Switch Mode

စာစဉ်(၈) အပိုင်း(၁၁၁)

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအို

ချီဘုရင်ရဲ့ပုန်ကန်မှုကို အလုံးစုံချေမှုန်းပြစ်နိုင်ခဲ့ပြီဖြစ်သည်။ ဒီသတင်းက ဇူအင်ပါယာအနှံ့ပျံ့နှံ့သွားသည့်အခါ များစွာသောအင်အားစုတွေက အံ့ဩတုန်လှုပ်သွားခဲ့ကြရသည်။ ဘယ်သူမှရပ်တန့်နိုင်ခြင်းမရှိတဲ့ ချီဘုရင်က ဒီလိုကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့သွားရလိမ့်မည်လို့ မည်သူမှထင်မှတ်မထားမိခဲ့ပေ။

တော်ဝင်ကလန်အနေဖြင့် အရင်တုန်းက ချီဘုရင်အပေါ်တစ်စုံတစ်ရာ ပြုလုပ်နိုင်ခြင်းမရှိသည်ကို လူတိုင်းသိထားကြရပေသည်။ ဒီလိုမှမဟုတ်ဘူးဆိုရင် တော်ဝင်ကလန်က ချီဘုရင် ဒီလိုမျိုးစွမ်းအားကြီးမားလာမှာကို သည်းခံနေခဲ့လိမ့်မည်မဟုတ်ပေ။

သို့ပေမဲ့လည်း ဒီစစ်ပွဲမှာ ထုတ်ဖော်ပြသခဲ့တဲ့ တော်ဝင်ကလန်ရဲ့စွမ်းအားက လူတိုင်းကိုအံ့အားသင့်သွားစေခဲ့သည်။

များစွာသောအင်အားစုတွေက အံ့အားသင့်တုန်လှုပ်သွားခဲ့ကြရသလို တော်ဝင်ကလန်ရဲ့အင်အားက သူတို့ထင်ထားသလို အမှန်တကယ်အားနည်းခြင်းမရှိဘူးဆိုတာကို နားလည်သဘောပေါက်လာခဲ့ကြရသည်။

အာဟာရချို့တဲ့နေတဲ့ ကုလားအုတ်တစ်ကောင်က မြင်းတစ်ကောင်ထက်ပိုကြီးနေသေးတုန်းပင်ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပေသည်။ တစ်ကြိမ်တစ်ခါက ထိပ်တန်းအဆင့်မှာရှိနေခဲ့တဲ့ ဇူအင်ပါယာက များစွာသောဆုံးရှုံးမှုတွေ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးတာတောင်မှ သူတို့ကိုလျော့တွက်ထားလို့ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့်ပင် မူလကတော်ဝင်ကလန်နဲ့ ချီအိမ်တော်တို့အကြား တိုက်ပွဲဖြစ်နေစဉ်မှာ ကြားထဲမှအကျိုးအမြတ်ဝင်ယူနိုင်ဖို့စီစဉ်ထားကြသည့် အင်အားစုတွေကလည်း သူတို့အပေါ်မြှားဦးလှည့်လာမည်ဆိုးသည့်အလား သူတို့ရဲ့အကြံအစည်တွေကို ပြန်လည်မျိုသိပ်ထားခဲ့ရသည်။

တော်ဝင်ကလန်က ချီဘုရင်လုပ်ဆောင်ခဲ့တဲ့အရာအားလုံးကို ဆေးကြောသန့်စင်ပြီးနောက်မှာ ဇူအင်ပါယာက ၎င်းတို့ရဲ့ဩဇာအာဏာကို နောက်တစ်ကြိမ်ပြန်လည်ရရှိခဲ့ပြီဆိုတာကို လူတိုင်းကသိထားကြပေသည်။ တော်ဝင်ကလန်ကို သွားရောက်စိန်ခေါ်တဲ့ဘယ်အင်အားစုမဆို ချီဘုရင်နဲ့တူညီတဲ့ ကံကြမ္မာမျိုးနဲ့သာ အဆုံးသတ်သွားရပေလိမ့်မည်။

ထို့ကြောင့်ပင် ဇူအင်ပါယာထဲမှာရှိတဲ့ အခြေအနေအားလုံးက အချိန်တစ်ခုကြာအောင် တည်ငြိမ်အေးဆေးသွားရတော့မည့်ပုံပေါ်သည်။ သူတို့အားလုံးက တော်ဝင်ကလန်ရဲ့နောက်ထပ်ပစ်မှတ်ဖြစ်သွားကြမှာ စိုးရိမ်နေကြသည့်အလား ဇူအင်ပါယာဘုရင်ရဲ့အမိန့်ကို ဘယ်သူမှဆန့်ကျင်ရဲခြင်းမရှိကြတော့ပေ။

“ဒါဆိုငါက တစ်လလုံးသတိလစ်နေခဲ့ရတာပေါ့…” နန်းတော်အတွင်းရှိ ပန်းပေါင်းစုံဖူးပွင့်နေသည့် မြေကွက်လပ်တစ်ခုအတွင်းဝယ် ဇူယွမ်က ကျောက်တုံးထိုင်ခုံပေါ်မှာ ထိုင်နေလျက်ရှိသလို သူ့ရဲ့မျက်နှာထက်မှာလည်း စိတ်ပျက်နေတဲ့အမူအယာတွေ ထွက်ပေါ်နေခဲ့ရသည်။

၎င်းက ချီဘုရင်ရဲ့ပုန်ကန်မှုကို ချေမှုန်းနိုင်ခဲ့တာ တစ်လခန့်ကြာမြင့်ခဲ့ရပြီဖြစ်သည်။ သူကဒီနေ့မတိုင်ခင်အထိ ထိုတစ်လလုံးလုံးသတိလစ်နေခဲ့ရသည်။

ဒီအရာက ငွေရောင်အရိပ်ကို ထိန်းချုပ်နိုင်ဖို့ သူ့ရဲ့စိတ်ဝိညာဉ်ကို အတင်းအကျပ်ဖိအားပေးကာ အသုံးပြုခဲ့ခြင်းအတွက် ပေးဆပ်လိုက်ရသည့်တန်ကြေးပင်ဖြစ်သည်။

“ဒါကတကယ်ကို ကံကောင်းတယ်လို့ပြောရမယ်… တကယ်လို့ နင်ကမူလဖျက်စီးခြင်းနတ်ဘုရားရဲ့စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို လေ့ကျင့်မထားဘဲ နင့်ရဲ့စိတ်ဝိညာဉ်က သာမန်အဆင့်မှာပဲရှိနေရမယ်ဆိုရင် နင်ကတစ်လတည်းမဟုတ်ဘဲ တစ်သက်လုံးသတိလစ်သွားမှာကိုတောင် ငါစိုးရိမ်နေမိတယ်…” ဇူယွမ်ရဲ့နောက်ကျောမှ တည်ငြိမ်စွာပြောလိုက်သည့် လေသံတစ်ခု ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။

ဇူယွမ်ကကို့ရို့ကားရားနိုင်စွာပြုံးလိုက်မိပြီး သူ့ရဲ့ခေါင်းကို လှည့်ကြည့်လိုက်မိသည့်အခါ ယောင်ယောင်တစ်ယောက် လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ မိန်းမငယ်လေးရဲ့လှပတဲ့ပုံစံလေးက အမြဲတမ်းနူးညံ့သိမ်မွေ့နေလျက်ရှိသလို အစိမ်းရောင်ဝတ်စုံကိုလည်း အမြဲတမ်းဝတ်ဆင်ထားပေသည်။

ယောင်ယောင်က ဇူယွမ်ကိုတည့်တည့်ကြည့်လိုက်ပြီး အလေးအနက်ထားကာပြောလိုက်သည်… “နင်က နောက်ပိုင်းမှာ ဒီနည်းလမ်းကိုအသုံးမပြုဖို့ ငါအကြံပေးချင်တယ်… နင့်ရဲ့စိတ်ဝိညာဉ်က ငွေရောင်အရိပ်ကို ထိန်းချုပ်နိုင်ဖို့ အားနည်းသေးတယ်… နင်ကဒါကို အတင်းအကျပ်လုပ်ဆောင်ခဲ့မယ်ဆိုရင် နင့်ရဲ့စိတ်ဝိညာဉ်က နောက်ဆုံးမှာပျက်စီးသွားရလိမ့်မယ်… အဲ့ဒီလိုအခြေအနေဖြစ်သွားခဲ့မယ်ဆိုရင် နင့်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားစေရလိမ့်မယ်…”

ဇူယွမ်အနေနဲ့ ယောင်ယောင်က ဒီစကားတွေကို သူ့အတွက်စိုးရိမ်၍ပြောနေခြင်းဖြစ်သည်ကို ကောင်းစွာသိပေသည်။ ထို့ကြောင့်ပင် သူကပြုံး၍ခါင်းညိတ်ပြလိုက်သည်… “မစိုးရိမ်ပါနဲ့… ဒီလိုလုပ်တာ နောက်ဆုံးအကြိမ်ဖြစ်စေရပါမယ်…”

ထို့အပြင် လွန်ခဲ့တဲ့တိုက်ပွဲက လွန်စွာမှပင်အရေးကြီးလှပေသည်။ အကယ်၍သူကသာ ငွေရောင်အရိပ်ရဲ့စွမ်းအားကို ငှါးယူပြီးအသုံးမပြုခဲ့ဘူးဆိုရင် ချီဘုရင်ရဲ့စစ်တပ်က သူတို့အပေါ် အလုံးစုံလွှမ်းမိုးခြယ်လှယ်သွားရပေလိမ့်မည်။ အဲ့ဒီလိုသာဖြစ်သွားခဲ့မယ်ဆိုရင် ပထမဆုံးပျက်စီးခြင်းနဲ့အဆုံးသတ်သွားရမှာက ဇူအင်ပါယာသာဖြစ်သွားရပေမည်။

ဒီလိုရလဒ်မျိုးက စိတ်ကူးကြည့်ရန်ပင်မဖြစ်နိုင်ပေ။ ၎င်းကတော်ဝင်ကလန်ကိုပင် အမြစ်ဖြတ်ချေမှုန်းခြင်း ခံရစေနိုင်ပေလိမ့်မည်။

ဇူယွမ်က ဒီလိုမျိုးဖြစ်သွားမှာကို ခွင့်ပြုပေးလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် သူ့ကိုယ်သူပြင်းပြင်းထန်ထန်ထိခိုက်နာကျင်စေနိုင်တာကို သိတာတောင်မှပင် ငွေရောင်အရိပ်ရဲ့စွမ်းအားကို အတင်းအကျပ်အသုံးပြုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သူကဇူအင်ပါယာရဲ့မင်းသားတစ်ပါးဖြစ်တဲ့အတွက် အချို့အကြောင်းအရာတွေကို သူကဝင်ရောက်ဖြေရှင်းပေးဖို့ လိုအပ်ပေသည်။

“ဒါကအရမ်းကြီးဆိုးရွားသွားတာတော့ မဟုတ်ပါဘူး… ဒါကြောင့်ပဲ ငါကချီစုဆောင်းမှုအလယ်အဆင့်ကို ရောက်ရှိသွားခဲ့ရတယ်…” ဇူယွမ်က ပြုံး၍ပြောလိုက်သည်။ သူကသူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်သလို နက်ရွှေရောင်မူလချီတွေက သူ့လက်ဖဝါးအလယ်မှ ထွက်ပေါ်လာသည်ကို မြင်တွေ့နိုင်သည်။ သေသေချာချာအနီးကပ်ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့မူလချီတွေထဲမှာ ထူးဆန်းတဲ့သွေးနီရောင်အမျှင်တန်းတွေ မြင်နိုင်ပေသည်။

“ချီစုဆောင်းမှုအလယ်အဆင့်… နင်က ဒီအဆင့်ကိုရောက်သွားတာနဲ့ မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်လိမ့်မယ်လို့ နင်ကထင်နေတာလား…” ယောင်ယောင်က ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။

ဇူယွမ်က အချိန်ခဏကြာအောင် တွေဝေသွားခဲ့ရပြီးနောက်မှာ သူ့ရဲ့ခေါင်းကိုခါယမ်းပြလိုက်သည်… “ငွေရောင်အရိပ်ရဲ့စွမ်းအားကို ငှါးပြီးအသုံးပြုတာက ငါ့ကိုမမျှော်မှန်းနိုင်လောက်အောင် စွမ်းအားမြင့်သွားစေခဲ့ရပေမဲ့ ဒီစွမ်းအားတွေက ငါ့ရဲ့ကိုယ်ပိုင်စွမ်းအားတွေမဟုတ်ဘူး… ဒါ့ကြောင့်မစိုးရိမ်ပါနဲ့… ဒီလိုပြင်ပစွမ်းအားတွေကိုမှီခိုပြီး ငါ့ကိုယ်ငါ လမ်းမှားတစ်ခုကို ရောက်သွားစေလိမ့်မှာမဟုတ်ပါဘူး…”

ဇူယွမ်က သူ့လက်ဖဝါးပေါ်ရှိ နက်ရွှေရောင်မူလချီတွေကို ဝှေ့ယမ်းလှုပ်ရှားလိုက်သကဲ့သို့ သူကပြုံးကာပြောလိုက်သည်… “ဒီအရာကသာလျှင် ငါပိုင်ဆိုင်ထားတဲ့အစစ်အမှန်စွမ်းအားပဲ… ဒါကအခုချိန်မှာ အရမ်းအားနည်းနေရပေမဲ့ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ဒါကအသန်မာဆုံးဖြစ်လာလိမ့်မယ်လို့ ငါယုံကြည်ထားတယ်…”

ယောင်ယောင်က ခေါင်းညိတ်ပြလိုက်သကဲ့သို့ သူမရဲ့လှပတဲ့မျက်နှာလေးထက်မှာလည်း ကျေနပ်တဲ့အရိပ်အယောင်တွေ ပေါ်ပေါက်လာခဲ့ရသည်။ ဇူယွမ်ရဲ့စိတ်သဘောထားနဲ့ပတ်သက်ပြီး သူမအနေနဲ့ လွန်စွာကျေနပ်မှုရှိရပေသည်။ သူ့ရဲ့နှလုံးသားကိုသာ တိမ်းစောင်းသွားစေခဲ့မယ်ဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းမှာ ကြီးမားတဲ့အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရပေလိမ့်မည်။

သူတို့နှစ်ယောက်က အချိန်တစ်ခုကြာအောင် စကားပြောဆိုနေကြစဉ်မှာ ယောင်ယောင်က ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားမိသည်… “နင်လည်းပြန်ပြီးသတိရလာပြီဆိုတော့ နင်က စုယုဝေဆီကို အလည်အပတ်သွားသင့်တယ်… သူမကလည်း အခက်အခဲအနည်းငယ်နဲ့ ကြုံတွေ့ခဲ့ရပုံပဲ…”

“ယုဝေလား… သူမကဘာဖြစ်ခဲ့တာလဲ… ဒါက အဲ့ဒီနေ့က သူမရဲ့တိုက်ခိုက်မှုအတွက် ပြန်ခံစားလိုက်ရတဲ့အကျိုးဆက်တွေလား…” ဇူယွမ်က အလျင်စလိုပင်မေးလိုက်သည်။ စုယုဝေက လင်းနင်ကို ဓားတစ်ချက်တည်းနဲ့သတ်ပြစ်နိုင်ဖို့အတွက် ဘာမှန်းမသိတဲ့စွမ်းအားတစ်ခုကို ငှါးယူအသုံးပြုခဲ့သည်ကို သူသိပေသည်။ သိသာစွာပင် ထိုစွမ်းအားက စုယုဝေရဲ့ကိုယ်ပိုင်စွမ်းအားမဟုတ်ပေ။

“သူမရဲ့အဲ့ဒီတိုက်ခိုက်မှုက သူမခန္ဓာကိုယ်ထဲက ယန်မင်ဓားရဲ့စွမ်းအားကို ငှါးပြီးအသုံးပြုခဲ့တာပဲ… အဲ့ဒါကြောင့်သူမကလည်း ရက်ပေါင်းတော်တော်ကြာ သတိလစ်နေခဲ့ရပြီးတော့ လွန်ခဲ့တဲ့ရက်ပိုင်းကမှ ပြန်ပြီးသတိရလာခဲ့ရတယ်… တခြားဘာမှကြီးကြီးမားမားတော့ ဖြစ်မသွားခဲ့ဘူး…” ယောင်ယောင်က ရှင်းပြလိုက်သည်။

ဇူယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်မှာ စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်… “ဒါဆို သူတွေ့ကြုံခဲ့ရတဲ့အခက်အခဲကဘာလဲ…”

ယောင်ယောင်က ထန်ထန်ကို ခပ်ဖွဖွပုတ်လိုက်ပြီးပြောသည်… “အဲ့ဒါတော့ နင်ကိုယ်တိုင်သွားကြည့်လိုက်ပေါ့…”

ဇူယွမ်တစ်ယောက် အနည်းငယ်တွေဝေသွားခဲ့ရပြီးနောက်မှာ ခေါင်းညိတ်ပြလိုက်သည်။ သူ့အနေနဲ့လည်း ဇူအင်ပါယာအတွက် သူမကကြီးစွာအထောက်အကူပြုထားပေးခဲ့သည့်အတွက် သူမထံအလည်အပတ်သွားရောက်ပြီး ကျေးဇူးတင်စကားဆိုဖို့ စီစဉ်ထားလေသည်။

ထိုအတွေးတွေသူ့စိတ်ထဲမှာ ထွက်ပေါ်လာခဲ့ရသည့်အခါ ဇူယွမ်ကနောက်ထပ်နှောင့်နှေးကြန့်ကြာနေခြင်းမရှိခဲ့တော့ပေ။ သူကယောင်ယောင့်ကို နှုတ်ဆက်စကားဆိုလိုက်ပြီး တော်ဝင်နန်းတော်မှ ထွက်ခွာလာခဲ့ကာ စုယုဝေရဲ့အိမ်တည်ရှိရာ မြို့တော်တောင်ဘက်ပိုင်းသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

မြို့တော်တောင်ဘက်ပိုင်း… ရှင်းလင်းနေသည့် ခြံဝင်းတစ်ခု၏အပြင်ဘက်တွင်…

ဇူယွမ်က ခြံဝင်းတံခါးကိုခေါက်လိုက်ပြီး အချိန်အနည်းငယ်ကြာစောင့်ဆိုင်းနေခဲ့ရပြီးနောက်မှာ လျင်မြန်စွာလျှောက်လှမ်းလာသည့် ခြေသံတွေကို ကြားလိုက်ရသည်။ ခြံဝင်းတံခါးပွင့်သွားခဲ့ရသည့်အခိုက်မှာ တောက်ပပြီးလှပတဲ့မျက်လုံးတစ်စုံရှိနေကာ ဒေါသထွက်ခြင်းအလျဉ်းမရှိဘဲ ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေရသည့် မျက်နှာလှလှလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းက စုယုဝေပင်ဖြစ်သည်။

သူမက တံခါးအပြင်ဘက်မှာရပ်နေသည့်ဇူယွမ်ကို မြင်လိုက်ရသည့်အခါ ပထမတော့အံ့အားသင့်သွားခဲ့ရပေမဲ့ ချက်ချင်းဆိုသလိုပင် သူမရဲ့မျက်လုံးတွေထဲမှာ ပျော်ရွှင်မှုတွေနဲ့ အံ့အားသင့်သွားရမှုတို့ လျင်မြန်စွာစီးဆင်းသွားခဲ့၏။

“မင်းသားလေး… နင်သတိရလာပြီလား…”

ဇူယွမ်ကပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ စုယုဝေရဲ့ ဖျတ်လတ်တက်ကြွပြီး ခွန်အားတွေပြန်လည်ပြည့်ဝနေသည့်ပုံစံကို မြင်လိုက်ရတဲ့အခါ ဇူယွမ်က စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းတစ်ချက်ချလိုက်ကာ ပြောလိုက်သည်… “အစ်မကြီးယောင်ယောင်ပြောတာ နင်ကအခက်အခဲအနည်းငယ်နဲ့ ကြုံတွေ့ရခဲ့တယ်ဆို…”

“တကယ်လို့ နင့်ကိုဘယ်သူမဆို စိတ်အနှောင့်အယှက်ပေးခဲ့ရင် ငါ့ကိုသာပြောလိုက်… ဇူအင်ပါယာမှာ ငါမဖြေရှင်းနိုင်တဲ့ ပြဿနာဆိုတာမရှိသေးဘူး…” ဇူယွမ်က သူ့ရဲ့ရင်ဘတ်ကိုပုတ်ပြလိုက်ပြီး ပြုံး၍ပြောလိုက်သည်။

ဇူယွမ်ရဲ့စကားကိုကြားလိုက်ရသည့်အခါ စုယုဝေက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူထင်မှတ်မထားသည့် စကားကိုပြောလိုက်သည်… “မင်းသားလေးက ဒါကိုကူညီနိုင်ခြင်းမရှိမှာကို ငါစိုးရိမ်မိတယ်…”

ဇူယွမ်က သူ့ရဲ့ခေါင်းကိုကုတ်လိုက်မိသလို မစဉ်းစားတတ်တော့အောင်ဖြစ်သွားခဲ့ရသည်။ လက်ရှိဇူအင်ပါယာထဲမှာ ဘယ်သူကမှ တော်ဝင်ကလန်ကို ရူးမိုက်စွာဖြင့် အပြစ်ကျူးလွန်ရဲကြလိမ့်မည်မဟုတ်ပေ။

“အထဲကို အရင်ဝင်ပါဦးမင်းသားလေး…” ခပ်ဖွဖွရယ်သံတစ်ခု စုယုဝေရဲ့နီထွေးထွေးနှုတ်ခမ်းလေးထံမှ ထွက်ပေါ်လာခဲ့ပြီး သူမကတံခါးဖွင့်ပေးလိုက်သလို ဇူယွမ်အားခြံဝင်းအတွင်းသို့ ဝင်စေလိုက်သည်။ ထို့နောက်မှာ သူမကဦးဆောင်ပြီး ကျောက်ခင်းထားတဲ့လမ်းလေးတစ်လျှောက်ဖြတ်သန်းလာခဲ့ကြကာ ခြံဝင်းရဲ့အနောက်ဘက်သို့ ဝင်ရောက်သွားခဲ့ကြသည်။

ခြံဝင်းရဲ့အနောက်ဘက်မှာ ကျောမှီထိုင်ခုံနှစ်ခုရှိနေပြီး အဘိုးအိုနှစ်ယောက်က သက်တောင့်သက်သာရှိစွာဖြင့် လဲလျောင်းနေလျက်ရှိကြသည်။

အဘိုးအိုနှစ်ယောက်ထဲမှ တစ်ယောက်က စုယုဝေရဲ့အဖိုးဖြစ်ပြီး ဇူယွမ်နဲ့လည်း လွန်စွာမှပင်ရင်းနှီးမှုရှိပေသည်။ သူ့ကိုမြင်လိုက်ရသည့်အခါ အဘိုးအိုက နူးညံ့ကြင်နာစွာပြုံးပြနှုတ်ဆက်လာသည့်အတွက် ဇူယွမ်ကလည်း ပြန်၍ပြုံးပြနှုတ်ဆက်လိုက်မိသည်။ ထို့နောက်မှာ ဇူယွမ်ရဲ့အကြည့်က မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသည့် အခြားအဘိုးအိုတစ်ယောက်ထံသို့ ကျရောက်သွားခဲ့ရသည်။

ထိုအဘိုးအိုရဲ့ပတ်လည်မှာ မူလချီလှုပ်ရှားမှုအနည်းငယ်လေးမျှပင် မတွေ့ရပေမဲ့ ထိုအဘိုးအိုကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာ ဇူယွမ်ရဲ့စိတ်ဝိညာဉ်ထံမှ နာကျင်မှုလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့ရဲ့စိတ်ဝိညာဉ်က တုန်ခါလာသည့်အတွက် ဇူယွမ်တစ်ယောက် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

ဒါကိုကြည့်ခြင်းအားဖြင့် သာမန်လူတစ်ယောက်လို့သာ ထင်ရသည့်ထိုအဘိုးအိုက သာမန်လူတစ်ယောက်မဟုတ်သည်မှာ ထင်ရှားလှပေသည်။

အံ့အားသင့်တုန်လှုပ်မှုနဲ့ ထိတ်လန့်ကြောက်ရွံ့မှုတို့က ဇူယွမ်ရဲ့နှလုံးသားထဲမှာ ပြည့်နှက်သွားခဲ့ရသည်။ ဒီလိုမျိုးစွမ်းအားမြင့်လှသည့် ကျင့်ကြံသူတစ်ယောက်က ဇူအင်ပါယာအတွင်းမှာ ဘယ်တုန်းကတည်းက ထွက်ပေါ်လာခဲ့ရတာလဲ။ သူ့ရဲ့ထင်မြင်ချက်အရဆိုရင် သူ့အဖေဇူချင်တောင်မှ ဒီမီးခိုးရောင်ဝတ်စုံနဲ့အဘိုးအိုကို ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။

ဇူယွမ်ရဲ့အမူအယာက တည်ကြည်လေးနက်သွားခဲ့စဉ်မှာ မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက သူ့ရဲ့ခေါင်းကိုဖြည်းညှင်းစွာမော့လိုက်သလို သူ့ရဲ့မှုန်ဝါးနေတဲ့မျက်လုံးတွေက ဇူယွမ်ကိုစိုက်ကြည့်လိုက်ပြီးနောက်မှာ သူကစုယုဝေဘက်ကို လှည့်သွားခဲ့ပြီး ပျင်းရိလေးပင်စွာအကြောတစ်ချက်ဆန့်လိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်ရင်းမှ ပြောလိုက်သည်။

“မိန်းကလေး… မင်းက ဒီအဘိုးကြီးနဲ့အတူထွက်မသွားချင်တာ ဒီကောင်လေးကြောင့်လား…”

Comment

Leave a Reply

Options

not work with dark mode
Reset