ပြာလဲ့လဲ့ သမုဒ္ဒရာကြီး၏ အပေါ်တွင် တိမ်ဖြူများ ပျံသန်းနေ၏။
အရှေ့သမုဒ္ဒရာသို့ အလာခရီးကဲ့သို့ပင် တိမ်ဖြူကြီးတစ်အုပ်သည် အတုမဲ့နတ်ဝိဇ္ဇာ ( ၁၆ ) ဦးနှင့် တပည့်(၁၁)ယောက်ကို သယ်ဆောင်ကာ အရှေ့မြောက်အရပ်သို့ ပျံသန်းနေသည်။ ကောင်းကင်နတ်မင်းတချို့သည် ထိုတိမ်တိုက်အထက်မှနေ၍ လေးဘက်လေးတန်ကို ကာကွယ်ပေးထားလေသည်။
ရှေးဦးစွာပြန်သွားကြသည့် ဂိုဏ်းများသည် ထိုတိမ်ဖြူများကို ချန်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် တိမ်များပျံသန်းရာ လမ်းကြောင်းသည် ရှင်းနေ၏။
ထိုနေ့သည် လီချန်ရှို့နှင့် အောင်းရိတို့၏ ပြင်းထန်သောတိုက်ပွဲအပြီး သုံးရက်မြောက်နေ့ ဖြစ်သည်။ မိစ္ဆာနှိမ်နင်းရေး တွေ့ဆုံပွဲသည်လည်း အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်သည်။
အမည်ခံခေါင်းဆောင် လီချန်ရှို့သည် ထောင့်စွန်းတစ်နေရာတွင် ခပ်ကုတ်ကုတ်ထိုင်နေ၏။ သူ့အား အရေးစိုက်မည့်သူများ မရှိတော့ချေ။
ခေါင်းဆောင်အစစ်ဖြစ်သော ယုံချင်ရွှမ်းယာသည် တွေ့ဆုံပွဲတွင် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သဖြင့် သူမ၏ ဂုဏ်သတင်းမှာ နေရာအနှံ့ သင်းပျံ့နေတော့သည်။ သူမသည် ကျင့်ကြံသူ(၃၆)ယောက်နှင့် နဂါးမျိုးနွယ်မှ တပည့်(၄)ယောက်ကို အနိုင်ယူခဲ့၏။ ထို့ကြောင့် သူမသည် ကျော်ကြားသွားခြင်းပင်။ ယခုတွင် သူမသည် တိမ်တိုက်၏အလယ်၌ ဝန်းရံခံကာ ထိုင်နေရသည်။
ထိုနေ့က ယုံချင်ရွှမ်းယာ၏ ပြိုင်ဘက်များအကြားတွင် နဂါးမျိုးနွယ်မှ တပည့်များအပါအဝင် တာအိုပေါင်းစည်းခြင်း ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်သူ ခုနှစ်ဦး ရှစ်ဦးပါလေ၏။ သူမသည် ဗလာနတ္ထိအဋ္ဌမအဆင့်သာရှိသေးသော်လည်း စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အဖန်ဖန်လေ့ကျင့်ထားသည့် ပြောင်မြောက်သောအတတ်များအပေါ်တွင် မှီခို၍ အနိုင်ယူခဲ့ခြင်းပင်။
ထို့ပြင် သူမဓားပျံများ၏ အဆင့်အတန်းနှင့် တန်ခိုးစွမ်းအားက သာမန် နတ်ရတနာများထက်ပင် သာလွန်နေသည်။ ထိုဓားပျံများသည် တိုက်ပွဲပေါင်းများစွာ တွေ့ကြုံခဲ့ပြီး အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့၏။
ထိုကဲ့သို့ ကြိုးစားရန် တွန်းအားပေးမှုသည် နဂါးနန်းတော်မှ ချီးမြှင့်မည့် နတ်ရတနာ(၄)မျိုးကြောင့် မဟုတ်ချေ။
လူတိုင်း၏ မျက်စိရှေ့မှာပင် သူမသည် ထိုနတ်ရတနာ(၄)ပါးကို နဂါးနန်းတော်၏ အနိုင်ကျင့်မှုကို ခံခဲ့ရသော ဂိုဏ်းတူအစ်ကိုအား ပေးခဲ့၏။ ထို့နောက် သူမသည် မိမိနေရာသို့ ပြန်သွားပြီး တင်ပျဉ်ခွေ၍ တရားထိုင်နေပေရာ လူတိုင်း ရှင်းလင်းသော အဖြေကိုရသွားကြသည်။
သူမသည် ရတနာများကိုလိုချင်သောကြောင့် ကြိုးပမ်းခဲ့ခြင်းမဟုတ်။ ဆုံးဖြတ်ချက်တစ်ခုအတွက်သာ တိုက်ခိုက်ခဲ့ခြင်းပင်။ ယင်းမှာ –
‘ တုနတ်ဝိဇ္ဇာဂိုဏ်းသားဖြစ်တဲ့ ငါက လွယ်လွယ်နဲ့ ယှဉ်လို့ရတဲ့သူ မဟုတ်ဘူး။ ငါတို့ဂိုဏ်းက ဂိုဏ်းတူအစ်ကိုကိုလည်း ဘယ်သူမှ လွယ်လွယ် အနိုင်ကျင့်လို့ မရစေရဘူး ’ ဟူ၍ ဖြစ်ပေသည်။
ထိုအခိုက်တွင် ဝမ်းနည်းလွယ်သော ဆရာဒေါ်လေးတချို့၏ မျက်လုံးများသည် နီရဲလာခဲ့၏။
အကယ်၍ လီချန်ရှို့သည်သာ ပါဝင်ပတ်သတ်နေသူတစ်ယောက် မဟုတ်လျှင် ယုံချင်ရွှမ်းယာကို လက်မထောင်ပြပြီး သောက်ရမ်းအထာကျသည်ဟု ပြောမိမည် ဖြစ်သည်။
သို့သော် နဂါးနန်းတော် အနိုင်ကျင့်ခဲ့သည့်လူမှာ သူဖြစ်နေသည်။ သူသည် ဂိုဏ်းတူညီမလေး ကာကွယ်ပေးသည်ကို ခံရသူတစ်ယောက်ဖြစ်ပြီး နတ်ရတနာ(၄)ခုကို အချောင်ရလိုက်သော ကံကောင်းသည့် သူတစ်ယောက်သာ ဖြစ်နေသည်။ ထို့ကြောင့် လက်မသွားထောင်ပြလိုက်လျှင် လူ့ချဉ်ဖတ် ဖြစ်သွားပေမည်။
ထိုနတ်ရတနာ(၄)ခုသည် ပစ်ရမှာလည်း အဆီတဝင်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ် ဆိုသကဲ့သို့ အရာများဖြစ်သည်။ ကံအားလျှော်စွာ လီချန်ရှို့သည် အချိန်မီတုန့်ပြန်နိုင်လိုက်သည်။ ထိုရတနာများကို သိမ်းပေးရန်ဆို၍ ကောင်းကင်ခွင်းတောင်မှ တပည့်တစ်ယောက်ဖြစ်သော ဆရာဒေါ်လေးကျိုးကျိုးထံ အပ်လိုက်၏။ ဂိုဏ်းသို့ပြန်ရောက်လျှင် ထိုရတနာများသည် ယုံချင်ရွှမ်းယာ၏ ဆရာဖြစ်သော ဆရာဒေါ်လေးကျန်းကျင်းရှန်ထံသို့သာ ရောက်ရှိသွားပေမည်။
မလိုသည့်ပြဿနာများဖြစ်မလာစေရန် ထိုသို့ဖြေရှင်းလိုက်သည်မှာ အကောင်းဆုံးဖြစ်သည်။
သို့သော်လည်း ကာကွယ်ပေးခံရပြီး သူ မတ်တတ်ရပ်ရာတွင် တွဲ၍ပင် ပေးကြသည်ကို ခံရသော ခံစားချက်မှာ အတန်ငယ် အိုးတိုးအမ်းတမ်းနိုင်လေသည်။
လီချန်ရှို့သည် ဤအရှေ့သမုဒ္ဒရာသို့ ခရီးမှ အကျိုးအမြတ်အနည်းငယ်ရလိုက်၏။
တွေဆုံပွဲ၏ နောက်ဆုံးနှစ်ရက်ရှိ ကျင့်ကြံသူများအကြား ပြိုင်ပွဲသည် သူ၏တိုက်ခိုက်ရေးနည်းလမ်းများကို တိုးတက်ရန် အထောက်အကူ ပြုခဲ့သည်။
ထိုကျင့်ကြံသူများသည် ဂိုဏ်းအမျိုးမျိုးမှ ဖြစ်ကြပြီး အဓိကကျင့်ကြံခြင်းနည်းလမ်းများလည်း ကွာခြားကြသည်။ ဓာတ်ကြီးငါးပါး ယင်ယန်တာအို ပညာရပ်က သူတို့၏ အဓိကပညာရပ်ဖြစ်သော်လည်း ယင်းပညာရပ်တွင် သိုင်းကွက်အလှည့်အပြောင်းများနှင့် သိုင်းကွက်ဆန်းများ ပါဝင်နေသည်။
လီချန်ရှို့သည် နှစ်ရက်လုံး ဘေးမှနေ၍ သေချာကြည့်ရှုခဲ့၏။ သူသည် စက္ကူရုပ်များကို ဗျူဟာမြောက် နေရာချရာတွင် အသုံးဝင်သော နည်းလမ်းတချို့ကိုလည်း သိရှိခဲ့ရသည်။
အမြင်ကျယ်အောင်ပြုလုပ်၍ အတွေ့အကြုံများစေခြင်းသည်လည်း ကျင့်ကြံခြင်းတစ်မျိုးပင်။
ယုံချင်ရွှမ်းယာ၏ စွမ်းဆောင်မှုကြောင့် တုနတ်ဝိဇ္ဇာဂိုဏ်းသည် ထိုတွေ့ဆုံပွဲတွင် အောင်နိုင်သူ ဖြစ်ခဲ့သည်။ သူတို့သည် ချီးမြှင့်မည့် နတ်ရတနာများ၏ သုံးပုံတစ်ပုံကို အရယူနိုင်ခဲ့သည့်အပြင် ဂိုဏ်း၏ ဂုဏ်သတင်းသည်လည်း ပို၍ကျော်ကြားသွားပေ၏။
ယုံချင်ရွှမ်းယာ ပြိုင်ပွဲအတွင်းမှ ထွက်သွားသောအခါ သူမထက် ဝါရင့်သည့် ဂိုဏ်သားများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း သူတို့၏ အကောင်းဆုံးစံချိန်သည် ခုနှစ်ပွဲဆက်တိုက် အနိုင်ရခဲ့ခြင်းသာဖြစ်သည်။
လီချန်ရှို့အတွက် အနိုင်ပြန်ယူပေးမည်ဟူသော ဂိုဏ်းတူအစ်ကိုသည်လည်း လေးပွဲတွင် သုံးပွဲသာနိုင်ခဲ့ပြီး ကျန်သည့် နဂါးသူရဲကောင်းများနှင့်ပင် ရင်မဆိုင်ခဲ့ရပေ။
သူတို့ အရှေ့သမုဒ္ဒရာမှ လွန်သွားသည့်အချိန်တွင် ကျိုးကျိုးသည် အထက်မှ အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရသဖြင့် နာခံတတ်သောကြောင်လေးအသွင် ဖြစ်သွား၏။
သူမသည် တိမ်ငယ်တစ်အုပ်ကို စီးကာ အထက်သို့ ပျံသွားလိုက်ပြီး သူမ၏ဆရာ အရှင်ဝမ်ချင်း၏ ဘေးသို့သွားလိုက်လေသည်။
မကြာမီပင် ကျိုးကျိုးသည် ပြုံးဖြီးဖြီးဖြင့် ပြန်ဆင်းလာသည်။
သူမသည် တိမ်ဖြူပေါ်ရှိ လူများစုနေသောနေရာတွင် ဆင်းသက်လိုက်ပြီး ဆေးပုလင်းတစ်ပုလင်းထုတ်ကာ ယုံချင်ရွှမ်းယာ၏ဘေးတွင် ချလိုက်သည်။
ယခင်ရက်များက ယုံချင်ရွှမ်းယာသည် များစွာ စွမ်းဆောင်နိုင်ခဲ့သည်။ တိုက်ပွဲပြီးသောအခါတွင်လည်း သူမသည် တရားထိုင်ကာ ကျင့်ကြံနေခဲ့၏။
ထို့နောက် ကျိုးကျိုးသည် လီချန်ရှို့ထံသို့ လျှောက်သွားလိုက်ပြီး သူ့အား ခြေဆုံးခေါင်းဆုံးကြည့်ကာ ရေရွတ်လိုက်သည်။
“ ထူးဆန်းလိုက်တာ… ဆရာက မင်းကိုဘာလို့ ယုံချင်ရွှမ်းယာထက် ပိုပြီး ချီးကျူးလိုက်ရတာလဲ ”
လီချန်ရှို့သည် ထိုအကြောင်းအတွက် စိုးရိမ်ပူပန်နေခဲ့ရသည်။
အရှင်ဝမ်ချင်းသည် သူ၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်အား သိသွားပေပြီလော။
မဖြစ်နိုင်ပေ။ ထိုသို့ဆိုလျှင် သူ့အား ဂိုဏ်းအတွက် အနိုင်မယူခဲ့ရကောင်းလားဟု ဆူပူပေလိမ့်မည်။ သို့သော် အကြောင်းမရှိဘဲနှင့်လည်း သူ့အား ချီးကျူးမည်မဟုတ်ချေ။
“ ဒီမှာ … ဒါကမင်းအတွက်။ ငါ့ဆရာက သီးသန့်ချီးမြှင့်လိုက်တာပဲ။ ဒါက ဂိုဏ်းကပေးတဲ့ဆု မဟုတ်ဘူး ”
ကျိုးကျိုးသည် ကျောက်စိမ်းပြားလေးအား ပစ်ပေးလိုက်ပြီး လီချန်ရှို့၏ရှေ့ ခြေသုံးလှမ်းအကွာတွင် တင်ပျဉ်ခွေ၍ ထိုင်လိုက်သည်။
တပည့်တချို့သည် ဖြစ်ပျက်နေသည်များကိုကြားရန် နားစွင့်ထားကြသည်။
ယုံချင်ရွှမ်းယာသည် အရှင်ဝမ်ချင်းထံမှ ဆေးလုံးကို ဆုအဖြစ်ရခဲ့သည်မှာ မထူးဆန်းပေ။ သို့သော် လီချန်ရှို့သည် သူ၏တစ်ပွဲတည်းသော တိုက်ပွဲကို ရှုံးနိမ့်ခဲ့၏။ အဘယ်ကြောင့် သူ ဆုရသနည်း။
ထိုကျောက်စိမ်းပြားထဲတွင် အဆင့်မြင့် မှော်ပညာရပ်တစ်မျိုး ရှိရလေမည်။ ထိုအရာသည် အရှင်ဝမ်ချင်း ကိုယ်တိုင် ချီးမြှင့်လိုက်သော ဆု ဖြစ်နေသည် မဟုတ်ပါလား။
ကျိုးကျိုးက ပြုံးလိုက်ပြီး မျက်နှာထားတင်းဟန်ပြု၍ လည်ချောင်းရှင်းကာ ပြောလိုက်သည်။
“ ဆရာကပြောတယ်။ မင်းနဂါးနန်းတော်က မင်းသားလေးကို ကောင်းကောင်း ရင်ဆိုင်နိုင်ခဲ့တယ်တဲ့ … ”
“ နဂါးနန်းတော်က ဒုတိယမင်းသားလေးမှာ မကောင်းတဲ့အကြံတွေနဲ့ ပြည့်နေတာ။ သူက မင်းတိုက်တာတွေကို တမင်ခံပြီး ရည်ရွယ်ချက်ရှိရှိ အရှုံးပေးချင်နေတာတဲ့။ ပြီးရင် နဂါးနန်းတော်က အဲဒါကို အခွင့်ကောင်းယူပြီး တုနတ်ဝိဇ္ဇာဂိုဏ်းကို ပြဿနာရှာမှာတဲ့… ”
“ တကယ်လို့ မင်းသာ အဲဒါကို အချိန်မီသဘောမပေါက်ဘဲ အရင်သာ အရှုံးမပေးလိုက်ရင် ငါတို့ ဂိုဏ်းကိုတောင်ပြန်နိုင်တော့မှာ မဟုတ်ဘူးတဲ့… ”
“ ပြီးတော့ ဆရာက ပြောသေးတယ်။ ဆရာတူအစ်ကိုငါးက မင်းအကြောင်း သူ့ကို နည်းနည်းပြောဖူးတယ်တဲ့။ မင်းက အတွေးအခေါ်ကောင်းပြီး အလုပ်လုပ်တဲ့နေရာမှာလည်း သတိကြီးတယ်။ ကိစ္စတွေကိုကိုင်တွယ်တဲ့နေရာမှာလည်း အားကိုးရတယ်လို့ ပြောတယ်တဲ့ ”
လီချန်ရှို့ရင်ထဲမှ အလုံးကြီး ချက်ချင်းပင် ကျသွား၏။
အရှင်ဝမ်ချင်းသည် နဂါးနန်းတော်၏ အကြံကို ရိပ်စားမိခဲ့ပြီးဖြစ်သည်။
သူသည် သာမန်လူများနှင့်ကွဲပြားသော ကောင်းကင်နတ်မင်းတစ်ပါး၏ အသိအမြင်ရှိနေသည်မှာ အမှန်ပင်။
လီချန်ရှို့သည် ယခင်က သေချာတွက်ချက်၍ နဂါးနန်းတော်၏ မင်းသားလေးသည် နဂါးနန်းတော်ကို အရှက်ရအောင် လုပ်ကာ နဂါးနန်းတော်၏ အခြေအနေကို ပြောင်းလဲပစ်ချင်ခြင်းဖြစ်မည်ဟု ကောက်ချက်ချခဲ့သော်လည်း ထိုအကြံ၏နောက်တွင် ဤကဲ့သို့ ကောက်ကျစ်သောအကြံတစ်ခု ရှိသေးမှန်း သူ မသိခဲ့ပေ။
လီချန်ရှို့သည် ပြန်၍တွေးတော ဆင်ခြင်ကြည့်လိုက်ရာ သူသည် ကိစ္စများကို အဖက်ဖက်မှု ခြုံငုံမကြည့်ခဲ့မိသည်ကို သဘောပေါက်သွားသည်။ သူ၏လှေနံဓားထစ်အမြင်တစ်ခုကြောင့် နဂါးနန်းတော်သည် ကျောင်းသုံးကျောင်းမှ နတ်ဝိဇ္ဇာဂိုဏ်းများနှင့် ထိပ်တိုက်ရင်မဆိုင်ဝံ့ဟု ကောက်ချောက်ချခဲ့၏။ သူတို့အများဆုံးလုပ်နိုင်မှုသည် ပြိုင်ပွဲအတွင်း သူကဲ့သို့ တပည့်တစ်ယောက်ကို သတ်လိုက်ခြင်းဟုသာ ထင်ခဲ့မိပေသည်။
‘ အင်း … ဒါပေမဲ့ သေချာတွေးကြည့်တော့လည်း အရှင်ဝမ်ချင်းရဲ့ ကောက်ချက်မှာလည်း ဟာကွက်တွေအများကြီးရှိနေတာပဲ။ ထားတော့ … ထားတော့ … အခုရလာဒ်အရဆို အရှင်ဝမ်ချင်းရဲ့ ကောက်ချက်ချချက်က ငါ့အတွက် အကျိုးရှိတယ် ’
ထိုအရှင်သည်…
ကြီးမြတ်လှပေစွ…
နွေးထွေးလေစွ…
အခြားသူအတွက် စဉ်းစားပေးတတ်လေစွ…
တပည့်တချို့သည် ခေါင်းထဲတွင် လက်သွားကာ သဘောပေါက်သွားကြသည်။ တချို့ အတုမဲ့နတ်ဝိဇ္ဇာများသည် သိပြီးဟန်တူသည် တပည့်တော်တော်များများသည် လီချန်ရှို့အား လေးစားသည့်ဟန်ဖြင့် ကြည့်လိုက်ကြ၏။
သူသည် နေရင်းထိုင်ရင်း အခြားသူများထံမှ အထင်ကြီးမှုကို အချောင်ရလိုက်ပေ၏။
ထိုအရာသည် မကောင်းမြင်ခံရခြင်းထက် ကောင်းပေသည်။
စိတ်တည်ငြိမ်သုတ္တန်ကို ရထားပြီး ဖြစ်ပါသော်လည်း ဂိုဏ်းသို့ပြန်ရောက်သည့်အခါ အခြားဆုလာဘ်အမြောက်အမြားလည်း ထပ်၍ရလိမ့်ဦးမည်ဟု လီချန်ရှို့တွေးမိလိုက်သည်။
လီချန်ရှို့သည် ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်သည်။ ထိုအပေါ်တွင် အဆင့်မြင့်လျှပ်စီးမန္တန်တစ်ခုကို ထွင်းထားလေ၏။ ထိုမန္တန်သည် ကောင်းကင်ယန်လျှပ်စီးမန္တန်ပင်။
ခေတ္တမျှတွေးပြီးနောက် လီချန်ရှို့သည် ကျိုးကျိုးထံသို့ အသံပို့လွှတ်ကာ ကျောက်စိမ်းပြားကို ကမ်းပေးလိုက်သည်။
ကျိုးကျိုးသည် လီချန်ရှို့ကို တအံ့တဩ ကြည့်လိုက်၏။
သူမ ကျင့်ကြံနေခဲ့သည်မှာ နှစ်(၁၀၀၀)ခန့်ရှိပြီဖြစ်သော်လည်း ဤကဲ့သို့ အဓိပ္ပာယ်မရှိသည့် စကားမျိုးကို မကြားဖူးသေးချေ။
ဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် ရတနာတစ်ပါးကို ချီးမြှင့်ခဲ့သော်လည်း တပည့်ဖြစ်သူက ချေးများချင်နေသေးသည်။ ထိုလျှပ်စီးမန္တန်ကို နတ်ဆေးပညာအတွက် ပို၍သင့်တော်သော သမာဓိမီးတောက်မန္တန်ဖြင့် ပြန်လဲပေးဖို့ တောင်းဆိုပေးရန်ပင် သူမအား စေခိုင်းလိုက်သေး၏။
ထိုကဲ့သို့ ပြုလုပ်ရန် မသင့်မှန်း လီချန်ရှို့ သိ၏။ သို့သော် ကျိုးကျိုးသည် သူမ၏ဆရာနှင့် ဆက်ဆံရေးကောင်းမှန်း သူ သိထားသည့်အပြင် သူသည်လည်း မည်သည့်အရာထက်မဆို ထိုသမာဓိမီးတောက်မန္တန်ကိုပင် အမှန်တကယ်လိုချင်နေသောကြောင့် ထိုသို့ လဲခိုင်းရခြင်း ဖြစ်သည်။
သူသာ သမာဓိမီးတောက်မန္တန်ကို ရခဲ့လျှင် သူ၏တန်ခိုးစွမ်းအားများသည် များစွာ တိုးတက်လာပေမည်။
ထို့ကြောင့် အရည်ထူစွာဖြင့် မျက်နှာပြောင်တိုက်လိုက်ရခြင်း ဖြစ်ပေသည်။
“ ငါတော့ ဆရာဆူတာ ခံရတော့မှာပဲ ”
ကျိုးကျိုးသည် မျက်လုံးပင့်လိုက်ပြီး ကျောက်စိမ်းပြားကိုယူကာ ရိုကျိုးသည်အသွင့်ဖြင့် ကောင်းကင်သို့ပျံတက်သွားလိုက်သည်။
မကြာမီမှာပင် လက်ကိုင်ပုဝါဖြင့် ကျောက်စိမ်းပြားနှစ်ခုကို ထုပ်ကာ ကျိုးကျိုးပြန်ရောက်လာပြီး မည်သူမှသတိမပြုမိစဉ် လီချန်ရှို့ထံ လှစ်ခနဲ ပစ်ပေးလိုက်၏။
အရှင်ဝမ်ချင်းသည် ကောင်းကင်ယန်လျှပ်စီးမန္တန်ကို ပြန်မယူလိုက်ချေ။
ကျောက်စိမ်းပြားအသစ်ပေါ်တွင် ထွင်းထားသော ဓမ္မမန္တန်သည် လျှပ်စီးမန္တန်နှင့်အဆင့်အတူတူပင် ဖြစ်သည်။ ထိုအပေါ်တွင် စာလုံးကြီးများဖြင့် ‘ သမာဓိမီးတောက်’ ဟု ထွင်းထားလေသည်။
အစပိုင်း စာကြောင်းအနည်းငယ်အားဖတ်ကြည့်လိုက်ရာ ‘မူလမီးတောက်’ ၊ ‘ဝိညာဉ်မီးတောက်’ ၊ ‘ချီမီးတောက်’ ဟူသော စာလုံးများကို ဖတ်လိုက်ရပြီး သူ အားရကျေနပ်သွား၏။
နောက်ဆုံးတွင် သူသည် ထိုမန္တန်ကို ပိုင်ဆိုင်ခဲ့ပေပြီ။ ယင်းသည် မန္တန်အစစ်အမှန် ဖြစ်သည်။
ထိုအချင်းအရာကြောင့် သူသည် လောဘကြီးကာ ရလေလိုလေ အိုတစ္ဆေဆိုသည့် လူစားတစ်ယောက်ဟု အရှင်ဝမ်ချင်း ထင်သွားနိုင်ပေသည်။
သို့သော် ထိုသို့ ထင်သွားမည်ဆိုလျှင်လည်း တန်သေးပေသည်။
ဂိုဏ်းသို့ ပြန်ရောက်လျှင် လီချန်ရှို့သည် ချုံတောင်လေးမှာပင် စူးစူးစိုက်စိုက် ကျင့်ကြံတော့မည် ဖြစ်သည်။
ပြင်ပကိစ္စများကို သူ ဂရုမစိုက်တော့ဘဲ သမာဓိမီးတောက်မန္တန်ကိုသာ ထဲထဲဝင်ဝင် လေ့လာတော့မည် ဖြစ်သည်။
သမာဓိမီးတောက်သည် ရန်သူကို ဒဏ်ရာရအောင် ပြုလုပ်နိုင်ရုံသာ မကဘဲ အခြားနေရာများတွင်လည်း သုံးနိုင်၏။
ယင်းသည် တာအိုဂိုဏ်းများ လက်ဆင့်ကမ်းခဲ့သော စစ်မှန်သောမီးတောက် ဖြစ်သည်။ ထိုမီးတောက်သည် ၎င်း၏ ကြီးမားသောစွမ်းအားနှင့် ကျင့်ကြံခြင်းအတွက် တန်ခိုးအစွမ်းများစွာ မလိုအပ်ခြင်းကြောင့် ကျော်ကြားလေသည်။ သို့သော် သမာဓိမီးတောက်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် သူ့အတွက် မလွယ်ကူချေ။
သမာဓိမီးတောက်အတတ်တွင် ကနဦးအောင်မြင်မှု ရခဲ့လျှင် လီချန်ရှို့သည် ထိန်းချုပ်နိုင်သည့် နည်းလမ်းများကို ရှေးဟောင်းကျမ်းစာများတွင် မှတ်တမ်းတင်ထားပြီး ထိုသမာဓိမီးတောက်ကို သုံးကာ သူ၏ ဝိညာဉ်နှင့် တာအိုခန္ဓာကိုယ်ကို အဆင့်မြှင့်ရာတွင် သုံးနိုင်လေသည်။
ထိုသို့ဖြင့် ကောင်းကင်ပြစ်ဒဏ်ကို ရင်ဆိုင်ရသည့်အခါ သူ ပို၍ ယုံကြည်မှုရှိလာမည် ဖြစ်သည်။
ယနေ့ဂိုဏ်းသို့ ပြန်ရောက်လျှင် ကောင်းကင်ပြစ်ဒဏ်ခံယူရန် ဂိုဏ်းအပြင်သို့ နောက်ထပ်တစ်ခေါက်သာ သွားစရာ လိုတော့၏။
အကယ်၍ သူသာ ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်ခဲ့လျှင် နောင်အနာဂတ်၌ ချုံတောင်လေးတွင်သာ သိုသိုသိပ်သိပ်နေ၍ အသက်ရှည်ရန် ကျင့်ကြံရုံသာ ရှိတော့သည်။
သူသည် ငါးများကို အစာကျွေးမည်၊ ပန်းပင်လေးများ စိုက်မည်၊ မန္တန်အစီအရင်များ ဆင်၍သာ နေမည်ဟု မျှော်လင့်ခဲ့သည်။ သူ ပျင်းသောအခါ သူ၏ ဆရာတူညီမလေးကို စနောက်မည်။ ဘာမှလုပ်စရာမရှိလျှင် ကောင်းကင်ခုံရုံးများ၏ အမှုထမ်းအဖြစ် လုပ်ကိုင်မည် ဖြစ်သည်။
ထိုကဲ့သို့ဘဝသည် ယခုအချိန်တွင် သူ အလိုချင်ဆုံးဘဝဖြစ်သည်။
ပြဿနာများ ကောင်းကင်မှ ပြုတ်ကျလာပေမည်လော။
လီချန်ရှို့သည် တင်းတင်းကျပ်ကျပ် ကာကွယ်ပေးခံနေရသော ယုံချင်ရွှမ်းယာကို ကြည့်ကာ ပြုံးမိသွားသည်။
ဂိုဏ်းတူညီမလေး ယုံချင်ရွှမ်းယာသာ ဂိုဏ်းသို့ပြန်ရောက်လျှင် ဂိုဏ်းသည် သူမအား ပိုးမွေးသကဲ့သို့ မွေးတော့ပေမည်။ ထိုအရာသည် သူမအား ခြေချုပ်မိစေလိမ့်မည်။
သူကမူ ဆရာဦးလေးကျိုးဝူကိုသာ ထိန်းချုပ်နိုင်ပါက မည်သည့်ပြဿနာမှ ရှိမည် မဟုတ်တော့ချေ။ ချုံတောင်လေးသည် နဂိုအတိုင်း ပြန်၍ အေးချမ်းမှုကို ရပေလိမ့်မည်။
ဆရာဒေါ်လေးကျိုးကျိုးအတွက်မူ ထိုကဲ့သို့ မကြာမကြာ သူမ ရောက်လာတတ်ခြင်းသည် ကောင်းကျိုးရစေ၏။ လီချန်ရှို့ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းပြီးလျှင် သူမ၏အကူအညီယူ၍ ထူးဆန်းသောဆေးလုံးများဖော်ကာ ပြိုင်ဘက်ကင်း မန္တန်အစီအရင်များကို ဆင်နိုင်မည် ဖြစ်သည်။
“ မင်းဘာတွေ တွေးနေတာလဲ ”
ကျိုးကျိုးသည် နှုတ်ခမ်းတွန့်ကာ အသံပို့လွှတ်လိုက်၏။
“ ကြည့်လိုက်တာနဲ့ မင်းနေရခက်နေမှန်း ငါသိတယ် ”
လီချန်ရှို့သည် ပြုံး၍ ပြန်ပြောလိုက်သည်။
“ သစ်သားတုံးကို ဖြေရှင်းပြီးပြီလား ”
ကျိုးကျိုးက ကျေနပ်ဟန်ဖြင့် ပြုံးလိုက်သည်။ သူမသည် ခြောက်ရောင်ခြယ် သစ်သားတုံးကို ထုတ်၍ ပစ်ပေးလိုက်ကာ စိတ်မဝင်စားသည့်ဟန်ဖြင့် ပြန်ဖြေလိုက်၏။
“ ဘယ်လိုလုပ်ရမလဲ သိသွားတော့ တော်တော်လွယ်တာပဲ။ တခြားပျော်စရာကောင်းတာတစ်ခု ထပ်ပေးဦး ”
လီချန်ရှို့က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် အလျားတန်း(၅)ခု၊ ဒေါင်လိုက်တန်း(၅)ခု ပါသော သစ်သားတုံးကို သူမထံသို့ ပေးလိုက်၏။
ကျိုးကျိုးသည် အရောင်စုံ သစ်သားတုံးလေးကို ကြည့်လိုက်ပြီး အံ့အားသင့်သွားကာ ချက်ချင်းပင်တရားထိုင်၍ ဖြေရှင်းနိုင်မည့်နည်းကို ရှာလေတော့သည်။
အရှေ့သမုဒ္ဒရာရှိ နက်ရှိုင်းသောတစ်နေရာတွင် ပုစွန်စစ်သည်များ၊ ကဏန်းစစ်သူကြီးများ နှင့် ရေနဂါးတပ်သည် မန္တန်အစီအရင်များဖြင့်လွှမ်းခြုံထားသော သမုဒ္ဒရာကြမ်းပြင်ရှိ ဖန်သားနန်းတော်ကြီးကို အထူးစောင့်ကြပ်နေကြ၏။
ပင်မဆောင်ကြီးထဲတွင် သီဆိုသံ၊ ကခုန်သံများ မပျောက်ပေးချေ။ မိစ္ဆာနှိမ်နင်းရေးတွေ့ဆုံပွဲ ချောချောမွေ့မွေ့ပြီးဆုံးသွားသည်ကို အောင်ပွဲခံနေကြခြင်းပင်။
နဂါးနန်းတော်မှ ပညာရှင်များသည် အရှေ့ကျွန်းရှိ နတ်ဝိဇ္ဇာဂိုဏ်းများမှ တပည့်ငယ်များက ဓမ္မရတနာမျိုးစုံသုံးကာ တိုက်ပွဲဝင်ခဲ့ကြသည်ကို အေးဆေးစွာပင် စောင့်ကြည့်နေခဲ့ကြ၏။
နဂါးဘုရင်သည် ကြည်လင်သော သန္တာကျောက်တန်းဖြင့် ထုဆစ်ထားသော ပုလ္လင်ပေါ်တွင်ထိုင်ကာ အတောင်ကိုးခုပါသော ရွှေရောင်ပိုးကောင်မှ ထုတ်ထားသည့် ပိုးမျှင်များဖြင့် ရက်လုပ်ထားသော ကျောမှီကို မှီ၍နေကာ အရက်မူးနေဟန် ရှိလေသည်။ ထိုကျောမှီကို တစ်လတစ်ခါ လဲလှယ်ပေးလေ၏။ နံဘေးတွင်လည်း ချောမောလှပသော မိန်းမပျိုများရှိ၏။ ထိုမိန်းမပျိုများသည် နဂါးဘုရင်ကို ညင်သာစွာ ယပ်ခပ်ပေးသူကပေး၊ ပခုံးနှိပ်ပေးသူကနှိပ်၊ ခြေထောက်နှိပ်ပေးသူကနှိပ်ဖြင့် အလုပ်အကျွေးပြုနေကြသည်။
နဂါးတစ်ကောင်အဖြစ် မွေးဖွားလာရခြင်းသည် သက်တောင့်သက်သာရှိပြီး ပျင်းရိငြီးငွေ့ဖွယ် ကောင်းလေသည်။
နဂါးနန်းတော်၏ တိုင်းပြည်ရေးရာအမှုထမ်းများနှင့် စစ်မက်ရေးရာအမှုထမ်းများသည် သူတို့မြင်ခဲ့ရသော လူသားကျင့်ကြံသူများ၏ တိုက်ပွဲအကြောင်းကို စားမြုံ့ပြန်ရင်း အရက်ကို တစ်ခွက်ပြီးတစ်ခွက် သောက်နေကြ၏။
ပင်မဆောင်၏ အပြင်ဘက်၌ နိုးထလာသည်မှာ နေ့ဝက်ခန့်သာ ရှိသေးသော နဂါးပျိုတစ်ကောင်သည် ခိုင်မာပြတ်သားသောအကြည့်ဖြင့် လှေကားထစ်များအပေါ်သို့ တက်လာလေသည်။
ထိုနဂါးသည် အရှေ့သမုဒ္ဒရာ၏ ဒုတိယမင်းသား အောင်းရိဖြစ်၏။ သူသည် ကိစ္စကြီးတစ်ခုကို လုပ်ပေတော့မည်။
***