Switch Mode

အပိုင်း(၁၁၃)

ညစာစားပွဲ

ဘေချူကား ဓမ္မအဆင့် မှော်ဂီတပညာရှင် ဖြစ်နေပြီ။ ရီဖူရှင်းကား ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်သာ။ သူ၏လက်ရှိအဆင့်ဖြင့် နောက်နှစ်နှစ်တာ ကာလမျှဖြင့် လိုက်မီရန် ခက်ခဲလှ၏။ မှော်ဂီတပညာရှင်များက အမှန်တကယ်ပင် ချင်ကလန်တွင် တန်ခိုးကျင့်သင့်ပေသည်။

ရီဖူရှင်းက ဘေချူကို ထူးဆန်းစွာ ကြည့်လိုက်သည်။ ပထမတစ်ကြိမ်က သူ့အား ကု့ချင်းကျောင်းသား အဖြစ် ကမ်းလှမ်းခဲ့သည်။ ဒုတိယတစ်ကြိမ်တွင်လည်း သူက ရီဖူရှင်းအပေါ် သည့်ထက် ကောင်းမွန်သော အမြင်ရှိပုံရသော်လည်း မိမိကိုယ်ကို ရီဖူရှင်းထက် သာလွန်သည်ဟူသော လေသံကို ရီဖူရှင်း ခံစားရသည်။ သူပြောသည်မှာ သူ့အားလိုက်မီရန် နှစ်နှစ်ခန့် ကြိုးစားရမည်ဟူ၍။ အမှန်တကယ်ကော ရီဖူရှင်းက နှစ်နှစ်ခန့် လိုအပ်ပါသလော။ သည်အတွက် ချင်ကလန်ကို ဝင်ရောက်သင့်ပါသလော။

သူက ထိုကမ်းလှမ်းမှုကို ငြင်းပယ်ရန် လုပ်နေဆဲတွင်ပင် အေးစက်သော အသံတစ်သံကို ကြားလိုက်ရသည်…“မင်းပါးစပ် မပိတ်သေးဘူးလား…”

လူတိုင်းက လှည့်ကြည့်လိုက်လျှင် ထိုအသံမှာ သိမ်းငှက်နက်ထံမှ လာသည်ကို သိလိုက်ကြသည်။ စကားပြောသူကား သိမ်းငှက်နက် ကျောပေါ်တွင် ရပ်နေသော ယူချင်းဖြစ်သည်။ သူက ဘေချူကို အေးစက်စွာ ကြည့်နေသည်။ သူက ရီဖူရှင်းအား နောက်ဆုံးအကြိမ်ကလည်း ကု့ချင်းကျောင်းသား ဖြစ်ရန် ကမ်းလှမ်းခဲ့သည်။ ထိုတစ်ကြိမ် ကတည်းက ယူချင်းက ဒေါသထွက်နေခဲ့၏။ ယခု သူက တစ်ဖန် ရီဖူရှင်းထက် သာလွန်မှုကို ပြသနေသည်ဟု ယူချင်းခံစားရကာ မည်သို့မှ စိတ်မထိန်းနိုင်တော့ပေ။

တခြားလူများအတွက်မူ ဘေချူ၏ကမ်းလှမ်းမှုက ရီဖူရှင်းအပေါ် ကောင်းမွန်သော ကမ်းလှမ်းမှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက ဘေချူမှာ ရီဖူရှင်းထက် ပိုမို ထူးချွန်သည်ဟု သတ်မှတ်ထားကြ၍ ဖြစ်သည်။ သို့သော်လည်း ယူချင်းအတွက်ကား လုံးဝဆန့်ကျင်ဘက် အမြင်သာဖြစ်၏။ သူက ဘေချူ၏ကမ်းလှမ်းမှုမှာ ရီဖူရှင်းအတွက် စော်ကားသော စကားများသာ ဖြစ်သည်ဟု ယူဆသည်။

လူအများအပြားက ယူချင်းအား ထူးဆန်းစွာ ကြည့်လိုက်ကြသည်။ တခြားတစ်ဖက်တွင် ချင်ကလန်မှ လူများမှာလည်း မျက်နှာအမူအရာများ သိပ်မကောင်းလှချေ။ ဘေချူကား သူတို့ကလန်မှ လူငယ်မျိုးဆက်များ၏ ကိုယ်စားလှယ်ဟုပင် ပြော၍ရသည်။ သူတို့၏မျက်လုံးတွင် ဘေချူက ရီဖူရှင်း၏ စွမ်းရည်များအား သဘောကျသည်။ ထို့ကြောင့် သူက ရီဖူရှင်းအား ချင်ကလန်သို့ ဖိတ်ခေါ်သည်။ သို့သော် ယူချင်းက ရိုင်းစိုင်းစွာ ပြန်ပြော၏။

“မင်းရဲ့ ပါရမီက အရမ်းကောင်းမွန်နေပြီး မင်းက အရမ်း သန်မာနေရင်တောင် ဒီလိုပြောဆိုတာက အရမ်း ရိုင်းစိုင်းမနေဘူးလား….” ဘေချူက ယူချင်း၏စကားကို မည်သို့မျှ ပြန်မပြောသော်လည်း ဘေချူ၏ဘေးမှ နောက်ထပ် ချင်ကလန်မှ လူငယ်တစ်ယောက်က လှမ်း၍ မေးခွန်းထုတ်လိုက်သည်။

“သွားစမ်းပါ…..” ယူချင်း နောက်ထပ်မပြောတော့။ သူအပိုစကားများ ပြောကာ အချိန်မဖြုန်းလိုပေ။

“မင်း…..” ထိုလူငယ်က ယူချင်းကို ဒေါသတကြီး ကြည့်လိုက်ကြသည်။ သည်ကောင် အဘယ်ကြောင့် သည်မျှ ရိုင်းစိုင်းရသနည်း။

“သူပြောတဲ့စကားတွေက သူတကယ် တိုက်ခိုက်တဲ့ အချိန်လိုပဲ ရုန့်ရင်းကြမ်းတမ်း လှတယ်…” လူအများအပြားက ယူချင်းအား ကြည့်လိုက်ကြ၏။ အမှန်က ယူချင်းစကား ပြောနေခဲ့သည်မှာ ချင်ကလန်၏ လူငယ်မျိုးဆက် ခေါင်းဆောင် ပါရမီရှင် ဘေချူ ဖြစ်သည်။ သူ့တွင် အမှန်ပင် ဘေချူအပေါ် လေးစားမှု မရှိပေ။

ဘေချူက ယူချင်းအား တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ပြုံးလျက် ရီဖူရှင်းကို ပြောလိုက်သည်… “ငါက မင်းကို စိတ်ရင်းစေတနာနဲ့ ကမ်းလှမ်းခဲ့တာ… တကယ်လို့ မင်းက စိတ်မဝင်စားဘူး ဆိုရင်တော့ ထားလိုက်ပါတော့… ဒါပေမဲ့ ဧကရာဇ် ကိုယ်တိုင်ပြုလုပ်တဲ့ ဖန်းဟွာပွဲတော်မှာ မင်းရဲ့ သူငယ်ချင်း အမူအရာ အပြောအဆိုတွေက လိုနေသေးတယ်…”

ရီဖူရှင်း မျက်မှောင်ကုတ်သွားသည်။ ဘေချူကား ယူချင်းက ဧကရာဇ်ကို လေးစားမှုမရှိဟု စော်ကား ပြောဆိုလိုက်သည်။

သူက ခေါင်းမော့ကာ ဘေချူအား ပြုံး၍ ကြည့်လိုက်သည်…“မင်းပါးစပ်ကို မပိတ်သေးဘူးလား…” သူက ယူချင်း မေးသလို မေးလိုက်၏။

ယူချင်းကား ရီဖူရှင်းနှင့် ပတ်သက်၍ ဒေါသထွက်ကာ ပြောဆိုခြင်း ဖြစ်သည်။ သူက ရင့်သီးနေလျှင်ပင် ရီဖူရှင်းက သူစိမ်းတစ်ယောက် အတွက်ဖြင့် ယူချင်းအား အပြစ်တင်မည် မဟုတ်ပေ။ ထို့အပြင် ယူချင်းကလည်း ဘေချူကို သဘောကျလှသည် မဟုတ်ပေ။

ရင်ပြင်တစ်ခုလုံးမျ လူများက ရီဖူရှင်းကို အံ့သြစွာ ကြည့်လိုက်ကြသည်။ သည်လူငယ်များကား စိတ်ဝင်စားဖွယ် ကောင်းလှ၏။

ဘေချူနှင့် ချင်ကလန်မှ လူငယ်များအားလုံးမှာ ရီဖူရှင်း၏စကားကို ကြားပြီး ဆွံ့အသွားကြသည်။ ဘေချူက ပြုံးနေသောလည်း သူ့အပြုံးမှာ ကသိကအောက် ဆန်လှသည်ကို လူတိုင်း သတိထားမိကြသည်။

“ငါမင်းကို ဖန်းဟွာစင်မြင့်ပေါ်မှာ တွေ့မယ်…” ဘေချူက အေးစက်စွာ ပြောသည်။ သူ သည့်ထက် ပိုမပြောတော့။

ရီဖူရှင်း ဂရုမစိုက်ပေ။ လေဓာတ်သဘာဝများက ရီဖူရှင်းနှင့် ဟွာဂျီယူကို သယ်ဆောင်ကာ ကောင်းကင်သို့ ပျံတက်သွားပြီး သိမ်းငှက်နက်ကြီးပေါ်သို့ ရောက်ရှိသွားသည်။ ရီဖူရှင်းက ရောက်ရောက်ချင်း ယူချင်းကို ကြည့်လိုက်သည်။

ယူချင်းက အပူအပင်ကင်းသော အပြုံးတစ်ခု ပြန်ပေးသည် ။ ထိုအပြုံးကား သဘာဝဆန်သော အပြုံးဖြစ်ပြီး သည်မတိုင်မီက သူ့ရုန့်ရင်း ကြမ်းတမ်းမှုနှင့် အလွန်ကွာခြားလှသည်။

ပြိုင်ပွဲကို ဆက်လက်ပြီး ကျင်းပကာ ပြိုင်ပွဲဝင်များ အဆက်မပြတ် ဝင်ရောက် တိုက်ခိုက်ကြသည်။ လူအုပ်ထဲတွင် တကယ့်ပါရမီရှင်များ များစွာ ပါဝင်သည်။ ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် ပြီးသွားလျှင် ထိုထက်မြင့်သော တန်ခိုးရှင်များကို စစ်ထုတ်ရန် လိုလာသည်။ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်။ ကြယ်ကိုးပွင့် ကောင်းကင်အဆင့်… တိုက်ပွဲကား ပိုမို ပြင်းထန်လာသည်။ ထူးချွန်သော လူများ အများအပြား ပေါ်ထွက်လာသည်။ မွေးရာပါ ဗီဇနှင့် ပါရမီကို ဖယ်ထုတ်ထားလျှင် တန်ခိုးအဆင့် မြင့်မားပါက ဧကရာဇ်၏အာရုံစိုက်မှုကို ရရှိနိုင်ပေသည်။

ရီဖူရှင်းနှင့် တခြားလူများက သိမ်းငှက်နက်ကြီးပေါ်မှ နေ၍ တိုက်ပွဲအား ဆက်လက် ကြည့်ရှုကြသည်။ သူတို့ တွေးထင်သည့် အတိုင်းပင် ဖန်းဟွာပွဲတော်ကား ပါရမီရှင်များ စုစည်းရာ ဖြစ်သည်။ တချို့သော ပြိုင်ပွဲဝင်များကား အလွန် ထက်မြက်လှသည်။

ရီဖူရှင်းက ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် တန်ခိုးရှင် တစ်ယောက်ကို သတိထားမိသည်။ သူမကား လှပကာ သန့်စင်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမက ကန်ယီနိုင်ငံ၏ နံပါတ်တစ် အလှမယ်နှင့်ယှဉ်လျှင်ပင် လိုအပ်ချက် မရှိပေ။ သူမက တောကောင် ဖန်ဆင်းသူ ဖြစ်သလို စာလိပ်ရေးသူလည်း ဖြစ်သည်။ တိုက်ပွဲအတွင်းတွင် ရုပ်ပုံရေးဆွဲကာ အသက်ဝင်စေခြင်း။ တိုက်ခိုက်ရေး စွမ်းရည်များ စသော သူမ၏အရည်အချင်းများအား အဆက်မပြတ် ထုတ်ဖော်ပြသခဲ့သည်။

သူမ၏နာမည်မှာ ဟွာကျီဇင်ဖြစ်သည်။ သူမက ဖန်းဟွာစင်မြင့်ပေါ်ကို တက်လိုက်သည်နှင့် လူအများအပြားက စိတ်ဝင်စားကြ၏။ ပရိသတ်များက သူမနှင့် ပတ်သက်၍ ဆွေးနွေးကြ၏။ ကြည့်ရသည်မှာ သူမက မူလကတည်းက နာမည်ကျော်ကြားပုံရ၏။ မှန်သည် ကန်ယီနိုင်ငံ၏နံပါတ်တစ် အလှမယ် လင်းယွီယိုကလည်း စင်မြင့်ပေါ်ကို တက်လိုက်လျှင် ပိုမိုသော အာရုံစိုက်မှုကို ရရှိသည်။ အဘယ်ကြောင့် ဆိုသော် သူမက ပိုမို ဆွဲဆောင်မှု ရှိသောကြောင့်ပင်။

ထိုပြိုင်ပွဲဝင် နှစ်ယောက်ပြီးလျှင် တခြား ထူးချွန်သော ကောင်းကင်အဆင့်များလည်း ပေါ်ထွက်လာသော်လည်း သူမတို့လောက် လူအများ၏အာရုံစိုက်မှုကို မရရှိကြပေ။

ကောင်းကင်အဆင့်မှ လူများအားလုံး ပြိုင်ပြီးသွားသောအခါ အချိန်ကား မှောင်လုနီးပါး ဖြစ်သွားခဲ့ပြီ။ ထို့နောက် ဓမ္မအဆင့် တန်ုခိုးရှင်များ အလှည့်ကို ရောက်လာသည်။ ဓမ္မအဆင့် တန်ခိုးရှင်များမှာ ကောင်းကင်အဆင့်လောက် မများပေ။ သူတို့အားလုံးမှာ အရေအတွက်အားဖြင့် တစ်ရာခန့်မျှသာရှိပြီး အများစုမှာ ပထမအဆင့် ဓမ္မတန်ခိုးရှင်များ ဖြစ်ကြသည်။

ဓမ္မအဆင့် တန်ခိုးရှင်များ၏ တိုက်ပွဲမှာ ကောင်းကင်အဆင့် တန်ခိုးရှင်များ၏ တိုက်ပွဲထက် ပိုမို ပြင်းထန်သည်။ ပြိုင်ပွဲဝင်များက သူတို့၏ဓမ္မအသိများအား ထုတ်လွှတ်လိုက်လျှင် ပရိသတ်များ၏ အမြင်အာရုံအား မှုန်ဝါးစေသည်။ အထူးသဖြင့် လူအများအပြားက တစ်ခါတည်း တိုက်ခိုက်ကြသော ဖရိုဖရဲ ပြိုင်ပွဲမျိုး ဖြစ်သောကြောင့် ပိုမို ပြင်းထန်သည်။ တစ်ယောက်ချင်းစီ၏ တိုက်ကွက်တိုင်းက လူတိုင်း၏ရင်ဘတ်အား တုန်ခါစေနိုင်သည်။

ရီဖူရှင်းကလည်း ဓမ္မအဆင့် တိုက်ပွဲများကို အာရုံစိုက်၍ လေ့လာသည်။ သူက ဘေချူ၏ တိုက်ခိုက်ပုံကို သတိထားမိသည်။

ဘေချူကား မာနကြီးကာ သမာသမတ်ကျသော ပုံဟန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ထူးခြားထက်မြက်သော ပါရမီများ ရှိသောကြောင့်ပင်။ တိုက်ပွဲအတွင်းတွင် သူက တစ်ဖက်ခြမ်းတွင် နေရာယူကာ သံစဉ်တစ်ပုဒ်အား တီးခတ်သည်။ မည်သူမှ သူ့အနီးကို ကပ်နိုင်စွမ်းမရှိပေ။ ထိုအဖြစ်က လူအများ အကြားတွင် သူ့အား ထင်ရှားစေသည်။

ဘေချူပြီးလျှင် ကန်ယီကျောင်းတော်မှ ဓမ္မအဆင့် ကျောင်းသားများမှာလည်း အလွန်စွမ်းသည်။ ထိုအထဲတွင် အရှင်လေးဟု သမုကြသော လူငယ်လေး တစ်ယောက်ပါသည်။ သူ့ဓားပညာက ရီဖူရှင်းအား အမှန်ပင် အံ့အားသင့်စေသည်။ ရီဖူရှင်းက သူ့နာမည်အား မှတ်သားထား၏။ သူ့နာမည်မှာ ရီဝူချင်း ဟူ၍ဖြစ်သည်။ သူတို့ချင်း မျိုးရိုးနာမည် တူညီသည်။

နောက်ဆုံးတွင် ပြိုင်ပွဲဝင်များ အားလုံးကို စိစစ်ပြီးသွားပြီ ဖြစ်သောကြောင့် ပြန်လည် ဆန်းစစ်ကြည့်လျှင် လူတစ်သောင်းကျော်မှ လူနှစ်ရာကျော်ခန့်ကို ရွေးထုတ်ခဲ့သည်ဟု ပြောနိုင်သည်။ သူတို့က ယခုနှစ် ဖန်းဟွာပွဲတော်အား ဆက်လက် ယှဉ်ပြိုင်ရန် နောက်တစ်ဆင့် တက်ရောက်သူများ ဖြစ်ကြ၏။

ညရောက်လာပြီ ဖြစ်သောကြောင့် ကောင်းကင်မှာ နက်မှောင်နေပြီ ဖြစ်သော်လည်း ဖန်းဟွာရင်ပြင်ကား မီးရောင်စုံများ ဝင်းလက် တောက်ပြောင်နေသည်။

ဧကရာဇ်က သူ့ပလ္လင်နေရာမှ ထလိုက်လျှင် လူတိုင်းက သူ့နောက်မှ လိုက်ထကြသည်။ ဧကရာဇ်ဘေးမှ တစ်ယောက်က ရှေ့ကို ထွက်လာကာ ကြေညာသည်… “ဘုရင်မင်းမြတ်က နန်းတော်ထဲမှာ ညာစာစားပွဲတစ်ခု ကျင်းပဖို့ ပြင်ဆင်ထားတယ်… ဒီနေ့ နောက်တစ်ဆင့် တက်ရောက်တဲ့ ပြိုင်ပွဲဝင်များ အားလုံးက ဘုရင်မင်းမြတ်နဲ့အတူ နန်းတော်ထဲကို ဝင်ရောက်နိုင်တယ်…”

လူတိုင်းက ခေါင်းညိတ်ကြသည်။ မည်သို့ပင်ဆိုစေ သည်ဖိတ်ခေါ်မှုက ဧကရာဇ်ထံမှ လာခြင်းဖြစ်သည်။ တိုက်ပွဲပြီးလျှင် သည်ပါရမီရှင်များက ဧကရာဇ်နှင့်အတူ တွေ့ဆုံခြင်းက ဂုဏ်ယူဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်သည်။ ထို့ကြောင့်လည်း  လူတစ်သောင်းကျော်မှ လူနှစ်ရာကို စစ်ထုတ်ပြီးမှသာလျှင် နန်းတော်ထဲသို့ ထိုလူများကို ဖိတ်ခေါ်ခြင်းဖြစ်သည်။

ရီဖူရှင်းတို့အုပ်စုက လူအုပ်ထဲသို့ ပျံသန်းသွားကြပြီး ဟွာဖန်းလူ၏ရှေ့ကို ရောက်လာသည်… ဆရာ… ကျွန်တော်တို့က နန်းတော်ထဲကို သွားရဦးမယ်… ညစာစားပွဲပြီးတာနဲ့ ကျွန်တော်တို့ တည်းခိုခန်းကို ပြန်လာမယ်…”

“သွားလိုက်…..” ဟွာဖန်းလူက ပြုံးလျက် ပြောသည်။ သူ စိုးရိမ်စရာ မလိုပေ။ ကန်ယီနိုင်ငံ၏ ဧကရာဇ်မှာ ပွင့်လင်းကာ သမာသမတ် ကျပုံရ၏။ သူက ဖန်းဟွာပွဲတော်ကို ကျင်းပခြင်းမှာ တိမ်ကောနေသော ပါရမီရှင်များကို ရှာဖွေလိုရင်း ဖြစ်ပုံရ၏။ ပုံမှန်အားဖြင့် သည်လူငယ်များ နန်းတော်ထဲကို ဝင်ရောက်ခြင်းက ဟွာဖန်းလူအတွက် စိုးရိမ်စရာ မဟုတ်ပေ။

ရီဖူရှင်းတို့အုပ်စု နန်းတော်ထဲကို သွားမည့် လူအုပ်ထဲသို့ ပြန်ရောက်လာခဲ့သည်။ ဧကရာဇ်က သူ့စီးတော်ယဉ်နှင့် နန်းတော်ထဲကို သွားပြီဖြစ်သည်။ ပြိုင်ပွဲဝင်များကိုမူ တခြားလူများက ဦးဆောင်ခေါ်သွားမည် ဖြစ်သည်။

ဖန်းဟွာ ရင်ပြင်ကို ဖြတ်ကျော်ပြီးလျှင် ဖန်းဟွာ ဂိတ်တံခါးကို ရောက်ရှိသည်။ ထို့နောက် နန်းတော်ထဲကို သွားသော လမ်းမသို့ ရောက်၏။ နန်းတော်၏ ဆောက်လုပ်ပုံမှာ သူ့ကိုယ်ပိုင်ဟန်ရှိကာ ထူးခြားကာ ကြီးကျယ်ခမ်းနားသော ဟန်ရှိသည်။ သူတို့လူအုပ်ကြီးက နန်းတော်ဥယျာဉ်ထဲကို ရောက်ရှိလာခဲ့ကြ၏။ ပတ်ဝန်းကျင်ကား သာယာလှကာ အလွန်လှပသည်။

ဘုရင်မင်းမြတ်နှင့် သူ့မိဖုရားတို့က ဥယျာဉ်ထဲတွင် စောင့်ဆိုင်းနေကြသည်။ လူတိုင်းက ဘုရင်မင်းမြတ်အား ဦးညွှတ်ကာ နှုတ်ဆက်ကြ၏။

“ထုံးစံတွေ ထားလိုက်… ဒါကို ပုံမှန် မိသားစု ညစာစားပွဲလိုပဲ သဘောထား… အဆင်ပြေသလို ထိုင်ကြ…” ဧကရာဇ်က ပြုံးလျက်ပြောသည်။ ထို့နောက် သူက မိဖုရားနှင့်အတူ ထိုင်ခုံတစ်နေရာစီယူကာ ထိုင်ကြသည်။ ထိုအခါမှသာလျှင် လူတိုင်းက နေရာကိုယ်စီယူကာ ထိုင်လိုက်ကြသည်။ လူတိုင်းတွင် စားပွဲအသေးလေးတစ်ခုစီ ရသည်။ ရီဖူရှင်း။ ဟွာဂျီယူနှင့် ယူချင်းတို့ကလည်း ထိုင်လိုက်ကြသည်။

“ဒီနေ့က ဖန်းဟွာပွဲတော်ရဲ့ အစနေ့ပဲ… အခု ရောက်နေတဲ့သူတွေ အကုန်လုံးက ကန်ယီနိုင်ငံရဲ့ အနာဂတ် လူငယ်မျိုးဆက်တွေ ဖြစ်တယ်… မင်းတို့က ငါ့နိုင်ငံရဲ့ အနာဂတ်လို့ ပြောလို့ရတယ်… မိဖုရားနဲ့ ငါက မင်းတို့ကို တစ်ခွက် ဂုဏ်ပြုမယ်…” ဧကရာဇ်က သူ့ဝိုင်ဖန်ခွက်ကို မြှောက်လိုက်လျှင် လူတိုင်းကလည်း ဖန်ခွက်အား မြှောက်လိုက်ကြသည်။

“ဖန်းဟွာပွဲတော် ပြီးဆုံးတဲ့ အခါမှာ လူတိုင်းက ကိုယ့်ရဲ့ ရလဒ်နဲ့ ပတ်သက်ပြီး သဘောကျကြလိမ့်မယ် မဟုတ်ဘူးဆိုတာ ငါသိတယ်… ဒါပေမဲ့ ဒီအထိ ရောက်လာပြီးမှတော့ မင်းတို့ရဲ့ ပါရမီကို သက်သေပြပြီးဖြစ်တယ်… မနက်ဖြန်မှာ နောက်တစ်ဆင့် မတက်ရောက် နိုင်ခဲ့ရင်တောင် အားမလျှော့ကြနဲ့…..” ဧကရာဇ်က ပြောသည်။ လူငယ်များအားလုံးက ခေါင်းညိတ်ကြသည်။ သူတို့က ပြန်လည်ပြောဆိုရင် မသင့်တော်ပေ။ သူတို့က နားထောင်ရုံသာ တတ်နိုင်သည်။

ဧကရာဇ်က ပြုံးလျက် ဆက်ပြောသည်… “မင်းတို့တွေက ဒီနေရာမှာ ငါရှိလို့ အနေရ ခက်နေတာ ငါသိတယ်… မင်းတို့ လူငယ်တွေ ပြောဆို စားသောက်တာကို မနှောင့်ယှက်တော့ဘူး… ဘယ်သူမှ ညစာစားပွဲက အစောကြီး မသွားစေချင်ဘူး… ငါသွားတော့မယ်…”  ထိုသို့ ပြောပြီးသည်နှင့် ဧကရာဇ်က သူ့မိဖုရားနှင့် အတူ ထွက်ခွာသွားသည်။ သို့သော် မင်းသားများနှင့် မင်းသမီးများက ကျန်နေရစ်၏။

ယနေ့ ရောက်ရှိနေသော လူငယ်များမှာ နောင်တစ်ချိန်တွင် ကန်ယီနိုင်ငံ၏ အရေးပါသော သူများ ဖြစ်လာကြမည် ဖြစ်သည်။ ထို့ကြောင့် မင်းသားများနှင့် မင်းသမီးများက သည်လူငယ်များနှင့် ရင်းနှီး ခင်မင်စေခြင်းက ပြဿနာမရှိနိုင်ပေ။ သည်ညစာစားပွဲ ကိုယ်တိုင်ကလည်း လူငယ်များ အားလုံးကို ရင်းနှီးစေလိုသော ရည်ရွယ်ချက်များ ပါဝင်ပေသည်။

“ကောင်းပြီ… အခု အဖေသွားပြီဆိုတော့ မင်းတို့တွေလည်း လွတ်လွတ်လပ်လပ်နေလို့ ရပြီ…” မင်းသားတစ်ပါးက ရယ်မော၍ ပြောသည်။ လူတိုင်းကလည်း ရယ်မောလိုက်ကြသည်။ အမှန်ပင် ပတ်ဝန်းကျင်က ဧကရာဇ် ထွက်သွားပြီးလျှင် ပိုမို၍ သက်သောင့်သက်သာ ဖြစ်သွားသည်။ မင်းသားများနှင့် မင်းသမီးများမှာလည်း ထိုပြိုင်ပွဲဝင်များကဲ့သို့ပင် အသက် နှစ်ဆယ်ဝန်းကျင်များ ဖြစ်ကြသည်။ ထို့ကြောင့် လူငယ်များအကြား ထုံးတမ်းစဉ်လာများအား အလေးထားနေစရာ မလိုအပ်ပေ။ မည်သို့ပင်ဆိုစေ သူတို့အများစုမှာ နောက်ခံ အင်အားကောင်းသော မိသားစုများ ကလန်များမှ ဖြစ်ရာ တော်ဝင်မိသားစုနှင့် ဆက်ဆံရခြင်းက နေရခက်စရာ မရှိပေ။

“နတ်သမီး လင်းယွီယိုကို အနီးကပ် မြင်ရတာ ဒါကျုပ်ရဲ့ ပထမဆုံးအကြိမ်ပဲ… မင်းက ပန်းချီတွေထဲမှာသာ မြင်ရတတ်တဲ့ တကယ်ရှားပါးတဲ့ အလှပိုင်ရှင်ပဲ…” မင်းသားတစ်ပါးက လင်းယွီယိုကို ချီးကျူးလိုက်သည်။

“သူမက တကယ်ပဲ ကန်ယီနိုင်ငံရဲ့ နံပါတ်တစ် မိန်းမလှဘွဲ့နဲ့ ထိုက်တန်လှတယ်… ဒါက ကောလာဟလသက်သက် မဟုတ်ဘူး…..” လူအုပ်ထဲမှ တစ်ယောက်က ထောက်ခံသည်။

“ဒါက လူတွေက ရယ်စရာသဘောနဲ့ ပေးတဲ့ ဘွဲ့နာမည်လေးပါပဲ… အရှင့်သားက လင်းယွီယိုကို ချီးမြှောက်လွန်းပါပြီ…” လင်းယွီယိုက အသာအယာ ပြုံးလျက် ပြောသည်။

“ဒီလိုအချိန်မျိုးမှာ ငါတို့က ဘယ်လိုလုပ် ဂီတအနုပညာကို မေ့ထားလို့ ရမှာလဲ…..” ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ သူမကား မင်းသမီးထဲမှ တစ်ယောက်ဖြစ်သည်။ သူမက ဘေချူနှင့် ရီဖူရှင်းကို ကြည့်နေ၏။ သူတို့နှစ်ယောက်လုံးမှာ အလွန်ချောမောပြီး ပါရမီရှင် ဂီတပညာရှင်များ မဟုတ်ပါလား။

“ချင်ကလန်ရဲ့ ဂီတက ဒီလို အခြေအနေမျိုးမှာ မသင့်တော်ပါဘူး… ကျုပ်က မင်းသမီးကို စိတ်ပျက်စေမိပြီ… ဒါပေမဲ့ ဒီနေ့ ဖန်းဟွာ ပွဲတော်မှာ ရီဖူရှင်းက တီးခတ်ပြီးတော့ ဟွာဂျီယူက ကခုန်ခဲ့တယ်… သူတို့ရဲ့ ဂီတသံစဉ်နဲ့ လှုပ်ရှားမှုတွေက အရမ်း လိုက်ဖက်ပြီးတော့ သူတို့က ကောင်းကင်က ချီးမြှောက်တဲ့ စုံတွဲလို့ ပြောနိုင်တယ်… ကျုပ်တို့က ဒီအခွင့်အရေးကို အသုံးပြုပြီး သူတို့ရဲ့ ဖျော်ဖြေမှုကို ခံစားကြည့်ရှုရရင် ဘယ်လောက် ကောင်းလိုက်မလဲ…” ဘေချူက ပြုံးလျက် ပြောသည်။

လူတိုင်းက ဟွာဂျီယူနှင့် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သည်မတိုင်မီက သူတို့သုံးယောက်က အမှန်တကယ်ပင် စွမ်းဆောင်ရည် ကောင်းကောင်းဖြင့် လူတိုင်းကို အံ့အားသင့် ထိတ်လန့်စေခဲ့သည်။ ထို့အပြင် ဟွာဂျီယူနှင့် ရီဖူရှင်းမှာ သိသာ ထင်ရှားစွာပင် စုံတွဲများ ဖြစ်ကြသည်။ ဖန်းဟွာပွဲတော် အတွင်းမှ သူတို့နှစ်ယောက်၏ စွမ်းဆောင်မှုမှာ အမှန်တကယ်ပင် ကြည့်ကောင်းလှသည်။

*

Comment

Leave a Reply

Options

not work with dark mode
Reset