Switch Mode

အခန်း (၆၁၃)

လစ်လိုက်တော့ ဒုက္ခလှလှတွေ့ခြင်း

” ဒီအသက်ရှူသံကြီးက ကြောက်ဖို့ကောင်းလှပါလား။ ပြီးတော့ နတ်ဘုရားလက်နက်တစ်ခုရဲ့ အငွေ့အသက်တွေလည်း ရှိနေသေးတယ်။ ဒီ သင်္ချိုင်းမြေပုံက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ရေရွတ်လိုက်၏။ သူသည် အချုပ်အနှောင်များကြောင့် ထွက်ပေါ်လာသည့် ဝင်းလက်တောက်ပနေသော တံခါးပေါက်ကြီး ပြန်လည်ပျောက်ကွယ်သွားသည်ကို စိုက်ကြည့်နေလိုက်သည်။ သင်္ချိုင်းမြေပုံကြီးမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ ဖြစ်သည်။ အချိန်အတော်အတန် ကြာပြီးသွားမှ သူသည် သက်ပြင်းချလိုက်၏။

” ဒီ သင်္ချိုင်းမြေပုံက တော်တော်လေးကိုထူးဆန်းတယ်။ ငါတို့ရဲ့ လက်ရှိခြင်းကျန်ခြင်းအဆင့်တွေနဲ့ဆိုရင် ဒီနေရာက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်မှာ မဟုတ်လောက်ဘူး။ ငါတို့တွေ ဝိညာဉ်ကြားခံနယ်အဆင့် ရောက်တဲ့အခါမှ စမ်းကြည့်သင့်တယ် ” ကျောက်ယမုန့်မှာ အချုပ်အနှောင်များ၏ နောက်တွင်ရှိနေသော သင်္ချိုင်းမြေပုံအား လှမ်းကြည့်ကာဆိုလိုက်၏။ သူမသည် ထို သင်္ချိုင်းမြေပုံထဲမှ အသက်ရှုသံကြီးကြောင့် ခံစားခဲ့ရသည့် ဝေဒနာများကို မှတ်မိနေဆဲပင်။

ခုန်းတောက်မှာလည်း သူမနည်းတူ ကြောက်ရွံ့တုန်လှုပ်နေရဆဲပင်။ ထို့ကြောင့် သူတို့သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် လက်လျှော့ရန် ဆုံးဖြတ်လိုက်ကြတော့သည်။ ထို့နောက် သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ တည်နေရာပြောင်းရွှေ့နိုင်ရန် ရှိခိုးနန်းတော်အဆောင်ဆီသို့ ပြေးသွားလိုက်ကြတော့သည်။ သို့သော် မည်သည်အကြောင်းကြောင့်မှန်းမသိ သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်ထဲသို့ တိုက်ရိုက်တည်နေရာပြောင်းရွှေ့နိုင်စွမ်း မရှိဘဲ ဓားကိုယ်ထည်ပိုင်း၏ နယ်စပ်ဒေသကိုသာ ရောက်ရှိနိုင်မည် ဖြစ်သည်။ သူတို့မှာ ထိုနယ်စပ်ဒေသကို ဖြတ်ပြီးမှ ဓားရိုးပိုင်းထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့အတွက် အများကြီး အချိန်ကုန်သက်သာသွားပေသည်။ သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်သို့ ပြန်လာသည့် လမ်းတစ်လျှောက်လုံးတွင် နှုတ်ဆိတ်နေခဲ့၏။ သင်္ချိုင်းမြေပုံထဲ၌ ကြုံခဲ့ရသည့် အဖြစ်အပျက်များမှာ သူတို့၏ အတွေးများထဲ၌ နေရာယူထားဆဲပင်။ ဝမ်ပေါင်လဲ့မှာမူ တစ်ခုခု မူမမှန်ကြောင်း သတိထားမိခဲ့၏။ သူသည် သူတို့သုံးယောက် ရှိခိုးနန်းတော်အဆောင်ထဲသို့ ဝင်သွားကာ တည်နေရာပြောင်းရွှေ့ခြင်းမန္တန်အား အသုံးပြုလိုက်ပြီးနောက် ကျောက်ယမုန့် စကားပြောလိုက်သည့်အချိန်မှ နားလည်သွားခဲ့ခြင်း ဖြစ်သည်။

” ဒီ သင်္ချိုင်းမြေပုံရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ တခြားနည်းလမ်းတစ်ခုခု ရှိလောက်တယ်…. ငါတို့‌တွေ သစ်သားစွမ်းအင်သုံး ကျင့်ကြံသူတစ်ယောက်ကို ရှာတွေ့နိုင်မယ်ဆိုရင် အဲဒီ အစိမ်းရောင်မီးခိုးငွေ့တွေကို အံတုပြီးတော့ သင်္ချိုင်းမြေပုံထဲကို ဝင်နိုင်လောက်တယ်။ ဒါပေမဲ့ အဲလို ကျင့်ကြံသူတွေက အရမ်းကိုရှားတာ။ ပြီးတော့ အခန့်မသင့်ရင် အန္တရာယ်နဲ့ ကြုံရင်ကြုံရနိုင်သေးတယ်။ အဲတာမလို့ အောင်မြင်နိုင်ဖို့အတွက်ဆိုရင် အဲဒီ ကျင့်ကြံသူက သစ်သားအစစ်တစ်မျိုးထဲနဲ့ ဖွဲ့စည်းထားတဲ့ လူတစ်ယောက် ဖြစ်နေဖို့လိုတယ် ” ကျောက်ယမုန့်မှာ ထိုသို့ဆိုလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။ သူမသည် အဆောင်သို့ ပြန်ရောက်သည့်အချိန်မှ ထိုအကြံအား တွေးမိသွားခြင်းဖြစ်သည်။

” သစ်သားအစစ် ဟုတ်လား ” ကျောက်ယမုန့်၏ စကားကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းခေါင်းမော့လာ၏။ သူ၏ သံသယစိတ်များမှာ ရှင်းလင်းသွားပြီဖြစ်သည်။ သူ၏ တွေးခေါ်နိုင်စွမ်းများမှာလည်း ကြည်လင်ပြတ်သားသွားသဖြင့် သူသည် ‌စောစောတုန်းက သူ သတိမထားမိခဲ့သည့် အချက်အား နားလည်သွားတော့သည်။ ထို့ကြောင့် သူ၏မျက်ဝန်းများမှာ ထူးဆန်းစွာတောက်ပသွား၏။

” ဟုတ်သားပဲ။ ငါက အဲဒီအချက်ကို မေ့နေတာ။ သစ်သားအစစ်နဲ့ ဖွဲ့စည်းထားတဲ့ သစ်သားစွမ်းအင်သုံး ကျင့်ကြံသူတစ်ယောက်… ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ အတွေးများထဲ၌ နစ်မျောနေတော့သည်။ ထိုအချိန်တွင် တည်နေရာပြောင်းရွှေ့ခြင်းမန္တန်မှာ စတင်အသက်ဝင်လာပြီး သူတို့မှာ ရှိခိုးနန်းတော်အဆောင်ထဲမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

သူတို့ ပျောက်ကွယ်သွားပြီးနောက် မန္တန်ကြီး၏ အလင်းရောင်မှာ ပြန်လည်မှေးမှိန်သွားပြီး အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။ မည်သည့်အရာမှ ပြောင်းလဲသွားခဲ့သည့်ပုံ မပေါ်ပေ။

ထိုအချိန်တွင် ဓားရိုးပိုင်း၏ မလှမ်းမကမ်းတွင်ရှိသော ဓားကိုယ်ထည်ပိုင်း၏ နယ်စပ်ဒေသထဲ၌ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီးနောက် ဝမ်ပေါင်လဲ့နှင့် သူ၏မိတ်ဆွေများ ပြန်လည်ပေါ်ပေါက်လာသည်။ သူတို့မှာ သူတို့ရောက်ရှိနေသည့်နေရာအား သိအောင်လုပ်လိုက်ပြီးနောက် ချက်ချင်း ထပြေးလိုက်ကြ၏။ ထို့ကြောင့် ခဏအကြာတွင် သူတို့မှာ ဓားကိုယ်ထည်ပိုင်းထဲမှ ထွက်ခွာလာပြီးနောက် ဓားရိုးပိုင်းထဲရှိ မီးပင်လယ်ကြီးထဲသို့ ရောက်ရှိလာတော့သည်။

ထိုနယ်မြေထဲရှိ လေပူများမှာ သူတို့၏ မျက်နှာများကို ဖြတ်၍ တိုက်ခတ်သွား၏။ သို့သော် ဓားကိုယ်ထည်ပိုင်းနှင့် ဓားရိုးပိုင်း၏ အပူချိန်များမှာ မတူညီသောကြောင့် ထိုလေပူများမှာ အေးမြနေသကဲ့သို့ပင် ခံစားနေရသည်။ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ သိုလှောင်လက်ကောက်အား ပုတ်လိုက်၏။ ထိုသိုလှောင်လက်ကောက်ထဲတွင် ကုန်ကြမ်းပစ္စည်း အမြောက်အမြားသာမက ခရမ်းရောင် အသိအမှတ်ပြု တံဆိပ်ပြားတစ်ခုလည်း ရှိနေသည်။

” ၎င်းမှာ သူ ထိုခရီးစဉ်ထဲ၌ ရရှိခဲ့သည့် အဖိုးအတန်ဆုံးပစ္စည်း ဖြစ်ပေသည်။

” မွေးစားဂိုဏ်းသား ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာ၏။ သူသည် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား လှမ်းကြည့်လိုက်သောအခါ သူတို့နှစ်ယောက်မှာလည်း ထိုနည်းတူပင် ဖြစ်နေသည်ကို မြင်လိုက်ရသည်။ အတွင်းစည်းဂိုဏ်းသားဖြစ်စေ၊ အပြင်စည်းဂိုဏ်းသားဖြစ်စေ၊ သူတို့နှစ်ယောက်စလုံးမှာ လက်ရှိ ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ထိပ်တန်းအဆင့် ရာထူးများကို ပိုင်ဆိုင်သွားကြပြီ မဟုတ်ပါလော။ သို့ဖြစ်ရာ ကျယ်ပြန့်တာအိုနန်းတော်မှာ သူတို့အား တန်ဖိုးထား၍ ဆက်ဆံရတော့မည်ဖြစ်သည်။

” ပြန်ကြတာပေါ့။ နောက်တစ်ခါ ယိဖန်းကိုလည်း ခေါ်ခဲ့မယ်။ အဲတာဆိုရင် သိုလှောင်အိတ်တွေ ပိုပါလာမှာမလို့ ရတနာကို ထပ်ပြီးတော့ ရှာဖွေလို့ရလောက်တယ် ” ဝမ်ပေါင်လဲ့မှာ သင်္ချိုင်းမြေပုံထဲရှိ ပစ္စည်းအား လောဘတက်နေသည့် စိတ်များကို မေ့ပျောက်ထားလိုက်ပြီး အကြံပေးလိုက်၏။ သူသည် စိတ်ဓာတ်များ တက်ကြွနေရပြီဖြစ်သည်။ ခုန်းတောက်မှာလည်း သင်္ချိုင်းမြေပုံနှင့် ပတ်သက်၍ မျိုသိပ်ခဲ့ရသည့် ခံစားချက်များအားလုံးကို ဖွင့်ထုတ်လိုက်ပြီဖြစ်သည်။ သူသည် သူရှာဖွေရာရှိခဲ့သော ပစ္စည်းများအကြောင်းကို စဉ်းစားတွေးတောရင်း သူ၏ အနာဂတ်ကြီးမှာ လှပနေတော့မည်ဖြစ်ကြောင်း စိတ်ကူးယဥ်ကာ စိတ်လှုပ်တရှား ဖြစ်နေတော့သည်။

ကျောက်ယမုန့်မှာမူ မပွင့်တပွင့် ပြုံးလိုက်၏။ သူမ၏ မျက်ဝန်းများမှာ ကြည်လင်ပြတ်သားနေပြီး မျှော်လင့်ချက် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ နောက်ဆုံးတွင် သူတို့သုံးယောက်စလုံးမှာ သက်တံ့များအဖြစ် ပြောင်းလဲသွားကြပြီးနောက် ကောင်းကင်ကြီးအား ထိုးခွင်းကာ ကျယ်ပြန့်တာအိုနန်းတော် ရှိရာဘက်သို့ ပျံသန်းသွားလိုက်ကြတော့သည်။

သူတို့မှာ လမ်းတစ်လျှောက်တွင် ကြိမ်ဖန်များစွာ တည်နေရာပြောင်းရွှေ့ရန် လိုအပ်သောကြောင့် သူတို့၏ ခရီးစဉ်မှာ နှစ်ပတ်တိတိ ကြာမြင့်မည် ဖြစ်သည်။ သို့သော် သူတို့မှာ လောနေခြင်းမရှိသည့်အပြင် အပြန်လမ်း တစ်လျှောက်လုံးတွင် ပျော်ပျော်ပါးပါးနှင့် စကားများပြောနေခဲ့ကြ၏။ သူတို့မှာ အကြိမ်အနည်းငယ်ခန့် တည်နေရာပြောင်းရွှေ့လိုက်ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်သို့ ပြန်ရောက်ရန် သုံးရက်သာ လိုတော့သည့်အချိန်တွင် မျှော်လင့်မထားသည့် ဖြစ်ရပ်ကြီးတစ်ခုနှင့် ကြုံလိုက်ရတော့သည်။

သူတို့မှာ အန္တရာယ်နှင့် ကြုံလိုက်ရသည်တော့မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ သူ၏ အသိစိတ်ထဲ၌ ကြောက်လန့်တကြားနှင့် ဝေဒနာပြင်းပြစွာ အော်ဟစ်မြည်တမ်းနေသည့် အသံများကို ကြားလိုက်ရခြင်းဖြစ်သည်။

ထိုအသံများမှာ လူ‌အော်သံ မဟုတ်ဘဲ မြည်းအော်သံများ ဖြစ်နေ၏။

” သား၊ သား၊ သား၊ သား ”

ထိုမြည်းလေးဆီတွင် အသံလွှင့်လက်စွပ်တစ်ကွင်း မရှိပါသော်လည်း ၎င်းနှင့် ဝမ်ပေါင်လဲ့၏ ကြားတွင် အဆက်အသွယ်တစ်ခု ရှိနေသည် မဟုတ်ပါလော။ အကယ်၍ သူတို့နှစ်‌ယောက်၏ ကြားမှ အကွာဝေးမှာ အလွန်အင်မတန်မှ ဝေးကွာနေပါက ဝမ်ပေါင်လဲ့မှာ မြည်းလေးအား အာရုံခံနိုင်စွမ်း မရှိပါသော်လည်း နီးကပ်နေပါက ထိုအဆက်အသွယ်မှာ ကြည်လင်ပြတ်သားမှုရှိပေသည်။

ယခုတွင် မြည်းလေးမှာ ထိုအဆက်အသွယ်အား အသုံးပြုကာ ဝမ်ပေါင်လဲ့ဆီမှ အကူအညီ လှမ်းတောင်းနေခြင်းဖြစ်သည်။

အခြားမည်သူကမှ ထိုအော်သံများကို ကြားန်ိုင်မည် မဟုတ်ပေ။ အကယ်၍ ထိုသို့ ကြားနိုင်လျှင်တောင် မည်သူကမှ ထိုအော်သံများ၏ အဓိပ္ပါယ်ကို နားလည်နိုင်ကြမည် မဟုတ်ပေ။ သူတို့မှာ ၎င်းသည် အလွန်အင်မတန်မှ ကြောက်ရွံ့နေသည့် လေသံပေါက်နေသည့် အချက်ကိုသာ သတိထားမိလိုက်မည်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေး၏ အကြောင်းကို ကောင်းကောင်းကြီးသိထားသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်း၏ အော်သံများကို ကြားလိုက်ရသည်နှင့် သူသည် ချက်ချင်းပင် နားလည်သွား၏။ ထိုအော်ဟစ်သံများမှာ အကူအညီတောင်းနေခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားကာ အသက်ရှူသံများ မြန်ဆန်လာပြီးနောက် မျက်နှာပျက်သွားရတော့သည်။ သူသည် ထိုမြည်းလေးအား အကဲခတ်ရန် ပြင်လိုက်စဉ်မှာပင် သူနှင့် ထိုမြည်းလေး၏ ကြားရှိ အဆက်အသွယ်မှာ ရုတ်တရက်ဆိုသလို ပြတ်တောက်သွားတော့သည်။

သူနှင့် မြည်းလေးတို့၏ ကြားတွင် သူတို့၏ အဆက်အသွယ်အား နှောင့်ယှက်နေသည့် စွမ်းအားတစ်မျိုး ရှိနေသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာ ရင်တထိတ်ထိတ် ဖြစ်လာရပြီဖြစ်သည်။ သူသည် ထိုမြည်းလေးအား အမြဲတစေ ရိုက်နှက်ကန်ကျောက်ကာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့ပါသော်လည်း ၎င်းအား သူ၏ သားတစ်ယောက်ကဲ့သို့ သဘောထားနေဆဲပင်။

ထိုမြည်းလေး၏ အကူအညီတောင်းနေသော အော်ဟစ်သံများမှာ အလွန်အင်မတန်မှ သနားစရာကောင်းပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး နာကျင်သွားရပြီး ရှုံ့မဲ့နေသည့် မျက်နှာဖြင့် ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။

သူတို့၏ကြားမှ အဆက်အသွယ်မှာ ပြတ်တောက်သွားပြီ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုမြည်လေး၏ အော်ဟစ်သံကို ကြားခဲ့ရစဉ်တုန်းက ၎င်း၏ တည်နေရာအား မှန်းဆနိုင်ခဲ့၏။ ၎င်းမှာ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ရှိနေခြင်း ဖြစ်သည်။

” ဘာဖြစ်သွားတာလဲဟ ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အေးစက်နေပြီဖြစ်သည်။ သူ ရှေ့သို့ ပြေးထွက်သွားချိန်တွင် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ နားမလည်နိုင်လောက်အောင် ဖြစ်သွားပါသော်လည်း သူ့ဆီမှ ထွက်ပေါ်နေသည့် အေးစက်စက် အငွေ့အသက်များကို အာရုံခံမိလိုက်၏။ ထို့ကြောင့် သူတို့နှစ်ယောက်မှာလည်း အသားများတုန်ရီသွားပြီး အရှိန်မြှင့်တင်လိုက်ကြတော့သည်။

” ပေါင်လဲ့။ ဘာဖြစ်လို့လဲ ” တစ်ခဏမျှ ကြာပြီးနောက် ကျောက်ယမုန့်မှာ မနေနိုင်တော့သဖြင့် မေးမိလိုက်၏။

” လစ်လိုက်တော့က အကူအညီလှမ်းတောင်းလို့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ပြန်ဖြေနိုင်ရန် မနည်းကြိုးစားလိုက်ရသည်။ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ ထိုမြည်းလေး၏ အမည်ကို သိထားသောကြောင့် သူ၏စကားကို ကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရတော့သည်။ ဝမ်ပေါင်လဲ့မှာမူ သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူလိုက်ပြီး ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ရှိနေသည့် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးရှုအား ချက်ချင်းဆက်သွယ်လိုက်၏။

ဂိုဏ်းချုပ်ကြီးရှုမှာ ထိုကိစ္စနှင့်ပတ်သက်၍ လုံးဝမသိထားသောကြောင့် ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်သောအခါ အံ့အားသင့်သွားရသည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား စိတ်မပူရန် ပြောဆိုလိုက်ပြီးနောက် သူ့ဘက်မှ ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းပေးမည်ဟု ကတိပေးလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း အရှိန်လျော့ကျသွားခြင်း မရှိဘဲ ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ဆက်လက်ပျံသန်းနေရင်း အခြားသူများဆီသို့ အသံလွှင့်အကြောင်းကြားစာများ ပေးပို့ကာ လိုက်လံမေးမြန်းနေတော့သည်။

ခဏအကြာတွင် လူတိုင်း၏ အကြောင်းပြန်စာများမှတစ်ဆင့် သူသည် မြည်းလေး ကြုံတွေ့နေရသည့် အန္တရာယ်ကြီးအား သိရှိသွားတော့သည်။ မြည်းလေးမှာ ယွမ်ယင်အဆင့် အကြီးအကဲတစ်ယောက်၏ မှော်ဆေးရည်ဒယ်အိုးအား ကိုက်စားပစ်ခဲ့ခြင်းဖြစ်သည်။ ထို အကြီးအကဲကြီး၏ အမည်မှာ စွန်းဟေ့ဖြစ်ပြီး သူသည် မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းမှဖြစ်သည်။ ထို မှော်ဆေးရည်ဒယ်အိုကြီးအား အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားသောကုန်ကြမ်းပစ္စည်းများဖြင့် ဖန်တီးထားခြင်း ဖြစ်၏။ မြည်းလေးမှာ တစ်ကိုက်တည်းနှင့် ထိုဒယ်အိုးကြီးအား တစ်အိုးလုံးနီးပါး ကုန်သွားအောင် ဝါးစားပစ်ခဲ့ခြင်းဖြစ်သည်။

စွန်းဟေ့မှာ မြည်းလေးအား လက်ပူးလက်ကြပ်ဖမ်းမိခဲ့သောကြောင့် ၎င်းအား ဒေါသတကြီးဖြင့်ဖမ်းဆီးကာ သတ်ဖြတ်ပစ်ရန် ကြံရွယ်နေခြင်းဖြစ်သည်။

” ပေါင်လဲ့။ ငါလည်း တတ်နိုင်သလောက် ကြိုးစားပေးထားပေမဲ့ အလုပ်မဖြစ်ဘူးကွ။ စွန်းဟေ့က ဘယ်သူ့စကားကိုမှ နားထောင်မှာ မဟုတ်ဘူးတဲ့။ သူက မြည်းလေးကို သတ်ပြီးတော့ အသွေးအသားဆေးလုံးတစ်လုံး ဖန်တီးသန့်စင်ဖို့ ပြင်နေတာ ”

ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းပြန်စာအား ကြားလိုက်ရသောအခါ ခေါင်းခဲသွားရ၏။ သူသည် မြည်းလေး၏အကြောင်းကို သိထားသောကြောင့် ၎င်းမှာ လောဘက်တက်ခဲ့သဖြင့် ဒုက္ခလှလှ တွေ့နေရခြင်းဖြစ်ကြောင်း နားလည်သွားသည်။ သို့သော် ၎င်းမှာ သူ၏သား ဖြစ်နေဆဲပင် မဟုတ်လော။ ထို့ကြောင့် သူသည့် ထိုအကြောင်းပြန်စာများအားလုံးကို နားထောင်လိုက်ပြီးနောက် နောက်သို့လှည့်ကာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား လှည့်ကြည့်လိုက်၏။

” ငါ သွားမှရမယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရုတ်ခြည်းဆိုသလို အရှိန်မြှင့်တင်လိုက်တော့သည်။ သူ၏ အမြန်နှုန်းမှာ တည်နေရာပြောင်းရွှေ့ခြင်းနီးနီး မြန်ဆန်နေ၏။ သူသည် သက်တံ့တစ်ခုကဲ့သို့ အသွင်ပြောင်းလဲသွားပြီး မိုးကောင်းကင်ကြီးအား ထိုးခွင်းသွားတော့သည်။ ထိုအမြန်နှုန်းအတိုင်းသာဆိုလျှင် သူသည် ကျယ်ပြန့်တာအိုနန်းတော်သို့ တစ်ရက်အတွင်း ရောက်ရှိသွားမည်ဖြစ်သည်။

” ဂိုဏ်းချုပ်ကြီးရှု။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်အတွက် အချိန်တစ်ရက်လောက် မရရ‌အောင် ဆွဲပေးထားပါဗျာ ”

” ပေါင်လဲ့ရေ။ ငါ အကောင်ဆုံး ကြိုးစားပေးပါ့မယ်။ ဒါပေမဲ့ စိတ်လိုက်မာန်ပါတော့ မလုပ်နဲ့နော်။ နစ်နာကြေးပေးလိုက်ရင် ဒီကိစ္စကြီးက ပြေလည်သွားမှာပါ။ ပြီးတော့ မင်းက အခုမှ ရှိခိုးနန်းတော်အဆောင်ကနေ ပြန်ရောက်လာတာဆိုတော့ မင်းရဲ့ ရာထူးအဆင့်အတန်းက ထိလွယ်ရှလွယ်တဲ့ အနေအထားမှာ ရှိနေတာ။ အဲတာမလို့ သူတို့တွေက အခုလိုဖြစ်လာအောင် တမင်တကာ လုပ်နေတာလည်း ဖြစ်နိုင်တယ်ကွ။ သတိသာထားကွာ “

Comment

Leave a Reply

Options

not work with dark mode
Reset