ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး အေးစက်စွာ တောက်ပသွား၏။ သူသည် ရှေ့သို့ဆက်လက်ပျံသန်းနေရင်း ဤကိစ္စကြီး၏ နောက်ကွယ်၌ အခြားရည်ရွယ်ချက်များ ရှိနေနိုင်သည်လောဟု စဉ်းစားတွေးတောနေမိတော့သည်။
” သတိလို ပိုသည်မရှိတဲ့။ နစ်နာကြေးပေးရုံလောက်နဲ့ ပြေလည်သွားမယ့် ကိစ္စမျိုးဆိုရင် တိုက်ပွဲရမှတ် နည်းနည်းပါးပါး အဆုံးရှုံးခံလိုက်လို့ ဘာမှမဖြစ်ပါဘူး ” ဝမ်ပေါင်လဲ့မှာ ဤခရီးစဉ်မှ ပြန်ရောက်ပါက တိုက်ပွဲရမှတ် သိန်းဂဏန်းအနည်းငယ်အထိ ရရှိနိုင်မည့်ဖြစ်ရာ နစ်နာကြေးပေးရမည့်ကိစ္စအတွက် တွေးပူနေစရာမလိုပေ။
” တကယ်လို့ သူတို့က ငါ့ကို သက်သက်မဲ့ ဂွင်ဆင်နေတာဆိုရင်တော့ ငါ့ကို အဆိုးမဆိုနဲ့ပေါ့ကွာ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီးနောက် အသံလွှင့်လက်စွပ်အား ဖွင့်ကာ ရှဲ့ဟေးရန်အား လှမ်း၍ဆက်သွယ်လိုက်၏။ ယခုအကြိမ်တွင်မူ သူသည် မြည်းလေး၏လုပ်ရပ်အကြောင်း မေးမြန်းခဲ့ခြင်းမရှိဘဲ အကြီးအကဲစွန်းဟေ့ နစ်နာဆုံးရှုံးလိုက်ရသည့် ပမာဏအား မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ရှဲ့ဟေးရန်မှာ သူ၏အချိတ်အဆက်များကို အသုံးပြုကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လိုက်ပြီးနောက် အသေးစိတ် အချက်အလက်များအားလုံးကို ချက်ချင်းရှာတွေ့သွား၏။
” မှော်ဆေးရည်ဒယ်အိုးရဲ့ ဈေးက ပေါ့သေးသေးတော့ မဟုတ်ဘူးကွ ပေါင်လဲ့ရ။ တိုက်ပွဲရမှတ် ငါးသောင်းလောက်အထိ တန်ကြေးရှိတယ် ” ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့ ကျိကျိတက် ချမ်းသာကြွယ်ဝနေသည့်အကြောင်းကို မသိသေးပေ။ ထို့ကြောင့် သူသည် ထို ပမာဏအား ထုတ်ပြောလိုက်ပြီးနောက် သက်ပြင်းချမိသွား၏။
” တိုက်ပွဲရမှတ် ငါးသောင်း…. ” ဝမ်ပေါင်လဲ့မှာ ခေါင်းညိတ်ကာ ကျေးဇူးတင်စကားဆိုလိုက်ပြီး အသံလွှင့်အကြောင်းကြားစာအား အဆုံးသတ်လိုက်၏။ တိုက်ပွဲရမှတ် အမှတ်ငါးသောင်းမှာ သူ့အတွက် မပြောပလောက်သည့် ပမာဏတစ်ခု မဟုတ်ပါသော်လည်း သူ မတတ်နိုင်လောက်အောင် ကြီးမားနေသည့် ပမာဏတစ်ခုလည်း မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် အရှိန်တင်ကာ ရှေ့သို့ ပျံသန်းသွားလိုက်ပြီး ကောင်းကင်ကြီးအား ထိုးခွင်းသွားတော့သည်။ နောက်နေ့မနက် အရုဏ်တက်ချိန်သို့ ရောက်သောအခါ သူသည် ကျယ်ပြန့်တာအိုနန်းတော်အား လှမ်း၍ မြင်လိုက်ရ၏။
သူသည် ရှဲ့ဟေးရန်နှင့် ဂိုဏ်းချုပ်ကြီးရှုတို့နှင့် အသံလွှင့်အကြောင်းကြားစာများ အပြန်အလှန်ပေးပို့နေခဲ့သဖြင့် မြည်လေးမှာ ဘေးကင်းလျက် ရှိနေသေးကြောင်း သိခဲ့ရ၏။ ထို့ကြောင့် သူသည် ဤကိစ္စကြီးမှာ သူ့အား ဂွင်ဆင်ထားခြင်း ဖြစ်မည်ဟု ပို၍ပင် သံသယဝင်လာရတော့သည်။
” စိတ်ဝင်စားစရာပဲ ” ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အားကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာပါသော်လည်း သူသည် ၎င်းအား ချက်ချင်းပြန်၍ ချုပ်တည်းလိုက်၏။ ထို့နောက် သူသည် ခံစားချက်မပါသော မျက်နှာအမူအရာဖြင့် ကောင်းကင်ကြီးအား ထိုးခွင်းကာ ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ဦးတည်သွားလိုက်တော့သည်။ သူသည် ထိုနေရာသို့ ရောက်သွားသည်နှင့် သူ့အား စောင့်ဆိုင်းနေသော ဂိုဏ်းချုပ်ကြီးရှုအား အရင်ဆုံး လှမ်းမြင်လိုက်ရ၏။
” ငါ့နောက်ကိုလိုက်ခဲ့ ” ဂိုဏ်းချုပ်ကြီးရှုမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ ထိုသို့လှမ်းခေါ်ကာ ရှေ့သို့လျှောက်လှမ်းသွား၏။ ဝမ်ပေါင်လဲ့မှာလည်း ခေါင်းညိတ်ကာ ဂိုဏ်းချုပ်ကြီးရှု၏ နောက်မှ တိတ်တိတ်ကလေး လိုက်သွားလိုက်ပြီး သိပ်မဝေးသော နေရာတစ်ခုတွင်ရှိနေသည့် ကျွန်းတစ်ကျွန်းဆီသို့ ပြေးသွားလိုက်တော့သည်။
ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ ယွမ်ယင်အဆင့် ကျင့်ကြံသူတိုင်းမှာ ကိုယ်ပိုင်ကျွန်းတစ်ကျွန်းတစ်ကျွန်းဆီ ပိုင်ဆိုင်ထားကြ၏။ သူတို့၏ ကျွန်းများမှာ အရွယ်အစားကြီးမားပြီး အားကောင်းသော ဝိညာဉ်ချီများ ကိန်းအောင်းနေကြသည်။ ထို ကျွန်းများမှာ သူတို့၏ ပိုင်နက်များ ဖြစ်ကြပေသည်။ သူတို့၏ တပည့်များနှင့် နောက်လိုက်များမှာ ထိုကျွန်းများပေါ်တွင် နေထိုင်ကြခြင်းဖြစ်သည်။
စွန်းဟေ့၏ ကျွန်းမှာလည်း ထိုနည်းတူပင်။ ၎င်းမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူများပိုင်ဆိုင်သော ကျွန်းများထဲမှ အကောင်းဆုံးကျွန်းဟု မသတ်မှတ်နိုင်ပါသော်လည်း ဝမ်ပေါင်လဲ့၏ မီးစိမ်းကျွန်းထက် သာလွန်ပေသည်။ ၎င်း၏ တည်နေရာ၊ ဝိညာဉ်ချီနှင့် တန်ဖိုးများမှာ အဘက်ဘက်မှ သာလွန်နေ၏။
” ဒါ စွန်းဟေ့ရဲ့ မဟာမိုးကောင်းကင်ကျွန်းပဲ။ ပေါင်လဲ့။ ငါ့စကားနားထောင်နော်။ စိတ်လိုက်မာန်ပါ မလုပ်နဲ့။ တိုက်ပွဲရမှတ်တွေသုံးပြီးတော့ ဖြေရှင်းနိုင်ရင် အကောင်းဆုံးပဲ။ ငါ တိုက်ပွဲရမှတ်တချို့ စုထားတယ်။ ” ဂိုဏ်းချုပ်ကြီးရှုမှာ ထိုကျွန်း၏အနီးသို့ ရောက်သွားသောအခါ ဝမ်ပေါင်လဲ့အား ထပ်၍ သတိပေးလိုက်ပြန်သည်။ သူ၏ မျက်ဝန်းများထဲတွင် စိုးထိတ်နေသည့် အရိပ်အယောင်များကို အထင်သား မြင်နေရ၏။
သူတို့မှာ စွန်းဟေ့၏ ကျွန်းပေါ်မှ အနက်ရောင်မီးခိုးများ တလိပ်လိပ် ထွက်ပေါ်လာသည်ကို လှမ်းမြင်နေရသည်။ ထို့နောက် ထိုကျွန်း၏ အလယ်ရှိ ပြည်သူ့ရင်ပြင်ထဲမှ မိုးခြိမ်သံကဲ့သို့သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လေထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
ထိုမျှလောက်နှင့် ပြီးသွားပါက ပြဿနာမရှိပေ။ သို့သော် သူတို့ ထိုကျွန်းကြီး၏အနီးသို့ ရောက်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ အော်ဟစ်မြည်တမ်းသံများအား ခပ်သဲ့သဲ့ ကြားလိုက်ရ၏။
၎င်းမှာ မြည်းလေး၏ အော်ဟစ်မြည်တမ်းသံများပင် ဖြစ်သည်။
ထို့ကြောင့် သူသည် မျက်ဝန်းများအေးစက်သွားကာ ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်လိုက်ပြီးနောက် ရှေ့သို့ ပြေးထွက်သွားလိုက်ပြန်သည်။ ဂိုဏ်းချုပ်ကြီးရှုမှာမူ သက်ပြင်းချကာ နောက်မှလိုက်သွားလိုက်၏။ ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ မဟာမိုးကောင်းကင်ကျွန်းထဲသို့ ဝင်ရောက်သွားကြတော့သည်။
သူတို့နှစ်ယောက် အနီးသို့ရောက်လာသည်နှင့် ထိုကျွန်းကြီးတစ်ကျွန်းလုံးမှာ တုန်ရီသွားရ၏။ ထို့နောက် ထိုကျွန်း၏ ပတ်ပတ်လည်တွင် အလင်းရောင် ဖန်သားပြင်တစ်ခု ပေါ်ပေါက်လာပြီး မန္တန်အစီအရင်တစ်ခု ဖန်တီးလိုက်သဖြင့် အပြင်လူများမှာ အတွင်းသို့ဝင်ခွင့် မရှိတော့ပေ။ သို့သော် ထို မန္တန်အစီအရင်ကြီး ဝမ်ပေါင်လဲ့အား ထိသွားသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ ရှေ့သို့ အားမာန်အပြည့်ဖြင့် လှမ်းလိုက်၏။ ထိုအခါ ပေါက်ကွဲသံ အကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူသည် မန္တန်အစီအရင်ထဲသို့ အတင်းအဓမ္မ ဝင်ရောက်နိုင်သွားတော့သည်။
ထိုကဲ့သို့ အတင်းအဓမ္မ ဝင်ရောက်လာမှုကြောင့် မန္တန်အစီအရင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားရ၏။ သူတို့၏ ပတ်ပတ်လည်တွင် ဝင်းလက်တောက်ပသော အလင်းတန်းပေါင်းမြောက်များစွာ ပေါ်ပေါက်လာသဖြင့် ထိုကျွန်းပေါ်ရှိ ကျင့်ကြံသူတိုင်းမှာ သတိထားမိသွားကြတော့သည်။ သူတို့မှာ ခေါင်းမော့၍ လှမ်းကြည့်လိုက်ကြသောအခါ ပြည်သူ့ရင်ပြင်အထက်ရှိ လေထဲတွင် ရစ်ဝဲနေသည့် ဝမ်ပေါင်လဲ့အား လှမ်းမြင်လိုက်ရ၏။
သူသည် အောက်သို့ငုံ့ကြည့်လိုက်သောအခါ ပြည်သူ့ရင်ပြင်ထဲ၌ ပေရာပေါင်းများစွာ မြင့်မားသော မှော်ဆေးရည် ဒယ်အိုးကြီးတစ်လုံးကို မြင်လိုက်ရ၏။ ထို ဒယ်အိုးကြီး၏ ပတ်ပတ်လည်တွင် အမြုတေအဆင့် ကျင့်ကြံသူပေါင်းမြောက်မြားစွာ ထိုင်နေကြပြီး သူတို့မှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုကာ ထို ဒယ်အိုကြီးအတွက် မီးတောက်များ ဖန်တီးပေးနေကြသည်။ မီးတောက်များ ပေါ်ပေါက်လာပြီးနောက် မှော်ဆေးရည်ဒယ်အိုးအား အပူပေးနေစဉ်မှာပင် ထိုဒယ်အိုးထဲမှ မြည်းလေး၏ အားပျော့နေသော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
သူတို့မှာ မြည်းလေးအား သန့်စင်ခြင်းလုပ်ငန်းအတွက် အမှန်တကယ် အသုံးပြုနေခြင်းဖြစ်သည်။ အမြုတေအဆင့် ကျင့်ကြံသူများ၏ရှေ့တွင်မူ အကြီးအကဲတစ်ယောက် ရပ်နေ၏။ သူ၏ ပုံပန်းသွင်ပြင်မှာ နတ်ဘုရားတစ်ပါးနှင့် တူပါသော်လည်း သူ၏ မျက်လုံးများမှာ အတွင်းသို့ ချိုင့်ဝင်နေပြီး တမူထူးခြားသော အရောင်တစ်ခုကို ပိုင်ဆိုင်ထား၏။ ၎င်းတို့မှာ ရဲရဲနီအောင် တောက်ပနေခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ထိုအကြီးအကဲကြီးမှာ ချက်ချင်း ခေါင်းမော့လာပြီး သူ့အား အေးစက်စက် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။
သူ၏မြည်းလေး သန့်စင်ခံနေရသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်း ထွက်သွား၏။ ထို သန့်စင်ခြင်းလုပ်ငန်းစဉ်မှာ ပြီးမြောက်နိုင်ရန် အချိန်အများကြီး ပေးရမည်ဖြစ်ကြောင်း သူက သတိထားမိလိုက်သည်။ ထို့ကြောင့် အကူအညီများ အချိန်မီရောက်လာသရွေ့ မြည်းလေးမှာ ဒဏ်ရာအနည်းငယ်မျှသာ ခံစားလိုက်ရမည်ဖြစ်ပြီး မည်သည့် နာတာရှည်ဒဏ်ရာမှ ကျန်ရစ်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ဒေါသစိတ်များကို မျိုသိပ်ကာ ထိုအကြီးအကဲကြီးအား လှမ်းကြည့်လိုက်၏။
” ဝမ်ပေါင်လဲ့ အကြီးအကဲစွန်းကို ဂါရဝပြုပါတယ် ”
” ကျုပ်လို ဘာမှမဟုတ်တဲ့ အဘိုးကြီးက ဂုဏ်ကျက်သရေအပေါင်းနဲ့ ပြည့်စုံလှတဲ့ ပြည်ထောင်စုတပည့်ရင်းတစ်ယောက်ရဲ့ ဂါရဝပြုတာကို ခံရဖို့ မထိုက်တန်ပါဘူးဗျာ ” စွန်းဟေ့မှာ ဟန်ဆောင်ပြုံးကာ ရန်လိုသည့်လေသံဖြင့် တည်ကြည်စွာဆိုလိုက်၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်မိသွားပြီး ယမ်းပုံမီးကျ ပေါက်ကွဲလုနီးပါး ဖြစ်သွားရသည်။ ထိုအချိန်တွင် သူ၏ဘေးတွင်ရှိနေသော ဂိုဏ်းချုပ်ကြီးရှုမှာ ပြုံးပြလိုက်ပြီး ဝမ်ပေါင်လဲ့အား စွန်းဟေ့၏ ရှေ့သို့ ခေါ်သွားလိုက်၏။ ထို့နောက် ဂိုဏ်းချုပ်ကြီးရှုမှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်ပြီးနောက် သူတို့နှစ်ယောက်၏ ကြားမှတင်းမာမှုများကို လျှော့ချနိုင်ရန် ကြိုးစားလိုက်သည်။
” အကြီးအကဲစွန်း။ ဒါတွေအကုန်လုံးက နားလည်မှုလွဲသွားတာပါဗျာ။ ကျွန်တော်တို့က ရိုးရိုးသားသား လာတာပါ ” စွန်းဟေ့မှာ ဂိုဏ်းချုပ်ကြီးရှုဆီမှ လစဉ်လတိုင်း ရရှိနေခဲ့သော လက်ဆောင်များကို ပြန်၍သတိရသွားသောကြောင့် ရန်လိုစိတ်များ လျော့နည်းသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား အထင်သေးသည့်အကြည့်ဖြင့် မျက်စောင်းထိုးကြည့်လိုက်သည်။ သူသည် ဝမ်ပေါင်လဲ့အား အရည်အချင်းစမ်းသပ်ပွဲထဲ၌ မြင်ခဲ့ရသည့်ဖြစ်ရာ သူမည်မျှအထိ အစွမ်းထက်ကြောင်းကို သိထား၏။ သို့သော်လည်း သူသည် ဝမ်ပေါင်လဲ့အား အနိုင််ယူနိုင်လိမ့်မည်ဟု ယုံကြည်နေဆဲပင်။
ထို့ကြောင့်လည်း သူသည် ဝမ်ပေါင်လဲ့ ရှိခိုးနန်းတော်အဆောင်မှ ယခုလေးတင် ပြန်ရောက်လာသည့် အချက်ကို ဂရုမစိုက်ခြင်းဖြစ်သည်။ သူတို့မှာ ပြည်ထောင်စုကြီးထဲတွင်မဟုတ်ဘဲ ကျယ်ပြန့်တာအိုနန်းတော်ထဲသို့ ရောက်နေသည်မဟုတ်ပါလော။ ထို့ကြောင့် စွန်းဟေ့မှာ နှာမှုတ်ကာ မေးလိုက်၏ ” ရိုးရိုးသားသားလာတာ ဟုတ်လား ‘
ဝမ်ပေါင်လဲ့မှာ ဒေါသထွက်လွယ်သည့် လူတစ်ယောက် ဖြစ်ပါသော်လည်း ဂိုဏ်းချုပ်ကြီးရှု ပြောခဲ့သည့် နောက်ကွယ်တွင် ရှိနေနိုင်သော ပြဿနာများအကြောင်းကို ထည့်တွက်ရန် လိုအပ်ပေသည်။ ဂိုဏ်းချုပ်ကြီးရှုမှာ သူ့ဘက်မှ အကောင်းဆုံးကူညီပေးနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏ကြိုးစားအားထုတ်မှုများကို သဲထဲရေသွန် လုပ်လိုက်ပါက မသင့်တော်ပေ။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး မကျေနပ်ချက်များကို မျိုသိပ်ကာ စွန်းဟေ့အား စိုက်ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဆိုလိုက်၏။
” ကျွန်တော် အကြီးအကဲရဲ့ ဆုံးရှုံးမှုတွေအတွက် တိုက်ပွဲရမှတ် ခြောက်သောင်းတိတိ လျော်ပေးဖို့အဆင်သင့်ပါပဲ။ ငါးသောင်းက မှော်ဆေးရည်ဒယ်အိုးအတွက် နစ်နာကြေး ဖြစ်ပြီးတော့ ကျန်တဲ့တစ်သောင်းက အကြီးအကဲကြီး အလုပ်ရှုပ်သွားရတဲ့အတွက် နစ်နာကြေးပြန်ပေးတာပါ ”
” အမှတ်ခြောက်သောင်း ဟုတ်လား ” စွန်းဟေ့မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင်အောင် ထိုပမာဏကြောင့် အံ့ဩတုန်လှုပ်သွားရဆဲပင်။ တိုက်ပွဲရမှတ် ခြောက်သောင်းဆိုသည့် ပမာဏမှာ ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ မည်သူမဆို ရှိန်သွားလောက်သည့် ပမာဏတစ်ခု ဖြစ်ပေသည်။
သို့သော် စွန်းဟေ့မှာ လောဘကို အတောမသတ်နိုင်သည့် လူစားမျိုးဖြစ်သည်။ ဂိုဏ်းချုပ်ကြီးရှုမှာ အတွေးလွန်နေခဲ့ခြင်းသာ ဖြစ်၏။ ဤကိစ္စကြီးတစ်ခုလုံး၏ နောက်ကွယ်တွင် မည်သည့် လျှို့ဝှက်အကြံအစည်မှ ရှိမနေခဲ့ပေ။ အရားအားလုံးမှာ တိုက်ဆိုင်သွားခဲ့ခြင်းသာဖြစ်သည်။ စွန်းဟေ့မှာ သူ၏ ပြိုင်ဘက်၏ အားနည်းချက်ကို သတိထားမိသွားသဖြင့် မျက်လုံးများမှေးကာ ဝမ်ပေါင်လဲ့အား အကဲခတ်လိုက်ပြီးနောက် ရယ်မောကာ ဆိုလိုက်၏။
” နစ်နာကြေးငါးသောင်းက ပေးကိုပေးရမှာပေါ့။ ဒါပေမဲ့ ဒီတိရစ္ဆာန်ကောင်က တော်တော်ကို ရဲတင်းလွန်းနေတာမလို့ ကျယ်ပြန့်တာအိုနန်းတော်ဆိုတာ ထင်တိုင်းကျဲလို့ရတဲ့နေရာ မဟုတ်ဘူးဆိုတာ သိသွားအောင် သင်ခန်းစာကောင်းကောင်းပေးဖို့ လိုတယ်ကွ ” စွန်းဟေ့မှာ အပေါ်ယံတွင် မြည်းလေးအား ရည်ညွှန်းပြောဆိုနေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ ဝမ်ပေါင်လဲ့အား စောင်းမြောင်းပြောဆိုနေခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ဒေါသစိတ်များကို မထိန်းနိုင်တော့ဘဲ ဖြစ်လာရတော့သည်။ သူသည် မျက်လုံးများ အရောင်တောက်လာပြီးနောက် စွန်းဟေ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ မေးလိုက်၏ ” ဪ… အကြီးအကဲက ဘယ်လိုမျိုး သင်ခန်းစာပေးမှာလဲ ”
သူ၏ဘေးတွင်ရှိနေသော ဂိုဏ်းချုပ်ကြီးရှုမှာလည်း မျက်မှောင်ကြုတ်သွားရပြီ ဖြစ်သည်။ သူသည် စွန်းဟေ့မှာ တစ်စုံတစ်ယောက်ဆီမှ ညွှန်ကြားချက်များ ရထားခြင်း မဟုတ်ပါက အလွန်အင်မတန်မှ နုံအသော လူတစ်ယောက်သာ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်တော့သည်။
” ငါက ဒီတိရစ္ဆာန်ကောင်ကို အသွေးအသားဆေးလုံးတစ်လုံး ဖြစ်သွားအောင် ပြောင်းပစ်မှာ။ မင်း အဲဒီဆေးလုံးကိုလိုချင်ရင် ငါ မင်းကို တိုက်ပွဲရမှတ် ငါးသောင်းနဲ့ ရောင်းပေးနိုင်ပါတယ် ” စွန်းဟေ့မှာ မျက်လုံးများမှေးကာ ပြန်ဖြေလိုက်၏။ သူသည် အရာအားလုံးကို စိတ်ထဲ၌ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သို့သော် သူ မျှော်လင့်ထားခဲ့သည့်အတိုင်း ဖြစ်ပျက်မသွားခဲ့ပေ။ ဝမ်ပေါင်လဲ့မှာ စွန်းဟေ့၏ စကားကို ကြားလိုက်ရပြီးနောက် အော်ဟစ်ရယ်မောလိုက်တော့သည်။
၎င်းမှာ အလွန်အင်မတန်မှ အေးစက်သော ရယ်သံကြီးတစ်သံ ဖြစ်၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ မျက်စိမျက်နှာ ပျက်နေသော ဂိုဏ်းချုပ်ကြီးရှုအား တစ်ချက်ကြည့်ကာ လှမ်းပြောလိုက်၏။
” တာအိုရောင်းရင်းရှုရေ။ ကျုပ် ခဗျားရဲ့ နည်းလမ်းအတိုင်း လိုက်လုပ်ခဲ့ပေမဲ့ အလုပ်မဖြစ်တာ ခဗျားလည်း အမြင်ပဲနော်။ အဲလိုဆိုမှတော့လည်း… ကျုပ်ရဲ့နည်းလမ်းကိုပဲ သုံးရတော့မှာပေါ့ဗျာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ရုတ်တရက်ဆိုသလို ထုတ်လွှတ်လိုက်တော့သည်။ ထို့ကြောင့် ကောင်းကင်ယံထဲရှိ တိမ်တိုက်များမှာ ပုံစံပြောင်းလဲသွားပြီး လေပြင်းများ စတင်တိုက်ခတ်လာ၏။ နောက်ဆုံးတွင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခုမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှ ထပ်ပြောမနေတော့ပေ။ သူသည် သူ၏ အငွေ့အသက်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ ရှိနေခဲ့သည်နေရာ၌ သူ၏ ကိုယ်ပွားကို လိုရမယ်ရ ချန်ရစ်ထားခဲ့လိုက်ပြီးနောက် အံ့သြတုန်လှုပ်နေသည့် စွန်းဟေ့ဆီသို့ ပြေးသွားလိုက်တော့သည်။