စွန်းဟေ့သည် ဝမ်ပေါင်လဲ့မှာ သူ့အား တိုက်ခိုက်ရဲလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။ သူသည် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ အရည်အချင်း စမ်းသပ်ပွဲထဲ၌ ယွမ်ယင်အဆင့် စွမ်းအားများကို ထုတ်ပြခဲ့ပါသော်လည်း အမြုတေအဆင့်တွင်သာ ရှိနေသေးသည် ဖြစ်သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ မည်မျှအထိ တိုးတက်လာစေကာမူ သူသည် ယွမ်ယင်အဆင့်တွင် ရှိမနေသေးသရွေ့ စွန်းဟေ့အား ယှဉ်နိုင်မည် မဟုတ်ပေ။
” ဝမ်ပေါင်လဲ့။ မင်းက သေမင်းကို စိန်ခေါ်နေတာပဲကွ ” စွန်းဟေ့မှာ အမျက်ချောင်းချောင်း ထွက်သွားပြီး အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် သူသည် ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များဖော်ကာ ရှေ့သို့ ဝှေ့ယမ်းလိုက်သောအခါ အနက်ရောင် ရေဘဝဲတစ်ကောင် ပေါ်ပေါက်လာသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ မျက်နှာအားချိန်၍ အနက်ရောင်မီးခိုးငွေ့များ မှုတ်ထုတ်လိုက်ပြီး ၎င်း၏ လက်တံများအား ဝမ်ပေါင်လဲ့ဆီသို့ ဆန့်ထုတ်လိုက်၏။
၎င်းမှာ သာမန် ရေဘဝဲတစ်ကောင် မဟုတ်ပေ။ ၎င်းမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပါသော်လည်း ယွမ်ယင်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်နေဆဲပင်။ ၎င်းမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူ အစစ်တစ်ယောက်အား မယှဉ်နိုင်ပါသော်လည်း သာမန် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကိုမူ အလွယ်တကူ ဖိနှိပ်ချုပ်တည်းနိုင်စွမ်းရှိပေသည်။ အကယ်၍ ၎င်း၏ ပြိုင်ဘက်မှာ သာမန် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေမည်ဆိုပါက ထိုတိုက်ကွက်တစ်ကွက်တည်းနှင့် တိုက်ပွဲကြီးမှာ ပြီးဆုံးသွားလောက်ပြီဖြစ်သည်။
ထို့အပြင် စွန်းဟေ့၏ ကျင့်ကြံခြင်းစွမ်းအားများကြောင့် ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်နေ၏။ ထို့ကြောင့် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်မျိုး ဆင်းသက်လာသကဲ့သို့ ဖြစ်နေတော့သည်။ စွန်းဟေ့လောက် အစွမ်းမထက်သည့် ကျင့်ကြံသူများမှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားအောက်တွင် ပြိုလဲသွားရမည်သာဖြစ်သည်။
ထို အခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့၏။ ဝမ်ပေါင်လဲ့ ရှေ့သို့လှမ်းလာသည်နှင့် ထိုတိုက်ကွက်ကြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ စွန်းဟေ့၏ တိုက်ကွက်များမှာ ထိုမျှလောက်နှင့် ရပ်တန့်မသွားသေးပေ။ သူသည် ဝမ်ပေါင်လဲ့အား ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်အား မထီမဲ့မြင် ပြုရဲခြင်း၏ အကျိုးဆက်များကို သိရှိနားလည်သွားအောင် သင်ခန်းစာပေးရန် ကြံရွယ်ထား၏။
” အပြစ်ပေးတဲ့အနေနဲ့ မင်းရဲ့ ကျင့်ကြံခြင်းစွမ်းအားကို ဖျက်ဆီးပစ်မယ် ” စွန်းဟေ့၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပသွား၏။ ထို့နောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ စတင်လည်ပတ်လာပြီး ယွမ်ယင်အဆင့် ကျင့်ကြံစွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ နောက်ဆုံးတွင် သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် ဝှေ့ယမ်းလိုက်၏။
ထိုအခါ လေထဲတွင် ပင်လယ်ရေ အမြောက်အမြား ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာပြီး သူတို့အား ဝန်းရံသွား၏။ ၎င်းတို့မှာ ကောင်းကင်ပေါ်အထိ မြင့်တက်သွားပြီး မြေပြင်ကြီးကို ဖုံးလွှမ်းသွားကြတော့သည်။ ထို့နောက် ဧရာမ လှိုင်းလုံးကြီးများမှာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြတော့သည်။
” မလောက်လေးမလောက်စား အမြုတေအဆင့် ကျင်ကြံသူ တစ်ယောက်ကများ။ ဒါကို မြင်လားကွ။ ဒါက ယွမ်ယင်အဆင့်ရဲ့ စွမ်းအားအစစ်အမှန်ပဲ ” စွန်းဟေ့၏ စကားသံကြီးမှာ မိုးခြိမ်းသံကဲ့သို့ပင်။ သူသည် အမျက်ချောင်းချောင်းထွက်နေသော နတ်ဘုရားကြီးတစ်ပါးနှင့်ပင် ဆင်တူနေတော့သည်။
သူတို့၏ ပတ်ပတ်လည်တွင် ရှိနေကြသော အမြုတေအဆင့် ကျင့်ကြံသူများမှာ သူတို့အား စိတ်လှုပ်တရှားနှင့် စိုက်ကြည့်နေကြ၏။ သူတို့မှာ သူတို့၏ရှေ့တွင် မြင်နေရသော မြင်ကွင်းကြီးအား မျက်တောင်မခပ်တန်း စိုက်ကြည့်နေကြပြီး အများစုမှာ စိတ်မကောင်းဖြစ်သွားကြတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား… သေလူတစ်ယောက်အဖြစ် သတ်မှတ်ထားလိုက်ကြပြီဖြစ်သည်။
ဂိုဏ်းချုပ်ကြီးရှုမှာလည်း အရူးမီးဝိုင်း ဖြစ်နေရပြီဖြစ်သည်။ သူသည် အကူအညီပေးချင်ပါသော်လည်း ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားများမှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ဖိနှိပ်ချုပ်တည်းနေ၏။ ထို့ကြောင့် သူသည် အချိန်မီ ကူညီပေးနိုင်တော့မည် မဟုတ်ပေ။
စွန်းဟေ့အား မည်သည့်အရာကမှ တားဆီးနိုင်တော့မည်ပုံ မပေါ်ပေ။ ထိုအချိန်တွင် စွန်းဟေ့၏ မျက်နှာအမူအရာမှာ တုန်လှုပ်ချောက်ချားသွားရတော့သည်။ ရေဘဝဲကြီးနှင့် ပင်လယ်ကြီးတို့ကြောင့် ပိတ်မိနေသော ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှအားကောင်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် သွေးရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများနှင့် အဖြူရောင်အမျှင်အတန်းများ အပြင်ဘက်သို့ ဆန့်ထွက်လာကြ၏။ မျက်စိတစ်မှိတ်အတွင်းတွင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွားတော့သည်။ အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများနှင့် အဖြူရောင် အရိုးအမျှင်အတန်းများကြောင့် သူ၏ ပုံပန်းသွင်ပြင်မှာ ကြောက်မက်ဖွယ်ရာကောင်းနေ၏။ ဝမ်ပေါင်လဲ့မှာ ရေဘဝဲကြီး၏ အနက်ရောင်မီးခိုးငွေ့များနှင့် လက်တံများကို လျစ်လျူရှုကာ သူ၏ညာဘက်လက်ကို မြှောက်လိုက်ပြီးနောက် ထိုရေဘဝဲကြီးအား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ရေဘဝဲကြီး၏ လက်တံများ သွေးရူးသွေးတန်း ရုန်းကန်နေကြသည်ကို ဂရုစိုက်နေခြင်းမရှိဘဲ ခံစားချက်မပါသော မျက်နှာအမူအရာဖြင့် သူ၏ညာဘက်လက်အား ညှစ်လိုက်၏။ ထိုအခါ ရေဘဝဲကြီးမှာ အော်ဟစ်မြည်တမ်းကာ ချက်ချင်းပင် တစ်စစီကြေမွသွားတော့သည်။ ၎င်းမှာ မီးခိုးငွေ့များအသွင် ပြောင်းလဲသွားပြီးနောက် လွင့်ပါးပျောက်ကွယ်သွား၏။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး အံ့ဩတုန်လှုပ်နေသည့် စွန်းဟေ့အား စိုက်ကြည့်လိုက်၏။ ထိုအခါ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာထဲမှ စွန်းဟေ့၏ အငွေ့အသက်နီးပါး အားကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာတော့သည်။
၎င်းမှာ စွန်းဟေ့၏ ကျင့်ကြံခြင်းစွမ်းအားများထဲမှ ထွက်ပေါ်နေသည့် ဖိနှိပ်အားများနှင့် ရိုက်ခတ်နေကြပြီ ဖြစ်သည်။
ထိုရိုက်ခတ်မှုများကြောင့် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ထို့ကြောင့် မျက်လုံးဖြင့် မမြင်နိုင်သော ဘီလူးကြီးနှစ်ကောင်မှာ အစွမ်းကုန် ယှဉ်ပြိုင်တိုက်ခိုက်နေကြသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏စွမ်းအားများကို ထုတ်လွှတ်လိုက်သောအခါ စွန်းဟေ့မှာ အသက်ရှူသံများ မြန်ဆန်လာရ၏။ သူသည် အံ့ဩတုန်လှုပ်နေရာမှ သတိပြန်ကပ်နိုင်အောင် ကြိုးစားလိုက်ပြီးနောက် မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ် အငွေ့အသက်များဖြင့် တောက်ပသွားတော့သည်။ သူသည် မန္တန်လက်ကွက်အချို့ ထပ်ဖော်လိုက်သောအခါ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် ပင်လယ်ရေများမှာ အလျင်အမြန် စုဝေးလာကြပြီး ပေရာပေါင်းများစွာ မြင့်မားသော ရုပ်ထုကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ထိုရုပ်ထုကြီးမှာ စွန်းဟေ့နှင့် ဆင်တူပေသည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ ဖိနှိပ်ချုပ်တည်းနိုင်ရန် ကြိုးစားနေသည်။
ဝမ်ပေါင်လဲ့မှာမူ စိတ်ပျက်နေသည့် အမူအရာဖြင့် အသာအယာ ခေါင်းယမ်းလိုက်၏။ ထိုရုပ်ထုကြီး ရှေ့သို့ရောက်လာသောအခါ သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းသွားပြီး ညာဘက်လက်ကိုမြှောက်ကာ ထိုးနှက်လိုက်တော့သည်။
သူ၏ စွမ်းအားများမှာ သုံးဆတိတိ ပိုတိုးလာပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကြောင့် ပို၍ပင် အစွမ်းထက်နေသေးသည်။ ထို့အပြင် သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့သည်ဖြစ်ရာ သူ ထုတ်လွှတ်လိုက်သည့် လက်သီးချက်မှာ အရည်အချင်းစမ်းသပ်ပွဲထဲ၌ ထုတ်လွှတ်ခဲ့သည့် လက်သီးချက်ထက် အများကြီးပို၍ အားကောင်းနေ၏။ သူ၏ လက်သီးချက်ကြီး ထွက်ပေါ်လာသောအခါ လေထုကြီးမှာ သိမ့်သိမ့်တုန်သွားရတော့သည်။ ထို့နောက် သူ၏ လက်သီးချက်ကြီး ရုပ်ထုကြီးပေါ်သို့ ကျရောက်သွားသောအခါ လေထဲတွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားပြီးနောက် အက်ကွဲသံများ စတင်ထွက်ပေါ်လာတော့သည်။
စွန်းဟေ့၏ ရုပ်ထုကြီးပေါ်တွင် အက်ကွဲကြောင်းပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာ၏။ အသက်ရှူကြိမ် နှစ်ကြိမ်အတွင်းတွင် ၎င်းမှာ ပြိုလဲပျက်စီးသွားသောကြောင့် စွန်းဟေ့မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရတော့သည်။ သူသည် မယုံကြည်နိုင်လောက်အောင်ဖြစ်နေသော မျက်ဝန်းများဖြင့် နောက်သို့ အလောတကြီး ပြန်လည်ဆုတ်ခွာသွား၏။ သို့သော် သူသည် တိုက်ကွက်အကုန်လုံး ထုတ်မသုံးရသေးပေ။ ထို့ကြောင့် သူသည် လေထဲတွင် ရစ်ဝဲနေရင်း သူ၏နဖူးအား ညာဘက်လက်ဖြင့်ရိုက်လိုက်၏။ ထိုအခါ သူ၏နဖူးထဲမှ ဝင်းလက်တောက်ပသော အလင်းတန်းတစ်တန်း ထိုးထွက်လာပြီး သူ၏ရှေ့၌ မှန်တစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။
ထိုမှန်မှာ ဝမ်ပေါင်လဲ့အား မျက်နှာမူနေသောကြောင့် သူ၏ပုံရိပ်မှာ မှန်ထဲ၌ ပြန်ပေါ်နေ၏။ စွန်းဟေ့မှာမူ အသံကုန်အော်ဟစ်ကာ ထိုမှန်အား လက်ဝါးဖြင့် လှမ်းရိုက်လိုက်သည်။ ထိုမှန်လေး ကွဲအက်ပျက်စီးသွားသောအခါ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး အထူးတဆန်းဖြစ်နေသော မျက်ဝန်းများဖြင့် စွန်းဟေ့ဆီသို့ ပြေးသွားလိုက်တော့သည်။
” အလုပ်မဖြစ်ပါလားဟ။ မဖြစ်နိုင်တာ ” စွန်းဟေ့မှာ အံ့ဩတုန်လှုပ်သွားရပြီ ဖြစ်သည်။ သူသည် နောက်ထပ်မှန်တစ်ချပ် ထပ်၍ထုတ်လွှတ်လိုသောကြောင့် နောက်သို့ ထပ်ဆုတ်သွားလိုက်ပြန်သည်။ သူသည် ထို မှန်၏ တိုက်ကွက်အား ထပ်၍ ထုတ်သုံးရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့အရှိန်အဟုန်ဖြင့် ပြေးထွက်လာ၏။ ထို့နောက် ထိုမှန်ထဲ၌ သူ၏ပုံရိပ် ပေါ်မလာခင်မှာပင် ဝမ်ပေါင်လဲ့မှာ ညာဘက်လက်ကိုမြှောက်ကာ အနက်ရောင်လှံတစ်လက်ကို ဆွဲထုတ်လိုက်တော့သည်။ ထို့နောက် သူသည် ထိုလှံကြီးအား လှမ်းပစ်လိုက်သဖြင့် လေထဲတွင် မိုးကြိုးပစ်သံများနှင့် မိုးခြိမ်းသံများ အဆင်မပြတ် ထွက်ပေါ်လာတော့သည်။
ထိုလှံကြီးမှာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုသည့် ပုံစံဖြင့် မှန်လေးဆီသို့ လှစ်ခနဲ ရောက်ရှိသွား၏။ ထိုအခါ စွန်းဟေ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။ သူသည် သူ၏ မှန်လေးအား နောက်သို့ ပြန်ဆွဲယူရန် ကြိုးစားလိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ အနက်ရောင်လှံကြီးမှာ မှန်လေးအား ထိုးဖောက်သွားသဖြင့် ပေါက်ကွဲသံ အကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး မှန်လေးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားရတော့သည်။ စွန်းဟေ့မှာ ထိုပေါက်ကွဲမှုအား ရှောင်တိမ်းနိုင်ရန် လှစ်ခနဲ လှုပ်ရှားလိုက်၏။ သူ ပြန်ပေါ်လာသည့်အချိန်တွင် သူသည် ပြည်သူ့ရင်ပြင်၏ အခြားတစ်ဖက်သို့ ရောက်နေပြီ ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား မယုံကြည်နိုင်လောက်အောင်ဖြစ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။
” ယွမ်ယင်အဆင့် ကျင့်ကြံသူတွေရဲ့ အစွမ်းဆိုတာ ဒါလားကွ ” ဝမ်ပေါင်လဲ့မှာ စွန်းဟေ့အား လှမ်းကြည့်ကာ အထင်သေးသည့်လေသံဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် အချိန်ကုန် မခံလိုတော့သောကြောင့် ခေါင်းယမ်းလိုက်တော့သည်။ သူသည် အားနည်းသော ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မတိုက်ခိုက်လိုပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏မြည်းလေးအား ဖမ်းထည့်ထားသော ဒယ်အိုးကြီးဆီသို့ လျှောက်လှမ်းသွားလိုက်၏။
စွန်းဟေ့မှာမူ လေထဲတွင်ရစ်ဝဲနေရင်း မျက်စိမျက်နှာပျက်နေရပြီဖြစ်သည်။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်နေသည့်အချက်ကို ငြင်းဆန်၍ မရပေ။
သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများနှင့် ဓမ္မရတနာများမှာ ယွမ်ယင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မထူးမခြားနားပင်။ အမှန်အတိုင်း ဆိုရမည်ဆိုလျှင် သူ၏ ခုခံမှုစွမ်းအားများမှာ ယွမ်ယင်အဆင့်ကျင့်ကြံသူများထက်ပင် ပို၍ သာလွန်နေလောက်ပေသည်။ သူသည် စွန်းဟေ့၏ ကျင့်ကြံခြင်းစွမ်းအားများထဲမှ ထွက်ပေါ်လာသည့် ဖိနှိပ်အားများကို ခုခံတွန်းလှန်နိုင်ခဲ့သည် မဟုတ်ပါလော။
သို့သော် သူသည် ဝမ်ပေါင်လဲ့အား သူ၏မြည်းလေးကို အလွယ်တကူ ပြန်ခေါ်သွားခွင့် ပေးလိုက်မည်ဆိုပါက ထိုသတင်းများမှာ တစ်ဂိုဏ်းလုံးထဲ၌ ချက်ချင်း ပျံ့နှံ့သွားမည်ဖြစ်ကြောင်း သိထား၏။ ထိုသို့သာဆိုလျှင် သူသည် အရှက်တကွဲအကျိုးနည်း ဖြစ်သွားရမည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် အခွင့်အရေးရတုန်း မယူမိခဲ့သည့်အတွက် နောင်တများပင် ရလာတော့သည်။ သူသည် ထိုကဲ့သို့ ဝေခွဲမရ ဖြစ်နေရစဉ်မှာပင် သူ၏ မျက်ဝန်းများမှာ အရောင်လက်သွား၏။
” မဟုတ်သေးပါဘူး။ သူ့ဆီမှာ အားနည်းချက်ကြီးတစ်ခု ရှိနေသေးတယ်လေ…. သူက တည်နေရာပြောင်းရွှေ့နိုင်စွမ်းမှ မရှိဘဲ ”
စွန်းဟေ့မှာ ထိုသို့တွေးလိုက်ပြီးနောက် မျက်လုံးများမှေးကာ ညာဘက်လက်ကိုမြှောက်၍ မန္တန်လက်ကွက်များ ဖော်လိုက်တော့သည်။ ထိုအခါ ပင်လယ်ရေ အမြောက်အမြား ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာကာ လှံတစ်လက်အသွင် ပြောင်လဲသွားပြီးနောက် သူသည် ၎င်းအား ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်တော့သည်။
ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားပြီး ဝမ်ပေါင်လဲ့၏ဘေး၌ ပြန်လည်ပေါ်ပေါက်လာ၏။ သူသည် သူ၏ လက်ချောင်းဖြင့် လှမ်းထိုးလိုက်ပြီးနောက် သူ၏ တိုက်ကွက် အောင်မြင်မှုရှိမရှိကိုပင် စောင့်ကြည့်မနေတော့ဘဲ အဝေးသို့ပြန်၍ တည်နေရာပြောင်းရွှေ့သွားပြန်သည်။
” စိတ်ရှုပ်စရာပါလား ” ဝမ်ပေါင်လဲ့မှာ ဆက်လက်တိုက်ခိုက်ချင်စိတ် မရှိတော့ပါသော်လည်း စွန်းဟေ့မှာ တိုက်ကွက်များကို အဆက်မပြတ် ထုတ်လွှတ်နေသောကြောင့် မျက်မှောင်ကြုတ်သွားရ၏။ ထို့ကြောင့် သူသည် ပုတီးစေ့များကို လက်တစ်ဆုပ်စာ ထုတ်ယူလိုက်တော့သည်။ ၎င်းတို့မှာ နယ်မြေများကို ယာယီချုပ်နှောင်နိုင်စွမ်းရှိသော နယ်နိမိတ် အချုပ်အနှောင် ပုတီးစေ့များ ဖြစ်ပေသည်။
ထိုပုတီးစေ့ တစ်လုံးထဲနှင့် နယ်မြေတစ်ခုအား ချုပ်နှောင်နိုင်စွမ်းရှိပေသည်။ ဝမ်ပေါင်လဲ့မှာ ရက်ရောသူတစ်ယောက်ဖြစ်ရာ ပုတီးစေ့ ဆယ့်နှစ်လုံးခန့် ထုတ်ယူလိုက်၏။ ထို့ကြောင့် သူ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် ရပ်တန့်သွားရတော့သည်။ အဝေးတစ်နေရာသို့ တည်နေရာပြောင်းရွှေ့သွားခဲ့သည့် စွန်းဟေ့မှာလည်း လှုပ်ရှားနိုင်စွမ်းမရှိတော့ဘဲ ချက်ချင်းဆိုသလိုပင် ရပ်တန့်သွားရ၏။
ထိုအဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် စွန်းဟေ့မှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကိုမြှောက်ကာ စွန်းဟေ့၏ ဦးခေါင်းအား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် တိုက်ကွက်တစ်ကွက် ထုတ်သုံးရန် ပြင်လိုက်စဉ်မှာပင် ပင်မကျွန်းရှိရာဘက်မှ အငွေ့အသက်နှစ်ခု အရှိန်အဟုန်ဖြင့် ရောက်ရှိလာ၏။ ၎င်းတို့မှာ ယွမ်ယင်အဆင့်ထက် သာလွန်ပြီး ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေသော အငွေ့အသက်များ ဖြစ်ကြပေသည်။
ထို့နောက် ကောင်းကင်ယံထဲ၌ မြဲ့လျဲ့ကျိ၏ စကားသံကြီး ပဲ့တပ်ထပ်သွားပြီး ဝမ်ပေါင်လဲ့နှင့် စွန်းဟေ့တို့၏ကြားတွင် အသံလှိုင်းတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာတော့သည်။
” ရပ်လိုက်စမ်း “