက်လာတဲ့အချိန်ကျရင် တာအိုနန်းတော်ကို ပြန်ပြီးတော့ ကူညီပေးနိုင်မှာ။ အဲအချိန်ကျရင် တာအိုနန်းတော်က ဒီကြယ်စင်စုနဲ့ တစ်သားတည်းပေါင်းစည်းပြီးတော့ ခြေကုပ်တစ်ခု ရသွားမှာ။ အဲတာဆိုရင် ကျွန်မတို့တွေ ပြန်လည်တိုးတက်လာအောင် လုပ်ပြီးတော့ လူမှုအဖွဲ့စည်းအသစ်တွေကို တည်ထောင်လို့ရပြီ ”
” ပြီးတော့ ဒီတာအိုနန်းတော်ထဲမှာ အဆုံးမဲ့မျိုးနွယ်စုထဲက လက်ကျန်အဖွဲ့ဝင်တွေ ရှိနေသေးတယ်လို့ ကျွန်မ ထင်တယ်။ ကျွန်မ သူတို့တွေအကုန်လုံးကို တွေ့အောင်ရှာမှဖြစ်မယ် ”
” အဲတာမလို့… ကျွန်မက ဒီကလေးကို ကျွန်မရဲ့ဘေးမှာ ဆက်မထားရဲတာပါ။ သူ့ကို ကျွန်မတို့ဆီ လာလည်မယ့် ပြည်ထောင်စုကျင့်ကြံသူတွေနဲ့ ထည့်ပေးလိုက်ဖို့ တွေးထားပါတယ်။ သူ ပြည်ထောင်စုကြီးထဲမှာ ကြီးပြင်းလာပါလိမ့်မယ် ”
” သူက အရမ်းကိုအရေးကြီးတဲ့ လူတစ်ယောက်ပါ။ တာအိုနန်းတော် တစ်ခုလုံးထဲမှာ ကျွန်မတစ်ယောက်ပဲ သူ့ရဲ့ နောက်ကြောင်းရာဇဝင် အစစ်အမှန်ကို သိထားတာပါ။ သူက… တာအိုဂိုဏ်းသားဟောင်း ဝူချန်း ပြန်ဝင်စားတဲ့ လူတစ်ယောက်ပါ။ သူ ဝိညာဉ်ကြားခံနယ်အဆင့်ကို ရောက်တာနဲ့ သူ့ရဲ့ အရင်ဘဝအကြောင်းကို ပြန်ပြီးတော့ မှတ်မိသွားလိမ့်မယ်။ ကျွန်မ သူ့ကို တာအိုနန်းတော်ထဲမှာ မထားရဲဘူး။ အဲတာမလို့ သူ့ကို ပြည်ထောင်စုကျင့်ကြံသူတွေရဲ့ လက်ထဲ ထည့်ပေးလိုက်ဖို့ အရှင်ဗေဒါပင်ကြီး ခွင့်ပြုပေးပါ ”
” ကျေးဇူးပြုပြီးတော့ ခွင့်ပြုတယ်ဆိုရင် သစ်သီးတစ်လုံး သီးပေးပါ… “