Switch Mode

အပိုင်း(၉၀)-ပြင်းထန်သောဒဏ်ရာများနှင့် အန္တရာယ်

သူမ နောက်တွင်ရှိသောသူများ၏ အတွေးများကို သူမသတိထားမိလိုက်သည်။ ထိုအခြေအနေတွင် သူမတခြားအရာများကို စဉ်းစားရန်မဖြစ်နိုင်ပေ၊ သူမသည်ရှေ့တွင်ရှိသော ထနောင်းပိုးမြွေအား ၂၀ရာခိုင်နှုန်းသာ အာရုံစိုက်နိုင်တော့သည်။

အခုတော့ ရာဟွောင်ရော ဟိန်းသံလေားပါ သူမအား ကူညီရန်မဖြစ်နိုင်ပေ၊ ထနောင်းပိုးမြွေအား အနိုင်ရရန် သူမကိုယ်ပိုင်အားအပေါ်တွင်သာ မှီခိုရမည်။

သို့သော် တခြားသူများ၏ စိတ်ထဲတွင် ပုံမှန်အားဖြင့် အဆင့်မြင့်ထူးကဲသော ဝိညာဉ်သခင်မှသာ သူတော်စင် သားရဲအားအနိုင်ရနိုင်မည်။ သူမသည် ထိုအဆင့်ထက် လုံးဝနိမ့်နေသည်၊ အနိုင်ရရန် သူမတခြားနည်းလမ်းကို စဉ်းစားရတော့မည်။

ထို့အပြင် သူမ တစ်ခုတည်းသော မှီခိုရာသည် အားအင်ဖြစ်သည်။ သူမအရင်ဘဝတွင် ကိုယ်ခံပညာအားသင်ကြားကာ အရှိန်နှုန်းတွင် အာရုံစိုက်ခဲ့သည်။ ထို့ကြောင့် ဒီကမ္ဘာသို့လာကာ ကျင့်ကြံထားသော သူမခန္ဓာကိုယ်နှင့် သူမသိထားသော ကိုယ်ခံပညာအား ပေါင်းစည်းနိုင်မည့်နည်းလမ်းကို စဉ်းစားလိုက်သည်။

ရှီမာယူယူသည် သူ့အမြီးထက်လျင်မြန်နေသည်ကို ထနောင်းပိုးမြွေမြင်သောအခါ သူ့စိတ်များသည် ပိုပြီးဒေါသထွက်လာသည်။ သူ့အမြီးလှုပ်ရှားမှုအရှိန်အား မြင့်တင်လိုက်ကာ အရှိန်မြင့်ထားသော ရှီမာယူယူအား ရင်ဆိုင်လိုက်သည်။ သူမသည် အမြီးဖြင့်အကြိမ်အနည်းငယ်အရိုက်ခံရကာ မြေပေါ်တွင် လဲကျသွားလေသည်။

သူမနောက်ကျောမှ ကျစ်ကျစ်တောက်ပူသော အပူရှိန်များတက်လာကာ နာကျင်မှုအားခံစားရချိန်တွင် သူမဘယ်ဘက်လက်အား အနည်းငယ်လှုပ်ရှားလိုက်သည်။ သူမအရင်တုန်းက အတွေ့အကြုံအရ အနည်းဆုံးတော့ နံရိုးနှစ်ချောင်းကျိုးပြီဆိုတာ သိလိုက်ရသည်။

“ငါဒီလိုဆက်သွားလို့မရဘူး၊ ဖြေရှင်းဖို့ မြန်မြန်အဖြေရှာမှဖြစ်မယ်” သူမခန္ဓာကိုယ်မှ အားအင်များသည် လျော့ကာ ဝိညာဉ်စွမ်းအားသည်လည်း မကျန်တော့သည်ကို ရှီမာယူယူခံစားမိလိုက်သည်။ သူမ ထိုအတိုင်းဆက်သွားပါက သေချာပေါက်အရှုံးနှင့်ရင်ဆိုင်ရသည်မှာ သူမဖြစ်သွားလိမ့်မည်။

နောက်တစ်ကြိမ် ထနောင်းပိုးမြွေတိုက်ခိုက်သောအချိန်တွင် သူမပုန်းမနေရန် ရွေးချယ်လိုက်သည်။ သူမ ဘေးကပ်ရှောင်လိုက်ကာ အမြီးကိုဆုပ်ကိုင်ပြီး သူ့ခန္ဓာကိုယ်ဆီသို့အမြီးပြန်သွားချိန်တွင် ဒယ်ပြားဖြင့် ဝေ့ရမ်းကာ အရှိန်ပြင်းပြင်းရိုက်ချလိုက်လေသည်။

ရှီမာယူယူသည် ထနောင်းပိုးမြွေအား ဆုပ်ကိုင်လိုက်သည်ကို ဘေဂုံထန်နှင့် တခြားသူများမြင်သောအခါ သူမအတွက်စိတ်ပူသွားကြလေသည်။ သူမ သဘာဝကျကျ ဒယ်ပြားအားဝေ့ရမ်းကာ ထနောင်းပိုးမြွေအား ရိုက်လိုက်သည်ကို မြင်သောအခါ သူတို့သည် ရယ်ရမလား ငိုရမလားမသိတော့ပေ။ အခုတော့ ထိုသို့လုပ်ရန်မသင့်တော်ပေ၊ အရင်ကသာ ထိုအခြေအနေဖြစ်ခဲ့ပါက သူတို့ကျယ်လောင်စွာရယ်မိမည်ဖြစ်သည်။

သူတို့ဒီနေ့အသက်ရှင်ကျန်နေခဲ့ပါက ထိုမြင်ကွင်းသည် သူတို့မှတ်ဉာဏ်ထဲတွင် အမြဲတမ်း ကျန်နေခဲ့မည်ဖြစ်သည်။

လင်းလုံသည် ဒယ်ပြားအသွင်ပြောင်းသော်လည်း သူမစွမ်းအားသည် သာမာန် ဒယ်ပြားဖြင့်သေချာပေါက် ယှဉ်မရပေ။ အရေပြားထူသော ဝိညာဉ်သားရဲပင်လျှင် ရှီမာယူယူ၏ တိုက်ခိုက်မှုအောက်တွင် အရိုက်ခံရမြဲဖြစ်သည်။

“မုန်းစရာကောင်းလိုက်တဲ့လူသား” ထနောင်းပိုးမြွေ၏အမြီးသည် နာကျင်မှုကြောင့် လှုပ်ရမ်းနေသည်။ အမြီးတွင် တွယ်နေသော ရှီမာယူယူသည် ခါချမှုကို ရှောင်ရှားရန် သူမခြေထောက်များဖြင့် ဖက်ထားလေသည်။

“သေစမ်း”

ထနောင်းပိုးမြွေသည် သူမအား အသေရိုက်နှက်ရန် အမြီးအားမြောက်လိုက်လေသည်။

ထိုအခြေအနေအား ရှီမာယူယူမြင်သော် သူမအမြီးအားလွှတ်ကာ ထနောင်းပိုးမြွေနှင့် ၇လက်မအကွာအဝေးတွင် ဆင်းလိုက်လေသည်။ သူမ ခန္ဓာကိုယ်အား အနည်းငယ်တိမ်းကာ ဝေကျိရွှီနှင့် တခြားသူများ၏ မြင်ကွင်းကိုကွယ်လိုက်သည်။ သူမလက်ထဲမှ လင်းလုံသည် ဓားမြောင်အသွင်ပြောင်းကာ တည့်တည့်ထိုးလိုက်တော့သည်။

“အား”

သေစေလောက်သော နာကျင်မှုနှင့်အတူ ထနောင်းပိုးမြွေသည် ဦးညွတ်သကဲ့သို့ ကွေးသွားလေသည်။

ရှီမာယူယူ၏ ခြေထောက်များသည် ထနောင်းပိုးမြွေအားညှပ်ထားကာ သူမလက်တစ်စုံသည် ဓားမြှောင်အား ကိုင်ထားကာ ကျန်ရှိနေသော ဓားအဆုံးထိ ထိုးလိုက်လေသည်။ ထို့နောက် ထနောင်းပိုးမြွေသည် မြေပေါ်တွင် လှုပ်ရမ်းနေကာ ကျန်ရှိသော အားအင်သုံးကာ ရှီမာယူယူအား ရက်စက်စွာရိုက်နှက်လိုက်သည်၊ ရှီမာယူယူမြေပေါ်တွင် လဲကျသွားကာ ပြန်မထနိုင်တော့ပေ။

“ယူယူ”

“ယူယူ”

ဘေဂုံထန်နှင့် တခြားသူများသည် ဖြစ်သွားသော အလှည့်အပြောင်းအား ကြက်သေသေသွားကာ မြေပေါ်တွင် မလှုပ်မယှက်လဲနေသော ရှီမာယူယူအား စိုးရိမ်စွာအော်လိုက်ကြသည်။

“အား…”

ထနောင်းပိုးမြွေသည် မြေပေါ်တွင် လူးလိမ့်ဆဲဖြစ်ကာ အရင်ကထက်ကြမ်းတမ်းလာသည်။ သို့သော် မြေပေါ်တွင် လဲနေဆဲပင်ဖြစ်သည်။

“ယူယူ ဘာဖြစ်တာလဲ” သူမဘေးတွင် မြေပေါ်တွင် မလှုပ်မယှက်လဲနေသော အရိပ်သည် သူမနှင့် တွေ့ဖူးကတည်းက ပထမဆုံးအကြိမ် နီရဲသောမျက်လုံးများအား ဘေဂုံထန်မြင်လိုက်သည်။

သို့သော် သူတို့ဘယ်လောက်ခေါ်ပါစေ ရှီမာယူယူသည် တုန့်ပြန်မှုမရှိပေ။

“ယူယူ ယူယူ… တစ်ခုခုပြောပါဦး” ဖက်တီးကျူသည် မျက်ရည်များပြည့်နေသော မျက်လုံးများဖြင့် ရှီမာယူယူအားကြည့်ကာ ချက်ချင်းပြေးသွားချင်စိတ်များဖြစ်လာသည် “မရဘူး… ရှီမာယူယူ ဒီအတိုင်းမသေရဘူး” ဝေကျိရွှီသည် ရေရွတ်လိုက်သည်။

“မင်းတို့အားလုံးဘာတွေစိတ်လှုပ်ရှားနေကြတာလဲ.. ရာဟွောင်က အခုထိအသက်ရှုနေတုန်းပဲ အဲဒါက ရှီမာယူယူအသက်ရှင်သေးတယ်ဆိုတာပြနေတာပဲ” ထိုအရေးကြီးသော အခိုက်အတန့်တွင် ဝူရန်ဖေသည် စိတ်ထိန်းထားကာ ဖက်တီးကျူအောက်တွင် လဲနေသော ရာဟွောင်ရှိသည်ကို အားလုံးအားသတိပေးလိုက်လေသည်။

“သူမ.. သူမ အဆင်ပြေလား” ဖက်တီးကျူသည် ဝူရန်ဖေအား အေးစက်စွာကြည့်ကာ သူ့ခန္ဓာကိုယ်အောက်မှ အသက်ရှုသံအား ခံစားမိလိုက်သည်။ သူစိတ်တည်ငြိမ်သွားရတော့သည်။

သူတော်စင်သားရဲနှင့် တိုက်ခိုက်ပြီးနောက် သူမမြေပေါ်တွင်လဲကျသွားသည်ကို မြင်သောသူများသည် သူမအား သေပြီဟု ထင်သွားကြသည်။

“အဟွတ် အဟွတ်”

ခဏအကြာတွင် တိုးညင်းသော ချောင်းဟန့်သံထွက်ပေါ်လာသည်။ သူတို့လေးယောက်အတွက်တော့ သာယာသော ဂီတသံပင်။

“ယူယူ”

“ယူယူ မင်းဘယ်လိုနေလဲ”

ရှီမာယူယူ သူမခန္ဓာကိုယ်အားလှုပ်ကြည့်ရာ သူမခန္ဓာကိုယအစိတ်အပိုင်းများသည် မနာကျင်သည့်နေရာမရှိသည်ကို ခံစားလိုက်ရသည်။ အတွေးတစ်ချက်နှင့်ပင် သူမလက်ထဲတွင် ကျောက်စိမ်းဆေးပုလင်းပေါ်လာသည်။ အခက်အခဲများကြားမှ သူမသည် ဆေးတစ်လုံးသောက်လိုက်ကာ လှည့်ပြီး ဝေကျိရွှီနှင့် တခြားသူများအား ကြည့်လိုက်သည်။

“ငါအဆင်ပြေတယ်”

ရှီမာယူယူ၏ တောက်ပသော မျက်လုံးများအား ကြည့်ကာလေးယောက်လုံး စိတ်ချသွားရလေသည်။

သူမအသက်ရှင်နေလျှင် တော်ပြီ။ သူတို့ တစ်နာရီလောက်နားပြီးချိန်တွင် ဝေကျိရွှီနှင့် ကျန်သူများသည် အားအင်များပြန်ပြည့်လာသည်ကို ခံစားမိသည်။ ပထမဆုံးလှုပ်ရှားသူမှာ ဝူရန်ဖေဖြစ်ကာ သူသည် ထပြီး ဘယ်ညာလှုပ်ရမ်းလိုက်ကာ ရှီမာယူယူဘေးသို့လာလိုက်သည်။ သူလက်များဆန့်တန်းလိုက်ကာ သူမအား ဖက်ချင်မိသည်။

“ကျွတ်”

ရှီမာယူယူလှုပ်ရှားချိန်တွင် အေးစက်ကာ ပိုနာကျင်သည်ကို ခံစားလိုက်ရသည်။

“ဘယ်နေရာကနာတာလဲ” ရှီမာယူယူနာကျင်နေသည်ကို ကြည့်ကာ ဝူရန်ဖေမလှုပ်ရဲတော့ပေ။ သူ ရှီမာယူယူအား ဖက်ကာ မူလနေရာတွင်ပြန်ထိုင်လိုက်ကြသည်။

“အဟွတ် အဟွတ် ငါရဲ့ နံရိုးတော်တော်များများ ကျိုးသွားပြီထင်တယ်၊ တခြားနေရာက ဒဏ်ရာတွေလည်း တော်ရုံမဟုတ်ဘူး” ရှီမာယူယူပြောလိုက်သည်။

ဝူရန်ဖေ လက်တစ်ဖက်ဖြင့် ရှီမာယူယူအား ဖေးမလိုက်ကာ အတွေးတစ်ချက်ဖြင့်ပင် ကျောက်စိမ်းဆေးပုလင်းသည် နောက်လက်တစ်ဖက်တွင်ပေါ်လာလေသည်။

အဆင့်လေး ဆေးလုံးလား…

ဝူရန်ဖေလက်ထဲမှ ဆေးလုံးအား မြင်လိုက်သောအခါ ရှီမာယူယူ အံ့သြသွားသည်။

သူ့မှာ ဘယ်လိုလုပ်ဒီလိုတန်ဖိုးရှိတဲ့ဆေးရှိနေရတာလဲ။

ဝူရန်ဖေ ဘာမှမပြောပဲ ရှီမာယူယူ ဘာစကားမှထွက်မလာစေရန် သူမအားဆေးလုံးအား တိုက်ရိုက်ခွံကျွေးလိုက်လေသည်။

ဝေကျိရွှီနှင့် တခြားသူများလည်း အားအင်များပြန်ရလာကာ ဘေဂုံထန်ဘေးသို့လာကာ ပြောလိုက်သည် “မင်းဘယ်လိုနေလဲ”

“အဆိုးကြီးတော့မဟုတ်ဘူး၊ ငါ့ခြေထောက်ကျိုးသွားပြီး လမ်းမလျှောက်နိုင်တော့ဘူး” ဘေဂုံထန်ပြောလိုက်သည်။

ဝေကျိရွှီ ဘေဂုံထန်၏ ဘောင်းဘီအားဆွဲတင်ကာ သူမခြေထောက် ရောင်နေသည်ကို ကြည့်လိုက်သည် “မင်းကို ထောက်ပေးဖို့တုတ်သွားရှာလိုက်ဦးမယ်” နောက်ဆုံးမှ တွားသွားလာသော ဖက်တီးကျူပြောလိုက်သည်။

“နေဦး ဖက်တီး” ဝူရန်ဖေ၏ ရင်ခွင်တွင် အဖက်ခံထားရသော ရှီမာယူယူသည် ပြောလိုက်သည် “အရင်ဆုံးဒီနေရာကနေ ထွက်သွားရအောင် မဟုတ်ရင် တခြားဝိညာဉ်သားရဲတွေ ဒီကိုရောက်လာနိုင်တယ်”

“ဟုတ်တယ် အရင်သွားရအောင်” ဝေကျိရွှီပြောလိုက်သည် “ဘေဂုံ ငါမင်းကိုချီသွားမယ် ခဏနေရင် ပတ်တီးစည်းပေးမယ်”

“အင်း..” ဘေဂုံထန်ခေါင်းညိတ်ကာ ထိုအချိန်တွင် ယောက်ျား မိန်းမအကြားမှ မသင့်လျော်သော အရာများကို ဂရုမစိုက်တော့ပေ။

ရှီမာယူယူ ရာဟွောင်နှင့် ဟိန်းသံလေးအား ခေါ်ကာ ခန္ဓာကိုယ်များကို အသွင်ပြောင်းစေသည်။

“ယူယူ ဘာလို့အဲလောက်တောင် ဒဏ်ရာရသွားတာလဲ” ရှီမာယူယူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို ဟိန်းသံလေးမြင်သောအခါ မျက်ရည်များဝဲကာ ပြောလိုက်သည် “အဲဒါ ဟိန်းသံလေးရဲ့အမှားပဲ မင်းကို စောင့်ရှောက်ရမယ့်အချိန်မှာ ငါကပေါက်တိကပေါက်ချာဖြစ်သွားတယ်”

“အဲဒါမင်းရဲ့အမှားမဟုတ်ပါဘူး၊ လူဆယ်ယောက်လောက်ထိုင်လို့ရအောင် နည်းနည်းလောက်ကြီးဦး” ရှီမာယူယူခေါင်းရမ်းကာပြောလိုက်သည် “ကောင်းပါပြီ”

ဟိန်းသံလေး၏ ခန္ဓာကိုယ်သည် လူဆယ်လောက်လဲနေရင်တောင် ရလောက်သည့်အထိ ကြီးလာသည်။

“ယူယူ ဘာလို့လူဆယ်ယောက်စာလိုတာလဲ” ဖက်တီးကျူနားမလည်တော့ပေ။

ရှီမာယူယူအဝေးသို့ကြည့်ကာ သူမအကြည့်များသည် အေးစက်နေခဲ့သည် “ဘာလို့လဲဆိုတော့ ငါတို့ရန်သူတွေကို ခေါ်သွားရမှာမို့လို့ပဲ”


Comment

Leave a Reply

Options

not work with dark mode
Reset