မြဲ့လျဲ့ကျိမှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူ ဝိညာဉ်ကြားခံနယ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ သူ့အား အံ့ဩတုန်လှုပ်သွားစေသည့် အဖြစ်အပျက်များနှင့် မကြုံတွေ့ရသည်မှာ အတော်အတန် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ မွေးစားဂိုဏ်းသားအဆင့်ကို ရရှိခဲ့လိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ပေ။
သူသည် ဝမ်ပေါင်လဲ့မှာ အဓိကဂိုဏ်းသားအဆင့်အား ရရှိရန်ပင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလိမ့်မည်ဟု တွေးထားခဲ့၏။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ အဓိကဂိုဏ်းသားအဆင့်ထက် နှစ်ဆင့်ပိုမြင့်ပြီး တာအိုဂိုဏ်းသားအဆင့်ထက် တစ်ဆင့်သာနိမ့်သည့် မွေးစားဂိုဏ်းသားအဆင့်ကို ရရှိခဲ့သည်မဟုတ်ပါလော။
ထို့ကြောင့် သူသည် ထိုကိစ္စကြီးတစ်ခုလုံးကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရဆဲပင်။ သူသည် ကျယ်ပြန့်တာအိုနန်းတော် ဘုန်းမီးနေလတောက်ပခဲ့သည့် အချိန်ကတည်းက ရှိနေခဲ့သော ဂိုဏ်းသားတစ်ယောက်ဖြစ်ရာ အဓိကဂိုဏ်းသားအဆင့်၏ ကြီးကျယ်ခမ်းနားပုံကို ကောင်းကောင်းကြီး သိထား၏။ အဓိကဂိုဏ်းသားထက် တစ်ဆင့်ပိုမြင့်သည့် တပည့်ရင်းဂိုဏ်းသားမှာဆိုလျှင် ပို၍ပင် ရာထူးအဆင့်အတန်းမြင့်မားပေသည်။
မွေးစားဂိုဏ်းသားများမှာမူ… ဂိုဏ်း၏ ဒဏ္ဍာရီများထဲတွင်သာ ရှိသော ဂိုဏ်းသားများဖြစ်ကြပေသည်။ ထို ဂိုဏ်းသားများမှာ အလွန်အင်မတန်မှ ဩဇာအာဏာကြီးမား၏။ သူသည် ထိုကဲ့သို့သော ဂိုဏ်းသားများကို တွေ့ဆုံခွင့်ပင် မရခဲ့ပေ။ သူသည် တပည့်ရင်းဂိုဏ်းသားတစ်ယောက်၏ နောက်လိုက်အဖြစ် ရှိနေခဲ့စဉ်တုန်းက ထို တပည့်ရင်းဂိုဏ်းသား မွေးစားဂိုဏ်းသားတစ်ယောက်၏ ရှေ့တွင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ ခယနေခဲ့ရသည်ကို မြင်ဖူးခဲ့သည်။ သူတို့မှာ ကျင့်ကြံသူတစ်ယောက်နှင့် ကြုံလိုက်ရသည့် သာမန်လူများကဲ့သို့ ဖြစ်သွားကြရသည်သာ ဖြစ်သည်။
ထို အချက်များကြောင့်လည်း မြဲ့လျဲ့ကျိမှာ ယခုလို အံ့ဩတုန်လှုပ်နေရခြင်းဖြစ်သည်။ သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားနေရပြီး ဆွံ့အမှင်တက်နေရတော့သည်။
ဖုန့်ချိုးရန်မှာလည်း ထိုနည်းတူပင်။ သို့သော် မြဲ့လျဲ့ကျိနှင့် မတူသည်မှာ သူမသည် ခရမ်းရောင်အသိအမှတ်ပြုတံဆိပ်ပြားကို အကြိမ်အနည်းငယ်ခန့် မြင်ဖူးထား၏။ အဘယ်ကြောင့်ဆိုသော သူမ၏ မိသားစုမျိုးနွယ်စုထဲမှ အကြီးအကဲတစ်ယောက်မှာ မွေးစားဂိုဏ်းသားတစ်ယောက် ဖြစ်ခဲ့သောကြောင့်ပင်။
ထို့ကြောင့်လည်း သူမသည် အံ့ဩတုန်လှုပ်သွားရခြင်းဖြစ်၏။ အမှန်အတိုင်းဆိုရလျှင် သူမသည် မြဲ့လျဲ့ကျိထက်ပင် ပို၍ အံ့သြတုန်လှုပ်နေရသည် ဖြစ်သည်။ ထို့ကြောင့် သူမသည် မသိစိတ်မှနေ၍ ဝမ်ပေါင်လဲ့အား အကြီးအကဲတစ်ယောက်ကဲ့သို့ ဂါရဝပြုမိလုနီးပါး ဖြစ်သွားရ၏။
ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင်လျှင် အံ့သြမှင်တက်နေရပြီဖြစ်သည်။ သူသည် မွေးစားဂိုဏ်းသားအဆင့်မှာ အလွန်အင်မတန်မှ မြင့်မားကြောင်း သိထားပါသော်လည်း တာအိုဂိုဏ်းသားအဆင့်ကို မရရှိနိုင်ခဲ့သဖြင့် နောင်တရနေဆဲပင်။ ထို့ကြောင့် သူသည် စွန်းဟေ့ကြောင့် ရင်ဆိုင်နေရသည့် ပြဿနာကြီးအား ဖြေရှင်းနိုင်ရန်အတွက်သာ ထို အသိအမှတ်ပြုတံဆိပ်ပြားအား ထုတ်ပြလိုက်ခြင်းဖြစ်သည်။
သို့သော် ထို ခရမ်းရောင်အသိအမှတ်ပြုတံဆိပ်ပြားလေး၏ ပေါ်ပေါက်လာမှုကြောင့် ဗေဒါပင်ကြီးမှာ တုန်ရီသွားပြီး မန္တန်အစီအရင်ကြီးမှာ ထိုတံဆိပ်ပြားနှင့် စည်းချက်ညီစွာ လိုက်၍ လှုပ်ရှားနေလိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ပေ။ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပင်လျှင် တုန်ရီသွားရသည် မဟုတ်ပါလော။ မြဲ့လျဲ့ကျိနှင့် ဖုန့်ချိုးရန်တို့မှာဆိုလျှင် သူ၏ရှေ့၌ ဒူးထောက်ကျသွားတော့မည့်ပုံပင် ပေါက်နေတော့သည်။
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် စိတ်ကိုတည်ငြိမ်အောင် ထားလိုက်၏။ ထို့နောက် သူသည် မျက်စိပေကလပ်ပေကလပ်နှင့် သူ၏ အသိအမှတ်ပြုတံဆိပ်ပြားအား လေထဲသို့မြှောက်ကာ တည်ကြည်စွာ မေးလိုက်၏။
” အကြီးအကဲ မြဲ့လျဲ့ကျိ။ စွန်းဟေ့က အတွင််းစည်းဂိုဏ်းသားလား အဓိကဂိုဏ်းသားလားဆိုတာ ကျွန်တော် သိချင်တယ်။ ဒါမှမဟုတ် သူက အပြင်စည်းဂိုဏ်းသားများ ဖြစ်နေမလား ”
ဝမ်ပေါင်လဲ့၏ စကားသံမှာ တည်ကြည်မှုအပြည့်ရှိနေ၏။ သူသည် ယခင်တုန်းက သြဇာအာဏာ အလုံအလောက် ပိုင်ဆိုင်ထားခြင်းမရှိပါသော်လည်း ယခုတွင်မူ မွေးစားဂိုဏ်းသားတစ်ယောက် ဖြစ်နေပြီဖြစ်ရာ သူပြောသမျှ စကားလုံးတိုင်းမှာ ဩဇာညောင်းနေပြီ ဖြစ်သည်။
မြဲ့လျဲ့ကျိမှာ ပါးစပ်ဟကာ ပြန်ဖြေရန်ပြင်လိုက်ပါသော်လည်း စိတ်ထဲတွင် မကျေမနပ်ဖြစ်နေရုံမှာတစ်ပါး အခြား မတတ်နိုင်ပေ။ သူသည် ထိုမေးခွန်းအား ပြန်မဖြေနိုင်ဘဲဖြစ်နေရ၏။ ထို့ကြောင့် ဖုန့်ချိုးရန်မှာ ဝမ်ပေါင်လဲ့၏ မေးခွန်းအား ဖြေပေးလိုက်ရသည်။
ဖုန့်ချိုးရန်မှာလည်း အံ့ဩတုန်လှုပ်နေခဲ့ရမှ အနည်းငယ်မျှသာ အသိစိတ် ပြန်ကပ်လာသေးသည် ဖြစ်သည်။ ထို့ကြောင့် သူမသည် မသိစိတ်မှနေ၍ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား အရိုအသေပေးမိလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏ ” စွန်းဟေ့ကို တာအိုနန်းတော်ရဲ့ ဂိုဏ်းသားအစစ်လို့ သတ်မှတ်လို့မရပါဘူး။ သူက တာအိုနန်းတော်ရဲ့ ဂိုဏ်းသားရာထူးတစ်ခုကိုတောင် မပိုင်ဆိုင်ဖူးသေးတဲ့ လူတစ်ယောက်ပါ ”
” သူက ဂိုဏ်းသားအစစ် မဟုတ်ဘူးပေါ့ ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ အေးစက်စက်အလင်းရောင်တစ်ခု တောက်ပသွား၏။
” အဲလိုဆိုမှတော့ သူက ဒီအတိုင်း သာမန် အစေခံတစ်ယောက်ပဲဖြစ်မှာပါ။ သူ့လို အစေခံတစ်ယောက်ကများ ငါ့လို မွေးစားဂိုဏ်းသားကို စိန်ခေါ်ရဲပြီးတော့ ငါ့ရဲ့ သားရဲလေးကို သန့်စင်ဖို့အတွက် အသုံးပြုရဲ ရတယ်လို့။ အဲတာကမှ ဂိုဏ်းကို ပုန်ကန်တဲ့လုပ်ရပ်ကွ။ အဲတာကမှ အကြီးအကဲတွေကို စော်ကားတဲ့လုပ်ရပ်။ အကြီးအကဲမြဲ့လျဲ့ကျိရော ဘယ်လိုသဘောရလဲ။ ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်ပေးသင့်တယ်လို့ ထင်လဲ ” ဝမ်ပေါင်လဲ့မှာ မောက်မာဝင့်ကြွားသည့်လေသံဖြင့် မေးမြန်းလိုက်၏။ သူသည် ကျိုးကြောင်းဆီလျော်မှု ရှိနေသည့်အပြင် ယခုတွင် လုပ်ပိုင်ခွင့်အာဏာများကိုပါ ပိုင်ဆိုင်ထားပြီးဖြစ်ရာ အခြေအနေများမှာ ပြောင်းလဲသွားပြီဖြစ်သည်။ ထို့ကြောင့် လူတိုင်းမှာ ချွေးများပြန်လာကြတော့သည်။
တစ်ခုခုလွဲနေကြောင်း သတိထားမိခဲ့သဖြင့် ထိုနေရာသို့ အပြေးရောက်လာကြသည့် ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာဆိုလျှင် ပို၍ပင် ဆိုးပေသည်။ သူတို့မှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာများ ပြောင်းလဲသွားရ၏။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့အား ယခင်တုန်းကနှင့် မတူသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။
အဘယ်ကြောင့်ဆိုသော်…. မွေးစားဂိုဏ်းသားအဆင့်၏ ရာထူးအဆင့်အတန်းမှာ အလွန်အင်မတန်မှ မြင့်မားလွန်းနေသောကြောင့်ပင်။
မြဲ့လျဲ့ကျိ ကယ်တင်ခဲ့သည့် စွန်းဟေ့ပင်လျှင် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ကြောက်ဒူးများ တုန်နေရပြီဖြစ်သည်။ သူသည် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားနေရသဖြင့် အလွန်အင်မတန်မှ စိုးထိတ်နေ၏။ သူ၏လောဘများကြောင့် သူ၏ အပြင်ခန္ဓာကိုယ်အား ဆုံးရှုံးလိုက်ရရုံသာမက အလွန်အင်မတန်မှ ကြီးလေးသောပြစ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံလိုက်ရလိမ့်မည်ဟု သူက လုံးဝ ထင်မှတ်မထားခဲ့ပေ။
” ဘယ်လိုလုပ်ပြီးတော့ သူက မွေးစားဂိုဏ်းသားတစ်ယောက် ဖြစ်နေရတာလဲကွာ။ တောက်။ လုံးဝမဖြစ်နိုင်တာ ”
စွန်းဟေ့မှာ ကတုန်ကယင်နှင့် မြဲ့လျဲ့ကျိအား အကူအညီတောင်းလိုက်၏။ မြဲ့လျဲ့ကျိမှာလည်း မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေရပြီဖြစ်သည်။ သူသည် အံ့ဩတုန်လှုပ်နေရသလို ဇဝေဇဝါလည်း ဖြစ်နေရ၏။ ထို့အပြင် သူသည် အနည်းငယ်ခန့် တွေဝေတုံ့ဆိုင်းနေသေးသည်။ ဝမ်ပေါင်လဲ့၏ ရာထူးအဆင့်အတန်းအသစ်ကြောင့် သူသည် မှင်တက်နေရပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အမြုတေအဆင့်တွင်သာ ရှိနေသေးပါသော်လည်း ကျယ်ပြန့်တာအိုနန်းတော်မှာ လူတစ်ယောက်၏ ရာထူးအဆင့်အတန်းများကို အလွန်အင်မတန်မှ အလေးထားသော ဂိုဏ်းတစ်ခုဖြစ်ပေသည်။ တာအိုနန်းတော်အစစ်မှာ ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်ပါသော်လည်း အကြီးပိုင်းမျိုးဆက်ထဲမှ အကြီးအကဲများမှာ သက်ရှိထင်ရှားရှိနေကြဆဲပင်။ သူတို့မှာ ဓားထိပ်ပိုင်းတွင် နှစ်ခြိုက်စွာ အိပ်မောကျနေကြခြင်း ဖြစ်နိုင်ပါသော်လည်း တစ်ရက်ရက်တွင် နိုးထလာကြမည်သာ ဖြစ်သည်။
ထို့ကြောင့် မြဲ့လျဲ့ကျိမှာ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေရပြီး ဝေခွဲမရဖြစ်ကာ နှုတ်ဆိတ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ သူ့အား ဖိအားပေးနေခြင်းမရှိပေ။ သူသည် ချောင်းဟန့်လိုက်ပြီးနောက် မှော်ဆေးရည်ဒယ်အိုကြီးဆီသို့ လျှောက်လှမ်းသွားလိုက်၏။ ဘေးပတ်ပတ်လည်မှ ကျင့်ကြံသူများမှာ သူ့အား မတားဆီးရဲကြသဖြင့် နောက်သို့ဆုတ်ပေးလိုက်ကြပြီး ဝမ်ပေါင်လဲ့ ဒယ်အိုကြီးဆီသို့ သွားနိုင်ရန် လမ်းဖယ်ပေးလိုက်ကြသည်။ ထို့နောက် သူသည် သူ၏ ညာဘက်လက်အား မြှောက်၍ ဝှေ့ယမ်းလိုက်သောအခါ ထိုဒယ်အိုးကြီးမှာ ထပ်ခြမ်းကွဲသွားသဖြင့် အသံကျယ်ကြီးတစ်သံ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထိုအခါမှသာ မြည်းလေးမှာ ဒယ်အိုးထဲမှ ခုန်ထွက်လာ၏။ ၎င်းမှာ မျက်တွင်းဟောက်ပက်ဖြစ်နေပြီး ၎င်း၏ အမွေးအများစုမှာလည်း မီးလောင်ထားကြပြီဖြစ်သည်။ ၎င်း၏ ဝိညာဉ်မှာလည်း သိသိသာသာ အားလျော့နေ၏။ သို့သော် ၎င်းတို့မှာ အပေါ်ယံဒဏ်ရာများသာဖြစ်ပြီး စိုးရိမ်စရာမလိုကြောင်း ဝမ်ပေါင်လဲ့က သိထားသည်။
မြည်းလေးမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားသွား၏။ ၎င်းမှာ အော်ဟစ်မြည်တမ်းရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ၎င်းအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ ထိုအခါ ၎င်းမှာ ချက်ချင်းပင် ခေါင်းငုံ့သွားပြီး အမှားလုပ်မိထားသည့်ပုံစံ ပေါက်သွားတော့သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား ဖားယားလိုသည့် အမူအရာဖြင့် သူ၏ ခြေထောက်များကို ခေါင်းဖြင့် ပွတ်သပ်နေတော့သည်။
” ငါ ဘယ်လိုလုပ်ပြီးတော့ ဒီလို အငတ်ကောင်ကိုများ မွေးခဲ့မိရတာလဲကွာ ” ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်း ထွက်နေရပြီ ဖြစ်သည်။ သူသည် မွေးစားဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး ပြည်ထောင်စုကြီးထဲတွင် ရုပ်အချောဆုံးလူ ဖြစ်နေသည် မဟုတ်ပါလော။ သို့သော် မြည်းလေးမှာ သူ၏နောက်မှ အဆက်မပြတ်လိုက်နေသည်ဖြစ်ရာ အခြားလူများ၏ အမြင်တွင် အထူးတဆန်း ဖြစ်နေမည်မှာ အသေအချာပင်။ သူသည် မြည်းလေးအား လှမ်းကန်ရန် ပြင်လိုက်စဉ်မှာပင် မြဲ့လျဲ့ကျိမှာ ဘေးမသီရန်မခ ရှိနေသေးသော မြည်းလေးအား မြင်လိုက်ရသဖြင့် ခပ်အောအောလေသံကြီးဖြင့် ဆိုလိုက်၏။
” ဝမ်… ” သူသည် စကားလုံးတစ်လုံးသာ ပြောနိုင်လိုက်ပြီးနောက် ရပ်တန့်သွား၏။ သူသည် ဝမ်ပေါင်လဲ့အား မည်သို့ ခေါ်ရမှန်းမသိဘဲ ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ခဏမျှ ဆွံ့အနေပြီးနောက် ထိုကိစ္စနှင့်ပတ်သတ်၍ အတွေးလွန်မနေရန် ဆုံးဖြတ်လိုက်တော့သည်။
” ဝမ်ပေါင်လဲ့။ စွန်းဟေ့ဘက်က မှားသွားတာပါ။ ငါ သူ့ကို ချက်ချင်းတောင်းပန်ခိုင်းလိုက်ပါ့မယ် ” မြဲ့လျဲ့ကျိမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်အား မြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ စွန်းဟေ့၏ ယွမ်ယင်ဝိညာဉ်မှာ အပြင်သို့ ပျံထွက်လာတော့သည်။ ၎င်းမှာ လေထဲတွင် ရစ်ဝဲရင်း ဝမ်ပေါင်လဲ့အား တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် အသနားခံနေသည့် မျက်ဝန်းများဖြင့် ထပ်ခါတလဲလဲ တောင်းပန်နေလိုက်တော့သည်။
” ကျေးဇူးပြုပြီးတော့ သနားညှာတာပေးတော်မူပါ အကြီးအကဲဝမ်။ ကျွန်တော်မျိုးက အကြီးအကဲရဲ့ ကြီးမြတ်လှတဲ့ ရာထူးအဆင့်အတန်းကို မသိခဲ့လို့ပါ။ ကျွန်တော် အကြီးအကဲကြီးကို စော်ကားမိခဲ့တဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါရစေ… ”
မြဲ့လျဲ့ကျိမှာ စွန်းဟေ့၏ တောင်းပန်စကားများကိုနားထောင်ရင်း နေမထိထိုင်မသာ ဖြစ်လာရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ရာထူးအဆင့်အတန်း မြင့်မားနေရုံသာမက ကျိုးကြောင်းဆီလျော်မှုလည်း ရှိနေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ စွန်းဟေ့အား တောင်းပန်ခိုင်းမှသာ ဤပြဿနာကြီးအား ပြေလည်သွားအောင် ဖြေရှင်းနိုင်မည်ဖြစ်သည်။
ဖုန့်ချိုးရန်မှာ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လှည့်ကြည့်လိုက်၏။ သူမနှင့် မြဲ့လျဲ့ကျိတို့မှာ မတူညီသော အဖွဲ့အစည်းနှစ်ခုမှ ဖြစ်ကြပါသော်လည်း စွန်းဟေ့မှာ ကျယ်ပြန့်တာအိုနန်းတော်၏ ယွမ်ယင်အဆင့် ကျင့်ကျင့်သူတစ်ယောက် ဖြစ်နေဆဲပင် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စွန်းဟေ့အား အပြစ်ပေးရန် ဆုံးဖြတ်လိုက်မည်ဆိုပါက ဖုန့်ချိုးရန်မှာ တွေဝေတုံ့ဆိုင်းနေရမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း သူမတွေးနေသည့် အရာများကို သိထား၏။ သူသည် စွန်းဟေ့အား သတ်ဖြတ်လိုပါက သူ့ဘက်မှ အင်အားအနည်းငယ်ခန့် စိုက်ထုတ်ရန် လိုအပ်ပေသည်။ သို့ဖြစ်ရာ သူ့အား တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ခြင်းမှာ ပို၍လွယ်ကူနေမည် ဖြစ်သည်။
သို့သော် သူသည် စွန်းဟေ့အား အလွယ်တကူ ခွင့်လွှတ်ပေးရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဆိုလိုက်၏ ” ကျုပ်ရဲ့ သားရဲက မတရားခံခဲ့ရတာ။ အဲတာမလို့ သူ… ” စွန်းဟေ့မှာ ဝမ်ပေါင်လဲ့ စကားမဆုံးခင်မှာပင် သူ၏ အကြံအစည်များကို ရိပ်မိသွား၏။ ထို့ကြောင့် သူသည် အလောတကြီး အော်ပြောလိုက်၏ ” အကြီးအကဲဝမ်ခဗျား။ ကျွန်တော်မျိုးဘက်က နစ်နာကြေး တိုက်ပွဲရမှတ် ငါးသောင်းတိတိပေးဖို့ အဆင်သင့်ပါပဲ… ” စွန်းဟေ့မှာ ထို တိုက်ပွဲရမှတ် ပမာဏကြောင့် နှလုံးသားထဲ၌ တဆစ်ဆစ် နာကျင်သွားရ၏။ သို့သော် သူသည် တစ်ပြားတစ်ချပ်မှ နစ်နာကြေးမပေးဘဲ ဤကိစ္စကြီးအား ဖြေရှင်းနိုင်မည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာမူ မျက်လုံးပင့်ကာ စကားဆက်ပြောလိုက်၏။
” သူက တော်တော်လေးကို ကြောက်ပြီးတော့ စိတ်ဒဏ်ရာရသွားမှာ။ အဲတာမလို့ သူ နောက်ပိုင်း ကျင့်ကြံခြင်းအဆင့်ဖောက်ထွက်ဖို့ ကြိုးစားတဲ့အချိန်တွေကျရင် မအောင်မြင်ဘဲ ဖြစ်သွားနိုင်တယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် မြည်းလေးအား လှမ်းကြည့်ကာ မသိမသာ အချက်ပြလိုက်၏။ ထိုအခါ မြည်းလေးမှာလည်း မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီး ရုတ်တရက်ဆိုသလို အော်ဟစ်ကာ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။ ထို့နောက် ၎င်း၏ပါးစပ်ထဲမှ အမြှုပ်များထွက်လာပြီး ၎င်း၏ ခြေလက်များမှာ ဆန့်ငင်ဆန့်ငင်ဖြစ်နေတော့သည်။ ထို့ကြောင့် ၎င်းမှာ အချိန်မရွေး သေဆုံးသွားနိုင်သည်ပုံ ပေါက်နေ၏။
ထိုမြင်ကွင်းကြောင့် ဖုန့်ချိုးရန်မှာ မျက်နှာရှုံ့မဲ့မဲ့နှင့် ပြုံးမိသွားပြီး မြဲ့လျဲ့ကျိမှာမူ အကြည့်လွှဲလိုက်ရတော့သည်။ သူသည် ထိုမြင်ကွင်းအား ဆက်မကြည့်ချင်တော့ပေ။ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော ယွမ်ယင်အဆင့် ကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာလည်း အထူးတဆန်းဖြစ်သွားကြ၏။ စွန်းဟေ့မှာမူ ဆွံ့အမှင်တက်နေရပြီ ဖြစ်သည်။ သူသည် နှလုံးသားတစ်ခုလုံး တဆစ်ဆစ်နာကျင်နေရာမှ နှလုံးသွေးများ ပန်းထွက်လာသကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက် သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး အံကြိတ်ကာ ထပ်ပြောလိုက်တော့သည် ” အမှတ်တစ်သိန်း။ ကျွန်တော် တိုက်ပွဲရမှတ် အမှတ်တစ်သိန်းတိတိ နစ်နာကြေးပေးပါ့မယ်ဗျာ…. ”
သူ ထိုသို့ဆိုလိုက်ချိန်တွင် မြည်းလေးမှာ အသံကုန်အော်ဟစ် မြည်တမ်းကာ သွေးတစ်ပွက် အန်ထွက်လာပြန်သည်…
” အမှတ် တစ်သိန်းငါးသောင်းအထိ ပေးမယ်ဗျာ… ” စွန်းဟေ့မှာ ငိုမဲ့မဲ့ဖြစ်သွားပြီး ကတုန်ကယင် ဖြစ်နေသည့် လေသံဖြင့် ထပ်ပြောလိုက်၏။ ၎င်းမှာ သူ တစ်ဘဝစာ စုဆောင်းထားသည့် တိုက်ပွဲရမှတ်များ ဖြစ်ပေသည်။
” သုံးရက်အတွင်း တိုက်ပွဲရမှတ် အမှတ် တစ်သိန်းငါးသောင်းတိတိကို လွှဲပေးရမယ်။ ဒါပေမဲ့ သေချာမှတ်ထားနော် စွန်းဟေ့။ မင်း အပြစ်လုပ်မိတာ ဒါ ပထမဆုံးအကြိမ်မလို့ ငါက ခွင့်လွှတ်ပေးလိုက်တာ။ ဒီလို ထပ်လုပ်မယ်ဆိုရင်တော့… ” ဝမ်ပေါင်လဲ့မှာ စကားကိုဆုံးအောင် မပြောလိုက်ပေ။ သူသည် စွန်းဟေ့အား သတ်ဖြတ်လိုစိတ်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဖုန့်ချိုးရန်အား အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် သူ၏ အသိအမှတ်ပြုတံဆိပ်ပြားကို သိမ်းဆည်းလိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
မြည်းလေးမှာလည်း လေပေါ်သို့ ခုန်တက်သွားပြီး ဝမ်ပေါင်လဲ့၏နောက်သို့ ပြေးလိုက်သွား၏။ ၎င်းမှာ သွေးအန်နေခြင်း မရှိတော့ဘဲ သူ၏သခင်နှင့်အတူ ပျော်ရွှင်စွာ ထွက်ခွာသွားတော့သည်။ မြေပြင်ပေါ်တွင်ကျန်ရစ်ခဲ့သော ကျင့်ကြံသူများမှာ ထိုမြည်းလေး၏ ဝမ်းသာအားရ အော်ဟစ်မြည်တမ်းသံများကို နားထောင်ရင်း ဝမ်ပေါင်လဲ့တစ်ယောက် အဝေးသို့ထွက်ခွာသွားသည်ကို လှမ်းကြည့်နေကြတော့သည်။ သူတို့အားလုံး၏ အသိစိတ်များထဲတွင် အတွေးတစ်ခုသာ စိုးမိုးနေ၏။
” မဝေးလှတော့တဲ့ အနာဂတ်မှာ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ စတုတ္ထမြောက် မဟာထိပ်သီးအကြီးအကဲတစ်ယောက် ပေါ်ပေါက်လာလောက်တယ်။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အမြုတေအဆင့်မှာပဲ ရှိနေသေးရင်တောင်မှပေါ့… “
အဖေတူသားကွ အစားသောင်းကျန်းသလိုသရုပ်ဆောင်လဲအသေကောင်း