ဘေချူက ပြုံးလိုက်ကာ ရီဖူရှင်းရှိရာဘက်သို့ လျင်မြန်စွာ ကြည့်လိုက်သည်။ ရီဖူရှင်း။ ဟွာဂျီယူနှင့် ယူချင်းတို့က စားသောက်နေကြရာ သူ့အား ဘယ်သူမှ အရေးမလုပ်ကြပေ။
“ဧကရာဇ်ရဲ့ ညစာစားပွဲက အစားအစာနဲ့ အကောင်းစားဝိုင်တွေနဲ့… အရမ်းကောင်းတယ်… မြေခွေးမ… များများစားနော်…” ရီဖူရှင်းက ဟွာဂျီယူကို ပြုံးလျက် ပြောသည်။
“ကောင်းပြီ…” ဟွာဂျီယူက ခေါင်းညိတ်လျက် ပြုံးလိုက်လျှင် ယူချင်းက သူတို့အား သဘောမကျသလို ကြည့်သည်။
ဘေချူ၏အပြုံးမှာ ရုတ်တရက် အေးခဲသွားသည်။ သူတို့က သူ့အား လျစ်လျူရှု ထားသည်လား။
မင်းသမီး ရီလင်းဇီကား ရီဖူရှင်း၏ အသက်အရွယ်ခန့်သာ ရှိသည်။ သူမက ရီဖူရှင်း၏ ချောမောသော သွင်ပြင်ကို ကြည့်လိုက်ကာ သူမ၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ခိုတွဲလာသည်။ သည်ကောင်လေးကား အတော်ဆိုးသည်ဟု သူမ တွေးမိသည်။ ဘေချူက ရီဖူရှင်းအား ခက်ခဲအောင် လုပ်နေသည်ကို သူမလည်း သိသည်။ သို့သော် ပိုမို ရှက်စရာ ကောင်းသည်မှာကား ရီဖူရှင်း၏ လျစ်လျူရှုခံရသော ဘေချူပင်။ ဘေချူ၏အဆင့်အတန်းကြောင့်ပင်လျှင် ထိုအဖြစ်က ပိုမို ရှက်စရာ ကောင်းလှပေသည်။
လူတိုင်းက သူတို့အား ကြည့်လိုက်ကြသည်။ တချို့ ပြဇာတ်တစ်ပုဒ် ကြည့်ရတော့မည် ထင်ကာ စိတ်ဝင်စား သွားကြ၏။ တခြားလူများက ဘေချူမှာ မိမိပြဿနာကို မိမိကိုယ်တိုင် ရှာဖွေနေသည်ဟု တွေးကြသည်။ မည်သို့ပင်ဆိုစေ သူတို့ကား ဖန်းဟွာပွဲတော်တွင် ကတောက်ကဆ ဖြစ်ခဲ့ပြီဖြစ်သည်။ အကယ်၍ သူက ရီဖူရှင်းအား ဦးတည်၍ စော်ကားပြောဆိုရန် ကြံစည်နေသည် ဆိုပါက သည်လူငယ်ကလည်း သူ့အား လေးစားစွာ ဆက်ဆံမည် မဟုတ်ပေ။ သို့သော်လည်း ရီဖူရှင်း၏တုံ့ပြန်မှုက အနည်းငယ် ထူးခြားသည်။ သူက လျစ်လျူရှုထားခြင်းပင်။
မှန်သည်… တခြားလူများက ရီဖူရှင်းက အလွန် မောက်မာသည်ဟု တွေးထင်ကြသည်။ မည်သို့ပင်ဆိုစေ ဘေချူကား ဓမ္မအဆင့် တန်ခိုးရှင်ဖြစ်ပြီး ချင်ကလန်၏ ကိုယ်စားပြုသူဖြစ်သည်။ သည်မတိုင်မီက ရီဖူရှင်းကို ဖိတ်ခေါ်မိသည့်အတွက် သူ့အား ယူချင်းဆီက စော်ကား ပြောဆိုခံရသည်။ ယခု သူ့စကားများက လျစ်လျူရှုခံရ၏။ ထို့အပြင် ပထမဆုံး သည်အကြောင်းအရာကို စပြောသူမှ မင်းသမီးဖြစ်၏။
“တကယ်လို့ တစ်စုံတစ်ယောက်က မေးခွန်းမေးရင် မင်းရဲ့အဖြေက ဘာပဲဖြစ်နေနေ ဖြေရမယ်ကွ…” အသံတစ်သံ ထွက်လာသည်။ ပြောလိုက်သူကား ကန်ယီကျောင်းတော်မှ ကျောင်းသားများထဲမှ တစ်ယောက်ဖြစ်သည်။
ထိုနေရာတွင် ကန်ယီကျောင်းတော်မှ အရည်အချင်းရှိသူများ အများအပြား ရှိသည်။ ရီဖူရှင်းသိသော ဆင့်ရှာမှာလည်း သည်နေရာတွင် ရှိသည်။ သို့သော် စကားပြောလိုက်သူကား ဆင့်ရှာ မဟုတ်ပေ။ ထိုအစား ပိုမို၍ အရည်အချင်းရှိသူ ယူဂျန်ဖြစ်သည်။ သူကား ရီဖူရှင်းကို သဘောမကျသူများထဲမှ တစ်ယောက်ဖြစ်၏။ မည်သို့ပင်ဆိုစေ ဘေချူကား သူ့အဆင့်ထဲမှ တစ်ယောက် ဖြစ်သည်။
ရီဖူရှင်းက ဝိုင်ခွက်အား ချလိုက်ကာ သူ့ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ သူ့အကြည့်က ကန်ယီကျောင်းတော်မှ လူများထံ ရောက်သွားသည်။ သူက ယူဂျန်အား ကန်ယီကျောင်းတော်တွင် တွေ့ဖူးသည်။ အကြိုစစ်ဆေးသောနေ့က ဆင့်ရှာက ယူဂျန်နှင့် ဘေချူကို လက်ညှိုးထိုးပြကာ သူတို့က ဖန်းဟွာပွဲတော်မှ ထင်ရှားသော လူငယ်များ ဖြစ်ကြောင်း ပြောပြခဲ့၏။
ရီဖူရှင်းက ယူဂျန်အား တိုက်ရိုက် ကြည့်လိုက်သည်။ သူက ထိုလူငယ်က ဝိုင်ခွက်ကို မြှောက်ကာ နှုတ်ခမ်းတွင် တေ့လျက် အနည်းငယ် မော့လိုက်သည်ကို မြင်ရ၏။ ယူဂျန်၏မျက်လုံးထဲတွင် ရီဖူရှင်းတို့ အုပ်စုမှာ အရည်အချင်းရှိသည်။ သို့သော် မောက်မာလွန်းသည်။
“ငါတို့ချင်း သိလို့လား…” ရီဖူရှင်း၏အပြုံးတွင် ငေါ့တော့သော ဟန်ပန်များ ပါဝင်သည်။
“မှန်တာပေါ့… ငါကလည်း မင်းနဲ့ မသိချင်ပါဘူး…” ယူဂျန်က သူ့ဝိုင်ခွက်ကို ချလိုက်သည်… “ဒါပေမဲ့ မင်းသမီးက မင်းကို ဖိတ်ခေါ်မှတော့ မင်းက ပြန်မပြောသင့်ဘူးလား…”
“ဒါက အဆင်ပြေတယ်… သိပ်အရေးကြီးတာမှ မဟုတ်တာ…..” အခြေအနေ တင်းမာလာသည်ကို မြင်လျှင် သူမက ဝင်ပြောသည်။ သူမ၏လှပသော အပြုံးက ထိုတင်းမာလာသော လေထုအား နူးညံ့ကာ ပြန်လည် အသက်ဝင်စေသည်။
“မင်းသမီး လင်ဇီရဲ့ သည်းခံမှုက အရမ်းချီးကျူးစရာကောင်းပေမယ့် တချို့လူတွေက ကိုယ့်ဘာသာ အရမ်း အဟုတ်ထင်နေကြတယ်…” ယူဂျန်က ဆက်ပြောသည်… “ဒီညစာစားပွဲက ဘုရင်မင်းမြတ်ကိုယ်တိုင် စီစဉ်ထားတာ… ဒါပေမဲ့ တချို့က မျက်နှာကို ပဝါအုပ်ပြီး လာကြတယ်… ဟင်း… ကန်ယီနိုင်ငံရဲ့ အလှဆုံးဖြစ်တဲ့ လင်းယွီယိုတောင်မှ ဒီလိုမဟုတ်ဘူး…” သူကား ဟွာဂျီယူကို ပစ်မှတ်ထားကာ ပြောဆိုသည်မှ သိသာထင်ရှားလှသည်။
“အဖေက ဒီမတိုင်ခင်က ပြောခဲ့တယ်… ဒါကို မိသားစု ညစာစားပွဲလိုပဲ သဘောထားပါတဲ့… ဒါကြောင့် အချုပ်အချယ်တွေ မရှိသလို တခြားလူတွေကိုလည်း ဖိအားပေးစရာ မလိုဘူး…” ရီဒန်ချန်းက ယူဂျင်းက မလျှော့နိုင်သေးသည်ကို မြင်လျှင် ဝင်ပြောပြန်သည်။
သူတို့အားလုံးမှာ မာနကြီးသော သူများဖြစ်ကြပြီး ဖန်းဟွာပွဲတော်တွင် ပြိုင်ဘက်များ ဖြစ်ကြသည်။ ထို့ကြောင့် ကတောက်ကဆ အနည်းငယ် ဖြစ်ခြင်းမှာ သဘာဝပင်။
မင်းသားနှင့် မင်းသမီးတို့ ကိုယ်တိုင်က ဝင်ရောက် ပြောဆိုနေသည်ဖြစ်ရာ ရီဖူရှင်းက မလေးမစား မလုပ်လိုတော့ပေ။ သူက မင်းသမီး ရီလင်းဇီအား ပြုံးလျက် ပြောလိုက်သည်… “အမှန်ပဲ… ကျွန်တော်က အကနဲ့ပတ်သက်တဲ့ ဂီတသံစဉ်တချို့ကို သိနားလည်ပါတယ်… ကျုပ်က မင်းသမီးအတွက် တီးခတ်ပေးဖို့ ဆန္ဒရှိတာပေါ့…”
ထို့နောက် ရီဖူရှင်းက တစ်ယောက်တည်း သီးသန့် တစ်နေရာသို့ လျှောက်သွားလိုက်သည်။ သူက သစ်ပင်ကြီး တစ်ပင်အောက်ကို သွားရောက်ကာ မြေပြင်ပေါ်တွင် ထိုင်လိုက်သည်။ ဘေချူက ဟွာဂျီယူအား ကပြဖျော်ဖြေသင့်ကြောင်း အကြံပေးမှု။ ယူဂျင်၏ ပဝါဖုံးခြင်းအပေါ် အမြင် စသည်တို့ကိုမူ သူက လျစ်လျူရှုထားသည်။ သူက မင်းသမီးအား လေးစားမှု ထားသော်လည်း သူတို့နှစ်ယောက် မပါဝင်ပေ။
သူ၏ ကု့ချင်းဝိညာဉ် ပေါ်လာသည်။ သာယာသော သံစဉ်က လူတိုင်း၏နားထဲကို ဝင်လာကာ ရသသိက သီချင်း၏ဝိညာဉ်ထဲကို ပူးကပ်လာနေသည်။ ငှက်တောင်ပံခတ်သံ၏ သံစဉ်ကား အကအလှအတွက် အလွန်သင့်တော်သော သီချင်းဖြစ်ကာ လက်ရှိပတ်ဝန်းကျင် အခြေအနေနှင့် ကိုက်ညီလှသည်။ ဂီတသံစဉ် တီးခတ်လျှင် သူတို့၏ခံစားချက်များ ပိုမို ကောင်းမွန်လာသည်။ သည်ကဲ့သို့ ပွဲတော်ဆန်သော ပတ်ဝန်းကျင်တွင် ဝိုင်သောက်နေသူများအဖို့ ဂီတသံစဉ်က သူတို့၏စိတ်အား လွှမ်းမိုးလာနေစေသည်။
“ဒီသံစဉ်ကို နားထောင်ပြီးရင် တခြား ဂီတသံစဉ်တွေက ဘာမှ မဟုတ်တော့သလို ခံစားရတယ်…” ရီဒန်ချင်းက ချီးကျူးလိုက်သည်…“ဒါပေမဲ့ တစ်ခုခု လိုနေသလို ခံစားရတယ်…”
“ဒါက အကအလှ သီချင်းပဲ … ကျုပ်တို့က မိန်းမလှတစ်ယောက် လိုနေတယ်…” ဘေချူက ဟွာဂျီယူအား လှမ်းကြည့်ကာ ပြောသည်…“ဒါပေမဲ့ မိန်းမလှက ကျုပ်တို့ကို ဖျော်ဖြေဖို့ မလိုလားဘူး…”
ယူချင်း ထရပ်လိုက်သည်။ သူ့အမူအရာကား အလွန် အေးစက်နေသည်။ ဘေချူကား ပြဿနာရှာနေ၏။
ဂီတကို တီးခတ်နေသူထံလည်း သွားရောက် လွှမ်းမိုးမှု ရှိသည်ထင်၏။ သံစဉ်က အေးစက် လာနေသည်။ ထိုအခြေအနေကို မြင်လျှင် မင်းသမီး ရီလင်းဇီက ပြုံးလျက် ပြောသည်… “ဘယ်သူမှ အပြစ်မမြင်ရင် ကျွန်မ ကပြပေးလို့ ရမလား……”
လူတိုင်း၏မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ် သွားကြသည်။ မင်းသမီးကိုယ်တိုင်က ကပြမည် ဆိုပါလား။
“မင်းသမီး…” ယူဂျင်က အထိတ်တလန့် ခေါ်လိုက်သည်။ မင်းသမီးတစ်ပါးက ရီဖူရှင်းအတွက် မည်ကဲ့သို့ ကပြရမည်နည်း။
“ကျုပ်က ဟသပြောနေတာပါ… မင်းသမီးက အတည်မယူသင့်ပါဘူး…..” ဘေချူက ပြောသည်။
“ကျွန်မက စိတ်ကူးပေါက်လာလို့ပါ… ဂီတက အရမ်းလှတော့ တစ်ယောက်ယောက်က ကပြသင့်တယ်လို့ ထင်တယ်… ကျွန်မက ဘာလို့ ကလို့မရမှာလဲ…” ရီလင်းဇီက ပြောပြီး ရီဖူရှင်းထံသို့ လျှောက်သွားလိုက်သည်။ သူမ၏ ဇာမဏီဝတ်ရုံရှည်က သူမ၏ လှုပ်ရှားမှုတွင် အလွန်လှပ အသက်ဝင်လာ၏။
“အရမ်းလှတာပဲ…..” လူတိုင်းက အထိတ်တလန့် ဖြစ်နေစဉ်မှာပင် ရီဒန်ချန်းက ချီးကျူးလိုက်သည်။
လူတိုင်း၏အကြည့်က လှပ ညက်ညောစွာ ကနေသော မင်းသမီး ရီလင်းဇီနှင့် ကု့ချင်းတီးခတ်သူ ရီဖူရှင်းတို့ထံ ရောက်ရှိနေကြသည်။ လရောင်အောက်တွင် သစ်ရွက်ဝါများက မြေပြင်တွင် ပြန့်ကျဲနေပြီး ပန်းချီကား တစ်ချပ်နှင့် တူလှသည်။
“ဒီညစာစားပွဲ သတင်းသာ ပျံ့နှံ့သွားရင် ဒါက ဒဏ္ဍာရီထဲက တစ်ခု ဖြစ်သွားမှာပဲ…..” တစ်ယောက်က ပြောသည်။ လူအများအပြားက သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။ သည်မတိုင်မီက မင်းသမီးက ကပြခြင်းဖြင့် နိမ့်ကျသွားနိုင်သည်ဟု တွေးခဲ့ကြသည်။ ယခု သည်မြင်ကွင်းမှာ အလွန် လှပဆန်းကြယ်လှရာ သည်ဖျော်ဖြေမှုကား အလွန်အားကျရသော အရာတစ်ခု ဖြစ်လာခဲ့သည်။
“မိန်းကလေး ကျီဇင်… မိန်းကလေးက ဒီမြင်ကွင်းကို အရောင်တွေ ခြယ်မှုန်းပေးလို့ ရမလား…” ရီဒန်ချန်းက ဟွာကျီဇင်ကို မေးသည်။
ဟွာကျီဇင်က ပြုံးလျက် သစ်အိုပင်နေရာသို့ လျှောက်သွားလိုက်သည်။ သူမက ယပ်တောင်အား အသုံးပြုလျက် သဘာဝစွမ်းအင်များကို အသုံးပြုကာ တေးသံသာ ငှက်မျိုးစံများ။ ရောင်စုံ သတ္တဝါငယ်လေးများနှင့် ဖီးနစ်မီးငှက်များကို ဖန်တီးလိုက်သည်။ သူတို့က ရီဖူရှင်းနှင့် ရီလင်းဇီတို့ကို လှည့်ပတ်နေကြကာ ထိုမြင်ကွင်းကို ကြည့်သူတိုင်းက နတ်သမီးများ ဖန်ဆင်းသော ပန်းချီကားကို ကြည့်နေရသကဲ့သို့ လှပပြည့်စုံကာ သာယာကြည်နူးဖွယ် မြင်ကွင်းကို ခံစားကြည့်ရှုကြရ၏။ သည်မြင်ကွင်းကား လူ့ဘုံနှင့် လားလားမျှ မသက်ဆိုင်သလို လှပလွန်းသည်။
“အရမ်းလှတာပဲ…..” လင်းယွီယိုက စိတ်မထိန်းနိုင်ဘဲ ချီးကျူးလိုက်သည်။ ရီဖူရှင်းကား အလွန်အမင်း ချောမောပြီး ကု့ချင်းတီးခတ်နေစဉ် သူ့ကိုယ်ရောင်ကိုယ်ဝါက ကြီးမြတ်မှုကို ပေးသည်။ မင်းသမီးက သူ့အတွက် ကပြနေစဉ် သည်မြင်ကွင်းက တစ်သက် မမေ့နိုင်ဖွယ် အလှပန်းချီကား တစ်ခု ဖြစ်လာသည်။
ထိုအခိုက်တွင် ဘေချူနှင့် ယူဂျန်တို့ မျက်နှာ သိပ်မကောင်းကြပေ။ သူတို့က ရီဖူရှင်းအား သဘောမကျရာ သူ့အား ဖျော်ဖြေခိုင်းခြင်း ဖြစ်သည်။ သူ့ဖျော်ဖြေမှုက သည်မျှ လှပသော တစ်စုံတစ်ခု ဖြစ်လာမည်ဟု သူတို့ မထင်မိကြပေ။ အထူးသဖြင့် ဘေချူက တွေးမိသည်မှာ သူသာလျှင် ရီဖူရှင်း နေရာတွင်ဆိုလျှင် မိမိမှာလည်း အလွန် ကြည့်ကောင်းသောသူ ဖြစ်နေလိမ့်မည်ဟုပင်။
သံစဉ်ပြီးဆုံးသွားလျှင် လူတိုင်းကား ဂီတသံစဉ်၏ သာယာမှုတွင် မျောလွင့်နေကြဆဲပင်။ ရီဖူရှင်း၏ ကု့ချင်းဝိညာဉ် ပျောက်ကွယ်သွားသည်။ ရီလင်ဇီက သူ့အား တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်… “ ဂီတက အရမ်း သာယာတာပဲ…”
“မင်းသမီးရဲ့ အကဟာလည်း တကယ်ကို လှပလွန်းပါတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“နောက်ဆို ရှင့်ဆီက ဒီသီချင်းကို အတင်း သင်ခိုင်းရမှာပဲ…” ရီလင်းဇီက ပြုံးလျက် ပြောကာ လူအုပ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။ ဟွာကျီဇင်ကလည်း ရီဖူရှင်းအား အသာအယာ ခေါင်းညိတ်ကာ သူမ၏နေရာသို့ ပြန်သွားလိုက်သည်။
ရီဖူရှင်းက ပြန်ပြုံးလိုက်ပြီး သူ့နေရာကို ပြန်သွားလိုက်သည်။ သူက လူအုပ်အား ကြည့်လိုက်ပြီး ဘေချူနှင့် ယူဂျန်တို့က သူ့အား အေးစက်စွာ ကြည့်နေသည်ကို သတိထားမိ လိုက်သည်။ သူ့နှုတ်ခမ်းက ကွေးညွှတ်သွားအောင် ပြုံးလိုက်သည်။ သူကား ဖန်းဟွာပွဲတော်တွင် ကောင်းကောင်း စွမ်းဆောင်ခဲ့သလို ယူချင်းနှင့် ဟွာဂျီယူတို့ နှစ်ယောက်လုံးမှာလည်း ထူးခြားသော စွမ်းရည်များအား ပြသခဲ့ကြသည်။ သို့သော် ဘေချူနှင့် ယူဂျန်တို့က သူတို့အား ပြဿနာ ရှာနေဆဲပင်။ ဖြစ်နိုင်သည်က သူတို့က မိမိတို့ကိုယ်ကို အလွန် သာလွန် ကောင်းမွန်နေသည်ဟု တွေးထင်နေကြပုံပင်။ ထိုသို့သော မာနက ဖန်းဟွာပွဲတော် တစ်ပြီးအထိ ဆက်လက် ရှိနိုင်ပါမည်လော ရီဖူရှင်း အမှန်ပင် သံသယ ဝင်မိသည်။
“အရှင့်သား…” ရီဖူရှင်းက ခေါ်လိုက်သည်။ လူတိုင်းက သူ့အား ကြည့်လိုက်လျှင် သူက ပြုံးလျက် ပြောသည်…“ ကျွန်တော်တို့ကို လူကြီးတွေက ပြန်လာမှာ စောင့်နေကြတာမို့ ခွင့်ပြုပါဦး……”
“ကောင်းပြီ…” ရီဒန်ချန်းက တားမည့်အစား ပြုံးလျက် သူ့အား ခေါင်းညိတ်လိုက်သည်။ အကယ်၍ ရီဖူရှင်းသာ ဆက်နေခဲ့လျှင်လည်း ပြဿနာများ ဖြစ်လာနိုင်ပေသည်။ သူတို့ ထွက်ခွာ သွားခြင်းကလည်း ကောင်း၏။
“မနက်ဖြန် ပြန်တွေ့တာပေါ့…” ရီလင်းဇီက ဝင်ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်လျက် အသာအယာ ပြောသည်… “ဖန်းဟွာ ရင်ပြင်မှာ ထပ်တွေ့တာပေါ့…..” သူက မင်းသမီးကို ပြောသည်လား တခြားတစ်ယောက်ကို ပြောသည်လား မည်သူမှ မသိပေ။
ထို့နောက် သူတို့သုံးယောက်က ဥယျာဉ်ထဲမှ ထွက်လာလျှင် နန်းတော်မှ တစ်စုံတစ်ယောက်က သူတို့အား လိုက်ပါ ပို့ဆောင်ပေးသည်။ နန်းတော် အပြင်ဘက်ကို ရောက်လျှင် သူတို့က သိမ်းငှက်နက်ကြီးပေါ်သို့ တက်ကာ တည်းခိုခန်းသို့ ပြန်ကြ၏။
“မင်းသမီးက နင့်အတွက် ကပြပေးတာ ဘယ်လိုနေလဲ…” ဟွာဂျီယူက ပြုံးလျက် ပြောသည်။
“ငါတို့ ပြန်ရောက်တဲ့အခါ ငါက သီချင်းတီးခတ်ပြီး နင်က ငါ့အတွက် ကပေးလေ… ဒါက ပိုပြီး လှလိမ့်မယ်…” ရီဖူရှင်းက ရယ်မောလျက် ပြောသည်။
“ဒါပေါ့…” ဟွာဂျီယူက ပြုံးသည်။ သို့သော် ရီဖူရှင်းက ထိုအပြုံးမှ မကောင်းသော ခံစားချက်များ ရနေသည်။
***
နောက်တစ်နေ့ နံနက်တွင် လူများစွာက ဖန်းဟွာ ရင်ပြင်တွင် စုစည်းနေကြသည်။ ယမန်နေ့က ဖန်းဟွာပွဲတော် စတင်ခဲ့သည်။ ထောင်ပေါင်းများစွာသော ကန်ယီနိုင်ငံမှ လူငယ်ပါရမီရှင်များက လာရောက် ယှဉ်ပြိုင်ခဲ့ကြ၏။ ယခု လူနှစ်ရာခန့်မျှ သာကျန်ရစ်တော့ရာ ပရိသတ်များအား ပိုမို စိတ်လှုပ်ရှားစေသည်။
ရီဖူရှင်းတို့ အုပ်စု ရောက်ရှိလာသောအခါ ထိုနေရာတွင် ချင်ကလန်မှလူများ။ ကန်ယီ ကျောင်းတော်သားများ။ ဒီမွန်ကလန်များနှင့် တခြား ကလန်များ မိသားစုများ အထက်တန်းလွှာများ အားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။
တစ်စုံတစ်ခုအား ခံစားမိလျှင် ရီဖူရှင်းက လှည့်ကြည့်လိုက်လျှင် ဘေချူက သူ့အား ပြုံးကြည့်နေသည်ကို မြင်ရသည်။ သူက သည်အပြုံး၏အဓိပ္ပာယ်ကို နားလည်သည်။
ရီဖူရှင်းက ဘေချူအား လျစ်လျူရှုလိုက်ကာ အကြည့် လွှဲလိုက်သည်။ သူတို့သုံးယောက် ရှေ့ကို တိုးသွားလိုက်ကာ တိုက်ပွဲအတွက် ကြိုတင် ပြင်ဆင်လိုက်သည်။
ရထားလုံးများ နန်းတော်ထဲမှ ရောက်ရှိလာသည်။ ဧကရာဇ်နှင့် မိဖုရားတို့က မင်းသားများ မင်းသမီးများနှင့်အတူ ဆင်းသက်လာသည်။ သူတို့က နေရာယူလိုက်ကြသည်။ ရီဒန်ချန်းနှင့် ရီလင်းဇီတို့ကလည်း ထိုနေရာတွင် ရှိသည်။ ရီလင်းဇီက လူအုပ်ကြီးအား ကြည့်လိုက်လျှင် ရီဖူရှင်းအား မြင်ပြီး ပြုံးပြ၏။
ရီဖူရှင်းက ပြန်ပြုံးပြလိုက်ပြီး ဟွာဂျီယူအား စိုးရိမ်တကြီး ကြည့်လိုက်သည်… “ငါက ယဉ်ကျေးမှုရှိတာ…”
မနေ့ညက တည်းခိုခန်း ပြန်ရောက်သောအခါ ဖြစ်ပျက်ခဲ့သည်များကို သူ လုံးဝမေ့နိုင်မည် မဟုတ်ပေ။ မြေခွေးမကား ရက်စက်လွန်းလှသည်။
“ငါစိတ်ထဲမထားဘူး…” ဟွာဂျီယူက ပြုံးလျက် ပြောသည်။
“ငါသိတယ်…” ရီဖူရှင်းက ပြောသည်။ ဟွာဂျီယူ၏ ညင်သာသော အပြုံးကို မြင်လျှင် သူယုံကြည်လုနီးပါးပင်။
ထိုအချိန်တွင် လူအများအပြားက ဘုရင်မင်းမြတ်အား ဦးညွှတ်ကြလျှင် ဘုရင်မင်းမြတ်က လက်ဝှေ့ယမ်းလျက် ပြောသည်…“ထုံးစံတွေ မေ့ထားလိုက်… ပြိုင်ပွဲကို ဆက်မယ်…”
ကန်ယီကျောင်းတော်မှ အကြီးအကဲများက ဖန်းဟွာရင်ပြင်ကို လျှောက်သွားလိုက်ကြပြီး ကျန်ရစ်သော သစ်သားပြားများအား စီတန်းလိုက်ကြသည်။ မကြာမီ သည်နာမည်များထဲမှ အနည်းငယ်မှာ ကန်ယီတစ်နိုင်ငံလုံး ထင်ရှား ကျော်ကြားတော့မည် ဖြစ်သည်။
***