“ မုတ်ဆိတ်မွေး ပေါက်လာရုံလေးပဲဟာကို ငါ့ကို လာခြောက်နေတယ် ”
ကျိုးကျိုးသည် သစ်သားမှုတ်ခွက်ကို ပြန်ကောက်လိုက်ပြီး ဘေးရှိအရက်အိုးမှ အရက်ကို ခပ်ကာ အနံ့ခံလိုက်သည်။ ထို့နောက် ကြောက်စိတ်မပြေသေးသည့် ဟန်ဖြင့် ပြောလိုက်သည်။
“ ငါရဲ့ ယင်နဲ့ယန် မျှခြေပျက်သွားပြီး ယောက်ျားမကျ မိန်းမ,မကျကြီးများ ဖြစ်သွားတော့မှာလားလို့ လန့်သွားတာပဲဟယ် ”
လီချန်ရှို့သည် ခပ်ဖွဖွရယ်လိုက်ပြီး ခေါင်းခါလိုက်သည်။ ဆရာဒေါ်လေး၏ အတွေးအခေါ်များကို သူ အမြဲ အထင်ကြီးရ၏။
“ ဆရာဒေါ်လေး… ကျွန်တော် ဒီဆေးလုံးတွေ ဖော်ပြီးရင် သမာဓိမီးတောက်မန္တန်ကို လေ့လာဖို့ နှစ်ဝက် ဒါမှမဟုတ် တစ်နှစ်လောက် အခန်းအောင်း ကျင့်ရမယ်။ ဆရာဒေါ်လေးအတွက် အရက်တွေ တစ်နှစ်စာလောက် စိမ်ထားပြီးပြီ။ ဒါပေမဲ့ အများကြီးသောက်ရင်တော့ ကျန်းမာရေးထိခိုက်လိမ့်မယ်။ ချင့်ချင့်ချိန်ချိန် သောက်ပေါ့။ ဆရာဒေါ်လေးအတွက် အရက်တွေက အဲဒီဆေးအရက်အိုးဘေးက အရင်စင်ပေါ်မှာပဲ ”
“ နှစ်ဝက်ဟုတ်လား… ”
ကျိုးကျိုးသည် အရက်အိုးအလွတ်များကို ထုတ်ကာ ထိုအရက်အိုးများနှင့် လဲလိုက်သည်။ ထို့နောက် သူမသည် လက်နောက်ပစ်၍ လျှောက်လာပြီး သူ့ကို လေးလေးနက်နက် သတိပေးလိုက်၏။
“ သမာဓိမီးတောက်မန္တန်ကို ဗလာနတ္ထိအဆင့်လောက်နဲ့ ကျင့်လို့ရတယ်ဆိုပေမဲ့ အစပိုင်းမှာ လိုတာက မင်းရဲ့ ချီ၊ ဝိညာဉ်နဲ့ မူလမီးတောက် အခြေခံပဲ။ ကျင့်တဲ့အခါ မလောနဲ့။ အခြေမခိုင်သေးဘဲ သမာဓိမီးတောက်မန္တန်ကို အပြင်းအထန် လေ့ကျင့်မိရင် မင်းရဲ့ တန်ခိုးတွေ ဆုံးရှုူံးသွားလိမ့်မယ်။ အဲဒီလိုဆိုရင် အခြေအနေဆိုးသွားမှာ … ”
လီချန်ရှို့သည် ခေါင်းညိတ်၍ ပြုံးပြလိုက်ပြီး ဆေးပင်များကိုသာ ဆက်၍ ခွဲခြားနေလိုက်သည်။
ကျိုးကျိုးက သမ်းဝေကာ ပြောလိုက်သည်။
“ ငါလည်း ဒီနှစ်ပိုင်းအတွင်းမှာ အခက်တွေ့နေတယ်။ ကျင့်ကြံခြင်းအဆင့်ကို ထပ်မမြှင့်နိုင်သေးဘူး ”
“ ဒါပေမဲ့ ငါက အရင်တုန်းကလည်း အဲဒီလိုအခြေအနေမျိုး ကြုံဖူးပါတယ်။ နှစ်နည်းနည်းလောက် အခက်တွေ့နေပြီးရင် အကြောင်းမရှိဘဲ အဆင့်တက်ရင်လည်း တက်သွားတာပဲ… ”
“ အဆင့်တက်သွားရင်တော့ ငါလည်း နှစ်နည်းနည်းလောက် အခန်းအောင်းကျင့်ရမယ်။ ဆယ်နှစ်ကျော်လောက်လည်း ဖြစ်သွားနိုင်တယ်။ မင်း ငါ့ကို တော်တော်နဲ့ ပြန်တွေ့ရမှာ မဟုတ်ဘူး ”
လီချန်ရှို့က ပြုံး၍ပြန်ပြောလိုက်၏။
“ ဆရာဒေါ်လေး… ဆရာဒေါ်လေးက စိတ်တည်ငြိမ်သုတ္တန်ကို ကျင့်ကြံပြီးပြီမလား ”
“ အင်း… ”
ကျိုးကျိုးက ဝါးခုံလေးကို ယူလိုက်ပြီး စာပွဲဘေးတွင် ထိုင်လိုက်သည်။ စားပွဲပေါ်တွင် ခေါင်းတင်ကာ သေလုမတတ် ပျင်းရိနေလေ၏။
“ မင်းလည်း နတ်ဝိဇ္ဇာအဆင့်ကို ရောက်ရင် စိတ်တည်ငြိမ်သုတ္တန်ကို ကျင့်ကြံနိုင်မှာပါ။ မင်းမှာသာ အလားအလာကောင်းတွေရှိရင် ဗလာနတ္ထိအဆင့်ကတည်းက ကျင့်နိုင်တယ် ”
“ ကံဆိုးတာက… ”
“ ေဩာ်… ဟုတ်သားပဲ။ ဆရာတူအစ်ကိုငါးပြောတာတော့ မင်းရဲ့ဆရာက စိတ်တည်ငြိမ်သုတ္တန်ကို စပြီးကျင့်ကြံ ပေါက်မြောက်နေပြီဆို ”
“ ဟုတ်တယ်… ပြီးခဲ့တဲ့ နှစ်လလောက်က ဂိုဏ်းက ဂိုဏ်းအစောင့်အရှောက်တစ်ယောက်က ဆရာ့ဆီကို စိတ်တည်ငြိမ်သုတ္တန် ပို့ပေးလိုက်တယ် ”
လီချန်ရှို့က ပုံမှန်ပင် ဆက်ပြောလိုက်၏။
“ တကယ်ဆို ဆရာဒေါ်လေးရဲ့ အကျင့်စရိုက်အရ ဆရာဒေါ်လေးကျင့်ဖို့အကောင်းဆုံးက စိတ်တည်ငြိမ်သုတ္တန်ပဲ ”
ကျိုးကျိုးက မျက်တောင်ခတ်လိုက်သည်။
“ ရှို့ရှို့လေး… မင်းပြောတာ ငါ့ဆရာပြောတဲ့အတိုင်းပဲ ”
လီချန်ရှို့က ပြန်ဖြေလိုက်၏။
“ မကြာသေးခင်က ဆရာဦးလေးကျိုးဝူးက ကျွန်တော့်ကို စိတ်တည်ငြိမ်သုတ္တန်ပထမတွဲ ပေးထားတယ်။ အဲဒါကြောင့်ပါ ”
“ ဪ အဲဒီလိုကိုး…”
ကျိုးကျိုးသည် ကိုယ့်ဘာသာရေရွတ်လိုက်ပြီး လီချန်ရှို့ဆေးပင်များ ခွဲခြားနေသည်ကို ဘေးမှကြည့်နေလိုက်သည်။ သူမခေါင်းထဲတွင် အတွေးများဖြင့် ပြည့်နေ၏။
ခေတ္တမျှကြာပြီးနောက်…
“ ရှို့ရှို့လေး … မင်းက တော်တော်ချောတာပဲကွ..ဟီးဟီးဟီး… အရင်တုန်းက ငါ ဘာလို့ သတိမထားမိခဲ့ရတာပါလိမ့် … ”
“ အမ်… ”
ဆေးဖော်ရန်ပြင်ဆင်နေသော လီချန်ရှို့တစ်ယောက် ခေါင်းလှည့်ကြည့်လိုက်သည်။ ဆရာဒေါ်လေးသည် စားပွဲပေါ်သို့ ခေါင်းတင်ကာ အိပ်ပျော်နေပြီး ယောင်နေခြင်း ဖြစ်၏။
နတ်ဝိဇ္ဇာတစ်ပါးဖြစ်သွားပြီးသည့်တိုင် သူမ၏ခန္ဓာကိုယ်သည် သန့်စင်နေသေးသည်။ ဆရာဒေါ်လေးသည် ဆံပင်မတိုမရှည်လေးကို အမြဲ မဖြီးမလိမ်းထားသော်လည်း ဆံသားများမှာ ပိတုန်းရောင်တောက်ပကာ နူးညံ့နေဆဲဖြစ်သည်။
သူမ၏ ဆံပင်များကို ဇာမနီအမြီးသဏ္ဍာန် ကျစ်ဆံမြီးကျစ်ထားပြီး မည်သည့်အဆင်တန်စာမှ မဝတ်ဆင်ထားချေ။ မျက်နှာတွင်လည်း မျက်နှာချေများ မလိမ်းထားပေ။ သူမကို မြင်ရသည်မှာ ရိုးရိုးရှင်းရှင်း ရှိလှ၏။
အိပ်ပျော်နေသော သူ၏ ဆရာဒေါ်လေးသည် အသားအရည်လည်းကောင်းလေ၏။ ထို့ပြင် ရိုးသားမှုလည်းရှိ၏။
တစ်ခုဆိုးသည်မှာ အအိပ်ကြမ်းခြင်းပင်။
လီချန်ရှို့က ခေါင်းခါလိုက်ပြီး ပြုံးကာ ဆေးဖော်ဆောင်အတွင်းမှ အလျင်အမြန်ထွက်ပေးလိုက်ရလေသည်။ အပြင်ရှိရေကန်အတွင်း၌ သူမွေးထားသော ယင်-ယန်ငါးနှင့်တူသည့် ဝိညာဉ်ငါးလေးကို ကြည့်ရင်း ကျိုးကျိုးနိုးလာမည့် အချိန်ကိုစောင့်နေလိုက်၏။
သူမထံမှ အကူအညီယူစရာ ရှိသေးလေသည်။ သူမ၏ သန့်စင်သော နတ်တန်ခိုးများကို အသုံးချချင်သည်ဖြစ်ရာ သူမကို အတင်းခိုင်း၍ မရပေ။
နှစ်ရက်ကြာပြီးနောက် လီချန်ရှို့သည် ဆေးဖော်ပြီးသွားသဖြင့် ဆေးဖော်ဆောင်လေးကို ပိတ်ထားလိုက်လေသည်။ ထို့နောက် ဆေးဖော်ဆောင်မှနေ၍ (၃)လီ ပတ်ချာလည် မန္တန်အစီအရင်များကို အသက်သွင်းလိုက်၏။
သူသည် ကျိုးကျိုးကို ပြန်လွှတ်ပြီးသောအခါ လန်လင်းအယ်ကို ရှာ၍ သူ အခန်းအောင်း ကျင့်မည့်အကြောင်း ပြောလိုက်သည်။
လီချန်ရှို့သည် နှစ်ဝက်ခန့် အခန်းအောင်း၍ သမာဓိမီးတောက်မန္တန်ကို ကျင့်ကြံမည် ဖြစ်သည်။
ခပ်ပွပွ သိုင်းဝတ်စုံဝတ်ဆင်ကာ ဆေးလုံးပစ်ပညာကို ကျင့်နေသော လန်လင်းအယ်သည် ရုတ်တရက် ကြောင်သွား၏။
“ အစ်ကိုကြီးက ဆေးဖော်ဆောင်ထဲမှာ ကျင့်မှာလား ”
“ သမာဓိမီးတောက်မန္တန်ကို ကျင့်ရင်း ပေါက်ကွဲမှုတွေဖြစ်နိုင်တယ်… ”
လီချန်ရှို့ က ပြုံး၍ ပြန်ပြောလိုက်သည်။
“ အစ်ကို ခဏနေမှ ကန်အလယ်မှာ သစ်သားဖောင်အသေးလေး ဆောက်ပြီး အဲဒီအပေါ်မှာပဲ ကျင့်မယ်။ အဲဒီလိုက ပိုအဆင်ပြေလိမ့်မယ် ”
လန်လင်းအယ်က မျက်တောင်ခတ်လိုက်ကာ တစ်ခုခုပြောလိုသော်လည်း ချီတုံချတုံဖြစ်နေ၏။
လီချန်ရှို့သည် သူမ၏ လက်အတွင်းသို့ ကြွေပုလင်းအနည်းငယ်ထည့်ပေးလိုက်ပြီး ထိုပုလင်းများထဲရှိ ဆေးလုံးများကို မည်ရွေ့မည်မျှ အသုံးပြုရမည်ကို ပြောပြလိုက်သည်။
လန်လင်းအယ်သည် စိတ်များ ပျံ့လွင့်နေသော်လည်း မေးခွန်းတစ်ခုမေးလိုက်သေး၏။
“ အစ်ကိုကြီး… သမာဓိမီးတောက်မန္တန်ကို မလျှို့ဝှက်ထားဘူးလား ”
“ အဲဒီ ဓမ္မမန္တန်က အစွမ်းကြီးတယ်မလား ”
လီချန်ရှို့သည် ဆရာတူညီမလေး၏ ခေါင်းကို ခပ်ဖွဖွခေါက်လိုက်၏။
မျက်နှာချင်းဆိုင်ရပ်နေသော်လည်း လီချန်ရှို့သည် အသံပို့လွှတ်အတတ်ကို သုံးလိုက်သည်။
“ အစ်ကို ဒီနှစ်တွေမှာ သင်ပေးခဲ့တာတွေကို ညီမ မမှတ်ထားဘူးလား။ သင်ပေးထားတာတွေ အကုန်မေ့ကုန်ပြီလား။ သမာဓိမီးတောက်မန္တန်ကို အရှင်ဝမ်ချင်းကိုယ်တိုင် ချီးမြှင့်လိုက်တာ။ အစ်ကို မကျင့်ဘဲနေမှသာ တခြားသူတွေက သံသယဝင်မှာ။ တခြားသူတွေ သိပြီးသားကိစ္စကို လျှို့ဝှက်ထားလို့ မရဘူးလေ။ ဝှက်ဖဲထားတယ်ဆိုတာ တခြားသူတွေ မသိသေးတဲ့ ဟာ၊ မစဉ်းစားမိတဲ့ဟာ၊ မခန့်မှန်းနိုင်တဲ့ဟာတွေကိုပဲ ထားရတာ ”
လန်လင်းအယ်သည် လျှာလေးထုတ်၍ ခေါင်းငုံ့ကာ နာခံလိုက်၏။
လီချန်ရှို့သည် နောက်ထပ်ကြွေပုလင်းနှစ်လုံး ထပ်ထုတ်၍ အသံပို့လိုက်သည်။
“ ဒီ ပုလင်းနှစ်လုံးကို ဆရာ့ရဲ့တဲရှေ့မှာ သွားထားလိုက်။ ဒါဆရာ့အတွက် ညစ်ညမ်းမြေဓာတ်ကို သန့်စင်ပေးမယ့် နတ်ဆေးလုံးတွေ။ ညီမတော့ ခိုးမသောက်နဲ့နော်။ နတ်ဆေးလုံးဆေးအစွမ်းကြောင့် ညီမရဲ့ ခန္ဓာကိုယ်ပေါက်ကွဲသွားလိမ့်မယ် ”
လန်လင်းအယ်သည် ဝမ်းသာအားရဖြင့်ယူလိုက်ပြီး ဆိုသည်။
“ ဒါတွေကို ဆရာသောက်ပြီးရင် အစွမ်းတွေတက်လာမှာလား ”
“ တပ်အပ်ပြောလို့တော့ မရဘူး ”
လီချန်ရှို့က ခေါင်းယမ်းကာ သက်ပြင်းသဲ့သဲ့ချလိုက်သည်။
သူသည် သစ်တောအတွင်းသို့ ပြန်သွား၍ မကြာခင် သုံးမည့် သစ်သားဖောင်ဆောင်ရန် ပြင်ဆင်လိုက်သည်။
လန်လင်းအယ်သည် ကျောက်စိမ်းပုလင်းလေးကို ဖွင့်၍ အနံ့ခံကြည့်လိုက်သည်။ ပုလင်းအတွင်းမှ မူလချီဓာတ်များ ထွက်လာ၏။
တစ်ရှိုက်မျှ ရှူမိလိုက်သောအခါ သူမ ခေါင်းမူးသွားလေသည်။ ဒယိမ်းဒယိုင်ဖြင့်ပင် သူမ၏တဲသို့သွားကာ ဆေးအာနိသင်ပျောက်စေရန် အလျင်အမြန် တရားထိုင်လိုက်ရ၏။
ထိုအချင်းအရာကိုမြင်သောအခါ လီချန်ရှို့ ခပ်ဟဟရယ်လိုက်သည်။ ထို့နောက် သစ်ပင်အိုကြီးများကို ရှာကာ အင်္ကျီလက်ပင့်၍ လုပ်ငန်းစလေတော့သည်။
နှစ်ရက်ကြာပြီးနောက်…
“ ဒါဘာအသံလဲ ”
တရားထိုင်ရာမှ ထလာသော လန်လင်းအယ်သည် ပြတင်းပေါက်မှနေ၍ အပြင်သို့ ကြည့်လိုက်ရာ ပါးစပ်အဟောင်းသားဖြစ်သွား၏။
‘ အစ်ကို ခဏနေမှ သစ်သားဖောင်အသေးလေး ဆောက်လိုက်မယ် ’
လန်လင်းအယ်သည် အစ်ကိုကြီးပြောခဲ့သောစကားကို ပြန်တွေးမိရင်း ကန်အလယ်မှ ကျန့်(၅၀)ခန့်ရှည်သော ကြီးမားသည့် နှစ်ထပ်သင်္ဘောကြီးကို ကြည့်ကာ ကိုယ့်နဖူးကိုယ် ရိုက်လိုက်လေ၏။
အစ်ကိုကြီးသည် အရွယ်အစား မှား၍ ဆောက်မိလေသည်လော။
ထို့နောက် သူမသည် သိုင်းဝတ်ဆုံပေါ်မှမြင်ရသော သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းများကို ငုံ့ကြည့်လိုက်ကာ နှုတ်ခမ်းတွန့်သွားသည်။
‘ အစ်ကိုအကျင့်ယုတ်ကြီး … ဆရာဒေါ်လေးကျိုးကျိုးကြောင့် အရွယ်အစားအကြီးကြီးတွေ ကြိုက်တတ်နေပြီပေါ့လေ ’
အမှန်တွင် လီချန်ရှို့သည် အရွယ်အစားကို ကြည့်သူမဟုတ်။ အသုံးဝင်မှုကိုသာ အလေးထားသူ ဖြစ်သည်။
သစ်သားဖောင်လေးမျှသာဆိုလျှင် ပြုလုပ်ရလွယ်သော်လည်း မည်သည့်အကာအကွယ်မှ ထား၍ရမည် မဟုတ်ချေ။
သူ အခန်းအောင်းကျင့်ကြံမည့်နေရာတွင် သတိပေးမန္တန်အစီအရင်များ၊ အကာအကွယ် မန္တန်အစီအရင်များနှင့် စူးစမ်းမှုပယ်မန္တန်အစီအရင်များ ရှိရန်လိုအပ်ပေသည်။ ထိုမန္တန်အစီအရင်များ၏ အောက်ခြေကို ဖုံးကွယ်ရန်အတွက် နေရာကြီးကြီး လိုအပ်လေသည်။
ထိုအစီအရင်များအပြင် သူ့မှာ အခြားအကြံအစဉ်များလည်း ရှိသေး၏။
နှစ်ထပ်သင်္ဘောကြီးတွင် ပုံစံတူ၊ အရွယ်အစားတူ အခန်းခုနစ်ခန်းပါကာ ထိုအခန်းများသည် တစ်ခန်းနှင့်တစ်ခန်း ဆက်စပ်နေ၏။
သူ ကျင့်ကြံတော့မည့်အခါတွင် ပတ်ပတ်လည်မှ မန္တန်အစီအရင်များကို နှိုးပြီး အခန်းတစ်ခန်းစီတွင် စက္ကူရုပ်အနည်းငယ်ထားခဲ့မည် ဖြစ်သည်။ အကယ်၍ လူတစ်ယောက်သာ မန္တန်အစီအရင်အတွင်းသို့ ဝင်လာပါက စက္ကူရုပ်ပေါ်ရှိ တံဆိပ်တော်နိုးသွားမည်ဖြစ်ပြီး လီချန်ရှို့၏ ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုပုံသဏ္ဍာန်သည် အစစ်နှင့်ခြားမည် မဟုတ်ပေ။
ယင်းသည် အကောက်ကြံခံရမှုမှ ကာကွယ်ရန် မဖြစ်မနေ လုပ်ရမည့်အရာ ဖြစ်သည်။
သို့သော် ထိုမျှလောက်နှင့် မပြီးပြည့်စုံသေးချေ။ သူ လုပ်ကြံခံရမည့် အခွင့်အရေးသည် ခုနှစ်ပုံ တစ်ပုံ ရှိပေသေးသည်။
“ လင်းအယ်.. အစ်ကို အခန်းအောင်း ကျင့်ကြံတော့မယ် ”
လီချန်ရှို့၏ အသံပို့လွှတ်မှုကို ကြားလိုက်သောအခါ လင်းအယ်သည် တံခါးဝသို့သွား၍ နှစ်ထပ်သင်္ဘောပေါ်တွင်ရပ်နေသော သူ့ကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်လေ၏။
လီချန်ရှို့က လက်နှစ်ဘက်ကို လှုပ်ရမ်းလိုက်သောအခါ သင်္ဘောပေါ်ရှိ မန္တန်အစီအရင်များ ပွင့်သွားပြီး ရေကန်အတွင်းပိုင်း အောက်ခြေအထိ လွှမ်းခြုံသွားလေသည်။ အလင်းလွှာများ၏ အောက်တွင် သင်္ဘောကြီးသည် ပို၍ ခမ်းနားနေပေ၏။
ခေတ္တမျှကြာသောအခါ ရေမျက်နှာပြင်မှနေ၍ မြူများ ထွက်လာသည်။ လင်းအယ်သည် သူမ၏အစ်ကိုကြီးကို မည်သည့်နားတွင် ရှိနေကြောင်း မမြင်နိုင်တော့ချေ။
လီချန်ရှို့သည် အခန်းတစ်ခန်းစီတွင် စက္ကူရုပ်တစ်ရုပ်စီ ထားခဲ့ပြီး သင်္ဘောအောက်ခြေနားရှိ အခန်းငယ်တစ်ခုသို့ လျှို့ဝှက်စွာ သွားလိုက်သည်။ ထို့နောက် အခန်းထောင့်တွင် မန္တန်အစီအရင်တစ်ခု ဆင်၍ လျှို့ဝှက်တံခါးကိုဖွင့်လိုက်ရာ ကြည်လင်သော ကန်ရေပြင်ပေါ်လာတော့သည်။
ထို့နောက် သူသည် ဝိညာဉ်ငါးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ အသံမထွက်စေဘဲ ရေထဲသို့ ဆင်းလိုက်ပြီး မန္တန်အစီအရင်အလွှာများဖြင့် လွှမ်းခြုံနေသော ကန်အောက်ခြေသို့ ကူးသွားလိုက်၏။ သင်္ဘာပေါ်တွင် စက္ကူရုပ်(၇)ရုပ်ကိုသာ ချန်ခဲ့လေသည်။
ထိုကဲ့သို့ ကြီးမားသော သင်္ဘောကြီးကို သူ ဆောက်ခဲ့ခြင်းမှာ မန္တန်အစီအရင်များကို ကန်အောက်ခြေ၌ပါ ဆင်ချင်သောကြောင့် ဖြစ်သည်။
ထိုနေရာသည် လီချန်ရှို့၏ တတိယမြောက် အခန်းအောင်းကျင့်ကြံရာ နေရာ ဖြစ်သည်။
သူ၏ ဆရာက လင်းအယ်ကို ချုံတောင်လေးသို့ ခေါ်လာစဉ်က သူသည် ထိုနေရာ၌ပင် အခန်းအောင်းကျင့်ကြံခဲ့ပြီး ငရဲမီးတောက်အေးကို ပဏာမအဆင့်အထိ သုံးနိုင်ခဲ့လေသည်။
ဓာတ်ကြီးငါးပါးတွင် ရေသည် မီးကို ထိန်းချုပ်နိုင်၏။ ရေအောက်တွင် မီးအတတ်ကို ကျင့်လျှင် မီးတောက်များထွက်ခြင်းကြောင့် ခန္ဓာကိုယ်ပေါက်ကွဲထွက်မည့် အရေးကို ထိရောက်စွာ ကာကွယ်နိုင်လေသည်။
သို့သော် မြက်ခင်းများနှင့် စိမ်းစိုခဲ့သော ချုံတောင်လေး၏ နေရာလေးတစ်ခုသည် ရုတ်ခြည်း တလင်းပြင် ဖြစ်သွားခဲ့ရလေသည်။
*****
အရှေ့သမုဒ္ဒရာရှိ ဖန်သားနန်းတော် …
“ အောင်းရိ… မင်းတော်တော် အတင့်ရဲနေပါလားကွ ”
“ ပေါက်ကရတွေလျှောက်ပြောပြီး အကြီးအကဲတွေကို မလေးမစားလုပ်ရဲတယ်ပေါ့လေ။ မင်းက မျိုးနွယ်ကို နာမည်ပျက်အောင်လုပ်ပြီး ဂုဏ်သိက္ခာချနေတဲ့ကောင်… ”
“ မင်းရဲ့အပြစ်ကို မင်းသိလား… ”
ကျယ်ဝန်းသော နန်းဆောင်တစ်ခုအတွင်း၌ နဂါးမျိုးနွယ်၏ ဒုတိယမင်းသားလေး အောင်းရိကို သံတိုင်ကြီးတစ်ခုတွင် ကပ်ကာ သံကြိုးများနှင့် ချုပ်နှောင်ထား၏။ သူသည် မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားပြီး သူ့အား ဆူပူနေသည်ကို မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေသည်။
သူသည် လှောင်ပြုံးပြုံးလိုက်ပြီး နောက်ကျောမှ နာကျင်မှုဒဏ်ကို ကြံ့ကြံ့ခံနေလေသည်။
ဤဖန်သားနန်းတော်သည် အလွန်ပေါက်တက်ကရနိုင်၍ ရယ်စရာကောင်းသည်ဟု အောင်းရိ ခံစားနေရ၏။
ယမန်နေ့က အောင်ပွဲခံ စားပွဲသောက်ပွဲတွင် အောင်းရိသည် သူ၏ ခမည်းတော်နှင့် မျက်နှာချင်းဆိုင်ကာ အောင်ပါအတိုင်း ပြောခဲ့သည်။
“ သားတော် တုနတ်ဝိဇ္ဇာဂိုဏ်းထဲကို ဝင်ပြီး ကျောင်းတော်သုံးကျောင်းက တန်ခိုးရှင်သုံးပါးရဲ့ တာအိုတရားကို ကျင့်ကြံချင်ပါတယ် ”
နဂါးဘုရင်၏ မျက်နှာတွင် အံ့ဩခြင်း၊ မယုံနိုင်ခြင်းများ ထင်ဟပ်သွားခဲ့သည်။
ထိုသို့ပြောမိသဖြင့် နဂါးမျိုးနွယ်အား ဂုဏ်သိက္ခာကျစေသည် ဟုဆိုကာ သူ့အား ဆူပူကြိမ်းမောင်းခဲ့သည်။
နဂါးအကြီးအကဲများထံမှ ထွက်လာသော ကိုယ်ရောင်ကိုယ်ဝါများသည် သူ၏ ဆယ်နှစ်သားခန္ဓာကိုယ်လေးကို ဖိနှိပ်လွှမ်းခြုံသွားခဲ့၏။
ထို့နေ့က သူ့အား ဆူပူကြိမ်းမောင်းခဲ့သူများမှာ သူ့ခမည်းတော်၏ အစ်ကိုတော်နှင့် အခြား နဂါးအိုကြီးများ ဖြစ်သည်။ သူတို့သည် သူတို့၏ တူတော်မောင်ကို ဆူခွင့်ရှိကြ၏။
သို့သော် ပင်လယ်သမုဒ္ဒရာ၌ ကျက်စားသော မျိုးနွယ်များမှ မှူးမတ်များ၊ နဂါးဘုရင်နှင့် ဆွေမျိုးမတော်စပ်သော နဂါးမျိုးနွယ်မှ စစ်သူကြီးများမှာမူ တစ်ခွန်းမှ ဝင်မပြောဝံ့ခဲ့ပေ။ သို့သော် သူ့အား အထင်သေးဟန်ဖြင့် ကြည့်နေခဲ့ကြသည်။
တန်ခိုးရှင်များကို အရိုအသေပေးရန်လိုသည်ဟု သူ ပြောသောအခါ သိက္ခာမရှိသူအဖြစ် သမုတ်ခံခဲ့ရသည်။
သူ အပြင်သို့ထွက်၍ နတ်ဝိဇ္ဇာဂိုဏ်းသို့ဝင်ကာ ကျင့်ကြံလိုသည်ဟု ဆိုသောအခါ နဂါးမျိုးနွယ်ကို ပုန်ကန်သူတစ်ယောက်အဖြစ် တံဆိပ်ကပ်ခံခဲ့ရသည်။
ထိုအရာသည် ရယ်စရာကောင်းလှသည်။ အမှန်ပင် ရယ်စရာကောင်းလေ၏။
“ ဒါက တော်တော်ရယ်ရတယ်ဟေ့… ”
အောင်းရိသည် နာကျင်နေသောမျက်နှာထားဖြင့် အော်ဟစ်လိုက်၏။
သူ့နောက်ကျောရှိ သံတိုင်ကြီးသည် အေးစက်သွားပြီး ရေခဲအချောင်းများထွက်လာကာ သူ၏ နူးညံ့ချောမွေ့သော ကျောပြင်ကို ထိုးဖောက်လိုက်လေသည်။ အောင်းရိသည် နာကျင်လှသဖြင့် တဆတ်ဆတ်တုန်ရီနေ၏။
သို့သော် သူ့၏အကြည့်များသည် ပြတ်သားနေပြီး သူ၏ ဆုံးဖြတ်ချက်သည် လုံးဝမပြောင်းလဲသေးချေ။
မကြာသေးခင်က သူ၏မယ်တော်ရောက်လာပြီး သူ့အား အမှားကို စောစောဝန်ခံလိုက်ရန် နားချခဲ့သည်။
“ သားတော်… မယ်တော်တို့ နဂါးမျိုးနွယ်က ပညာရပ်တွေက သားတော်အတွက် မလုံလောက်ဘူးလား။ မယ်တော်တို့မျိုးနွယ်က ရတနာတွေက သားတော်ကစားဖို့ မလုံလောက်နိုင်ဘူးလား ”
“ မယ်တော်တို့မျိုးနွယ်က ဦးရီးတော်တွေ့ရှေ့မှာ ဘာလို့ ပေါက်ကရ အပြုအမူတွေလုပ်၊ ပေါက်ကရစကားတွေ ပြောခဲ့တာလဲ ”
“ သားတော်က တန်ခိုးရှင်တွေရဲ့ တပည့်ဖြစ်ချင်ပေမယ့် ကျဲကျောင်းတော်ကလွဲပြီး ဘယ်ကျောင်းတော်ကမှ နဂါးမျိုးနွယ်ကို တပည့်အဖြစ်လက်မခံဘူး ”
“ ချန်ကျောင်းတော်ရဲ့ တည်ထောင်သူ တန်ခိုးရှင်က အရင်တုန်းက မျိုးမစစ်နဂါးတစ်ကောင်ကို တပည့်အဖြစ်လက်ခံခဲ့ဖူးတယ်။ အဲဒီနဂါးက နဂါးမျိုးနွယ်က ရတနာတွေကိုယူပြီး သူ့တပည့်တွေကို ပေးပစ်ခဲ့တာ ”
“ မယ်တော်တို့ မျိုးနွယ်က အဲဒီလို အရှက်ခွဲခံခဲ့ရတာကို ဘယ်မေ့နိုင်ပါ့မလဲ ”
“ သားတော်ကို ဘယ်သူကများ စိတ်ရှုပ်ထွေးအောင်လုပ်လိုက်တာလဲ ”
အောင်းရိသည် သူ၏မယ်တော်ပြောသော အကြောင်းများ၏ နောက်ကွယ်မှ အမှန်တရားကို သိသည်။
ချန်ကျောင်းတော်မှ အာကာသနတ်မင်း(၁၂)ပါးထဲမှ တစ်ပါးဖြစ်သော အတုမဲ့ရွှေနဂါးသည် ဘိုးဘေးနဂါး၏ မျိုးဆက်ဖြစ်သည်။ ရှေးယခင်က အတုမဲ့ရွှေနဂါးသည် ဒဏ်ရာအပြင်းအထန်ရကာ ခွန်းလွန်တောင်ပေါ်သို့ ပြုတ်ကျခဲ့၏။ သူ့အား တန်ခိုးရှင် မဖြစ်သေးသော ကျင့်ကြံသူသုံးယောက်က ဆေးကုသကာ စောင့်ရှောက်ပေးခဲ့ပြီး သူသည်လည်း ထိုကျင့်ကြံသူသုံးယောက်၏ တပည့် ဖြစ်လာခဲ့သည်။
သူ တပည့်အဖြစ်ခံယူလိုက်ချိန်တွင် ထိုကျင့်ကြံသူသုံးဦးသည် တန်ခိုးရှင်မဖြစ်သေးသဖြင့် နဂါးမျိုးနွယ်က ယင်းသည် မျိုးနွယ်ကို သိက္ခာချသော လုပ်ရပ်အဖြစ် မြင်ခဲ့ကြသည်။ နဂါးမျိုးနွယ်သည် အတုမဲ့ရွှေနဂါးနှင့် ဆက်ဆံရေးများ ဖြတ်တောက်လိုက်ပြီး နဂါးစာရင်းမှလည်း ထုတ်ခဲ့လေသည်။
ထို့နောက်တွင် ထိုကျင့်ကြံသူ သုံးယောက်သည် တန်ခိုးရှင်များ ဖြစ်လာကြသည်။ သို့သော်လည်း နဂါးမျိုးနွယ်သည် ၎င်းတို့၏ မာနအရ အတုမဲ့ရွှေနဂါးနှင့်ပြန်၍ အဆက်အဆံ မလုပ်ခဲ့ကြပေ။ ထို့ပြင် ထိုနဂါးသည် မျိုးမစစ်နဂါးဖြစ်သည်ဟု နဂါးမျိုးနွယ်အတွင်း ကောလဟလများ ဖြန့်ခဲ့ကြ၏။
တန်ခိုးရှင်သုံးပါးက နဂါးမျိုးနွယ်ကို တပည့်အဖြစ် လက်မခံဆိုသည်မှာလည်း …
ထိုကျင့်ကြံသူသုံးဦး တန်ခိုးရှင်ဖြစ်သွားသောအခါ နဂါးမျိုးနွယ်သည် နဂါးငယ်များကို ကျဲကျောင်းတော်မှ ဂိုဏ်းတစ်ခု ဖြစ်သော ရွှေလိပ်ကျွန်းတွင် တပည့်ခံစေပြီး တန်ခိုးရှင်များကို အလွန်လေးစားခဲ့သည်။
သို့သော် နဂါးမျိုးနွယ်သည် ကျဲကျောင်းတော်၏ တည်ထောင်သူ တန်ခိုးရှင်လင်းပေါင်ထျန်းကျွမ်းက တပည့်နည်းနည်းကိုသာ လက်ခံကြောင်း ကြားခဲ့ရ၏။ နဂါးမျိုးနွယ်မှ အလားအလာကောင်းသည့် တပည့်တချို့ကိုသာ သူ၏ တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့သည်။ ကျန်သူများသည် တန်ခိုးရှင်၏တပည့်အဖြစ် မရောက်ခဲ့ကြချေ။ နဂါးမျိုးနွယ်မှ အကြီးအကဲများသည် တန်ခိုးရှင်များက သူတို့ကို လှောင်ပြောင်သည်ဟု ထင်မှတ်ခဲ့ကြ၏။
မည်မျှ အခြေအမြစ် မရှိသော အတွေးပင်နည်း။
ရေခဲအချောင်းများသည် သံတိုင်အတွင်းသို့ ပြန်ဝင်သွားပေပြီ။ အောင်းရိ၏ တစ်ကိုယ်လုံး အနည်းငယ် တုန်ခါသွား၏။
‘ ငါ အောင်းရိ ဒါကို တောင့်ခံရမယ် ’
နဂါးနန်းတော်၏ ဒုတိယမင်းသားဖြစ်သော သူသာ နှိမ့်ချပါက ကျောင်းတော်သုံးကျောင်းရှိ ဂိုဏ်းများတွင် အလယ်အလတ်အဆင့်ရှိသော တုနတ်ဝိဇ္ဇာဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာနိုင်သည်။
အကယ်၍ သူ့အနေဖြင့် တုနတ်ဝိဇ္ဇာဂိုဏ်းရှေ့တွင် ဒူးထောက်၍ တောင်းဆိုချင် တောင်းဆိုရပါစေ အမည်ခံတပည့်တစ်ယောက် ဖြစ်လာနိုင်လျှင်ပင် နဂါးမျိုးနွယ်၏ အခြေအမြစ်မရှိသော မာနထောင်လွှားနေခြင်းကို ဖျက်ဆီးပစ်နိုင်ပေမည်။
ထိုမျှဖြင့် မလုံလောက်သေးလျှင် သူသည် မျိုးနွယ်အားလုံး၏ ထိပ်သို့ ရောက်အောင် တန်ခိုးရှင်တစ်ယောက်ဖြစ်လာသည်အထိ ကြိုးစားပြရပေမည်။
ထိုအခါမှ နဂါးမျိုးနွယ်ရှိ အကြီးအကဲများကို နဂါးမျိုးနွယ် ပြန်၍ ဂုဏ်တက်လာနိုင်သည့်နည်းကို သင်တို့သိပြီလောဟု မေးရပေမည်။
အောင်းရိသည် အသက်တစ်ချက်ရှူသွင်းကာ အော်ဟစ်လိုက်သည်။
“ ငါ့ကိုလွှတ်ပေး … ငါ ခမည်းတော်နဲ့ တွေ့ချင်တယ်။ ငါ တုနတ်ဝိဇ္ဇာဂိုဏ်းဆီမှာ တပည့်ခံပြီး တာအိုတရားကို သင်ယူမယ်… ”
ခန်းမအပြင်ရှိ အမျိုးသမီးအစေခံ တစ်စုသည် မျက်ရည်များဝိုင်းကာ မင်းသားလေးအတွက် စိတ်မကောင်းဖြစ်နေလေသည်။ သို့သော် သူတို့ကို ရေနဂါးတပ်များမှ တားဆီးထားသဖြင့် ဒုတိယမင်းသားလေး၏ အနီးသို့ မသွားနိုင်ကြချေ။
***