Switch Mode

အခန်း (၉၇)

ဒီ ‘ရန်’ မျိုးနွယ်က မင်းကိုသတ်ချင်တယ်ဆိုရင် မိုးလင်းတဲ့အထိ မင်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး

အခန်း (၉၇) ဒီ ‘ရန်’ မျိုးနွယ်က မင်းကိုသတ်ချင်တယ်ဆိုရင် မိုးလင်းတဲ့အထိ မင်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များအားလုံးက တစ်ပြိုင်တည်း တုန်ခါနေသည်။

သူ၏ စွမ်းအင်ဗဟိုချက်မှ ကြယ်တာရာချီစွမ်းအားများက ယင်နှင့်ယန် နှစ်ပိုင်းကွဲသွားပြီး အအေးလှိုင်းတစ်ခု အပူလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သူ၏သွေးကြောဆုံချက်များထဲတွင် ကြွင်းကျန်နေသေးသည့် ရေခဲနဂါးချီစွမ်းအားက လီမီးတောက်စွမ်းအားနှင့်ရောနှောကာ များပြားလှစွာသော ရေခဲနဂါးနှင့် မီးနဂါးများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ရေခဲနဂါးနှင့် မီးနဂါးများ ရောနှောသွားပြီး အရိုးများ  ၊ သွေးကြောဆုံချက်များ ၊ အသွေးအသားများ ဖြစ်တည်လာသည်။

ထို့နောက် ကြီးမားလှသည့် လက်ဖဝါးကြီးတစ်ခုက ရန်ကျောက်ကဲရှေ့တွင် ပေါ်လာ၏။

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက် ထိမှန်သွားသည်နှင့် ရီကျင်းလွင့်ထွက်သွားပြီး ခန္ဓာကိုယ်တစ်ဝက်ခန့် အက်ကွဲသွားကာ မြေပြင်ထက်တွင် တွန့်လိမ်နေသည်။

မရပ်မနားရုန်းကန်ရင်း ထိတ်လန့်စွာအော်ဟစ်နေသည့် ရီကျင်းကို ရန်ကျောက်ကဲ ကြည့်လိုက်သည်။

ရန်ကျင်းလက်တွင်ဝတ်ဆင်ထားသည့် နီညိုရောင်လက်စွပ်က ထပ်မံတောက်ပလာပြီး အတွင်းထဲမှ ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ ထိုဟိန်းဟောက်သံက ခေတ်အဆက်ဆက်တွင် ဖြစ်တည်ပေါက်ဖွားလာသည့်အလား အဆုံးမဲ့ တစ်နံတစ်လျား ရှည်လျားလွန်း၏။

ရီကျင်း၏ ခန္ဓာကိုယ်တစ်ဝက် ကျိုးကျေနေသည့် ဒဏ်ရာများထဲမှ သွေးများစီးကျလာမည့်အစား မီးတောက်များ ထွက်ပေါ်လာသည်။

မီးတောက်များ တဖြည်းဖြည်းပေါင်းစပ်သွားပြီး ရီကျင်း၏ခန္ဓာကိုယ်က အကောင်းအတိုင်း ပြန်လည်ဖြစ်တည်လာသည်။

ရီကျင်း ချက်ချင်းခုန်ထလိုက်ပြီး ရန်ကျောက်ကဲရှိရာသို့ ပိုမိုလျှင်မြန်သောအရှိန်ဖြင့် ပြေးဝင်လာသည်။

သူ့ပါးစပ်မှ ထွက်ပေါ်လာသည့် တိုးလျသော ရေရွတ်သံသည် လူသားမျိုးနွယ်များအသုံးပြုသည့် ဘာသာစကားမဟုတ်ဘဲ ရှေးဟောင်းဘာသာစကားတစ်ခုဖြစ်ပြီး ထူးဆန်းသလို နက်နဲသည်။

ရီကျင်းက လက်တစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်မှ မီးတောက်များက ကြက်သွေးရောင်အဖြစ် ပြောင်းလဲသွားပြီး အလွန်ပြင်းထန်ကာ ပူလောင်လှသည်။

ကြက်သွေးရောင်အလင်းတန်းများ ထိမိသည့်နေရာတိုင်းတွင် မိုးနဲ့မြေရှိ အရာရာတိုင်း လေထုပါမကျန် စတင်လောင်ကျွမ်းလျှက်ရှိသည်။

လောကတွင် တည်ရှိသမျှ အရာအားလုံးက ဤမီးတောက်အတွက် လောင်စာဖြစ်လာပြီး မီးတောက်က ပိုမိုပြင်းထန်လာကာ အဆက်မပြတ်တောက်လောင်လာသည်။

တောက်လောင်နေသောမီးတောက်များက ညှာတမှုကင်းမဲ့ပြီး သက်ရှိသတ္တဝါများအားလုံးကို လောင်ကျွမ်းသွားစေသည်။

ကြက်သွေးရောင် အလင်းတန်းများက ဓားသွားအလား ထွန်းလင်းတောက်ပလာပြီး ရန်ကျောက်ကဲကို ခုတ်ပိုင်းချလိုက်သည်။

ထိုသိုင်းကွက်က ယခင်က ရီကျင်း လေ့ကျင့်ခဲ့သော သိုင်းပညာများထဲမှ တစ်ခုမဟုတ်ပေ။ ဤကမ္ဘာတွင်ရှိသည့် လူသားသိုင်းကျင့်ကြံသူများ၏ သိုင်းပညာ မဟုတ်ပေ။

ရီကျင်း၏စိတ်အာရုံတစ်ခုလုံး မီးလောင်ကျွမ်းသွားသလို ခံစားလိုက်ရပြီး ထိုအခိုက်အတန့်တွင် သူသည် ယခင်က တစ်ခါမှ ထိုမျှလောက် စွမ်းအားမြင့်မားခြင်း မရှိခဲ့ဖူးပေ။

ဤမျှလောက်လန်းဆန်းတက်ကြွမှုကိုလည်း တစ်ခါမှ မခံစားခဲ့ရဖူးသလို ရန်ကျောက်ကဲကို အနိုင်ယူရန် မျှော်လင့်ချက်များသည်လည်း ဖြစ်ပေါ်လာသည်။

“ဘုန်း”

ရီကျင်း ထိုအရသာကို ဆက်လက်စွဲလန်းမနေနိုင်ခင်မှာပင် ရန်ကျောက်ကဲက ဘူးသီးခြောက်အကူအညီယူကာ ကြယ်တာရာချီစွမ်းအားဖြင့် ဖန်ဆင်းထားသော လက်ဝါးရိုက်ချက်ဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

ချက်ချင်းပင် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ထိမှန်ပြီး ရီကျင်း လွင့်ထွက်သွားပြန်သည်။

ရန်ကျောက်ကဲက ခေါင်းကို အနည်းငယ်စောင်းလိုက်ရင်း…

“ဒါလား ရွေးချယ်ခံထားရတဲ့သူ”

ရီကျင်း မြေပြင်ထက်တွင်လဲကျနေပြီး ရေထဲမှကုန်းပေါ်ရောက်လာသည့်ငါးပမာ တဖျတ်ဖျတ်လူးလျှက် မီးတောက်ပမာ နီရဲသည့်မျက်ဝန်းတစ်စုံဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။

သူ၏မျက်ဆံများက မီးတောက်များထွက်လာမည့်ပမာ တောက်ပနေသည်။

ရန်ကျောက်ကဲကတော့ ရီကျင်းကို မကြည့်ဘဲ ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။

“ဒီတစ်ခါတော့ တစ္ဆေရဲဒင်းအဘိုးအို လာကယ်ဖို့ မျှော်လင့်မနေနဲ့ ၊ ပြီးတော့ ဘယ်သိုင်းဆရာသခင်မှ မင်းကိုကယ်ဖို့ ခုန်ထွက်လာမှာ မဟုတ်ဘူး ၊ ဒါမှမဟုတ် သူရဲကောင်းကိုကယ်တင်ဖို့ မိန်းမချောလေးတစ်ယောက် ထွက်လာဦးမယ်လို့ရော မင်း ထင်နေတာလား”

“တကယ်တော့ နေသူတော်စင်ဂိုဏ်း ၊ ဒါမှမဟုတ် အဆုံးမဲ့တောင်တန်းက မင်းကိုခေါ်သွားဖို့ ငါ ဆုတောင်းခဲ့တာ ၊ ပြီးတာ့ နဂါးချုပ်လှောင်ချောက်နက်ထဲမှာ မင်းရဲ့လက်စွပ်ကို မြင်ပြီးကတည်းက မီးတောက်မိစ္ဆာဧကရာဇ်နဲ့ ဆက်စပ်နေမယ်လို့ သံသယဝင်မိခဲ့တာ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…

“အဲဒီအချိန်တုန်းက မီးတာက်မိစ္ဆာတွေနဲ့မင်းနဲ့က အတော်လေး ကွာဟချက်များသေးတယ် ၊ နေသူတော်စင်ဂိုဏ်းက မင်းရဲ့ မီးခန္ဓာကိုယ်ကို သဘောကျမယ်ဆိုရင် သူတို့ရဲ့သိုင်းပညာတွေလေ့ကျင့်ဖို့အတွက် မင်းကို သူတို့ဂိုဏ်းထဲခေါ်သွင်းသွားမှာပဲ”

“အဲဒီတုန်းက သတ္တုမိုင်းတွင်းကိုလည်း ဖျက်စီးခဲ့တာ ၊ ဒါပေမဲ့ မင်းကတော့ သေလမ်းကိုပဲ ပိုပြီးလိုချင်နေပုံရတယ်”

ရန်ကျောက်ကဲ၏ အပြုံးက ပိုပြီး အေးစက်လာသည်။

“မင်းကို ဒီကမ္ဘာကြီးမှာထားရင် လေထုညစ်ညမ်းစေတာနဲ့ အတူတူပဲ ၊ ဒီတော့ မင်းက ဒီလောက်သေချင်နေမှတော့ သေလမ်းပဲ ပို့ပေးလိုက်မယ်”

ရန်ကျောက်ကဲက အေးစက်ပြီး ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့် ရီကျင်းထံသို့ ခြေတစ်လှမ်းချင်း လျှောက်သွားသည်။

သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် ကြယ်တာရာချီစွမ်းအား လက်ဖဝါးကြီးက ပိုမိုကြီးမားလာပြီး ကြောက်မက်ဖွယ်ရာကောင်းလာကာ ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေသည်။

စွမ်းအားများက ပေါင်းစုနေပြီး အချို့စွမ်းအားများက ရေခဲပမာအေးစက်ပြီး အချို့ကတော့ နေရောင်ခြည်ပမာ ပူလောင်လွန်းသည်။ ထိုစွမ်းအားများက ရန်ကျောက်ကဲနံဘေးတွင် နဂါးများ အလုံးအရင်း ရှိနေညသ်နှင့်ဆင်တူပြီး သေမျိုးလူသားလောကသို့ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား ထင်မှတ်ရသည်။

ရီကျင်း၏မျက်လုံးများက ပြင်းပြင်းရှရှ တောက်လောင်နေပြီး ဒေါသတကြီး ကြုံးဝါးလိုက်သည်။

“ခွေးကောင် ၊ ငါသေရင်တောင်မှ မင်းကို ငါနဲ့အတူ ခေါ်သွားမယ်”

သူက အော်ဟစ်နေရင်းပင် နီညိုရောင်လက်စွပ်ဝတ်ဆင်ထားသည့်လက်ကို ဆန့်ထုတ်လိုက်သည်။

လက်စွပ်က အနီရောင်အလင်းစက်ဝန်းအဖြစ် လုံးလုံးလျားလျား အသွင်ပြောင်းသွားပြီး ရီကျင်း၏ လက်ချောင်းများထက်တွင် တောက်ပနေသည်။

အလင်းစက်ဝန်းအတွင်းတွင် တောက်လောင်နေသော ချော်ရည်များ ၊ စီးဆင်းနေသော မီးတောက်မီးလျှံများထွက်ပေါ်လာပြီး မီးတောက်ကြီးများက ကောင်းကင်ထက်တိုင် ဒေါသတကြီးတောက်လောင်နေသည့်မြင်ကွင်းက ထင်ရှားလာသည်။

လက်စွပ်က ရှီတိကြောင့် ပျက်စီးသွားသည့်အတက် စွမ်းအားလည်း အလွန်တရာ နည်းပါးသွားခဲ့သည်။ ယခု ရီကျင်းက သူ၏ကိုယ်ပိုင် အသက်ဓာတ်စွမ်းအားကို အသုံးပြုကာ လက်စွပ်ကို စတင်အသက်သွင်းရန် စီစဉ်နေသည်။

“မီးတောက်မိစ္ဆာခန္ဓာကိုယ်က ထွက်ခွာသွားပေမယ့် မိုးနဲ့မြေမှာ လူပြန်ဝင်စားမယ်”

ပြောပြီးသည်နှင့် နီညိုရောင်လက်စွပ်ကို ဝတ်ဆင်ထားသည့် ရီကျင်း၏လက်က သူ့ရင်ဘတ်ဆီသို့ ပြန်လည်ကာ ထိုးဖောက်ဝင်ရောက်သွားသည်။

နီညိုရောင်လက်စွပ်က ရီကျင်းခန္ဓာကိုယ်ထဲသို့ နစ်မြုပ်သွားပြီး မီးတောက်တစ်ခုအသွင် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ထဲ မဝင်ရောက်မီ စူးရှတောက်ပသည့် အလင်းတန်းများ ရုတ်ခြည်းထွန်းလင်းလာသည်။

မီးတောက်များက အနီရောင်မဟုတ်တော့ဘဲ တောက်ပသည့် အဖြူရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။

မီးတောက်များနှင့်ဖွဲ့စည်းထားသည့် ရီကျင်း၏ ခန္ဓာကိုယ်အတွင်းမှ စူးရှသည့်အဖြူရောင်အလင်းတန်း ထွက်ပေါ်လာပြီး တစ်ခဏအတွင်း အဆိုင်အခဲအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် ရီကျင်း၏ ခန္ဓာကိုယ်တစ်ခုလုံး ကြွေထည်ဖြင့် ပြုလုပ်ထားသကဲ့သို့ ကြွပ်ဆတ်သွားပြီး အက်ကွဲကြောင်းများ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

အက်ကွဲကြောင်းများအတွင်းမှ အဖြူရောင်အလင်းတန်းက ပိုမို၍ ပြိုးပြက်လင်းလက်လာပြီး ထူးခြားသည့် အဖျက်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းကိုတွေ့သည်နှင့် ရန်ကျောက်ကဲက ရယ်မောလိုက်သည်။

သူက ရှောင်မပြေးသည့်အပြင် ဧရာမလက်ဖဝါးကြီးက ရီကျင်းထံသို့ ထိုးဆင်းဝင်ရောက်သွားဆဲ ဖြစ်သည်။

“ဘုန်း”

ပေါက်ကွဲသံကြီးတစ်သံ ကျယ်လောင်စွာမြည်ဟည်းလာပြီး ရီကျင်းခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲမလာသေးသည့် အဖြူရောင်အလင်းတန်းကြီးမှာ တစ်မဟုတ်ချင်း ငြိမ်းသတ်သွားသည်။

လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ရန်ကျောက်ကဲက ရီကျင်းတစ်ကိုယ်လုံးကို မြေပြင်ထက်သို့ ဖိနှိပ်ပစ်လိုက်သည်။

သူတို့ (၂)ယောက်၏ အလယ်ဗဟိုမှ ပေပေါင်းများစွာကျယ်ဝန်းသည့် မြေကြီးများအားလုံး ပြိုကျသွားပြီး အလွန်ကြီးမားနက်ရှိုှု်င်းသည့် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ရန်ကျောက်ကဲက လေထဲသို့ ခြေလှမ်းတက်သွားပြီး ကောင်းကင်ထက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်ရင်း တွင်းနက်ကြီးထဲသို့ ငုံ့ကြည့်လိုက်သည်။

“တစ္ဆေသေးသေးလေးကများ နတ်ဆိုးဖြစ်ချင်နေသေးတယ် ၊ မင်းက မင်းကိုယ်မင်း မီးတောက်မိစ္ဆာဧကရာဇ်လို့ ထင်နေတာလား”

နက်ရှိုင်းသည့် တွင်းနက်ကြီးအောက်ခြေတွင် လူရုပ်မပေါ်တော့သည့် ရီကျင်း၏ပုံရိပ်ရှိနေပြီး သူ၏အကြွင်းအကျန်များက မီးတောက်များအတွင် ပြာမှုန့်အဖြစ် လောင်ကျွမ်းသွားသည်။

ရီကျင်း၏ ခြေထောက်များနင့်လက်တစ်ဖက်က ကြေမွပျောက်ကွယ်သွားပြီး လက်ချောင်းထက်တွင် အက်ကွဲနေသည့် လက်စွပ်တစ်ကွင်းဝတ်ဆင်ထားသော လက်တစ်ဖက်သာ မပျက်စီးသေးဘဲ ကျန်ရစသည်။

သူ့တစ်ကိုယ်လုံးရှိ အရေပြားများကတော့ မီးသွေးပမာ လျောင်ကျွမ်းသွားပြီး အနီရောင်မီးတောက်သဏ္ဌန်များကတော့ အပြည့်အ၀ ငြိမ်းသတ်မသွားသေးဘဲ ပြာများနှင့် မီးခိုးလုံးများအလယ်တွင် အလင်းရောင်များအဖြစ် တောက်ပနေသေးသည်။

ခန္ဓာကိုယ်တစ်ခုလုံး မီးသွေးကဲ့သို့ နက်မှောင်နေသော ရီကျင်းသည် ကောင်းကင်ထက်မှ သူ့ကို ငုံ့ကြည့်နေသည့် ရန်ကျောက်ကဲကို စူးစူးစိုက်စိုက်ကြည့်နေသည်။ သူ့အကြည့်များက အားနည်းပီး အားအင်မရှိတော့သော်လည်း အမုန်းတရားနှင့် အမျက်ဒေါသများက ယခင်ကအတိုင်း ပြင်းထန်နေဆဲပင်။

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကြောင့် ပတ်ဝန်းကျင်မှ မြေကြီးများ ပြိုကျကုန်ပြီး ငလျင်လှုပ်သည့်အလား တဒုန်းဒုန်း တုန်ခါနေသည်။

နက်ရှိုင်းသည့် တွင်းနက်ကြီးအလယ်ဗဟိုတွင် ကြီးမားသော အက်ကြောင်းကြီးများ ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ငလျင်ဒဏ်ကြောင့် တွင်းနက်အောက်ခြေမြေပြင်က ဖြည်းဖြည်းချင်း ပြိုကျသွားပြီး အောက်ဘက်တွင် မြေအောက်မြစ်တစ်စင်း စီးဆင်းနေသည့် ရေသံများ ထွက်ပေါ်လာသည်ကို ကြားရသည်။

ရီကျင်း၏ ခန္ဓာကိုယ်က မြေအောက်မြစ်ထဲသို့ ပြုတ်ကျသွားလုဆဲဆဲတွင် အတွင်းထဲမှ အဆိပ်ငွေ့များက ကောင်းကင်ထက်သို့ လွင့်မျောလာသည်။ ထိုအဆိပ်ငွေ့များက သံထည်ကိုပင် တိုက်စားသွားနိုင်စွမ်းရှိပြီး သံမဏိကိုပင် ဆွေးမြေ့သွားစေနိုင်သည်။

အဆိပ်ငွေ့များက ရန်ကျောက်ကဲလာမည့်လမ်းကို ပိတ်ဆို့ထားသည်။

ရီကျင်းက…

“ခွေးကောင်ရန်ကျောက်ကဲ ၊ ငါ့အဆုတ်ထဲမှာ အသက်ရှူနေသရွေ့ ငါ မင်းကို သေချာပေါက် ရှင်းပစ်မယ်… ၊ ငါ…”

ရီကျင်းစကားမဆုံးခင်မှာပင် ရန်ကျောက်ကဲက ကောင်းကင်ဆန့်ကျင်မန္တန်ကို ရွတ်ဆိုလိုက်ပြီး တွင်းနက်ထဲသို့ ဆင်းသက်လာသည်။ သူက အဆိပ်ငွေ့များကို လုံး၀ ကြောက်ရွံ့ခြင်း မရှိဘဲ ခဏအတွင်း ရီကျင်းရှေ့သို့ ရောက်လာသည်။

ရန်ကျောက်ကဲက ရီကျင်းကို ကြည့်လိုက်ရင်း…

“ဘာတဲ့… ဇာတ်လိုက်ရောင်ဝါတဲ့လား”

“လူတစ်ယောက်က မင်းကို သတ်ချင်တယ်ဆိုရင် အခွင့်အရေးတစ်ခု ပေါ်လာမှာပဲ ၊ ဒါပေမဲ့ မင်းကိုသတ်ဖို့ ကျရှုံးသွားမယ်ဆိုရင်တော့ မင်းလွတ်သွားလိမ့်မယ် ၊ ပြီးတော့ နတ်ဘုရားစွမ်းအားတွေ ကျင့်ကြံပြီး မင်းက အဲဒီလူကို လက်စားချေဖို့ ပြန်လာမယ်”

“တကယ်တော့ နဂါးချုပ်လှောင်ချောက်နက်ထဲမှာ မင်း မသေခဲ့ဘူးဆိုတာ ငါက မင်းကို မသတ်ချင်သေးလို့ပဲ ၊ အခုတော့… ဘာပဲဖြစ်ဖြစ် မင်းကို သတ်ရတော့မယ်”

ရန်ကျောက်ကဲ၏ ဦးခေါင်းထက်မှ ကြယ်တာရာချီစွမ်းအား လက်ဖဝါးကြီးက နောက်တစ်ကြိမ် အောက်သို့ ကျဆင်းသွားသည်။

“ဒီ ‘ရန်’ မျိုးနွယ်က မင်းကို သတ်ချင်တယ်ဆိုရင် မိုးလင်းတဲ့အထိ မင်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

လက်ဝါးရိုက်ချက် ကျဆင်းလာသည်နှင့် ရီကျင်း၏ ဒေါသတကြီး အော်ဟစ်သံသည်လည်း ရုတ်တရက် ရပ်တန့်သွားသည်။

“ဘုန်း”

ကြီးမားသည့်ပေါက်ကွဲသံကြီး ပဲ့တင်ထွက်ပေါ်လာပြီး ရီကျင်း၏ ခန္ဓာကိုယ်တစ်ခုလုံးပျက်စီးသွားသည်။

ဝိညာဉ်တစ်ခု၏ မှုံဝါးသော ပုံရိပ်သည် လုံးဝပျက်စီးကြေမွသွားသည်။

စိတ်ဝိညာဉ်က လွင့်ထက်သွားပြီး ဝိညာဉ်ကတော့ တစ်စစီကွဲကျေကာ လုံးလုံးလျားလျား ၊ ထာဝရ ၊ အလွန့်အလွန်ဆိုးရွားစွာ ပျက်စီးသွားလေတော့၏။


Comment

Leave a Reply

Options

not work with dark mode
Reset