Switch Mode

အပိုင်း(၁၁၅)

ကြည့်ရသေးတာပေါ့

ကန်ယီကျောင်းတော်မှ အကြီးအကဲ တစ်ယောက်က သစ်သားပြား အမှတ်အသားများအား အစီအစဉ်တကျ စီတန်းလိုက်သည်။ ထို့နောက် သူက ကောင်းကင်တွင် စောင့်နေကြသော ပြိုင်ပွဲဝင်များအား မော်ကြည့်လိုက်သည်… “ဒီနေ့ ဖန်းဟွာပွဲတော်ရဲ့ ယှဉ်ပြိုင်ပွဲက မနေ့ကနဲ့ မတူဘဲ နည်းနည်း ကွဲပြားတယ်… အခု ကျုပ်ခေါ်မယ့် နာမည်တွေက ကောင်းကင်အဆင့် အတွင်းက သိုင်းပညာ အထူးပြုတဲ့ တန်ခိုးရှင်တွေပဲ… မင်းတို့က ဖန်းဟွာ စင်မြင့်ပေါ်ကို ရောက်တဲ့အခါ မင်းတို့ရဲ့ တကယ့်စွမ်းရည်တွေကို ထုတ်ဖော် ပြသကြရမယ်… မင်းတို့က ရှုံးနိမ့်ခဲ့ရင်တောင် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိတယ်…”

လူတိုင်းက သူဆိုလိုသည်ကို နားလည်ကြသည်။ သူတို့က အကောင်းဆုံးထဲမှ အကောင်းဆုံးသော သိုင်းပညာရှင်များအား ဗီဇပါရမီနှင့် တကယ့် အရည်အချင်းများကို မူတည်၍ စစ်ထုတ်မည် ဖြစ်သည်။

ထို့နောက် အကြီးအကဲ တစ်ယောက်က သစ်သားပြားပေါ်မှ နာမည်များအား စတင်ခေါ်ယူသည်။ တစ်ယောက်ပြီး တစ်ယောက် ပြိုင်ပွဲဝင်များက စင်မြင့်ပေါ်သို့ တက်ရောက်ကြသည်။ မှန်သည်… ထိုနာမည် ခေါ်ယူခံရသူများထဲတွင် ယူချင်းလည်း အပါအဝင် ဖြစ်၏။ ရီဖူရှင်းက လေဓာတ်ကို သုံး၍ ယူချင်းအား စင်မြင့်ပေါ်သို့ တက်ရောက်စေသည်။

လူနှစ်ရာကျော်တွင် ကောင်းကင်အဆင့် သိုင်းပညာရှင်များမှာ အယောက် လေးဆယ်ခန့်မျှသာ ရှိသည်။ ထို အယောက်လေးဆယ်မှ အများစုမှာ ကြယ်ရှစ်ပွင့်နှင့် ကြယ်ကိုးပွင့် ကောင်းကင်အဆင့်မှ ဖြစ်ကြသည်။ ထို့ကြောင့် ကြယ်ခြောက်ပွင့်နှင့် ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် သိုင်းပညာရှင်များ အတွက် အရေးမသာလှပေ။

ယူချင်းက ဖန်းဟွာစင်မြင့်ပေါ်ကို  ရောက်သည်နှင့် ပြိုင်ပွဲဝင် အများအပြားက သူ့အား လှည့်ကြည့်ကြသည်။ သူတို့က ယူချင်းအား အန္တရာယ်ရှိသော ပြိုင်ပွဲဝင်အဖြစ် ရှုမြင်ကြသည်မှာ ထင်ရှားသည်။

“မင်းတို့ကောင်တွေ အရင် တိုက်ခိုက်ကြ…” ယူချင်းက ပြောသည်။ ထို့နောက် သူက နောက်လှည့်ကာ စင်မြင့်ဘေးနား တစ်နေရာသို့ သွားရောက်ပြီး တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ သူ့ထံမှ ကြီးမြင့်သည့် အငွေ့အသက်များအား ခံစားရကာ လူတိုင်းက ဆွံ့အသွားကြသည်။ သည်လူငယ်ကား မာန်တက်လွန်းလှသည်။

ဒုတိယနေ့အထိ ပြိုင်ပွဲတွင် ဆက်လက် ရှိနေကြသူများ ဖြစ်ရာ သူတို့၏ပါရမီများမှာ သံသယရှိစရာ မလိုအောင် ကောင်းမွန်လွန်းလှသည်။ ယူချင်းက အလွန်အမင်း သန်မာလှသော်လည်း သူတို့ထဲတွင် အချို့သော ကြယ်ကိုးပွင့် ကောင်းကင်အဆင့်များ ပါဝင်ပေသည်။ သူက အဘယ်ကဲ့သို့သော သတ္တိဖြင့် မာန်တက်ရသနည်း။

ရီဖူရှင်း မျက်လုံးပြူးသွားကာ သူ့နဖူးအား သူရိုက်လိုက်သည်… “ဟင်း…ဒါ ငါ့အမှားပဲ…..”

ဖန်းဟွာရင်ပြင်မှ လူတိုင်းက ယူချင်းအား ဆွံ့အစွာ ကြည့်နေကြသည်။ ပလ္လင်ပေါ်မှ ဘုရင်မင်းမြတ်က ယူချင်းအား ကြည့်ကာ ရယ်မောလိုက်သည်။ သည်လူငယ်ကား အမှန်ပင် အလောသုံးဆယ် နိုင်လွန်းလှသည်။ သို့သော်လည်း ရီဖူရှင်း၏အပြုအမူမှာ လွန်ကဲသည်ဟု သူမတွေးချေ။ သူက ယူချင်း၏ စွမ်းဆောင်ရည်ကို စိတ်ဝင်စားနေသည်။

ယွန်ကျိုကား ကန်ယီကျောင်းတော်၏ ကျောင်းသား တစ်ယောက် ဖြစ်သည်။ သူကား မှော်ထိန်းချုပ်သူ တစ်ယောက် ဖြစ်သော်လည်း သူက သိုင်းပညာကို အထူးပြုလေ့လာရန် ရွေးချယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့သက်စောင့်ဝိညာဉ်မှာ ထူးခြားသည်။ ထိုအရာကား ရွှေရောင်တောင်ပံ တစ်စုံဖြစ်သည်။ သူ့သက်စောင့်ဝိညာဉ်က သူ့အား သတ္တုဓာတ်နှင့် လေဓာတ်ကို ပေးသည်။ သူက အတောင်ပံ၏ဓမ္မသိကို စုဆောင်းရန် ပြင်ဆင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက မှော်ပညာရှင် လမ်းကြောင်းကို ရွေးချယ်၍ မရသောကြောင့်ပင်။ သူက သိုင်းပညာအား အဓိကထားကာ မှော်ပညာအား အထောက်အပံ့ အနေဖြင့် အသုံးပြုမည်ဖြစ်သည်။

ကန်ယီကျောင်းတော်မှ ယွန်ကျိုမှာလည်း ဖန်းဟွာအဆင့် ရပ်တည်မှုအတွက် ထည့်သွင်း စဉ်းစားရမည့် လူများထဲတွင် ပါဝင်ပေသည်။ သို့သော်လည်း ကန်ယီကျောင်းတော်မှ တခြား စီနီယာ နှစ်ယောက်လည်း ရှိသေးသည်။ သူတို့နှစ်ယောက်လုံးမှာ ဓမ္မအဆင့် တန်ခိုးရှင်များ ဖြစ်ကြပြီး ယွန်ကျို၏ဖြစ်တည်မှုကို အနည်းငယ် မှေးမှိန်စေသည်။

ယွန်ကျိုပြီးလျှင် ဒီမွန်ကလန်မှ ဝူခမ်ရန်လည်း ရှိသေးသည်။ သူသည်လည်း မှော်ထိန်းချုပ်သူဖြစ်ကာ သူ့သက်စောင့်ဝိညာဉ်မှာ လူဝံကြီးဖြစ်ပြီး အလွန်သန်စွမ်းသော အားအင်ကို ပေးသည်။ ထို့ကြောင့် သူက သိုင်းပညာကို အထူးပြုရန် ရွေးချယ်ခဲ့သည်။

ယွန်ကျိုနှင့် ဝူခမ်ရန်တို့ နှစ်ယောက်လုံးမှာ ကြယ်ကိုးပွင့် ကောင်းကင်အဆင့်မှ ဖြစ်ကြသည်။ ယခုလက်ရှိတွင် ယူချင်းက မည်မျှ သန်စွမ်းသည် ဆိုစေကာမူ သူတို့ကဲ့သို့သော ကြယ်ကိုးပွင့် ကောင်းကင်အဆင့် တန်ခိုးရှင် နှစ်ယောက်ရှေ့တွင် ယူချင်းမှာ သည်မျှ မာန်တက်ပိုင်ခွင့် မရှိပေ။ ထို့အပြင် မနေ့က သူရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်များမှာ ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်မျှသာ ဖြစ်ပေသည်။

ဘုန်း… ဝူခမ်ရန်က ယူချင်းထံသို့ တိုက်ရိုက် ဦးတည်ကာ ပြေးဝင်လာသည်။ လူတိုင်းက ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

မနေ့က တိုက်ပွဲတွင် ယူချင်းက ဒီမွန်ကလန်မှ ယွန်ဒီကို တိုက်ခိုက် အနိုင်ယူခဲ့သည်။ ယခု ဝူခမ်ရန်က ယူချင်းအား ယွန်ဒီအတွက် လက်စားချေနိုင်ပါ့မလား။

ဝူခမ်ရန်က သူ့သက်စောင့်ဝိညာဉ်အား ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ် လူဝံပုံရိပ်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ခြေလှမ်း တစ်လှမ်းတိုင်းက အားကောင်းသာ ဖိအားများကို ထုတ်လွှတ်နိုင်သည်။

ဝူခမ်ရန်က ယူချင်းကို တိုက်ရိုက် စိန်ခေါ် တိုက်ခိုက်တော့မည် ဖြစ်သည်။ လူတိုင်းက ထိုသို့တွေးမိလျှင် ယူချင်းအား အာရုံစိုက် ကြည့်လိုက်ကြသည်။ သူ့သက်စောင့် ဝိညာဉ်ကကား အဘယ်နည်း။ သည်မျှ အားကောင်း သန်မာကြံ့ခိုင်မှုနှင့်ဆိုလျှင် သူ့တွင် သက်စောင့်ဝိညာဉ်ရှိကို ရှိရမည်ဟု လူတိုင်းက ယုံကြည်သည်။ မည်သူမှ သည်အချက်ကို သံသယ မရှိပေ။

သူတို့အား စိတ်ပျက်စေသည်မှာ ယူချင်းက သူ့သက်စောင့်ဝိညာဉ်အား ထုတ်လွှတ်ခဲ့ခြင်း မရှိပေ။ ဝူခမ်ရန် သူ့အနီးသို့ နီးကပ်လာသည်ကို ကြည့်ရှုနေစဉ်မှာပင် သူ့ကိုယ်မှ ရွှေရောင် ကိုယ်ရောင်ကိုယ်ဝါများ တောက်ပလာနေသည်။ စင်မြင့်ပေါ်မှ ဟိန်းသံတစ်ချက် ကြားလိုက်ရသည်။ ဝူခမ်ရန်က သူ့အား လူဝံကြီးက ဝင်စားသွားသလိုပင် ပြုမူလိုက်သည်။ သူ့လက်ဝါးကြီးများဖြင့် ယူချင်းအား ရိုက်ချလိုက်သည်။ ဝူခမ်ရန် ကိုယ်တိုင်ကလည်း ယူချင်းက မည်မျှ သန်မာသည်ကို သိလိုသည်။

ယူချင်း၏ကိုယ်မှ ရွှေရောင် ကိုယ်ရောင် ကိုယ်ဝါများက ပိုမို သိပ်သည်းလာကာ သူ့လက်မောင်း တစ်လျှောက် ဆူးချွန်များ ဖြစ်ပေါ်လာသည်။ သူက ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်လျှင် ဖန်းဟွာစင်မြင့်က တုန်ခါသွားပြီး ယူချင်းက လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်သည်။ သူတို့တိုက်ပွဲတွင် သဘာဝစွမ်းအင်များ မှော်ပညာများ လုံးဝမပါဝင်ဘဲ ခန္ဓာကိုယ် သန်စွမ်းမှုသက်သက်ကို အသုံးပြုလိုက်ကြခြင်း ဖြစ်သည်။ သူတို့ လှုပ်ရှားမှု ဟန်တိုင်းက ရိုးရှင်းသည်။ တိုက်ရိုက်ဆန်သည်။ ရုန့်ရင်း ကြမ်းတမ်းသည်။

ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက်နှင့်အတူ သူတို့နှစ်ယောက် ရင်ဆိုင်မိသည်။ သူတို့အနီးမှ လေထုများ တုန်ခါသွားကာ တဝီဝီ အသံများပါ ထွက်ပေါ်လာသည်။

သူတို့နှစ်ယောက်၏ လှုပ်ရှားမှု ရပ်တန့်သွားစဉ်မှာပင် လူဝံကြီးက ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် ယူချင်းက ခြေတစ်လှမ်းတိုးကာ လက်ဝါးဖြင့် လှမ်းရိုက်လိုက်လျှင်  ပြိုင်ဘက်၏ လက်ဝါးရိုက်ချက်ကို ကျော်လွန်ကာ ဝူခမ်ရန်၏ရင်ဘတ်ကို ထိလေသည်။ အက်ကွဲသံ တစ်ချက်နှင့်အတူ ဝူခမ်ရန်၏ခုခံမှုမှာ ကျိုးပျက်သွားပြီး အလွန်အမင်း နာကျင်မှုနှင့်အတူ နောက်ကို အနည်းငယ် ဆုတ်သွားသည်။

ဘုန်းခနဲမြည်သံနှင့် အတူ ယူချင်းက မြေပြင်ကို ဆောင့်နင်းလိုက်ပြီး သူ့လက်နှစ်ဖက်အား ဆန့်တန်းကာ ပြိုင်ဘက်အား ဆုပ်ကိုင်ရန် ကြိုးပမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ဝူခမ်ရန်ကလည်း သူ့လက်ဝါးများအား ရိုက်ထုတ်လိုက်သည်။ သို့သော်လည်း ယူချင်းက ရှေ့ကို ဆက်မတိုးတော့ဘဲ သူ့လက်ဝါးတစ်ဖက်အား ဝှေ့ယမ်းကာ နောက်လက်တစ်ဖက်က ဝူခမ်ရန်၏ပခုံးအား လှမ်း၍ ဖိလိုက်သည်။ ယူချင်းက သူ့တိုက်ခိုက်မှုကို လုံးဝ ကာကွယ်ပြီး ဖြစ်၏။

ထိုအခိုက်တွင်ပင် ယူချင်းက ဝူခမ်ရန်အား လေထဲတွင် မြှောက်လိုက်သည်ကို လူတိုင်းက မြင်လိုက်ကြရသည်။ ထို့နောက် စင်မြင့်ပေါ်မှ လွှင့်ပစ်ခံလိုက် ရတော့သည်။

“ဒါ…” လူတိုင်းက ထိတ်လန့်တကြား ဖြစ်သွားကြသည်။ ယူချင်းက အလွန်မာန်တက်သည် အဘယ်ကြောင့်ဆိုသော် သူကား အလွန် သန်မာသောကြောင့်ပင်။ သို့သော် အသည်အရာက အဘယ်နည်း။

အခြေအနေအား တွက်ဆမိကြပြီ ဖြစ်သော ပြိုင်ပွဲဝင်များက ယူချင်းကို အဖက် မလုပ်ကြတော့ပေ။ ယူချင်းက စင်မြင့်ဘေး တစ်နေရာတွင် အေးဆေးစွာ ရပ်နေသည်။ တခြား ပြိုင်ပွဲဝင်များက သူတို့အကြား ယှဉ်ပြိုင် တိုက်ခိုက်ကြသည်။ နောက်ဆုံး ကန်ယီကျောင်းတော်မှ ယွန်ကျို တစ်ယောက်သာ ဖန်းဟွာစင်မြင့်ပေါ်တွင် ကျန်ရစ်တော့သည်။

ယွန်ကျို၏ကျောတွင် ရွှေရောင်တောင်ပံတစ်စုံ ပေါ်ထွက်လာသည်။ အရောင်အသွေး စုံလင်ကာ လှပသော တောင်ပံက သူ့အား မြေပြင်မှ သယ်ဆောင်ကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ထို့နောက် လေထဲတွင် လှည့်ပတ်ပျံဝဲလျက် ယူချင်းအား လေ့လာနေသည်။

ယွန်ကျိုက သတိထားမိသည်မှာ ယူချင်းက ဖန်းဟွာစင်မြင့်ပေါ်သို့ တက်လာတိုင်း ရီဖူရှင်းက လေဓာတ်ကိုသုံး၍ ကူညီပေးရခြင်းကိုပင်။ ဆိုလိုသည်မှာ ယူချင်းတွင် အားနည်းချက် ရှိ၏။ သူ့အင်အားက လူတိုင်းထက် ပြင်းထန်ကာ သန်စွမ်းလှသည်။ ကြယ်ကိုးပွင့် ကောင်းကင်အဆင့် ဖြစ်သည့် ဝူခမ်ရန်ပင်လျှင် ကြံ့ခိုင်မှုချင်း ယှဉ်ပြိုင်ရာတွင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရ၏။

သည်ကောင်ကား သဘာဝလွန် ကြံ့ခိုင်သော ခန္ဓာကိုယ်ဖြင့် မွေးဖွားလာပုံရသည်။

လေထဲတွင် ရွှေရောင်လှံတံများ စီတန်းလျက် ဖြစ်ပေါ်လာပြီး ယူချင်းထံသို့ တိုးဝင်သွားသည်။ ယူချင်းက လက်ဝှေ့ယမ်းလိုက်လျှင် ရွှေရောင်အလင်းတစ်ချက် ဝင်းလက်သွားပြီး လှံတံများအား တားဆီးလိုက်သည်။ ယွန်ကျိုက ယူချင်းထံသို့ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပြေးဝင်လာသည်။ ရုတ်တရက် ယူချင်းက စက်ဝိုင်းသဏ္ဌာန် အနေအထားဖြင့် ဖန်းဟွာ စင်မြင့်ပေါ်တွင် အားယူကာ အရှိန်ဖြင့် ပြေးလွှားလိုက်သည်။ လူတိုင်းက ထူးဆန်းသလို ယူချင်းကို ကြည့်ကြသည်။ သူက အဘယ်ကြောင့် ဖန်းဟွာစင်မြင့်ပေါ်တွင် ပြေးလွှားနေရသနည်း။

မကြာမီ ယူချင်း၏အပြုအမူကို သူတို့ နားလည်သွားကြသည်။ တဖြည်းဖြည်း ယူချင်းက အလွန် လျင်မြန်လာနေပြီး  ထိုစဉ်မှာပင် သူ့ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာသော ယွန်ကျို ရှိရာ အရပ်ထံသို့ ယူချင်းက မြေပြင်အား ခြေဆောင့်လျက် ခုန်တက်လိုက်သည်။ သူကား ယွန်ကျိုထံသို့ အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ခုန်ဝင်လိုက်ခြင်း ဖြစ်သည်။

လူတိုင်း၏ခေါင်းထဲ ဝင်လာသည်ကား ယွန်ကျို အဆုံးသတ် သွားပြီကိုပင်။ အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် လေထဲတွင် ပေါက်ကွဲမှုတစ်ခု ကြားလိုက်ရသည်။ ယွန်ကျို၏ အတောင်ပံများက အလွန် လျင်မြန် လှသော်လည်း သူက ယူချင်း၏ တိုက်ခိုက်မှုကို ရှောင်ဖယ်နိုင်စွမ်း မရှိပေ။ သူ့ခန္ဓာကိုယ်မှာ ယူချင်း၏ လက်ဝါးရိုက်ချက်ကြောင့် လေထဲကို မြောက်တက်သွားပြီး ဧကရာဇ်ပလ္လင် အမြင့်ထက်ပင်လျှင် မြင့်တက်သွားပြီး မြေပေါ်သို့ ပြင်းထန်စွာ ကျလေသည်။

ဘုန်း… ယူချင်းမြေပြင်ပေါ်သို့ လေးလံစွာ ကျဆင်းသည်။ မျက်လုံးပေါင်း များစွာက ဆွံ့အခြင်းများစွာဖြင့် သူ့ထံကို ရောက်လာသည်။ သည်ကောင်လေး…..။

ဆင့်ရှာက ကန်ယီကျောင်းတော်မှ ပါရမီရှင် ယွန်ကျိုမှာ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်ကို မြင်ရ၏။ သူမက ယူချင်းအား ထူးဆန်းစွာ ကြည့်နေသည်။ လူ့ခန္ဓာကိုယ်က အဘယ်ကဲ့သို့ သည်မျှ များပြားသော အားအင်ကို စွမ်းဆောင် နိုင်ရသနည်း။

ကန်ယီကျောင်းတော်မှ  အကြီးအကဲများကလည်း ဆွံ့အသွားကြသည်။ အတန်ကြာလျှင် အကြီးအကဲ တစ်ယောက်က ပြောသည်…“ယူချင်း အောင်မြင်တယ်…”။ ယူချင်း တစ်ယောက်သာ။ နောက်ထပ် နာမည်များ အော်ဟစ်ခြင်း မရှိတော့။ ကန်ယီကျောင်းတော်မှ ယွန်ကျိုပင်လျှင် မပါဝင်ပေ။

ယူချင်းကဲ့သို့ ထူးချွန်သော  သိုင်းပညာရှင် ရှိနေမှတော့ ဘုရင်မင်းမြတ်က တခြားလူများအား ထည့်သွင်း စဉ်းစားနေစရာ မလိုတော့ပေ။ မည်သူမှ သူနှင့် ယှဉ်ပြိုင်နိုင်ဟန် မတူတော့။ လူတိုင်းက ယူချင်းမှာ ဖန်းဟွာအဆင့် အတွင်းဝင်ရန် အခွင့်အလမ်း အလွန်များနေပြီ ဖြစ်သည်ကို သိကြသည်။

ယူချင်း စင်မြင့်ပေါ်မှ ဆင်းသက်လာသည်။ နောက်တစ်ကြိမ်ကား ကောင်းကင်အဆင့် မှော်ဆရာများ၏ ပြိုင်ပွဲဖြစ်သည်။ ဓာတ်သဘာဝ ခုနစ်မျိုးအတွင်းမှ မှော်ဆရာများနှင့် စိတ်ဝိညာဉ် စွမ်းအားသုံး မှော်ဆရာများအား စင်မြင့်ပေါ်သို့ ခေါ်ယူသည်။ ဟွာဂျီယူမှာ သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် ရီဖူရှင်း၏နာမည် မပါဝင်ပေ။ ဂီတမှော်ပညာရှင်များမှာ စိတ်ဝိညာဉ် စွမ်းအင်သုံးသော်လည်း သူတို့မှာ အနည်းငယ် ကွဲပြားသည်။ ထို့အတူ ချင်ကလန်မှ မှော်ဂီတပညာရှင်များနှင့် ဒီမွန်ကလန်မှ ယွန်ဒီတို့မှာလည်း ခေါ်ယူခြင်း မခံရသည်ကို ရီဖူရှင်း သတိထားမိသည်။ သူတို့အားလုံးက နောက်တစ်ဖြတ်တွင် ပါဝင်နေပေသည်။

ပထမတစ်ကြိမ်ကဲ့သို့ပင် ဒုတိယ ယှဉ်ပြိုင်ပွဲမှာလည်း အလွန် ထူးချွန်သူများ ပါဝင်သည်။ ထိုအထဲတွင် မိန်းမပျိုနှစ်ယောက်က ထင်ရှားသည်။ သူတို့မှာ လင်းယွီယိုနှင့် ဟွာဂျီယူတို့ ဖြစ်ကြသည်။

ဖန်းဟွာစင်မြင့်ပေါ်တွင် မိန်းမပျိုနှစ်ယောက်က အစွန်းတစ်ဖက်စီတွင် ရပ်နေကြသည်။ ဟွာဂျီယူ၏မျက်နှာမှာ ပဝါဖုံးထားသော်လည်း သူမ၏ခန္ဓာကိုယ် ကောက်ကြောင်းနှင့် မျက်လုံးဝိုင်းများက သူမက လှပသော မိန်းမပျို တစ်ယောက် ဖြစ်မည်ကို ခန့်မှန်း၍ ရသည်။

“ဟွာဂျီယူနဲ့ ဟွာကျီဇင်တို့ နှစ်ယောက်ကပဲ လင်းယွီယိုနဲ့ ယှဉ်နိုင်တဲ့ မိန်းမလှလေးတွေလို့ ပြောလို့ရတယ်…” လူအုပ်ထဲမှ တစ်ယောက်က မှတ်ချက်ချသည်။

“ဟုတ်တယ်… ဟွာဂျီယူရဲ့ အရည်အချင်းက တကယ်ကို အသိအမှတ် ပြုရလောက်တယ်… ပြီးတော့ သူမက မိန်းမချော တစ်ယောက် ဖြစ်ရမယ်…” နောက်တစ်ယောက်က ထောက်ခံသည်… “စိတ်မကောင်းစရာက ကန်ယီနိုင်ငံမှာ လင်းယွီယို ရှိနေပြီးသား ဖြစ်နေတာပဲ… သူမရဲ့နေရာကို ဘယ်သူမှ ယူလို့ မရဘူး…”

“နင်က အရမ်း ထက်မြက်တယ်…” လင်းယွီယိုက ဟွာဂျီယူကို ပြုံးလျက် ပြောသည်…“နင့်ရဲ့ တန်ခိုးအဆင့်က ဒီထက် နည်းနည်းမြင့်ခဲ့ရင် ပိုကောင်းမယ်…”

ဟွာဂျီယူက သူမအား တည်ငြိမ်စွာ ကြည့်လိုက်သည်။ သဘာဝစွမ်းအင်များက သူမ၏ ပတ်ဝန်းကျင်တွင် တဖြည်းဖြည်း သိပ်သည်းလာသည်။

“လင်းယွီယို… ဟွာဂျီယူ… အောင်မြင်တယ်…” ကန်ယီကျောင်းတော် အကြီးအကဲက အော်ဟစ်လိုက်သည်။ လူတိုင်း ထိတ်လန့်သွားသည်။ ကြည့်ရသည်မှာ အကြီအကဲများက သည်မိန်းကလေး နှစ်ယောက်အား ရင်ဆိုင် တိုက်ခိုက်ရန် မလိုလားပုံရသည်။

ဟွာဂျီယူကား ထူးချွန်သည်။ သို့သော် တန်ခိုးအဆင့်တွင် သူမက အားနည်းချက် ရှိသည်။ ထို့ကြောင့်ပင်လျှင် အကြီးအကဲများက သူမကိုယ်တိုင် သက်သေပြနိုင်မည့် အခွင့်အရေးအား ပေးလိုပုံရသည်။ ထို့ကြောင့် သူမတို့နှစ်ယောက် တိုက်ခိုက်ခါနီး တားဆီးလိုက်ကြခြင်း ဖြစ်ပုံရသည်။

လင်းယွီယိုက ပြုံးလျက်ပြောသည်… “နင့်ရုပ်ရည်က ဘယ်လိုလဲဆိုတာ ငါတကယ် သိချင်တယ်…” သူမက ထိုသို့ ပြောပြီးသည်နှင့် လေထဲကို ပျံသန်းသွားပြီး စင်မြင့်မှ ထွက်ခွာသွားသည်။ ဟွာဂျီယူလည်း ထွက်ခွာသွားသည်။

ယခုကား ကောင်းကင်အဆင့် တန်ခိုးရှင်များ၏ နောက်ဆုံး အလှည့် တိုက်ပွဲဖြစ်သည်။ ကန်ယီကျောင်းတော် အကြီးအကဲက နာမည်များအား ခေါ်ယူသည်။ ထိုအထဲတွင် ချင်ကလန်မှ မှော်ဂီတပညာရှင်များ။ ဒီမွန်ကလန်မှ ယွန်ဒီနှင့် ရီဖူရှင်း။ ရုပ်ပုံရေးဆွဲသူ ဟွာကျီဇင်တို့ ပါဝင်သည်။ သူတို့အားလုံးမှာ မတူကွဲပြားသော နည်းစနစ်များလား လေ့လာသူများဖြစ်သော်လည်း ထူးခြားသော တန်ခိုးရှင်များဟု သတ်မှတ်နိုင်ရာ တိုက်ပွဲတစ်ခုတည်းတွင် ထည့်သွင်းစမ်းသပ်ခြင်းကလည်း မမှားပေ။

ရီဖူရှင်းက ဖန်းဟွာစင်မြင့်ပေါ်သို့ တက်ရောက်လိုက်လျှင် ချင်ကလန်မှ မှော်ဂီတပညာရှင်များ၏ အေးစက်သော အကြည့်ကို ခံစားမိသည်။ ယမန်နေ့ညက ဘေချူနှင့် အနည်းငယ် ကတောက်ကဆ ဖြစ်ခဲ့ပြီးနောက် သူတို့က ရီဖူရှင်းအား ဦးတည် တိုက်ခိုက်ကြတော့မည်မှာ သေချာလှသည်။

“ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် မှော်ဂီတပညာရှင်… ဟုတ်လား…” ချင်ကလန်မှ တစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။ သူက ရီဖူရှင်းကို ကြည့်ကာ ဆက်ပြောသည်… “မှော်ဂီတပညာရှင်တွေက ဗဟုသုတကြွယ်ဝတယ်… အထူးသဖြင့် ချင်ကလန်ကပဲ… ဒီတိုက်ပွဲက ဘယ်လို အဆုံးသတ်မယ်ဆိုတာ သိပြီးသားဖြစ်ပေမယ့် မှော်ဂီတပညာရှင် တစ်ယောက်အနေနဲ့ မင်းက ချင်ကလန်ရဲ့ မှော်ဂီတပညာကို လက်တွေ့ခံစားရတာက ဂုဏ်ယူစရာပဲ… မင်းရဲ့ ခရီးက အလကားဖြစ်မှာ မဟုတ်ဘူး…”

ရီဖူရှင်း ထိတ်လန့်သွားသည်။ သူက ချင်ကလန်မှ လူငယ်အား ကြည့်ကာ ပြုံးလိုက်သည်… “ကျုပ်ကလည်း ချင်ကလန်ရဲ့ မှော်ဂီတပညာကို စမ်းကြည့်ချင်တယ်… အထူးသဖြင့် အကောင်းဆုံးဆိုတဲ့ လူတွေကိုပေါ့… ကြည့်ရသေးတာပေါ့…”

***

Comment

Leave a Reply

Options

not work with dark mode
Reset