‘ ဒါက ငါရင်းနှီးတဲ့ ချုံတောင်လေးရော ဟုတ်ရဲ့လား ’
ဆေးဖော်ဆောင် တစ်ဝိုက်ရှိ ထောင်ချောက်မန္တန်အစီအရင်အတွင်း၌ တုနတ်ဝိဇ္ဇာဂိုဏ်း၏ နတ်ဝိဇ္ဇာအသစ်ကလေး တာအိုရသေ့ချီယွမ်သည် အဝတ်အစားများ ဖရိုဖရဲဖြစ်နေပြီး ပျာယာခတ်စွာ ကျီးကန်းတောင်းမှောက် ဖြစ်နေပေသည်။ သူသည် ရှေ့ရှိ လမ်းခွဲသုံးခုကို ကြည့်၍ မည်သည့်လမ်းကိုရွေးရမည်မသိဘဲ ကူရာကယ်ရာမဲ့နေ၏။
ရက်အနည်းငယ်ကြာပြီးနောက်တွင်လည်း ထိုမန္တန်အစီအရင်အတွင်းမှ မလွတ်မြောက်နိုင်သေးချေ။
သူသည် မန္တန်အစီအရင်အတတ်ကို နှစ်ပေါင်းများစွာ လေ့လာခဲ့ဖူးပါသော်လည်း ကျွမ်းကျင်အဆင့်သို့ မရောက်ခဲ့ပေ။ ချီယွမ်သည် လွန်ခဲ့သည့်နှစ်ပေါင်း(၁၀၀)လုံးလုံး သူ၏ တာအိုအခြေခံကို ကုသနိုင်ရန်သာ အချိန်ပေးခဲ့ရသည် မဟုတ်ပါလား။ သို့သော် မန္တန်အစီအရင်အတတ်အတွက်လည်း ပုံကြမ်းများကိုကြည့်ကာ မည်သို့ဆင်ရမည်ကို မှတ်မိသည်အထိ ကြိမ်ဖန်များစွာ ဆင်ခဲ့ဖူး၏။ ထိုအရာသည်လည်း ဉာဏ်အလင်းပွင့်စေရန် ကနဦးအဆင့်အဖြစ်သတ်မှတ်နိုင်သည်။
ထို့ကြောင့် သူသည် ဝင်္ကပါမန္တန်အစီအရင်များကို ရင်ဆိုင်ရသောအခါ…
“ ဘယ်ပညာရှင်ကများ ငါတို့ချုံတောင်လေးမှာ ဒါတွေလာဆင်သွားတာလဲ။ သူ့မှာ ဘာအကြံအစည်တွေများရှိလို့လဲ ”
ချီယွမ်သည် တီးတိုးရေရွတ်လိုက်ပြီး အစီအရင်အတွင်း သူရွေးခဲ့သော လမ်းများကို ပြန်စဉ်းစားကြည့်လိုက်သည်။
ချီယွမ်သည် မည်သို့ဆက်လုပ်ရမည်မှန်း မသိဖြစ်နေချိန်တွင် လမ်းကြောင်းအသစ်တစ်ခုကို ထပ်တွေ့လိုက်ရ၏။
ထိုလမ်းကြောင်းရှိ သစ်တောသည် ရှင်းလင်းစိမ်းစိုနေသည်။ အာရုံလွှဲမည့် မြူဖြူဖြူများမရှိဘဲ မြင်ကွင်းသည် ပုံမှန်မြင်ကွင်းသာ ဖြစ်၏။
ချီယွမ်သည် သတိကြီးကြီးဖြင့် ရှေ့သို့ဆက်သွားလိုက်ပြီး မကြာမီ အသစ်အဆန်းတစ်ခုကို တွေ့လိုက်လေသည်။
ရှေ့နားရှိ သစ်ပင်ပေါ်တွင် သစ်သားဆိုင်းဘုတ်လေးတစ်ခုချိတ်ဆွဲထား၏။ ထိုဆိုင်းဘုတ်ပေါ်၌ စာလုံးခုနှစ်လုံး ရေးသားထားသည်။
‘ သင်လမ်းပျောက် နေပါသလား ’
ချီယွမ်သည် အလိုလို ခေါင်းညိတ်မိသွားပြီး ချက်ချင်းပင် တုန်လှုပ်သွားကာ သတိကြီးကြီးထားလိုက်၏။
ထိုလက်ရေးအား အဘယ်ကြောင့် ရင်းနှီးနေရသနည်း။
ချီယွမ်သည် ထိုသစ်သားဆိုင်းဘုတ်အား အတန်ကြာငေးကြည့်နေပြီးနောက် ထိုသစ်ပင်နောက်ရှိ နောက်တစ်ပင်တွင်လည်း သစ်သားဆိုင်ဘုတ်တစ်ခုကို ထပ်တွေ့လိုက်ရသည်။ ရှေ့သို့ ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ မြင်ကွင်းများပြောင်းလဲသွားသည်။ သို့သော် သစ်သားဆိုင်းဘုတ်သည်တော့ ရှိနေဆဲပင်။
ထိုဆိုင်ဘုတ်ပေါ်တွင်ရေးထားသည်မှာ…
‘ ချုံတောင်လေးကို ဘယ်လိုအကြောင်းကြောင့် ရောက်လာတာပါလဲ လူကြီးမင်းခင်ဗျာ ’
“ ငါက ဒီမှာနေတာကွ… ”
ချီယွမ်က ဒေါသတကြီးအော်လိုက်သော်လည်း လက်များမှာ တုန်နေဆဲ ဖြစ်သည်။
ဤအရာသည် ရှေးဟောင်းဒဏ္ဍာရီများတွင် ဖော်ပြထားသော အချိန်ကူးပြောင်းမှု ဖြစ်နိုင်လေသလော။
ရှေးဟောင်းဒဏ္ဍာရီများတွင် ရေးသားထားသည်မှာ ကလေးငယ်တစ်ဦးသည် တောင်ကြားတစ်ခုအတွင်း ဝင်သွားခဲ့၏။ တောင်ကြားလမ်းအခြားဘက်တွင် နှစ်ထောင်ချီကြာပြီးမှ ပြန်ထွက်လာသော်လည်း သူသည် ကလေးအရွယ်သာ ရှိသေးလေသည်။
အဲဒီလို ပေါက်ကရတွေ ငါလည်း ကြုံတွေ့နေရတာများလား။
‘ အခုငါရောက်နေတဲ့ ချုံတောင်လေးက ငါနေခဲ့တဲ့ အချိန်က ချုံတောင်လေး မဟုတ်တော့ဘူးလား။ နှစ်ရာချီ ထောင်ချီကြာပြီးတဲ့နောက်က ချုံတောင်လေးလား ’
ထိုဆိုင်းဘုတ်၏နောက်တွင်လည်း နောက်ထပ် သစ်သားဆိုင်းဘုတ် တစ်ခုကိုတွေ့လိုက်ရသဖြင့် ချီယွမ်သည် ရှေ့သို့ တိုး၍ကြည့်လိုက်ပြန်သည်။ ထိုဆိုင်းဘုတ်၏ရှေ့သို့ ရောက်သွားသောအခါတွင် ပတ်ဝန်းကျင်ရှိမြင်ကွင်းများ ပြောင်းသွားပြန်၏။ မန္တန်အစီအရင်များသည် ပြောင်းလဲနေခြင်းပင်။
ထိုသစ်သားဆိုင်းဘုတ်များပေါ်ရှိ လက်ရေးကို ချီယွမ် ရင်းနှီးနေသလို ခံစားရ၏။ ထိုဆိုင်းဘုတ်များကိုကြည့်ရင်း အရိပ်တစ်ခုသည် သူ့အနောက်လိုက်၍ နားနားသို့ ကပ်ကာ မေးခွန်းများမေးနေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာသည် သူ့ကို ထောင်ချောက်တစ်ခုထဲသို့ မျှားခေါ်နေကြောင်း သိသော်လည်း နောက်ပြန်မဆုတ်ဝံ့တော့ပေ။
‘ လူကြီးမင်းက တုနတ်ဝိဇ္ဇာဂိုဏ်းက ဂိုဏ်းသားတစ်ယောက်ပါလား ခင်ဗျာ ’
‘ ဒီမန္တန်အစီအရင်က ဂိုဏ်းကခွင့်ပြုချက်နဲ့ ဆောက်ထားတဲ့ အရေးကြီးဆေးဖော်ဆောင်ကို ကာကွယ်ဖို့ ဆင်ထားတာပါ ’
ဆေးဖော်ဆောင် ဆိုပါလား …
သူ့တပည့်များပြောနေသံကိုတော့ သူ ကြားမိသယောင်ယောင်ရှိသည်။
‘ ချုံတောင်လေးကို ခွင့်ပြုချက်မရှိဘဲ ဝင်လာတာပါလား လူကြီးမင်းခင်ဗျာ ’
“ ငါက ဘာလို့ ခိုးကြောင်ခိုးဝှက်ဝင်လာရမှာလဲ။ ငါက ဒီချုံတောင်လေးရဲ့ တောင်သခင်ဟ ”
‘ ကျေးဇူးပြုပြီးတော့ ဒီမှာရှိတဲ့ မြက်ပင်တွေ၊ သစ်ပင်တွေကို မဖျက်ဆီးပါနဲ့။ ဒီလမ်းအတိုင်းလိုက်သွားရင် အသံလုံမန္တန်အစီအရင်မရှိတဲ့ မြေကွက်လပ်တစ်ခုကို ရောက်သွားပါလိမ့်မယ် ’
ဟမ် …
ဤအရာသည် မန္တန်အစီအရင်ဆင်ခဲ့သူ ဖွင့်ပေးခဲ့သော ထွက်ပေါက်တစ်ခုပေလော။
‘ ဒါက အရေးပေါ်လုပ်ထားရတဲ့ ညွှန်ကြားချက် ဆိုင်းဘုတ်တစ်ခုပါ ’
‘ မြေကွက်လပ်က ရှေ့မှာရှိပါတယ် ’
‘ သင်ရောက်ပါပြီ။ ရှေ့သို့ ခြေသုံးလှမ်း လှမ်းပါ ’
ချီယွမ်သည် ရပ်လိုက်ပြီး အလိုလို အသက်အောင့်မိသွားသည်။ သူသည် ရှေ့ရှိသစ်ပင်ကြီးကို ကြည့်၍ မယုံသင်္ကာဖြင့် ခြေသုံးလှမ်း လှမ်းလိုက်သည်။
သူ့မျက်စိရှေ့တွင် ရှိသော မြင်ကွင်းသည် ပြောင်းလဲသွားပြန်၏။ သစ်ပင်ကြီးများဖြင့်ကာရံနေသော မြေကွက်လပ်တစ်ခု သူ၏ရှေ့တွင် ပေါ်လာလေသည်။ မြေပေါ်တွင် သစ်ရွက်ကြွေ အပုံများနှင့် ၎င်းတို့၏ဘေး၌ စိမ့်စမ်းရေထည့်ထားသော ရေပုံးတစ်ပုံးရှိ၏။
“ ဒီ…ဒီနေရာက ဘာနေရာလဲ ”
ချီယွမ်သည် အရှေ့တွင် သစ်သားဆိုင်းဘုတ် နောက်တစ်ခုကို ထပ်တွေ့လိုက်သဖြင့် ထိုနေရာသို့ လျှောက်သွားလိုက်သည်။ သစ်သားဆိုင်းဘုတ်ပေါ်ရှိ လက်ရေးကို ရင်းနှီးနေသော်လည်း မည်သည့်နေရာတွင် တွေ့ခဲ့ဖူးမှန်း ပြန်စဉ်းစား၍မရပေ။
‘ ကျေးဇူးပြုပြီး ဒီနေရာမှာ စောင့်ပေးပါ လူကြီးမင်းခင်ဗျာ။ ကျွန်တော် အချိန်မီရောက်မလာခဲ့ရင် အခန်းအောင်းကျင့်ကြံနေတာဖြစ်ဖြစ် နတ်ဆေးပညာရပ်မှာ အရေးကြီးအဆင့်ရောက်နေတာ ဖြစ်ပါလိမ့်မယ်။ တကယ့်လို့ မစောင့်နိုင်ဘူးဆိုရင် တန်ခိုးသုံးပြီးတော့ တစ်ယောက်ယောက်ကို လာကယ်ဖို့ လှမ်းခေါ်နိုင်ပါတယ်။ ချုံတောင်လေးက လူကြီးမင်းရောက်ရှိလာတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ နောက်တစ်ခါဆိုရင်တော့ ခွင့်မတောင်းဘဲ စွတ်ဝင်မလာပါနဲ့။ ဆေးဖော်ဆောင်အနားကိုလည်း မသွားပါနဲ့။ ဒီကနေပဲ ချုံတောင်လေးရဲ့တောင်သခင် ကျွန်တော် ချီယွမ် အရိုအသေပေးလိုက်ပါတယ် ’
ချီယွမ်၏လက်များ တုန်ခါသွားပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရာ သစ်ပင်တစ်ပင်နှင့်တိုးသွားဖြင့် ဆက်ဆုတ်၍ မရတော့ချေ။
“ ဒါ…ဒါကို ငါကိုယ်တိုင်လုပ်ထားတာလား ”
ချီယွမ်သည် သရဲသဘက်တစ်ကောင်ကို မြင်လိုက်သည့်နှယ် မျက်လုံးများပြူးသွားပြီး ချက်ချင်းပင် အမူးပြေသွားလေတော့သည်။ နေရာတစ်ခုလုံးကို အာရုံခံကြည့်လိုက်သော်လည်း ခေါင်းတစ်ခုလုံးချာချာလည်နေသည့်အလား ခံစားနေရ၏။
သူ့ကို မကောင်းဆိုးဝါးတစ်ကောင် ဝင်ပူးသွားခြင်းလော။
မဖြစ်နိုင်ပေ။ မြေနတ်ဝိဇ္ဇာကိုက ညစ်နွမ်းနေခြင်းလော။
မကြာသေးမီက သူတို့အရက်ဝိုင်းတွင် ဂိုဏ်းတူအစ်ကိုတစ်ယောက်က မြေနတ်ဝိဇ္ဇာသည် မြေချီဓာတ်ကြောင့် အလွယ်တကူညစ်နွမ်းသွားနိုင်ပြီး ယင်းတို့၏ တာအိုနှလုံးသားသည်လည်း မကောင်းဆိုးဝါးများနှင့် အလွယ်တကူကြုံနိုင်ကြောင်း သတိပေးခဲ့၏။
‘ ငါ…ငါက… ချီယွမ်အစစ်မဟုတ်ဘဲ ကိုယ်တွင်းမိစ္ဆာတစ်ကောင်ပဲ ဖြစ်နေမလား ’
ချီယွမ်၏ လက်များသည် အလွန်အမင်း တုန်ရီနေသည်။ သူသည် သစ်သားဆိုင်းဘုတ်ဆီသို့ အပြေးပြန်သွားလိုက်ပြီး လက်ရေးကို သေချာကြည့်လိုက်၏။ ထို့နောက် သူ မယုံနိုင်ဖြစ်သွားသည်။
ထိုလက်ရေးသည် သူ၏လက်ရေးပင်။
ချီယွမ် ဒယိမ်းဒယိုင်ဖြစ်သွားပြီး သစ်ရွက်ကြွေများဖြင့်ပြည့်နေသော မြေကြီးပေါ်သို့ ဖင်ထိုင်ကျသွား၏။ သူ၏ အကြည့်များသည် ကြောင်တောင်တောင်ဖြစ်လာပြီး မီးခိုးရောင်ဆံပင်များသည်လည်း ရှုပ်ပွ၍နေတော့သည်။
အချိန်ကူးပြောင်းမှု၊ မြေနတ်ဝိဇ္ဇာ၊ ကိုယ်တွင်းမိစ္ဆာ…
အချိန်ကူးပြောင်းမှု၊ မြေနတ်ဝိဇ္ဇာ၊ ကိုယ်တွင်းမိစ္ဆာ…
“ ငါကဘယ်သူလဲ။ တကယ်ကို ငါက ကိုယ်တွင်းမိစ္ဆာတစ်ကောင်များ ဖြစ်နေမလား… ”
“ မဖြစ်နိုင်ပါဘူး။ ငါက ကိုယ်တွင်းမိစ္ဆာမဟုတ်ပါဘူး ချီယွမ်ပါ ”
“ ငါက ချီယွမ်… ချီယွမ်က ငါ… ငါက အချိန် ကူးပြောင်းသွားတာ … ငါက ကိုယ်တွင်းမိစ္ဆာမဖြစ်နိုင်ပါဘူး… ”
“ မဟုတ်ဘူး… မဖြစ်နိုင်ဘူး… ”
“ မဟုတ်ဘူး…မဟုတ်ဘူး… ”
“ မဟုတ်ဘူး… ”
ချီယွမ်သည် ခေါင်းပေါ်လက်တင်ကာ ဆတ်ခနဲ ခေါင်းမော့၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ချုံတောင်လေးမှ ငှက်များပင် ကြောက်လန့်တကြား ထပျံသွားကြ၏။ ကောင်းကင်တွင်ပျံနေကြသော လူတချို့ပင် ချုံတောင်လေးကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။
ရုတ်တရက် မိန်းမပျိုတစ်ယောက်၏ စိုးရိမ်တကြီးအော်ဟစ်သံကို ကြားလိုက်ရသည်။
“ ဆရာ… ”
ချီယွမ်သည် အော်နေသည်ကိုရပ်လိုက်ပြီး တုန်တုန်ချိချိမေးလိုက်သည်။
“ လင်းအယ်လား… ”
“ ဆရာ… မန္တန်အစီအရင်ထဲမှာ ပိတ်မိနေတာလား ”
“ မင်းက တကယ်ပဲ လင်းအယ်လား ”
“ ဟုတ်ပါတယ် ဆရာ။ လင်းအယ်က ဘယ်လိုလုပ်အတုဖြစ်နိုင်မှာလဲ ”
“ မဟုတ်ဘူး… မဟုတ်ဘူး.. မင်းကလည်း ငါရဲ့ ကိုယ်တွင်းမိစ္ဆာတစ်ကောင် ဖြစ်နေနိုင်တယ်… ”
မန္တန်အစီအရင်အပြင်ဘက်တွင် စိုးရိမ်တကြီးရောက်လာသော လန်လင်းအယ်သည် ကိုယ့်နဖူးကိုယ် ရိုက်လိုက်ရတော့သည်။
သူမတော့ သွားပေပြီ။ သူမ၏ဆရာသည် ဆရာတူအစ်ကိုကြောင့် ရူးသွားပေတော့မည်။
သူမသည် ခပ်တိုးတိုး ညီးညူလိုက်ပြီး အကြံတစ်ခုထုတ်လိုက်သည်။ သူမ ခပ်မြန်မြန်ပင်ပြောလိုက်၏။
“ မလှုပ်နဲ့နော်ဆရာ။ အဲဒီမှာ မန္တန်အစီအရင်တွေ အများကြီးရှိတယ် ”
“ လင်းအယ်ရဲ့ အသံလာရာကိုလည်း မလာခဲ့နဲ့။ အဲဒီမြေကွက်လပ်က ထွက်လိုက်ရင် အပြင်ကပြောတဲ့ အသံကိုကြားရမှာ မဟုတ်တော့ဘူး ”
“ လင်းအယ်ပဲ ဝင်လာပြီး ဆရာ့ကို လာရှာမယ် ”
“ ဒါပေမဲ့ ဆရာရှိတဲ့ နေရာကို ရောက်မယ့် လမ်းကိုရှာဖို့ အချိန်ခဏတော့ ယူရမယ်။ ဆရာတူအစ်ကိုပဲ ဒီမန္တန်အစီအရင်တွေကို ပိတ်နိုင်တာ။ ဒါတွေကိုလည်း သူပဲဆင်ထားတာ။ ဆရာ အဲဒီမှာ ခဏလောက် စိတ်ရှည်ရှည်စောင့်ပါဦး ”
ချီယွမ်အနည်းငယ် တွန့်ဆုတ်သွားသည်။ မကြာခင် အပြင်ဘက်မှ ‘အိုက်ယား’ ဟူသောအသံကို ကြားလိုက်ရသည်။
မကြာသေးခင်က သူ့တပည့်မလေး မည်သည့်စကား ပြောသွားသနည်း။
‘ ဆရာတူအစ်ကိုဟုတ်လား… ဒါဆို ဒါတွေက ချန်ရှို့ဆင်ထားတာပေါ့ ’
ချီယွမ်တစ်ယောက် သံသယများဖြင့် ပြည့်နှက်နေသည်။ အတွေးထဲတွင် နစ်ဝင်နေသည်ဖြစ်၍ တဖြည်းဖြည်း စိတ်တည်ငြိမ်လာတော့၏။
အမွှေးတိုင် တစ်တိုင်စာ ကြာပြီးနောက် ခန္ဓာကိုယ်ပေါ်တွင် သစ်ရွက်ကြွေများတင်နေသော လင်းအယ်သည် မျက်နှာရဲတွတ်တွတ်ဖြင့် ခါးသက်သက်ပြုံးကာ သူမ၏ဆရာထံသို့ ရောက်လာလေ၏။ ထို့နောက် သူမသည် ဆရာ့အား တာအိုအရိုအသေပြုလိုက်သည်။
“ လင်းအယ် ဆရာ့ကို ရှာတွေ့ပြီ ”
ချီယွမ်သည် လင်းအယ်ကို ငေးကြည့်လိုက်သည်။ သူမသည် ချီယွမ်သင်ပေးထားသော ဓမ္မမန္တန်တချို့ကို ထုတ်သုံးပြလိုက်၏။
“ ဆရာ… လင်းအယ်အစစ်ပါ… ”
ချီယွမ်တစ်ယောက် စိတ်သက်သာရာရသွားပြီး ခါးသက်သက်ပြုံးကာ ပြန်ပြောလိုက်သည်။
“ တကယ်ကို ဘာတွေများ ဖြစ်နေတာလဲ ”
“ ဟုတ်ကဲ့ ”
လင်းအယ်သည် နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။ သူမသည် ဆရာတူအစ်ကိုအား မည်သို့ကာပြောပေးရမည်နည်းဟု စဉ်းစားနေ၏။
ခေတ္တမျှကြာသောအခါ သူမသည် သိုလှောင်ဓမ္မအဆောင်တစ်ခုကို ထုတ်ကာ စားပွဲပုလေးနားသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ထိုင်စရာဖျာနှစ်ချပ်နှင့် လက်ဖက်ရည်အိုးလေးတစ်အိုးကို ထုတ်ယူလိုက်ကာ ပြုံး၍ပြောလိုက်သည်။
“ ဆရာ… ဒီမှာ အရင်နားပါဦး။ ဆရာ့ကို လင်းအယ် ဖြည်းဖြည်းချင်းရှင်းပြပါမယ် ”
ချီယွမ်သည် သံသယများရှိနေဆဲပင်။ သို့သော် ဖျာပေါ်တွင်ထိုင်လိုက်ပြီး ရင်းနှီးသော လင်းအယ်၏ လက်ဖက်ရည်ကျိုခြင်းကို တွေ့လိုက်ရသောအခါ သူ၏သံသယအများအပြား ပျောက်ကွယ်သွားတော့သည်။
သစ်တောအတွင်း ပကတိ တိတ်ဆိတ်နေပြီး သစ်ပင်ထိပ်မှ သစ်ရွက်လေတိုးသံများကိုသာ ကြားနေရသည်။
ဘေးပတ်လည်တွင် မြင့်မားသော သစ်ပင်ကြီးများ ကာရံနေသဖြင့် ကောင်းကင်ပြာကြီးအား တစ်စိတ်တစ်ပိုင်းသာ မြင်ရလေသည်။
တခဏအတွင်း တာအိုရသေ့အိုကြီးသည် ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားလေ၏။
သူသည် ဘေးပတ်လည်ကို တစ်ချက်မျှခြုံငုံကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ ဒါတွေက မင်းရဲ့ အစ်ကိုကြီး ဆင်ထားတာလား ”
လန်လင်းအယ်က ပြန်ဖြေလိုက်သည်။
“ တကယ်တော့ အစ်ကိုက ပုံစံပဲဆွဲထားတာပါ။ ဆင်တာက ကောင်းကင်ခွင်းတောင်က အတုမဲ့နတ်ဝိဇ္ဇာ ဆရာဒေါ်လေးကျိုးကျိုးက ဆင်ထားတာပါ ”
“ ေဩာ် … ဒါကြောင့်ကိုး ”
ချီယွမ်သည် ခါးသက်သက်ပြုံးကာ ပြန်ပြောလိုက်သည်။
“ ဒီတော့ ဂိုဏ်းတူညီမလေးကျိုးကျိုးက ကူပေးထားတာပေါ့ ”
“ အမှန်တော့ ဆရာဒေါ်လေးကျိုးကျိုးက မန္တန်အစီအရင်ကို မကျွမ်းပါဘူး။ အစ်ကိုကြီးက ဟိုနေရာမှာ ဟိုဟာဆင်၊ ဒီနေရာမှာ ဒီဟာဆင်ဆိုပြီး ပြောပေးတာပါ ”
လန်လင်းအယ်သည် ခေတ္တမျှစကားစရပ်လိုက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်၏။
“ ဆရာ အဲဒါကို သတိမထားမိဘူးလား ”
ချီယွမ်သည် လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။ ထိုလက်ဖက်ရည်သည် သူ့အကြိုက် ဂန္ဓာမာကြာစေ့ လက်ဖက်ရည်ပင်။
“ ဘာကို သတိထားမိရမှာလဲ။ မင်းက မင်းရဲ့အစ်ကိုကြီးကို ကြိုက်နေတယ်ဆိုတာကိုလား ”
“ အို … ဆရာကလည်း… ”
လန်လင်းအယ် ချက်ချင်းပင် ရှက်သွေးဖြာသွားသည်။
ချီယွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူမကို စိုက်ကြည့်ပြီးပြောလိုက်၏။
“ မင်းက ချန်ရှို့ကို မကြိုက်ဘူးလား ”
“ လင်း..လင်းအယ် အဲ့လိုကြီးတော့ တိုက်ရိုက်ကြီး မပြောချင်ပါဘူး။ လင်းအယ် ရှက်တယ်… ”
လန်လင်းအယ် မကြာမီပင် စိတ်ပြန်ငြိမ်သွားပြီး နူးညံ့စွာပြောလိုက်သည်။
“ အစ်ကိုကြီးက သာမန်မဟုတ်ဘူး ”
“ အဲ … ”
ချီယွမ်သည် သူမအား ချစ်စနိုးဖြင့်ကြည့်ကာ ပြုံး၍ပြောလိုက်သည်။
“ မင်းရဲ့မျက်လုံးထဲတော့ မင်းအစ်ကိုကြီးက ဘယ်သာမန်ဟုတ်မလဲ ”
“ ဟာ..ဆရာ… လင်းအယ်ပြောတာ အဲဒီလိုသဘော မဟုတ်ဘူး ”
လန်လင်းအယ်သည် နားသယ်စရှိ ဆံစလေးများကို နားရွက်နောက်သို့ သပ်၍ ပြောလိုက်သည်။
“ အစ်ကိုကြီးက ဆရာထင်တာထက်ပိုပြီး အရည်အချင်းရှိတယ် ”
“ ဥပမာပြောရရင် အစ်ကိုကြီးက ဒီအခြေခံမန္တန်အစီအရင်လေးတွေသုံးပြီး ဝင်္ကပါမန္တန်အစီအရင်ကြီးကို ဆင်ခဲ့တာလေ… ”
“ ဆရာဒေါ်လေးကျိုးကျိုးရဲ့ အကူအညီယူခဲ့တယ်ဆိုပေမယ့် ဒါတွေကို အစ်ကိုကြီးတစ်ယောက်ထဲ ဆင်ထားသလိုပါပဲ ”
ချီယွမ် ချက်ချင်းပင် တွေဝေသွားသည်။
လန်လင်းအယ်က ဆက်ပြောလိုက်၏။
“ လင်းအယ် ဂိုဏ်းကိုရောက်တဲ့ ဆယ်နှစ်အတွင်းလည်း အစ်ကိုကြီးက ပညာတွေအများကြီး သင်ပေးခဲ့တယ် ”
“ ဆရာ လင်းအယ်ကိုသင်ပေးတဲ့ တာအိုကျင့်စဉ်တွေ တော်တော်များများကို သိပ်မရှင်းရင် အစ်ကိုကြီးက ဥပမာတွေနဲ့ သေချာပြန်ရှင်းပြတယ်… ”
“ အစ်ကိုကြီးက အဓိပ္ပာယ်အစစ်အမှန်ကို တစ်ခွန်းနှစ်ခွန်းလောက်နဲ့ ရှင်းပြသွားတာချည်းပဲ။ အဲဒါကြောင့်လည်း လင်းအယ်ရဲ့ ကျင့်ကြံခြင်းက ဒီလောက်အဆင့်ကို ရောက်နေတာ ”
ချီယွမ်သည် မျက်မှောင်ကြုတ်ကာ သူမအား ကြည့်လိုက်ပြီး ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။
လန်လင်းအယ်က နူးနူးညံ့ညံ့ ဆက်ပြော၏။
“ ကြည့်ကြည့်ပါဦး ဆရာ… လင်းအယ်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်မှာရှိလဲ ”
ချီယွမ်သည် မုတ်ဆိတ်ကို သပ်ကာ ပြန်ဖြေလိုက်သည်။
“ ချီသန့်စင်ခြင်း နဝမအဆင့်လေ ”
လန်လင်းအယ်သည် ဓားကိုကောက်ကာ လက်နှစ်ဘက်ဖြင့် လက်ဟန်များ ေဖာ်လိုက်သည်။ သူမ၏ပတ်လည်တွင် ရုတ်တရက် အရောင်အဝါများ ထွက်ပေါ်လာ၏။
“ အခုရော ဘယ်အဆင့်လဲ ”
ချီယွမ် မျက်လုံးပြူးသွားသည်။
“ ဝိညာဉ်အခြေတည်ပဥ္စမအဆင့်… လင်းအယ်…မင်းဘယ်တုန်းက… ”
လန်လင်းအယ်သည် နောက်တစ်ကြိမ် လက်ဟန်များပြုလုပ်လိုက်သည်။ သူမ၏ပတ်လည်ရှိ ကိုယ်ရောင်ကိုယ်ဝါများသည် ပြန်ဝင်သွား၏။
သူမ လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
“ ဒါက အစ်ကိုကြီးချန်ရှို့ သင်ပေးထားတဲ့ ချီတည်ငြိမ်မန္တန်ပဲ။ အတုမဲ့နတ်ဝိဇ္ဇာတစ်ဦးက အသားချင်းထိပြီး မစမ်းကြည့်ရင် ကျင့်ကြံခြင်းအဆင့်အစစ်ကို လျှို့ဝှက်ထားလို့ရတယ်။ ပြီးတော့ လင်းအယ်ကြိုက်တဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖော်ပြထားလို့ရတယ် ”
ချီယွမ်၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်များသာ ရှိနေလေသည်။
“ ဆရာ… အစ်ကိုကြီးက ဂိုဏ်းကိုရောက်တာ နှစ်(၁၀၀)ကျော်လောက်ရှိပြီ။ ဆရာကလည်း နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်ဖို့ အခန်းအောင်းကျင့်ကြံတာမှာပဲ အာရုံစိုက်နေရတာကိုး။ အဲဒီတော့ ဆရာက အစ်ကိုကြီးကို အပေါ်ယံလောက်ပဲ သိတာပေါ့ ”
လန်လင်းအယ်သည် လက်ဝဲလက်ဖြင့် လက်ဖက်ရည်ခွက်ကိုပင့်ကာ လက်ယာလက်ဖြင့်ကိုင်၍ လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။ သူမ၏မျက်နှာတွင် တွေဝေတွန့်ဆုတ်နေသော အရိပ်အယောင်များ မရှိတော့ချေ။
“ ဆရာဦးလေးကျိုးဝူကြောင့် အစ်ကိုကြီး အရှေ့သမုဒ္ဒရာကို လိုက်သွားရတုန်း လင်းအယ် ဆရာ့ကို ဒီအကြောင်းတွေ ရှင်းပြထားချင်တယ်… ”
“ အစ်ကိုကြီး ဆရာ့အတွက် ကိစ္စတွေအများကြီးလုပ်ပေးခဲ့တာကို လင်းအယ်ဘေးကနေ တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ဆရာက အဲဒါတွေကို သတိတောင်မထားမိခဲ့ဘူး။ ဆရာ အစ်ကိုကြီးကိုတွေ့လိုက်တိုင်း သူ့ကို ရိုက်ရင်ရိုက် အသုံးမကျဘူးဆိုပြီး ဆူရင်ဆူ လုပ်နေတာချည်းပဲ… ”
“ ဆရာ… လင်းအယ်သိသလောက်ဆိုရင် အစ်ကိုကြီးက နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းဖို့ သိပ်မလိုလောက်တော့ဘူး… ”
“ လင်းအယ်မှန်းတာသာ မှန်မယ်ဆိုရင် ဆရာသောက်လိုက်တဲ့ နတ်ဝိဇ္ဇာပျော်ဝင်ဆေးအတွက်လိုတဲ့ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်ကို လွန်ခဲ့တဲ့နှစ်နည်းနည်းက ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲမှာ မြောက်ကျွန်းကိုသွားပြီး တူးခဲ့တာဖြစ်ရမယ် ”
“ ဆရာလည်း နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းဖို့ စိုးရိမ်ခဲ့ရတာပဲ။ ဒါပေမဲ့ အစ်ကိုကြီးကလည်း ဆရာ ကောင်းကင်ပြစ်ဒဏ်မခံနိုင်မှာ စိုးရိမ်ပြီး အများကြီးပြင်ဆင်ခဲ့ရတယ် ”
“ ဆရာက ဖရာဒေးလှောင်ချိုင့်ကိုပဲ သုံးလိုက်ရပေမယ့် အစ်ကိုကြီးက ဆရာကောင်းကင်ပြစ်ဒဏ်ကို ခံနိုင်ဖို့ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး တခြားရတနာဆယ်ခုကျော်ကိုလည်း လုပ်ထားသေးတယ်။ ဒါပေမဲ့ အဲဒါတွေက စမ်းသပ်မှုတွေကို မအောင်မြင်ခဲ့ဘူး ”
“ မိုးကြိုးပစ်ခံရလို့ ပျက်ဆီးသွားတဲ့ ရတနာတွေရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး သူ စိတ်တိုနေတာကို လင်းအယ် တစ်ခါနှစ်ခါလောက်တွေ့ဖူးတယ်… ”
“ ဒါပေမဲ့ အစ်ကိုကြီး လုံးဝစိတ်လှုပ်ရှားနေတာကိုတော့ ဆရာ ကောင်းကင်ပြစ်ဒဏ် ခံနေတုန်းအချိန်မှာပဲ တွေ့ဖူးတယ် ”
လန်လင်းအယ်သည် ချီယွမ်ကို ကြည့်လိုက်သည်။ ချီယွမ်သည် ငိုင်ငိုင်ကြီး ထိုင်နေလေ၏။
“ ဆရာ … အစ်ကိုကြီးက တကယ်ကို သာမန်မဟုတ်တာ။ လင်းအယ် ပေါက်ကရတွေ လျှောက်ပြောနေတာ မဟုတ်ပါဘူး… ”
ဖြည်းဖြည်းချင်း လင်းအယ်သည် သူမ သိသော အစ်ကိုကြီး၏ အကြောင်းကို ပြောပြနေ၏။
တချို့အချက်များကို ထိမ်ချန်ခဲ့သော်လည်း ပို၍ပြောသော အချက်များလည်း မပါပေ။
ချီယွမ် တဖြည်းဖြည်း အသိစိတ်ပြန်ကပ်လာသည်။ သူသည် လင်းအယ်ကို ချီတည်ငြိမ်မန္တန်ကို နောက်တစ်ကြိမ်ထပ်၍ သုံးပြခိုင်းလိုက်ရာ သူမထံတွင် နတ်ဆေးလုံးများနှင့် အဆိပ်ဆေးလုံးများ အများအပြားရှိကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် ထိုင်ကာ လေးလေးနက်နက်တွေးတောနေပေတော့သည်။
ခေတ္တမျှကြာပြီးနောက် ချီယွမ်သည် စိတ်မသက်မသာဟန်ဖြင့် မေးလိုက်၏။
“ လင်းအယ် ဆရာဘာလုပ်သင့်လဲ။ မင်းရဲ့အစ်ကိုကြီး ပြန်လာရင် သူ့ကိုဆုချသင့်လား ”
“ ဆရာ… ဒီနေ့လင်းအယ် ဘာမှမပြောခဲ့သလို ဟန်ဆောင်လိုက်တာ အကောင်းဆုံးလို့ ထင်ပါတယ်။ အစ်ကိုကြီးကို ဆရာ ပုံမှန်ဆက်ဆံနေကျ အတိုင်းပဲ ဆက်ဆံလိုက်ပါ ”
လန်လင်းအယ်က ပြုံး၍ ပြန်ဖြေလိုက်သည်။
“ သူ လင်းအယ်တို့ကို ဒီထဲကထုတ်ပေးဖို့ ရောက်လာရင် တင်ပါးကို မြင်းမြီးနဲ့သာ ဆော်လိုက်ပါ… ”
“ ဒါပေမဲ့ အားတော့ အကုန်မသုံးလိုက်နဲ့နော်… ”
“ ဆရာသူ့ကို ရိုက်ဖို့လုပ်တိုင်း အစ်ကိုကြီးက ဟာကွက်တွေပြပြီး တမင်အရိုက်ခံခဲ့တာပါ ”
ချီယွမ်အံ့အားသင့်သွားပြီး ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။
“ ငါက အဲဒီလောက်တောင် လူယုတ်မာဆန်နေလို့လား ”
“ အမ်… ”
လန်လင်းအယ်က ကပျာကယာ ပြောလိုက်သည်။
“ ဆရာက ပညာရှိပြီး သူရဲကောင်းဆန်ပါတယ်။ ဆရာရဲ့ နတ်အတတ်တွေကလည်း အဆုံးမဲ့ပါပဲ ”
ချီယွမ်သည် အနည်းငယ် ချီတုံချတုံဖြစ်နေပြီး ပြန်ပြောလိုက်သည်။
“ ဒါဆိုလည်း ဆရာ ဘာမှမကြားလိုက်သလိုပဲ ဟန်ဆောင်လိုက်ပါမယ် ”
“ အစ်ကိုကြီး အလိုချင်ဆုံးက လူတွေ သူ့ကို သတိမထားမိတာပဲ။ နောက်ဆို သူက သိုသိုသိပ်သိပ်နဲ့ စည်းစိမ်တွေအများကြီးစုမိတော့မယ် ”
လင်းအယ်နှုတ်ခမ်းစူကာ ဆက်ပြောလိုက်သည်။
“ သူ့ရှေ့ဆိုရင် လင်းအယ် ငတုံးယောင်ဆောင်နေရတယ်။ လိုအပ်လာရင် အူကြောင်ကြောင်နဲ့ နားမလည်သလို လုပ်ပြရတယ်။ မဟုတ်ရင် သူက လင်းအယ်ကိုလည်း စွန့်ပစ်သွားမှာပဲ… ”
ထို့နောက် လန်လင်းအယ်သည် လီချန်ရှို့တစ်ယောက် သူမကို မကြာခဏအနိုင်ကျင့်ကြောင်း အပြစ်တင်ပြောနေလိုက်ပြီး သူမ ဆရာ၏ ရင်တွင်းမှ ဝမ်နည်းမှုကို အနည်းငယ်ပြေလျော့သွားစေလိုက်သည်။
မကြာမီမှာပင် ချီယွမ်သည် သူမကြောင့် ပြုံးနိုင်လာကာ အားအင်ပြန်၍ပြည့်လာလေသည်။
“ မင်းကတော့လေ… ဟားဟားဟား… ”
ချီယွမ်သည် ထရပ်ကာ ဘေးတွင် လမ်းလျှောက်နေလိုက်ပြီး ထိုနေရာတွင် ဆင်ထားသော သူ နားမလည်သည့် မန္တန်အစီအရင်များကို ကြည့်လိုက်သည်။ သူ၏မျက်လုံးထောင့်စွန်းမှ မျက်ရည်စများကို သူ့တပည့်မလေးအား အမြင်မခံခဲ့ပေ။
“ သူ့ဆရာအနေနဲ့ ငါက တော်တော် တကိုယ်ကောင်းဆန်ခဲ့တာပဲ။ ငါက ကောင်းကင်ပြစ်ဒဏ်အကြောင်းပဲတွေးပြီး အမြဲအခန်းအောင်းကျင့်ကြံနေခဲ့တယ် ”
“ မင်းအစ်ကိုကြီးကို ဂိုဏ်းကိုခေါ်လာပြီး ကျင့်ကြံဖို့ နည်းလမ်းသင်ပေးပြီးတာနဲ့ ဆရာ အခန်းအောင်းကျင့်ကြံနေခဲ့တာပဲ ”
“ ဆရာတွေးတာက ဒီတစ်ခေါက် ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်ခဲ့ရင် မင်းတို့နှစ်ယောက်ကို ကောင်းကောင်း သင်ကြားပေးပြီး ဂရုစိုက်ပေးနိုင်ပြီပေါ့။ ဒါပေမဲ့ ဆရာကပဲ ပြန်ပြီး ဂရုစိုက်ခံနေရတာပဲ ”
“ ထားလိုက်ပါတော့… ထားလိုက်ပါတော့… ဆရာအဲဒါတွေကို ဂရုမစိုက်တော့ပါဘူး… ”
“ အဲဒီလို တပည့်ရှိမှတော့ ချုံတောင်လေးရဲ့ ဘိုးဘေးတွေကို မျက်နှာပြနိုင်ပါပြီ ”
ချီယွမ်သည် လန်လင်းအယ်ဘက်သို့ လှည့်ကာ ပြုံး၍ပြောလိုက်သည်။
“ ဆရာရဲ့ တပည့်မလေးကလည်း အခုတော်တော်လေး ဉာဏ်ကောင်းလာပြီပဲ… ”
လန်လင်းအယ်သည် ရှက်ရွံ့စွာရယ်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
“ အစ်ကိုကြီးနဲ့ လိုက်ဖက်ညီအောင် အမြဲကြိုးစားနေရလို့ပါ ”
“ ဟား ဟား ဟား ”
“ အာ… လက်ဖက်ရည်သောက်လိုက်ပါဦး ဆရာ…အေးတောင်ကုန်တော့မယ်။ လင်းအယ်ဒီနေ့ပြောပြတာတွေကို ဘယ်သူမှ မသိပါစေနဲ့နော် ”
“ အင်းပါ…အင်းပါ… ဆရာတို့နှစ်ယောက်လုံး မင်းရဲ့အစ်ကိုကြီးရှေ့ဆိုရင် ငတုံးလိုနေကြတာပေါ့ ”
ချီယွမ်သည် စားပွဲပုလေးတွင် ပြန်ထိုင်လိုက်ပြီး မြင်းမြီးနှင်တံကို ထုတ်လိုက်သည်။
“ နောက်မှ သူ့ကို နည်းနည်းပညာပေးရမယ်။ မင်းလည်း အတူဝင်ပြီး ဆွမ်းကြီးဝိုင်းလောင်းပေါ့ ”
လန်လင်းအယ် မျက်လုံးလေးများ အရောင်တောက်သွား၏။
“ လင်းအယ်လည်း ဝင်ပညာပေးလို့ရတယ်ပေါ့ ဆရာ… ”
“ ဒါပေါ့… ဆရာ့ကို ဒီလောက် နှစ်တွေအကြာကြီး လှည့်စားထားတာ ကောင်းကောင်းလေး ပညာပေး ပေးရမှာပေါ့ ”
လန်လင်းအယ် အူမြူးသွားပြီး အစ်ကိုကြီးအား ပညာပေးရန် စိတ်အားသန်နေလေသည်။
ချီယွမ်က ပြောလိုက်သည်။
“ မပူပါနဲ့။ မကြာခင် ဆရာက မြေနတ်ဝိဇ္ဇာကျင့်စဉ်တွေကို သဘောပေါက်နားလည်းဖို့ အခန်းအောင်းကျင့်ကြံတော့မှာပါ။ နောက်ကျ ဒီချုံတောင်လေးက မင်းတို့ နှစ်ယောက်အတွက်ပါပဲ ”
ထို့နောက်သူသည် ရှေ့ရှိ လက်ဖက်ရည်ခွက်အားကြည့်လိုက်၏။ လက်ဖက်ရည်ထဲတွင် ပေါ်နေသော ပုံရိပ်အားကြည့်ကာ အတန်ငယ် ခေါင်းခါ၍ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်လေသည်။
အမှန်ပင် အဖြစ်အပျက်များသည် အံ့ဩစရာကောင်းလွန်းပေသည်။
***