Switch Mode

အပိုင်း(၁၀၉)

လင်းယွီယို

ဘေချူ၏စကားက လူအများအပြား၏ အာရုံများကို ရီဖူရှင်းထံ ရောက်ရှိလာစေသည်။ သည်လူငယ်နှစ်ဦးမှာ တူညီသော်လည်း သူတို့နှစ်ယောက်လုံးက ဖန်းဟွာပွဲတော်ကို တက်ရောက်ရန် မျှော်လင့်ချက်ဖြင့် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း လူအများအပြားက ဖန်းဟွာပွဲတော်ကို အတွေ့အကြုံရရန် သက်သက်ဖြင့် စာရင်း ပေးသွင်းခဲ့ကြခြင်းသာ ဖြစ်သည်။ လူငယ်မည်မျှက အမှန်တကယ် ဖန်းဟွာပွဲတော်တွင် ထူးခြားထက်မြက်သော စွမ်းရည်ကို ပြသနိုင်ကြသနည်း။

ကန်ယီနိုင်ငံတွင် ပါရမီရှင် တန်ခိုးရှင်များ မရှားပါးပေ။ ယခု သူတို့အားလုံး ကန်ယီနိုင်ငံ၏ နန်းမြို့တော်တွင် ရောက်ရှိနေကြသည်။ သို့သော် နောက်ဆုံးတွင် ဖန်းဟွာ အဆင့်ရပ်တည်မှုတွင် လူဆယ်ယောက်ခန့်မျှသာ ရွေးချယ်ခံရမည် ဖြစ်ပေသည်။

ချင်ကလန်၏ဘေချူ ကန်ယီကျောင်းတော်မှ ကျောက်ချင်းဖန်နှင့် ယူဂျင်။ ရီနန်းတော်မှ အလွန်စွမ်းရည် ထက်မြက်သော သခင်လေး ရီဝူချင်း။ ဟွာမိသားစု သခင်မလေး။ ဒီမွန်ကလန်မှ ယွန်ဒီ တို့မှာ ထင်ရှားသည်။ သည်လူငယ်များမှာ ဖန်းဟွာပွဲတော်အတွင်း အဆင့်ရပ်တည်မှုတွင် ပါဝင်ရန် တစ်ပေးခံထားရသူများ ဖြစ်ကြသည်။

မှန်သည်။ ကန်ယီနိုင်ငံ၏ နံပါတ်တစ် မိန်းမလှလေးကိုလည်း မေ့ထား၍ မရပေ။ သူမကား ပြိုင်ဘက်ကင်း အလှမယ်လေးအဖြစ် လူသိများသည်။

ထို့ကြောင့်လည်း ဘေချူက ရီဖူရှင်းအား သူ့ကု့ချင်း ကျောင်းသားအဖြစ် ခေါ်ယူသောအခါ မည်သူကမှ ထူးဆန်းသည် မထင်ခဲ့ကြပေ။ ကန်ယီနိုင်ငံ၏ အထူးခြား အထက်မြက်ဆုံးသော လူငယ်ဖြစ်သူ ဘေချူမှာ အနာဂတ်တွင် အောင်မြင်ထင်ရှားရန် သေချာနေသည်ဖြစ်ရာ သူ့နောက်လိုက်မှာလည်း နောင်တစ်ချိန်တွင် သြဇာအာဏာရှိသူ ဖြစ်လာနိုင်ပေသည်။ သည်အရာကား လူတိုင်းမရနိုင်သော အခွင့်အရေး ဖြစ်သည်။ ရီဖူရှင်းအား သည်နေရာကို ပေးအပ်ခြင်းက ဘေချူက ရီဖူရှင်း၏ပါရမီကို မည်မျှ အလေးထားသည်ကို သိနိုင်သည်။

ဆင့်ရှာကပင်လျှင် ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်သည်။ ရီဖူရှင်းနှင့် သူ့အဖော်များအားလုံးမှာ ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်များ ဖြစ်ကြသည်။ သူတို့က ဖန်းဟွာပွဲတော်ကို တက်ရောက်ရန် စာရင်း လာပေးကြခြင်းဖြစ်ပြီး သူတို့၏ထက်မြက်သော စွမ်းရည်များကိုပင် ပြသခဲ့ကြသည်။ အကယ်၍ ရီဖူရှင်းကသာလျှင် ချင်ကလန်မှ ဘေချူ၏နောက်ကို လိုက်၍ သင်ယူနိုင်လျှင် သူ့အတွက် ကံကောင်းမှုတစ်ခု ဖြစ်ပေသည်။

သို့သော်လည်း ဆင့်ရှာ၏ ဘေးနားတွင် ရပ်နေသာ ယူချင်းနှင့်ဟွာဂျီယူတို့က သည်ကဲ့သို့ မတွေးပေ။ သူတို့က ဘေချူအား ထိတ်လန့်တကြား ကြည့်မိသည်။ ရီဖူရှင်းအား အမှန်တကယ် သိနားလည်သော သူတို့အတွက် ဘေချူ၏စကားမှာ ဟာသတစ်ခုထက် မပိုပေ။ သူက ရီဖူရှင်းကို သူ့ရဲ့ ကု့ချင်းကျောင်းသား အဖြစ် လိုချင်သည်လား။

“သူ့ယုံကြည်မှုတွေက ဘယ်က လာတာလဲ…” ယူချင်းက စိတ်မထိန်းနိုင်ဘဲ ရေရွတ်လိုက်သည်။

ဆင့်ရှာက ယူချင်းကို တစ်ချက်ကြည့်ပြီး မည်သို့မှ မပြောပေ။

စင်မြင့်ပေါ်မှ ဆင်းခါနီး ရီဖူရှင်း အံ့အားသင့်သွားသည်။ ဆင့်ရှာပြောခဲ့သည်မှာ ဘေချူမှာ ချင်ကလန်၏ အထက်မြက်ဆုံး ပါရမီရှင်ဖြစ်သည်။ ထို့အတူ ဓမ္မအဆင့်ကို ရောက်ပြီးဖြစ်သည်။ သူက သည်မျှ ယုံကြည်မှုရှိနေသည်မှာ မထူးဆန်းပေ။

ချင်ကလန်မှာ ကန်ယီနိုင်ငံအတွင်း အလွန်ကျော်ကြားလှရာ သူတို့၏ မှော်ဂီတပညာမှာ အကြီးအကဲချင်အောက် နိမ့်ကျမည် မဟုတ်ပေ။ သို့သော် သည်အကြောင်းအရာမျှဖြင့် ရီဖူရှင်းက သူတို့ ကလန်အား ဝင်ရောက်မည်ဟု မဆိုနိုင်ပေ။ သူက ဖန်းဟွာပွဲတော်တွင် မှော်ဂီတပညာရှင်အဖြစ် နာမည် စာရင်းပေးသွင်းခြင်းမှာ သူ့ဆရာဘိုးဘိုး အကြီးအကဲချင်ကြောင့်သာ ဖြစ်သည်။ သို့သော်လည်း ဘေချူ၏ ကု့ချင်းကျောင်းသား… တခြားတစ်ဖက်တွင် အိမ်ရှေ့စံမင်းသား၏ပညာသင်ဘက်… အမှန်က မည်သို့မှ မထူးခြားသော အသုံးအနှုန်းများသာ ဖြစ်သည်။ သူများနောက်ကို လိုက်ရန် သူစိတ်မဝင်စားပေ။

“ငါ့မှာ ဒီလို အလေ့အထ မရှိဘူး…” ရီဖူရှင်းက ပြုံးလျက် ဘေချူအား တည်ငြိမ်စွာ ဖြေလိုက်သည်။

“မင်းရဲ့ ဂီတက သန့်စင်ပြီးတော့ ထူးခြားထက်မြက်တဲ့ စိတ်နေသဘောထား ရှိတယ်… ဒါပေမဲ့ မင်းရဲ့ ဂီတက မပြည့်စုံဘူး… မင်းမှာ ဆရာကောင်းကောင်း မရှိတာ သိသာတယ်… ဘာလို့ မစမ်းကြည့်တာလဲ…” ဘေချူက ပြောသည်။ ဘေချူ၏အမြင်တွင် ရီဖူရှင်းကသာလျှင် သူ့လက်အောက်တွင် နှစ်အနည်းငယ် သင်ယူနိုင်ပါက ရီဖူရှင်းမှာ အလွန်တိုးတက် လိမ့်မည်ဟုပင်။ ထို့ကြောင့်လည်း သူက သည်ကမ်းလှမ်းချက်ကို ပြောခြင်းဖြစ်သည်။

“မလိုဘူး…..” ရီဖူရှင်းက ရယ်မောလိုက်သည်။ ချင်ကလန်၏အထူးချွန်ဆုံး လူငယ်ဖြစ်သူ ဘေချူမှာ အမှန်တကယ်လည်း ထူးခြားသူဖြစ်သည်။ ယခုတိုက်ပွဲတွင် အမှန်တကယ်အားဖြင့် သူတီးခတ်ခဲ့သည်မှာ မှော်သိုင်းကွက် အစစ်အမှန်မဟုတ်ဘဲ သူကိုယ်ပိုင် ပေါက်တကရ တီးခတ်ခဲ့သော ကျဘမ်းသံစဉ်များသာ ဖြစ်သည်။ ထို့ကြောင့်လည်း ပြည့်စုံမှုမရှိဟု ဘေချူက ပြောလျှင် ရီဖူရှင်းက ငြင်းဆန်စရာ မရှိပေ။

ဘေချူက မည်သို့မှ ထပ်မပြောတော့။ သူ့အတွက်ကား သည်ကိစ္စက ဖန်းဟွာပွဲတော်တွင် ကြုံရသော အပိုင်းဆက် တစ်ခုသာဖြစ်သည်။

မိန်းကလေး အများအပြားက ဘေချူထံ လှမ်းကြည့်ကြကာ ဘေချူမှာ ကောလာဟလများ အတိုင်း အလွန် လူကြီးလူကောင်းဆန်ပြီး သိမ်မွေ့သူဟု သတ်မှတ်ကြသည်။

ရီဖူရှင်းက သူ့အဖော်များ၏ဘေးသို့ ပြန်ရောက်လာသည်။ ထိုစဉ်မှာပင် ဆင့်ရှာ၏နာမည်အား ခေါ်သံကြားရပြန်သည်။ သူတို့သုံးယောက်က ပြန်သွားရန် အလျင်မလိုသည်ဖြစ်ရာ ဆင့်ရှာ၏ စွမ်းဆောင်ရည်ကို ကြည့်ရှုရန် စောင့်ဆိုင်းနေကြသည်။ တကယ်လည်း စိတ်ဝင်စားဖွယ် ယှဉ်ပြိုင်ပွဲတစ်ခုပင်။

ဆင့်ရှာက စင်မြင့်ပေါ်မှ ပြန်လည် ဆင်းသက်လာသောအခါ ရီဖူရှင်းက သူမကို ချီးကျူးလိုက်သည်…“နင်က အရမ်း တော်တာပဲ…”

“နင်တို့တွေလည်း မဆိုးပါဘူး…” ဆင့်ရှာက ပြုံးလျက် ပြောသည်။

“အခု ငါတို့လုပ်ရမှာက နောက်သုံးရက်ကြာလို့ ဖန်းဟွာပွဲတော်နေ့ကျရင် နန်းတော် အပြင်ဘက်မှာ လာစောင့်ရုံပဲ… ဟုတ်တယ်မလား…” ရီဖူရှင်းက မေးသည်။

“မှန်တယ်… နောက်သုံးရက်ကြာရင် လူတိုင်းက ပွဲတော်မှာ စုစည်းကြရမယ်… ဧကရာဇ်ကိုယ်တိုင် ကြွရောက် ချီးမြှင့်လိမ့်မယ်…” ဆင့်ရှာက ခေါင်းညိတ်သည်။

“နောက်သုံးရက်နေရင် တွေ့မယ်…” ရီဖူရှင်းက နှုတ်ဆက်လိုက်ကာ သူတို့သုံးယောက် ထိုနေရာမှ ထွက်ခွာ သွားကြသည်။

သူတို့ ထွက်သွားသည်ကို မြင်လျှင် ဆင့်ရှာ ပြုံးလိုက်သည်။ နောက်သုံးရက်နေလျှင် တစ်နိုင်ငံလုံးမှ လူငယ်တန်ခိုးရှင်များ အားလုံး နန်းတော် အပြင်ဘက်ကို ရောက်ရှိလာကြမည် ဖြစ်သည်။ ဆင့်ရှာက ထူးချွန်သော်လည်း သူမက ပွဲတော်တွင် အတွေ့အကြုံရရန်သာ မျှော်လင့်သည်။ သူမက ပွဲတော်တွင် စွမ်းဆောင်ရည် ကောင်းရန် ယုံကြည်မှုမရှိလှပေ။ သည် ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် တန်ခိုးရှင် သုံးယောက်ကိုကား သူမက လုံးဝ အထင်မကြီးပေ။ သူတို့က လူအုပ်ထဲမှ သာမန် လူသုံးယောက် မျှသာ ဖြစ်သွားပေလိမ့်မည်ဟု သူမတွေးသည်။

ရီဖူရှင်းတို့က ကန်ယီကျောင်းဝင်း အလယ်မှ လမ်းမကြီးအတိုင်း လမ်းလျှောက် ပြန်လာကြသည်။ လမ်းတစ်လျှောက်တွင် လူငယ်တန်ခိုးရှင်များ အများအပြား လာရောက်နေကြသည်။ ဖန်းဟွာပွဲတော်တွင် စာရင်းပေးသွင်းရဲသော လူငယ်များမှာ မညံ့သည်ကို သူ ကောင်းကောင်းသိသည်။

ကန်ယီကျောင်းတော်မှ အပြင်ဘက်ကို ထွက်လိုက်လျှင် အပြင်ဘက်တွင် လူကြီးများ အများအပြား စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။ သူတို့က သူတို့၏ တပည့် သားမြေးများဖြင့် လာရောက်ကြခြင်း ဖြစ်သည်။ သူတို့၏လူငယ်မျိုးဆက်များက ပွဲတော်တွင် မထင်ရှားနိုင်သည့်တိုင် သူတို့အတွက် အတွေ့အကြုံရပေသည်။

ကောင်းကင်မှ သိမ်းငှက်နက်ကြီးက တိမ်များပေါ်မှ ပေါ်ထွက်လာကာ ရီဖူရှင်းတို့အဖွဲ့ရှေ့ကို ဆင်းသက်လာသည်။ သူတို့သုံးယောက်က သိမ်းငှက်နက်ကြီးပေါ်သို့ တက်လိုက်ကြပြီး သိမ်းငှက်နက်ကြီးက လေထဲကို ပျံသန်းလိုက်သည်။ သူတို့ ထိုနေရာမှ ထွက်ခွာသွားသကဲ့သို့ လူများအပြားလည်း ထွက်ခွာသွားနေကြသည်။ ထိုစဉ်မှာပင် လူတစ်စု အဝေးမှ လာနေသည်။ သူတို့အားလုံးက တစ်စုံတစ်ယောက်ကို ဝန်းရံကာ လာနေကြခြင်း ဖြစ်သည်။ အလယ်မှ လူမှာ လူအများအပြား၏ စိတ်ဝင်စားမှုကို ရရှိဟန်တူသည်။ ရီဖူရှင်းတို့ကလည်း စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

အဝေးမှ အံ့ဖွယ်လှပသော ပန်းရောင်နှင့် ရွှေရောင် ပေါင်းစပ်ထားသော နတ်ငှက်အနွယ်ဝင် ငှက်ကြီးတစ်ကောင် ကောင်းကင်တွင် ပျံသန်းလာသည်။ သူ့တစ်ကိုယ်လုံးကား ပန်းနုရောင် ဝင်းဝင်းတောက်နေပြီး သူ့အတောင်ပံများ ဖြန့်လိုက်တိုင်း ပတ်ဝန်းကျင်တွင် လေလှိုင်းများ ဖြစ်ပေါ်လာနေသည်။ ထိုငှက်ကြီးကား အကာနာအဆင့် နတ်ငှက်မျိုးစိတ်ဖြစ်သည်။

“ပန်းရွှေရောင် နတ်ငှက်…” ရီဖူရှင်း၏မျက်လုံးများက အရောင် တောက်သွားသည်။ သည်ငှက်မျိုးကား အလွန်ရှားပါးသည်။ သည်ငှက်တွင် လျှပ်စီး သတ္တုနှင့် လေဓာတ်များ ပိုင်ဆိုင်သည်။ သည်ငှက်မျိုးစိတ်မှာ တန်ခိုးအစွမ်းပကား ကြီးမားရန် ဗီဇပါရမီ ကောင်းမွန်လွန်းလှပြီး ကြောက်မက်ဖွယ် လျင်မြန်မှုနှင့် အားကောင်းသော တိုက်ခိုက်မှု စွမ်းရည်များ ရှိသည်။ သည်ပန်းရောင် နတ်ငှက်ကား ရွှေရောင်နတ်ငှက်နှင့် မျိုးနွယ်တစ်ခုတည်းမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု ပြောကြပြီး ပန်းရောင်နတ်ငှက်၏ ခန္ဓာကိုယ်ထဲတွင် ရွှေရောင်နတ်ငှက်၏သွေးများ စီးဆင်းနေကြသည်ဟု ပြောကြသည်။ မည်သို့ပင်ဆိုစေ အဓိက ပင်မ နတ်ငှက် မျိုးစိတ်မှာ ရွှေရောင် နတ်ငှက်သာဖြစ်သည်။

ပန်းရွှေရောင် နတ်ငှက်ပေါ်တွင် ရပ်နေသည်ကား အလွန်လှပသော မိန်းမပျို တစ်ဦးပင်။ သူမတွင် ဆွဲဆောင်မှုလွန်စွာ ကောင်းသော ခန္ဓာကိုယ်နှင့် ချောမွေ့သော အသားအရေကို ပိုင်ဆိုင်ထားသည်။ သူမ၏ကိုယ်ရောင်ကိုယ်ဝါမှာ သန့်စင်ပြီး သူမ၏မျက်လုံးများက ပုလဲလုံးများနှယ် ကြည်လင် တောက်ပနေသည်။ အထူးသဖြင့် သူမ၏နဖူးမှ အနီရောင်အစက်က ချောမောသော မျက်နှာပေါ်တွင် ကြီးမြတ်မှု တစ်စုံတစ်ရာကို ခံစားရပြီး သည်အလှအပမျိုးမှာ ရုပ်ပုံကားချပ် ပန်းချီများတွင်သာ တွေ့ရတတ်သော ရှားပါးသော အလှပဂေးလေးဟု ပြောနိုင်သည်။

“အရမ်းလှတာပဲ… သူမက ဘယ်သူလဲ…” ကောင်းကင်မှ တစ်ယောက်က မေးသည်။

“ကန်ယီနိုင်ငံရဲ့ နံပါတ်တစ် မိန်းမလှ… လင်းယွီယို…” နောက်တစ်ယောက်က သူမအား မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း ပြောသည်။

လင်းယွီယိုကား ကန်ယီနိုင်ငံ၏ နံပါတ်တစ် အလှမယ်အဖြစ် နာမည်ကျော်ကြားပြီး သူမ၏အလှဆုံး အရွယ်ဖြစ်သော အသက် ဆယ့်ရှစ်နှစ်တွင် ရှိပေသည်။

“ဒီလိုလှတဲ့ မိန်းကလေး…..” ရီဖူရှင်းက သူမအား တစ်ချက်ကြည့်ကာ ချီးကျူးလိုက်သည်။

“ဟုတ်တယ်… နင်သဘောကျလား…” သူ့ဘေးမှ အသံတစ်သံကို ရီဖူရှင်း ကြားလိုက်ရသည်။ ရီဖူရှင်းက သူ့အား ပြုံးကြည့်နေသော ဟွာဂျီယူကို ကြည့်လိုက်သည်။

“ဒါပေမဲ့ သူမက ငါ့ရဲ့မြေခွေးမလောက် လှတဲ့နေရာ တစ်ခုမှ မရှိဘူး….” ရီဖူရှင်းက ပြုံးလိုက်သည်။ ဟွာဂျီယူက သူ့အား ရှက်ပြုံးပြုံးက မျက်နှာလေးက ပြန်လည် ကြည်လင်သွားသည်။ မည်သို့ပင်ဆိုစေ သည်မိန်းမပျိုမှာ အလွန်လှပသည်ကို သူမ အသိအမှတ်ပြုရသည်။

ပန်းရွှေရောင် နတ်ငှက်က တဖြည်းဖြည်း နီးကပ်လာသည်။ သူ့ကျောကုန်းပေါ်မှ မိန်းမပျိုက ရီဖူရှင်းပြောသည်ကို ကြားသည့်အလား သူ့ဘက်ကို လှည့်ကြည့်ကာ ပြုံးပြသည်။ သူမ၏မျက်လုံးများက စကားပြောနေ သကဲ့သို့ပင်။ အကြည့်တစ်ချက်က လူအများ၏ နှလုံးသားများ အားလုံးကို လှုပ်ခတ်နိုင်စွမ်း ရှိသည်။ သို့သော် ရီဖူရှင်းကား ထိုသို့သော နှိပ်စက်မှုများစွာကို ဟွာဂျီယူထံတွင် ခံထားရပြီး၍ ရိုးနေပြီဖြစ်သည်။ လင်းယွီယို၏အကြည့်က သူ့အတွက် ထူးခြားမှုမရှိပေ။

မျက်လုံးပေါင်းများစွာက သူမကို ကြည့်နေဆဲမှာပင် လင်းယွီယိုက မြေပြင်ပေါ်ကို ဆင်းသက်လိုက်ပြီး ကန်ယီကျောင်းတော်ထဲကို ဝင်ရောက်သွားသည်။ လူအများအပြားကလည်း သူမနောက်မှ လိုက်ပါသွားကြသည်။

“ငါဒီမိန်းကလေးကို ငါ့မိန်းမ ဖြစ်စေချင်တယ်…” လူငယ်တစ်ယောက်က ခေါင်းယမ်းလျက် ပြောသည်။ သူ့ပတ်ဝန်းကျင်မှ လူတိုင်းက သူ့အား အရူးတစ်ယောက်လို ကြည့်ကြသည်။ သူက လင်းယွီယိုအား ပိုးပန်းလိုသည်လား။ မည်ကဲ့သို့သော အိပ်မက်မျိုး သူ မက်နေရသနည်း။ အကယ်၍ သူက ဖန်းဟွာအဆင့် ရပ်တည်မှုတွင် ပါဝင်နိုင်ပါက လင်းယွီယိုက သူ့အားတစ်ချက်မျှ ကြည့်ကောင်း ကြည့်နိုင်ပေသည်။

“မလုံလောက်သေးဘူးလား…” လင်းယွီယိုနောက်ကို လိုက်ပါသွားသော ရီဖူရှင်း၏မျက်လုံးကို ကြည့်ရင်း ဟွာဂျီယူက ရယ်မောလိုက်သည်။

“မြေခွေးမ… မင်းရဲ့ ပဝါကို ဘာလို့ မဖယ်လိုက်တာလဲ… သူတို့ရဲ့ နံပါတစ် အလှမယ်နဲ့ ငါ့ရည်းစား မြေခွေးမ ယှဉ်လိုက်ရင် ငါ့ရည်းစားက ဘယ်လောက်လှတယ် ဆိုတာကို သူတို့သိသွားရင် ဒီကောင်တွေရဲ့ အမူအရာတွေကို ငါသိချင်လိုက်တာ….” ရီဖူရှင်းက ပြုံးလိုက်သည်။ ဟွာဂျီယူက သူ့ပခုံးအား အသာအယာ ထုလိုက်သည်။ မည်သို့ပင်ဆိုစေ စိတ်ထဲတွင်ကား သူ့စကားလုံးများအား သဘောကျ နှစ်ချိုက်မိသည်သာ။ သူကား သည်ကဲ့သို့ စကားပြော ကောင်းမွန်သူပင်။

သူတို့အတွဲနောက်တွင် ရပ်ရင်း ယူချင်းက ရီဖူရှင်းအား လေးစားအထင်ကြီးစွာ ကြည့်လိုက်သည်။ ရီဖူရှင်းကား မူလကထက်ပင် အစွမ်းအစ ကောင်းမွန်လာဟန် တူသည်။

သိမ်းငှက်နက်ကြီးက သူ့အတောင်ပံများအား ဖြန့်လိုက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။

မကြာခင် သူတို့က တည်းခိုခန်းသို့ ရောက်ရှိလာကြသည်။

တည်းခိုခန်း ခြံဝင်းတစ်နေရာတွင် ဟွာဖန်းလူကား နေပူဆာလှုံနေသည်။ နန်ဒူဝန်ယမ်မှာ သူ့ဘေးတွင် ရပ်နေသည်။ သူတို့နှစ်ယောက် အတူရှိသောမြင်ကွင်းမှာ လှပသော မြင်ကွင်းတစ်ခု ဖြစ်သည်။

“မင်းတို့တွေ ပြန်လာတာ မြန်လိုက်တာ… အဆင်ပြေခဲ့လား…” ဟွာဖန်းလူက မေးလိုက်သည်။

“ဟုတ်ကဲ့… ကျွန်တော်တို့က ဖန်းဟွာပွဲတော်စဖို့ နောက်သုံးရက်အထိ စောင့်ဖို့ဘဲ လိုတော့တယ်…..” ရီဖူရှင်းက ခေါင်းညိတ်သည်။ ဟွာဖန်းလူနှင့် နန်ဒူဝန်ယမ်တို့က အံ့အားသင့်ခြင်း မရှိပေ။ ရီဖူရှင်း ဟွာဂျီယူနှင့် ယူချင်းတို့၏ ပါရမီနှင့်ဆိုလျှင် သူတို့က အလွယ်တကူပင် အကြိုစစ်ဆေးမှုကို ဖြတ်ကျော်နိုင်ပေသည်။

“ဆရာ… ဆရာကတော်… ကျွန်တော်တို့က မိသားစု ပျော်ပွဲစား ထွက်လာတာနဲ့ မတူဘူးလား…” ရီဖူရှင်းက ပြုံးလိုက်သည်။

ဟွာဖန်းလူက ရယ်မောလိုက်သည်။ အမှန်တကယ်ပင် ထိုသို့ ခံစားရသည်။

“ဒါဆို ငါက ဘာလဲ……” ထိုစဉ်မှာပင် တန်လန် ထွက်ပေါ်လာပြီး အေးစက်စွာ ပြောလိုက်သည်။

ရီဖူရှင်း အေးခဲသွားသည် …“ အမ်…”

“ မယားငယ်လား…” တန်လန်က ရီဖူရှင်းကို မေးလိုက်သည်။

“အာ…” ရီဖူရှင်းက မည်သို့ ပြောရမည်မသိပေ။ သူ့ဘေးမှ ယူချင်းက ရီဖူရှင်း၏ သနားစဖွယ်ကောင်းပုံကို ကြည့်ကာ သက်ပြင်းချသည်။ ထို့နောက် သူက ယိချိန်ချန်ထံကို လျှောက်သွားလိုက်၏။ ထိုမေးခွန်းအတွက် သင့်လျော်သော အဖြေမရှိပေ။

“တန်လန်… နင်သာဆန္ဒရှိရင် ငါသဘောတူတယ်…” နန်ဒူဝန်ယမ်က ပြောသည်။ ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ သူ့ဆရာကတော်က အမှန်တကယ် သဘောတူသည်လား။

ရီဖူရှင်းက သူ့ဆရာအား ကြည့်ကာ အလွန်လေးစား အားကျသွားသည်။ သူ့ဆရာ၏ ဆွဲဆောင်အားကား သူ့ထက်များစွာ သာလွန်သည်။

“ငါက ဒီအတွက် လိုက်လာတယ် နင်ထင်နေလား…” တန်လန်က အေးစက်စွာ ပြောသည်။

ဟွာဖန်းလူက ခေျာင်းဟန့်လိုက်ပြီး ရီဖူရှင်းကို ဒေါသတကြီး ကြည့်လိုက်သည်။

ရီဖူရှင်းက မသိချင်ယောင်ဆောင်ကာ ဟွာဂျီယူကို ကြည့်လိုက်သည်။ သူမက ပြုံးလျက် သူ့ကို မေးလိုက်သည်…“နင်က မယားငယ်ယူမယ် ဆိုရင်လည်း ငါစိတ်မဆိုးဘူး… နင်လိုချင်လား…..”

“ဟင့်အင်း… ငါနင့်ကိုပဲ ကြိုက်တယ်…” ရီဖူရှင်းက ပြောသည်။ သူသည်လောက် မအပေ။ အကယ်၍ သူက ခေါင်းညိတ်လိုက်ပါက သူ့အတွက် အဆုံးသတ် သွားမည်ဖြစ်သည်။

“ဟင်း…” ဟွာဂျီယူက အသာအယာ ပြုံးလိုက်သည်…..“ဒါက ဒီလိုပဲဖြစ်ရမှာပေါ့…”

ဟွာဖန်းလူနှင့် နန်ဒူဝန်ယမ်တို့က သည်လူငယ်အတွဲအား ကြည့်ကာ သူတို့၏မျက်နှာတွင် အပြုံးများ ဝေလာသည်။ ဒွန်ဟိုင်မြို့တော်မှ အဖြစ်အပျက်များ ပြီးသွားပြီးနောက် ရီဖူရှင်းနှင့် ဟွာဂျီယူတို့အတွက် အတူရှိခွင့်ရရန် မည်မျှခက်ခဲခဲ့သည်ကို သူတို့ နားလည်ကြသည်။ မိဘများအနေဖြင့် သူတို့ဆန္ဒပြုမိသည်မှာ သည်စုံတွဲမှာ နောင်နှစ်ပေါင်းများစွာ သည်ကဲ့သို့ အတူတူ ရှိနေစေရန်သာ ဖြစ်သည်။

“ကောင်းပြီ… အခု သွားလေ့ကျင့်ကြတော့… ဖန်းဟွာပွဲတော်စဖို့ သုံးရက်ပဲ လိုတော့တယ်… ပွဲတော်မှာ အကောင်းဆုံး အတော်ဆုံးတွေပဲ ဝင်ပြိုင်ကြမှာ… ဒွန်ဟိုင်ကျောင်းတော်လိုမျိုး ဟုတ်မှာ မဟုတ်ဘူး…..” ဟွာဖန်းလူက ပြောသည်။ ဒွန်ဟိုင်ကျောင်းတော်ကား နန်ဒူနိုင်ငံအတွင်းရှိ ဒေသအဆင့် ကျောင်းတော်တစ်ခုသာ ဖြစ်သည်။

“ဟုတ်ကဲ့…..” ရီဖူရှင်းက သူ့ခေါင်းအား အသာအယာ ညိတ်လိုက်သည်။ သူ့စွမ်းရည်များက ထက်မြက်လှသော်လည်း ဖန်းဟွာပွဲတော်တွင် အလွန်ထက်မြက်သော လူငယ်များသာ ဝင်ပြိုင်ကြမည်ကို သူသိသည်။ ထို့အပြင် ဓမ္မအဆင့် တန်ခိုးရှင်များပင်လျှင် ပါဝင်ကြမည်ဖြစ်သည်။ သူက ဧကရာဇ်၏ အာရုံစိတ်မှုကို ခံရရန် ကြိုးစားရမည်ဖြစ်ပြီး ဖန်းဟွာအဆင့် တွင်ပါဝင်ရန် လိုအပ်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset