Switch Mode

အခန်း (၁၂)

နတ်သက်ခြွေဓား

အပိုင်း (၁၂) နတ်သက်ခြွေဓား

အရပ်ပုပြီး ပိန်ပိန်းပါးပါး ဖြစ်သည့် အဘိုးအိုလေးမှာ အသက်သာ ကြီးသော်လည်း ဒေါသအလွန် ကြီးလေသည်။

ငွေချိတ်ကောက် နှစ်ခုသည် သူ့လက်နှစ်ဖက်မှ ထွက်လာပြီး လက်ခနဲ ငွေရောင် တောက်ပ သွားသည်မှာ လေထဲတွင် လရောင် ထွန်းလင်း လာသည်နှင့်ပင် တူလေသည်။

ထိုအရာမှာ ဆွဲဆောင်မှု ရှိသလို အမှန်ပင် အထင်ကြီးစရာလည်း ကောင်းလေသည်။

ငွေချိတ်ကောက်က လျင်မြန်စွာ ဝင်ရောက်လာသည့်တိုင် အစိမ်းရောင်ဝတ် လူလောက်တော့ လျင်မြန်ခြင်းမရှိပေ။

သစ်သားတူ တစ်ချောင်းက ငွေချိတ်ကောက်များနှင့် အသာလေး ထိတွေ့သွားပြီး ငွေချိတ်ကောက်များမှာ လာရာလမ်းအတိုင်း လမ်းကြောင်း ပြောင်းသွားလေတော့သည်။

အဘိုးအိုလေးက သီသီလေး ရှောင်တိမ်း လိုက်သော်လည်း သူ့ဝမ်းဗိုက်တွင် ဒဏ်ရာနှစ်ခု ရသွားပြီ သွေးများ စီးကျ လာလေသည်။

သူက ဝမ်းဗိုက်ကို လက်ချောင်းများဖြင့် ဖိထားရင်း ဆေးပုလင်းလေး တစ်လုံးကို ထုတ်ယူကာ ဆေးလုံးအချို့ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

အဘိုးအိုလေးမှာ အလွန်မှ ရက်စက်ကြမ်းကြုတ်သူ ဖြစ်လေသည်။ သူ၏ငွေချိတ် ကောက်များတွင် အဆိပ်များ သုတ်လိမ်း ထားခြင်းသာ ဖြစ်လေသည်။ ထိုအဆိပ်များမှာ သွေးထဲ ရောက်သွားသည်နှင့် လူကို သေစေနိုင်ပြီး အချိန်တို အတွင်းဖြေဆေး ရမှပင် အသက်ရှင်နိုင်မည် ဖြစ်လေသည်။

အစိမ်းရောင်ဝတ် လူမှာ တိုက်ခိုက်မှုကို တစ်ချက်တည်းကို ခုခံလိုက်ပြီး သူ၏စွမ်းရည်ကို ပြသလိုက်ခြင်း ဖြစ်လေသည်။

ရွှေဓားဘုရင်မှာ အဘိုးအိုလေးအား လျစ်လျူရှု ထားလိုက်ပြီး သူ၏ခြေထောက်များကို လူသုံးယောက်ဆီသို့ ဦးတည် လိုက်သည်။ ဓားကောက်ကြီးကို ကြမ်းပြင်တစ်လျှောက် မွှေ့ယမ်းလိုက်ရာ လေးဖက်လေးတန်တွင် နက်ရှိုင်းသော ဓားရာများ ထင်ကျန် သွားလေတော့သည်။

ရွှေဓားဘုရင်မှာ လမ်းကို မြန်သည်ထက်မြန်အောင် လျှောက်လာလေသည်။ သူ့ဦးခေါင်းထက်မှ အဖြူရောင် မီးခိုးငွေ့များ ထွက်လာပြီး မထင်မှတ်စွာပင် ပုံရိပ်ယောင်များစွာ ထွက်ပေါ်လာလေသည်။ မည်သူက အစစ်ဖြစ်သည်ကို ခွဲခြား၍ မရ။

ရုတ်တရက် အဖြူရောင် အငွေ့များကို ဖြတ်သန်းပြီး ဓားရောင်တစ်ချက် လက်သွားလေသည်။

အစိမ်းရောင်ဝတ် လူက မျက်ခုံးကို ပင့်လိုက်သည်။ ထိုဓားသိုင်းပညာမှာ ဓား၏လှုပ်ရှားမှု အရင်းအမြစ်ကို အခြေခံပြီး မြစ်ရေ အလျင်ကဲ့သို့ အဆုံးမရှိ တိုက်ခိုက်ခြင်း ဖြစ်လေသည်။ ဓားချက်များမှာ အံ့သြစရာ ကောင်းသလို အဆုံးလည်း မရှိပေ။

ရွှေဓားဘုရင်သည် သူမတူသော မွေးရာပါ အစွမ်းများရှိသူ ဖြစ်လေသည်။ သူ၏ သိုင်းစွမ်းရည်မှာ အတွင်းရော အပြင်ရော လေးနက်သိမ်မွေ့ပြီး နားလည်ရ ခက်လေသည်။ ကျန်းဟူတွင် သူက ထိပ်တန်းသိုင်းသမား တစ်ယောက် ဖြစ်ပြီး လျှော့တွက်၍ မရသည့်အထဲတွင် ပါလေသည်။

အရပ်ပုပု ပိန်ပိန်သေးသေး အဘိုးအိုလေးမှာတာ့ မကောင်းသော ဂုဏ်သတင်းဖြင့် ကျော်ကြားသူ တစ်ယောက် ဖြစ်လေသည်။ သို့သော် သူ၏ငွေချိတ်ကောက် သိုင်းပညာမှာ အလွန် အဆင့်အတန်းမြင့်သည့် သိုင်းပညာ ဖြစ်လေသည်။ သူ၏သိုင်းစွမ်း မြင့်မားသော်လည်း ရွှေဓားဘုရင်နှင့် ယှဉ်လိုက်လျှင်တော့ သိုင်းပညာရော အတွင်းအားပါ မိုးနှင့်မြေလို ကွာခြားလေသည်။

ယခုနှစ်များ အတွင်းတွင် အစိမ်းရောင်ဝတ် လူ၏ သိုင်းပညာမှာ ပိုပြီးသိမ်မွေ့ကာ တိုးတက် လာခဲ့သည်။ ကောပိ သဲကန္တာရတွင် မပိတ်မိခင် အချိန်တုန်းက သူ၏သိုင်းစွမ်းက ထိုမျှတိုးတက်ခြင်း မရှိသေးပေ။

ကောပိကန္တာရထဲတွင် သဘာဝတရားနှင့် အသက်သေခြင်းနှင့် ရှင်ခြင်းကြား ရုန်းကန် တိုက်ခိုက်ခဲ့ရခြင်း များကြောင့် သိုင်းပညာ တိုးတက် လာခဲ့လေသည်။ အတိုချုပ် ပြောရလျှင် သူ၏ရှုပ်ထွေးသည့် သိုင်းပညာမှာ ရိုးရှင်းသည့် သိုင်းပညာ အဖြစ်သို့ ကူးပြောင်း သွားခဲ့သည်။ ထို့ကြောင့်ပင် အဘိုးအိုလေး၏ လက်ခနဲသာ မြင်လိုက်ရသည့် ငွေချိတ်ကောက်များ၏ အားနည်းချက်ကိုတွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။

ငွေချိတ်ကောက်များကို တူတစ်ချောင်းဖြင့် လမ်းကြောင်းပြောင်း သွားစေသည်မှာ အမှတ်မထင် ဖြစ်သွားသည်ဟု ထင်ရသော်လည်း ထိုသို့ ဖြစ်ရသည်မှာ သူ၏ထူးခြားသော သိုင်းစွမ်းရည်ကြောင့်ပင် ဖြစ်သည်။

ရွှေဓားဘုရင်မှာ တားဆီးနိုင်မည့်သူ တစ်ယောက်မဟုတ်။ သူ၏ရွှေဓားတွင် စီးဆင်းနေသည့် အတွင်းအားမှာ ပင်လယ်ထဲသို့ စီးဝင်နေသည့် ချန်ကျန်း မြစ်ရေကဲ့သို့ ဖြစ်လေသည်။ လုံး၀ ပြန်လမ်းမရှိပေ။

ရွှေဓားဘုရင်၏ ဓားရိပ်များမှာ အလွန် လျင်မြန်သော်လည်း အစိမ်းရောင်ဝတ် လူက ပိုပြီး လျင်မြန်လေသည်။ လက်တစ်ဖက်က သူတောင်းစားလေးကို ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက် ခုံရှည်တစ်လုံးကို ကောက်ကိုင် လိုက်သည်။

ရွှေဓားဘုရင်၏ ဓားက ရှည်လျားသော်လည်း အစိမ်းရောင်ဝတ် လူကောက် ကိုင်လိုက်သည့် ခုံရှည်လောက်တော့  ရှည်လျားခြင်း မရှိပေ။

အစိမ်းရောင်ဝတ် လူက ခုံရှည်ဆီသို့ အတွင်းအားကို စီးဆင်း စေလိုက်သည်။ ထိုအခါ ခုံရှည်မှာ သတ္တုတစ်ခုကဲ့သို့ မာကျောသွားပြီး ဝင်လာသည့်ဓားချက်ကို ခုခံလိုက်လေတော့သည်။

လေနှင့်မိုးကို အမိန့်ပေးရန်အတွက် ပင်လယ်ထဲမှ နဂါးမင်း ထွက်ပေါ် လာသည်နှင့်ပင် တူလေသည်။

သူကခုံရှည်ကို လက်နက်အဖြစ် အသုံးပြုနေခြင်း ဖြစ်သော်လည်း သူက ဓားကို အသုံးပြုသည့်အတိုင်း အသုံးပြုနေခြင်း ဖြစ်လေသည်။ ခုံရှည်က ရှေ့သို့သာ ဦးတည် သွားနေသော်လည်း အားနည်းချက်ကို တိုက်ခိုက်နိုင်သည့် အပြောင်းအလဲများကို လုပ်ဆောင် နေသည်။

ရွှေဓားဘုရင်၏ ဓားရိပ်က အစားအသောက်များ တင်ထားသည့် စားပွဲကို ခုတ်ချလိုက်သည့် အချိန်တွင် ခုံရှည်က ဓားကို ခုခံတားဆီး လိုက်လေသည်။ ထို့နောက် အစိမ်းရောင်ဝတ် လူမှာ သူတောင်းစားလေးကို ခေါ်ပြီး တံခါးနှင့်ခြေလှမ်း ဆယ်လှမ်း အကွာသို့ ရောက်ရှိ သွားလေသည်။

ဆန်းလျန်က သတိရှိနေသူပီပီ ဘေးသို့ တိမ်းရှောင် ထွက်လိုက်ပြီး ဓားရိပ်များကို ရှောင်လိုက်သည်။

သို့သော် အစိမ်းရောင်ဝတ် လူမှာ စားသောက်ဆိုင် အပြင်ဘက်သို့ ထွက်ခွာသွားနိုင်ခြင်း မရှိတော့ပေ။ အဘယ်ကြောင့် ဆိုသော် ဓားငါးချောင်းမှာ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်း ငါးခုကို ချိန်ရွယ်ထားသောကြောင့် ဖြစ်လေသည်။ သူ၏ ခြေနှစ်ဖက် လက်နှစ်ဖက်နှင့် ဦးခေါင်းတို့ကို ဟန်ချက်ညီညီ ချိန်ရွယ် ထားကြလေသည်။

အစိမ်းရောင်ဝတ် လူက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ကာလိုက်သည်။ အေးစိမ့်သည့် လေများ ရုတ်တရက် တိုက်ခတ်လာပြီး အော်သံများ ကြားလိုက် ရလေသည်။ ထိုအော်သံများထဲမှ အသံတစ်ခုမှာ “နတ်သက်ခြွေဓား” ဟု ခေါ်လိုက်သည့် အသံပင် ဖြစ်လေသည်။

သူတောင်းစားလေးကို ကိုင်ထားသည့် အစိမ်းရောင်ဝတ်လူ၏ နောက်တွင် ရွှေဓားဘုရင် ရပ်နေလေသည်။

သူ၏ရှေ့တွင်တော့ ဆင်တူဝတ်စုံများ ဝတ်ဆင်ထားသည့် ဓားသမား ငါးယောက် ရှိနေလေသည်။

ထိုလူငါးယောက်ကို ဦးဆောင်သူမှာ ဦးခေါင်းထက်တွင် အစိမ်းရောင် ခေါင်းပေါင်း ပေါင်းထားသည့် သက်လတ်ပိုင်း အရွယ်လူရွယ် တစ်ယောက် ဖြစ်လေသည်။ ထိုသူမှ ဝါးရွက်စိမ်းဂိုဏ်း၏ ဂိုဏ်းချုပ်ပင် ဖြစ်လေသည်။

ရုတ်တရက် လူငါးယောက်လုံး၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြလေသည်။ ဝါးရွက်စိမ်း ဂိုဏ်းချုပ် မဟုတ်သည့် ကျန်သည့် လူလေးယောက်မှာ ဒူးထောက်ကျ သွားပြီး သူတို့၏ ခေါင်းများကို လက်ဖြင့် ကိုင်ထား လိုက်ကြလေသည်။ သူတို့၏ ဓားများမှာ လက်ထဲမှ လွင့်ထွက်သွား ကြလေသည်။ နာကျင်မှုက သူတို့ကို လွှမ်းမိုး သွားလေသည်။

အစိမ်းရောင်ဝတ် လူမှာ သူ့ဘဝတစ်ခုလုံး ဂုဏ်အယူဆုံး ဖြစ်သည့် သိုင်းပညာကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။

“နတ်သက်ခြွေဓား” သိုင်းပညာပင် ဖြစ်လေတော့သည်။

အစိမ်းရောင်ဝတ် လူသည် ရှင်ဘုရင်တစ်ပါးကဲ့သို့ မတ်တတ် ရပ်နေလေသည်။ ဝါးရွက်စိမ်းဂိုဏ်း၏ ထိပ်တန်းဂိုဏ်းသား ငါးယောက်ကို သိုင်းကွက် တစ်ကွက်တည်းဖြင့် အတွင်းဒဏ် ပြင်းပြင်းထန်ထန် ရသွားအောင် တိုက်ခိုက်နိုင်ခြင်းမှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။

ထိုသူမှာ မာနကြီးမည် ဆိုလျှင်လည်း ကြီးလောက် ပါပေသည်ဟု ဆန်းလျန် တွေးလိုက်မိလေသည်။

တစ်ချိန်တည်းမှာပင် သူသည် အံ့သြမှုဖြင့် ကြက်သေသေ သွားရလေသည်။

အစိမ်းရောင်ဝတ် လူမှာ သူ့ကိုယ်သူ ဒဏ်ရာရအောင် လုပ်ထားသည့်အတွက် သူ၏အခြေအနေက အကောင်းဆုံး အခြေအနေတော့ မဟုတ်ပေ။

ရွှေဓားဘုရင်သည် အစိမ်းရောင်ဝတ် လူ၏ နောက်တွင် ဓားကိုဆွဲကာ ရပ်နေဆဲ ဖြစ်လေသည်။ သို့သော် သူက နောက်ကျောမှ တိုက်ခိုက်ခြင်းကို ရွံရှာအထင်သေးသည့် သူတစ်ယောက် ဖြစ်လေသည်။ သူသည် ဂုဏ်သိက္ခာရှိသူ တစ်ယောက် ဖြစ်သည့်အပြင် သူ၏သိုင်းပညာမှာလည်း မြင့်မားလေသည်။ လူတစ်ယောက်ကို နောက်ကျောမှ တိုက်ခိုက်သည့် ရှက်စရာကောင်းသော အလုပ်ကို သူမည်သည့်အခါမျှ လုပ်မည် မဟုတ်ပေ။

“နတ်သက်ခြွေဓား” ဆိုသည့်အသံကို ကြားသည်နှင့် သူလည်း နောက်သို့ တစ်ချက်ဆုတ် လိုက်လေသည်။ အစိမ်းရောင် ဝတ်လူမှာ နတ်သက်ခြွေ ဓားသိုင်းနှင့် လက်ဝါးသိုင်းကို ပေါင်းစပ် အသုံးပြုလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ ထိုသိုင်းပညာ နှစ်မျိုးကို ပေါင်းစည်းနိုင်ရန် နည်းလမ်းမရှိပေ။

သူက အသိပညာ ကြွယ်ဝပြီး သိုင်းပညာ၏ အမြဲတမ်း ပြောင်းလဲနေမှုကို ကောင်းစွာ နားလည်သူ ဖြစ်လေသည်။ လက်ဝါးသိုင်းမှာ ဓားသိုင်းနှင့် ယှဉ်တွဲလို့ မရပေ။ ထို့ပြင် ကျန်းဟူတွင် နတ်သက်ခြွေ ဓားသိုင်းမှာ လူအနည်းငယ်သာ သိကြသည့် ဓားသိုင်းပညာ ဖြစ်လေသည်။

ရှေးဆရာကြီးများ လက်ဆင့်ကမ်းခဲ့ကြပြီး ပျောက်ကွယ်လုနီးနီး ဖြစ်နေသည့် ဓားသိုင်းပညာ ဖြစ်လေသည်။ ပညာကို ထိန်းသိမ်းရန် အတွက်သာ လက်ဆင့် ကမ်းခဲ့ကြပြီး လေ့ကျင့်ရန်အတွက် ခွင့်ပြုထားခြင်း မရှိပေ။

အစိမ်းရောင်ဝတ် လူမှာ ပြိုင်ဘက် မရှိအောင် တော်သူဖြစ်သော်လည်း သူ၏ဂိုဏ်းတူအစ်ကို လင်ချုန်းရှောင် လောက်တော့ တော်ခြင်းမရှိပေ။ ထို့ကြောင့်ပင် သူက မကျေမနပ်ဖြစ်ပြီး ဆရာဖြစ်သူကို သတ်ကာ ရှေးဟောင်း လျှို့ဝှက်ဓားကျမ်း ဖြစ်သည့် “နတ်သက်ခြွေဓားကျမ်း” ကိုရယူခဲ့ခြင်း ဖြစ်လေသည်။ “နတ်သက်ခြွေ ဓားသိုင်း” ဟူသည့်အမည် အတိုင်းပင် ဓားသိုင်းပညာ၏ လျှို့ဝှက်ချက်များ များစွာ ပါဝင်လေသည်။ ဓားကျမ်း၏ အစွမ်းမှာ ကျယ်ပြန့်လွန်းပြီး သာမန်လူများ လေ့ကျင့်ရန် မဖြစ်နိုင်ပေ။ အစိမ်းရောင်ဝတ် လူကတော့ အချိန်တို အတွင်းမှာပင် လေ့ကျင့် အောင်မြင်ခဲ့လေသည်။ ဆရာဖြစ်သူအတွက် လက်စားချေလိုသည့် သူ၏ညီအစ်ကို အချို့ကိုလည်း သူက သတ်ပစ်ခဲ့သည်။ သူ၏ဂိုဏ်းတူအစ်ကို လင်ချုန်းရှောင် ပင်လယ် တစ်ဖက်ဆီမှာ ပြန်လာပြီး သူ့ကို နှိမ်နင်းကာ ကောပိကန္တာရသို့ နှင်ထုတ်ခဲ့သည့် အချိန်ထိ ဖြစ်လေသည်။

သို့သော်လည်း လွန်ခဲ့သည့်နှစ်က အစိမ်းရောင်ဝတ် လူမှာ ကောပိကန္တာရထဲမှ ပြန်ရောက်လာပြီး မြို့တော်ကြီးများတွင် ကြီးမားသည့် ပြစ်မှုများကို ကျူးလွန်လျက် ရှိလေသည်။ တရားရေးဆိုင်ရာမှ အရာရှိများပင် သတိပြုမိသည်အထိ ဖြစ်သွားကြလေသည်။ သို့သော် သိုင်းစွမ်းရည် မြင့်မားသည့် မင်းမှုထမ်းများပင် သူ့ကိုဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။

အစိမ်းရောင်ဝတ် လူ၏ဂိုဏ်းတူ အစ်ကို လင်ချုန်းရှောင်မှာ ဓားကိုစွန့်လွှတ်ကာ တာအိုကျင့်စဉ် လမ်းသို့ ဝင်ရောက်ခဲ့ လေသည်။ သူမည်သည့် နေရာသို့ ရောက်နေသည် ဆိုသည်ကို သိရှိသည့်သူ အနည်းငယ်မျှသာ ရှိလေသည်။

သူတို့နှစ်ယောက်ကြားတွင် သမုဒ္ဒရာတမျှ နက်ရှိုင်းသည့် အမုန်းတရားများ ရှိခဲ့ပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ကြခြင်း လေသည်။

လင်ချုန်းရှောင်၏ သိုင်းပညာမှာ အထွတ်ထိပ် အဆင့်သို့ ရောက်ရှိနေပြီးဟု ကျန်းဟူတွင် ပြောစမှတ် ပြုကြလေသည်။ လင်ချုန်းရှောင်မှာ တာအိုပညာများနှင့် မမြင်နိုင်သည့် စွမ်းအားများကိုပင် သိရှိခဲ့ပြီး သူသာရှိမည်ဆိုလျှင် အစိမ်းရောင် ဝတ်လူမှာ ကောပိကန္တာရထဲမှ ထွက်လာရဲမည် မဟုတ်ပေ။

ယခုအချိန်တွင်တော့ အစိမ်းရောင်ဝတ် လူမှာ နတ်သက်ခြွေ ဓားသိုင်းပညာကို လက်ဝါးသိုင်း ပညာနှင့်ပင် ပေါင်းစပ် နိုင်နေပြီ ဖြစ်လေသည်။ သူ၏ သိုင်းပညာမှာ အလွန် မြင့်မားနေပြီး ထိပ်တန်း သိုင်းသမား ငါးယောက်ကိုပင် သိုင်းကွက် တစ်ကွက်တည်းဖြင့် ဒဏ်ရာရအောင် တိုက်ခိုက် နိုင်သည်မှာ ထိတ်လန့်စရာပင် ဖြစ်လေသည်။

သိုင်းစွမ်းရည် မည်မျှပင် မြင့်မားနေပါစေ အများနှင့် တစ်ယောက်ယှဉ်လျှင်တော့ ရှုံးနိမ့်မှာ အသေအချာပင် ဖြစ်လေသည်။

သို့သော် ဝါးရွက်စိမ်း ဂိုဏ်းမှ ထိပ်တန်း သိုင်းသမား ငါးယောက်ကို သိုင်းကွက် တစ်ကွက်တည်းဖြင့် တိုက်ခိုက် နိုင်သည်မှာတော့  ကြောက်ခမန်းလိလိ အစွမ်းပင် ဖြစ်ပေသည်။

ရွှေဓားဘုရင်မှာလည်း ရင်ထိတ် သွားရလေသည်။ သူရှုံးနိမ့်သွားခြင်း မရှိသေးသော်လည်း နတ်သက်ခြွေ ဓား၏အစွမ်းကြောင့် ဝင်တိုက်ခိုက်ဖို့ ခက်ခဲသွား လေတော့သည်။

အကြောင်းရင်းမှာ လက်ဝါးရိုက်ချက် အချို့ထပ်မံ ထွက်ပေါ် လာလျှင်တောင်မှ တိမ်မြုပ်နေသည့် ရေခဲလက်ဝါးသိုင်း ဖြစ်နေနိုင်လေသည်။ ထို့ပြင် လူငါးယောက်ကို ဒဏ်ရာရပြီး လဲကျသွားစေနိုင်သည့် အတွင်းအားမျိုးမှာလည်း ရှာမှရှား အတွင်းအားမျိုးပင် ဖြစ်လေသည်။

ဝါးရွက်စိမ်း၏ ဂိုဏ်းချုပ်မှာ မတ်တတ်ရပ် နေသေးသည့်တိုင် သူ၏ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး သူ၏ဓားကိုတောင် ကောင်းစွာ ကိုင်နိုင်ခြင်း မရှိတော့ပေ။

ဝါးရွက်စိမ်း ဂိုဏ်းချုပ်အနေဖြင့် အဆိုးဆုံး ဖြစ်မသွားသည့်မှာ သူ၏အတွင်းအားများကို အမြန်ဆုံး စုစည်း လိုက်နိုင်ခြင်းကြောင့် ဖြစ်လေသည်။ အစိမ်းရောင်ဝတ် လူ၏လက်ဝါးရိုက်ချက်မှာ မှော်ဆန်လွန်း လှပေသည်။ ဝါးရွက်စိမ်း ဂိုဏ်းချုပ်မှာ ခေါင်းများ နာကျင်နေပြီး အာရုံစိုက်နိုင်ခြင်း မရှိတော့။

နတ်သက်ခြွေ ဓားသိုင်းကြောင့် ဖြစ်သည်ကို သူကောင်းစွာ သိလိုက်လေသည်။ သို့သော် သူက နာကျင်မှုကို ခံစားနေရပြီး ဘာဖြစ်သွားသည်ကို အတိအကျ အဖြေရှာ၍ မရနိုင်ဖြစ်နေလေသည်။

ဆန်းလျန်မှာ အလွန်ဝေးသည့် ထောင့်တစ်ထောင့်တွင် ကပ်နေလေသည်။ တခြားသူများ၏ အာရုံစိုက်မှုကို မခံချင်သောကြောင့် သူ့ဟာသူ ရှောင်နေလိုက်ခြင်း ဖြစ်လေသည်။

အစိမ်းရောင်ဝတ်လူ အသုံးပြုလိုက်သည့် လက်ဝါး ရိုက်ချက်ကို သူမြင်လိုက်ပြီး မေးခွန်းတစ်ခု သူ့ခေါင်းထဲသို့ ဝင်လာလေသည်။

လက်ဝါးရိုက်ချက် ဆိုသည်မှာ အမှန်တော့ ဝိညာဉ်စွမ်းအားပင် ဖြစ်လေသည်။ အစိမ်းရောင်ဝတ် လူမှာ အခြားသူများကို တိုက်ခိုက်ရန်အတွက် သူ၏ဝိညာဉ် စွမ်းအားကို အသုံးပြုလိုက်သည်လား ဆိုသည့် မေးခွန်းပင်ဖြစ်လေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset