Switch Mode

အခန်း ၆၁၆

ကျယ်ပြန့်တာအိုနန်းတော်အား ပြောင်းလဲသွားစေသည့်တုံ့ပြန်မှု

သူ၏စကားသံထဲတွင် ဝိညာဉ်ကြားခံနယ်အဆင့် စွမ်းအားများ ကိန်းအောင်းနေ၏။ ထို့‌ကြောင့် ထိုစကားသံအား ကြားလိုက်ရပါက အမြုတေထိပ်ဆုံးအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် လိပ်ပြာလွင့်လုမတတ် တုန်လှုပ်သွားရမည်သာ ဖြစ်သည်။

အကယ်၍ သူသာ အမှန်တကယ် သတ်ဖြတ်လိုစိတ်ရှိပါက တစ်ချက်မျှ အော်ဟစ်လိုက်ရုံဖြင့် အမြုတေအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ပစ်နိုင်စွမ်းရှိ ပေသည်။ ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာမူ သေဆုံးသွားမည် မဟုတ်ပါသော်လည်း လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ဝိညာဉ်တစ်ခုလုံး ချုပ်နှောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရမည်သာ ဖြစ်သည်။

ထိုကဲ့သို့သော ဝိညာဉ်တိုက်ကွက်များကြောင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာ အလွန်အင်မတန်မှ အစွမ်းထက်ရခြင်း ဖြစ်ပေသည်။ ထို တိုက်ကွက်များကို ခုခံနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ဝမ်ပေါင်လဲ့ပင်လျှင် ထိုစကားသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ၏အသိစိတ်ထဲ၌ အသံလှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။ သူသည် ဆက်လက်တိုက်ခိုက်ချင်ပါသော်လည်း မတိုက်ခိုက်နိုင်တော့ပေ။ ထို့ကြောင့် သူသည် နောက်သို့ဆုတ်ခွာရန် ပြင်လိုက်သည့် အချိန်တွင်လည်း လှုပ်ရှား၍ မရတော့ကြောင်း သိလိုက်ရ၏။

ဝမ်ပေါင်လဲ့တစ်ယောက် ဝိညာဉ်တစ်ခုလုံး တုန်ရီသွားပြီး လှုပ်ရှားနိုင်စွမ်း မရှိတော့သည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲ၌ စွမ်းအင်နှစ်မျိုး ပေါ်ပေါက်လာ၏။ တစ်မျိုးမှာ မမလေးဆီမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အခြားတစ်မျိုးမှာ… သူ၏ ဓားအိမ်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်ပေသည်။

မမလေးမှာ ဓားအိမ်လေးဆီမှ စွမ်းအင်များကို ရိပ်မိလိုက်သောကြောင့်လားတော့ မသိပေ။ သူမသည် ချက်ချင်းပြန်၍ ငြိမ်ကျသွား၏။ ထိုအချိန်တွင် ဓားအိမ်လေးထဲမှ ထွက်ပေါ်လာသည့် စွမ်းအင်များမှာ သူ၏ခန္ဓာကိုယ် အပြင်ဘက်သို့ ပျံ့နှံ့သွားခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်ထဲ၌သာ လည်ပတ်သွားကြသည်။ ထို့ကြောင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားများဆီမှ ထွက်ပေါ်လာသော ဖိအားများမှာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

သူ၏ စိတ်မှာလည်း ပြန်လည်တည်ငြိမ်သွားပြီး အတွေးများမှာလည်း ပြန်လည်ကြည်လင်သွားပြီ ဖြစ်သည်။ အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ မြဲ့လျဲ့ကျိ၏ စကားသံကြီး လေထဲ၌ ပဲ့တင်ထပ်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သတိပြန်ဝင်လာသောကြောင့် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ ထုတ်လွှတ်ထားခဲ့သည့် ကိုယ်ပွားနှင့် ချက်ချင်း နေရာချင်း လဲလိုက်တော့သည်။

ထိုအခါ သူ၏ ခန္ဓာကိုယ်အစစ်နှင့် လျှပ်စီးကိုယ်ပွားတို့မှာ ချက်ချင်း နေရာလဲသွားကြ၏။ သူသည် တည်နေရာပြောင်းရွှေ့သွားသကဲ့သို့ပင်။ လျှပ်စီးကိုယ်ပွားမှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ စွန်းဟေ့၏ ဦးခေါင်းအား နောက်ထပ်တစ်ကြိမ်ထပ်၍ ဖမ်းဆုပ်လိုက်ပြန်သည်။ အဝေးတစ်နေရာသို့ တည်နေရာပြောင်းရွှေ့သွားသည့် ဝမ်ပေါင်လဲ့အစစ်မှာမူ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏လက်ကို ဝှေ့ယမ်းကာ သုံးရောင်ခြယ် ဓားပျံလေးအား ထုတ်လွှတ်လိုက်၏။ ၎င်းမှာလည်း စွန်းဟေ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ ဝမ်ပေါင်လဲ့နှင့် သူ၏ကိုယ်ပွားတို့မှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသဖြင့် သူတို့ဆီသို့ ပြေးလာနေသည့် မြဲ့လျဲ့ကျိမှာ လေထဲ၌ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

ထိုအခါ ကောင်းကင်ယံထဲတွင် ဧရာမ ပုံရိပ်ယောင် လက်ကြီးတစ်ဖက် ပေါ်ပေါက်လာပြီး အောက်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာ၏။ ထို့ကြောင့် ပေါက်ကွဲသံ အကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာမူ တောင်ခံနိုင်စွမ်းမရှိတော့သဖြင့် စွန်းဟေ့အား မတိုက်ခိုက်နိုင်ခင်မှာပင် ထို ဧရာမလက်ကြီးကြောင့် တစ်စစီ ကြေမွပျက်စီးသွားရတော့သည်။

သို့သော် မြဲ့လျဲ့ကျိမှာ ခြေတစ်လှမ်း နောက်ကျသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့ ပစ်လွှတ်လိုက်သည့် ဓားပျံလေးမှာ စွန်းဟေ့၏ ရင်ဘတ်အား ထုတ်ချင်းပေါက် ထိုးဖောက်သွားပြီ မဟုတ်ပါလော။ နောက်ထပ် ဓားတစ်လက်မှာမူ သူ၏ ဦးခေါင်းအား တိခနဲ ဖြတ်တောက်ပစ်လိုက်၏။

ထို့ကြောင့် သွေးများ ဒလဟောပန်းထွက်လာပြီး စွန်းဟေ့၏ သနားဖွယ်ရာ အော်ဟစ်မြည်တမ်းသံများမှာ လေထဲ၌ ပဲ့တင်ထပ်သွားတော့သည်။ သူသည် နောက်ဆုံးအခိုက်အတန့်တွင် သူ၏ အပြင်ခန္ဓာကိုယ်ထဲမှ ထွက်ပြေးလွတ်မြောက်လာခဲ့၏။ ထိုအချိန်တွင် မြဲ့လျဲ့ကျိမှာ ကောင်းကင်‌ထဲ၌ ပေါ်ပေါက်လာသောကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ပြောင်းလဲသွားပြီး တိမ်တိုက်များမှာလည်း လွင့်ပါးပျောက်ကွယ်သွားကြတော့သည်။ သူသည် ထိုကျွန်းဆီသို့ လျှောက်လှမ်းလာပြီး စွန်းဟေ့၏ ယွမ်ယင်ဝိညာဉ်ဘေးသို့ ဆင်းသက်လာသည်။ ထို့နောက် သူ၏ ညာဘက်လက်ဖြင့် စွန်းဟေ့၏ ယွမ်ယင်ဝိညာဉ်အား လှမ်းယူလိုက်ပြီးနောက် သူ၏ အင်္ကျီလက်ထဲ၌ သိမ်းဆည်းလိုက်၏။ သူသည် စွန်းဟေ့ အပြင်ခန္ဓာကိုယ်အား အကဲခတ်လိုက်ပြီးနောက် မျက်စိမျက်နှာပျက်သွားပြီး ဝမ်ပေါင်လဲ့အား ကြည့်ကာ လှမ်းမေးလိုက်တော့သည်။

” ဝမ်ပေါင်လဲ့။ မင်း ဂိုဏ်းကို ပုန်ကန်ဖို့ကြိုးစားနေတာလား ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ အနည်းငယ်ခန့် မြန်ဆန်လာရ၏။ သို့သော် သူသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခြင်းမရှိဘဲ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် ဒုတိယမြောက် ဝိညာဉ်ကြားခံနယ်အဆင့် အငွေ့အသက်တစ်ခုမှာ အလျင်အမြန် ပေါ်ပေါက်လာ၏။ မြဲ့လျဲ့ကျိမှာလည်း ဖုန့်ချိုးရန် ရောက်လာသည်ကို သတိထားမိလိုက်သည်။ အကယ်၍ ဤ အဖြစ်အပျက်ကြီးမှာ အရည်အချင်းစမ်းသပ်ပွဲမတိုင်ခင် ဖြစ်ပျက်ခဲ့မည်ဆိုပါက သူသည် ဤ အခွင့်အရေးအား အသုံးချကာ ဝမ်ပေါင်လဲ့အား သတ်ဖြတ်ပစ်မည်သာ ဖြစ်သည်။

သို့သော် သူသည် အရည်အချင်းစမ်းသပ်ပွဲထဲတွင် ဝမ်ပေါင်လဲ့၏ အစွမ်းများကို မျက်ဝါးထင်ထင် မြင့်တွေ့ခဲ့ရသည်ဖြစ်ပြီး ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့ပညာရပ်မျက်လုံးနယ်မြေထဲ၌ အမွေအနှစ်တစ်ခုကို လက်ခံရရှိခဲ့သည်ကို သိထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူ့အား ဂိုဏ်း၏ အသိအမှတ်ပြုခြင်းကို ခံထားရသည့် ဂိုဏ်းသားအစစ်တစ်ယောက်အဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ ရနေပြီဖြစ်သည်။ သူသည် တာအိုနန်းတော်ထဲ၌ မွေးဖွားလာခဲ့ခြင်းမဟုတ်ဘဲ ပြည်ထောင်စုကြီးထဲမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသော်လည်း မြဲ့လျဲ့ကျိမှာ တွေဝေတုံ့ဆိုင်းနေရဆဲပင်။

သူထိုကဲ့သို့ တွေဝေတုံ့ဆိုင်းနေစဉ် ဖုန့်ချိုးရန် ရောက်ရှိလာ၏။ သူမသည် စွန်းဟေ့၏ အလောင်းကို မြင်လိုက်ရသောအခါ မှင်တက်သွားတော့သည်။ နောက်ဆုံးတွင်မူ သူမသည် ဝမ်ပေါင်လဲ့ဘက်မှ ရပ်တည်ပေးရန်ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် မြဲ့လျဲ့ကျိဘက်သို့ လှည့်လာပြီးနောက် ဖြည်းဖြည်းချင်း လှမ်းပြောလိုက်သည် ” မြဲ့လျဲ့ကျိ။ ရှင် ‘ ပုန်ကန်တယ် ‘ ဆိုတဲ့စကားကို လက်လွတ်စပယ်မသုံးပါနဲ့ ”

” ကျုပ်ကို လက်လွတ်စပယ် မလုပ်ဖို့ ပြောနေတာလား။ ကျုပ်က သူ့ကို ရပ်တော့လို့ အမိန့်ပေးခဲ့ပေမဲ့ သူက သူ့ သဘောအတိုင်း ဆက်လုပ်ခဲ့တာလေ။ သူက သူ့ရဲ့ ဂိုဏ်းတူ ညီအစ်ကိုတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့တာ။ အဲတာကိုမှ ပုန်ကန်တာလို့ မသတ်မှတ်ရင် ဘာကိုသတ်မှတ်မှာလဲ ” မြဲ့လျဲ့ကျိမှာ စိတ်ဓာတ်ပြတ်သားသည့် မျက်ဝန်းများဖြင့် ဖုန့်ချိုးရန်အား အေးစက်စက်စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။

ထို့ကြောင့် ဖုန့်ချိုးရန်မှာ ချီတုံချတုံ ဖြစ်သွားရ၏။ သူမသည် နောက်ကျမှ ရောက်လာခဲ့သည်ဖြစ်ရာ အကြောင်းအရင်း အစုံအလင်ကို မသိဘဲဖြစ်နေရသည်။ ထို့ကြောင့် သူမသည် ဂိုဏ်းချုပ်ကြီးရှုဘက်သို့ လှည့်ကြည့်လိုက်၏။ ဂိုဏ်းချုပ်ကြီးရှုမှာ ဖြစ်ကြောင်းကုန်စင်အား ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ လက်မြှောက်ကာ သူ့အား တားလိုက်ပြီးနောက် ပြုံးကာ ဆိုလိုက်တော့သည်။

” အကြီးအကဲ မြဲ့လျဲ့ကျိ။ အကြီးအကဲက ကျွန်တော် စွန်းဟေ့ကို သတ်ဖို့ ကြိုးစားခဲ့တာကိုပဲ မြင်တာလေ။ စွန်းဟေ့ကို သူလုပ်ခဲ့တဲ့လုပ်ရပ်တွေကို ပြန်မေးဖို့ရော စိတ်ကူးမရှိဘူးလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် မှော်ဆေးရည် ဒယ်အိုးအား လက်ညှိုးထိုးကာ ဆက်ပြောလိုက်သည်။

” အခု ကျွန်တော့်ရဲ့ သားရဲလေးက အဲဒီဒယ်အိုးကြီးထဲမှာ အရှင်လက်လက် အကင်ခံနေရတာဗျ။ ကျွန်တော်က ဆွေးနွေးညှိနှိုင်းပြီးတော့ အေးအေးဆေးဆေး ဖြေရှင်းဖို့ ရောက်လာတာ။ နစ်နာကြေး တိုက်ပွဲရမှတ် အမှတ်တစ်သိန်းနီးပါးအထိ ပေးဖို့ ကမ်းလှမ်းခဲ့ပြီးသား။ ဒါပေမဲ့ စွန်းဟေ့က ကျွန်တော့်ကို မရရအောင် ပြဿနာရှာခဲ့တာ။ သူက ကျွန်တော့်ရဲ့ တိုက်ပွဲရမှတ်တွေကို လောဘတက်နေခဲ့တာလည်း ကိစ္စမရှိဘူး။ ကျွန်တော့်ကို တိရစ္ဆာန်တစ်ကောင်လို့ ခေါ်ခဲ့တာလည်း ကိစ္စမရှိသေးဘူး။ ကျွန်တော်က အဲဒီအချက်တွေကို ဗွေမယူခဲ့ဘဲ ခွင့်လွှတ်ပေးခဲ့တာ။ အဲတာကို သူက ကျွန်တော့်ရဲ့ သားရဲလေးကို အသွေးအသားဆေးလုံးတစ်လုံးဖြစ်အောင် ပြောင်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာဗျ ” ဝမ်ပေါင်လဲ့မှာ ဒေါသတကြီးဖြင့် ရှင်းပြလိုက်သောကြောင့် မြဲ့လျဲ့ကျိမှာ မျက်မှောင်ကြုတ်သွားရ၏။

သူသည်လည်း ဖြစ်ကြောင်းကုန်စင်ကို အသေးစိတ်မသိထားပေ။ သို့သော် သူသည် သူတို့၏ ပတ်ပတ်လည်ရှိ အမြုတေအဆင့် ကျင့်ကြံသူများ ခေါင်းငုံ့‌ထားကြသည်ကို မြင်လိုက်ရပြီး ဒယ်အိုးကြီးထဲရှိ သက်ရှိအငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့ စကားများမှာ အရှေ့အနောက် ညီနေကြောင်း သိလိုက်ရသည်။ သူသည် အနည်းငယ်ခန့် ချဲ့ကားပြောဆိုခဲ့ခြင်း ဖြစ်နိုင်လျှင်တောင် အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။

သို့သော် မြဲ့လျဲ့ကျိမှာ ဆွေးနွေးညှိနှိုင်းကာ တရားမျှတမှုရှိမရှိ ဆုံးဖြတ်ပေးရန် ထိုနေရာသို့ ရောက်ရှိလာခဲ့ခြင်းမဟုတ်ပေ။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် ရှိခိုးနန်းတော်အဆောင်မှ ယခုလေးတင် ပြန်ရောက်လာခဲ့သည့် အချက်ကိုလည်း ဂရုမစိုက်ပေ။ ဝမ်ပေါင်လဲ့မှာ အမြင့်ဆုံး အဓိကဂိုဏ်းသား အဆင့်လောက်အထိသာ ရရှိနိုင်ခဲ့လိမ့်မည်ဟု သူက ယုံကြည်ထား၏။ သူ၏ အဆင့်မှာ မြဲ့လျဲ့ကျိထက် မြင့်မားနေလျှင်တောင် ကျင့်ကြံခြင်းအဆင့်အပိုင်းတွင် သူ့ကို မမီပေ။

” သူ တပည့်ရင်းဂိုဏ်းသားအဆင့်အထိ မရခဲ့သရွေ့ ကိစ္စမရှိဘူး… ” မြဲ့လျဲ့ကျိ ထိုသို့တွေးကာ နှာမှုတ်လိုက်ပြီး တည်ကြည်စွာဆိုလိုက်၏ ” ငါက ရလဒ်‌တွေကိုပဲ စိတ်ဝင်စားတာ။ အကြောင်းပြချက်တွေကို စိတ်မဝင်စားဘူး။ ဝမ်ပေါင်လဲ့က သူ့ရဲ့ အကြီးအကဲတွေကို စော်ကားခဲ့တာမလို့ ခဗျား သူ့ဘက်ကနေ ကာကွယ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး ဖုန့်ချိုးရန်။ ကျုပ်တို့‌တွေ ဂိုဏ်းကချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လုပ်ရင်လုပ်။ မဟုတ်ရင် သူ့ကို ဂိုဏ်းကနေ ထုတ်ပယ်ပစ်မှ ရမယ်။ ကျုပ်ကို မနက်ဖြန်မရောက်ခင် အဖြေပြန်ပေးပါ ”

မြဲ့လျဲ့ကျိမှာ အပေါ်စီးမှနေ၍ ကြိမ်းဝါးလိုက်သောကြောင့် ဖုန့်ချိုးရန်မှာ မျက်မှောင်ကြုတ်သွားရ၏။ ထို့နောက် သူမသည် ဤပြဿနာကြီးအား ဖြေရှင်းနိုင်မည့် နည်းလမ်းများကို စဉ်းစားနေတော့သည်။ သို့သော် ဂိုဏ်းချုပ်ကြီးရှုမှာမူ ဝမ်ပေါင်လဲ့မှာ အဆင်အခြင်မဲ့စွာ ပြုမူတတ်သည့် လူတစ်ယောက် မဟုတ်ကြောင်း ယုံကြည်ထား၏။ ပြည်ထောင်စုကြီးထဲ၌ သာမန်ကျောင်းသားတစ်ယောက်အဆင့်မှ ဒုပဏာမအဆင့်နှစ်အထိ တက်လှမ်းနိုင်ခဲ့သည့် လူတစ်ယောက်မှာ ထိုကဲ့သို့သော ကလေးဆန်သည့် အမှားမျိုးကို ကျူးလွန်မည့်လူတစ်ယောက် မဖြစ်နိုင်ပေ။

သူ ယုံကြည်ထားသည့်အတိုင်းပင်။ ဝမ်ပေါင်လဲ့မှာ သူ၏လုပ်ရပ်များအတွက် အကြောင်းပြချက်များ ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ သူသည် မြဲ့လျဲ့ကျိ၏ စကားကို ကြားလိုက်ရပြီနောက် မျက်လုံးများမှေးသွားပြီး မေးငေါ့လိုက်၏။ ထို့နောက် သူသည် တည်ကြည်စွာဆိုလိုက်တော့သည် ” အကြီးအကဲက ရလဒ်တွေကိုပဲ စိတ်ဝင်စားပြီးတော့ အကြောင်းအရင်းတွေကို ဂရုမစိုက်ဘူးလို့ ပြောခဲ့တာနော်။ ကိစ္စမရှိပါဘူး… ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ သိုလှောင်လက်ကောက်အား ပွတ်သပ်လိုက်၏။ ထိုအခါ သူ၏လက်ထဲတွင် ခရမ်းရောင် အသိအမှတ်ပြု တံဆိပ်ပြားတစ်ခု ပေါ်ပေါက်လာသည်။ ထို့နောက် သူသည် သူ၏ ကျင့်ကြံစွမ်းအားများကို လည်ပတ်သွားစေလိုက်ပြီး ထိုတံဆိပ်ပြားထဲသို့ ထည့်သွင်းလိုက်တော့သည်။

သူ ထိုသို့ထည့်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ထို အသိအမှတ်ပြုတံဆိပ်ပြားထဲမှ မျက်စိကျိန်းစရာကောင်းသော ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။ ထိုအလင်းတန်းများမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး လေထုထဲ၌ ပြည့်နှက်သွားသဖြင့် မိုးကောင်းကင်ကြီးတစ်ခုလုံးမှာ ခရမ်းရောင်ပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားတော့သည်။ ထို့နောက် တိမ်တိုက်များမှာလည်း အရောင်ပြောင်းလဲသွားပြီး တလိပ်လိပ် ထလာကြ၏။ ပင်မကျွန်းပေါ်ရှိ ဗေဒါပင်ကြီးမှာဆိုလျှင် စတင်တုန်ရီလာတော့သည်။

ထို့ကြောင့် လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြပြီး မြဲ့လျဲ့ကျိနှင့် ဖုန့်ချိုးရန်တို့၏ မျက်နှာ အမူအရာများမှာ အမျိုးမျိုးပြောင်းလဲသွားတော့သည်။ ဝမ်ပေါင်လဲ့၏ အသိအမှတ်ပြုတံဆိပ်ပြားကြောင့် ပေါ်ပေါက်လာသည့် ပြောင်းလဲမှုများမှာ ထိုမျှလောက်နှင့် ရပ်တန့်သွားခြင်းမရှိပေ။ ထိုအချိန်တွင် ကျယ်ပြန့်တာအိုနန်းတော်၏ မန္တန်အစီအရင်ကြီး ပေါ်ပေါက်လာသဖြင့် လူတိုင်းမှာ ဧရာမ ကွန်ရက်ကြီးတစ်ခုအား မြင်လိုက်ရတော့သည်။ ၎င်းမှာ မိုးကောင်းနှင့် ကမ္ဘာမြေကြီးတို့ကို လွှမ်းခြုံထားပြီး ထစ်ချုန်းသံများကို ထုတ်လွှတ်နေ၏။ ထို့အပြင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ အသိအမှတ်ပြုတံဆိပ်ပြားနှင့် စည်းချက်ညီစွာ လှုပ်ရှားနေသည့်ပုံ ပေါက်နေသည်။

ထို အခြင်းအရာများ အားလုံးကြောင့် လူတိုင်း၏ အာရုံမှာ ဝမ်ပေါင်လဲ့‌ဆီသို့ ရောက်နေကြတော့သည်။ သူသည် တစ်ချက်မျှ တွေးလိုက်ရုံဖြင့် ကျယ်ပြန့်တာအိုနန်းတော်၏ မန္တန်အစီအရင်ကြီး တစ်ခုစလုံးကို ထိန်းချုပ်ပစ်နိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန်နှင့် အခြား အကြီးအကဲနှစ်ယောက်၏ လုပ်ပိုင်ခွင့်များကိုပင် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိသွားပြီဖြစ်ရာ တစ်ဂိုဏ်းလုံးထဲ၌ အစွမ်းအထက်ဆုံး ဖြစ်သွားပြီ ဖြစ်သည်။

ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပင်လျှင် တုန်ရီသွားပြီး မီးပင်လယ်ကြီးမှာ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲနေသောကြောင့် ဂိုဏ်းသားအားလုံးမှာ ကြောက်ရွံ့တုန်လှုပ်နေရတော့သည်။

” ဒါ…. ”

” ဘာတွေဖြစ်နေတာလဲဟ ”

မဟာမိုးကောင်းကင်ကျွန်းနှင့် ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းတို့ပေါ်တွင် အံ့ဩမှင်တက်နေကြသည့် အော်ဟစ်သံများဖြင့် ပြည့်နှက်သွား၏။ ထို့နောက် ပင်မကျွန်းပေါ်မှ လူရိပ်များစွာ ပျံထွက်လာကြသည်။ ထို ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာ ခရမ်းရောင်အလင်းတန်းကြီး စတင်ထွက်ပေါ်လာသည့် မဟာမိုးကောင်းကင်ကျွန်းဆီသို့ ရောက်ရှိလာကြသောအခါ သူတို့ကိုယ်သူတို့ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။

မြဲ့လျဲ့ကျိနှင့် ဖုန့်ချိုးရန်တို့မှာလည်း မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီဖြစ်သည်။ သူတို့မှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ‌ဗြောင်းဆန်နေကြပြီး ခရမ်းရောင်အသိအမှတ်ပြု တံဆိပ်ပြားမှလွဲ၍ အခြားမည်သည့်အရာကိုမှ မမြင်နိုင်တော့ပေ။

” မွေး… မွေးစားဂိုဏ်းသားပါလား ” မြဲ့လျဲ့ကျိမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး အံ့ဩမှင်တက်နေသည့် အမူအရာဖြင့် တိုးတိုးလေး ရေရွတ်မိလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset