ရီဖူရှင်း၏စကားကို ကြားပြီးနောက် ချင်ကလန်မှ လူတိုင်း၏ မျက်နှာများ နက်မှောင်သွားကြသည်။ သူတို့ကား အဆုံးစွန်သော အရှက်ခွဲခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
လေထဲမှ ပရိသတ်များက သည်ချောမောသော လူငယ်လေးအား ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ ရီဖူရှင်းက ချင်ကလန်မှ ပါရမီရှင် ခုနစ်ယောက်အား ဖယ်ရှားရန် သံစဉ်တစ်ပုဒ်ကိုသာ တီးခတ်ခဲ့သည်။ ထိုအဖြစ်မှာ ကြယ်ကိုးပွင့် ကောင်းကင်အဆင့် တန်ခိုးရှင်များအတွက် တကယ်ပင် မျက်နှာပျက်စရာ ဖြစ်နေလေပြီ။ ချင်ကလန်မှ မှော်ပညာနှင့် သူတို့၏တပည့်များမှာ ကောလာဟလများ ပြောသည့်အတိုင်း ဆိုလျှင် ရီဖူရှင်းပြောသော စကားများအား သူတို့က မည်သို့ ခံစားရမည်နည်း။
အဆိုးရွားဆုံးကား သူပြောသည့်ပုံစံပင်။ ရီဖူရှင်း၏လေသံကား တည်ငြိမ်အေးချမ်းသည်။ သူ့မျက်နှာတွင် အပြုံးတစ်ခုရှိနေသည်။ သူက တကယ့် အတည်ပေါက်လို ပြောနေသည့်ပုံစံပင်။ အမှန်တကယ်ပင် အသံတိတ် လူသတ်သမား ဖြစ်သည်။
ကြမ်းပြင်တွင် လေးဖက်ထောက် ထလာရင်းမှ စုမူကား တွင်းတူးကာ မိမိကိုယ်ကို မြေမြှုပ်ပစ်ချင်နေလေပြီ။ လူတိုင်းက သူ့အား စိုက်ကြည့်နေကြသည်ကို သူသိသည်။ သည်နေ့မှ စ၍ လူတိုင်းက သူ့ကို ကြည့်တိုင်း သည်တိုက်ပွဲကို သတိရကြမည် ဖြစ်သည်။ သည်အခိုက်အတန့်တွင် စုမူ မည်သို့ ခံစားရမည်ကို ပြောရန် ခက်ခဲလှသည်။
“မင်းက အနိုင်ရတယ် ဆိုရင်တောင် တခြားလူတွေကို စော်ကားဖို့ လိုလို့လား… ငါက အများကြီး သင်ယူဖို့ လိုသေးတယ်ဆိုတာ နားလည်ပါတယ်… ဒါပေမဲ့ မင်းလည်း နောက်တစ်ဆင့်ကို ကျော်ဖြတ် နိုင်လိမ့်မယ်လို့ ငါမယုံဘူး…” စုမူက ရီဖူရှင်းအား ထိုးနှက်လိုက်သည်။
“ဟုတ်တာပေါ့… ချင်ကလန်ရဲ့ မှော်ဂီတပညာကို ထိတွေ့ခွင့် ရတယ်ဆိုတော့ ဒီခရီးက ငါ့အတွက် အလကားတော့ မဖြစ်ခဲ့ဘူးပေါ့…” ရီဖူရှင်းက ပြုံးသည်။ စုမူ အမှန်တကယ်ပင် အခေါင်းပေါက်တစ်ခု ရှာကာ ပုန်းကွယ်နေချင်သည်။ သူ့မျက်နှာကား မည်းမှောင်နေသည်။ သည်စကားမှာ တိုက်ပွဲမတိုင်မီက သူက ရီဖူရှင်းကို ပြောခဲ့သည့်စကားပင်။
“နောက်ဆုံးရိုက်ချက်…” ပရိသတ်များကလည်း မည်သို့မှ မပြောနိုင်သလို စုမူနှင့် တခြားလူများလည်း ပြောစရာမရှိပေ။ အမှန်တွင် သူတို့မှာလည်း စကားပြောရန်ပင် အလွန် ရှက်ရွံ့နေပြီဖြစ်သည်။ မျက်နှာများ ညိုမှိုင်းလျက် သူတို့အားလုံး ဖန်းဟွာစင်မြင့်ပေါ်မှ ဆင်းသွားကြသည်။
အမှန်တွင် စုမူက ဖန်းဟွာစင်မြင့်ပေါ်သို့ ရောက်သည်နှင့် ပထမဆုံး သူလုပ်သည်မှာ ရီဖူရှင်းအား ရန်စခြင်းပင်။ ရီဖူရှင်းက စုမူအား တစ်ခွန်းမှပင် ပြန်မပြောခဲ့သေးပေ။ စုမူက သူသေချာ အနိုင်ရမည်ဟု ယုံကြည်ခဲ့သည်။ တိုက်ပွဲက သည်ကဲ့သို့ အဆုံးသတ်ခဲ့ လိမ့်မည်ဟု မည်သူမှ မထင်မှတ်ခဲ့ကြပေ။
အမှန်တွင် စုမူက ယုံကြည်မှု လွန်ကဲခဲ့ခြင်း ဖြစ်သည်။ လေ့လာသည့် ပညာအမျိုးအစားအရ မှော်ဂီတပညာမှာ တခြားပညာများနှင့် ကွဲပြားသည်။ တန်ခိုးအဆင့် မတူညီသောသူနှင့် ယှဉ်ပြိုင်ရန် အလွန်ခက်ခဲသည်။ ထို့အပြင် ချင်ကလန်မှာ ကန်ယီနိုင်ငံအတွင်း အကောင်းဆုံး မှော်ဂီတပညာ ကလန်ဟု သတ်မှတ်ခံထားရသည်။ စုမူကား သူ့မှော်ပညာမှာ ရီဖူရှင်းထက် ပိုမို၍ အားကောင်းသည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ထိုကောက်ချက်များ အားလုံးမှာ လွဲမှားခဲ့ရသည်။
လေထဲတွင် ဘေချူက ရီဖူရှင်းအား စိုက်ကြည့်နေသည်။ ရီဖူရှင်းက ချင်ကလန်မှ တပည့်ခုနစ်ယောက်အား အနိုင်ယူခြင်းဖြင့် ချင်ကလန်၏ဂုဏ်အား ထိခိုက်စေခဲ့သည်။
လူတိုင်းက မနေ့က ဘေချူနှင့် ရီဖူရှင်းတို့၏ စကားများအား ပြန်တွေးမိကြသည်။ ယခုမှသာလျှင် ရီဖူရှင်းက အဘယ်ကြောင့် ဘေချူ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်ကို နားလည်လိုက်ကြသည်။ အကယ်၍ သူက ချင်ကလန်မှ လူများအား အနိုင်ယူနိုင်မှတော့ ချင်ကလန်တွင် ပညာသင်ယူရန် မလိုအပ်တော့ပေ။ ထိုသို့တွေးမိလျှင် လူအတော်များများက ဘေချူကို ကြည့်မိကြသည်။
အကယ်၍ ရီဖူရှင်းနှင့် ဘေချူတို့သာလျှင် တိုက်ပွဲတွင် တွေ့ဆုံခဲ့ကြပါက ဘေချူက ယခင်တိုက်ပွဲမှ အရှုံးများအား ဆယ်ယူရန် ရီဖူရှင်းအား ပြင်းထန်စွာ အနိုင်ယူရန် ကြိုးစားမည်မှာ သေချာလှသည်။
ရီဖူရှင်းနှင့် သိပ်မဝေးသော နေရာတွင် ဟွာကျီဇင်နှင့် ဒီမွန်ကလန်တို့၏ တိုက်ပွဲမှာလည်း အဆုံးသတ်ခါနီးပြီ ဖြစ်သည်။ လှပသော မိန်းမပျိုလေးက တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသော အချိန်တွင် ယွန်ဒီအပါအဝင် ဒီမွန်ကလန်မှ တခြား လူနှစ်ယောက်တို့မှာ ရှုံးနိမ့်ခဲ့ရပြီး ဖြစ်သည်။
ဟွာကျီဇင်နှင့် ယွန်ဒီတို့မှာ ဖန်းဟွာအဆင့်တွင် ပါဝင်ရန် တစ်ပေးခံထားရသော ပါရမီရှင်များဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံးမှာ ထက်မြက်သော ပါရမီရှင်များဖြစ်ကြသည်။ သို့သော်လည်း ဟွာကျီဇင်မှာ ယွန်ဒီထက် တန်ခိုးအဆင့်ပိုများသည်။ ထို့ကြောင့် ဟွာကျီဇင်က အနိုင်ရသောအခါ ပရိသတ်က သိပ်မအံ့သြကြပေ။
ပထမ တိုက်ပွဲတွင်ပင် သူက ယူချင်းကဲ့သို့သော သာမန်မဟုတ်သော ပါရမီရှင် တိုက်ခိုက်ရေးသမားနှင့် တွေ့ဆုံကာ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။ ယခု ဟွာကျီဇင်နှင့် တွေ့ဆုံခဲ့သည်။ သူတို့အားလုံး ပြောနိုင်တော့သည်က သည်လူငယ်ပါရမီရှင်လေးမှာ အလွန် ကံဆိုးလှသည်ပင်။
“ရီဖူရှင်း… ဟွာကျီဇင်… အောင်မြင်တယ်…” အကြီးအကဲက ရလဒ်ကို ကြေညာသည်။ ယွန်ဒီကား ထင်မှတ်ထားသည်ထက်ပင် ပိုမို၍ စောစီးစွာ ပြုတ်သွားခဲ့သည်။ ပရိသတ်များကား သက်ပြင်းသာ ချနိုင်သည်။ ယွန်ဒီကို ဧကရာဇ်က စဉ်းစားပေးရန်ပင် အခွင့်အရေး မရတော့ပေ။
ဟွာကျီဇင်နှင့် ရီဖူရှင်းတို့ မျက်လုံးချင်းဆုံမိလျှင် ပြုံးလိုက်ကြသည်။ ထို့နောက် သူတို့က ဖန်းဟွာစင်မြင့်မှ ဆင်းသက်သွားကြသည်။ ကောင်းကင်အဆင့်မှ လူငယ်များ၏ တိုက်ပွဲပြီးများကား ပြီးဆုံးသွားပြီ ဖြစ်သည်။ နောက်ဆုံးတွင် ဧကရာဇ်က ဖန်းဟွာ အဆင့်အတွက် စဉ်းစား သတ်မှတ်ရန် လူငယ်ငါးယောက်သာ ကျန်ရစ်ခဲ့သည်။ ထိုလူငယ်ငါးယောက်မှာ ယူချင်း။ လင်းယွီယို။ ဟွာဂျီယူ။ ဟွာကျီဇင်နှင့် ရီဖူရှင်းတို့ ဖြစ်ကြသည်။
မမျှော်လင့်ဘဲ ထိုငါးယောက်ထဲတွင် မိန်းမလှ နှစ်ယောက် ပါဝင်သည်။
ယူချင်း ရီဖူရှင်းနှင့် ဟွာဂျီယူတို့မှာလည်း တစ်အုပ်စုတည်း ဖြစ်သည်ကို လူအများက သတိထားမိကြသည်။ ယူချင်းနှင့် ရီဖူရှင်းမှာ အလွန်အမင်း ရင်းနှီးပုံရပြီး ရီဖူရှင်းနှင့် ဟွာဂျီယူမှာလည်း ချစ်သူများ ဖြစ်ဟန်တူသည်။ ယူချင်းနှင့် ရီဖူရှင်းတို့မှာ ညီအစ်ကိုများ အလားပင်။ သည်မတိုင်မီက ရီဖူရှင်းအတွက် ယူချင်းက ဘေချူအား ဒေါသတကြီး ပြောဆိုခဲ့သေးသည်။
ယခု သူတို့ သုံးယောက်လုံးမှာ ဖန်းဟွာအဆင့်အတွက် အကြိုရွေးချယ်ခြင်း ခံရပြီး ဖြစ်သည်။ သူတို့အား သတိမပြုမိရန်မှာ အလွန်ခက်ခဲလှသည်။ သူတို့မှာ ကန်ယီနန်းမြို့တော်မှ ဟုတ်ဟန်မတူကြပေ။ မဟုတ်လျှင် သူတို့အား လူအများအပြားက နဂိုကတည်းက သိပြီး ဖြစ်ကြမည်။ သည်လိုဆိုလျှင် သူတို့က ကန်ယီနိုင်ငံ၏ မည်သည့်ဒေသက လာကြသနည်း။
လျင်မြန်စွာပင် လူများက ထိုမေးခွန်းများကို ဘေးကို ခဏ ဖယ်ထုတ် ထားလိုက်ကြသည်။ ဓမ္မအဆင့် ပြိုင်ပွဲဝင်များ၏ တိုက်ပွဲမှာ စတင်တော့မည် ဖြစ်သည်။ ကောင်းကင်အဆင့်မှ လူငါးယောက်သာလျှင် ဖြစ်ကျော်ခဲ့ရာ ဓမ္မအဆင့်မှ လူငယ်များ၏တိုက်ပွဲမှာ ပိုမို စိတ်ဝင်စားဖွယ်ရာ ကောင်းတော့မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့၏တန်ခိုးအဆင့်မှာ ပိုမို မြင့်မားသလို သူတို့သုံးသည့် နည်းစနစ်များမှာလည်း ပိုမို ပြင်းထန်လာမည် ဖြစ်သည်။
ဓမ္မအဆင့် လူငယ်များ၏တိုက်ပွဲမှာ ထင်ထားသလို အလွန် ပြင်းထန်လှသည်။ တိုက်ပွဲပြင်းထန်သလို ပိုမို ထူးချွန်သော လူငယ်များလည်း ပေါ်ထွက်လာကြသည်။
ဥပမာအားဖြင့် အရှင်လေး ရီဝူချင်း…။ မောက်မာကာ အေးစက်သော သူ့ပုံဟန်နှင့်အတူ သူ့ဓားချက်အား ကျော်ဖြတ်နိုင်သူ မရှိပေ။ ထို့အပြင် သူ့သက်စောင့်ဝိညာဉ်အား ယခုထိ မထုတ်လွှတ်ရသေးပေ။ မဟုတ်လျှင် သူကား ယခုထက် ပိုမို ကြောက်မက်ဖွယ် ကောင်းမည်ဖြစ်သည်။ ဓမ္မအဆင့်မှ ထူးချွန်လှချည်ရဲ့ဆိုသော လူငယ်များပင်လျှင် သူ့ဓားချက်အား ခုခံနိုင်မည် မဟုတ်ပေ။
ရီဝူချင်းပြီးလျှင် တခြား ထူးချွန်သော လူငယ်များမှာ ကျောက်ချင်းဖန်။ ကန်ယီကျောင်းတော်မှ ယူဂျန်။ ချင်ကလန်မှ ဘေချူတို့ဖြစ်သည်။ သူတို့အားလုံးမှာ ဖန်းဟွာအဆင့်အတွက် အားကောင်းသော ပြိုင်ပွဲဝင်များ ဖြစ်ကြသည်။ သူတို့စွမ်းဆောင်ရည်မှာ သာမန်မဟုတ်ပေ။ သူတို့အားလုံးမှာ အလွန်ထူးချွန်ကာ ဖန်းဟွာအဆင့်အတွင်းသို့ အကြိုရွေးချယ်ခြင်း ခံကြရသည်။
ထိုလူများအပြင် ဒီမွန်ကလန်မှ လူငယ်တစ်ယောက်။ နောက်လူငယ် ငါးယောက်တို့လည်း အကြိုစာရင်းတွင် ရွေးချယ်ခံခဲ့ရသည်။ သူတို့အားလုံးမှာ အလွန် ကောင်းမွန်သော စွမ်းဆောင်ရည်များအား ပြသထားခဲ့ကြသည်။
ကောင်းကင်အဆင့်မှ ငါးယောက်နှင့် ဓမ္မအဆင့်မှ ဆယ်ယောက်အား အကြို ရွေးချယ်ထားသည်။ ထိုအုပ်စုထဲတွင်မှ ဖန်းဟွာအဆင့်မှ ဆယ်ယောက်ကို ဧကရာဇ်ကိုယ်တိုင် ရွေးချယ်မည်ဖြစ်သည်။ သူတို့အားလုံးအတွက် အခွင့်အရေးမှာ အလွန်ကောင်းနေပြီ ဖြစ်သော်လည်း အလွန် ခက်ခဲနေဆဲဖြစ်သည်။
ထိုလူငယ် ဆယ့်ငါးယောက်ထဲတွင် ဟွာဂျီယူ။ ရီဖူရှင်းနှင့် ယူချင်းတို့မှာ တန်ခိုးအဆင့် အနိမ့်ဆုံးဖြစ်သည်။ လူအများအပြားက အံ့အားသင့်ရသည်။ သူတို့က ထူးခြား ထက်မြက်ခြင်း မရှိလျှင် သည်အဆင့်အထိ ရောက်လာမည် မဟုတ်ပေ။
ထိုသုံးယောက်ထဲတွင် ယူချင်းကား ဖန်းဟွာအဆင့်အတွက် ပါဝင်နိုင်ရန် ဖြစ်နိုင်ဖွယ် အများဆုံးဖြစ်သည်။ ဘုရင်မင်းမြတ်က တန်ခိုးအဆင့်ကြောင့် အဓိက ရွေးချယ်ခြင်း မဟုတ်ဘဲ အရည်အချင်းဖြင့်သာ ရွေးချယ်သည်။ လူဆယ့်ငါးယောက်ထဲတွင် ယူချင်း၏ သိုင်းပညာစွမ်းရည်မှာ အမြင့်ဆုံးဟု သတ်မှတ်နိုင်သည်။ သူကဲ့သို့ သိုင်းစွမ်းရည် ထူးခြား ထက်မြက်သူမရှိရာ ဘုရင်မင်းမြတ်က ရွေးချယ်မည်မှာ သေချာလုနီးပါးပင်။
တခြား တစ်ဖက်တွင် လူအများက ဟွာဂျီယူနှင့် ရီဖူရှင်းအား သိပ်မမျှော်လင့်ကြပေ။ ဟွာဂျီယူ၏ပြိုင်ဘက်မှာ လင်းယွီယို ဖြစ်လာနိုင်သည်။ ကန်ယီနိုင်ငံ၏နံပါတ်တစ် အလှမယ်ဖြစ်သည့်အလျောက် လင်းယွီယိုကား အလှအပတွင်သာမက အရည်အချင်းတွင်လည်း အကောင်းဆုံးထဲမှ အကောင်းဆုံးဖြစ်သည်။ သူမ၏ဂုဏ်သတင်းက ကျော်စောလှရာ ဟွာဂျီယူအတွက် သူမအား ဖြတ်ကျော်နိုင်ရန် အလွန် ခက်ခဲဖွယ်ရှိသည်။
ရီဖူရှင်းအတွက် အလေးမသာသည်မှာ ရိုးရှင်းသည်။ သူက အလွန် ထူးချွန်သော်လည်း မှော်ဂီတပညာရှင်တစ်ယောက် အနေဖြင့် သူရင်ဆိုင်ရမည့်သူမှာ ချင်ကလန်မှ မှော်ဂီတပညာရှင် ဘေချူဖြစ်နိုင်နေပေသည်။ ရီဖူရှင်းက သူ့လောင်းရိပ် မိနေနိုင်သည်။ ဘုရင်မင်းမြတ်က ဖန်းဟွာအဆင့်တွင် မှော်ဂီတပညာရှင် နှစ်ယောက်ကို ရွေးချယ်မည် မဟုတ်ပေ။ ထို့ကြောင့် ဘေချူကြောင့်ပင်လျှင် ရီဖူရှင်းက ဖန်းဟွာအဆင့်တွင် မပါဝင်ရန် များနေပေသည်။
ထို့အပြင် ရီဖူရှင်းက ချင်ကလန်မှ ဘေချူအား သည်မတိုင်မီက စော်ကားခဲ့ရာ ဘေချူက သူ့အား ဦးတည်ကာ စိန်ခေါ်တော့မည်မှာ သေချာသည်။
တိုက်ပွဲခြောက်ပွဲ ပြီးသွားသော်လည်း အချိန်ကာလအားဖြင့် သိပ်မကြာမြင့်ခဲ့ပေ။ ဧကရာဇ်ရီက ကောင်းကင်မှ လူအုပ်ကြီးအား ကြည့်လိုက်သည်။ ပြုံးလျက် သူက ပြောသည်…“ဒီတိုက်ပွဲတွေအပြီး ငါတို့က နည်းနည်း နားလိုက်ရင် မကောင်းဘူးလား… မင်းတို့တွေကလည်း ကိုယ့်ဘာကို တောင်းဆိုချင်တယ် ဆိုတာကို သေချာ စဉ်းစားလို့ရတယ်… မင်းတို့တွေထဲက တချို့က သေချာစဉ်းစား ပြင်ဆင်ဖို့ လိုမှာပဲ…..”
လူအများအပြားက ရယ်မောကြသည်။ ဖန်းဟွာ အဆင့်အတွင်းမှ ထိပ်ဆုံးသုံးယောက်က ဘုရင်မင်းမြတ်ထံမှ တောင်းဆိုမှုတစ်ခုအား ရယူရန် အခွင့်အရေးရှိရာ သည်အခွင့်အရေးမှာ ရှားမှရှားလှသော အခွင့်အရေးဖြစ်သည်။ သူတို့က သည်အခွင့်အရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားရမည်ဖြစ်သည်။ သို့သော်လည်း ထိပ်ဆုံးသုံးယောက် စာရင်းဝင်ရန်မှာ ဖန်းဟွာ အဆင့် အတွင်းဝင်ရန်ထက် အဆမတန် ခက်ခဲ့လှသည်။ သည်လူ ဆယ့်ငါးယောက်ထဲတွင် လူအနည်းငယ်မျှသာလျှင် ထိပ်ဆုံး သုံးယောက်စာရင်းဝင်ရန် မိမိကိုယ်ကို ယုံကြည်မှုရှိကြသည်။
ဧကရာဇ်ရီက ပြောပြီးသည်နှင့် သူ့စီးတော်ယာဉ်နှင့် ပြန်လည် ထွက်ခွာသွားသည်။ နန်းတော်အပြင်မှ လူအုပ်ကမူ ထိုနေရာတွင်ပင် ကျန်နေရစ်သည်။ ညနေရောက်ရန် သိပ်မကြာတော့ရာ သူတို့က ထိုနေရာတွင်ပင် စောင့်နေကြတော့မည့် သဘောရှိသည်။
မည်သူတို့အား ဘုရင်မင်းမြတ်က ရွေးချယ်မည်နည်း။ မည်သူတို့က ထိပ်ဆုံးသုံးယောက် စာရင်းဝင်မည်နည်း။ လူအများအပြားက အကြောင်းအရာမျိုးစုံအား ဆွေးနွေးနေကြသည်။ ကောင်းကင်မှ စကားသံများကာ မိုမို၍ ဆူညံနေသည်။
ရီဖူရှင်းတို့ အုပ်စုကလည်း နန်ဒူဝန်ယမ်နှင့် ဟွာဖန်းလူတို့ထံ ပြန်လည် ရောက်ရှိလာသည်။
“ဆရာ… မကြာခင် ဆရာ့ဒဏ်ရာ သက်သာတော့မယ်…” ရီဖူရှင်းက ဟွာဖန်းလူအား ပြုံးလျက် ပြောသည်။ ကြည့်ရသည်မှာ ထိပ်ဆုံးသုံးယောက် စာရင်းမှာ သူ့အိတ်ထဲတွင် ရှိနေသည့်အလားပင်။
ဟွာဖန်းလူအား ဒဏ်ရာသက်သာရန်မှာ ရီဖူရှင်း၏အပြင်းထန်ဆုံး ဆန္ဒဖြစ်သည်။ အကြီးအကဲချင် သေဆုံးပြီးနောက်ပိုင်း ထိုဆန္ဒက ပိုမို ပြင်းထန်လာသည်။ ထို့ကြောင့် ကန်ယီနိုင်ငံက ဖန်းဟွာပွဲတော်အား ကျင်းပမည်ဟု သတင်းကြားသောအခါ သူက ပြိုင်ပွဲဝင်ရန် အပြေးလာခဲ့သည်။
“ဘုရင်မင်းမြတ်ထံက တောင်းဆိုခွင့်ရမယ် ဆိုတော့ ငါ့ဒဏ်ရာကိုကုဖို့ တောင်းဆိုတာက ဖြုန်းတီးရာ ရောက်တယ်မလား….” ဟွာဖန်းလူက သူ့တပည့်ကို ကြည့်ကာ ပြောသည်။ အကယ်၍ ရီဖူရှင်းက ထိပ်ဆုံးသုံးယောက် စာရင်းဝင်ရန် ကြိုစားလျှင် သူက သေချာပေါက် ရမည်ဖြစ်သည်။ မေးခွန်းကား သူ့အရည်အချင်းများကို မည်မျှထုတ်ပြမည်ဟူ၍သာ။
သူ့ဂီတစွမ်းရည်ကို ထုတ်ပြရုံမျှဖြင့် ရီဖူရှင်းကား ဖန်းဟွာ အဆင့်အတွင်း ဝင်နိုင်သည်။ အကယ်၍ ရီဖူရှင်းက သည့်ထက်စွမ်းရည်များကို ထုတ်ပြလျှင် လူတိုင်းကား မျက်လုံးများ ပြူးကျယ်ကာ ထိုနေရာတွင် ရုပ်တုများ ဖြစ်သွားပေလိမ့်မည်။ ထိပ်ဆုံးသုံးနေရာကား အချိန်ကျလာလျှင် ရမည်မှာ သေချာလှသည်။
“ဟုတ်တယ်… ဒါက ဖြုန်းတီးရာ ကျတယ်ဆိုပေမဲ့ ဆရာက ကျွန်တော့်လို တပည့်ကောင်းကောင်း တစ်ယောက်ရထားလို့လေ…..” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“မင်းရဲ့ အကန့်အသတ်က ဘယ်မှာလဲ…” ဟွာဖန်းလူက မျက်နှာ မှုန်ကုပ်လျက် ပြောသည်။ သူကား ခက်ခဲသော အခိုက်အတန့်လေး တစ်ခုကို ခံစားမည်ကြံကာ ရှိသေးသည်။ ရီဖူရှင်း၏စကားက သူ့အား ဆွံ့အစေသည်။
“ကျွန်တော်က အမှန်ကို ပြောတာ…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။
“ရီဖူရှင်းပြောတာ ဟုတ်တယ်… ရှင်က သူ့လို တပည့်မျိုးရတာ ကံကောင်းတယ်…” နန်ဒူဝန်ယမ်က ပြုံးလျက် ပြောသည်။
“ဆရာကတော်ပဲ ကောင်းတယ်…” ရီဖူရှင်းက ရွှင်ပြစွာ ပြုံးလျက် ပြောသည်။
“ဟွာဖန်းလူက သူ့ဇနီးအား ကြည့်လိုက်သည်။ ထို့နောက် ဟွာဂျီယူဘေးမှ ရပ်နေသော ရီဖူရှင်းအား ကြည့်သည်။ သူ့မျက်နှာပေါ်တွင် ဝမ်းနည်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ထိုစဉ်မှာပင် လူတစ်စု သူတို့ထံ လှမ်းလာနေသည်။ ရီဖူရှင်းက လှည့်ကြည့်လိုက်လျှင် သူတို့ထဲမှ တစ်ယောက်က ပြောသည်…“ရီဖူရှင်း… မင်းက ကလန်တစ်ခုခုကို ဝင်ဖို့ ဆန္ဒရှိလား…”
ရီဖူရှင်းက သူတို့ထံ လာနေသာ အုပ်စုအား ကြည့်လိုက်သည်။ သူတို့မှာ ကွဲပြားသော အင်အားစုများ ပါဝင်နေသည်။ ကြည့်ရသည်မှာ ကလန်ဝင်အသစ်များ ခေါ်ယူနေကြပုံရသည်။
“မလိုအပ်ဘူး… ကျုပ် မတွေးရသေးဘူး…” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောလိုက်သည်… “အခုလိုမေးတဲ့အတွက် ကျေးဇူးပဲ…”
ရီဖူရှင်းက ထူးဆန်းသလို ခံစားရသည်။ သူတို့က သူ့ကိုသာ ဖိတ်ခေါ်ပြီး ယူချင်းအား အဘယ်ကြောင့် မဖိတ်ခေါ်ကြသနည်း။
“ကောင်းပြီ…” လူတိုင်းက ပြုံးလျက် ခေါင်းညိတ်ကြသည်။ လူအုပ်ထဲမှ တစ်ယောက်က ပြုံးလျက် ပြောသည်… “ယူချင်း… ကျုပ်က မင်းကို ကြိုတင်ပြီး ဂုဏ်ပြုစကား ပြောချင်တယ်… ဘုရင်မင်းမြတ်က မင်းကို ရွေးချယ်ခဲ့ရင် အခွင့်အရေးကို လက်လွှတ်မခံနဲ့…”
ယူချင်းက သူ့အား တည်ငြိမ်စွာကြည့်ကာ မည်သို့မှ ပြန်မပြောပေ။ ထို့ကြောင့် ထိုလူများက နှုတ်ဆက်ကာ ပြန်လည် ထွက်ခွာ သွားကြသည်။
ရီဖူရှင်း နောက်ဆုံး နားလည်သွားသည်။ သူတို့က ယူချင်းအား ဖိတ်ခေါ်ခြင်း မပြုကြသည်မှာ သူတို့က ယူချင်းအား ဖိတ်ခေါ်ရန် မိမိကိုယ်ကို ထိုက်တန်သည် မထင်၍ ဖြစ်သည်။ ဆိုလိုသည်က သူတို့က ရီဖူရှင်းအား အထင်သေးခြင်း ဟူ၍ပင်။
ရုတ်တရက် သူ စိတ်ညစ်သွားသည်။ သူတို့က ရီဖူရှင်းအား လာရောက် ဖိတ်ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရီဖူရှင်းက နောက်တစ်ဆင့် တက်ရောက်ရန် မဖြစ်နိုင်ဟု သူတို့ တွေးထင်သောကြောင့်ပင်။
လူတိုင်းက စကား တပြောပြောနှင့် ထွက်ခွာသွားကြသည်။ သူတို့ ဆွေးနွေးမှုများတွင် ယူချင်းကား ဧကရာဇ်က ရွေးချယ်ရန် အခွင့်အလမ်း အများဆုံးဖြစ်သည်။ သို့သော်လည်း ရီဖူရှင်း၏နာမည်ကား တစ်ကြိမ်တစ်ခါမှ ထုတ်ဖော်ပြောခြင်း မရှိကြပေ။
ရီဖူရှင်းက ယူချင်းကို လှမ်းကြည့်လိုက်သည်။ ယူချင်းက သူနှင့် မဆိုင်သလို ပြန်ကြည့်သည်။ မှန်သည် သူ့အပြစ်မဟုတ်ပေ။
***