အခန်း (၉၈) ကြီးမားတဲ့အကျိုးအမြတ်
လက်ဝါးရိုက်ချက် ကျဆင်းလာသည်နှင့် သာမန်နှင့် မတူကွဲပြားသော ထူးဆန်းသည့် မြင်ကွင်းများ ရန်ကျောက်ကဲ မျက်ဝန်းထဲတွင် ပေါ်လာသည်။
မိုးနဲ့မြေမှ ချီစွမ်းအားများ စီးဆင်းလာသည်ကို တွေ့မြင်ရပြီး ထိုအရာများအားလုံးက ရီကျင်းကို ထောက်ပံ့ပေးရန် အတူတကွ ရောက်ရှိလာကြခြင် ဖြစ်သည်။
မိုးနဲ့မြေမှ အတူတကွ စွမ်းအားများပေးပြီး ကံကောင်းခြင်းများကလည်း ပေါင်းစုံလာသည်။
သို့သော် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ထိမှန်သွားသည်နှင့် မိုးနဲ့မြေမှ စီးဆင်းလာသည့် ချီစွမ်းအားများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တိမ်များလွင့်စင်သွားသလို ၊ လေများတိုက်ခတ်လာသလို ထင်ယောင်ထင်မှားအဖြစ် ပြောင်းလဲသွားသည်။
“မိုးနဲ့မြေက စွမ်းအားတွေ အတူတူပေးထားတာပဲ ၊ ဒီ ကံကောင်းတဲ့ သူရဲကောင်းကတော့ မလွတ်မြောက်နိုင်တော့ဘူးထင်တယ်”
ရန်ကျောက်ကဲက အရေးမစိုက်သလို ရယ်မောလိုက်ပြီး သူတွေ့မြင်ရသည့် မြင်ကွင်းများကို ညင်သာစွာပင် တွန်းထုတ်လိုက်သည်။
လေထုက မြင့်တက်လာပြီး အကြွင်းအကျန်တိမ်တိုက်များတစ်လျှောက် မိုးနဲ့မြေ၏ ထင်ယောင်ထင်မှားကံကောင်းခြင်းက အဝေးသို့လွင့်စင်သွားပြီး မိုးခိုးငွေ့များပမာ လွယ်လွယ်ပင် တစ်စစီပျံ့ကျဲသွားသည်။
ရန်ကျောက်ကဲ၏ မျက်စိရှေ့မှ နက်ရှိုင်းသည့်တွင်းနက်ကြီးက အဆက်မပြတ်ပြိုကျလျှက်ရှိပြီး သူ၏လက်ဝါးရိုက်ချက်ကြောင့် ရီကျင်းကတော့ အမှုန့်ဖြစ်သွားလေပြီ။ မြေအောက်မြစ်အတွင်းသို့ ကျဆင်းသွားသည့် အနီရင့်ရောင်လက်စွပ်သာလျှင် ကျန်ရှိခဲ့သည်။
“ဒီအတိုင်း ပျောက်ကွယ်သွားမှာလား ၊ လက်စွပ်ရဲ့ အသက်ဓာတ်စွမ်းအားတွေ ဘယ်တော့ပြန်ကောင်းလာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ ၊ ကောင်းကင်ထက်ကနေရောင်ခြည်ကို နောက်တစ်ကြိမ်တွေ့မြင်ရတဲ့ခါ သွေးပူနေတဲ့လူငယ်တစ်ယောက်နဲ့ ထပ်တွေ့ဆုံပြီး အသွင်ယူနိုင်ဦးမှာမလား ၊ အင်း… ဒီလက်စွပ်ကိုတော့ တစ်ကြိမ်အခွင့်အရေးပေးလိုက်ပါမယ်လေ ၊ ကောင်းကင်ကိုညွှန်ပြတဲ့ ရွှေလက်ကတော့ နောက်ထပ် ဒဏ္ဍာရီတစ်ခု ရှိရမှာပေါ့”
ရန်ကျောက်ကဲ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။
“အဲဒီလိုဆိုရင်…”
ရန်ကျောက်ကဲက သူ့လက်ချောင်းများကို ဆုပ်ကိုင်သည့်သဏ္ဍန်ပြုလုပ်လိုက်ပြီး နီညိုရောင်လက်စွပ်ကို ကြယ်တာရာချီစွမ်းအားအကူအညီဖြင့် လေထဲမှပင် လှမ်းယူလိုက်သည်။
ထို့နောက် ရန်ကျောက်ကဲက ခြေထောက်များကို အနည်းငယ်အားစိုက်ထုတ်လိုက်ပြီး တွင်းနက်ကြီးအောက်ခြေမှ အပြင်သို့ ပျံသန်းထွက်ခွာလာသည်။
အားဟူက ချက်ချင်းပင် သူ့အနားရောက်လာ၏။
“သခင်လေး”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“ရန်ရှုအလောင်းကို သယ်ခဲ့ ၊ သူ့ပစ္စည်းတွေအကုန်လုံးလည်း ယူခဲ့”
အားဟူက ရိုးရှင်းစွာ တစ်ချက်ရယ်မောလိုက်ရင်း…
“ဟက်… သခင်လေး ပြောနေစရာတောင် မလိုပါဘူး ၊ သူ့ပစ္စည်းတွေ ကျွန်တော်အကုန်လုံး ယူပြီးသွားပြီ”
ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်မဲ့လိုက်ရင်း…
“ဒီလိုကိစ္စမျိုးကျ စိတ်ချရတယ်”
အားဟူက…
“သခင်လေး… ရန်ရှုပစ္စည်းတွေကို ကြည့်လိုက်တော့ ပစ္စည်းကောင်းလေးတွေ တွေ့ရတယ် ၊ အများစုက အလယ်ဆင့် မှော်ဝင်လက်နက်တွေဆိုပေမယ့် နှမျောစရာကောင်းတာက အကုန်လုံး ပျက်စီးနေကြပြီ ၊ ကြည့်ရတာာ အကြီးအကဲ ‘ရှီ’ ရဲ့ တိုက်ခိုက်မှုကြောင့်ထင်တယ်”
ရန်ကျောက်ကဲက သက်ပြင်းချလိုက်ရင်း…
“ဒီလိုဖြစ်မယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ ၊ မဟုတ်ရင် ငါတို့ သူ့ကို လွယ်လွယ်နဲ့ ထိန်းထားနိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ နည်းနည်းပါးပါးတော့ ရလိုက်တယ်မလား”
ရန်ကျောက်ကဲပုံစံက ရွှင်ရွှင်ပျပျဖြင့် အသက်ဝင်လျှက် ရှိသည်။
နေရာတစ်ခု၏ အကြီးအကဲတစ်ယောက်အနေဖြင့် ရန်ရှု ပိုင်ဆိုင်သည့် ပစ္စည်းများစွာ ရှိသည်။
သို့သော် သူက ထိုပစ္စည်းများကို သူနှင့်အတူ ယူဆောင်လာမည်မဟုတ်ဘဲ သူနေထိုင်သည့်နေရာမှာပင် သိမ်းဆည်းထားမည် ဖြစ်၏။ သူ ယူဆောင်လာသည့်အရာများမှာ အရေးပေါ်လိုအပ်သည့်အရာများ ၊ သို့မဟုတ် တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်သည့် ပစ္စည်းများသာ ဖြစ်နိုင်သည်။
ဤကမ္ဘာရှိ မြင့်မြတ်သောနေရာအနည်းငယ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဝါဒတောင်၏ အကြီးအကဲတစ်ယောက်အနေဖြင့် ရန်ရှုတွင် သူ၏ကျင့်ကြံခြင်းအဆင့်နှင့် သက်ဆိုင်သည့် အားကောင်းသောလက်နက်ပစ္စည်းများ များစွာ ရှိပေမည်။
အလယ်ဆင့်မှော်ဝင်လက်နက်တစ်ခုဖြစ်သည့် နေစင်ဓားဝှက်ဓားအပြင် သူ့တွင် အဆင့်နိမ့်မှော်ဝင်လက်နက် (၂)ခုလည်း ရှိနေသေးသည်။
ထိုပစ္စည်း (၂)ခုလုံးက နေစင်ဓားဝှက်ဓားလောက် စွမ်းအားမြင့်မားခြင်း မရှိသော်လည်း သူ့နေရာနှင့်သူ အသုံးဝင်သည့်ပစ္စည်းများ ဖြစ်ကြသည်။
တစ်ခုက သံချပ်ကာအင်္ကျီတစ်ထည်ဖြစ်ပြီး တစ်ခုက အစိမ်းရင့်ရောင်ခါးပတ်တစ်ခု ဖြစ်သည်။
သံချပ်ကာအင်္ကျီက အားဟူ၏ မဟူရာအိပ်မက်ဆိုးချပ်ဝတ်ကဲ့သို့ ခုခံမှုနှင့် တိုက်ခိုက်မှု လုပ်ဆောင်ချက်များ မပါဝင်သော်လည်း ခံနိုင်ရည်စွမ်းတွင်တော့ နိမ့်ကျခြင်း မရှိပေ။
အစိမ်းရောင်ခါးပတ်ကတော့ ဝါဒတောင်မှ လေမီးကပ်ဘေးနှင့် ပေါင်းစပ်အသုံးပြုရန် ပြုလုပ်ထားသည့်အရာ ဖြစ်သည်။ လေမီးကပ်ဘေးသိုင်းကွက်ကို အစိမ်းရောင်ခါးပတ်ဖြင့် ပေါင်းစပ်အသုံးပြုလိုက်ပါက ကျားကို အတောင်တပ်ပေးလိုက်သည့်ပမာ ဖြစ်ပေလိမ့်မည်။
ရန်ရှုလက်ထဲတွင်ရှိနေသည့် ဤအဆင့်နိမ့်မှော်ဝင်ပစ္စည်း (၂)ခုသည် သာမန်အခြေအနေဆိုလျှင် သူတို့၏စွမ်းအားကို ထုတ်ဖော်နိုင်စွမ်းရှိပြီး အလွန်ကောင်းမွန်စွာ အသုံးပြုနိုင်မည်မှာ သေချာသလောက်ပင်။
နှမျောစရာကောင်းသည်မှာ ရန်ကျောက်ကဲနှင့် အားဟူပင်ဖြစ်စေ ၊ ရန်ရှုပင်ဖြစ်စေ ရှီတိကို ယှဉ်နိုင်စွမ်းမ ရှိခြင်းပင် ဖြစ်သည်။
အစောပိုင်းတွင် ရှီတိက ရန်ရှုကို တိုက်ခိုက်လိုက်သည့်အခါ ရန်ရှုက ရှီတိ၏ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိရန် အစိမ်းရောင်ခါးပတ်၏စွမ်းအားကို ထုတ်ဖော်အသက်သွင်းခဲ့ပြီး သံချပ်ကာအင်္ကျီသည်လည်း သူ့ကိုကာကွယ်ရန် အလိုအလျှောက် လှုပ်ရှားသွားခဲ့သည်။
ရလဒ်မှာတော့ ထိုအဆင့်နိမ့်မှော်ဝင်ပစ္စည်း (၂)ခုလုံး သူတို့၏ပိုင်ရှင်ကဲ့သို့ပင် ကြမ္မာဆိုးခံစားရပြီး ပျက်စီးသွားခဲ့ရခြင်း ဖြစ်၏။
ထိုပစ္စည်းများကို ကြည့်လိုက်တော့ အက်ကွဲကြောင်းများမှ ဝိညာဉ်စွမ်းအားများ အဆက်မပြတ်စိမ့်ထွက်နေသည်ကို တွေ့ရသည်။ အသုံးပြုရန်မဆိုထားနှင့် အတော်လေးပင် ပျက်စီနေခဲ့လေပြီ။
၎င်းတို့၏ ပျက်စီးမှုအတိုင်းအတာက နေစင်ဓားဝှက်ဓားထက်ပင် ပိုမိုပြင်းထန်သည်။
အထူးသဖြင့် သံချပ်ကာအင်္ကျီမှာ စောစောက အားဟူ တိုက်ခိုက်လိုက်စဉ်က အပြည့်အ၀ မခုခံနိုင်ခဲ့သည့်တိုင် ထိုတိုက်ခိုက်မှုကြောင့် ပိုမိုပျက်စီးသွားခဲ့ရခြင်း ဖြစ်၏။
အားဟူက အနည်းငယ် နှမျောတသဟန်ဖြင့်…
“ဒါပေမဲ့ ဒီပစ္စည်းတွေက မှော်ဝင်ပစ္စည်းတွေလေ”
အားဟူက ငယ်စင်ကပင် ရန်တိနောက်သို့ လိုက်ခဲ့သူဖြစ်သဖြင့် အခြားသူများထက် အမြင်ကျယ်သည်။ သို့သော် မှော်ဝင်ပစ္စည်းများ ထိုမျှပျက်စီးသွားသည်ကို သူက နှမျောနေဆဲပင်။
ရန်ကျောက်ကဲက မှော်ဝင်ပစ္စည်းများကို ခဏမျှ ကြည့်ရှုစစ်ဆေးပြီးနောက် မည်သည့်စကားမှမဆိုဘဲ ရန်ရှု၏ပိုင်ဆိုင်မှုများကို ကို လှန်လှောရှာဖွေပြီး သလင်းကျောက်နှင့်ဆင်တူသည့် ရေခဲပုံဆောင်ခဲအနည်းငယ်ကို ထုတ်ယူလိုက်သည်။
အားဟူက ကြည့်နေရင်း…
“သခင်လေး… ဒါတွေက သိုင်းကျင့်ကြံသူတွေ ယာယီဒဏ်ရာသက်သာအောင် ကုသပေးနိုင်တဲ့ ရေခဲကျောက်တုံးတွေထင်တယ်”
“ကျွဲခေါင်းပန်းမြက်နည်းနည်းလောက် ယူခဲ့ပါ”
ရန်ကျောက်ကဲက ရေခဲကျောက်တုံးများကို အမှုန့်ခြေရင်းဆိုသည်။
အားဟူ ပဟေဠိဖြစ်သွားပြီး ခေါင်းတစ်ခုလုံး မေးခွန်းများဖြင့် ပြည့်သွားသည်။
သူ့တွင် ကျွဲခေါင်းပန်းမြက်များရှိသည်အမှန်ပင်။ သို့သော် ထိုသို့သော ဝိညာဉ်မြက်ပင်မျိုးက ထူးခြားသည့်ဆေးဝါးအချို့တွင် အခြားသောဆေးဖက်ဝင်ပစ္စည်းများနှင်ပေါင်းစပ်ကာ အသုံးပြုလေ့ရှိသည်။
ကျွဲခေါင်းပန်းမြက်ဖြစ်စေ ၊ ရေခဲကျောက်တုံးဖြစ်စေ နှစ်ခုလုံးက သက်ရှိများအတွက် အသုံးပြုခြင်း ဖြစ်သည်။ မှော်ဝင်ပစ္စည်းများကို သန့်စင်ပြုပြင်ရန် အသုံးပြုခြင်း မရှိပေ။
သို့သော် ရန်ကျောက်ကဲက တောင်းသည်ဆိုတော့ အားဟူသည်လည်း ကျွဲခေါင်းပန်းမြက်အနည်းငယ်ကို ပေးလိုက်၏။
ကျွဲခေါင်းပန်းမြက်များကိုရသည်နှင့် ရန်ကျောက်ကဲက လက်ခုပ်တစ်ချက်တီးလိုက်သည်။ ဝိညာဉ်မြက်ပင်များကို ခြောက်သွေ့အောင်ပြုလုပ်လိုက်ပြီး အရွက်များကို အမှုန့်ချေပစ်ကာ ရေခဲကျောက်တုံးအမှုန့်များဖြင့် ပေါင်းစပ်လိုက်သည်။
ထိုအမှုန့် (၂)ခု ပေါင်းစပ်လိုက်သည်နှင့် အစိမ်းရောင်မီးခိုးငွေ့များ ဖြည်းဖြည်းချင်းထွက်ပေါ်လာပြီး နှစ်မျိုးလုံးလောင်ကျွမ်းသွားသည်။
ရန်ကျောက်ကဲက လက်ကိုဝှေ့ယမ်းလိုက်ပြီး အစိမ်းရောင်မီးခိုးငွေ့များကို ရန်ရှုထံမှရရှိသည့် မှော်ဝင်ပစ္စည်းများထက်သို့ ဖြူးချလိုက်သည်။
မှော်ဝင်ပစ္စည်းများမှာ ပျက်စီးနေသေးသည့်တိုင် ဝိညာဉ်စွမ်းအားများ စိမ့်ထွက်နေခြင်း တဖြည်းဖြည်းရပ်တန့်သွားသည်။
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…
“အခု အရေးပေါ်ပြုပြင်မှုတော့ ပြုလုပ်ပြီးပြီ ၊ နောက်မှ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲမှာ တစ်ကြိမ်လောက်သန့်စင်လိုက်ရင် ပြန်ကောင်းလာဖို့ အခွင့်အရေးရှိတယ် ၊ အခုတော့ လုံး၀ ပျက်စီးမသွားအောင် တားဆီးလိုက်နိုင်တာပေါ့”
အားဟူမျက်လုံးထဲ ကြယ်ရောင်များလင်းလက်သွားသည်။
“သခင်လေး… ဒါ… ဒါက…”
ရန်ကျောက်ကဲပုံစံကတော့ ဘာမှမဟုတ်သည့် သာမန်ကိစ္စပြုလုပ်သည့်အလား ပုံမှန်ပင်ဖြစ်သည်။
“ဒီ ကျယ်ပြောလှတဲ့လောကကြီးမှ မရေမတွက်နိုင်တဲ့ အံ့သြစရာကိစ္စတွေ ရှိတယ် ၊ ငါတို့ နေ့စဉ်အသက်ရှင်တဲ့ဘဝမှာ ယေဘူယျဗဟုသုတအသေးအမွှားလေးတွေအပြင် အရေးပေါ်လိုအပ်တာလေးတွေကိုလုပ်ဆောင်ဖို့ နည်းလမ်းလေးတွေကို စုဆောင်းထားသင့်တယ် ၊ အဲဒါတွေက တစ်နေ့နေ့မှာ အသုံးမဝင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ”
အားဟူမှာ အတန်ကြာပါးစပ်အဟောင်းသားဖြစ်နေပြီးမှ ပါးစပ်ပြန်ပိတ်လိုက်သည်။
ထို့နောက် သူက ဖော်လံဖားအမူအရာမျိုးပြုလုပ်လိုက်ရင်း…
“သခင်လေး… သခင်လေးက တကယ့်ပါရမီရှင်တစ်ယောက်ပဲ”
ရန်ကျောက်ကဲက သူ့ကို မျက်လုံးတစ်ချက်စောင်းကြည့်ရင်း…
“မင်းဖားနေတာကြီး သိသာတယ်နော်”
အားဟူက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ပြီး ရန်ရှုကျန်ခဲ့သည့် နောက်ထပ်ပစ္စည်းများကို အာရုံစိုက်လိုက်၏။
ပျက်စီးနေသည့် မှော်ဝင်ပစ္စည်း (၂)ခုထက်ဆာလျှင် ဤပစ္စည်းတစ်ခုက အမှန်တကယ်ပင် ရန်ကျောက်ကဲ၏စိတ်အာရုံကို ပိုပြီး ဆွဲဆောင်နိုင်စွမ်းရှိနေသည်။
“အိုး… ဘယ်လောက်ရှားတဲ့ပစ္စည်းမျိုးလဲ ၊ ရန်ရှုမှာ ဒီလိုပစ္စည်းမျိုး တကယ်ကြီး ရှိနေတာလား”
ရန်ကျောက်ကဲက ဖန်သားပမာကြည်လင်နေသည့် အနီရောင်အလုံးလေးတစ်လုံးကို လက်ထဲတွင်ကိုင်ရင်း မျက်ဝန်းများတောက်ပစွာဖြင့် ဆိုသည်။
သွေးရောင်တောက်နေသည့် အလုံးလေးထဲတွင် အရည်များ အဆက်မပြတ်စီးဆင်းနေသကဲ့သို့ရှိပြီး အတွင်းထဲမှ ယင်စွမ်းအားနှင့် အန္တရယ်ချီစွမ်းအား အနည်းငယ် ထွက်ပေါ်နေသည်။
အားဟူက သူ၏ကြီးမားသည့်ခေါင်းကြီးကို တစ်ချက်ဖျစ်ညှစ်လိုက်ပြီး ခဏမျှတုံ့ဆိုင်းနေပြီးမှ မေးခွန်းထုတ်သည်။
“သခင်လေး ၊ အဲဒါ သွေးသန့်စင်ကျောက်တုံးမဟုတ်လား”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ ၊ ဒါက သွေးသန့်စင်ကျောက်တုံးပဲ”
သွေးသန့်စင်ကျောက်တုံးဆိုသည်က ရှားပါးသည့် အဖိုးတန်ရတနာတစ်ခု ဖြစ်သည်။ ထိုသို့သောပစ္စည်းမျိုးကို ငရဲပြည်တမျှ ပြင်းထန်ကြမ်းတမ်းသည့် သွေးချောင်းစီးတိုက်ပွဲများတွင်သာ တွေ့ရလေ့ရှိသည်။
ထိုပစ္စည်းကို မိစ္ဆာလမ်းစဉ်ကျင့်ကြံရာတွင် အသုံးပြုလေ့ရှိကြသော်လည်း သွေးသန့်စင်ကျောက်တုံးကိုယ်တိုင်ကတော့ သွေးဆာပြီး ရက်စက်ကြမ်းကြုတ်သည့် စွမ်းအားများ ရှိမနေပေ။ သူက အသန့်စင်ဆုံး ယင်စွမ်းအားနှင့် အန္တရယ်ချီစွမ်းအားများကို စုဆောင်းပေးထားသည့် ပုံဆောင်ခဲတစ်ခုမျှသာ ဖြစ်သည်။
မိစ္ဆာလမ်းစဉ် သိုင်းကျင့်ကြံသူများက ထိုပစ္စည်းကို ကျင့်ကြံရာတွင် အသုံးပြုသည်။ သာမန်သိုင်းကျင့်ကြံသူများကတော့ ဒဏ်ရာအပြင်းအထန်ရသည့်အခါမျိုးတွင် သူတို့၏ ချီစွမ်းအားများနှင့် သွေးစွမ်းအားများ ပြန်လည်ရရှိလာစေရန် အသုံးပြုကြသည်။
သွေးသန့်စင်ကျောက်တုံးမှ ချီစွမ်းအားနှင့် သွေးစမ်းအားများကို စုပ်ယူရန်အတွက် တရားထိုင်သကဲ့သို့ အချိန်ကြာမြင့်စွာ ထိုင်နေရန် လိုအပ်သည်။ ရန်ကျောက်ကဲ၏ အနီးကပ်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် ရန်ရှုကတော့ ထိုသို့ပြုလုပ်ရန် အချိန်မရလိုက်ရှာပေ။
“ဒီပစ္စည်းရဲ့ အကြီးမားဆုံးလုပ်ဆေင်နိုင်စွမ်းကတော့ သွေးမိစ္ဆာအပြားကို သန့်စင်ဖို့ အသုံးပြုလို့ရတယ် ၊ ဒီခေတ်ဒီအချိန်မှာတော့ ဒီလိုလုပ်လို့ရတယ်ဆိုတာကို သိတဲ့သူရှိပါဦးမလား မသေချာဘူး ၊ ဒါကို မမျှော်လင့်ဘဲ ရလိုက်တာ ဘယ်လောက်တောင် ကြီးမားတဲ့ အကျိုးအမြတ်ကြီးလဲ ၊ ဘယ်လောက်တောင် ကြီးမားတဲ့ အကျိုးအမြတ်ကြီးလဲ”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း ပျော်ရွှင်စွာဖြင့် သွေးသန့်စင်ကျောက်တုံးကို သေသေချာချာ သိမ်းဆည်းလိုက်သည်။
ထို့နောက် သူတို့ (၂)ယောက် ရန်ရှုထံတွင်ပါရှိသည့် အဖိုးတန်ဆေးဝါးများကို စစ်ဆေးလိုက်ပြီး အားလုံးကို သိမ်းဆည်းလိုက်ကြသည်။
ထို့နောက် ရန်ကျောက်ကဲက ရီကျင်းထံမှရရှိထားသည့် အနီရင့်ရောင်လက်စွပ်ကို ထုတ်ယူလိုက်လေ၏။