စာစဉ်(၈) အပိုင်း(၁၁၀)

စစ်ပွဲပြီးဆုံးခြင်း

ပင်မဂိတ်တံခါးအပြင်ဘက်၌ ဇူချင်ကလေထဲမှာရပ်နေလျက်ရှိသလို သူ့လက်ထဲရှိ မီးလျှံကိုးမျိုးလှံပေါ်တွင်လည်း မီးလျှံတွေလောင်ကျွမ်းနေကာ လျှပ်စီးတွေခုန်ပေါက်လှုပ်ရှားနေလျက်ရှိသည်။ သူ့ရဲ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့်ဖိအားတွေက ကမ္ဘာမြေကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားစေနိုင်လောက်သည့် မုန်တိုင်းတစ်ခုအလားပင်။

များစွာသောလူတွေက ဇူချင်ကိုကြည့်နေကြသကဲ့သို့ သူ့ရဲ့ပုံစံက ဇူအင်ပါယာအထွတ်အထိပ်ရောက်ခဲ့စဉ်ကာလတုန်းကလို ဘုရင်တစ်ပါးရဲ့အရှိန်အဝါအငွေ့အသက်တွေကို မြင်နေရသည်ဟုပင် ထင်မိကြရသည်။

“မင်းကြီးဇူချင်…”

“မင်းကြီးဇူချင်…”

လူတိုင်းရဲ့နားစည်ကွဲထွက်သွားစေတော့မတတ် ကျယ်လောင်တဲ့အော်ဟစ်အားပေးသံတွေက မြို့ရိုးအထက်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။

ဇူချင်ရဲ့တောင်ကြီးတစ်လုံးအလား မားမားမတ်မတ်ရပ်တည်နေတဲ့ပုံစံကို ကြည့်လိုက်ရင်း ဇူယွမ်ရဲ့မျက်လုံးထဲမှာ အပျော်တွေစီးဆင်းသွားခဲ့ရသည်။ သူ့အဖေရဲ့နှလုံးသားထဲက အရိပ်ဆိုးကြီးကလွင့်ပါးပျောက်ကွယ်သွားခဲ့ရပြီး သူ့ရဲ့စွမ်းအားတွေတဖြည်းဖြည်းပြန်လည်မြင့်တက်လာရတော့မည်ဖြစ်သည့်အတွက် ဇူယွမ်တစ်ယောက် အမှန်တကယ်ကို ပျော်ရွှင်မိရပေသည်။

“အဖေ… အဖေက ဝူဘုရင်ကို မရှုံးနိမ့်ခဲ့ပါဘူး… အဖေအရာရာတိုင်းကိုပေးဆပ်ပြီး ကာကွယ်ပေးခဲ့ရတဲ့ကလေးက အခုကြီးပြင်းလာခဲ့ရပြီ…”

“ပြန်ဆုတ်ကြ…”

“မြန်မြန်ပြန်ဆုတ်ကြ…”

ဇူအင်ပါယာရဲ့စိတ်ဓာတ်က မိုးထိတိုင်အောင်မြင့်တက်သွားခဲ့ရစဉ်မှာ ချီအိမ်တော်ရဲ့စိတ်ဓာတ်က အလုံးစုံပျက်ပြားသွားခဲ့ရပြီဖြစ်သည်။ ချီယန်တောင်မှပင် သူ့ရဲ့မျက်နှာထက်မှာ ထိတ်လန့်ကြောက်ရွံ့မှုတို့ဖုံးလွှမ်းနေခဲ့ရကာ သူ့ရဲ့စစ်သည်တွေကို အလျင်အမြန်ပြန်ဆုတ်ဖို့ အော်ဟစ်အမိန့်ပေးလိုက်သည်။

ပြန်လည်ဆုတ်ခွာဖို့ အမိန့်ပေးလိုက်ပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ ချီယန်တစ်ယောက် လွတ်မြောက်နိုင်ဖို့မျှော်လင့်ချက်ဖြင့် သူကအရင်ဆုံးအဝေးကို ထွက်ပြေးသွားခဲ့သည်။

ဇောင်ရှန်းလွန်တို့သုံးယောက်ကလည်း ထိတ်လန့်ကြောက်ရွံ့စွာဖြင့်ပင် အလျင်အမြန်ပြန်ဆုတ်သွားကြသည်။ ဇူချင်ရဲ့လက်ရှိခွန်အားက မူလစဦးအဆင့် အဆင့် ၅ကိုရောက်ရှိနေခဲ့ရပြီဖြစ်ကာ သူတို့တွေဘယ်သူမှ ဇူချင်ရဲ့ပြိုင်ဘက်ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

“သူတို့ကို တားထားကြ… မင်းတို့တွေက လာဖို့ဆုံးဖြတ်လိုက်ခဲ့ပြီးကတည်းက ပြန်ထွက်သွားဖို့ကို စဉ်းတောင်စဉ်းစားမနေသင့်ဘူး…” သူတို့တွေအားလုံး လွတ်မြောက်နိုင်ဖို့ထွက်ပြေးသွားကြသည်ကို မြင်လိုက်ရတဲ့အခါ ဇူယွမ်ရဲ့မျက်လုံးတွေကအေးစက်သွားခဲ့ပြီး အမိန့်ပေးလိုက်သည်။

ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့က ခေါင်းညိတ်ပြလိုက်ပြီးနောက်မှာ ချက်ချင်းဆိုသလိုပင် လှုပ်ရှားလိုက်ကြသည်။

လေထဲမှာရှိနေသည့် ဇူချင်က ထွက်ပြေးသွားသည့်ချီယန်ရဲ့ပုံရိပ်ကို အေးစက်စွာကြည့်လိုက်သကဲ့သို့ သူ့လက်ထဲရှိ မီးလျှံကိုးမျိုးလှံကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။

“လွန်ခဲ့တဲ့နှစ်တွေအတွင်း ဇူအင်ပါယာမြို့တော်ထဲမှာ မင်းစိတ်ကြိုက်ပြုမူနေတာကို ငါခွင့်ပြုပေးခဲ့မိတယ်… ဒီနေ့တော့ အဲ့ဒီအမှားတွေအားလုံးကို ငါကိုယ်တိုင်ဆေးကြောသန့်စင်ပြစ်မယ်…” ဇူချင်က ထူးမခြားနားစွာဖြင့်ပြောလိုက်သည်။

ပြင်းထန်တဲ့အနီရောင်မူလချီတွေက သူ့ခန္ဓာကိုယ်ပတ်လည်မှ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရသကဲ့သို့ မိုးခြိမ်းသံခပ်သဲ့သဲ့ကလည်း ပဲ့တင်ရိုက်ခတ်ကာထွက်ပေါ်လာခဲ့ရကာ ခန့်ညားထည်ဝါသည့်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဝှစ်…

ဇူချင်က ရှေ့ကိုခြေတစ်လှမ်းတက်လိုက်သလို သူ့ရဲ့ခန္ဓာကိုယ်ကလည်း အနီရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားခဲ့ပြီး ထွက်ပြေးနေသည့် ချီယန်ထံသို့ဦးတည်ကာ တိုးဝင်သွားခဲ့သည်။

ဒီအခြင်းအရာကို ခံစားမိလိုက်ရသည့်အခါ ချီယန်ရဲ့အမူအယာက ထိတ်လန့်ကြောက်ရွံ့မှုကြောင့် အလွန်အမင်းပျက်ယွင်းသွားခဲ့ရသည်။ ထို့နောက်မှာ သူကအနည်းငယ်မျှပင် တုန့်ဆိုင်းမနေရဲခဲ့တော့ဘဲ သူ့ရဲ့မူလချီတွေကို အကန့်အသတ်ထိရောက်အောင် ထုတ်ဖော်ကာ ထိတ်ထိတ်ပျာပျာဖြင့် ထွက်ပြေးသွားခဲ့သည်။

သို့ပေမဲ့လည်း လက်ရှိဇူချင်ရဲ့ခွန်အားက အရင်ကထက်များစွာမြင့်တက်နေခဲ့ရပြီဖြစ်ကာ မူလစဦးအဆင့် အဆင့် ၃မှာသာရှိနေသည့် ချီယန်အပေါ် အလွယ်တကူပင် ဖိနှိပ်နိုင်စွမ်းရှိပေသည်။ ထို့ကြောင့်ပင် အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်မှာ ဇူချင်ရဲ့ပုံရိပ်က ချီယန်ရဲ့နောက်မှာ ပေါ်ထွက်လာခဲ့ရသည်။

ဇူချင်က အမူအယာကင်းမဲ့စွာဖြင့်ပင် သူ့လက်ထဲမှာကိုင်ဆောင်ထားသည့် မီးလျှံကိုးမျိုးလှံတံက မီးလျှံနဲ့လျှပ်စီးတွေလှည့်ပတ်နေသည့် နဂါးတစ်ကောင်အလား ပတ်ဝန်းကျင်ရှိလေထုကို ဆုတ်ဖြဲသွားခဲ့ကာ ချီယန်ထံထိုးသွင်းခဲ့လိုက်သည်။

ဒီပြင်းထန်ရက်စက်တဲ့တိုက်ခိုက်မှုက ချီယန်ကို အကြောက်တရားတို့ဖြင့် ပြည့်နှက်သွားစေခဲ့သည်။ ထိုအခိုက်အတန့်မှာ ချီယန်ရဲ့လက်ထဲရှိဓားပေါ်မှ မှော်စာလုံးအလင်းရောင်တွေတောက်ပလာခဲ့ရသလို သူ့ရဲ့မူလချီတွေကိုလည်း ဓားထဲသို့စီးဝင်သွားစေလိုက်သည်။

ရွှစ်…

ချီယန်က သူ့ရဲ့ဓားနဲ့ရှေ့ကိုဆောင့်ထိုးလိုက်သည်။ ဒီတိုက်ခိုက်မှုထဲမှာ သူ့ရဲ့မူလချီအားလုံးကို ထည့်သွင်းထားခဲ့သည့်အတွက် ၎င်းကနှိုင်းဆမရလောက်အောင် ပြင်းထန်လို့နေရပေသည်။

ထန်း…

သို့ပေမဲ့လည်း လှံရှည်ရဲ့ထိပ်ဖျားက ဓားနဲ့ထိမိသွားခဲ့စဉ်မှာ လျှပ်စီးတွေပေါက်ကွဲထွက်ပေါ်လာခဲ့ရသကဲ့သို့ မယုံကြည်နိုင်စရာကောင်းလောက်သည့်စွမ်းအားတစ်ခု တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရသည်။

ဘန်း…

လေဟာနယ်က ခုတ်ပိုင်းခြင်းခံလိုက်ရသည့်အလား အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ရသည်။ ချီယန်တစ်ယောက် သနားစရာကောင်းလောက်အောင် အော်ဟစ်လိုက်မိပြီး သူ့လက်ထဲရှိ အနက်ရောင်အဆင့်မူလလက်နက်ကလည်း တစ်စစီဖြစ်သွားခဲ့ရသည်။

ထို့နောက်မှာ သူကထိတ်လန့်ကြောက်ရွံ့စွာဖြင့်ပင် လျင်မြန်စွာအော်ပြောလိုက်သည်… “ငါအရှုံးပေးပါပြီ အရှင်မင်းကြီး… ငါအရှုံးပေးပါပြီ…”

ကံမကောင်းစွာဖြင့်ပင် သူပြန်ရရှိခဲ့တဲ့တစ်ခုတည်းသောတုန့်ပြန်မှုက ဇူချင်ရဲ့လှံတံမှ ထွက်ပေါ်လာခဲ့သည့် သေစေနိုင်လောက်တဲ့ထိုးနှက်တိုက်ခိုက်မှုသာဖြစ်သည်။ ထို့နောက်မှာ ပြင်းထန်တဲ့မီးလျှံလျှပ်စီးချီတွေက ချီယန်ရဲ့ခန္ဓာကိုယ်ထဲကို အရူးအမူးစီးဝင်သွားခဲ့ရပြီး အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်မှာ ချီယန်ရဲ့ခန္ဓာကိုယ်အတွင်းရှိ အရာအားလုံးကို လောင်ကျွမ်းသွားစေခဲ့သည်။

ထိုအခိုက်အတန့်မှာ ချီယန်ရဲ့မျက်နှာပေါ်ရှိ ကြောက်ရွံ့ထိတ်လန့်မှုတွေက တင်းမားခက်ထန်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။ သူ့ရဲ့ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်နေသည့် လှံတံကိုဆုပ်ကိုင်လိုက်ပြီး ဇူချင်ကိုစိုက်ကြည့်လျက် ရေရွတ်လိုက်သည်… “ဇူချင်… ဝူဘုရင်က မင်းကိုဒီအတိုင်းလွှတ်ထားပေးမှာမဟုတ်ဘူး…”

ဇူချင်ရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ သူ့ရဲ့လှံကိုဆတ်ခနဲလှုပ်ရှားလိုက်မှုနဲ့အတူ ချီယန်ရဲ့ခန္ဓာကိုယ်က ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့ရသလို တစ်ခါတည်းပင်အသက်ပျောက်သွားခဲ့ရသည်။

“ချီဘုရင်သေသွားပြီ… အညံ့မခံတဲ့ ဘယ်သူ့ကိုမဆို သတ်ကြ…” ဇူချင်ရဲ့အေးစက်တဲ့လေသံက မိုးခြိမ်းသံအလား ကွင်းပြင်တစ်ခုလုံးကိုဖြတ်၍ ထွက်ပေါ်လာခဲ့သည်။

မူလကထွက်ပြေးလွတ်မြောက်နိုင်ဖို့ ကြိုးစားနေကြသည့် ချီအိမ်တော်စစ်သည်တွေက ချီဘုရင်သေဆုံးသွားပြီဆိုတဲ့စကားကို ကြားလိုက်ရသည့်အခါ သူတို့ရဲ့စိတ်ဓာတ်တွေက အောက်ဆုံးအထိထိုးကျသွားခဲ့သည်။ များစွာသောစွမ်းအားမြင့်ကျင့်ကြံသူတွေက သူတို့ရဲ့လက်နက်တွေနဲ့ ချပ်ဝတ်တွေကိုစွန့်လွှတ်ပြီး ဒူးထောက်ကာအညံ့ခံလိုက်ကြသလို စစ်မြေပြင်တစ်ခုလုံးက ချက်ချင်းဆိုသလို ရှုပ်ထွေးသွားခဲ့ရသည်။

မူလစဦးအဆင့်ကျင့်ကြံသူတွေဖြစ်ကြသည့် ဇောင်ရှန်းလွန်တို့သုံးယောက်ကလည်း ဇူယွမ်၊ ထန်ထန်၊ ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့ရဲ့ ဝိုင်းရံခြင်းကိုခံထားရကာ သူတို့သုံးယောက်စလုံးရဲ့အခြေအနေက အစောပိုင်းကထက်စာရင် များစွာဆိုးရွားလို့နေရပေသည်။

ဇောင်ရှန်းလွန်က ဇူယွမ်တို့ရဲ့တိုက်ခိုက်မှုကို ရှောင်တိမ်းနေလျက်မှပင် ဒေါသတကြီးအော်ဟစ်လိုက်သည်… “ဇူချင်… မင်းကဒါကို အတင်းအကျပ်မလုပ်ရင်ကောင်းမယ်… မင်းကသာငါတို့ကို သတ်ခဲ့မယ်ဆိုရင် ဝူဘုရင်က မင်းကိုဒီအတိုင်းလွှတ်ထားပေးလိမ့်မှာမဟုတ်ဘူး…”

“တကယ်လို့ငါက မင်းတို့ကိုမသတ်ဘူးဆိုရင်တောင်မှပဲ ဝူဘုရင်ဖြစ်ဖြစ် ငါကဖြစ်ဖြစ် ဒီကိစ္စကို ဒီအတိုင်းပြီးဆုံးသွားစေလိမ့်မှာမဟုတ်ဘူး…” ဇူချင်က အေးစက်စွာရယ်မောလိုက်ကာ ပြန်ပြောသည်။ ထို့နောက်မှာ သူ့လက်ထဲရှိ မီးလျှံကိုးမျိုးလှံကို လှည့်ပတ်လိုက်ပြီး သူပါဝင်ရောက်တိုက်ခိုက်လိုက်သည်။ ဇူချင်ပါဝင်ရောက်တိုက်ခိုက်လာသည့်အတွက် အချိန်အနည်းငယ်ကြာ တိုက်ခိုက်ပြီးသည့်နောက်မှာ ဇောင်ရှန်းလွန်တို့သုံးယောက်စလုံး လျင်မြန်စွာပင်ရှုံးနိမ်သွားခဲ့ရကာ အသတ်ခံလိုက်ကြရသည်။

မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်က တစ်ယောက်ပြီးတစ်ယောက်လဲကျသွားခဲ့ရသလို သူတို့အောက်ဘက်ရှိမြေပြင်ပေါ်တွင်လည်း သွေးတွေအိုင်ထွန်းသွားခဲ့ရသည်။ ချီအိမ်တော်စစ်တပ်ရှိ စွမ်းအားမြင့်ကျင့်ကြံသူတွေအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ကြသလို အများစုက မြေပြင်ပေါ်တွင် ဒူးထောက်အညံ့ခံလိုက်ကြကာ အနည်းငယ်မျှသောလှုပ်ရှားမှုလေးကိုပင် မပြုလုပ်ရဲကြခဲ့ပေ။

နန်းတော်အစောင့်အရှောက်တွေကလည်း မြို့တော်အတွင်းမှ ထွက်ပေါ်လာခဲ့ကြပြီး စစ်မြေပြင်တစ်ခုလုံးကို အလျင်အမြန်ပင် ထိန်းချုပ်ထားလိုက်ကြသည်။

ထိုအခိုက်အတန့်မှာပင် ချီအိမ်တော်ရဲ့ပုန်ကန်မှုက အလုံးစုံအဆုံးသတ်သွားခဲ့ရပေသည်။

မြို့တော်အတွင်းရှိ အိမ်တော်တွေကလည်း ဒီအခြင်းအရာကို မြင်လိုက်ရသည့်အခါ သူတို့အားလုံးထံမှ ကမ္ဘာကြီးတစ်ခုလုံးလှုပ်ခါသွားစေနိုင်လောက်သည့် အော်ဟစ်အားပေးသံတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့ကြသည်။

“အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်…”

“မင်းသားလေးကို ဂုဏ်ပြုပါတယ်…”

အော်ဟစ်အားပေးသံတွေ ကောင်းကင်ကိုဖုံးလွှမ်းသွားတော့မတတ် ထွက်ပေါ်လာခဲ့စဉ်မှာ ဇူချင်ကမြို့ရိုးအထက်သို့ ဆင်းသက်လာခဲ့ပြီး မီးလျှံကိုးမျိုးလှံကို သူ့လက်ထဲမှာဆုပ်ကိုင်ထားလျက်ရှိသလို သူ့ရဲ့မျက်နှာထက်မှာလည်း အပြုံးတစ်ခုထွက်ပေါ်လာခဲ့ရသည်။ ထိုအခိုက်မှာ သူ့ရဲ့မျက်နှာထက်တွင် အချိန်များစွာကြာအောင် တည်ရှိနေခဲ့ရသည့် စိတ်ပျက်အားငယ်မှုတွေအားလုံး လွင့်ပါးပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။

ဒီတိုက်ပွဲပြီးသွားခဲ့ပြီးနောက်မှာ ဇူအင်ပါယာဘုရင်ရဲ့ အရှိန်အဝါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အခြေအနေမျိုးကို ပြန်လည်ရောက်ရှိသွားခဲ့ရသည်။

“ဂုဏ်ယူပါတယ်အဖေ… အဖေ့ရဲ့ရင်ထဲမှာ လွှမ်းမိုးထားတဲ့အရိပ်ဆိုးကြီးကို ချေဖျက်နိုင်ခဲ့ပြီးတော့ အဖေ့ရဲ့စွမ်းအားတွေလည်း ပြန်လည်မြင့်တက်လာခဲ့ရပြီ…” ငွေရောင်ချပ်ဝတ်နဲ့ ဇူယွမ်သည်လည်း မြို့ရိုးအထက်သို့ဆင်းသက်လာခဲ့ကာ ဇူချင်ကိုပြုံး၍ပြောလိုက်သည်။

“ယွမ်အာ… ဒီတစ်ကြိမ်တော့ အဖေသားကို အမှန်တကယ်ပဲကျေးဇူးတင်မိတယ်…” ဇူချင်က သက်ပြင်းချကာပြောလိုက်သည်။ အကယ်၍ဇူယွမ်ကြောင့်သာမဟုတ်လျင် ချီယန်က အင်ပါယာအမိန့်တော်ကို အသုံးပြုစရာမလိုဘဲနဲ့တောင် အနိုင်ရလဒ်ကို ရရှိသွားရပေလိမ့်မည်ဖြစ်သည်။

ဒါ့အပြင် သူကိုယ်တိုင်ကလည်း သူ့ရဲ့နှလုံးသားထဲမှာ ဖုံးလွှမ်းနေခဲ့ရသည့် အရိပ်ဆိုးကြီးထံမှ ဖျက်စီးလွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။

ဇူယွမ်က ပြုံးပြလိုက်ပြီးနောက်မှာ ချီယန်နဲ့ကျန်တဲ့သူတွေရဲ့အလောင်းတွေကို ကြည့်လိုက်ပြီး… “ကျွန်တော်တို့တွေက ချီဘုရင်ရဲ့ပုန်ကန်မှုကို နှိမ်နှင်းနိုင်ခဲ့တယ်ဆိုပေမဲ့လည်း ဒီသတင်းတွေက ဝူဘုရင်ရဲ့နားထဲကို သေချာပေါက်ရောက်ရှိသွားရလိမ့်မယ်…”

သူ့ရဲ့မျက်လုံးတွေထဲမှာ အနည်းငယ်မျှသော လေးနက်မှုတို့ဖြစ်ပေါ်လာခဲ့ရသည်။ ချီယန်တို့လူစုကို တိုက်ခိုက်ရာမှာ အခက်အခဲတွေရှိခဲ့ရပေမဲ့လည်း သူတို့တွေက ဒီပြဿနာကို ကောင်းစွာဖြေရှင်းနိုင်ခဲ့ကြသည်။ သူတို့ထက်စာလျှင် ဝူအင်ပါယာဆိုတာက ဇူအင်ပါယာရဲ့နှလုံးသားအပေါ် ဖိနှိပ်ထားသည့် ကြီးမားတဲ့တောင်ကြီးတစ်လုံးနဲ့တူကာ သူတို့အတွက် လွန်စွာအန္တရာယ်များလှသည့် ဖြစ်တည်မှုတစ်ခုပင်ဖြစ်သည်။

လက်ရှိဝူအင်ပါယာဆိုသည်က သူတို့ရဲ့တောက်ပတဲ့အချိန်ကာလတစ်ခုကိုရောက်ရှိနေသလို သူတို့ထံမှာ များစွာသောစွမ်းအားမြင့်ကျင့်ကြံသူတွေလည်းရှိနေသည်။ သူတို့နဲ့ယှဉ်လိုက်ရင် ဇူအင်ပါယာက များစွာအားနည်းမှုရှိပေသည်။

“ဝူအင်ပါယာက လက်ရှိအချိန်မှာ ဓားအင်ပါယာလို ထိပ်တန်းအဆင့်မှာရှိနေတဲ့ အင်ပါယာတွေနဲ့ စစ်ပွဲရင်ဆိုင်နေရတဲ့အတွက် သူတို့တွေမှာ အဖေတို့နဲ့ပတ်သက်ပြီး စိုးရိမ်နေဖို့အချိန်မရှိသေးဘူး… အဖေကလည်း စွမ်းအားတွေပြန်ရလာပြီဖြစ်တဲ့အတွက် သူတို့ရဲ့မပြောပလောက်တဲ့လှည့်စားမှုလေးတွေက အဖေတို့အပေါ် အကျိုးသက်ရောက်မှုရှိနိုင်လိမ့်မှာမဟုတ်တော့ဘူး…” ဇူချင်က ဖြည်းညှင်းစွာပြောလိုက်သည်။

“ဒါပေမဲ့လည်း သူတို့မှာအဖေတို့နဲ့ ရင်ဆိုင်ဖို့အချိန်ရှိလာခဲ့မယ်ဆိုရင် သူတို့တွေက ဇူအင်ပါယာကို သေစေနိုင်လောက်တဲ့ထိုးနှက်မှုတွေ ပြုလုပ်နိုင်ဖို့ကြိုးစားလာကြမှာကိုတော့ အဖေစိုးရိမ်နေမိတယ်…”

ဇူယွမ်က ခေါင်းညိတ်လိုက်မိသည်။ ထို့နောက်မှာ သူကရယ်မောလိုက်ပြီးမှ ပြောလိုက်သည်… “ကြည့်ရတာ ကျွန်တော်တို့မှာ အချိန်အနည်းငယ်တော့ ရှိနေသေးပုံပဲ…”

ခလွပ်…

ရုတ်တရက် သူကတိုးညှင်းတဲ့ကွဲအက်သံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံက သူ့ရဲ့လက်ချောင်းမှာ ဝတ်ဆင်ထားသည့်ငွေရောင်လက်စွပ်ထံမှ ထွက်ပေါ်လာသည်ကို မြင်လိုက်ရတဲ့အခါ သူ့ရဲ့မျက်လုံးတွေကျဉ်းမြောင်းသွားခဲ့ရသည်။

“ငါကစွမ်းအားတွေကို အလွန်အကျွံအသုံးပြုခဲ့မိတဲ့အတွက် မူလအသုံးအဆောင်ပစ္စည်းတောင်မှ ပျက်စီးသွားခဲ့ရပြီ…”

ဇူယွမ်က ခါးခါးသီးသီးတစ်ချက် ရယ်မောလိုက်မိသည်။ သူ့ရဲ့စိတ်ဝိညာဉ်က တဖြည်းဖြည်းနဲ့စတင်ပြီး အားပျော့လာသကဲ့သို့ အလွန်အမင်းနာကျင်မှုကိုလည်း ခံစားလိုက်ရသည်။ ဒီအရာက ငွေရောင်အရိပ်ကိုအသုံးပြုနိုင်ဖို့ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားတွေကို အတင်းအကျပ်ထုတ်ဖော်အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်ဖြစ်သည်ကို သူသိပေသည်။

“အဖေ… ကျွန်တော်က အဖေ့အတွက် အနှောင့်အယှက်အဟန့်အတားတွေကို ရှင်းလင်းပေးနိုင်ခဲ့ပြီးပြီ…”

ဇူယွမ်ရဲ့ခန္ဓာကိုယ်ပေါ်မှ ငွေရောင်ချပ်ဝတ်က စတင်ပြီးအရည်ပျော်လာခဲ့ရသလို ငွေရောင်အရည်တွေအဖြစ်ပြောင်းလဲသွားခဲ့ပြီး ဇူယွမ်ရဲ့ခန္ဓာကိုယ်က ပြန်လည်ထွက်ပေါ်လာခဲ့ရသည်။ သူ့ရဲ့အသားအရေက ထိတ်လန့်စရာကောင်းလောက်အောင် ဖြူဖျော့နေရသလို သူ့မျက်ခုံးနှစ်ခုကြားနေရာ၌လည်း လွန်စွာမှိန်ဖျော့လို့နေရပေသည်။

“ယွမ်အာ ဘာဖြစ်တာလဲ…” ဇူယွမ်ရဲ့ပုံစံကြောင့် ဇူချင်တစ်ယောက် အထိတ်တလန့်ဖြစ်သွားခဲ့ရသည်။

ဇူယွမ်တစ်ယောက် စကားပြန်ပြောနိုင်ဖို့ပင် အင်အားမရှိတော့ချေ။ သူ့ရဲ့မျက်ခွံတွေက တဖြည်းဖြည်းမှိတ်ကျသွားခဲ့ပြီး သူ့ရဲ့မြင်ကွင်းတစ်ခုလုံး အမှောင်ထုထဲနစ်မြှုပ်သွားခဲ့ရကာ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့လဲပြိုသွားခဲ့ရသည်။

ဇူယွမ်က သူ့ရဲ့ရင်ထဲမှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိပြီး တီးတိုးရေရွတ်လိုက်မိသည်။

“ငါကတော်တော်လေးကို အားနည်းနေသေးတာပဲ…”


Comment

Leave a Reply

Options

not work with dark mode
Reset