Switch Mode

အခန်း ( ၄၅ )

နတ်ဘုရားဘွဲ့စစ်ပွဲကြီးအတွက် အနည်းငယ်ပြင်ဆင်ခြင်း

တုနတ်ဝိဇ္ဇာဂိုဏ်းသို့ အပြန်ခရီးတွင် လီချန်ရှို့ တွေးမိသည်။

‘ ငါ ရက်နည်းနည်းပဲ ထွက်လာတာဆိုတော့ တောင်မှာ ဘာမှမဖြစ်လောက်ဘူး မလား ’
သူ၏ဆရာသည် အခြားတောင်များတွင် လက်ဖက်ရည်သောက်နေဆဲပင် ဖြစ်ရမည်။ သူ၏ ဆရာတူညီမလေးကိုလည်း အခန်းအောင်း၍ ကျင့်ကြံရန် မှာထားခဲ့ပြီးဖြစ်သည်။

အဆိုးဆုံး အခြေအနေမှာ တစ်စုံတစ်ယောက်သည် ချုံတောင်လေးသို့ ရောက်လာပြီး ဆေးဖော်ဆောင်ပတ်လည်ရှိ မန္တန်အစီအရင်ထဲတွင် ပိတ်မိနေနိုင်ခြင်းသာ ဖြစ်၏။ ထောင်ချောက်မန္တန်အစီအရင်များနှင့် ဝင်္ကပါများသည် ခန္ဓာကိုယ်အား မထိခိုက်စေနိုင်သော်လည်း ထိုထဲတွင် အကြာကြီးပိတ်မိနေပါက စိတ်ဓာတ်ပျက်ပြားသွားပြီး ကိုယ်တွင်းမိစ္ဆာဖြစ်ပေါ်လာရန် အလားအလာများလေသည်။

သို့သော် ယခင်တစ်ခေါက်က ဆရာဦးလေးကျိုးဝူတစ်ယောက် ရူးမလိုဖြစ်သွားကတည်းက လီချန်ရှို့သည် ဝင်္ကပါမန္တန်အစီအရင်များကို အနည်းငယ်ပြောင်းလဲခဲ့သည်။

သူသည် ဧည့်လမ်းကြောင်းတစ်ခု ထားပေးခဲ့၏။

အကယ်၍ သူခိုးတစ်ယောက်သာ မန္တန်အစီအရင်အတွင်း ပိတ်မိခဲ့လျှင် သူတို့ကို ရူးသွားအောင်ပြု၍ နှုတ်ပိတ်လိုက်မည်ဖြစ်သည်။

သို့သော် ဂိုဏ်းတွင် တောင်ကာမန္တန်အစီအရင်ရှိနေရာ အဘယ်မှာ သူခိုးဝင်နိုင်မည်နည်း။

သာမန်အခြေအနေတွင် မန္တန်အစီအရင်အတွင်းသို့ ဝင်လာနိုင်သောသူများမှာ ကိစ္စတစ်ခုခုကြောင့်လာသော ဂိုဏ်းသားများပင်ဖြစ်နိုင်၏။ ထိုသူများကို ရူးသွားအောင်လုပ်ကာ သတ်ပစ်ရန် အဘယ်သို့ သင့်တော်ပေမည်နည်း။

ထို့ကြောင့် လီချန်ရှို့သည် လမ်းဆုံးတစ်ခုတွင် ဧည့်ဆိုင်းဘုတ်များထောင်၍ သက်တောင့်သက်သာရှိသော နေရာတစ်ခုသို့ သွားစေကာ ထိုဝင်လာသူကို စိတ်တည်ငြိမ်စေခြင်းဖြစ်သည်။

ထိုနည်းဖြင့် ဝင်လာသူသည် နေရာအနှံ့လျှောက်သွားကာ ကိုးရိုးကားရားဖြစ်မည့် ဘေးမှ ကာကွယ်နိုင်ပေသည်။ နောင်အချိန်ရလျှင် အခြားအရာများကိုလည်း ထပ်၍ဖြည့်နိုင်သေး၏။

ထို့ပြင် အတုမဲ့နတ်ဝိဇ္ဇာတစ်ပါး မတော်တဆဝင်ရောက်လာမိပြီး အတင်းဖောက်ထွက်ရန်ကြိုးစားပါက သတ်ဖြတ်မန္တန်အစီအရင်များကို နှိုးမိသလို ဖြစ်သွားနိုင်၏။

ကျူးကျော်ဝင်ရောက်လာသူ သေလျှင်သေ၊ ဒဏ်ရာရလျှင်ရ သူ့အလုပ် မဟုတ်ပေ။ ဂိုဏ်းသည် သတ်ဖြတ်မန္တန်အစီအရင်များကို ဂိုဏ်းအတွင်း၌ တားမြစ်ထားရာ ထိုအရာများအကြောင်းသိသွားလျှင် သူ့အတွက် ပြဿနာတက်မည် စိုး၍သာ ဖြစ်သည်။

မန္တန်အစီအရင်၏ အပေါ်ယံအလုပ်သည် ဆေးဖော်ဆောင်အနားသို့ အခြားလူများ မလာနိုင်ရန်သာဖြစ်၏။ မန္တန်အစီအရင်အတွင်းရှိ ဧည့်လမ်းကြောင်းသည် ထိုပြဿနာများကို ဖြေရှင်းပေးနိုင်လေသည်။

ထိုအရာသည် လီချန်ရှို့တစ်ယောက် သေချာစဉ်းစားဆင်ခြင်ပြီးနောက် ပြုလုပ်ခဲ့သော မဖြစ်မနေလိုအပ်သည့်အရာဖြစ်သည်။

ထို့ပြင် သူသည် သူ့ဆရာ၏နာမည်ကိုသုံး၍ သစ်သားဆိုင်းဘုတ်ပေါ်ရှိ လက်ရေးကိုပင် ဆရာ၏လက်‌ရေးအား တုပ၍‌ရေးထားလေသည်။

သူသည်ချုံတောင်လေးရှိ သာမန်တပည့်တစ်ယောက်သာဖြစ်၍ သူ၏ဆရာသည် တောင်သခင်ပင် မဟုတ်ပါလား။

‘ နောက်ဆုံးတော့ ငါပြန်ရောက်တော့မယ် ’
လီချန်ရှို့သည် အဝေးရှိတောင်များကို ကြည့်လိုက်ပြီး ရှေ့ဆက်လုပ်မည့် အစီအစဉ်များကို ဆွဲလိုက်သည်။

ပြန်ရောက်လျှင် သူ၏ကျင့်ကြံခြင်းအဆင့်ကိုဆက်၍ မတက်စေရန် အချိန်တစ်ခုအထိ ဖိနှိပ်ထားပြီး သမာဓိမီးတောက်အတတ်ကို လေ့ကျင့်ပေမည်။

ဤအောက်အဆင့်လေးများတွင် လီချန်ရှို့သည် သဘာဝအတိုင်းအဆင့်တက်မှုကို နောက်နှစ်နှစ်ခန့် ထပ်မံ၍ ဖိနှိပ်ထားနိုင်သေး၏။

နှစ်နှစ်ဆိုသောအချိန်သည် သူ့အတွက် သမာဓိမီးတောက်အတတ်ကို ပဏာမအဆင့်သာ ကျင့်နိုင်ဦးမည်ဖြစ်သည်။

သူသည် ကောင်းကင်ပြစ်ဒဏ်ခံယူရန် တောင်မှ နောက်တစ်ကြိမ်သာထွက်ရန် လိုတော့လေ၏။

သို့သော် ဆေးဖော်ဆောင်နှင့် ၎င်း၏ပတ်ဝန်းကျင်ရှိ မန္တန်အစီအရင်များအကြောင်းကို သူ့ဆရာအား မည်သို့ရှင်းပြရမည်နည်း။ ထိုမန္တန်အစီအရင်မျာကို မည်သို့ဆင်ထားသနည်းဟု သူ၏ဆရာကမေးလျှင် ဝှက်ဖဲတချို့အား ဖော်ပြလိုက်သင့်သလော။

လီချန်ရှို့သည် သူ၏ဆရာကို ယုံကြည်၏။ သို့သော် သူ့ဆရာ မူးမူးနှင့် ထုတ်ပြောမိမည်ကိုကား ကြောက်ရသည်။

ထိုအရာများကို တွေးမပူသင့်ပေ။ သူ၏ဆရာနှင့် ဆရာတူညီမလေးသည် သူနှင့် အရင်းနှီးဆုံးသူများဖြစ်သည်။ သူတို့အား မျှမျှတတဆက်ဆံသင့်သည်။

လီချန်ရှို့သည် ပြန်ရောက်လျှင် သူ့အကြောင်းများကို ဆရာတူညီမသိသလောက် သူ၏ဆရာလည်း သိအောင်ပြောပြရပေမည်။

ဂိုဏ်း၏ တောင်များအနီးသို့ရောက်လာသောအခါ ညလေညင်းလေးသည် တမျိုးတဖုံနွေးထွေးလာလေ၏။

***

လီချန်ရှို့ တုနတ်ဝိဇ္ဇာဂိုဏ်းသို့ပြန်ရောက်ချိန်တွင် လရောင်ထိန်၍ ကြယ်ရောင်တောက်သော သန်းခေါင်ချိန်ပင် ရှိပြီဖြစ်သည်။ ခရီးစဉ်တွင်ပါသူ အားလုံးသည် ပိုင်ဖန်ခန်းမရှေ့တွင် လမ်းခွဲလိုက်ကြပြီး လီချန်ရှို့သည်လည်း ဆရာဒေါ်လေးကျိုးကျိုးကို နှုတ်ဆက်ကာ တိမ်ဖြူတစ်အုပ်ကိုစီး၍ ချုံတောင်လေးထံသို့ ပျံသန်းသွားလိုက်သည်။

ယုံချင်ရွှမ်းယာသည် လီချန်ရှို့ကို စကားနည်းနည်းပြောချင်နေပုံရ၏။ သို့သော် သူမမြေပေါ်သို့ရောက်ရောက်ချင်း ဆရာဦးလေးအချို့သည် သူမကို ပိုင်ဖန်ခန်းမအတွင်းသို့ သွားခိုင်းလိုက်ရာ ထွက်လာရန် အခွင့်အရေးမရတော့ချေ။

လီချန်ရှို့သည် မည်သူမှ သတိမထားမိအောင် တိမ်စီး၍ ထွက်သွားခဲ့၏။ ခရီးသွားဖော်များသည် ကိုယ့်အကြောင်းနှင့်ကိုယ် ပျော်ခဲ့ကြရသလို သူသည်လည်း ပြီးခဲ့သောရက်ပိုင်းတွင် ကောင်းကျိုးများရခဲ့သည်။

သို့သော် အရှေ့သမုဒ္ဒရာသို့ သွားရသည့် ခရီးအကြောင်းပြန်စဉ်းစားမိသောအခါ လီချန်ရှို့၏ မျက်နှာထားသည် မှုတ်ကုတ်သွားလေ၏။

နဂါးမင်းသားသည် ထိုနေ့က သူ့အား အဘယ်ကြောင့်ရွေးချယ်ခဲ့ကြောင်း သူ သေချာမသိသေးပေ။

နောင်တွင် အောင်းရိနှင့် မတော်တဆဆုံခဲ့သော် ဝေးဝေးကသာရှောင်ရန် လီချန်ရှို့ဆုံးဖြတ်လိုက်သည်။

ချုံတောင်လေးသည် တိတ်ဆိတ်နေ၏။ သူ၏ဆရာနှင့် ညီမလေးသည် သူတို့၏တဲအတွင်း၌ မရှိကြောင်း လီချန်ရှို့ အဝေးမှနေ၍ အာရုံခံမိလိုက်သည်။ သူသည် မန္တန်အစီအရင်အား စိတ်အာရုံသုံး၍ အာရုံခံကြည့်လိုက်ရာ သူတို့သည် မန္တန်အစီအရင်အစွန်းပိုင်းတွင် ပိတ်မိနေကြကြောင်း သိရှိလိုက်၏။

အဘယ်ကြောင့် သူတို့သည် မန္တန်အစီအရင်ထဲ အတူတကွပိတ်မိနေရသနည်း။

သူ၏ဆရာသည် အမြဲလိုလို အခန်းအောင်းကျင့်ကြံနေခဲ့ရာ ထိုမန္တန်အစီအရင်များ အကြောင်းမသိချေ။ သို့သော် လန်လင်းအယ်သည် သူ မန္တန်အစီအရင်များဆင်နေသည်ကိုပင် ကြည့်ခဲ့သေးလေသည်။ အဘယ်ကြောင့် အတူတူပိတ်မိနေရသနည်း။

ထိုအထဲတွင် ရှုခင်းလှသည်ဟုထင်၍ လက်ဖက်ရည်သောက်ရင်း ကြယ်ကြည့်ရန် အတူတူဝင်သွားခဲ့ခြင်းပေလော။

လီချန်ရှို့ တိမ်စီး၍ပင်သွားလိုက်သည်။ ထိုနှစ်ယောက်အား ထုတ်ပေးရန် အလျင်မလိုပေ။ ရှေးဦးစွာ မန္တန်အစီအရင်ကို အတွင်းအပြင်အနှံ့ စစ်ဆေးရပေမည်။ မန္တန်အစီအရင်များကို ထိန်းချုပ်သည့် ကျောက်စိမ်းပြားကို အပြင်တွင်ချန်ခဲ့ကြောင်း သူ အာရုံခံမိ၏။

လေပြေတစ်ချက်တိုက်ခတ်သွားရာ သစ်တောအတွင်းတွင် မြူခိုးဖြူများ ရှင်းသွားသည်။ အုံ့ဆိုင်းနေသော သစ်တောသည် အနည်းငယ် လင်းသွားလေ၏။

လန်လင်းအယ် ရုတ်ခြည်းပင် ဝမ်းသာသွားသည်။
“ ဆရာ… အစ်ကိုကြီးပြန်ရောက်လာပြီ… ”

ချီယွမ်သည် ရှေ့သို့ကိုင်းလိုက်ပြီး ထရန်ပြင်လိုက်သော်လည်း တစ်စုံတစ်ခုအား အမှတ်ရသွားသဖြင့် သေချာပြန်ထိုင်လိုက်သည်။ ထို့နောက် ပုံမှန်မျက်နှာထားအတိုင်းထားကာ ဖုန်တစ်ဆုပ်ကောက်ယူလိုက်သည်။
“ အဟမ်း… လီချန်ရှို့ … ကောင်စုတ်လေး…တယ်တော်နေတယ်ပေါ့လေ။ မင်းရဲ့ အပြစ်ကို လာမခံယူသေးဘူးလား ”

လီချန်ရှို့သည် ကောင်းကင်တွင်ပျံနေရင်း မျက်‌တောင်ခတ်ကာ တစ်ခုခုမူမမှန်ကြောင်း အာရုံခံမိလိုက်သည်။

မြေပေါ်သို့ ရောက်ရောက်ချင်းပင် သူ၏ဆရာသည် သူ့အား မြင်းမြီးနှင်တံဖြင့်ရိုက်လေတော့သည်။

မြေနတ်ဝိဇ္ဇာအဖြစ်သို့‌ ရောက်ရှိပြီးနောက် ချီယွမ်၏ အားအင်များသည် ပို၍တိုးလာ၏။ မြင်းမြီးနှင်တံမှ မျက်စိတစ်မှိတ်အတွင်း ပိုက်ကွန်အဖြူတစ်ခု ထွက်သွားလေသည်။ လီချန်ရှို့သာ အရိုက်မခံလျှင် သူ ရိုက်နိုင်မည် မဟုတ်ကြောင်း သိ၏။

လီချန်ရှို့တစ်ယောက် ပိုက်ကွန်ဖြူ၏ အောက်တွင် ပိတ်မိသွားသည်။

လန်လင်းအယ်သည် သူမ၏သားကောင်အား ကျားပျိုမလေးတစ်ကောင်နှယ် ခုန်အုပ်လိုက်ပြီး မြေပေါ်သို့ လှဲပစ်လိုက်သည်။

သစ်တောအတွင်း နာကျင်စွာအော်ဟစ်သံများနှင့် ရယ်သံများ ပျံ့လွင့်နေ၏။

သို့သော် အစ်ကိုကြီးအား ပညာပေးမှုသည် သူမ ထင်ထားသလောက် မပြင်းထန်ချေ။

အစ်ကိုကြီးသည် ပြန်မခုခံသည့်အပြင် ဆရာသည်လည်းရပ်၍သာ ကြည့်နေသဖြင့် သူမ မည်သို့စလုပ်ရမည်မှန်း မသိဖြစ်သွားသည်။

သူမသည် ဆရာတူညီမသာ ဖြစ်သည်။ ဆရာကစ၍ ဦးမဆောင်လျှင် သူမ၏ အစ်ကိုကြီးအား အမှန်တကယ်မရိုက်ရဲချေ။

ခေါင်းမော့ကြည့်လိုက်ရာ အစ်ကိုကြီးသည် သတိပေးဟန် အကြည့်ဖြင့် သူမအား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

‘ ဟာ ’
သူမ တုန်လှုပ်သွားသည်။ သူမသည် လက်သီးဆုပ်ကလေးဖြင့် ပြင်းပြင်းထန်ထန် ထုနှက်ပစ်ရန် ဟန်ပြင်နေခြင်းပင်။ သို့သော် ထိုအကြည့်ကို တွေ့လိုက်ရသောအခါ သူမ၏ဆရာ အကြိမ်ကြိမ်ရိုက်ထားသဖြင့် ယောင်နေသော နေရာပေါ်သို့သာ နူးနူးညံ့ညံ့ပွတ်ပေးလိုက်ရလေသည်။

“ အင်း… လင်းအယ် အတော်ကို အရွယ်ရောက်လာပြီပဲ ”
လီချန်ရှို့သည် အသက်ရှူချောင်သွားသော်လည်း စိတ်မအေးနိုင်သေးပေ။ သူသည် သူမကို လေးလေးနက်နက် ဆုံးမလိုက်၏။
“ မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းရမယ်။ ခဏတာ စိတ်ပါသွားတာနဲ့ ဝါသနာပါတာက တခြားစီပဲ။ အစ်ကို ညီမကို နားလည်မပေးနိုင်တာ မဟုတ်ပါဘူး။ ညီမလေးလည်း အဲဒီလိုအရွယ်ကို ရောက်လာပြီပဲ။ ဒါပေမဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ အဲဒီလိုစိတ်ကို ထိန်းချုပ်ရမယ်။ မထိန်းနိုင်လို့ ကိုယ်တွင်းမိစ္ဆာပေါ်လာရင် ဘယ်လိုလုပ်မလဲ… အစ်ကိုပြောတာ ဟုတ်တယ်မလား ”

“ မဟုတ်ဘူးလေ…ညီမက… ”
လန်လင်းအယ်သည် ရုတ်ခြည်း ရှက်သွေးဖြန်းသွားပြီး သူမ၏ဆရာကို အကူအညီတောင်းသည့် ဟန်ဖြင့်ကြည့်လိုက်သည်။ သူမ၏ ဆရာသည် သူမအား မျက်မှောင်ကြုတ်ကာ ကြည့်နေလေ၏။ သူသည် တစ်ခုခုပြောချင်သော်လည်း ချီတုံချတုံဖြစ်ကာ အိုးတိုးအန်းတန်းဖြစ်နေသည်။
“ ခုနက ညီမက … အကျင့်ပုတ်တဲ့ အစ်ကိုကြီး… ညီမလေးကို အနိုင်ကျင့်နေတယ် ”

“ လူကြီးလူကောင်းဆိုတာ စကားနဲ့ပြောမနေဘူး။ လက်တွေ့လုပ်တယ်။ အစ်ကိုကြီးက ဘာလို့ဒီလောက် အကျင့်ပုတ်ရတာလဲ ”

“ ဟမ်… ငါတော့ မင်းကို နိုင်အောင်မပြောနိုင်တော့ဘူးဟေ့ ”

“ ဆရာ… ဆရာသာ သူ့ကို သေချာမဆုံးမဘူးဆိုရင် နောက်ကျ သူဘယ်လို လက်ထပ်နိုင်မှာလဲ ”

“ အစ်ကို့အပူမပါ ပါဘူး။ ညီမက ချုံတောင်‌လေးမှာပဲ သေတဲ့အထိနေမှာ ”

ချီယွမ်သည် လှည့်၍ပြန်ရန်ပင် ပြင်နေပေပြီ။ သူသည် ပြုံးကာ သူ၏တဲရှိရာသို့ လျှောက်သွားလိုက်လေသည်။

မကြာမီ လီချန်ရှို့သည် သစ်တောအတွင်းမှ နေ၍ အဝတ်အစားဖရိုဖရဲ၊ ခေါင်းတွင်လည်း သစ်ရွက်ခြောက်များအပြည့်ဖြင့် ပြန်ထွက်လာ၏။ သူသည် လက်မောင်းရှိ သွားကိုက်ရာကို ကြည့်လိုက်ပြီး ရယ်ရမလို ငိုရမလိုဖြစ်သွားသည်။

သူ၏ ဆရာတူညီမသည် ယုန်နှစ်တွင်မွေးသည်မှာ သေချာလေပြီ။

သူ့နောက်မှလိုက်လာသော လန်လင်းအယ်သည် မျက်နှာရဲရဲဖြင့် ကောင်းကင်သို့မော့ကြည့်ကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေ၏။

တဲ‌အနားသို့ ရောက်သောအခါ ချီယွမ်သည် သူ့တို့၏ နားအတွင်းသို့ အသံပို့လွှတ်လိုက်သည်။
“ မြေနတ်ဝိဇ္ဇာ တာအိုကျင့်စဉ်တွေကို နားလည်ဖို့ ဆရာ အခန်းအောင်းကျင့်လိုက်ဦးမယ်။ ချန်ရှို့ ချုံတောင်လေးက ကိစ္စအဝဝကို မင်းကို တာဝန်ပေးလိုက်မယ်။ ဆွေးနွေးစရာရှိရင် ဆရာ့ကို အချိန်မရွေးလာပြောနိုင်တယ် ”

“ လင်းအယ်… မင်းရဲ့ စကားအပြောဆိုတွေ အပြုအမူတွေကိုလည်း ထိန်းချုပ်ပါ။ မင်းရဲ့ အစ်ကိုကြီးကိုလည်း လေးစားရမယ် ”

လန်လင်းအယ်သည် ခြင်သံလေးကဲ့သို့ ခပ်တိုးတိုးပြန်ဖြေလိုက်သည်။
“ ဟုတ်… ဟုတ်ကဲ့ပါ ဆရာ… ”

ထို့နောက် ချီယွမ်၏ တဲအိမ်ပတ်လည်ရှိ မန္တန်အစီအရင်သည် ပွင့်သွားကာ ပြင်ပလောကနှင့် စည်းခြားလိုက်လေတော့သည်။

လီချန်ရှို့သည် နောက်လှည့်၍ သူမအားကြည့်လိုက်သည်။
“ ညီမလေး ဆရာ့ကိုပြောလိုက်တာလား ”

လန်လင်းအယ် ရုတ်ချည်းပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်သွား၏။
“ အဲ…အဲဒါ..က နည်း..နည်းနည်း..ပါပဲ… ”

“ နည်းနည်းလား…များများလား ”

“ တကယ်ကို နည်းနည်းပဲပြောလိုက်တာပါ ”

လီချန်ရှို့သည် ခပ်တည်တည်ပင် ပြောလိုက်သည်။
“ တဲထဲဝင်လိုက် ”

လန်လင်းအယ် အနည်းငယ် တုန်လှုပ်သွားပြီး မျက်နှာလေးညှိုးသွားကာ ချက်ချင်းပင် ငိုမဲ့မဲ့မျက်နှာထားသို့ ပြောင်းလိုက်သည်။ ထို့နောက် သူမသည် သူမ၏တဲအတွင်းသို့ ဝင်သွားလိုက်ပြီး ဒူးထောက်ကာ ခေါင်းငုံ့၍ ငိုနေဟန်ဆောင်လိုက်၏။

လီချန်ရှို့သည် တဲအပြင်ရှိ မန္တန်အစီအရင်ကို နှိုးလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ ဆရာ့ကို ညီမဘာတွေပြောလိုက်လဲဆိုတာ အစ်ကို့ကိုပြော ”

“ အစ်ကိုကြီး… ညီမကို ဆရာက အတင်းပြောခိုင်းလို့ပါ… ”

လီချန်ရှို့ စိတ်ပျက်သွားသည်။ အကယ်၍ တစ်ယောက်ယောက်သာ ထိုစကားကို ကြားခဲ့လျှင် ချုံတောင်လေးတွင် နှိပ်စက်မှုများရှိသည်ဟုပင် ထင်သွားလိမ့်ပေမည်။

သူ့ဆရာ အငြိမ်းစားယူမည့်အစီအစဉ်တွင် ဆရာ့အတွက် ဇနီးတစ်ယောက်ပါ ထည့်ပေးသင့်သလော။

ထိုအချက်ကို သူ ထည့်တွက်ရပေမည်။

ဆရာတူညီမလေး ဆရာ့အား သူ့အကြောင်း ပြောလိုက်သည်ကို သူ သိပ်၍ အရေးမထားပေ။

သူမ သိသည်မှာလည်း အနည်းငယ်သာဖြစ်၏။

လန်လင်းအယ်၏ အကျင့်စရိုက်ကို သူသိသဖြင့် ဖြစ်ပွားခဲ့သော အကြောင်းအရာကို အကြမ်းဖျင်း ခန့်မှန်းပြီးသားဖြစ်သည်။

***

ညနက်ချိန်တွင် ဆေးဖော်ဆောင်ဘေးရှိ မန္တန်အစီအရင်များသည် အသက်ဝင်နေလေ၏။ လီချန်ရှို့တစ်ယောက် ဆေးပေါင်းဖိုကိုသုံးကာ ပုံမှန်အတိုင်း ဆေးလုံးဖော်စပ်နေလေသည်။ သူသည် ထိုနေရာတွင် စက္ကူအရုပ်များကို အစောင့်အဖြစ်ထားခဲ့ပြီး မြေအောက်ခန်းသို့ သွားလိုက်သည်။

အရာအားလုံး အဆင်ပြေချောမွေ့နေ၏။

လီချန်ရှို့သည် ကျောက်စိမ်းပြားသုံးပြားကို ထုတ်လိုက်သည်။ ထိုအထဲမှ လျှပ်စီးမန္တန်နှင့် စိတ်တည်ငြိမ်သုတ္တန်ကို ဘေးဖယ်ကာ သမာဓိမီးတောက် မန္တန်ကိုသာ ခေါင်းထဲဆွဲသွားအောင် မှတ်လိုက်ပြီး အတွေးထဲတွင် နစ်မြောသွားလေတော့သည်။

နတ်ဘုရားဘွဲ့စစ်ပွဲကြီး …

ထိုစစ်ပွဲအတွင်း တာ့လော်နတ်မင်းအဆင့်သို့တက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့သော် ထိုစစ်ပွဲကြီးဖြစ်ရန် အချိန်များစွာလိုသေးပေသည်။

ကျောင်းတော်သုံးကျောင်းလက်အောက်မှဖြစ်သော တုနတ်ဝိဇ္ဇာဂိုဏ်းသည် ထိုနတ်ဘုရားဘွဲ့စစ်ပွဲတွင် ဝင်ရောက်ပါဝင်ဖို့ များလေသည်။

နတ်ဘုရားဘွဲ့စစ်ပွဲသည် တောင်ကျွန်း သာမန်လူသားလောကမှ ကျိုးပြည်ရှိ ဧကရာဇ်ဝူသည် ရှန်းပြည်ရှိ ဆိုးသွမ်းသော ဧကရာဇ်ရှန်းကို နန်းချခဲ့စဥ်ကအတိုင်း မဟုတ်ပေ။ ထိုစစ်ပွဲတွင် လောကသုံးပါးစလုံး ပါဝင်ကာ ကျောင်းတော်သုံးကျောင်းမှ တပည့်များလည်း ပါဝင်ခဲ့လေသည်။

ယခုကာလတွင် အလယ်ကျွန်းသည် တဖြည်းဖြည်းကြွယ်ဝ၍ လာပြီဖြစ်သည်။ သို့သော် အချိန်တန်သောအခါတွင် ထိုကျွန်းသည် စစ်ပွဲအကြားတွင် ပျက်ဆီးသွားမည် ဖြစ်၏။ အရှေ့ကျွန်းမှ နတ်ဝိဇ္ဇာဂိုဏ်းများသည်လည်း စစ်ပွဲဒဏ်ကို ခံစားရပေမည်။

သို့သော် လီချန်ရှို့သည် ထိုစစ်ပွဲကို ရှောင်လိုစိတ် မရှိချေ။

သူ အလိုရှိသည်မှာ ရိုးရှင်း၏။ စစ်ပွဲမစခင် အနိုင်ရမည့်ဘက်သို့ ခိုလှုံလိုခြင်းပင်။

နတ်ဘုရားဘွဲ့စစ်ပွဲသည် ကောင်းကင်ဘုံရှိ ကျောက်စိမ်းဧကရာဇ်က ကောင်းကင်နှင့် မြေကြီးကို အုပ်စိုးရန်ပြုခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ကျောက်စိမ်းဧကရာဇ်ဟောင်ထျန်းသည် ကျောင်းတော်သုံးကျောင်းမှ ကျင့်ကြံသူများသည် ရိုင်းစိုင်းကာ ကောင်းကင်ဘုံခုံရုံး၏ စည်းကမ်းကို မလိုက်နာကြောင်း တာအိုဘိုးဘိုးကြီးကို တိုင်ကြားခဲ့၏။ သူ၏ လောကသုံးပါးကို အုပ်စိုးသူဆိုသော ဂုဏ်ပုဒ်သည် အမည်ခံသက်သက်သာဖြစ်ကြောင်း၊ သူသည် သိက္ခာရှိရှိ မနေရသောကြောင့် ကြင်ယာတော် ရှီဝမ်းမူ၏ရှေ့မှာပင် ခေါင်းမော့၍ မနေရဲဘဲ ယောက်ျားသိက္ခာကျရကြောင်း ပြောကြားခဲ့သည်။

အဟမ်း… ထိုမျှတော့ မပြောနိုင်။

နတ်ဘုရားဘွဲ့စစ်ပွဲ၏ ရလာဒ်အရ ကျောင်းတော်သုံးကျောင်းမှ ကျင့်ကြံသူများသည် ကောင်းကင်ဘုံခုံရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ တန်ခိုးရှင်သုံးပါးသည် ကျောင်းတော်သုံးကျောင်းဘက်မှ မလိုက်တော့ဘဲ လောကသုံးပါးကို စီမံအုပ်ချုပ်ရန် ကောင်းကင်ခုံရုံးများကို အခြေခိုင်အောင် လုပ်ပေးခဲ့ကြ၏။

ထို့ကြောင့် လီချန်ရှို့သည် စစ်ပွဲမစမီ ကောင်းကင်ဘုံခုံရုံးများသို့ ကြိုတင်ဝင်ရောက်ကာ ရာထူးငယ်တစ်ခုမျှ ယူထားနိုင်လျှင် စစ်ပွဲအတွင်း၌ အကြီးအကဲတစ်ဦး ဖြစ်လာပေလိမ့်မည်။ သူ၏ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို ဖုံးကွယ်ကာ ရာထူးအသေးတစ်ခုယူထားရုံဖြင့် နတ်စာရင်းတွင် သူ့အမည်ပါသွားမည် ဖြစ်သည်။

နတ်ဘုရားဘွဲ့စစ်ပွဲပြီးသွားသောအခါ သူ့အမည်သည် နတ်စာရင်းတွင် ရှိထားပြီး ဖြစ်သဖြင့် သူသည် ထပ်၍ ပြဿနာမကြုံနိုင်တော့ပေ။ ထိုစစ်ပွဲ၏ ဆိုးကျိုးများသည် သူ့အပေါ် မသက်ရောက်နိုင်တော့ပေ။

နတ်စာရင်းဝင်ပြီးသူတစ်ယောက်ကို ထပ်မံ၍ နတ်ဘုရားဘွဲ့ပေးမည် မဟုတ်ချေ။ ထိုသို့ပေးလျှင်လည်း အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။

နတ်ဘုရားဘွဲ့ အပ်နှင်းခံရသော သူများ ကောင်းကင်ဘုံခုံရုံးများသို့ ရောက်လာသောအခါ ထိုခုံရုံးများတွင် ပါရမီရှင်များ ခြေချင်းလိမ်နေပေလိမ့်မည်။ သူသည် ထိုအခွင့်အရေးကို ဆုပ်ကိုင်၍ လွယ်လင့်တကူ အငြိမ်းစားယူနိုင်ပေမည်။ သူသည် ကောင်းကင်ဘုံခုံရုံးတွင် ဝါကြီးသူ အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်ပြီး ချုံတောင်လေးသို့ပြန်ကာ အေးအေးလူလူ ဆက်၍ ကျင့်ကြံနိုင်မည်ဖြစ်သည်။

ထိုအရာသည် သူ အလိုရှိသောအရာပင်။

လီချန်ရှို့သည် လက်ချောင်းကလေးများဖြင့် ခုံကိုခေါက်ကာ အစီအစဉ်တိတိကျကျ ဆွဲလိုက်သည်။

ကျောက်စိမ်းဧကရာဇ်က တာအိုဘိုးဘိုးကြီးအား တိုင်တန်းမှုမပြုရသေးခင် သူ၏နာမည်သည် ကောင်းကင်ဘုံခုံရုံးရှိ နတ်စာရင်းတွင် ဝင်နေရပေမည်။ ထို့အတွက် အချိန်များစွာ ရှိပေသေး၏။ သူ၏ဆရာကို မြေစောင့်နတ်အဖြစ် တာဝန်ထမ်း‌ဆောင်ခိုင်းရမည်မှာ အရေးကြီးဆုံး အဆင့် ဖြစ်သည်။ သူ၏ဆရာသာ မြေစောင့်နတ်ဖြစ်သွားလျှင် အစီအစဉ်သည် များစွာ လွယ်ကူချောမွေ့သွားပေမည်။

သူ၏ဆရာ သဘောတူ မတူကိုမူ လီချန်ရှို့တစ်ချက် စောင့်ကြည့်ရမည်။

သူ စောင့်ရှောက်ရမည့် မြေနေရာသည် သေးငယ်နိုင်သော်လည်း မြေစောင့်နတ်ဟူသော ဂုဏ်ပုဒ်နှင့် အာဏာအနည်းငယ်ရနိုင်ပေသေးသည်။

မြေစောင့်နတ်သည် ဇနီးမယားတစ်ယောက်ပင် ရနိုင်သေး၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset