Switch Mode

အပိုင်း(၁၁၁)

အရည်အချင်းများကိုပြသကြခြင်း

ဖန်းဟွာရင်ပြင်ပေါ်တွင် ကန်ယီကျောင်းတော်မှ အကြီးအကဲများက ရှေ့ကို ထွက်လာကြသည်။ သူတို့က ရင်ပြင်ရှေ့တွင် စုစည်းလိုက်ကြကာ ဦးတည်ရာ အရာအမျိုးမျိုးသို့ ခွဲခြမ်းလိုက်ကြ၏။ ထို့နောက် သူတို့က သစ်သားပြား အမှတ်အသားများကို ရင်ပြင်တွင်ချကာ အစီအစဉ်များ လုပ်ကြသည်။

ထိုသစ်သားပြားပေါ်မှ နာမည်များမှာ ယခုနှစ် ဖန်းဟွာပွဲ တက်ရောက်သူများ၏ နာမည်များ ဖြစ်ကြသည်။ တစ်သောင်းကျော်သော သစ်သားပြားများက ပြိုင်ပွဲကို  ပါဝင်သူ တစ်သောင်းကျော် ရှိသည်ဟု သတ်မှတ်နိုင်သည်။ ဧကရာဇ် အသိအမှတ်ပြုခံရကာ ဖန်းဟွာ အဆင့်အတွင်းသို့ ဝင်ရန် မည်မျှ ခက်ခဲမည်ကို လူတိုင်း ခန့်မှန်းနိုင်သည်။

ထိုအကြီးအကဲများ အားလုံးမှာ အကာနာအဆင့် တန်ခိုးရှင်များ ဖြစ်ကြပြီး အလွန်မြင့်မားသော စွမ်းရည်များကို ပိုင်ဆိုင်သည်။ အများစုမှာ မြင်သမျှ မှတ်သားနိုင်သော မှတ်ဉာဏ်မျိုး ပိုင်ဆိုင်ကြသည်။

“ဝမ်တန်… ကျောက်ဖေး… လီယွန်…” ထိုအချိန်တွင် အကြီးအကဲများက နာမည်များအား စတင်ခေါ်ယူသည်။ သူတို့၏နာမည် ကြားသည့်သူတိုင်းက စင်မြင့်ပေါ်သို့ တက်ရောက်ကြသည်။ တချို့က မိမိတို့ဘာသာ ပျံသန်းနိုင်ကြပြီး တချို့က သတ္တဝါဆန်းများ အကူအညီဖြင့် စင်မြင့်ပေါ်သို့ တက်ရောက် လာကြသည်။ ထိုလှုပ်ရှားမှုများက စင်မြင့်အားပင်လျှင် တုန်ခါစေသည်။

သစ်သားပြား တစ်ရာအား ဖယ်ထုတ်လိုက်သည် ဖြစ်သည့်အတွက် လူတစ်ရာအား ခေါ်ထုတ်လိုက်သည်ဟု ဆိုနိုင်သည်။ လျင်မြန်စွာပင် ထိုလူများက စင်မြင့်ပေါ်တွင် နေရာယူလိုက်ကြသည်။ ဖန်းဟွာ စင်မြင့်ကား အလွန် ကျယ်ပြောလှသည်။ ထို့ကြောင့် လူတစ်ရာအား အလွယ်တကူ နေရာပေးနိုင်သည်။ လူတိုင်းက နေရာကိုယ်စီယူကာ သက်သောင့်သက်သာ နေ၍ရသည်။

ထိုလူများအားလုံးမှာ ဖန်းဟွာပွဲတော်အား တက်ရောက်ခွင့်ရရန် အနည်းဆုံး သတ်မှတ်ချက် ဖြစ်သော  ကြယ်ခြောက်ပွင့် ကောင်းကင်အဆင့် ဖြစ်ကြသည်။ လူတစ်ယောက်က သည့်ထက် နိမ့်ကျသော တန်ခိုးအဆင့်ရှိပါက ပွဲတော်တွင် ဝင်ပြိုင်ရန် မလိုအပ်ပေ။

“ဒီလူတစ်ရာထဲမှာ လူသုံးယောက်ကပဲ နောက်တစ်ဆင့်ကို တက်ခွင့်ရမယ်… မှန်တယ်… တစ်ယောက်မှ နောက်တစ်ဆင့်ကို မရောက်တာလည်း ဖြစ်နိုင်တယ်… ဒါကြောင့် အခုကစပြီး မင်းတို့ရဲ့ အရည်အချင်းတွေကို ထုတ်ပြလို့ရပြီ… သတိရပါ… မင်းတို့က နုတ်ထွက်လို့ရတယ်… တစ်ယောက်က နုတ်ထွက်ပြီးကြောင်း ကြေညာပြီးပြီဆိုရင် နောက်လူတွေက သူ့ကို ဆက်လက် တိုက်ခိုက်ခွင့် လုံးဝ မရှိတော့ဘူး… ပြီးတော့ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်တဲ့ ဒဏ်ရာ အနာတရမျိုးတွေကို ခွင့်မပြုဘူး…” ကန်ယီကျောင်းတော်မှ အကြီးအကဲက ပြောသည်။

လူတစ်ရာထဲတွင်မှ အများဆုံး သုံးယောက်ကို ရွေးချယ်ခြင်း။ ဖန်းဟွာပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်သူများမှာ များပြားလွန်းလှရာ မူလအစကတည်းက အလွန်ထူးချွန်သော သူများအား စစ်ထုတ်ခြင်းမှာ လုပ်သင့်သော အရာဖြစ်သည်။ ထို့အပြင် တန်ခိုးအဆင့် တူညီသော သူများဖြင့် စတင်စစ်ထုတ်ခြင်းက မျှတသည်ဟု ဆိုနိုင်သည်။ အနည်းဆုံး အားနည်းသူများက တိုက်ပွဲဝင်ရန် အခွင့်အရေး ရှိနိုင်ပေသည်။

စက္ကန့်ပိုင်းအတွင်း စင်မြင့်ပေါ်တွင် သဘာဝစွမ်းအင်များ လှုပ်ခတ်ကာ လေလှိုင်းတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ မှော်ပညာရှင်များက တခြားလူများနှင့် နီးကပ်ခြင်းမှ ရှောင်ကျဉ်ကြသည်။ ထို့အတူ သိုင်းပညာရှင်များကလည်း ပြိုင်ဘက်ကို တိုက်ခိုက်နိုင်မည့် အချိန်ကို အလစ်ချောင်း နေကြ၏။ လျင်မြန်စွာပင် တစ်စုံတစ်ယောက်က စတင် တိုက်ခိုက်လိုက်သည်။ သူ့တိုက်ခိုက်မှုကပင် စင်မြင့်ပေါ်မှ လူများအားလုံးအား တိုက်ပွဲထံသို့ ဆွဲခေါ်ယူသွားတော့သည်။

ကောင်းကင်နှင့် မြေပြင်ပေါ်မှ မျက်လုံးပေါင်းများစွာက ဖန်းဟွာရင်ပြင်ကို စူးစိုက် ကြည့်နေကြသည်။ ရီဖူရှင်းကလည်း အလေးအနက်ထား၍ လေ့လာသည်။ အရည်အချင်း ပြည့်မီသော သူများသာလျှင် ဖန်းဟွာပွဲတော်တွင် ဝင်ပြိုင်ခွင့် ရှိပေသည်။ သည်လူများတွင် အားနည်းသူများ မပါဝင်ပေ။ ပြိုင်ပွဲဝင် အများအပြားက သူတို့၏မှော်ပညာနှင့် တိုက်ခိုက်ရေး ပညာများအား ပြသပြီး ဖြစ်သည်။ ထိုအထဲတွင် သဘာဝစွမ်းအင်အမျိုးမျိုး သုံးစွဲနိုင်သူများ ပါဝင်သလို မှော်ထိန်းချုပ်သူများလည်း အများအပြား ပါဝင်ပေသည်။

တိုက်ပွဲကား ပြင်းထန်သည်။ ရှုပ်ထွေးသော တိုက်ပွဲအကြား အင်အားကြီးသော တန်ခိုးရှင်များအား လူအများအပြားက ဝိုင်းအုံ၍ တိုက်ခိုက်ကြသည်။ သည်ကဲ့သို့ တိုက်ပွဲနည်းစနစ်က အမှန်ပင် စမ်းသပ် စစ်ဆေးမှုတစ်မျိုး ဖြစ်သည်။ စွမ်းအားကြီးသည်ဟု သတ်မှတ်ထားသော သူမှာလည်း နောက်ဆုံးအဆင့်အထိ ရောက်ရှိရန် လွယ်ကူမည် မဟုတ်ပေ။ သူတို့က အလွန်အမင်း အားသာနေမှ နောက်တစ်ဆင့် တက်ရောက်နိုင်မည် ဖြစ်သည်။ ကြယ်ခြောက်ပွင့် တန်ခိုးရှင်များ ဖြစ်သည့်တိုင် လူအများအပြားက စိတ်ဝင်တစား ကြည့်ကြသည်။ သို့သော် သူတို့အနေဖြင့် ဧကရာဇ်၏ရွေးချယ်ခြင်း ခံရရန်မူ အလွန်ခက်ခဲပေသည်။ ယခင်ပွဲတော်များတွင် ဧကရာဇ်က ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် အထက်မှ တန်ခိုးရှင်များကိုသာ ရွေးချယ်ခဲ့ဖူးလေသည်။

ပထမအုပ်စုတိုက်ပွဲ ပြီးသွားသည်နှင့် အကြီးအကဲ တစ်ယောက်က နောက်တစ်ဆင့် ရောက်ရှိသူမရှိကြောင်း ကြေညာသည်။ သူတို့အားလုံး ဖယ်ထုတ်ခံလိုက်ကြရ၏။ နောက်ဆုံးအထိ တိုက်ပွဲအား အနိုင်ရရှိသူပင်လျှင် နောက်တစ်ဆင့်အတွက် ရွေးချယ်မခံခဲ့ရပေ။

ထို့ကြောင့် သင့်တွင် တန်ခိုးအဆင့် နိမ့်သည်ဆိုပါက နောက်တစ်ဆင့် တက်ရန် ထူးခြား အံ့ဖွယ်ကောင်းသော အရည်အချင်းကို ပြသရန် လိုပေသည်။

ထို့နောက် နောက်ထပ် လူတစ်ရာအား စင်မြင့်ပေါ်သို့ ခေါ်လိုက်ပြန်သည်။ ကြယ်ခြောက်ပွင့် ကောင်းကင်အဆင့် ပြိုင်ပွဲဝင်များမှာ များများစားစား မရှိပေ။ တစ်ထောင်ပင် မပြည့်ပေ။ ထိုလူများအားလုံးကို စိစစ်ပြီးသောအခါ အကြီးအကဲများက ကြယ်ခုနစ်ပွင့် ကောင်းကင် အဆင့်များအား စတင် ခေါ်ယူလိုက်ကြသည်။ လူအများအပြားက ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် တိုက်ပွဲအား စိတ်ဝင်စားနေကြသည်။ တိုက်ပွဲက ပိုမို ပြင်းထန်လာမည် ဖြစ်သည်။

နောက်ဆုံးတွင် ယူချင်း၏နာမည်ခေါ်သံကို ကြားရသည်။ သို့သော် ဖန်းဟွာပွဲတော်တွင် ယူချင်း၏နာမည်က သိပ်စိတ်ဝင်စားစရာ ကောင်းလှသည် မဟုတ်ပေ။ သူမည်မျှ သန်မာသည်ကို မည်သူမှ မသိပေ။ အားလုံးသူ မြင်သည်က သူကား အလွန် တည်ကြည်သော ဟန်အမူအရာ ရှိသည်ကိုပင်။

ယူချင်းနှင့် နာမည်အတူ ခေါ်ခံရသူများထဲတွင် လူအများ စိတ်ဝင်စားသည်ကား ဒီမွန်ကလန်မှ ယွန်ဒီဖြစ်သည်။ သူကား အသက်ဆယ့်ခုနစ်နှစ်ပင် မပြည့်သေးသော်လည် ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် သူကား တောကောင် ထိန်းချုပ်သူဖြစ်သည်။ ယွန်ဒီကား သဘာဝအားဖြင့် တောကောင်များဖြင့် ရင်းနှီးပြီး သူတို့အား ထိန်းချုပ်နိုင်သော စွမ်းရည်ရှိသည်။ ထို့အပြင် သူကား မှော်ထိန်းချုပ်သူလည်း ဖြစ်သည်။

ယွန်ဒီ၏ အသားအရေကား နက်မှောင်သည်။ သူခန္ဓာကိုယ်က သေးသွယ်သော်လည်း ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည်။ သူက တိုက်ပွဲစင်မြင့်ပေါ်ကို တက်ရောက် လိုက်သည်နှင့် လူအများ၏အာရုံစိုက်မှုကို ရရှိ၏။

သည်လူငယ်ကား ကြယ်ခုနစ်ပွင့် ကောင်းကင် အဆင့်မျှသာ ရှိသော်လည်း ဧကရာဇ်၏ ရွေးချယ်မှုကို ခံရရန် အရည်အချင်း ရှိသည်ဟု သူတို့ သတ်မှတ်ထားကြသည်။ ထို့ကြောင့် သည်လူငယ်မှာ မည်မျှ ထူးခြား ထက်မြက်သည်ကို သိနိုင်သည်။

“ဒီလူတွေက ယွန်ဒီနဲ့ တစ်အုပ်စုတည်း ကျတာတော့ ကံအဆိုးဆုံးပဲ…”

“သူတို့က ယွန်ဒီမဟုတ်ဘဲ တခြားလူတွေနဲ့ကျရင် အဆင်ပြေမှာပဲကို …ဘာလို့ ယွန်ဒီဖြစ်ရတာလဲ… ဟင်း…..” သူတို့၏ မိဘ ဆွေမျိုးနှင့် ဆရာသမားများက သက်ပြင်းချကြသည်။

ရီဖူရှင်းက သူ့အနီးမှ ဆွေးနွေးမှုများအား နားထောင်နေခဲ့ရာ ယွန်ဒီမှာ မည်ကဲ့သို့သော သူဖြစ်သည်ကို သိလိုက်သည်။ သူက ယူချင်းကို ကြည့်ကာ ပြုံးလိုက်သည်။ ယူချင်းကား ဖန်းဟွာပွဲတော် ပထမဆုံးတိုက်ပွဲတွင်ပင် အားကောင်းသော ပြိုင်ဘက်နှင့် တွေ့ရပေတော့မည်။ ယွန်ဒီက ယူချင်းအား နာမည်ရအောင် ကူညီပေးမည့်သူဟုသာ ရီဖူရှင်း မြင်သည်။ သူတို့ ကံကောင်းလာသည်ဟု သူတွေးလိုက်သည်။

ရီဖူရှင်းနှင့် ဟွာဂျီယူပြီးလျှင် ယူချင်းအား သိသောသူမှာ ကန်ယီကျောင်းတော်မှ ဆင့်ရှာသာလျှင် ရှိပေလိမ့်မည်။ သူမကလည်း ယူချင်းအား ကြည့်နေသည်။ သို့သော် အထင်မကြီးပေ။ ပထမတိုက်ပွဲတွင်ပင် ယူချင်းကား ယွန်ဒီကြောင့်ပင် ပြိုင်ပွဲမှ ဖယ်ထုတ် ခံရပေတော့မည်။

ဖန်းဟွာရင်ပြင်တွင် လူတိုင်း၏အာရုံက ယွန်ဒီထံတွင် ရှိနေသည်။ ထိုစဉ်တွင်ပင် ယွန်ဒီက ဝါးစိမ်းသစ်ရွက်လေးအား ခေါက်လျက် နှုတ်ခမ်းတွင် တေ့ကာ မှုတ်လိုက်လျှင် ဂီတသံထွက်လာသည်ကို သူတို့အားလုံး ကြားလိုက်ကြရသည်။ ထိုအသံများက သူတို့၏နားများ။ ကောင်းကင်အနှံ့ ပျံ့နှံ့သွားကာ တောကောင်များ အများအပြား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ထိုအကောင်များမှာ သူတို့ စီးနင်းနေသော သတ္တဝါဆန်းများ ဖြစ်ကြသည်။

ဟူး… ကောင်းကင်အဆင့် တောကောင်တစ်ကောင်က သူ့ဆရာအား စွန့်ခွာကာ ယွန်ဒီထံ တိုးဝင်လာသည်။ သူ့သခင်မှာ ဖန်းဟွာပွဲတော်တွင် ဝင်ပြိုင်သောသူ တစ်ယောက်ဖြစ်သည်။ သူက ကိုးရိုးကားရားပင် ကောင်းကင်မှ ပြုတ်ကျသည်။ သူက လေဓာတ်သဘာဝအား  မသုံးစွဲနိုင်သောကြောင့် သူက သတ္တဝါဆန်းအား စီးနင်းရခြင်း ဖြစ်သည်။ သို့သော် ယခု သူ့သတ္တဝါဆန်းမှာ နောက်တစ်ယောက် ထိန်းချုပ်သည်ကို ခံနေရပြီဖြစ်သည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ တခြား လူမျာလည်း ထိုအဖြစ်ကဲ့သို့ ကြုံကြရသည်။ ဓမ္မအဆင့်အောက်မှ သတ္တဝါဆန်းများ အားလုံးက သူတို့၏ သခင်များအား စွန့်ခွာကာ ယွန်ဒီအနီးသို့ ပျံသန်းလာကြသည်။

“ဝိုင်းတိုက်ကြ…” လူငယ် အများအပြားက ယွန်ဒီထံ ပြေးဝင်ကာ တိုက်ခိုက်ကြသည်။ သူတို့က ဝိုင်းဝန်းတိုက်ခိုက်ရန် အဆင်သင့်ပင်။ သူတို့က နောက်တစ်ဆင့် တက်ရန် အလွန်ခက်ခဲသွားပြီ ဖြစ်သော်လည်း သူတို့က ယွန်ဒီအား စောစီးစွာ ဖယ်ရှားနိုင်ခဲ့လျှင် နောက်တစ်ဆင့်သို့ တက်ရန် အခွင့်အလမ်း ပိုများလာမည် ဖြစ်သည်။

သို့သော် ထိုအခိုက်တွင် ကြောက်မက်ဖွယ် တောရိုင်းအုပ်စုကြီးက ဖန်းဟွာရင်ပြင်တွင် စုပြုံလာကြသည်။ တောကောင်များ များပြားစွာ ဝိုင်းဝန်း တိုက်ခိုက်သောအခါ ထို ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် တန်ခိုးရှင်များမှာ ခုခံနိုင်စွမ်း မရှိကြတော့ပေ။ သူတို့အားလုံး မြေပြင်သို့ လွင့်စဉ်ကုန်ကြသည်။

ထိုမြင်ကွင်းကို ကြည့်ကာ ပရိသတ်များက ဆွံ့အသွားကြသည်။ ဧကရာဇ်၏အကြည့်က ယွန်ဒီထံ ရောက်ရှိလာသည်။ သူ့မျက်လုံးများတွင် ချီးကျူးသော သဘောများ ပါဝင်နေ၏။

မကြာမီ စင်မြင့်ပေါ်မှ လူများအားလုံး နီးပါး မြေပြင်ကို ကျဆင်းသွားကြသည်။ အောက်သို့ မကျသောသူက နုတ်ထွက်ကြသည်။ ယွန်ဒီက သည်မျှများပြားသော တောကောင်များအား ခေါ်ယူထားပါက သူတို့က  မည်သို့သော စွမ်းရည်ဖြင့် ယှဉ်ပြိုင်ရမည်နည်း။

“သိပ်တော့ မထူးဆန်းပါဘူး…” ပရိသတ်များက ရယ်မောကြသည်။ သူတို့က ယွန်ဒီနှင့် တစ်အုပ်စုတည်း ကျသူများအား သနားစဖွယ် ကြည့်နေကြသည်။

ယွန်ဒီက သစ်ရွက်စိမ်းအား မှုတ်သည်ကို ရပ်လိုက်ပြီးဖြစ်သည်။ သို့သော် တောကောင်များက ယွန်ဒီအနီးတွင် လှည့်ပတ်နေကြဆဲ ဖြစ်သည်။ အမှန်တကယ်ပင် ထူးဆန်းသော မြင်ကွင်းဖြစ်သည်။

ထိုစဉ်မှာပင် စင်မြင့်ပေါ်တွင် နောက်တစ်ယောက် ရပ်နေသည်ကို ယွန်ဒီက သတိထားမိလိုက်သည်။ ထိုလူငယ်က မူလကတည်းကပင် ထိုနေရာမှ အနည်းငယ်မှ မရွေ့လျားသေးဟန် ရှိနေသည်။

“မင်းက မနုတ်ထွက်သေးဘူးလား…..” ယွန်ဒီက အလွန် သန်မာဟန်ရသော ထိုလူငယ်အား မေးခွန်းထုတ်လိုက်သည်။

“ဒီလူတွေကို ငါ့အတွက် ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးပဲ…” ယူချင်းက ပြောသည်။ သူ့စကားက ပရိသတ်များအားလုံးကို ထိတ်လန့်တကြား ဖြစ်သွားစေသည်။ ယွန်ဒီအား သူ့အတွက် လမ်းရှင်းပေးသည့်အတွက် ထိုလူငယ်က ကျေးဇူးတင်လိုက်သည်လား။

“အမ်…” ရီဖူရှင်း မျက်လုံးပြူးသွားသည်။ ယူချင်းကား ယခုနောက်ပိုင်း အလွန် ပြောင်းလဲသွားသည်ဟု သူခံစားရသည်။ ယခု သူပြောလိုက်သော စကားကား အလွန်ထိရောက် ကောင်းမွန်လှ၏။

ပထမတွင် ယွန်ဒီကား အံ့အားသင့်နေသည်။ သို့သော် သူ့မျက်နှာတွင် အပြုံးတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်။ သစ်ရွက်စိမ်းအား သူ့နှုတ်ခမ်းတွင် ပြန်တေ့လိုက်ပြီး တစ်ဖန် မှုတ်လိုက်ပြန်သည်။ သံစဉ်နှင့်အတူ ယွန်ဒီအနီးမှ တောကောင်များစွာက ယူချင်းထံ ရုန့်ရင်းစွာ တိုးဝင်သွားကြပြန်သည်။

ရွှေရောင် ကိုယ်ရောင်ကိုယ်ဝါများ ယူချင်းကိုယ်မှ ထွက်ပေါ်လာသည်။ သစ်တောက်ငှက်ကြီး တစ်ကောင်က ယူချင်းထံ တိုးဝင်လာလျှင် ယူချင်းက သူ့လက်အား ဝှေ့ယမ်းလိုက်ပြီး ထိုငှက်ကြီး၏ နှုတ်သီးအား ရိုက်ချလိုက်သည်။ စက္ကန့်ပိုင်း အတွင်းတွင်ပင် ယူချင်းက ထိုငှက်ကြီး၏ နှုတ်သီးအား ဆုပ်ကိုင်လိုက်ကာ လေထဲသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် သူက အနီးသို့ တိုးဝင်လာကြသော တောကောင်များထံ ခုန်ဝင်ကာ ဝှေ့ယမ်း တိုက်ခိုက်လိုက်လျှင် တောကောင်များ အများအပြား လွင့်စဉ်သွားကြသည်။

“ဒါ…” လူအများအပြား ထိတ်လန့်သွားကြသည်။ ထို့နောက် တောကောင်များ ဒေါသ ထွက်လာကြဟန် တူသည်။ သို့သော်လည်း ယူချင်းက ခြေဆောင့်လိုက်လျှင် စင်မြင့်တစ်ခုလုံး တုန်ခါသွားသည်။

ထိုအခိုက်တွင်ပင် သူတို့က ထိုလူငယ်အား လူဟုပင်လျှင် မထင်ကြတော့ပေ။ သူကား လူဟန်ဆောင်သော သားရဲတစ်ကောင်နှင့် ဆင်ဆင်ရ၏။ ယူချင်းက သတ္တဝါဆန်း တစ်ကောင်ထံ လက်ဝါးတစ်ချက် ရိုက်လိုက်လျှင် ထိုအကောင်မှ လေထဲကို လွင့်စဉ်သွားပြန်သည်။

ဘုန်းဘုန်း… ယူချင်းက ရှေ့ကို ခြေလှမ်း အနည်းငယ် လှမ်းလိုက်ပြီး လက်နှစ်ဖက်လုံးအား ဆန့်တန်းလိုက်သည်။ သူ့လက်သတ်သတ်ဖြင့် သူက တောင်ပံနီ ကျားတစ်ကောင်အား ဖမ်းဆီးလိုက်သည်။ ထိုသားရဲက ယူချင်း၏လည်ပင်းအား ခဲရန် ပထမကြိုးစားရာမှ ယူချင်းက ထိုကျား၏ပါးစပ်အား လက်တစ်ဖက် တစ်ချက်ဖြင့် ကိုင်ကာ ဖမ်းဆွဲထားခြင်း ဖြစ်သည်။ ထို့နောက် ယူချင်းက ထိုကျားအား ပါးစပ်မှ ဆွဲဆုတ်ပြစ်ကာ လွှင့်ပစ်လိုက်သည်။

“ဒီကောင် တကယ်ပဲ လူလား…..” လူတိုင်း၏ ရင်ဘတ်များ တုန်ခါသွားကြသည်။ ပရိသတ်များက တောကောင်များမှာ ယွန်ဒီ၏အမိန့်များအား နားမထောင် ကြတော့သည်ကို သတိထားမိကြသည်။ သူတို့က ဆက်မတိုက်ရဲကြတော့ပေ။ ယွန်ဒီကား တောကောင် ထိန်းချုပ်သူဖြစ်ပြီး တောကောင်များ၏သခင်မဟုတ်ပေ။ သူက တောကောင်များအား အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိပေ။ အလွန်ကြောက်ရွံ့မှုကို ခံစားရသောကြောင့် တောကောင်များကား ယွန်ဒီကို နားမထောင်ကြတော့ပေ။

ယွန်ဒီ၏ အမူအရာ ပြောင်းလဲသွားသည်။ သူက သူ့ပါးစပ်မှ သစ်ရွက်စိမ်းအား ဖယ်လိုက်ကာ သူ့သက်စောင့်ဝိညာဉ်အား ထုတ်လွှတ်လိုက်သည်။ ထိုအကောင်ကား အားကောင်းလှသော ခြင်္သေ့ဖြစ်သည်။ တောကောင်များ၏ ဘုရင်ဖြစ်သည့်အလျောက် ယွန်ဒီ၏လှုပ်ရှားမှုများက မြန်ဆန်လှသည်။ တခြား သားရဲများကဲ့သို့ပင် သူ့လှုပ်ရှားဟန်များက ပြင်းထန်ပြီး မာန်ပါလှသည်။ သူ့ခြေလှမ်းများက မျောက်တစ်ကောင်ကဲ့သို့ သွက်လက်သည်။ ယွန်ဒီက ယူချင်းအနီးကို ရောက်လာလျှင် သူက လေထဲကို ခုန်တက်လိုက်ကာ ခြင်္သေ့တစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း သူက ယူချင်း၏အပေါ် လေထဲမှ ပေါ်လာကာ ခြင်္သေ့၏ ကိုယ်ဟန်ကိုသုံး၍ လက်သည်းများဖြင့် ယူချင်းကို ကုတ်ခြစ်လိုက်သည်။

ယူချင်း၏ ခန္ဓာကိုယ်ရွေ့လျားမှုမှာ အလွန် လျင်မြန်လှပြီး သူက တစ္ဆေတစ်ကောင်လိုပင် ဘေးကို လျင်မြန်စွာ ရောက်ရှိသွားသည်။ ထို့နောက် သူ့လက်အား ဆန့်ထုတ်လိုက်ကာ ယွန်ဒီ၏ လက်သည်းများကား ရိုက်ထုတ်လိုက်သည်။ အားပြင်းသော စွမ်းအင်လှိုင်းတစ်ခုက ယွန်ဒီအား ထိကာ ယွန်ဒီ နောက်ကို လန်ကျသွားသည်။ ထိုအခွင့်အရေးအား အသုံးပြု၍ ယွန်ဒီက နောက်ကို ဆုတ်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် ယူချင်းက လေပေါ်ကို ခုန်တက်လိုက်ပြီး ယွန်ဒီ၏လက်မောင်းကို ဖမ်းဆွဲရန် ကြိုးစားလိုက်သည်။

ထိုအခိုက်တွင်ပင် လူတိုင်း၏မျက်လုံးရှေ့တွင် ယူချင်းက ယွန်ဒီအား ဖမ်းဆွဲပြီး မြေပြင်တွင် ကိုင်ရိုက်လိုက်သည်ကို မြင်လိုက်ရသည်။ စင်မြင့်ကား နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွား၏။

ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အပ်ကျသံမျှပင် မကြားရတော့ပေ။ ယူချင်းက ဧကရာဇ်ရှိရာဘက်ကို ကြည့်လိုက်လျှင် လူတိုင်း၏ရင်ဘတ်များ ပိုမို တုန်ခါသွားကြသည်။ ယနေ့ ဖန်းဟွာပွဲတော်အတွင်း သူတို့ လောင်းကြေး ထပ်ထားသော အလွန်ကျော်ကြားသော ပါရမီရှင်များမှာ တကယ်တမ်းအားဖြင့် အနိုင်ယူ၍ ရသည်ကို သူတို့ သိလိုက်ကြရသည်။ ယွန်ဒီကား တန်ခိုးအဆင့်တူ တိုက်ခိုက်ရေးသမား ထံတွင် ရှုံးနိမ့်ခဲ့ရပြီဖြစ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset