အပိုင်း(၁၀၈)

ချင်ကလန်၏ ဘေချူ

ကန်ယီနိုင်ငံတွင် ကန်ယီကျောင်းတော်အပြင် ထက်မြက်သော တပည့်များအား မွေးထုတ်ပေးနိုင်သော ကလန်များ အများအပြား ရှိကြသည်။ သူတို့ကလည်း ဖန်းဟွာပွဲတော်ကို အလွဲခံမည် မဟုတ်ပေ။

ချင်ကလန်မှာ ကန်ယီနိုင်ငံ အတွင်းတွင် ကု့ချင်းမှော်ဂီတပညာအား အဓိကထား လေ့လာသော ကလန်အဖြစ် လူသိများသည်။ သူတို့တွင် တပည့် များများစားစား မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ဂီတ မှော်ပညာရှင်များကိုသာ လက်ခံသောကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ကန်ယီနိုင်ငံ၏ အထက်မြက်ဆုံးသော ဂီတမှော်ပညာရှင်များ အားလုံးမှာ ချင်ကလန်တွင် စုစည်းနေကြခြင်း ဖြစ်သည်။

ဘေချူမှာ ချင်ကလန်၏ လူငယ်မျိုးဆက်ထဲတွင် ပါရမီ အရှိဆုံး လူငယ်အဖြစ် သတ်မှတ်ထားခြင်း ခံထားရသည်။ သူကား ဓမ္မအဆင့်ထဲကို ရောက်ရှိထားပြီး ဖြစ်သလို နှိုင်းယှဉ်မရနိုင်သော ပါရမီများရှိသည်။ သည်နှစ်တွင် ဘေချူက ချင်ကလန်၏လူငယ်မျိုးဆက်များအား ခေါင်းဆောင်ကာ ဖန်းဟွာ ပွဲတော်ကို တက်ရောက်သည်။ ဆင့်ရှာက ဘေချူအား သူမ၏မျက်စိဖြင့် ကိုယ်တိုင်မြင်ခဲ့ရရာ ထိုလူငယ်မှာ အလွန် ချောမောသည်ကို တွေ့ခဲ့ရသည်။

ထို့ကြောင့် ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်မျှသာ ရှိသေးသော မှော်ဂီတပညာရှင်။ ချင်ကလန်မှ မဟုတ်သောသူမှာ ဖန်းဟွာပွဲတော်အတွင်း တခြားလူများကို ပိုမိုတောက်ပစေမည့်သူ အဖြစ်သာ သူမက တွေးထင်သည်။ သူက အကြိုစစ်ဆေးမှုကို အောင်မြင်သည့်တိုင် ဘေချူ၏ဘေးမှ လူငယ်များသည်ပင် သည်ကောင်လေးထက် သာလွန်သည်ဟု သူမ ယုံကြည်သည်။

မှန်သည်။ ဆင့်ရှာက သူမတွေးထင်သည်များအား ပြောပြမည် မဟုတ်ပေ။ သူမက ပြုံးလျက်ပင် ရှေ့မှ ဦးဆောင်သွားသည်…“ဖန်းဟွာပွဲတော်ရဲ့ အကြိုစစ်ဆေးမှုက ကန်ယီကျောင်းတော်ကပဲ တာဝန်ယူပြီး ကြီးကြပ်မှာ… ငါက နင်တို့ကို စစ်ဆေးတဲ့နေရာကို ခေါ်သွားနေတယ်…”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူတို့က ဖန်းဟွာပွဲတော်နှင့် ပတ်သက်၍ အများအပြား လေ့လာ စုံစမ်းထားပြီး ဖြစ်သည်။ ဖန်းဟွာပွဲတော်မှာ တော်ဝင်အဆင့် ပွဲတော်ဖြစ်ပြီး လူတိုင်း တက်ခွင့်ရရန် မလွယ်ကူပေ။ သူတို့က စာရင်း ပေးသွင်းပြီးပါက ကန်ယီကျောင်းတော်မှ ပြုလုပ်သော အကြိုစစ်ဆေးမှုကို ဖြတ်ကျော်ရပေမည်။ ထို့နောက်မှသာလျှင် ဖန်းဟွာပွဲတော်ကို တက်ရောက်ခွင့် ရမည်ဖြစ်သည်။

ကန်ယီကျောင်းတော်က ဧကရာဇ်ကိုယ်စား စစ်ဆေးခြင်း ဖြစ်သည်။

ကန်ယီကျောင်းတော်၏ လေ့ကျင့်ရေးကွင်းထဲတွင်ကား မရေမတွက်နိုင်သော လူငယ်များဖြင့် ပြည့်နှက်နေသည်။ လူအများအပြားက သည်နေရာတွင် လာရောက်စုစည်းခြင်းမှာ သည်နေရာတွင် အကြိုစစ်ဆေးသော နေရာများထဲမှ တစ်ခုဖြစ်သောကြောင့်ပင်။ အလယ်တွင် စင်မြင့်တစ်ခုရှိသည်။ ယခု ထိုစင်မြင့်ပေါ်တွင် လူနှစ်ယောက် တိုက်ခိုက်နေကြသည်။ သူတို့နှစ်ယောက်လုံးမှာ ပွဲတော်အတွက် စာရင်း ပေးသွင်းထားကြသူများ ဖြစ်သည်။ ထိုစင်မြင့်ရှေ့တွင် ကန်ယီကျောင်းတော်၏ အကြီးအကဲသုံးယောက် ထိုင်နေကြသည်။

“ငါက နင်တို့ရဲ့ သက်သေခံ အမှတ်အသားတွေကို သွားတင်ပေးမယ်……” ဆင့်ရှာက ရီဖူရှင်းကို ပြုံးလျက်ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး သူတို့၏ အမှတ်အသား သစ်သားပြားများအား ပေးလိုက်သည်။ ထို့နောက် သူမက အင်္ကျီအိတ်ထဲမှ သစ်သားပြားတစ်ခု ထုတ်ယူလိုက်ကာ အတူတူ ပေါင်းလိုက်သည်ကို မြင်လိုက်ရ၏။

“ဆင့်ရှာ… ကြယ်ကိုးပွင့် ကောင်းကင်အဆင့်… မှော်ပညာရှင်… ငါလည်း ဖန်းဟွာပွဲတော်ကို တက်ရောက်မှာ…” ဆင့်ရှာက ပြောသည်။ သူမကိုယ်သူမ ထပ်မံ မိတ်ဆက်ရင်း ဟွာဂျီယူအား ကြည့်သည်။ ထို့နောက် အကြီးအကဲထံသို့ လျှောက်သွားလိုက်သည်။

ဟွာဂျီယူ၏အကြည့်ကား တည်ငြိမ်သည်။ ဆင့်ရှာက သူမအား ရည်ရွယ်ချက်ရှိရှိ ပြောသည်ကို သိသည်။ သို့သော် သူမဂရုမစိုက်ပေ။ သူမက ရီဖူရှင်း၏လက်အား သည်မတိုင်မီက ကိုင်ဆွဲထားခြင်းမှာ သူမကိုယ်တိုင်အားဖြင့် ယုံကြည်မှုမရှိ၍ မဟုတ်ဘဲ ရီဖူရှင်းက မိန်းကလေးများအား မည်မျှ ဆွဲဆောင်နိုင်စွမ်း ရှိသည်ကို သိနားလည်၍ ဖြစ်သည်။

စင်မြင့်ပေါ်တွင် တိုက်ခိုက်နေကြသော သူနှစ်ဦးလုံးမှာ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်မှ ဖြစ်ကြသည်။ တစ်ယောက်မှာ မှော်ပညာရှင်ဖြစ်ပြီး နောက်တစ်ယောက်မှာ သိုင်းပညာရှင် ဖြစ်သည်။

သို့သော်လည်း ရီဖူရှင်းက ထူးဆန်းသော အခြေအနေတစ်ခုကို သတိထားမိသည်။ ပရိသတ်များ၏ အာရုံအများစုမှာ တိုက်ပွဲစင်မြင့်ပေါ်တွင် မရှိဘဲ တခြားတစ်ဖက် လူအုပ်တစ်နေရာတွင် ရှိနေသည်။ ထိုနေရာတွင် အဖြူရောင်ဝတ်စုံများကို ဆင်တူစွာ ဝတ်ဆင်ထားသော လူငယ်တစ်စု ရှိနေသည်။

“အဲဒါ ချင်ကလန်လေ… ကန်ယီနိုင်ငံရဲ့ အင်အားအကြီးဆုံး မှော်ဂီတပညာရှင်တွေက အဲဒီကလန်ကပဲ…..”

“အလယ်က တစ်ယောက်က ဘေချူမလား… သူတကယ့်ကို ချောတယ်ဟ…..”

ထိုအနီးတစ်ဝိုက်က လူများက ဘေချူနှင့်ပတ်သက်၍ ဆွေးနွေးနေကြသလို မိန်းကလေးများကလည်း စိတ်ဝင်တစား ပြောဆိုနေကြသည်။ ရီဖူရှင်းက ကန်ယီနိုင်ငံတွင် ချင်ကလန်ကဲ့သို့သော် မှော်ဂီတပညာကို အထူးပြုလေ့လာသော ကလန်ရှိကြောင်း ကြားလျှင် စိတ်ဝင်စားသွားသည်။ သူက လူငယ်များအလယ်မှ ပိန်သွယ်၍ ထိုချောမောသော လူငယ်လေးအား လှမ်းကြည့်လိုက်သည်။ သူကား အသက်ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ်ခန့် ရှိသည်။ သူ့ကိုယ်ရောင်ကိုယ်ဝါမှာ အားကောင်းလှပြီး သူ့ဘေးမှ လူငယ်များနှင့်ယှဉ်လျှင် သိသိသာသာ ကွာခြားနေသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ဘေချူထံ လျှောက်သွားလိုက်သည်။ သူက ကျောင်းတော်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူတို့နှစ်ယောက်က အချင်းချင်းပြုံးကာ စကားပြောကြပြီး ပတ်ဝန်းကျင်ကို မေ့ထားပုံရသည်။

အမှတ်အသား သစ်သားပြားများအား ပေးအပ်ပြီးနောက် ဆင့်ရှာက ရီဖူရှင်းတို့ အုပ်စုထံ ပြန်ရောက်လာသည်။ သူမက ရီဖူရှင်းက ဘေချူရှိရာအရပ်ကို ကြည့်နေသည်ကို မြင်လျှင် ပြုံးလိုက်သည်… “အဲဒါ ချင်ကလန်ရဲ့ လူငယ်မျိုးဆက်ထဲက အတော်ဆုံး တစ်ယောက်ပဲ… သူက အခု ဓမ္မအဆင့်ကိုတောင် ရောက်နေပြီ… နင့်လိုပဲ သူက မှော်ဂီတသမားပဲ… သူ့ဘေးက တစ်ယောက်က ငါတို့ကျောင်းတော်က စီနီယာ ယူဂျင်ပဲ… သူလည်း ဓမ္မအဆင့် တန်ခိုးရှင်ပဲ… သူတို့နှစ်ယောက်က ဒီနှစ် ဖန်းဟွာပွဲတော်မှာ အထင်ရှားဆုံး လူငယ်တွေပဲ…..”

“ဘယ်သူတွေ ရှိသေးလဲ…” ရီဖူရှင်းက မေးသည်။

ဆင့်ရှာက ရီဖူရှင်းကို တစ်ချက် ကြည့်လိုက်သည်။ ရီဖူရှင်းက နန်းမြို့တော်မှ မဟုတ်သည်မှာ သိသာလှသည်။ မဟုတ်လျှင် သူက သည်အကြောင်းအရာများအား သိကို သိရမည်ဖြစ်သည်။

“နောက်လူတချို့လည်း ရှိသေးတယ်… နင်က အကြိုစစ်ဆေးမှုကို ဖြတ်ကျော်နိုင်ရင် ဖန်းဟွာပွဲတော်မှာ သူတို့ကို တွေ့လိမ့်မယ်…” ဆင့်ရှာက အပြည့်အစုံကို မပြောတော့ဘဲ ပြုံးလျက် တိုက်ပွဲဘက်ကို လှည့်သွားသည်။

ရီဖူရှင်းကား ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်တွင်သာ ရှိပြီး သည်အကြောင်းအရာများကို သူ့အား ပြောပြခြင်းမှာ အရာမဝင်ဟု သူမတွေးထားသည်။

“အာ…” ရီဖူရှင်းက ဆင့်ရှာက ဆက်ပြောရန် ဆန္ဒမရှိတော့သည်ကို နားလည်လိုက်သည်။ သူက ခေါင်းညိတ်လျက် စင်မြင့်ပေါ်မှ တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။

တစ်ယောက်ပြီး တစ်ယောက် စင်မြင့်ပေါ် တက်သွားလိုက်ကြသည်။ အတန်ကြာလျှင် ယူချင်းနာမည်အား ခေါ်လိုက်သံကို ကြားကြရသည်။

ယူချင်းက စင်မြင့်ပေါ်ကို ခုန်တက်လိုက်သည်။ နောက်တစ်ယောက်ကလည်း စင်ပေါ်ကို တက်လာသည်။ သူသည်လည်း ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်ဖြစ်ပြီး မှော်ပညာရှင်ဖြစ်သည်။ သည်တိုက်ပွဲတွင် သူတို့၏စွမ်းရည်များအား အပြည့်အဝ ပြသရမည်ဖြစ်သည်။

“ငါ့ကို မင်းရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်နဲ့ အရင်တိုက်……” ယူချင်းက ပြောသည်။ သူ့ပြိုင်ဘက်က ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် ဖြစ်ကြောင်း ယူချင်းသိသည်။ သူ့ပြိုင်ဘက်က သူ့စွမ်းရည်အား မပြသခင် အနိုင်ယူခံလိုက်ရပါက သူ့ပါရမီ မည်မျှ ကောင်းမွန်နေပါစေ အကြိုစစ်ဆေးမှုကို ကျရှုံးမည်ဖြစ်သည်။

“မင်းအရင်တိုက်…” ပြိုင်ဘက်က ပြုံးလျက် ယုံကြည်မှုရှိစွာ ပြောသည်။

သူ့စကားအား ကြားလျှင် ယူချင်းက မညှာတော့ပေ။ သူက ခြေဆောင့်လိုက်လျှင် စင်မြင့်က တုန်ခါသွားသည်။ သူ့ကိုယ်ရောင်ကိုယ်ဝါမှ ထွက်လာသော အားလှိုင်းက ပြိုင်ဘက်ထံ လာရောက်ရိုက်ခတ်လျင် ထိုလူငယ် ထိတ်လန့်သွားသည်။ ထိုလူငယ်က သူ့စွမ်းအင်များအား စုစည်းလိုက်ကာ သူ့ရှေ့တွင် ကျားတစ်ကောင် ဖန်တီးလိုက်သည်။ ထိုကျားက ဟိန်းဟောက်၍ ယူချင်းထံ ခုန်အုပ်လိုက်သည်။

ယူချင်းက လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လိုက်သည်။ လက်ဝါးရိပ်ပေါင်းများစွာက ထိုကျားအား အစိတ်အစိတ် အမြွှာမြွှာ ဖြစ်သွားစေပြီး ကြီးမားသော အားလှိုင်းတစ်ခုက အရာအားလုံးကို ဖျက်ဆီးကာ နောက်ဆုံး ပြိုင်ဘက်ကို ထိပြီး ထိုလူငယ်မှာ အဝေးကို လွင့်စဉ်သွားသည်။

ဤသည်ကို မြင်လျှင် အကြီးအကဲများက ယူချင်း၏ သစ်သားပြားတွင် အမှတ်အသားလေး တစ်ခုလုပ်ကာ ဘေးတွင် ချလိုက်ပြီး နောက်အကြီးအကဲ တစ်ယောက်က အော်လိုက်သည်… “ယူချင်း အောင်မြင်တယ်…”

ယူချင်းက အောက်သို့ ပြန်ဆင်းလာသည်။

စင်ပေါ်မှ လွင့်စဉ်သွားသော လူငယ်က ယူချင်းအား ဒေါသတကြီး ကြည့်လိုက်သည်။ ယူချင်းက သူ့စွမ်းရည်များကိုပင် ပြသခွင့် မပေးခဲ့ပေ။ သူကား ဖန်းဟွာပွဲတော်ကို တက်ခွင့်ရတော့မည် မဟုတ်တော့။

“နင့်သူငယ်ချင်းက အတော် အားကောင်းတယ်….” ဆင့်ရှာက ပြုံးလျက် ပြောသည်။

ရီဖူရှင်း ပြန်မပြောပေ။ ယူချင်းကား အားကောင်းသည်ထက်ပိုသည်။ သည်နေရာကား အကြိုစစ်ဆေးခြင်းမျှသာ ဖြစ်ရာ အရာအားလုံးကို ထုတ်ဖော်ပြသနေရန် မလိုအပ်ပေ။

ထို့နောက် ဟွာဂျီယူ၏နာမည်အား ခေါ်သံကြားရသည်။ သူမ၏ပြိုင်ဘက်မှာ တန်ခိုးအဆင့်တူညီသော သိုင်းသမားဖြစ်သည်။ သူမ၏မျက်နှာအား ပဝါဖြင့် ဖုံးထားသော်လည်း သူမ၏မျက်လုံးများက လှပဝိုင်းစက်နေပြီး သူမ၏ခန္ဓာကိုယ်မှာလည်း သွယ်လျလှပလွန်းလှသည်။ လူအများအပြားက သူမမှာ မိန်းမလှတစ်ယောက် ဖြစ်ရမည်ဟု ရိပ်မိလိုက်ကြကာ စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

“စပြီ…” ဟွာဂျီယူက လူငယ်ကို ပြောလိုက်သည်။

သူမက စကားအများကြီး မပြောတော့ပဲ စိတ်ဝိညာဉ် စွမ်းအင်များအား စုစည်းလိုက်သည်။ ထိုပတ်ဝန်းကျင် လေထုတစ်ခုလုံး ထူးဆန်းသော အခြေအနေကို ရောက်သွားသည်။ ပြိုင်ဘက်က တစ်စုံတစ်ခု ခံစားမိပုံရကာ တုံ့ဆိုင်းမနေဘဲ သူမထံ ပြေးသွားလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် မမြင်ရသော အားလှိုင်းတစ်ခုက သူ့အား တားဆီထားသည်။ ထိုစဉ်မှာပင် သစ်သား ဓာတ်စွမ်းအင်များက စုစည်းလာကာ ထိုလူငယ်အား လာရောက် ရစ်ပတ်ကြသည်။

ဘုန်း… အားကောင်းသော စွမ်းအင်တစ်ခု လူငယ်ထံက ကွဲထွက်လာကာ ထိုချုပ်နှောင်မှုများထဲမှ လွတ်မြောက်သွားပြန်သည်။

တစ်ချိန်တည်းမှာပင် ဟွာဂျီယူ၏ရှေ့တွင် လှံတံများ ဖြစ်ပေါ်လာနေသည်။ ထိုလှံတံများက အချုပ်အနှောင်မှ လွတ်မြောက်စ လူငယ်ထံသို့ တိုးဝင်သွားကြပြန်သည်။ သို့သော် လူငယ်ကလည်း မခေပေ။ သူ၏တိုက်ပွဲအရှိန်အဝါ အားကောင်းလာကာ လှံတံများအား အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ ထို့နောက် သူက လေထဲကို ခုန်တက်လိုက်ပြီး ဟွာဂျီယူထံသို့ သိမ်းငှက်ကဲ့သို့ ဝဲပျံလျက် ဝင်လာသည်။

ဟွာဂျီယူ၏မျက်လုံးများတွင် လေးနက်မှုထားသော ဟန်ပေါ်လာသည်။ သူမက ရှေ့ကို တစ်လှမ်းတက်လိုက်သည်။ ထိုအရာကား ခြေတစ်လှမ်းမျှသာ ဖြစ်သော်လည်း ပြိုင်ဘက်က လေထဲတွင် ရုတ်တရက် ရပ်တန့်သွားသည်။ နွယ်ပင်များစွာက ဟွာဂျီယူထံမှ အဆက်မပြတ် ထွက်ပေါ်လာကာ လူငယ်ထံ တိုးဝင်သွားသည်။ ထို့နောက် စက္ကန့်ပိုင်း အတွင်းတွင် လူငယ်မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရတော့သည်။

“ကောင်းပြီ… နှစ်ယောက်လုံး အောင်မြင်တယ်…” ကန်ယီကျောင်းတော် အကြီးအကဲ တစ်ယောက်က ခေါင်းညိတ်ပြီး ပြောသည်။ ရှုံးနိမ့်ခဲ့သော လူငယ်က စိတ်ပျက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူက အကြိုစစ်ဆေးမှုတွင် အနိုင်ရလိမ့်မည်ဟု မိမိကိုယ်ကို ယုံကြည်မှုရှိခဲ့သည်။ သို့သော် အလွန်စွမ်းရည် ထက်မြက်သော မိန်းကလေး တစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

“မင်းရဲ့ မျက်နှာကို မြင်ခွင့်ရလား…” သူက မတ်တတ်ရပ်၍ ယဉ်ကျေးစွာ မေးလိုက်သည်။

ဟွာဂျီယူက သူ့အား တစ်ချက်ကြည့်ကာ စင်မြင့်ထက်မှ ဆင်းသက်လာသည်။ သူမက ရီဖူရှင်း၏ဘေးသို့ ပြန်လျှောက်လာခဲ့သည်။ လူအများအပြားက ဟွာဂျီယူက ထိတ်လန့်တကြား ကြည့်ကြသည်။ သူမကား မာနကြီးလှသည်။

“ရီဖူရှင်း… မိုဂူ…” ရီဖူရှင်း အလှည့်ရောက်လာပြီ ဖြစ်သည်။ သူက စင်မြင့်ပေါ်သို့ လျှောက်သွားလိုက်သည်။ သူ့ပြိုင်ဘက်ကား အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူကား ချင်ကလန်မှ ဖြစ်သည်။ ဖြစ်နိုင်သည်က ကန်ယီကျောင်းတော်မှ အကြီးအကဲများ တွေးသည်မှာ ရီဖူရှင်းက ချင်ကလန်မှ သာမန် လူငယ်တစ်ယောက်ကိုပင် အနိုင်မယူနိုင်လျှင် သူက ဖန်းဟွာပွဲတော်ကို တက်ရောက်ရန် အရည်အချင်း မမီဟူ၍ပင်။

သူတို့နှစ်ယောက်လုံးက မြေပြင်တွင် ထိုင်ချလိုက်ကြပြီး သူတို့၏ ကု့ချင်းဝိညာဉ်ကို ထုတ်လွှတ်လိုက်ကြသည်။ လူအများအပြားက စိတ်ဝင်စားသွားကြသည်။ မနီးမဝေးမှ ချင်ကလန်မှ လူငယ်များကလည်း စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

ဂီတသံစဉ်က တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်ထံမှ ထွက်ပေါ်လာကြသည်။ မိုဂူ၏ဂီတသံစဉ်က သားရဲပေါင်းတစ်ထောင် ချီတက်လာသလို ကြမ်းတမ်း ခက်ရော်သည်။ သံစဉ်ကြောင့် လေထုက ကြောက်မက်ဖွယ် တုန်ခါလာနေသည်။ ထိုအရာက သားရဲပေါင်း များစွာက ရီဖူရှင်းထံ ချီတက် သွားကြသလိုပင်။

ရီဖူရှင်း၏ဂီတကား တည်ငြိမ်သည်။ သိမ်မွေ့သည်။ နှစ်လိုဖွယ်ကောင်း၏။ သံစဉ်က အတိတ်မှ တစ်စုံတစ်ယောက်အား လွမ်းဆွတ်သော ခံစားချက်ကို ပေး၏။ သံစဉ်ထွက်ပေါ်လာလျှင် သဏ္ဌာန်မဲ့ သားရဲများစွာက တဖြည်းဖြည်း သိမ်မွေ့သွားပုံရသည်။ ထိုစဉ်မှာပင် ရီဖူရှင်း၏ သံစဉ်က ရုတ်တရက် အလွန်အမင်း ကြမ်းတမ်းသွားပြီး သံစဉ် တစ်ချက်ချင်းက ဓားသွားတစ်ချက်လို အရာအားလုံးကို ဖြတ်တောက်သွားပြီး သားရဲများ ပြန့်ကျဲသွားသည်။ မိုဂူ၏ သံစဉ်မှာ အားပျော့သွားပြီး မူလကလို ကြမ်းတမ်းသော သဘာဝလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ့စိတ်ဝိညာဉ် စွမ်းအင်များမှာလည်း ပြန့်ကျဲသွားကာ ရီဖူရှင်း၏ဂီတသံအောက်တွင် ပြန်လည် စုစည်းနိုင်စွမ်းမရှိတော့ပေ။ နောက်ဆုံးတွင် သူ၏ ချင်ကု့ချင်းဝိညာဉ်မှာ ပျောက်ကွယ်သွားသည်။

“ရီဖူရှင်း အောင်တယ်…” အကြီးအကဲက ကြေငြာလိုက်သည်။

“မိုဂူက ဒီလိုပဲ ရှုံးနိမ့်သွားတာလား…” ချင်ကလန်မှ လူငယ်များ အံ့အားသင့်သွားကြသည်။ သူတို့၏သူငယ်ချင်းမှာ ပွဲတော်ကို တက်ခွင့်မရတော့ပေ။

“ဒီလို သန့်စင်တဲ့ ဂီတသံစဉ် နဲ့ ထူးခြားတဲ့ စိတ်စွမ်းအင်… ဒီကောင်လေးက ပါရမီရှိတယ်…” ဘေချူက ချီးကျူးလိုက်သည်။ ထို့နောက် သူက စင်မြင့်အခြားတစ်ဖက်မှ အော်၍ မေးလိုက်သည်… “ဟေး… မင်း ဘယ်ကလာတာလဲ… မင်းမှာ ကလန်ရှိလား…”

ရီဖူရှင်းက ဘေချူကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးလျက် ပြောသည်… “ငါက ဆရာနဲ့ လာတာ… ငါ့မှာ ကလန်မရှိဘူး…..”

“ချင်ကလန်က ကန်ယီနိုင်ငံမှာ အင်အားအကောင်းဆုံး မှော်ဂီတပညာရှင်တွေ ရှိတဲ့နေရာပဲ… မင်းက ငါတို့နဲ့ပူးပေါင်းဖို့ ဆန္ဒရှိလား…” ဘေချူက ပြုံးလျက် ရီဖူရှင်းကို ပြောသည်… “မင်းသာ ဆန္ဒရှိမယ်ဆိုရင် ငါမင်းကို ထောက်ခံပေးလို့ရတယ်… ငါ့မှာ ကု့ချင်း ကျောင်းသား မရှိသေးဘူး…”

ထိုနေရာရှိ လူတိုင်းက ထိတ်လန့်သွားကြသည်။ ကြည့်ရသည်မှာ ဘေချူက သည်မှော်ဂီတသမားအား အတော်စိတ်ဝင်စားပုံရပြီး ချင်ကလန်ထံသို့ တိုက်ရိုက် ဖိတ်ခေါ်နေသည်။ ထို့အပြင် သူက သည်လူငယ်အား သူနှင့်ပင်လျှင် လေ့လာရန် ခွင့်ပြုနေသည်။

ကု့ချင်းကျောင်းသား ဟူသည်မှာ သူ့နောက်ကို လိုက်ပါပြီး မည်သည့် အချိန်တွင်မဆို သူ့ထံမှ သင်ယူနိုင်သူကို ဘေချူက ဆိုလိုသည်။ အကယ်၍ ရီဖူရှင်းက ဘေချူနောက်ကို လိုက်ပါက သူ့အတွက် မှော်ဂီတပညာတွင် ပညာများစွာ ရမည်ဖြစ်သည်။

**


Comment

Leave a Reply

Options

not work with dark mode
Reset