လီချန်ရှို့သည် ဆေးဖော်ဆောင်အရှေ့ရှိ လှုပ်ကုလားထိုင်လေးပေါ်တွင် ထိုင်နေလေသည်။ သူ၏ လက်ဝဲလက်ဖဝါးကို ဖြန့်လိုက်ရာ အပြာရောင်မီးတောက်တစ်ခု ထွက်ပေါ်လာ၏။
ထိုမီးတောက်သည် သမာဓိမီးတောက် အစစ်အမှန်မဟုတ်သေးသဖြင့် သူ ဖော်ပြလိုက်လျှင်လည်း ပြဿနာရှိမည် မဟုတ်ပေ။ အရှင်ဝမ်ချင်း သူ့အား သမာဓိမီးတောက်မန္တန် ချီးမြှင့်လိုက်သည်မှာ သုံးလခန့်ရှိပြီ ဖြစ်သဖြင့် သာမန်အဆင့် ချီမီးတောက်ကို ထုတ်နိုင်သည်မှာ အကြောင်းအကျိုး ညီလေသည်။
ထိုချီမီးတောက်သို့ သူ မည်မျှပင် ဓမ္မတန်ခိုးများထည့်စေကာမူ ငရဲမီးတောက်အေးများအစွမ်း၏ သုံးပုံတစ်ပုံသာ အစွမ်းရှိလေသည်။
သို့သော် ချီမီးတောက်၊ မူလမီးတောက်နှင့် ဝိညာဉ်မီးတောက်တို့ကို ပေါင်းစည်းကာ သမာဓိမီးတောက်အဖြစ် ပြောင်းလဲလိုက်လျှင် ငရဲမီးတောက်အေးများထက် အစပေါင်းများစွာ စွမ်းအားကြီးပေလိမ့်မည်။
လီချန်ရှို့သည် သမာဓိမီးတောက်အတတ်ကို ကျင့်ကြံနိုင်မည့် နည်းလမ်းသဘောတရားများကို ရှာတွေ့ခဲ့ပြီဖြစ်၏။
ချီ၊ မူလနှင့် ဝိညာဉ်မီးတောက်တို့ကို အခြေခံပေါင်းစည်းကာ သမာဓိမီးတောက်ဖြစ်အောင် ပြုလုပ်ရမည်ဖြစ်သည်။ ထိုမီးတောက်သည် တာအိုခန္ဓာကိုယ်အတွင်း တောက်လောင်နိုင်ပြီး မကောင်းဆိုးဝါးများနှင့် အညစ်အကြေးများကို လောင်ကျွမ်းပစ်နိုင်သဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက်လည်း သုံးနိုင်လေသည်။
လီချန်ရှို့ အားအရဆုံးအချက်မှာ ထိုမီးတောက်၏အစွမ်းသည် သူ၏ ဓမ္မတန်ခိုးများနှင့် တိုက်ရိုက်အချိုးကျသည့် အချက်ဖြစ်သည်။ တစ်နည်းဆိုရလျှင် သူ၏ကျင့်ကြံခြင်း အဆင့်မြင့်လာလေလေ သမာဓိမီးတောက်၏ အစွမ်းလည်း တက်လာလေလေ ဖြစ်သည်။ ကျွမ်းကျင်ပြီးနောက် အပြည့်အဝ အသုံးမချနိုင်မည့် အတတ်မျိုးကို သူ အချိန်ပေး၍ မလေ့ကျင့်လိုပေ။
တိမ်ဖြူလေးတစ်ခုသည် မိုးကုတ်စက်ဝိုင်းမှနေ၍ ပျံသန်းလာနေသည်။ လီချန်ရှို့သည် လက်ဝဲလက်အား လက်သီးစုပ်လိုက်ပြီး မီးတောက်ကို ငြိမ်းလိုက်၏။
သူသည် မတ်တတ်ရပ်ကာ တိမ်ဖြူလေးသို့ လက်နှစ်ဘက်ဆုပ်၍ အရိုအသေပေးလိုက်သည်။
တိမ်ဖြူပေါ်ရှိ တာအိုရသေ့ ဂျပုသည် နှုတ်ခမ်းတွန့်ရုံ ပြုံးကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ မြေပြင်မှ (၁၀)ကျန့်အကွာတွင် ရပ်တန့်လိုက်ပြီး နွေးထွေးစွာပြောလိုက်၏။
“ ဂိုဏ်းတူ တူလေးချန် ရှို့… လွန်ခဲ့တဲ့သုံးလက အရှေ့သမုဒ္ဒရာကို သွားတဲ့ခရီးမှာ မင်းတော်တော်လေး အကျိုးကျေးဇူးတွေ ရလာတယ်ဆို။ နဂါးနန်းတော်က မင်းသားလေးက ရန်စတာကိုလည်း အဆင်ပြေပြေ ဖြေရှင်းနိုင်လိုက်သေးတယ်။ ငါမင်းကို ထောက်ခံပေးလိုက်တာ မှန်သွားတာပဲ ”
လီချန်ရှို့သည် ချက်ချင်းပင် နွေးထွေးနူးညံ့စွာပြုံး၍ ပြောလိုက်သည်။
“ ဆရာဦးလေးရဲ့ မေတ္တာတွေကြောင့် ကျွန်တော် မီးတောက်မန္တန်ရော လျှပ်စီးမန္တန်ရော ရခဲ့ပါတယ်။ ဒီနေ့ ဦးလေးအတွက် စားသောက်ပွဲတစ်ခု ပြင်ပေးထားတယ်။ ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးဆပ်တယ်လို့ သဘောထားလိုက်ပါ ”
ယခုမှ ဂိုဏ်းသို့ ပြန်ရောက်လာသော ကျိုးဝူသည် သူ၏ မျက်လုံးများ ကျဉ်းသွားသည်အထိပြုံးလိုက်ပြီး စုတ်သပ်လိုက်သည်။
“ တစ်ခုခုတော့ မူမမှန်ဘူးလို့ ဘာလို့ ခံစားနေရတာလဲ။ ပုံမှန်ဆိုမင်းက ငါ့ကို အရက်တောင် သိပ်သဒ္ဓါတာ မဟုတ်ဘူး။ မင်း အရှေ့သမုဒ္ဒရာကို သွားလိုက်ရတာလည်း ငါကလှည့်စားလိုက်လို့။ တူလေးချန်ရှို့ မင်းက ငါ့ကို အဆိပ်ဆေးလုံးသုံးပြီး အကောက်ကြံချင်နေတာလား ”
လီချန်ရှို့တစ်ယောက် ရယ်ရအခက် ငိုရအခက် ဖြစ်သွားကာ ပြန်ဖြေလိုက်၏။
“ ကျွန်တော်က ချုံတောင်လေးက အညတရတပည့်တစ်ယောက်ပါ။ ဆရာဦးလေးက ကောင်းကင်ခွင်းတောင်ရဲ့ အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးလေ။ ပြီးတော့ အကြီးအကဲတွေ အထင်ကြီးရတဲ့ ဂိုဏ်းရဲ့စောင့်ရှောက်သူတစ်ယောက်။ ကျွန်တော် တကယ်အကောက်ကြံချင်ရင်တောင် မကြံဝံ့ပါဘူး။ ပြီးတော့ ဒီတစ်ခေါက် အရှေ့သမုဒ္ဒရာကို သွားတဲ့ခရီးမှာ ကျွန်တော့်အတွက် ကောင်းကျိုးတွေလည်း ရလိုက်တာပဲ ”
ထို့သို့ပြောပြီးနောက် လီချန်ရှို့သည် အင်္ကျီလက်အတွင်းမှ ညလင်းပုလဲနှစ်လုံးကို ထုတ်လိုက်သည်။
“ ဒါတွေက ပုံရိပ်ဖမ်းပုလဲလုံးတွေပါ။ အဲဒါတွေကို အဆင့်ထပ်မြင့်ပြီးတော့ အသံဖမ်းပုလဲအဖြစ် ပြောင်းထားတယ်။ ဆရာဦးလေးအတွက် တစ်လုံး၊ ကျွန်တော့်အတွက် တစ်လုံးပေါ့။ ဒီနေ့ စားသောက်ပွဲတစ်ခုလုံးကို ဒီပုလဲလုံးတွေနဲ့ မှတ်တမ်းတင်ထားမှာပါ။ ဒါဆို … ဘယ်လိုသဘောရလဲ ”
ကျိုးဝူ ချက်ချင်းပင် အူမြူးသွားသည်။ လက်နှစ်ဖက်ကိုနောက်ပစ်ကာ တိမ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လီချန်ရှို့ကို ကြည့်လိုက်၏။ ထို့နောက် သူသည် အသံဖမ်းပုလဲကို လှမ်းယူလိုက်သည်။
“ အရက်အိုးထဲ ဘာရှိလည်းဆိုတာ သိချင်နေပြီဟေ့ ”
“ ဆရာဦးလေး ရှေ့ကကြွပါ ”
လီချန်ရှို့သည် နွေးထွေးစွာပြုံး၍ လောကွတ်ပြုလိုက်၏။
ဆေးပေါင်းဖို၏ဘေးတွင် စားပွဲပုလေးနှစ်လုံး တည်ခင်းထားသည်။ ဟင်းလျာများမှာ လန်လင်းအယ် လက်စွမ်းပြထားခြင်းဖြစ်သည်။ စားပွဲပေါ်တွင် ခမ်းနားသော အစားအသောက်များ၊ အဖျော်ယမကာများရှိသည်။ ခုံဘေးတွင်မူ အရက်အိုးသုံးအိုးကို ထပ်ထား၏။
သူတို့နှစ်ယောက် ထိုင်လိုက်ကြသည်။ သူတို့သည် တချိန်တည်းမှာပင် အသံဖမ်းပုလဲကို နှိုးလိုက်ပြီး စားပွဲအစွန်းတွင် ထားလိုက်ကြ၏။
ထို့နောက် ကျိုးဝူသည် ကျောက်စိမ်းတူကိုယူကာ ဟင်းပွဲတစ်မျိုးခြင်းစီကို မြည်းကြည့်လိုက်ပြီး အရက်ကိုလည်း အရသာခံလိုက်သည်။
“ မင်းက တကယ်ပဲ ငါ့ကို အရက်နဲ့ ဧည့်ခံမလို့လား… ”
ကျိုးဝူက ပြုံး၍ပြောလိုက်သည်။
“ ဒီဟင်းပွဲတွေထဲမှာ တစ်မျိုးစီဆိုဘာမှ မဖြစ်ပေမဲ့ ရောသွားရင် အဆိပ်ဖြစ်မယ့် ဆေးတွေခပ်ထားတာများလား ”
လီချန်ရှို့သည် လက်ဖြင့် နဖူးကို ပွတ်လိုက်ပြီး ခေါင်းခါကာ သက်ပြင်းချ၍ ပြန်ဖြေလိုက်၏။
“ ဆရာဦးလေး… အပြင်မှာဘာတွေများ ကြုံခဲ့ရလို့ ကျွန်တော့်ရဲ့ စေတနာကို ဒီလောက် သံသယတွေများနေရတာပါလိမ့်။ ကျွန်တော်က ကောက်ကျစ်တဲ့သူ မဟုတ်ပါဘူး ”
“ ဟားဟားဟား… အလကားစတာပါကွ ”
ကျိုးဝူသည် လက်ခါလိုက်ပြီး အရက်အိုးကို ယူ၍သောက်လေတော့သည်။ သူတို့နှစ်ယောက်သည် စိတ်ကြိုက်သောက်ကြလေတော့၏။
ခေတ္တမျှကြာသောအခါ အရက်အိုးထဲရှိ အရက်တစ်ဝက်သည် သူတို့ဗိုက်ထဲသို့ ရောက်သွားပေပြီ။ ကျိုးဝူသည် အသီးအရွက်များကိုသာ စားပြီး မလှုပ်မယှက်ထိုင်နေ၏။
လီချန်ရှို့သည် ဟင်းပွဲများကို ဖြည်းဖြည်းချင်းမ၍ ဆရာတူညီမလေး၏ ဟင်းချက်အစွမ်းကို ချီးမွမ်းနေလေသည်။
သူတို့နှစ်ယောက် အတန်ငယ်ရီဝေဝေဖြစ်လာသောအခါ လီချန်ရှို့သည် တတိယမြောက်အရက်အိုးကို ယူလိုက်သည်။
‘ အဆိပ်က အဲဒီအိုးထဲမှာပဲ ဖြစ်ရမယ်။ မင်းရဲ့အကွက်တွေက သိသာလွန်းတယ် ငါ့တူရဲ့ ’
ကျိုးဝူသည် အင်္ကျီလက်ကို ပင့်၍ ရယ်လိုက်ပြီး လီချန်ရှို့တစ်ယောက်မည်သို့ လှည့်စားမည်နည်းဟု စောင့်ကြည့်နေ၏။
လီချန်ရှို့က ပြောလိုက်သည်။
“ ဆရာဦးလေး.. ဒါက ဆရာဦးလေးကို ကျွန်တော် ကျေးဇူးဆပ်တဲ့ အနေနဲ့ တိုက်တာ။ ဒါ အရိုးကို သန်မာစေတဲ့ နဂါးဆေးအရက်ပဲ ”
“ အဲ … ဟုတ်လား ”
ကျိုးဝူသည် မျက်မှောင်ကြုတ်လိုက်ပြီး အရက်အိုးကို နတ်တန်ခိုးဖြင့် လှမ်းယူလိုက်ကာ သူနှင့် ခြေဆယ့်နှစ်လှမ်းအကွာသို့ ပို့လိုက်ပြီး တန်ခိုးဖြင့်ဖွင့်ကြည့်လိုက်သည်။ သူသည် အနံ့ကိုသဘောတွေ့သွားပြီး အရက်နည်းနည်းကိုယူ၍ လက်ဖြင့်ပွတ်ကာ စမ်းကြည့်လိုက်၏။
ကျိုးဝူ၏မျက်လုံးများ အရောင်လက်သွား၏။
“ အရက်ကောင်းပဲ ”
လီချန်ရှို့က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“ ဒါက အဆိပ်ဆေးပင် (၃၆)မျိုး၊ အဆိပ်ပိုးမွှား(၁၂)မျိုးကို ဂင်္ဂါမြစ်ခမ်းအရက်ထဲ ထည့်စိမ်ပြီးမှ ရလာတဲ့ အရက်ပဲ။ သုံးလလောက်စိမ်ပြီးတော့ သူ့ရဲ့ အဆိပ်ဓာတ်တွေ ပျောက်သွားပြီ။ အဲဒါက ဝိညာဉ်ဓာတ်ကိုအားဖြည့်ပေးတယ်။ အရိုးကို သန်မာစေတယ်။ ပြီးတော့ ယောက်ျားခွန်အားကို တိုးစေတယ်။ ဒါပေမဲ့ တစ်ခုရှိတာက… ဆရာဦးလေး သောက်နိုင်ပါ့မလားမသိဘူး။ ဒီဆေးအရက်က နည်းနည်းတော့ပြင်းတယ် ”
ကျိုးဝူမျက်မှောင်ကြုတ်၍ မျက်တောင်ပုတ်ခတ် ပုတ်ခတ်ဖြစ်နေသော လီချန်ရှို့ကို ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်ကြ၏။
မြွေမြွေချင်း ခြေမြင်လေသည်။
ကျိုးဝူက ပြုံး၍ပြောလိုက်သည်။
“ ငါက ဘာလို့မသောက်နိုင်ရမှာလဲ… ငါ့မှာ တာအိုလက်တွဲဖော်ရှိတာပဲ ”
“ အဲဒါကြောင့်လဲ ကျွန်တော်က ဒီအရက်ကို ဆရာဦးလေးကို တိုက်တာပေါ့… မြည်းကြည့်ပါဦး ”
“ ကဲ ထည့်ကွာ ”
ကျိုးဝူ စိတ်အေးနေ၏။ အရက်ခွက်ကိုယူကာ တစ်ငုံသောက်ကြည့်လိုက်သည်။ ခေတ္တမျှ အရသာခံကြည့်ပြီးနောက် နောက်တစ်ငုံထပ်သောက်လိုက်ရာ ချက်ချင်းပင် အားအင်များပြည့်သွားသလို ခံစားလိုက်ရလေသည်။
“ ဖြစ်ချင်တော့ မင်းရဲ့ဆရာဦးလေးက မကြာခင်ကမှ အခန်းအောင်းကျင့်ထားတာကွ။ ငါ ဘာကိုမှ ကြောက်စရာမလိုဘူး ဟဲဟဲ ”
“ ဆရာဦးလေး တစ်ခါတည်းနဲ့ အများကြီး သောက်မချလိုက်နဲ့နော် ”
“ ငါက အတုမဲ့နတ်ဝိဇ္ဇာပါကွ။ ဘာကို ကြောက်နေရမှာလဲ ”
ထို့နောက် သူတို့သည် နောက်တစ်ခွက်ထပ်သောက်လိုက်ကြသည်။ ကျိုးဝူသည် ရေချိန်ကိုက်နေပေပြီ။ သူ၏အရက်ခွက်နှင့် ဟင်းပွဲများသည် ဖရိုဖရဲဖြစ်နေ၏။
“ ချန်ရှို့လေး… ငါ့ကိုပြောစမ်းပါဦး။ မင်းက ငါ့ကိုဘယ်လိုများ အကောက်ကြံဖို့ စီစဉ်ထားတာလဲ ”
ကျိုးဝူသည် အရက်အိုးကိုဖက်ကာ လျှာလေးအာလေးဖြင့် ပြောလိုက်သည်။
“ ငါသောက်လို့ပြီးခါနီးပြီ… ခဏနေရင် ပြန်တော့မယ် ”
လီချန်ရှို့သည် ခေါင်းယမ်းလိုက်ပြီး ခါးသက်သက်ပြုံးကာ သက်ပြင်းချ၍ ပြောလိုက်သည်။
“ တကယ်တော့ ဆရာဦးလေးဆီက အကူအညီတောင်းစရာ တစ်ခုရှိလို့ပါ ”
“ အဲ… ”
“ ကျွန်တော့်ဆီမှာ ဆရာဦးလေးပေးထားတဲ့ ရောင်စဉ်ကိုးသွယ်မန္တန်အစီအရင်ရှိတယ်လေ… အဲဒါကို ကျွန်တော် ဆရာဒေါ်လေးကျိုးကျိုးနဲ့ လဝက်လောက် လေ့လာတာတောင် အခုထိမဆင်နိုင်သေးဘူး။ အဲဒါ ဆရာဦးလေးရဲ့ လမ်းညွှန်ချက်လေးလိုချင်လို့ပါ ”
ကျိုးဝူ ရုတ်ခြည်းပင် ဝမ်းသာသွားသည်။ ရောင်စဉ်ကိုးသွယ်မန္တန်အစီအရင်သည် သူ ဖန်တီးထားသော မန္တန်အစီအရင် ဖြစ်သည်။ အကယ်၍ လီချန်ရှို့သည် ထိုမန္တန်အစီအရင်ကို သုံး၍ သူ့အားချုပ်နှောင်ခဲ့လျှင် သူလွယ်လွယ်ကူကူ ပြန်ထွက်နိုင်မည် ဖြစ်၏။
“ သွားကြတာပေါ့… ငါကြည့်ကြည့်မယ် ”
ကျိုးဝူသည် ဆေးအရက်ကိုဘေးသို့ချလိုက်သည်။ သူတို့နှစ်ယောက်သည် အသံဖမ်းပုလဲများကို ယူကာ ဆေးဖော်ဆောင် အနောက်ဘက် မြေကွက်လပ်သို့ သွားလိုက်ကြ၏။
ထိုနေရာတွင် လျှို့ဝှက်ဆန်းကြယ်စွာ နေရာချထားသော ကြေးမုံအသေး(၈၁)ချပ် ရှိ၏။ တစ်ချက်မျှကြည့်လိုက်ရုံဖြင့် ကျိုးဝူသည် ပြစ်ချက်ကို ရှာတွေ့သွားပြီး ရယ်မောကာ လီချန်ရှို့ကို ညွှန်ပြလိုက်သည်။
လီချန်ရှို့တစ်ယောက် ဝမ်းသာသွားသည့် ဟန်ဖြင့် ရှေ့သို့လျှောက်သွားလိုက်၏။ ကျိုးဝူညွှန်ကြားသည့်အတိုင်း ကြေးမုံအချို့ကို နေရာပြန်ချလိုက်ရာ ကြေးမုံ(၈၁)ချပ်သည် ရုတ်ခြည်း အရောက်တောက်သွားကာ မန္တန်အစီအရင်ပွင့်သွားပြီး သူတို့နှစ်ယောက်လုံးကို ပိတ်ထားလိုက်လေသည်။
ငွေရောင်အလင်းတန်းများကြောင့် ပတ်ဝန်းကျင်ရှိ အပင်များနှင့် ငှက်များကိုပင် မတွေ့နိုင်တော့ချေ။
ကျိုးဝူသည် တည်တည်ငြိမ်ငြိမ်ပင်။ သူသည် ပြုံး၍ပြောလိုက်သည်။
“ ချန်ရှို့ … မင်းက ငါ့ကို ဒီလိုအကောက်ကြံမလို့ပေါ့လေ။ ငါ့ကို လက်စားချေဖို့ မင်းပါရောပြီး အပိတ်ခံတာလား။ အဲဒီလိုကတော့ သိပ်မကောင်းဘူးကွ ”
လီချန်ရှို့က လှည့်၍ ပြုံးကာ ပြန်ဖြေလိုက်၏။
“ ဘာတွေပြောနေတာလဲ ဆရာဦးလေး… ကျွန်တော်က ဘာလို့အဲဒီလို လုပ်ရမှာလဲ ”
လီချန်ရှို့၏ ခြေနှင့်လက်များတွင် မီးတောက်များ ဖျတ်ခနဲ ထတောက်သွား၏။
ကျိုးဝူတုံ့ဆိုင်းသွားပြီး အလျင်စလို အော်လိုက်သည်။
“ မင်းက ဘာလို့မီးလောင်နေရတာလဲ ”
“ ဆရာဦးလေး… ဘယ်လိုတောင်လုပ်ရက်… ”
လီချန်ရှို့က တုန်လှုပ်သည့် အသံဖြင့် အော်ပြောလိုက်ပြီး လက်ထဲရှိ အသံဖမ်းပုလဲကို လက်တည့်ရာ ပစ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လီချန်ရှို့၏ ပတ်ပတ်လည်လည်တွင် မီးတောက်များ လွှမ်းခြုံသွား၏။ ထို့နောက် သူသည် စက္ကူရုပ်အဖြစ်ပြောင်းလဲသွားကာ မီးတောက်ထဲတွင် လောင်ကျွမ်းပျောက်ကွယ်သွားလေတော့သည်။
ကျိုးဝူတစ်ယောက် ရုတ်ခြည်းပင် မျက်လုံးပြူးသွားသည်။
သမာဓိမီးတောက်ရဲ့ ဝိညာဉ်မီးတောက် အစွမ်း…
ကြယ်တာရာလမ်းစဉ် (၃၆)သွယ်တွင် ပါဝင်သော ပုံပြောင်းစက္ကူရုပ်အတတ် …
ထိုကောင်စုတ်လေးသည် ဝိညာဉ်မီးတောက် အတတ်ကို ထိုမျှ လျှင်မြန်စွာ တတ်လေသလော။ လျင်မြန်စွာ သင်ယူနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် အရည်အချင်းမျိုးရှိခြင်းပေလော။
တစ်ခုခုတော့ လွဲနေပေပြီ…
ကျိုးဝူသည် ငွေရောင်အလင်းတန်းများကြားတွင် ပိတ်မိနေချေပြီ။ ထိုမန္တန်အစီအရင်ထဲတွင် သူသာကျန်ခဲ့လေတော့သည်။
ထိုကောင်စုတ်လေးသည် အသံဖမ်းပုလဲကို သုံးကာ သူ့အပြစ်မဖြစ်အောင် လုပ်ဆောင်သွားခြင်းပင်။
ကျိုးဝူသည် အလင်းတန်းများကိုကြည့်၍ နှာခေါင်းရှုံ့လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် မန္တန်အစီအရင်အား ဖြေရှင်းနေလေ၏။
“ ချန်ရှို့ … မင်းက အတွေ့အကြုံနုသေးတာပဲ။ ပြစ်ဒဏ်ပေးခန်းမမှာ ငါ့ကိုဘယ်အချက်နဲ့ စွပ်စွဲနိုင်မှာလဲ ”
“ ကျွတ်… ငါမင်းရဲ့ အကြံကို အလကားအထင်ကြီးမိသွားတာပဲ ”
“ ငါ့မှာ မိတ်ဆွေကောင်းတွေ အများကြီးရှိတယ် ”
“ ပြီးတော့ ဒီမန္တန်အစီအရင်ကို တီထွင်ခဲ့တာ ငါကွ။ ဘဝတံခါးရှိတဲ့နေရာကို အသာလေးရှာနိုင်တယ် ”
ထိုသို့ပြောပြီး ကျိုးဝူသည် ရှေ့သို့ခြေလှမ်းအနည်းငယ် လျှောက်လိုက်သည်။ ဘေးပတ်လည်ရှိ အလင်းတန်းများနှင့် အရိပ်များသည် လည်သွားပြီး ငွေရောင်အလင်းတန်းမှ ရွှေရောင်အလင်းတန်းသို့ ပြောင်းသွားလေသည်။
ကျိုးဝူ၏ အပြုံးသည် ရုတ်ချည်းပင် တောင့်တောင့်ကြီး ဖြစ်သွား၏။ သူသည်ခေါင်းငုံ့ကာ လက်ချောင်းများကို ထိ၍ သုံးသပ်လိုက်သည်။ ထို့နောက် စိတ်ပျက်လက်ပျက် ထအော်လိုက်လေသည်။
“ ဒီတစ်ခါလည်း ဘယ်လိုလုပ်ပြီး ဆက်စပ်မန္တန်အစီအရင် ဖြစ်နေရပြန်တာလဲ ”
သူသည် တလက်လက်တောက်နေသော နေရာသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်ရာ ငွေရောင်အလင်းတန်းများ အဖြစ် ပြန်ပြောင်းသွားပြန်၏။
လေထဲသို့ခုန်လိုက်လျှင်လည်း ရွှေရောင်အဖြစ်ပြောင်းသွား၏။
ထိုအခိုက်တွင် ဤမန္တန်အစီအရင်သည် သူ လိုက်မမီနိုင်အောင် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ကျိုးဝူသိလိုက်လေတော့သည်။ သူ၏ ကိုယ်ေယာင်ဖျောက်အတတ်များကိုလည်း သုံး၍မရချေ။ ထိုဆက်စပ်မန္တန်အစီအရင်သည် သူတီထွင်ခဲ့သော ရောင်စဉ်ကိုးသွယ်မန္တန်အစီအရင်ဖြစ်သော်လည်း သူ မဖြေရှင်းနိုင်တော့ပေ။
သူသည် ထိုမန္တန်အစီအရင်ကို ကောင်းကင်နတ်မင်းအဆင့်ရှိသူမှသာ ဖြေရှင်းနိုင်အောင် ဒုက္ခခံ၍ တီထွင်ခဲ့ခြင်း ဖြစ်သည်။
ကျိုးဝူ၏ ငါးပေသာသာ တာအိုခန္ဓာကိုယ်လေးသည် ဒယိမ်းဒယိုင်ဖြစ်နေပြီး အရက်နံ့များ တထောင်းထောင်း ထနေသည်။ သူသည် စိတ်ထဲတွင် အလျင်အမြန် စဉ်းစားလိုက်သည်။ ချန်ရှို့သည် သူ့ကို ကျိုးကျိုးမှတစ်ဆင့် စားသောက်ပွဲသို့ ဖိတ်လိုက်သည့်အချိန်ကတည်းက အကောက်ကြံနေခြင်း ဖြစ်ရပေမည်။
သူ ချုံတောင်လေးသို့ရောက်လာချိန်တွင် ချန်ရှို့တစ်ယောက် ထိုင်ကာ ချီမီးတောက်ကို ကျင့်နေကြောင်း တွေ့လိုက်သော်လည်း ချန်ရှို့အစစ်ဟုတ်၊ မဟုတ် သေချာဂရုမစိုက်ခဲ့မိသည်မှာ သူ့အမှားဖြစ်သည်။
စားသောက်ပွဲသည် အာရုံလွှဲခြင်းသာဖြစ်ပြီး အမှန်တကယ်လက်စားချေမည့် အစီအစဉ်သည် ဤမန္တန်အစီအရင်သာ ဖြစ်၏။
ကျိုးဝူသည် သူတီထွင်ခဲ့သော မန္တန်အစီအရင်ဖြစ်၍ စိတ်အေးလက်အေးဖြင့် အစီအရင်အတွင်းသို့ ယုံကြည်ချက်ရှိရှိ ဝင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုကောင်စုတ်လေးသည် ဆက်စပ်အစီအရင်များ လုပ်တတ်ကြောင်း သူ သတိတစ်ချက်လစ်သွားခဲ့၏။
သို့သော် သူပိတ်မိနေပြီဖြစ်သဖြင့် ယခုမှ သတိရခြင်းသည် အသုံးမဝင်တော့ချေ။
ကျိုးဝူ တင်ပျဉ်ခွေထိုင်လိုက်၏။ သူသည် အတုမဲ့နတ်ဝိဇ္ဇာတစ်ယောက်ဖြစ်သည်။ လအနည်းငယ်မျှ ပိတ်မိနေလျှင်လည်း ကိစ္စမရှိပေ။
‘ ဒါက မင်းရဲ့ လက်စားချေမှုလား ’
ကျိုးဝူတစ်ယောက်တည်း ပြုံးလိုက်သည်။ သို့သော် ရုတ်ခြည်းပင် သူ၏အပြုံးသည် ပျောက်ကွယ်သွားတော့၏။
‘ ပူ.. ပူလိုက်တာ… ’
ကျိုးဝူ၏ တစ်ကိုယ်လုံးရှိ သွေးကြောများ အလွန်အမင်းဖောင်းကြွလာသည်။ ထို့နောက် ချွေးသီးချွေးပေါက်များကျလာပြီး ကိုယ်တွင်းရှိ ညစ်ညမ်းယန်ဓာတ်များ တရိပ်ရိပ် တိုးပွားလာနေသည်။
‘ အိုး… သေစမ်း… ဆေးအရက်ကြောင့်ဖြစ်မယ်။ ငါဘာလို့ အများကြီးသောက်လိုက်ရတာလဲ ”
သူ၏တာအိုခန္ဓာကိုယ်သည် မီးပုံကြီးတစ်ခုအတွင်း ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ အသက်ရှူရာတွင်လည်း မီးတောက်များ မှုတ်ထုတ်လိုက်သကဲ့သို့ လေပူများသာ ပြန်ထွက်လာသည်။ တစ်ကိုယ်လုံးတွင်လည်း ချွေးများရွှဲနစ်နေလေသည်။
သူသည် ချက်ချင်း ဆေးအာနိသင်ကို ပယ်ရှားရန် ကြိုးပမ်းလိုက်၏။ သို့သော် ထိုဆေးအရက်သည် သူ၏သွေးကြောများအတွင်းသို့ ရောက်နေပြီဖြစ်သည်။
ကျိုးဝူတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်သည်။
“ တူလေးချန်..ချန်ရှို့… ငါ့ကို ထုတ်ပေးပါကွာ… ”
မဟုတ်သေး။
ထိုကောင်စုတ်သည် သူ၏ ထိုကဲ့သို့သနားစဖွယ်ပုံကို မြင်လိုခြင်းဖြစ်သည်။
‘ တောင်ခံစမ်း… ငါတောင့်ခံရမယ် ”
ကျိုးဝူသည် ကောင်းကင်နတ်မင်းအဆင့်ရောက်တော့မည့် သူတစ်ယောက်ဖြစ်၏။ ထိုဆေးအာနိသင်အား တောင့်မခံနိုင်ပေပြီလော။ ရှစ်ရှစ်သည် သူ့အားအိမ်တွင် စောင့်နေသည်ဖြစ်ရာ ဤအစီအရင်မှ လွတ်မြောက်သည်နှင့် ဘာညာကွိကွလုပ်၍ရပြီဖြစ်ကြောင်း တွေးကာ စိတ်အားတင်းထားရုံသာ လိုသည်။
သူ ခံစားနေရသည်မှာ ပိုဆိုးလာသည်။ ဆရာတူအစ်မအကြောင်းကို တွေး၍မရပေ။
ပေါက်ကရများ အော်မိပါက အသံဖမ်းပုလဲရှိနေသေးသဖြင့် သူ အရှက်ရပေလိမ့်မည်။
ထို့နောက် ကျိုးဝူသည် လက်ထဲရှိ အသံဖမ်းပုလဲကို ချေမွှပစ်လိုက်ကာ တရားပြန်ထိုင်လိုက်၏။ သူသည် လျင်မြန်စွာပင် နှလုံးတည်ငြိမ်မန္တန်နှင့် နှလုံးသန့်မန္တန်တို့ကို ရွတ်လိုက်သည်။
အမွှေးတိုင် တစ်တိုင်စာကြာပြီးနောက်…
“ ငါမရတော့ဘူး… ဒါမျိုးက အောင့်ဖို့လွယ်တာမဟုတ်ဘူး။ ဘယ်လိုလုပ်တောင့်ခံနိုင်မှာလဲ ”
“ ချန်ရှို့… ”
“ ချန်ရှို့… ငါအရှုံးပေးပါပြီကွာ။ နောက်ဆိုရင် မင်းကို အကောက်မကြံရဲတော့ပါဘူး။ ဘယ်လိုလဲ… ”
မည်သူမှ ပြန်မဖြေချေ။
ကျိုးဝူသည် စိတ်လှုပ်ရှားစွာဖြင့် စက်ဝိုင်းပုံ ပတ်ကာ လျှောက်၏။ သူ၏ ညစ်ညမ်းယန်ဓာတ်များကို နတ်တန်ခိုးသုံးကာ အတင်းဖိနှပ်ထားရပြီး မန္တန်အစီအရင်အတွင်း၌ အရူးချီးပန်း လျှောက်သွားနေရလေသည်။
စာကြောင်းများရေးထားသော သစ်သားဆိုင်းဘုတ်ကလေးကို ဖျတ်ခနဲ တွေ့လိုက်ရပြီး သူ ကပျာကယာ သွားကာ ဖတ်လိုက်သည်။
ဒါက…
“ ကောင်းကင်တာအို ကျမ်းသစ္စာ… မမေ့လျော့ကျမ်းသစ္စာ… ဒီကောင်စုတ်က တော်တော်ရက်စက်တာပဲ ”
“ ယခုအချိန်ကစ၍ ကျွန်ုပ်ကျိုးဝူသည် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ချုံတောင်လေးမှ တာအိုရသေ့ချီယွမ်၏တပည့် ဂိုဏ်းတူ တူလေးချန်ရှို့၏ ခွင့်ပြုချက်မရဘဲ မည်သည့်အရာမှ လုပ်ခွင့်မရှိပေ… ”
“ ကျွန်ုပ်ကျိုးဝူသည် ဂိုဏ်းတူ တူလေး၏ အကြောင်းကို မည်သည့်လူ၊ မည်သည့်ဓမ္မရတနာ၊ မည်သည့်အရာဝတ္ထုကို မှ ပြောမည်မဟုတ်… ”
“ ကျွန်ုပ်သည်… ”
“ ဒါပေမဲ့ ဒါတွေက ငါ့ကိုအခက်တွေ့အောင် လုပ်နေတာပဲ ”
“ ဒီ ကျမ်းသစ္စာတွေက သာမန်ပါပဲ။ သူ့အကြောင်းကို လျှို့ဝှက်ထားပြီး နောက်ကျ သူ့ကိုအကောက်မကြံဖို့ပဲ… ”
“ ခက်တာက ဖောက်ဖျက်မိရင် ခံရမယ့် အပြစ်ပဲ။ ဘာတဲ့ ငါရဲ့ ယန်ဓာတ်ကို ဆုံးရှုံးမယ်တဲ့။ ငါတော့ ယောက်ျားဖြစ်ရှုံးတော့မှာပဲ ”
ကျိုးဝူသည် စိတ်ရှုပ်ရှုပ်ဖြင့် ခြေဆောင့်လိုက်ပြီး သစ်သားဆိုင်းဘုတ်ကို မြေကြီးပေါ်လွှင့်ပစ်လိုက်၏။
“ ဒါမျိုးတော့ သစ္စာမဆိုနိုင်ဘူး ”
တာအိုရသေ့ ဂျပုသည် ခါးကုန်း၍ ဖြည်းဖြည်းချင်းထိုင်လိုက်သည်။ သူ၏ ညစ်ညမ်းယန်ဓာတ်ကို ဆက်၍ဖိနှိပ်လိုက်ပြီး အံ့ကြိတ်ကာ တောင်ခံနေလိုက်၏။
ခေတ္တမျှကြာပြီးနောက်…
သူသည် မျက်လုံးများရဲရဲနီကာ အော်ဟစ်နေရလေသည်။ ထရပ်၍ သစ်သားဆိုင်းဘုတ်လေးကို ပြန်ကောက်လိုက်ပြီး ကျမ်းသစ္စာကို ကျယ်လောင်စွာ ရွတ်လိုက်ရတော့၏။
ကောင်းကင်တာအိုသည် ထိုသစ္စာဆိုမှုကို သိရှိသွားသည်။ ချုံတောင်လေး၏ အထက်တွင် မိုးချုန်းသံသဲ့သဲ့ ထွက်ပေါ်လာ၏။
စာလုံးရေတစ်ရာကျော်ရှိသော ထိုကျမ်းသစ္စာကို ရွတ်ဆိုပြီးသောအခါ ဘေးပတ်လည်ရှိ မန္တန်အစီအရင်သည် တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။ အပြင်မှ မန္တန်အစီအရင်များလည်း ပိတ်သွားပေပြီ။
ကျိုးဝူသည် ဟိုလှည့်ဒီလှည့်ဖြင့် ရှာကြည့်လိုက်သော်လည်း ခွေးတစ်ကောင် ကြောင်တမြီးမှ မတွေ့ပေ။ သူသည် အလျင်စလို ပျံတက်လိုက်ပြီး ကောင်းကင်ခွင်းတောင်သို့ ဒုန်းဆိုင်းလေတော့သည်။
“ ရှစ်ရှစ်လေးရေ … ”
“ ရှစ်ရှစ်လေး … အခန်းအောင်းကျင့်နေလို့ မဖြစ်ဘူးနော်… ရှစ်ရှစ်လေးရဲ့ .. ”
ကျိုးဝူထွက်ခွာသွားပြီးနောက် လီချန်ရှို့သည် မြက်များပေါက်နေသော မြေကြီးထဲမှ ထွက်လာ၏။ သူသည် သူ လွှင့်ပစ်လိုက်သော အသံဖမ်းပုလဲအားကောက်ကာ သိမ်းဆည်းလိုက်သည်။ ထို့နောက် ယင်းမန္တန်အစီအရင်ကို ပတ်လည်ရှိ မန္တအစီအရင်များနှင့် ဆက်စပ်လိုက်လေသည်။
ထို့နောက် သစ်သားဆိုင်းဘုတ်လေးဆီသို့ လျှောက်သွားလိုက်သည်။ ဆိုင်းဘုတ်ပေါ်မှစာများသည် လျင်မြန်စွာ ပျောက်ကွယ်နေပေပြီ။ လီချန်ရှို့တစ်ယောက် ငါးခူပြုံး ပြုံးလိုက်၏။
ဆရာဦးလေးပြဿနာကို သူ ယာယီဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။
*****
နှစ်လကြာပြီးနောက်…
ထိုနေ့သည် အတူတူ ဆေးဖော်ရမည့် နေ့ဖြစ်သည်။
“ ရှို့ရှို့လေး.. မင်းဆီမှာ အစ်ကို(၅)ကို တိုက်လိုက်တဲ့ ဆေးအရက်ရှိသေးလား။ အစ်မ(၄) ရှစ်ရှစ်က ဓမ္မမန္တန်စာအုပ်တချို့နဲ့ အဲဒီဆေးအရက်စိမ်နည်းကို လဲချင်တယ်တဲ့။ ဘယ်ဓမ္မမန္တန်လိုချင်လည်း ဆိုတာတော့ မင်းရွေးလို့ရတယ် ”
“ ဟိုနားမှာ အိုးတစ်ဝက်တော့ကျန်သေးတယ်။ ကျွန်တော် ပါဝင်ပစ္စည်းတွေကို ချရေးပြီးရင် စိမ်နည်းကို ပေးလိုက်မယ်။ အစွမ်းထက်ဆုံး ဓမ္မမန္တန်ကိုတော့ ရွေးရမှာပဲ ”
လီချန်ရှို့သည် မော့မကြည့်ဘဲပြန်ဖြေလိုက်ပြီး လက်ထဲရှိ ဆေးများကိုသာ ခွဲခြားနေလေသည်။
ကျိုးကျိုးသည် အခန်းထောင့်သို့သွားလိုက်၏။
“ ဒီအရက်လား… အနံ့က တော်တော်ထူးဆန်းတာပဲ ”
“ ဟုတ်တယ် အဲဒီအရက်ပဲ… ”
လီချန်ရှို့က ပြုံး၍ ပြန်ပြောလိုက်သည်။
ထို့နောက် ခေါင်းငုံ့၍ အလုပ်ဆက်လုပ်ရန် ပြင်လိုက်စဉ်တွင် တစ်စုံတစ်ခုကို သတိရသွားသဖြင့် လှမ်းပြောလိုက်သည်။
“ အဲဒီအရက်ကို မိန်းကလေးတွေ သောက်လို့မရဘူးနော်။ ဒါက ယောက်ျားတွေအတွက် အထူးစိမ်ထားတဲ့ ယန်အားတိုးအရက်… မိန်းကလေးတွေ သောက်မိရင် တစ်ခုခုဖြစ်လိမ့်မယ်… ”
ဒုတ်…
သစ်သားမှုတ်ခွက်ကလေးသည် မြေပေါ်သို့ကျသွားပြီး အရက်များ ဖိတ်စင်သွားလေ၏။ ကျိုးကျိုးသည် လီချန်ရှို့ကို မျက်စိသူငယ်လေးဖြင့် ကြည့်နေသည်။
“ မိန်း..မိန်းကလေးတွေ သောက်မိရင် ဘာဖြစ်မှာလဲ ”
သူမကား လက်သွက်လှပါလား။
လီချန်ရှို့သည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ခါးသက်သက်ပြုံးလိုက်၏။
“ အဲ … မုတ်ဆိတ်မွေးတွေဘာတွေ ထွက်လာတာမျိုးပေါ့… ”
***