တကယ်လက်တွေ့တွင်လည်း သူတို့ထင်မှတ်ထားသည့် အတိုင်းပင်။ ဝမ်ပေါင်လဲ့တစ်ယောက် မွေးစားဂိုဏ်းသားတစ်ယောက်အနေနှင့် ပြန်ရောက်လာသည်ဆိုသော သတင်းများမှာ ချက်ချင်းပျံ့နှံ့သွားပြီး ကျယ်ပြန့်တာအိုနန်းတော်ထဲမှ လူတိုင်းအား အံ့ဩတုန်လှုပ်သွားစေ၏။ အကြောင်းအရင်းအစုံအလင်ကို မသိသေးသော လူများမှာဆိုလျှင် လေ့လာစုံစမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အတိတ်တုန်းက မွေးစားဂိုဏ်းသားအဆင့် ရှိခဲ့သည့်လူများ ခံစားခဲ့ရသော အကျိုးကျေးဇူးများကို သိရှိသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုရာထူးအဆင့်အတန်းကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ကျယ်ပြန့်တာအိုနန်းတော်အစစ်ကိုယ်တိုင် သူ့အား ထိုရာထူးကို အပ်နှင်းပေးထားသည် မဟုတ်ပါလော။ လက်ရှိတွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေသေးသောကြောင့်သာ သူသည် တာအိုနန်းတော်တစ်ခုလုံးအား မထိန်းချုပ်နိုင်ဘဲ ဖြစ်နေရခြင်းဖြစ်သည်။
ထို့ကြောင့် သူသည် တာအိုနန်းတော်၏ နယ်ခံတစ်ယောက် မဟုတ်သည့်တိုင်အောင် အရေးမကြီးတော့ပေ။
ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် သူတို့အားလုံးကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်တော့ မဟုတ်ပေ။ ကျောက်ယမုန့်လည်း ရှိနေသေးသည်။ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ နှစ်ယောက်စလုံးမှာ အတွင်းစည်းဂိုဏ်းသားနှင့် အပြင်စည်းဂိုဏ်းသားများအဖြစ် အသီးသီး ပြန်လည်ရောက်ရှိလာကြသည် မဟုတ်ပါလော။ ခုန်းတောက်၏ ရာထူးအဆင့်အတန်းမှာ အလွန်အမင်း အံ့ဩစရာကောင်းသည့် အဆင့်တွင် မရှိပါသော်လည်း လူအများမှာ ကျောက်ယမုန့်၏ အောင်မြင်မှုအား မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြ၏။ အကယ်၍ ဝမ်ပေါင်လဲ့၏ မွေးစားဂိုဏ်းသား ရာထူးအဆင့်အတန်းကြောင့်သာ မဟုတ်ပါက လက်ရှိတွင် သူမသည် လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရလောက်ပြီ ဖြစ်သည်။
နောက်ဆုံးတွင် ပြည်ထောင်စုကြီးမှာ ကျယ်ပြန့်တာအိုနန်းတော်နှင့် အမှန်တကယ် တစ်သားတည်း ပေါင်းစည်းသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့ ရှိနေပြီဖြစ်ရာ ထိုအဖွဲ့အစည်းနှစ်ခုအား ခွဲခြားနိုင်ရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။
လက်ရှိတွင် ကျယ်ပြန့်တာအိုနန်းတော်မှာ ဝမ်ပေါင်လဲ့အား အပ်နှင်းမည့် ရာထူးအဆင့်အတန်းကို ဆုံးဖြတ်ရန် လိုအပ်ပေသည်။ ထိုကိစ္စနှင့်ပတ်သက်၍ အတွေးအမြင်အမျိုးမျိုး ရှိကြ၏။ ထိုကိစ္စကြီးကြောင့် အကြီးအကျယ် ခေါင်းခဲနေကြသူများမှာ မြဲ့လျဲ့ကျိ၊ ဖုန့်ချိုးရန်နှင့် မကြာသေးမီကမှ တံခါးပိတ်ကျင့်စဉ်ထဲမှ ထွက်လာပြီးနောက် နှုတ်ဆိတ်နေခဲ့သည့် တာအိုဘုန်းတော်ကြီး ယိုရန်တို့ပင် ဖြစ်သည်။
မြဲ့လျဲ့ကျိမှာ ခေါင်းခဲနေရပါသော်လည်း ဖုန့်ချိုးရန်မှာမူ ဇဝေဇဝါဖြစ်နေရဆဲပင်။ သူမသည် ဝမ်ပေါင်လဲ့အား မည်သို့မည်ဖုံ ကိုင်တွယ်ဖြေရှင်းရမည်မှန်း မသိနိုင်ဘဲ ဖြစ်နေရ၏။ အကြီးအကဲသုံးယောက်စလုံးမှာ ထိုကိစ္စနှင့်ပတ်သတ်၍ မှတ်ချက်တစ်ခုတလေပင် မပေးကြသောကြောင့် ထိုကိစ္စကြီးတစ်ခုလုံးမှာ နှောင့်နှေးကြန့်ကြာနေရတော့သည်။
သို့သော် သူတို့သုံးယောက်မှာ မကြာမီတွင် အဖြေတစ်ခုခု ရှာရမည်ဖြစ်ကြောင်း သိထား၏။ ထိုသို့သာမဟုတ်ပါက ပြဿနာများ ပေါ်ပေါက်လာနိုင်ပေသည်။ မွေးစားဂိုဏ်းသားတစ်ယောက်မှာ ဗေဒါပင်ကြီးနှင့် ဂိုဏ်း၏ မန္တန်အစီအရင်ကြီးတို့ကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။ အကယ်၍ သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်ဟောင်းထဲတွင်သာ ရှိနေကြမည်ဆိုပါက သူတို့သုံးယောက်ထဲမှ မည်သူကမှ ဝမ်ပေါင်လဲ့၏ နောက်လိုက်အဖြစ် တာဝန်ထမ်းဆောင်ရန်ပင် အရည်အချင်း ပြည့်မီကြမည်မဟုတ်ပေ။
အကြီးအကဲကြီး သုံးယောက် ခေါင်းခဲနေကြစဉ် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ အခြားကျင့်ကြံ သူများမှာ ထိုကိစ္စအကြောင်း အလေးအနက် ဆွေးနွေးနေကြ၏။ ဝမ်ပေါင်လဲ့မှာမူ မီးစိမ်းကျွန်းဆီသို့ ပြန်သွားလိုက်ပြီးနောက် တစ်ခဏမျှ အနားယူလိုက်၏။ ထို့နောက် သူသည် မြည်းလေးအား သတိကြီးကြီးထားရန် အသိပေးလိုက်ပြီးနောက် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား လှမ်း၍ဆက်သွယ်လိုက်သည်။ သူတို့သုံးယောက်မှာ ပင်မကျွန်းပေါ်၌ လူစုလိုက်ကြပြီးနောက် သူတို့ စုဆောင်းရရှိခဲ့သည့် ပစ္စည်းများကို တိုက်ပွဲရမှတ်များဖြင့် လဲလှယ်ရန် ပြင်လိုက်ကြတော့သည်။
သူတို့ ရှာဖွေစုဆောင်းမိခဲ့သော ပစ္စည်းများမှာ အလွန်အင်မတန်မှ များပြားလွန်းလှသောကြောင့် တာဝန်ကျောက်တိုင်ဆီသို့ ရောက်လာကြသောအခါ လူတိုင်းမှာ သူတို့အား အထူးတဆန်းဖြစ်နေကြသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြတော့သည်။ ထို့နောက် သူတို့မှာ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူကာ စတင်လဲလှယ်လိုက်ကြသဖြင့် ကျောက်တိုင်ကြီးမှာ စတင်တုန်ရီလာပြီး မျက်စိကျိန်းစရာကောင်းသော အလင်းရောင်များကို ထုတ်လွှတ်နေတော့သည်။
အစပိုင်းတွင် သူတို့၏ ဘေးပတ်ပတ်လည်ရှိ တာအိုနန်းတော်မှ ဂိုဏ်းသားများမှာ အံ့ဩတုန်လှုပ်နေရာမှ တဖြည်းဖြည်းနှင့် ဆွံ့အမှင်တက်သွားကြတော့သည်။ နောက်ဆုံးတွင် မိနစ်သုံးဆယ်တိတိ ကုန်ဆုံးပြီးသွားသောအခါမှ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ ထွက်ခွာသွားကြ၏။ ထိုအခါမှသာ ကျောက်တိုင်ကြီးနားတွင် ရှိနေကြသည့် လူများမှာ အုတ်အော်သောင်းနင်း ဖြစ်သွားရတော့သည်။
ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာမူ တိုက်ပွဲရမှတ် အမှတ်တစ်သန်းနီးပါး လဲလှယ်နိုင်ခဲ့သဖြင့် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေကြ၏။ ဝမ်ပေါင်လဲ့မှာ အများဆုံး ကူညီပေးခဲ့သည်ဖြစ်ရာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ နှစ်ယောက်စလုံးမှာ သူ့အား တိုက်ပွဲရမှတ် အမှတ်ငါးသိန်းအထိ ယူခိုင်းလိုက်ကြသည်။ ခုန်းတောက်မှာ ကျန်ရှိနေသေးသော တိုက်ပွဲရမှတ် လေးသိန်းကျော်၏ လေးဆယ်ရာခိုင်နှုန်းကို ယူလိုက်ပြီး ကျောက်ယမုန့်အား ခြောက်ဆယ်ရာခိုင်နှုန်းတိတိ အကျိုးခံစားခွင့် ပေးလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့အား နှုတ်ဆက်လိုက်ပြီးနောက် ထိုတိုက်ပွဲရမှတ်များအား ဓမ္မလက်နက်တစ်ခုဖြင့် လဲလှယ်ရန် စိတ်လှုပ်တရှား ထွက်ခွာသွားတော့သည်။ သူသည် ကိုယ်ပျောက်ဝတ်ရုံအား ဝယ်ယူရန် ဆုံးဖြတ်ထား၏။
ကျောက်ယမုန့်မှာလည်း ဝယ်ယူရန် ရည်ရွယ်ထားသည့် ပစ္စည်းများ ရှိပေသည်။ သူမသည် နီမြန်းနေသော မျက်နှာဖြင့် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ ကျယ်ပြန့်ပညာရပ်အဆောင်ဆီသို့ ပြေးသွားလိုက်၏။
” ဒီတစ်ခေါက်တော့ သွမ့်မုလေး ငါ့ကို ဖေဖေလို့ မခေါ်ခေါ်အောင် လုပ်ပြမယ် ” ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူက ဂုဏ်ယူနေမိတော့သည်။ သူသည် တိုက်ပွဲရမှတ်များ အလုံအလောက် ပိုင်ဆိုင်ထားသရွေ့ ကမ္ဘာကြီးအား အုပ်စိုးနိုင်လိမ့်မည်ဟု မှတ်ယူထားသည်။ ထိုသို့ဖြင့် သူသည် ကျယ်ပြန့်ပညာရပ်အဆောင်ဆီသို့ ရောက်ရှိသွားပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းကာ ကျင့်ကြံခြင်းပညာရပ် အခုနှစ်ရာတိတိအား တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဝယ်ယူလိုက်တော့သည်။
သူသည် ထိုကျင့်ကြံခြင်းပညာရပ်များအတွက် တိုက်ပွဲရမှတ် အမှတ်သုံးသိန်းနီးပါး အသုံးပြုခဲ့ရ၏။ သို့သော်လည်း သူသည် ဂရုမစိုက်ပေ။ စွန်းဟေ့မှာ သူ့အား တိုက်ပွဲရမှတ် တစ်သိန်းငါးသောင်းတိတိ ပေးရဦးမည် မဟုတ်ပါလော။ ထို့အပြင် သူသည် ကစားပွဲလုပ်ငန်းမှလည်း တိုက်ပွဲရမှတ် အမြောက်အမြား ရရှိထားလောက်ပြီဖြစ်သည်။
ထို့ကြောင့် သူသည် ယခုလို တိုက်ပွဲရမှတ်များ အသုံးပြုလိုက်ရသည့်အတွက် စိတ်ပူပန်နေခြင်း မရှိပေ။ သူသည် ကျင့်ကြံခြင်းပညာရပ် အခုနှစ်ရာအား တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီသို့ ယူသွားလိုက်ပြီးနောက် ပြည်ထောင်စုကြီးဆီသို့ တစ်ခါတည်း ပေးပို့လိုက်တော့သည်။ ထိုသို့ ပေးပို့လိုက်ပြီးနောက် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ အံ့ဩမှင်တက်ကာ သွမ့်မုချွယ်မှာ ပါးစပ်အဟောင်းသား ဖြစ်နေလောက်ပြီဟု သူက တွေးမိသွား၏။ ထိုအတွေးများကြောင့် သူသည် စိတ်ဓာတ်များတက်ကြွလာရတော့သည်။
” သွမ့်မုလေး။ ခဗျား အရှုံးမပေးလို့ မရတော့ပါဘူးကွာ။ ခဗျားကြီး အစကတည်းက ကလိမ်ကကျစ် မကျခဲ့သင့်တာ ” ဝမ်ပေါင်လဲ့မှာ သူ၏ဗိုက်အားပုတ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ရေရွတ်လိုက်၏။ သူသည် ပြည်ထောင်စုကြီးဆီသို့ ကျင့်ကြံခြင်းပညာရပ် အခုသုံးရာကျော် ပို့ပေးပြီးသွားပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ ပေးပို့လိုက်ပြီးနောက် မီးစိမ်းကျွန်းဆီသို့ ပြန်သွားလိုက်၏။ သူ တွေးထားခဲ့သည့်အတိုင်းပင်။ ပြည်ထောင်စုကြီးမှာ သူပေးပို့လိုက်သည့် ကျင့်ကြံခြင်းပညာရပ် အခုနှစ်ရာအား လက်ခံရရှိလိုက်သောအခါ အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။
ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ထိုကိစ္စအကြောင်း ဆွေးနွေးငြင်းခုန်နေကြပြီ ဖြစ်သည်။ သွမ့်မုချွယ်မှာမူ ဆွံ့အမှင်တက်နေရပြီး သူ၏ ဥက္ကဋ္ဌသက်တမ်းမှာ ကြာကြာခံတော့မည်မဟုတ်ကြောင်း ခံစားနေရတော့သည်။
သတင်းဌာနပေါင်း မြောက်မြားစွာမှာ သွမ့်မုချွယ်ပေးခဲ့သည့် ကတိအကြောင်းကို ထုတ်ဖော်ပြခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ ပြန်ရောက်လာပါက ရာထူးအကြီးကြီး တိုးသွားတော့မည်ဖြစ်ကြောင်း လူတိုင်းက သိရှိထားကြ၏။
ပြည်ထောင်စုကြီးတစ်ခုလုံးထဲမှ လူများအားလုံးမှာ ထိုကိစ္စအကြောင်း ပြောဆိုနေကြပြီဖြစ်သည်။ ကောင်းကင်မြို့တော်ထဲမှ မြို့သူမြို့သားများလည်း ထိုနည်းတူပင်။ ဝမ်ပေါင်လဲ့၏ မိဘများမှာ ထိုမြို့ထဲ၌ မိတ်ဆွေအသစ်များ ဖွဲ့ထားကြပြီးဖြစ်ရာ သူတို့မှာလည်း ထိုသတင်းများကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြ၏။ သူတို့နှစ်ယောက်မှာ သူတို့၏ သားလေး ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာတော့မည်ဖြစ်ကြောင်း တွေးတောရင်း ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။
ပြည်ထောင်စုကြီးတစ်ခုလုံး အော်သောင်းနင်းဖြစ်နေစဉ် ရှေးဟောင်းဓားကြီးပေါ်ရှိ ဝမ်ပေါင်လဲ့၏ နေ့စဉ်ဘဝမှာ ပြန်လည်ငြိမ်သက်သွား၏။ သူသည် ပြန်၍ လေ့ကျင့်နေပြီ ဖြစ်သည်။
သူသည် သူ၏ အမြုတေထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်ရန် လိုအပ်သလို ယွမ်ယင်အဆင့်သို့ တက်လှမ်းနိုင်ရန်အလို့ငှာ အစီအစဉ်များဆွဲရန်လည်း လိုအပ်ပေသည်။ ထို့အပြင် ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်ကိုလည်း ဒုတိယအဆင့်သို့ တိုးမြှင့်ရန် လိုအပ်သေးသည်။ ထိုမျှသာမက သူသည် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ နောက်ဆုံးအဆင့်ကိုလည်း ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင်ရန် စိတ်ကူးထား၏။
ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်၏ တိုးတက်နှုန်းမှာ နှေးကွေးနေဆဲဖြစ်ပါသော်လည်း ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်မှာမူ သိသိသာသာ တိုးတက်လာ၏။ သို့သော် ၎င်းမှာ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ရာ ယခင်တုန်းကလောက် မမြန်တော့ပေ။ သူ ထိုအဆင့်အား ကျွမ်းကျင်တတ်မြောက်သွားပါက ရရှိနိုင်မည့် စွမ်းရည်မှာ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ အခြားပညာရပ်များထက် ပို၍သာလွန်ပေသည်။ ၎င်းအား ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ အစွမ်းအထက်ဆုံးပညာရပ်ဟုပင် သတ်မှတ်နိုင်ပေသည်။
၎င်း၏အမည်မှာ ထာဝရလျှပ်စီးလက်ချောင်း ဖြစ်ပေသည်။
ထိုပညာရပ်အား ထုတ်သုံးလိုက်ပါက မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ပြောင်းလဲသွားမည်ဖြစ်သည်။ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ စတုတ္ထအဆင့်မှာ လျှပ်စီးစွမ်းအားများကို ခန္ဓာကိုယ်ထဲ၌ စုစည်းကာ ဖျက်ဆီးအားကောင်းသော လျှပ်စီးလက်ချောင်းတစ်ချောင်းကို ဖန်တီးပေးခြင်းဖြစ်သည်။ ထိုလက်ချောင်းမှာ လမ်းတစ်လျှောက်ရှိ မည်သည့်အရာကိုမဆို ဖျက်စီးပစ်နိုင်စွမ်း ရှိပေသည်။
ဝမ်ပေါင်လဲ့မှာ အကြိမ်အနည်းငယ်ခန့် စမ်းသပ်ကြည့်ခဲ့ပြီးနောက် ထာဝရလျှပ်စီးလက်ချောင်းမှာ အလွန်အင်မတန်မှအစွမ်းထက်ကြောင်း သိခဲ့ရ၏။ ထို့ကြောင့် သူသည် ၎င်းအား ပို၍အချိန်ပေးကာ လေ့ကျင့်နေတော့သည်။
နောက်ဆုံးတွင် စွန်းဟေ့မှာ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ပြီးနောက် တိုက်ပွဲရမှတ် တစ်သိန်းခွဲတိတိ စုဆောင်ပြီးသွားသဖြင့် ဝမ်ပေါင်လဲ့ဆီသို့ လွှဲပေးလိုက်၏။ တချိန်ထဲမှာပင် ရှဲ့ဟေးရန်မှာ ကစားပွဲလုပ်ငန်းမှရရှိခဲ့သည့် တိုက်ပွဲရမှတ် နှစ်သိန်းကျော်အား သူ့ဆီသို့ လွှဲပေးလိုက်သေးသည်။
ထို့ကြောင့် လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ တိုက်ပွဲရမှတ် လေးသိန်းကျော် ပိုင်ဆိုင်ထားပြီဖြစ်သည်။ သူသည် တာအိုနန်းတော်ထဲတွင် အချမ်းသာဆုံး မဖြစ်သေးပါသော်လည်း ထိပ်ဆုံးဆယ်ယောက်ထဲတွင် သေချာပေါက် ပါနေလောက်ပြီဖြစ်သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ဆက်လက်လေ့ကျင့်နေရင်း သူ၏ ရာထူးအဆင့်အတန်းနှင့် ပတ်သတ်သည့် ပြဿနာကြီးမှာ ပြေလည်သွား၏။ ဖုန့်ချိုးရန်မှာ ဝမ်ပေါင်လဲ့အား အကြီးအကဲသုံးယောက်နှင့် ရာထူးအဆင့်အတန်း အတူတူဖြစ်သည့် မဟာထိပ်သီးအကြီးအကဲရာထူးကို အပ်နှင်းနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ စတုတ္ထမြောက် မဟာထိပ်သီးအကြီးအကဲကြီး ဖြစ်သွားပြီး ကိုယ်ပိုင် အဖွဲ့အစည်းတစ်ခုကိုလည်း တည်ထောင်ခွင့်ရသွားတော့မည် ဖြစ်သည်။
အကယ်၍ အခြားတစ်ချိန်ချိန်တွင်သာဆိုပါက မြဲ့လျဲ့ကျိမှာ ထိုအဆိုပြုချက်ကို အပြင်းအထန် ကန့်ကွက်လိုက်မည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့ လက်ခံရရှိမည့် ရာထူးအဆင့်အတန်းမှာ သူ လက်သင့်ခံနိုင်သော အတိုင်းအတာထက် အများကြီးပိုနေသည် မဟုတ်ပါလော။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ မွေးစားဂိုဏ်းသားရာထူးကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ မြဲ့လျဲ့ကျိမှာ ထိုအဆိုပြုချက်အား မျက်နှာရှုံ့မဲ့မဲ့နှင့် လက်ခံလိုက်ရုံမှတစ်ပါး အခြား ဘာမှမတတ်နိုင်ခဲ့ပေ။
တာအိုဘုန်းတော်ကြီး ယိုရန်မှာ သူ၏ အတွေးအမြင်များကို ထုတ်ပြောခဲ့ခြင်းမရှိပေ။ ဖုန့်ချိုးရန်နှင့် မြဲ့လျဲ့ကျိတို့ နှစ်ယောက်စလုံးမှာ သဘောတူလိုက်ပြီဖြစ်ရာ သူ့ဘက်မှ ကန့်ကွက်နေပါက သင့်တော်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည်လည်း အေးစက်စက်မျက်ဝန်းများဖြင့် နှုတ်ဆိတ်ကာ သဘောတူလိုက်ရ၏။
ထိုအကြီးအကဲကြီးသုံးယောက်မှာ သဘောတူညီမှု ရရှိသွားပြီဖြစ်ရာ ထိုအကြောင်းကို ထုတ်ပြန်ကြေညာလိုက်၏။ ထိုအခါ ကျယ်ပြန့်တာအိုနန်းတော်ကြီး တစ်ခုလုံးမှာ ပို၍ပင် ဆူညံပွက်လောရိုက်သွားရတော့သည်။
ဂိုဏ်းထဲရှိ လူတိုင်းမှာ ထိုသတင်းများကြောင့် အံ့ဩတုန်လှုပ်သွားရ၏။ ကျယ်ပြန့်တာအိုနန်းတော်ကြီးမှာ ပြောင်းလဲသွားတော့မည်ဖြစ်ကြောင်း သူတို့က ရိပ်မိနေကြပြီဖြစ်သည်။