Switch Mode

အပိုင်း(၁၁၂)

လက်တွဲတိုက်ခိုက်ကြခြင်း

ယူချင်းကား တိုက်ပွဲတစ်ပွဲမျှဖြင့် လူအားလုံး၏ အာရုံစိုက်မှုကို ရရှိသွား၏။ ဖန်ဟွာအဆင့်အတွင်း ပါဝင်ရန် ကြိုတင် တစ်ပေးခံရသူများထဲတွင် ယွန်ဒီတစ်ယောက်သာ ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် တောကောင်များအား ထိန်းချုပ်နိုင်သော အလွန်ထက်မြက်သော ပါရမီ ရှိသောကြောင့် ဖြစ်သည်။ သူကား ဓမ္မအဆင့်အောက်မှ တောကောင်များ အားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသလို တချို့ ဓမ္မအဆင့် တောကောင်များကိုပင် ထိန်းချုပ်နိုင်ပေသည်။ ထို့အပြင် သူကား တိုက်ခိုက်ရေးစွမ်းရည် အလွန်ထက်မြက်သော မှော်ထိန်းချုပ်သူလည်း ဖြစ်၏။ သူ့ပထမဆုံး တိုက်ပွဲတွင် မရေမတွက်နိုင်သော တောကောင်များအား သူက ဆင့်ခေါ်ကာ သူ့စွမ်းရည်ကို ပြသခဲ့သည်။ သို့သော်လည်း သူ့စွမ်းဆောင်ရည်များက တခြားတစ်ယောက်အား ပိုမို တောက်ပစေရန် ဖြစ်စေခဲ့သည်။ ယူချင်းပြောခဲ့သလိုပင် သူကား အမှိုက်ရှင်းပေးသူသာ ဖြစ်သည်။

ဆင့်ရှာ၏ ရင်ဘတ်များ တုန်ခါသွားသည်။ ကြည့်ရသည်မှာ ကန်ယီကျောင်းတော် အတွင်းတွင် ယူချင်းက  သူ့အရည်အချင်း၏ အစအနတချို့ကိုသာ ပြသခဲ့ခြင်း ဖြစ်ဟန်တူသည်။ သည်စွမ်းရည်က သူ့တကယ့်ပုံစံလား။ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ဒီမွန်ကလန်မှ လူများအားလုံး မျက်နှာပျက် နေကြသည်။ သူတို့က ယွန်ဒီအား အလွန် မျှော်လင့်ခဲ့ကြသော်လည်း ပထမတိုက်ပွဲတွင်ပင် သူကား ရှုံးနိမ့်ခဲ့ရသည်။ သူ့ပြိုင်ဘက်ကား တန်ခိုးအဆင့်တူပင် ရှိသည်။ အခြေအနေအရ ယွန်ဒီ၏နာမည်မှာ ဖန်းဟွာ အဆင့်အတွင်း ပေါ်မလာနိုင်တော့သည်ကို သူတို့ သိလိုက်သည်။ တန်ခိုးအဆင့်အတူ အတွင်းတွင် သူ့ထက် ပိုမို ထူးချွန်သူ ရှိနေပေသည်။

ထိုအခိုက်တွင် ပလ္လင်တွင် ထိုင်နေသော ဘုရင်မင်းမြတ်က ယူချင်းက သူ့ကို ကြည့်နေသည်ကို သတိထားမိသည်။ သူ့အကြည့်ကား ရိုးစင်းလှသည်။ ယူချင်းက ဘုရင်မင်းမြတ် ဟူသည်မှာ မည်ကဲ့သို့သော ပုံဟန်ဖြစ်သည်ဟု သိချင်ရုံမျှသာ ဖြစ်ဟန်တူသည်။

“ထင်တဲ့အတိုင်းပဲ… တခြားလူတွေနဲ့ ကွဲပြားတယ်…..” ဘုရင်မင်းမြတ်က ရယ်မော၍ ပြောသည်။ ယူချင်း၏အကြည့်နှင့် ပတ်သက်၍ သူစိတ်ဆိုးစရာ မရှိပေ။ သူကား ဘုရင်မင်းမြတ်ဖြစ်ပြီး ဘုရင်တစ်ပါး၏ သည်းခံမှုမျိုးရှိသည်။

ဖန်းဟွာပွဲတော်၏ ရည်ရွယ်ချက်မှာ ကန်ယီနိုင်ငံအတွင်းမှ လူငယ်မျိုးဆက်များထဲ အထူးချွန်ဆုံးသော လူငယ်များအား ရှာဖွေလိုရင်း ဖြစ်သည်။ ထို့ကြောင့်လည်း ပြိုင်ပွဲအတွင်း ဝင်ပြိုင်သူများအား တစ်စုံတစ်ခု ထိခိုက်စေရန် ကြိုးပမ်းပါက သူက ထိုလူကို အပြစ်ပေးမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။ သူကလည်း ထိုသို့ လုပ်မည် မဟုတ်ပေ။ မဟုတ်လျှင် သူက ဖန်းဟွာပွဲတော်ကို နောင်တွင် မည်သို့ ဆက်လက် ကျင်းပနိုင်တော့မည်နည်း။

အနီးအနားမှ အထက်တန်းလွှာများက ဘုရင်မင်းမြတ်၏စကားကို ကြားလျှင် သူက ယူချင်းအား ကောင်းမွန်သော အမြင်ရှိသည်ကို သိလိုက်ကြသည်။ သည်လူငယ်၏ ရုန့်ရင်းကြမ်းတမ်းသော စွမ်းဆောင်ရည်က သူကား တိုက်ပွဲအတွက် မွေးဖွားလာသည်ကို အလွယ်တကူ မြင်နိုင်သည်။ ရီဖူရှင်းတစ်ယောက်သာ မအံ့သြပေ။ တန်ခိုးအဆင့်တူအတွင်း မည်သူက ယူချင်းကို ယှဉ်နိုင်မည်နည်း။

“ယူချင်း… ယွန်ဒီ… နောက်တစ်ဆင့် တက်တယ်….” ကန်ယီကျောင်းတော်မှ အကြီးအကဲက ကြေညာသည်။ သူက သူတို့နှစ်ယောက်၏သစ်သားပြားကို သိမ်းထားပြီး တခြား သစ်သားပြားများအား လွှင့်ပစ်လိုက်သည်။ ရလဒ်ကား မျှော်လင့်ထားသကဲ့သို့ပင်။ ယွန်ဒီကား ယူချင်းကို ရှုံးနိမ့်ခဲ့ရသော်လည်း သူ့စွမ်းဆောင်ရည်ကို ငြင်းဆန်၍ မရပေ။

ယူချင်းက စင်ပေါ်မှ ဆုတ်ခွာရန် ဟန်ပြင်လိုက်သည်။ သူက ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး လေထဲကို ခုန်တက်လိုက်လျှင် ဓားတစ်စင်းအလား ကောင်းကင်သို့ ထိုးတက်သွားသည်။

သိမ်းငှက်နက်ပေါ်မှ ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်လျှင် လေပြင်းတစ်ချက် ရိုက်ခတ်သွားပြီး ယူချင်းအား လေဓာတ်များက ရစ်ပတ်သွားကာ ထိုလေဓာတ် စွမ်းအင်များအား သုံးလျက် ယူချင်းက သိမ်းငှက်နက်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လာသည်။ လူအများအပြားက သိမ်းငှက်နက်ကြီး ရှိရာသို့ ကြည့်လိုက်ကြသည်။ ထို့ကြောင့် သူတို့က ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကိုလည်း မြင်ကြရသည်။ သူတို့သုံးယောက်မှာ အလွန် ရင်းနှီးကြပုံရသည်။ သို့သော် သူတို့ မည်သည့်နေရာက လာသည်ကို မည်သူမှ မသိပေ။

ဒိုင်လူကြီးများက နာမည်များအား ဆက်တိုက် ခေါ်လိုက်ကြကာ တိုက်ပွဲက ဆက်လက် ဖြစ်ပေါ်သည်။ ထူးခြားထက်မြက်သော လူငယ်များ အဆက်မပြတ် ထွက်ပေါ်လာသော်လည်း သူတို့က ယွန်ဒီနှင့် ယူချင်းတို့ကဲ့သို့ ရင်ဆိုင်မိခြင်း မရှိကြပေ။

ပြိုင်ပွဲဆက်လက် ကျင်းပင်နေစဉ်မှာပင် နောက်ဆုံး သူ့နာမည်အား ခေါ်လိုက်သည်ကို ရီဖူရှင်းက ကြားလိုက်ရသည်။ သို့သော်လည်း သူ့နာမည်နောက်တွင် ဟွာဂျီယူ၏ နာမည်ကိုလည်း ထပ်မံကြားကြရသည်။ သူတို့အား တိုက်ပွဲတစ်ခုတည်း အတွင်းတွင် ထည့်ထားသည်။

သူတို့ချင်း မျက်လုံးချင်းဆုံမိကာ ပြုံးလိုက်ကြသည်။ ထို့နောက် လေဓာတ်များက သူတို့နှစ်ယောက်ကို သယ်ဆောင်ကာ စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။ သူတို့က ဖန်းဟွာစင်မြင့်ပေါ်သို့ အလွန်လိုက်ဖက်သော အချစ်စုံတွဲကဲ့သို့ပင် ဆင်းသက်လာကြရာ လူအများအပြားက ချက်ချင်း သတိထားမိကာ စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ သူတို့ကား ယူချင်းနှင့် အတူတူ လာသူများဖြစ်ပြီး ယူချင်းကား အလွန်ထူးချွန်လှသည်။

လေထဲတွင် ချင်ကလန်မှ ဘေချူက ရီဖူရှင်းကို ကြည့်လိုက်သည်။ သူတို့ လွန်ခဲ့သော သုံးရက်ခန့်က တွေ့ဆုံခဲ့ကြသည်။ သူက ရီဖူရှင်းအား သူ့ကု့ချင်း ကျောင်းသားအဖြစ် ဖိတ်ခေါ်ခဲ့သည်။ သို့သော် ငြင်းပယ်ခံခဲ့ရ၏။ ယခု ရီဖူရှင်းက သူ့တွင် ထိုသို့ငြင်းရန် အရည်အချင်း ရှိသည်ကို သူသိလိုက်သည်။ အကယ်၍ ယူချင်းကသာလျှင် ထိုမျှ အရည်အချင်းရှိလျှင် ရီဖူရှင်းသည်လည်း ထူးချွန်ရပေမည်။

ကန်ယီနိုင်ငံ၏နံပါတ်တစ် မိန်းမလှ လင်းယွီယိုကလည်း ရီဖူရှင်းနှင် ဟွာဂျီယူကို ကြည့်နေသည်။ သူမကလည်း စိတ်ဝင်စားသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ရီဖူရှင်းပြောသော စကားအချို့ကို သူမကြားလိုက်သောကြောင့်လည်း ဖြစ်သည်။ သည်မိန်းကလေးက မျက်နှာကို ပဝါ အုပ်ထားသော်လည်း သူမ၏ခန္ဓာကိုယ် ကောက်ကြောင်းများက လှပပြည့်စုံလွန်းလှသည်။ သူမ၏မျက်နှာ အလှအပများကလည်း အလွန် လှပရပေမည်။ သို့သော်လည်း ထိုမိန်းကလေးက သူမထက်လှမည်ဟု လင်းယွီယို မယုံကြည်ပေ။

ဒီမွန်ကလန်က လူများကမူ မကြည်မသာ ကြည့်နေကြသည်။ တိုက်ဆိုင်စွာပင် သည်တစ်ခေါက်တွင်လည်း သူတို့ကလန်မှ လူနှစ်ယောက်ပါဝင်သည်။ ဘုရင်မင်းမြတ်က ဖန်းဟွာပွဲတော်မှ ရှုံးနိမ့်မှုအတွက် လက်စားမချေရဟု ပြောသော်လည်း ပြိုင်ပွဲအတွင်း တိုက်ခိုက်ခြင်းက ပြဿနာမရှိပေ။

ရီဖူရှင်းနှင့် ဟွာဂျီယူတို့က ရင်ပြင်တစ်နေရာသို့ လျှောက်သွားလိုက်ကြကာ ရီဖူရှင်းက ထိုင်ချလိုက်သည်။ သူ့ကု့ချင်းဝိညာဉ် ပေါ်လာပြီး သူ့ရှေ့ကို ကျလာသည်။ ဟွာဂျီယူက တိုက်ပွဲကို အရေးမစိုက်သည့်အလား ရီဖူရှင်း၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

ဂီတသံ ထွက်ပေါ်လာသည်။ သာယာသော ဂီတသံက ရီဖူရှင်း၏ကု့ချင်းမှတစ်ဆင့် လေထဲကို ပျံ့နှံ့သွားသည်။ ထိုဂီတသံစဉ်က တိုက်ပွဲအတွက် အသုံးပြုသည့် မှော်တိုက်ကွက် ဟုတ်ဟန်မတူဘဲ နားထောင်သူအား သာယာမှု နွေးထွေးမှုကို ပေးသည်။

ဒီမွန်ကလန်မှ နှစ်ယောက်က သူတို့နှစ်ယောက်ထံ လျှောက်သွားလိုက်ကြသည်။ တစ်ယောက်က သစ်ရွက်စိမ်းအား နှုတ်ခမ်းတွင် တေ့ကာ မှုတ်လိုက်သည်။ ထိုအသံကား အတော်စူးရှသည်။ အသံက ကောင်းကင်တစ်ခွင်ကို ပျံ့နှံ့သွားလျှင် ကောင်းကင်အဆင့် တောကောင် များစွာအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ထိုအဖြစ်က ထိုတောကောင်များ၏ ပိုင်ရှင်များအား စိတ်ညစ်စေသည်။ သူတို့က သူတို့၏တောကောင်များအား ဆောင်ယူလာခြင်းက ဒီမွန်ကလန်မှလူများ အသုံးပြုရန်  ဖြစ်နေသည်။

သို့သော်လည်း ထိုတောကောင်များက တော်လှန်လိုသော သဘာဝအား ဖော်ပြနေကြသော်လည်း သူတို့က သူတို့သခင်များအား စွန့်ခွာမသွားကြချေ။ သဘာဝစွမ်းအင်များက သစ်ရွက်စိမ်းသမားရှေ့တွင် စုစည်းလာကြကာ တောကောင်ကြီး ပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်။ သူ့နည်းစနစ်ကား သဘာဝစွမ်းအင်ဖြင့် တောကောင် ဖန်တီးသည့် နည်းစနစ်နှင့် ဆင်တူသည်။ ယခင်က ဒွန်ဟိုင်နိုင်ငံတုန်းက ကျောက်မူက ထိုနည်းစနစ်ကို အသုံးပြုခဲ့၏။ နောက်ဆုံးတွင် တောကောင်ကြီးက ဟွာဂျီယူနှင့် ရီဖူရှင်းတို့ထံ တိုးဝင်လာသည်။

ဟွာဂျီယူက လက်ဝှေ့ယမ်းလိုက်သည်။ မမြင်ရသော စိတ်ဝိညာဉ် စွမ်းအင်လှိုင်းတစ်ခုက ချက်ချင်း ပေါ်လာကာ တောကောင်ကြီးအား ရပ်တန့်လိုက်သည်။ ထို့နောက် သူမက လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်လျှင် တောကောင်ကြီးက ပေါက်ကွဲကာ ပျောက်ကွယ်သွား၏။

“နင်တိုက်လေ… ငါကူပေးမယ်…” ရီဖူရှင်းက ညင်သာစွာ ပြောသည်။ သူတို့က ဖန်းဟွာ ပွဲတော်တွင် နောက်တစ်ဆင့်တက်ရန် အရည်အချင်းများအား ထုတ်ပြရန် လိုအပ်ပေသည်။ ထို့ကြောင့် တိုက်ခိုက်မှုကို ရှောင်ဖယ်ခြင်းက လက်တွေ့မကျပေ။ ရီဖူရှင်းက တစ်ယောက်လည်း မစွမ်းဆောင်လိုပေ။ မဟုတ်လျှင် ဟွာဂျီယူ၏အရည်အချင်းအား ထုတ်ပြရန် ခက်ခဲသွားမည်။

“ကောင်းပြီ…” ဟွာဂျီယူက အသာအယာ ခေါင်းညိတ်လိုက်သည်။ ထိုစဉ် အလွန်သာယာသော ဂီတသံစဉ်တစ်ခုက သူမ၏ခန္ဓာကိုယ် ပတ်ဝန်းကျင်အား လှည့်ပတ်လာနေသည်။ ထိုမှော်သိုင်းကွက်မှာ တိုက်ခိုက်သည့် တိုက်ကွက်မဟုတ်ပေ။ ထိုအစား အထောက်အပံ့ပြုသည့် မှော်ဂီတသံစဉ်ဖြစ်သည်။ ဟွာဂျီယူက ထိုအခိုက်တွင်ပင် သူမ၏စိတ်ဝိညာဉ်စွမ်းအင်များ အဆမတန် မြင့်မားလာသည်ကို ခံစားရ၏။ သူမက ရီဖူရှင်း၏ရှေ့ကို လျှောက်သွားလိုက်သည်။ သူမ၏မျက်လုံးများက တစ်ဖျတ်ဖျတ် တောက်ပလာသည်။ ထို့နောက် သူမခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သဘာဝစွမ်းအင်များ ထွက်ပေါ်လာသည်။

ဟူး… ဒီမွန်ကလန်မှ လူငယ်နှစ်ယောက်က သူတို့၏ခန္ဓာကိုယ် တောင့်တင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် အားလှိုင်းတစ်ခုက သူတို့အား ရစ်ပတ်လာကာ သူတို့အား လေထဲသို့ ဆွဲခေါ်သွားကာ သူတို့မှာ လေထဲတွင် ပေါလောမျောနေသည်ကို တွေ့ကြရသည်။

“ဒါ……” တခြားတိုက်ခိုက်ရန် ဟန်ပြင်နေသူများက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်သွားကြသည်။ သူတို့အားလုံးက ဒီမွန်ကလန်မှ နှစ်ယောက်ကို ကြည့်လိုက်စဉ်မှာပင် ဟွာဂျီယူက လက်ဝှေ့ယမ်းလိုက်လျှင် သူတို့နှစ်ယောက်မှာ အဝေးသို့ လွင့်စဉ်သွားသည်ကို မြင်ကြရသည်။

“ဒီနှစ်ယောက်နဲ့  အရင်တိုက်ကြဟေ့…..” စင်မြင့်ပေါ်မှ တစ်ယောက်က အော်ဟစ်လိုက်သည်။ လူတိုင်းက ဟွာဂျီယူနှင့် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ထို့နောက် စွမ်းအင်လှိုင်း များစွာက သူတို့နှစ်ယောက်ထံ ဦးတည်၍ ရောက်ရှိလာကြသည်။ သို့သော် ဟွာဂျီယူက လက်ဝှေ့ယမ်းလိုက်လျှင် ထိုစွမ်းအင်လှိုင်းများ ချက်ချင်း ပျောက်ကွယ်သွားကြ၏။ စင်မြင့်ပေါ်မှ စွမ်းအားကောင်းသူများက သူတို့နှစ်ယောက်အား ဝိုင်းထားလိုက်ကြသည်။ သို့သော် ဟွာဂျီယူနှင့် ရီဖူရှင်းတို့က ဂရုစိုက်ပုံမရပေ။ ရီဖူရှင်းက ကု့ချင်းအား ဆက်လက် တီးခတ်နေစဉ်မှာပင် ဟွာဂျီယူ၏ပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များက အတိုင်းအဆမဲ့စွာ ကြီးထွားလာနေသည်။

ထိုအခိုက်အတန့်တွင်ပင် သူမက နွယ်ပင်တစ်ထောင် တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ နွယ်ပင်တိုင်းက ဟွာဂျီယူအား အလယ်ဗဟိုထား၍ အရပ်မျက်နှာ အမျိုးမျိုးသို့ ရောက်ရှိသွားသည်။ နွယ်ပင်တစ်ထောင် တိုက်ကွက်မှာ သစ်သား ဓာတ်စွမ်းအင်သုံးသူများ အတွက် အလွန်ကောင်းမွန်သော ထိန်းချုပ်တိုက်ကွက် ဖြစ်သည်။ လူအများအပြားက ထိုတိုက်ကွက်ကို သုံးနိုင်သော်လည်း ကွဲပြားခြားနားသော စွမ်းရည်များက ကွဲပြားသော စွမ်းအင်များကို ဖြစ်ပေါ်စေသည်။

ဟွာဂျီယူ၏စိတ်ဝိညာဉ် စွမ်းအင်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထို့ကြောင့် သူမက သဘာဝစွမ်းအင်ဓာတ် အမျိုးမျိုးအား အလွယ်တကူ ထိန်းချုပ်နိုင်၏။ သည်အတွက်ကြောင့် သည်အတွက်ကြောင့်ပင် သူမက သဘာဝစွမ်းအင် ဓာတ်မျိုးစုံအား အလွယ်တကူ အသုံးပြုနိုင်သည်။

လူအများအပြားက သူတို့ထံ ရောက်ရှိလာသော နွယ်ပင်များအား မှော်ပညာများ။ သိုင်းပညာများ အသုံးပြုကာ ဖြတ်တောက်ကြသည်။ သို့သော်လည်း ရီဖူရှင်း၏ မှော်ဂီတသံစဉ် အထောက်အပံ့များကြောင့် နွယ်ပင်များမှာ သန်မာလွန်းလှသည်။ လူအများအပြားမှာ နွယ်ပင်များ ရစ်ပတ်ခံရကာ အဝေးသို့ လွှင့်ပစ်ခံရသည်။ သို့သော်လည်း အလွန် စွမ်းအင်မြင့်သော လူအနည်းငယ်က လှုပ်ရှားမှုဟန်များ အသုံးပြု၍ ဟွာဂျီယူ၏အနီးကို ကပ်လာနေသည်။ စိတ်ဝိညာဉ်စွမ်းအင် အသုံးပြုသော မှော်ပညာရှင် နှစ်ယောက်အား  တိုက်ခိုက်ရာတွင် အဝေးမှ တိုက်ခိုက်ခြင်းက အလွန်မိုက်မဲမှုဖြစ်သည်။

ထိုစဉ်မှာပင် လူငယ်နှစ်ယောက်က ဟွာဂျီယူ၏အနီးသို့ ရောက်ရှိလာသည်။ သို့သော် ဟွာဂျီယူက သူမ၏သေးသွယ်သော လက်အား ဝှေ့ယမ်းလိုက်လျှင် သူတို့မှာ ချက်ချင်း တောင့်တင်းသွားသည်။ သူမက ဖြည်းညင်းစွာပင် နတ်သမီးအလား လေထဲသို့ ပေါလောမျောလာသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက မမြင်ရသော အားလှိုင်းများမှ လွတ်မြောက်ရန် မစွမ်းနိုင်ကြပေ။ သစ်ကိုင်းလှုပ်ခတ်သံ ကြားလိုက်ရပြီး သူတို့မှာလည်း နွယ်ပင်များ ရစ်ပတ်ခံရကာ အဝေးသို့ လွင့်စဉ်သွားကြ၏။

“ငါဘယ်သူ့ကိုမှ ဒဏ်ရာ မရစေချင်ဘူး….. အရှုံးပေးလိုက်ကြတော့…..” ဟွာဂျီယူက တည်ငြိမ်စွာပြောသည်။ သူမက လေထဲတွင် ပျံသန်းနေရင်းက နောက်ထပ် ရွှေဝါရောင် စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ ဓားများ လှံများ စူးချွန်များ ဖြစ်ပေါ်လာကြသည်။ လူတိုင်းက ဟွာဂျီယူမှာ သူမ၏စွမ်းရည် အစစ်အမှန်ကို ပြသခြင်း မရှိသေးကြောင်း သိလိုက်ကြသည်။ အကယ်၍ သူမက နွယ်ပင်တစ်ထောင် တိုက်ကွက်ထုတ်ပြီးသည်နှင့် သည်ဓားများ လှံများအား ပစ်လွှတ်ခဲ့လျှင် သူတို့၏ဘဝများ အဆုံးသတ် သွားမည်ဖြစ်သည်။ သူတို့အားလုံး ထိတ်လန့်သွားကြ၏။ မှော်ဂီတပညာနှင့် စိတ်ဝိညာဉ်စွမ်းအင်သုံးစွဲသူတို့ ပူးပေါင်းတိုက်ခိုက်မှုက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

“သူမရဲ့ စိတ်ဝိညာဉ်စွမ်းအင်က အားကောင်းလွန်းတယ်…” လူအများအပြားက ဟွာဂျီယူကို ကြည့်ကာ ပြောကြသည်။ ရီဖူရှင်း၏မှော်ဂီတသံစဉ်က သူမ၏စိတ်ဝိညာဉ် စွမ်းအင်များအား အဆမတန် တိုးပွားစေပြီး ယခုကဲ့သို့ အခြေအနေ ဖြစ်ပေါ်လာသည်။

လူအများအပြားက စိတ်ဓာတ်ကျကာ ထိုနေရာမှ ထွက်ခွာသွားကြသည်။ သူတို့က ယခင်က ပါရမီရှင်များဟု မိမိတို့ကိုယ်ကို သတ်မှတ်ခဲ့ကြသော်လည်း ယခု သူတို့က ရေတွင်းထဲမှ ဖားသူငယ်များသာ ဖြစ်ကြောင်း သိလိုက်ကြရသည်။

“ရီဖူရှင်း… ဟွာဂျီယူ… နောက်တစ်ဆင့်တက်တယ်…” ကန်ယီကျောင်းတော် အကြီးအကဲက ပြောသည်။ ရီဖူရှင်းက မတိုက်ခိုက်ခဲ့သော်လည်း သူမက ဟွာဂျီယူအား ကူညီခဲ့သည်မှာ ထင်ရှားသည်။ သူ့ကြောင့်ပင် ဟွာဂျီယူမှာ အလွန် စွမ်းအားမြင့်လာသည်။

ရီဖူရှင်းက ဧကရာဇ်အား အနည်းငယ် ဦးညွှတ်လိုက်ပြီး ဟွာဂျီယူနှင့် ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

“မင်း ချင်ကလန်ကို ဝင်သင့်တယ်…” လေထဲမှ တစ်ယောက်က ပြောသည်။ ရီဖူရှင်းက မော်ကြည့်လိုက်လျှင် ဘေချူကို မြင်ရသည်…“ငါ နဂိုက မင်းကို အထင်မှားခဲ့တယ်… ဒါကြောင့် ငါ့ကု့ချင်း ကျောင်းသားအဖြစ် ခေါ်ယူချင်ခဲ့တယ်… အခုမှ မင်းက ငါထင်တာထက် ပိုတော်တယ်ဆိုတာ သိလိုက်ရတယ်… ဂီတကျောင်းသားအဖြစ် မင်းက စိတ်မဝင်စားဘူးဆိုတာ ငါသိတယ်… ဒါပေမဲ့ မင်းရဲ့ လက်ရှိအရည်အချင်းနဲ့ နောက်နှစ် နှစ်သုံးနှစ်လောက် ကြာတဲ့အခါ ချင်ကလန်မှာ ငါနဲ့ အဆင့်တူတူလောက် ဖြစ်လာလိမ့်မယ်…” ဘေချူက ပြောသည်။

လူအများအပြားက သူ့အား ကြည့်လိုက်ကြသည်။ ကြည့်ရသည်မှာ ရီဖူရှင်း၏ မှော်ဂီတပညာအား ဘေချူက အတော် သဘောကျနေပုံရသည်။ ထို့ကြောင့် သူက ရီဖူရှင်းအား သူ့နောက်ကို လိုက်စေလိုပုံပင်။ ရီဖူရှင်းက နောက်နှစ်နှစ်အတွင်းတွင် သူနှင့် အဆင့်တူ ဖြစ်လာနိုင်သည်ဟုပင် ပြောခဲ့သည်။ ထိုစကားက ရီဖူရှင်းအတွက် အလွန်ချီးမြှောက်မှုတစ်ရပ် ဖြစ်ပေသည်။

*

Comment

Leave a Reply

Options

not work with dark mode
Reset