အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ညနေချိန်အား နီးကပ်လာပြီ ဖြစ်သည်။ ဖန်းဟွာစင်မြင့်အား ဝန်းရံထားသည့် မရေမတွက် နိုင်သော လူများအား မြင်ရသည်။ သူတို့အားလုံးက ဖန်းဟွာပြိုင်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်။ မကြာမီ ဖန်းဟွာပွဲတော်၏ အကြီးအရေးဆုံး အချိန်အခါကို ရောက်ရှိတော့မည် ဖြစ်သည်။ ဧကရာဇ်က ဖန်းဟွာအဆင့်အား ကိုယ်တိုင် ရွေးချယ်တော့မည် ဖြစ်၏။ လူတိုင်းက သည်အချိန်အခါကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
အရှင်လေး ရီဝူချင်းကား ဓားပညာဖြင့် ထိပ်ဆုံးထဲမှ ထိပ်ဆုံးဟု သတ်မှတ်၍ ရသည်။ ကန်ယီကျောင်းတော်မှ ကျောက်ချင်းဖန်က သူ့စွမ်းရည်များအား တစ်ပွဲပြီး တစ်ပွဲ သက်သေပြခဲ့သည်။ သူတို့နှစ်ယောက်လုံးမှာ ဓမ္မအဆင့်နှစ် တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့နှစ်ယောက်၏တိုက်ပွဲမှာ မည်မျှ ကောင်းမွန်လိုက်မည်နည်း။
ဝမ်မိသားစု၏သား ဝမ်ယူမှာ ကန်ယီနိုင်ငံ၏ နံပါတ်တစ်အလှမယ် လင်းယွီယိုအား အမြဲတမ်း ပိုးပန်းနေခဲ့သူဖြစ်သည်။ သူ့အရည်အချင်းများအား ပြသနိုင်ကာ သည်မိန်းကလေး၏ နှလုံးသားအား ရရှိနိုင်ပါမည်လော။
ယူချင်းအား ကြည့်ရသည်မှာ ကောင်းကင်အဆင့်တွင် အနိုင်ယူနိုင်မည့်သူ ရှိအံ့မထင်ပေ။ သူနှင့် လင်းယွီယိုတွင် မည်သူ ပိုမို၍ အစွမ်းထက်သနည်း။
ကောင်းကင်အဆင့်၏ မိန်းမလှ သုံးယောက်ဖြစ်သော လင်းယွီယို။ ဟွာကျီဇင်နှင့် ဟွာဂျီယူတို့တွင် မည်သူက ပိုမို၍ ထက်မြက်သနည်း။
ရီဖူရှင်းက ချင်ကလန်မှ လူငယ်ပါရမီရှင် ခုနစ်ယောက်အား အနိုင်ယူပြခဲ့သည်။ နောက်တိုက်ပွဲတစ်ခုတွင် သူက ဘေချူ၏လက်စားချေမှုကို ခံရမည်မှာ သေချာလှသည်။ ရီဖူရှင်း၏ ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်မျှဖြင့် သူက ဘေချူအား ခုခံနိုင်ပါမည်လော။ သို့မဟုတ် အရှက်တကွဲ ရှုံးနိမ့်မည်လော။
နန်းမြို့တော်မှမဟုတ်သော လူငယ်ပါရမီရှင် တစ်ယောက်ယောက်က နန်းမြို့တော်အား လှုပ်ခါသွားအောင် စွမ်းဆောင် နိုင်ပါမည်လော။
ထိုအရာများအားလုံး မကြာမီ အဖြေပေါ်လာတော့မည် ဖြစ်သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာပြီးနောက် နောက်ဆုံးတွင် လူငယ်ဆယ့်ငါးယောက်က ဖန်းဟွာရင်ပြင်ကို တစ်ဖန် ပြိုင်ပွဲဝင်ရန် ပြန်ရောက် လာခဲ့ကြပြီဖြစ်သည်။ ရီဖူရှင်းက လူအုပ်ကြီးအား ဝေ့ကြည့်လိုက်လျှင် ကန်ယီကျောင်းတော်မှ ပါရမီရှင် ယူဂျန်။ ချင်ကလန်မှ ဘေချူတို့ကို မြင်သည်။ ယမန်နေ့ညက အဖြစ်အပျက်အား သူမမေ့သေးပေ။ အထက်တန်းလွှာများနှင့် အရှင်ဘွဲ့ခံများက သူတို့၏ထိုင်ခုံများအား ပြန်လည် လာရောက်ထိုင်ကြသည်။ သူတို့က ဖန်းဟွာ အကြိုစာရင်းဝင် လူငယ်များအား ကြည့်ကာ မကြာမီ ရွေးချယ်တော့မည့် ဖန်းဟွာအဆင့် ရပ်တည်မှုအတွက် စိတ်လှုပ်ရှားနေကြသည်။
“အရှင်ရီ… ဝူချင်းရဲ့ ပါရမီက ပြိုင်ဘက်ကင်းပဲ… သူက ဖန်းဟွာအဆင့်ရဲ့ ထိပ်ဆုံးသုံးနေရာကို ဝင်လိမ့်မယ်လို့ ကျုပ်ပြောရဲတယ်…” မိသားစုခေါင်းဆောင် တစ်ယောက်က အရှင်ရီအား ပြောသည်။
“ခင်ဗျားရဲ့ ဝမ်ယူလည်း တကယ့်ကို ပါရမီရှင်ဗျ… သူလည်း အခွင့်အရေးရှိတာပဲ…” အရှင်ရီက ရယ်မော၍ ပြောသည်။
ဝမ်မိသားစုခေါင်းဆောင်က ပြုံးလိုက်သည်။ သူက ဖန်းဟွာရင်ပြင်မှ လူငယ်အား ကြည့်ကာ ပြုံးလိုက်သည်… “ကောင်လေးရဲ့ တန်ခိုးက တရားသေပြောလို့ မရသေးဘူးဗျ… ဒီကောင် နေ့တိုင်း ဘာတွေ တွေးနေလဲ ကျုပ်လည်း မသိတော့ဘူး… အခုတောင် စကားပြောနိုင်သေးတာကို ကြည့်ပေတော့… ဟား..ဟား…..”
ထိုအချိန်တွင် ဝမ်ယူကား လင်းယွီယို၏ဘေးတွင် ရပ်ကာ သူမအား တစ်စုံတစ်ခု ပြောနေပုံရသည်။ သူတို့နှစ်ယောက်မှာ တစ်စုံတစ်ခုအား ဆွေးနွေးနေပုံရကာ လူအများအပြားက မနာလိုစွာ ကြည့်နေကြသည်။ ဖြစ်နိုင်သည်က ဝမ်ယူကဲ့သို့သော သူမှသာလျှင် လင်းယွီယိုအား ပိုးပန်းရန် အခွင့်အရေး ရှိမည်ဖြစ်သည်။
“ခေါင်းဆောင်ဝမ်… ခင်ဗျားက လိမ်နေတာပဲ… သူသာ လင်းမိသားစု မိန်းကလေးကို ရမယ်ဆိုရင် ခင်ဗျားက ရယ်မောရလွန်းလို့ မေးရိုးပြုတ်ကျတာတောင် မသိဘဲ လိုက်ရှာနေရမှာ ကျုပ်မြင်ယောင်သဗျို့… ဟား… ဟား…..” နောက် တစ်ယောက်က ရယ်မောက နောက်ပြောင်လိုက်သည်။ ဝမ်မိသားစု ခေါင်းဆောင်ကလည်း ရယ်မောလိုက်သည်။ တကယ်လည်း ဝမ်ယူသာ လင်းယွီယိုအား အောင်မြင်စွာ ပိုးပန်းနိုင်လျှင် အမှန်ပင် ကြီးမားသော စွမ်းဆောင်မှုဟု သတ်မှတ်ရမည်ဖြစ်သည်။
သူတို့ စကားပြောနေစဉ်မှာပင် တော်ဝင်မိသားစု ရောက်ရှိလာကာ ထိုင်ခုံများတွင် ဝင်ရောက် ထိုင်လိုက်ကြသည်။ စွေစောင်းစောင်း နေမင်းကို မော်ကြည့်ကာ ဘုရင်မင်းမြတ်က ပြောသည်…“စကြရအောင်…..”
ကန်ယီကျောင်းတော် အကြီးအကဲများက ဖန်းဟွာရင်ပြင်သို့ ဝင်ရောက်လာကြသည်။ သည်တစ်ကြိမ်တွင်ကား သစ်သားပြား အမှတ်အသားများ မပါတော့ပေ။ ထိုအစား အကြီးအကဲများထဲမှ တစ်ယောက်က လူငယ်ဆယ့်ငါးယောက်အား ကြည့်ကာ ပြောသည်… “သေသေချာချာ နားထောင်ကြ…..”
လူငယ်များက ခေါင်းညိတ်သည်။ လူငယ်များ၏ အကြည့်များက အကြီးအကဲထံ ရောက်လာသည်။
“နောက်ဆုံးတိုက်ပွဲက စည်းမျဉ်းစည်းကမ်း မရှိဘူး…..” အကြီးအကဲက ပြောသည်…..“ကိုယ့်စွမ်းဆောင်ရည်ကို ပြသချင်တဲ့သူက ဖန်းဟွာစင်မြင့်ကို တက်ရောက်နိုင်တယ်… မင်းတို့ရဲ့ စွမ်းရည်ကို ဆန္ဒရှိသလို ပြသနိုင်တယ်… ဘယ်သူမှ ကိုယ့်စွမ်းရည်ကို ပြသလိုစိတ် မရှိတော့ဘူးဆိုမှ ရပ်မယ်… နောက်ဆုံးမှာ ဘုရင်မင်းမြတ်က မင်းတို့တွေရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီးတော့ ဖန်းဟွာအဆင့်ကို ကိုယ်တိုင် ရွေးချယ်လိမ့်မယ်… ”
အကြီးအကဲများက ပြောစရာရှိသည်ကို ပြောပြီးပြီဖြစ်ရာ ရင်ပြင်ပေါ်မှ ဆင်းသွားကြသည်။ ကျန်သော ကိစ္စရပ်များမှာ လူငယ် ဆယ့်ငါးယောက်နှင့်သာ သက်ဆိုင်တော့သည်။ သူတို့က မည်သည့် အတားအဆီးမှမရှိဘဲ ကိုယ့်စိတ်ရှိတိုင်း တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။ လူအများအပြားက ကောင်းကင်အဆင့်မှ ငါးယောက်ကို ကြည့်လိုက်ကြသည်။ ထိုငါးယောက်တွင် ရီဖူရှင်းတို့ သုံးယောက်က တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်မည် မဟုတ်ပေ။ ထိုနည်းဖြင့် သူတို့အတွက် ရင်ဆိုင်စရာက များများစားစား ကျန်ရစ်မည် မဟုတ်ပေ။ မဟုတ်လျှင် သူတို့က ဓမ္မအဆင့်မှ တန်ခိုးရှင်များအား စိန်ခေါ်ရမည်ဖြစ်သည်။
ယခုထိ ကျန်ရစ်သူများမှာ အလွန်ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် လင်းယွီယိုပင်လျှင် ဓမ္မအဆင့်မှ သူများအား စိန်ခေါ်ရန် ယုံကြည်ချက်ရှိဟန် မတူပေ။ မည်သို့ပင်ဆိုစေ ယခု နောက်ဆုံးကျန်ရစ်သော ဓမ္မအဆင့်များမှာလည်း အကောင်းဆုံးများထဲမှ အကောင်းဆုံးများ မဟုတ်ပါလား။
လင်းယွီယို၏အကြည့်က ဟွာကျီဇင်နှင့် ရီဖူရှင်းတို့အုပ်စုထံကို ရောက်လာသည်။ သူမကား ကောင်းကင်အဆင့်တွင် အမြင့်ဆုံးဖြစ်ရာ သူတို့အား စိန်ခေါ်ခြင်းက သူမအတွက် ကောင်းသော ရွေးချယ်မှုတော့ မဟုတ်ပေ။
အခြေအနေက ထူးဆန်းနေပြီး မည်သူကမှ ဖန်းဟွာစင်မြင့်သို့ တက်ရောက်ခြင်း မရှိကြသေးပေ။
“ပထမဆုံးတိုက်ပွဲကို ငါသွားတိုက်လိုက်မယ်…” ဟွာဂျီယူက ရီဖူရှင်းအား တိုးတိုးလေး ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက အသာအယာ ပြုံးလိုက်သည်။ သူနှင့် ဟွာဂျီယူတို့နှစ်ယောက်လုံးမှာ ထင်ရှားခြင်းမရှိပေ။ သို့သော် သူက ဟွာဂျီယူအား ယုံကြည်သည်။ သဘာဝစွမ်းအင်မျိုးစုံအား အသုံးပြုနိုင်သော မှော်ထိန်းချုပ်သူတစ်ယောက် အနေဖြင့် သူမ၏ပါရမီကား တခြားလူများ ထင်ထားသည်ထက် အဆမတန် ကောင်းမွန်ပေသည်။ မဟုတ်လျှင် နန်ဒူမိသားစုက သူတို့မျှော်လင့်ချက်များ အားလုံးကို သူမထံတွင် ပုံအောထားကြမည် မဟုတ်ပေ။ ထိုအချိန်က ဝန်ကြီးချုပ်ကျိုက ဟွာဂျီယူ၏ကြမ္မာအား ခန့်မှန်းပေးခဲ့ခြင်း မရှိသေးပေ။ သူတို့က သူမ၏မွေးရာပါ ဗီဇပါရမီကို ကြည့်ကာ ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ဟွာဂျီယူ၏ခန္ဓာကိုယ်က လှပစွာ လေထဲကို ပျံဝဲသွားကာ ဖန်းဟွာစင်မြင့်ပေါ်သို့ နတ်သမီးတစ်ပါးလို ကျဆင်းသည်။ သူမက ကောင်းကင်အား မော်ကြည့်လိုက်လျှင် လူတိုင်းက လိုက်ကြည့်ကြသည်။ သူမက ကန်ယီနိုင်ငံ၏ နံပါတ်တစ်အလှမယ် လင်းယွီယိုအား ကြည့်နေခြင်းဖြစ်သည်။
ဘုရင်မင်းမြတ်က ဟွာဂျီယူအား ရွေးချယ်မည် မဟုတ်ဟု လူတိုင်းက တွေးထင်သည်။ အဘယ်ကြောင့်ဆိုသော် သူမက လင်းယွီယို၏ လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်မည်ဟု မထင်ကြ၍ ဖြစ်သည်။ သို့သော်လည်း ဟွာဂျီယူ ပထမဆုံး စိန်ခေါ်မည့်သူက လင်းယွီယို ဖြစ်နေပေသည်။
ဟွာဂျီယူက စကားတစ်ခွန်းမှ မပြောသော်လည်း လင်းယွီယိုက သူမ၏အကြည့်အား နားလည်ပုံရသည်။ သူမ၏အဝတ်စများ တဖျတ်ဖျတ်လွင့်ကာ စင်မြင့်ပေါ်သို့ ရောက်ရှိလာသည်။ နောက်ဆုံးတွင် မိန်းမလှနှစ်ယောက် တိုက်ခိုက်ကြတော့မည် ဖြစ်သည်။
“နင့်ရဲ့ တန်ခိုးအဆင့်က နိမ့်နေတယ်…” လင်းယွီယိုက ပြောသည်။ သူမကား ကြယ်ကိုးပွင့် ကောင်းကင် အဆင့်မှဖြစ်ရာ ဟွာဂျီယူကား အဆင့်နှစ်ခု နိမ့်နေပေသည်။
“စကြစို့…” ဟွာဂျီယူက ညင်သာစွာ ပြောသည်။ ထို့နောက် သူမ၏နောက်မှ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူမက သူမ၏သက်စောင့်ဝိညာဉ်အား ထုတ်ဖော်လိုက်သည်။
သည်တစ်ကြိမ်ကား ဟွာဂျီယူ၏ သက်စောင့်ဝိညာဉ်ကို ပထမဆုံး ထုတ်ဖော်ခြင်း ဖြစ်သည်။ သူမက သူမအမေ၏ သက်စောင့်ဝိညာဉ်အား ဆက်ခံရရှိသည်။ သို့သော် သူမအမေထက် ပိုမို လှပကာ မြင့်မြတ်သော ကိုယ်ရောင်ကိုယ်ဝါကို ပေးသည်။ ထိုအရာကား သရဖူဖြစ်သည်။ သရဖူမှ အလင်းရောင်များ ဖြာထွက်နေသည်။ သရဖူက ဟွာဂျီယူ၏ ခေါင်းတွင် လာရောက်ရပ်နားလိုက်လျှင် မမြင်ရသော သဘာဝစွမ်းအင် လှိုင်းများက သူမအား လာရောက် ရစ်ပတ်ကြသည်။ သူမနှင့် မနီးမဝေးတွင် ရပ်နေသာ လင်းယွီယိုပင်လျှင် ထိုစွမ်းအင် လှုပ်ခတ်မှုကို ခံစားမိကာ သူမ၏ကိုယ်ပိုင်စွမ်းအင်များ မလိုအပ်ဘဲ လှုပ်ရှားလာမှုကို ခံစားရသည်။
သူမပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များ ပေါက်ကွဲထွက်လာပုံရသည်။ လေဓာတ်များက သူမအား ရစ်ပတ်လာကြပြီး သစ်သားဓာတ်များက နွယ်ပင်များအဖြစ် ပြောင်းလဲသွားသည်။ ထိုနွယ်ပင်များက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားပြီး လျင်မြန်စွာ ဆန့်တင်းလာနေကြသလို ဟွာဂျီယူ၏ခန္ဓာကိုယ်မှာလည်း မြင့်မြတ် အလင်းရောင်များ ရစ်ပတ်လာနေသည်။
ထိုအရာကိုမြင်လျှင် သူတို့က ဟွာဂျီယူ၏အရည်အချင်းအား လျှော့တွက်မိသည်ကို ပရိသတ်များ သိလိုက်ကြသည်။ သူမကား သူတို့ တွေးထင်ခဲ့သည်ထက် ပိုမို ထက်မြက်နေပေသည်။
လင်းယွီယိုက ဟွာဂျီယူကို ကြည့်ကာ အန္တရာယ်ရှိသလို ခံစားရသည်။ သူမ၏နောက်မှ တူညီသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူမ၏ သက်စောင့်ဝိညာဉ်အား ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ထိုအရာကား အလွန်လှပသော ပန်းရွှေရောင် နတ်ငှက်ဖြစ်သည်။
လင်းယွီယို၏ စီးတော်သတ္တဝါမှာလည်း ပန်းရွှေရောင် နတ်ငှက်ဖြစ်သည်။ သူမ၏မိသားစုမှ အကြီးအကဲများက အကာနာအဆင့် ပန်းရွှေရောင်နတ်ငှက်အား သူမစီးနင်းရန် ဖမ်းဆီးပေးခဲ့ကြသည်။ ထိုနည်းဖြင့် သူမက သူမ၏ သက်စောင့်ဝိညာဉ်အား ပိုမို နားလည်စေမည်ဖြစ်သည်။ ဤသည်ကပင်လျှင် အင်အားကြီးသော မိသားစုများ၏ လုပ်ဆောင်နိုင်စွမ်းမဟုတ်ပါလော။
လှပသော ရွှေရောင် ငှက်မွေးတောင်ပံများက လင်းယွီယို၏ ခန္ဓာကိုယ်တွင် ပေါ်ထွက်လာသည်။ လေဓာတ်များက သူမ၏ခန္ဓာကိုယ်ကို ရစ်ပတ်လာကြသည်။ သူမသည်လည်း လေဓာတ်ကို ကျွမ်းကျင်သည်။
လှပသော မိန်းကလေးနှစ်ဦး လေထဲကို ပျံဝဲတက်လာကြသည်။ သူတို့က လေထဲတွင် ပျံဝဲနေသလို ပရိသတ်များကလည်း စိတ်ဝင်တစား ကြည့်ကြသည်။
နွယ်ပင်တစ်ထောင် တိုက်ကွက်က လင်းယွီယိုထံသို့ တိုးဝင်သွားသည်။ သူမ၏ပန်းရွှေရောင် အတောင်ပံများက လေထဲတွင် ဝှေ့ယမ်းလိုက်လျှင် တိုးဝင်လာသော နွယ်ပင်များစွာအား ဓားသွားဖြင့် ဖြတ်တောက်သလို အပိုင်းပိုင်း ပြတ်စေသည်။
ရုတ်တရက် အတောင်ပံများအား ယမ်းခါလျက် လင်းယွီယိုက ဟွာဂျီယူထံ အလွန် လျင်မြန်စွာ ပျံသန်းသွားသည်။ သူမသည်လည်း သိုင်းပညာကို လေ့ကျင့်သည်။ သူမ၏ သက်စောင့်ဝိညာဉ်က သူမအား အင်အားနှင့် လျင်မြန်မှုကို ပေးသည်။ ဟွာဂျီယူက အဓိကအားဖြင့် မှော်ပညာကို လေ့လာပြီး သိုင်းပညာကို မလေ့ကျင့်ပေ။ ဟွာဂျီယူအား အဝေးမှ တိုက်ခိုက်ခြင်းမှာ ရွေးချယ်မှုကောင်း တစ်ခု မဟုတ်ပေ။
လင်းယွီယို တိုးဝင်လာသည်ကို မြင်သော်လည်း ဟွာဂျီယူ တည်ငြိမ်နေ၏။ သူမ၏အနီးတွင် ရေဓာတ်သဘာဝ စွမ်းအင်များ စုစည်း လာနေသည်။
လင်ယွီယို၏အတောင်ပံမှ ပန်းရွှေရောင် ဓားသွားများ အဆက်မပြတ် ထွက်ပေါ်လာကာ ထိုဓားသွားများနှင့်အတူ ဟွာဂျီယူထံကို အလွန် လျင်မြန်စွာ တိုးဝင်သွားကြသည်။
ဟွာဂျီယူ၏မျက်လုံးများတွင် အလင်းရောင်တစ်ချက် ဖျတ်ခနဲ လင်းလက်သွားသည်။ မမြင်ရသော သဘာဝစွမ်းအင်များက သူမအနီး သိပ်သည်းလာသည်။ ထိုစဉ် သူအနီးကို ရောက်လာသော ပန်းရွှေရောင် ဓားမြှောင်များက ရုတ်တရက် နှေးကွေးသွားပြီး သဘာဝစွမ်းအင်များ အဖြစ် ပေါက်ကွဲပျောက်ကွယ် သွားကြသည်။
တစ်ချိန်တည်းမှာပင် လင်းယွီယိုက သူမ၏တိုက်ကွက်အစား ခံစစ်တိုက်ကွက်ကို အသုံးပြု၍ ဟွာဂျီယူထံ ချဉ်းကပ်လိုက်သည်။ သူမ၏အတောင်ပံများက တကယ့် ဓားသွားများအဖြစ် ပြောင်းလဲသွားဟန်တူကာ သူမက ဟွာဂျီယူအနီးသို့ ရောက်သည်နှင့် ဟွာဂျီယူမှာ ပြဿနာတက်မည် ဖြစ်ပေသည်။
ဟွာဂျီယူက လက်ဝှေ့ယမ်းလိုက်သည်။ ကြောက်မက်ဖွယ် သဘာဝစွမ်းအင်များက မုန်တိုင်းတစ်ခုလို ရုတ်တရက် တိုက်ခတ်လိုက်ရာ လင်းယွီယို၏ ကြောက်မက်ဖွယ် အလျင်နှုန်း ရုတ်တရက် နှေးကွေးသွားပြီး လေထဲတွင် ခေတ္တ ရပ်တန့်သွားသလိုပင် ဖြစ်သွားသည်။
သူမ၏သက်စောင့်ဝိညာဉ်က ကြောက်မက်ဖွယ် တုန်ခါလာနေသည်။ ရွှေရောင် အလင်းတန်းများ ပြိုးပြိုးပြက်ပြက် လင်းလက်လာသည်။ သူမ၏နောက်မှ ပန်းရွှေရောင် နတ်ငှက်ပုံသဏ္ဌာန်က သူမ၏ခန္ဓာကိုယ်အပေါ်မှ ဖုံးအုပ်သွားကာ တစ်သားတည်း ဖြစ်သွားသည်။ သူမက ထိန်းချုပ်ခံရသော အခြေအနေမှ လွတ်မြောက်သွားကာ ရှေ့ကို ဆက်တိုးသွားလိုက်သည်။
ရေလှိုင်းခတ်သံများ ထွက်ပေါ်လာကာ ထိုအရာက လင်းယွီယိုထံသို့ ရေလှိုင်းများ အဆက်မပြတ် တိုးဝင်လာကြသည်။ ထိုရေလှိုင်းများက လင်းယွီယိုအား လှည့်ပတ်သွားကြကာ ရုတ်တရက် အေးခဲသွားသည်။ သည်တိုက်ကွက်ကား အမှန်က တိုက်ခိုက်သည့် တိုက်ကွက်မဟုတ်ပဲ ခံစစ်တိုက်ကွက် ဖြစ်သည်။ သို့သော် ရေခဲများက သူမအား ရှေ့ဆက်တိုးမရအောင် ထိန်းချုပ်သွားကြသည်။ အားကောင်းသော တိုက်ခိုက်မှုများမှာ ရေဓာတ်နှင့် ထိတွေ့လျှင် မည်သို့မှ မတတ်နိုင်ဘဲ ပျောက်ကွယ် သွားရသည်သာ ဖြစ်သည်။ လင်းယွီယို၏ လေဓာတ်နှင့် လျှပ်စီးဓာတ်များက ရေခဲချုပ်နှောင်သိုင်းအား အဆက်မပြတ် ဖြိုခွင်းကြသော်လည်း ထိရောက်မှုမရှိပေ။
“ရေခဲချုပ်နှောင်ခြင်း…..” ဟွာဂျီယူ၏ အားကောင်းသော စိတ်ဝိညာဉ်လှိုင်းများ ပျံ့နှံ့လာပြီး တဖြည်းဖြည်း အေးခဲလာသော ရေဓာတ်များက နောက်ဆုံး လုံးဝ အေးခဲသွားကာ လင်းယွီယို ရုတ်ရက် ရေခဲဖြစ်သွားသည်။ သူမကား အထဲတွင် လုံးဝ အေးခဲသော ရုပ်တုဖြစ်သွားပြီ။
နွယ်ပင်လှုပ်ခတ်သံများ ထွက်ပေါ်လာပြန်သည်။ နွယ်ပင်များစွာက ရေခဲလှောင်အိမ်ထဲ ပိတ်မိနေသော လင်းယွီယိုထံသို့ တိုးဝင်လာကြကာ ရစ်ပတ်သွားသည်။ သို့သော် ထိုမျှနှင့် ရပ်တန့်ခြင်း မရှိသေးပေ။ လေထဲတွင် ရွှေရောင် ဓားသွားများစွာ ဖြစ်ပေါ်လာကာ လေဓာတ်များ၏ ထောက်ပံ့မှုဖြင့် လင်းယွီယိုအား ချိန်ရွယ်ထားကြသည်။
ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ ရေခဲလှောင်အိမ်နှင့် နွယ်ပင်များစွာ ပေါက်ကွဲသွားကာ လင်းယွီယို လွတ်မြောက်လာသည်။ သို့သော် တစ်ချိန်တည်းမှာပင် အားကောင်းသော စိတ်ဝိညာဉ် လှိုင်းတစ်ခုက သူမအား ရစ်ပတ်လာသည်ကို ခံစားရကာ သူမတစ်ဖန် လေထဲတွင် ရပ်တန့်သွားပြန်သည်။ ထိုစဉ်မှာပင် လေထဲမှ ဓားသွားများက အလင်းတန်းများ အလား မယုံကြည်နိုင်ဖွယ်ရာ လျင်မြန်နှုန်းဖြင့် သူမ၏ခန္ဓာကိုယ်အနီးသို့ ရောက်ရှိလာကာ ဆံခြည်တစ်မျှင်စာ အကွာအဝေးအားဖြင့် နီးကပ်သည်အထိ ရောက်ရှိလာကြပြီး အသားအား ထွင်းဖောက်သွားခြင်း မရှိပဲ ရပ်တန့်သွားကြသည်။
လင်းယွီယို၏လှပသော မျက်ဝန်းများ ဝိုင်းစက်သွားသည်။ သူမ၏အနီးမှ လေထဲတွင် ရပ်တန့်နေသာ ဓားမြှောင်များမှာ အစစ်အမှန် မဟုတ်သလိုပင် သူမခံစားရသည်။ သူမက ဟွာဂျီယူအား မော်ကြည့်လိုက်သည်။
“နင်ရှုံးပြီ…” ဟွာဂျီယူက တည်ငြိမ်စွာ ပြောသည်။ သူမ၏အသံကား တည်ငြိမ်သည်။ သို့သော် ဖန်းဟွာရင်ပြင်မှ ပရိသတ်များအားလုံး ကျောက်ရုပ်များ ဖြစ်သွားကြသည်။ သူမက စိတ်ဝိညာဉ် စွမ်းအင်အား အသုံးပြုလျက် ဓာတ်စွမ်းအင်မျိုးစုံကို ထိန်းချုပ်ပြသွားသည်။ စိတ်ဝိညာဉ်စွမ်းအား ပညာရှင်အနေဖြင့် သူမ၏ သဘာဝစွမ်းအင်အပေါ် ထက်မြက်ကျွမ်းကျင်မှု။ မှန်ကန်စွာ အသုံးချမှု။ တိုက်ပွဲနည်းစနစ်များအား ကြောက်မက်ဖွယ်ရာ ကောင်းအောင် သုံးစွဲပြသွားသည်။
ဖန်းဟွာအဆင့် ရပ်တည်မှုအတွက် ပထမဆုံး စိန်ခေါ်မှုက လူတိုင်းအား တုန်လှုပ်စေသည်။
ကန်ယီနိုင်ငံ၏နံပါတ်တစ်အလှမယ် လင်းယွီယိုကား ရှုံးနိမ့်ခဲ့ရပြီ ဖြစ်သည်။
***