ကု့ချင်းဥယျာဉ်တွင် ယူချင်းနှင့် တခြားလူများက စိုးရိမ်စွာ စောင့်ဆိုင်းနေကြသည်။ ယခုကား ယာဉ်ပျံက သတ္တဝါဆန်းများဆွဲကာ ပျံသန်းရင် အဆင်သင့် ဖြစ်နေပြီဖြစ်၏။ တန်လန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ အရာအားလုံးကို ပြင်ဆင်ပြီးနောက် သူမက ရီဖူရှင်းတို့၏အခြေအနေကို သွားကြည့်ရာ တိုက်ဆိုင်စွာပင် လမ်းတွင် ရီဖူရှင်းတို့၏တိုက်ပွဲကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်မှ တစ်ယောက်ပြီး တစ်ယောက် ဆင်းသက်လာကြသည်။ သူတို့မှာ နန်ဒူဝန်ယမ်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ဖြစ်ကြသည်။ ဟွာဖန်းလူက သူ့သမီးနှင့် သူ့ဇနီးအားမြင်လျှင် စိတ်လှုပ်ရှားလွန်းသဖြင့် တဆတ်ဆတ် တုန်ယင်လာသည်။ သူက ယူချင်းအားကိုင်လျက် ထပ်ရပ်ရန် ကြိုးစားကာ သူမတို့ထံ လျှောက်သွားရန် ကြိုးစားလိုက်သည်။
“ဂျီယူ… ဘာဖြစ်လို့လဲ…..” ဟွာဖန်းလူက ရီဖူရှင်းက သူမအား ပွေ့ထားသည်ကို မြင်လျှင် စိုးရိမ်တကြီး မေးလိုက်သည်။
“အဖေ… သမီး အဆင်ပြေတယ်…..” ဟွာဂျီယူက ဟွာဖန်းလူအား ပြုံးလျက် ပြောသည်။
“ဖူရှင်း… အဖေ… ဘယ်မှာလဲ…” ယိချိန်ချန်က ရီဖူရှင်းကို မေးသည်။ တခြားလူများသာ ပြန်ရောက်လာပြီး သူမ၏အဖေမှာ ပြန်မရောက်လာသေးပေ။
“ဆရာကြီးရီက နောက်က လိုက်လာတဲ့ သူတွေကို တားပြီး ကျန်နေခဲ့တယ်… သူ့တန်ခိုးအဆင့်က မြင့်လို့ ပြဿနာမရှိနိုင်ဘူး…..” ရီဖူရှင်းက ယိချိန်ချန်အား နှစ်သိမ့်လိုက်သည်။
“ကျောင်းအုပ်ယိချန်က ဝန်ကြီးချုပ်ဟွာနဲ့ တခြားလူတွေကို ဘယ်လိုလုပ် တားနိုင်မလဲ… မင်းတို့ ဘယ်လို ပြန်လာတာလဲ…..” ဟွာဖန်းလူက မေးသည်။ ယိချန်နှင့် ရီဖူရှင်းတို့ နှစ်ယောက်တည်းဖြင့် ဟွာဂျီယူနှင့် နန်ဒူဝန်ယမ်အား ပြန်လည် ခေါ်ဆောင်လာရန် မဖြစ်နိုင်ပေ။
“ဆရာ… ဆရာဘိုးဘိုး…” ရီဖူရှင်း၏မျက်လုံးများ နီရဲလာကာ အသံတိုးသွားသည်။ သူမည်သို့ ပြန်ဖြေရမည် မသိပေ။
ဟွာဖန်းလူ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ချက်ချင်းပင် တစ်စုံတစ်ခုအား နားလည်လိုက်ကာ ကောင်းကင်အား မော့ကြည့်ပြီး အတိတ်မှ အဖြစ်အပျက်များအား ပြန်တွေးလျက် မျက်ရည်များ စီးကျလာသည်။ သူ့ဆရာက မိမိ၏တပည့်။ သမီးနှင့် ဇနီးတို့၏အသက်အား သူ့အသက်ဖြင့် ရင်းကာ ကယ်ဆယ်ခဲ့သည်။
“စိတ်မကောင်းဖြစ်နေဖို့ အချိန်မရှိဘူး… သွားစို့…..”တန်လန် ပြောသည်။
သူမက အမှန်တရားအား ပြောနေခြင်းဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။ ဟွာဖန်းလူက ခေါင်းညိတ်သည်။ သူက ယူချင်းအား ဘေးကို ဖယ်ခိုင်းလျက် မြေပြင်တွင် ဒူးထောက်လိုက်သည်။ ထို့နောက် သူ့ဆရာအား ရည်မှန်းလျက် ဦးချလိုက်သည်။ သူ့တွင် မည်သို့မှ အစွမ်းအစ မရှိသည်ကို မုန်းတီးလှသည်။ သူ့ဆရာကား သူ့အတွက်ဖြင့် သေဆုံးရ၏။
ရီဖူရှင်းက ဟွာဂျီယူအား နန်ဒူဝန်ယမ်ကို ကမ်းပေးကာ ဟွာဖန်းလူ၏ ဘေးနားကို လျှောက်လာသည်။ သူကလည်း မြေပြင်တွင် ဒူးထောက်လိုက်ပြီး သူ့ဆရာဘိုးဘိုးအား နောက်ဆုံး တွေ့ဆုံခဲ့သော အရပ်ကို မှန်းမျှော်ကာ ဦးချလိုက်သည်။
“ဆရာဘိုးဘိုး… နောက်ပိုင်း မြေးတပည့် ရီဖူရှင်းက ဆရာဘိုးဘိုးကို တွေ့ဖို့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကို အရောက်လာပါ့မယ်….” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူက ဟွာဖန်းလူအား ထရပ်ရန် ကူညီပြီး ယာဉ်ပျံထံသို့ လျှောက်လာကြသည်။
အားလုံးသောသူက သတ္တဝါဆန်းများ ဆွဲသော ယာဉ်ပျံထက်ကို တက်ပြီးလျှင် တန်လန်က မေးသည်… “ဘယ်ကို သွားကြမလဲ….”
“အရှေ့ပင်လယ်ကို အရင်ဆုံး သွားမယ်….”ဖူရှင်းက ပြောသည်။ အရှေ့ပင်လယ်ကား ကျယ်ပြန့်လှပြီး ထိုနေရာသို့ သွားခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
“အဖေ့ကို ဘယ်လိုလုပ်မလဲ…..”ယိချိန်ချန်၏ မျက်လုံးများက နီရဲလာသည်။ သူမ အလွန်အမင်း စိုးရိမ်နေလေပြီ။
“ဆရာကြီးယိက သူ့တစ်ယောက်တည်းဆို ပိုပြီး လွှတ်ဖို့ အခွင့်အလမ်း များတယ်… သူအဆင်ပြေလိမ့်မယ်…” ရီဖူရှင်းက သူမအား စိတ်ချရအောင် ပြောသည်။
ယိချိန်ချန်က ခေါင်းညိတ်သည်။ သူမက သူမတို့အားလုံး သည်နေရာတွင် ဆက်လက် စောင့်နေ၍ မရသည်ကို နားလည်သည်။ ထိုအချိန်တွင် သူမ၏လက်ကလေးအား ယူချင်း၏သန်မာသော လက်ကြီးက ဆုပ်ကိုင်ကာ ခွန်အားများ ပေးသည်။ ထို့နောက် သတ္တဝါဆန်းများက ယာဉ်ပျံအား စတင်ဆွဲကြပြီး ကောင်းကင်သို့ စတင် ပျံသန်းလိုက်ကြသည်။
သူတို့ထွက်သွားပြီး၍ အချိန် အတော်အတန်ကြာလျှင် ဝန်ကြီးချုပ်ဟွာ။ နန်ဒူတိုင်နှင့် ယန်ရှာအိုတို့ ကု့ချင်းဥယျာဉ်သို့ ရောက်ရှိလာကြသည်။ လူသူကင်းမဲ့နေသော ဥယျာဉ်အားကြည့်ကာ ဝန်ကြီးချုပ်ဟွာ၏မျက်နှာ မည်းမှောင်သွားသည်…“ရှာဖိန်နဲ့ ဟန်မို ဘယ်မှာလဲ…” သူက အေးစက်စွာ မေးသည်။
“သူတို့က ဒီမတိုင်ခင်က ရီဖူရှင်းတို့နောက်ကို လိုက်နေကြတယ်… ယိချင်က ကျုပ်ကို တားဆီးခဲ့ပေမယ့် ဟန်မိုနဲ့ရှာဖိန်က ဆက်လိုက်ခဲ့ကြတယ်… သူတို့ ပြဿနာ မရှိနိုင်ဘူးလို့ ကျုပ်ထင်တယ်…” ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ကျောင်းအုပ် ယန်ရှာအိုက ပြောသည်။
“ဒါဆို ကျုပ်တို့ လမ်းမှာတွေ့ခဲ့တဲ့ အလောင်းတွေကရော…”ဝန်ကြီးချုပ်ဟွာ၏အသံကား အေးစက်နေသည်။ သူက ရှာဖန်၏ခေါင်းပြတ်နှင့် ရှာဖိန်၏လူများအား မြင်ခဲ့ပြီးဖြစ်သည်။ ထိုနေရာတွင် အကာနာအဆင့် တန်ခိုးရှင်များပင်လျှင် သေဆုံးလျက် တွေ့ခဲ့ရသည်။ ယန်ရှာအို၏စကားအရ ယိချန်မှာ ယန်ရှာအိုနှင့် တိုက်ခိုက်နေခဲ့သည်။ ထွက်ပြေးသူများထဲတွင် နန်ဒူဝန်ယမ် တစ်ယောက်သာလျှင် အကာနာအဆင့်တွင် ရှိသည်။ ထိုလူများအား အဘယ်ကဲ့သို့ သူမက သတ်နိုင်သနည်း။ ထို့အပြင် ဟန်မို။ ရှာဖိန်နှင့် နန်ဒူမိသားစုဝင်များက သူတို့နောက်ကို လိုက်နေကြသည်။ တစ်စုံတစ်ယောက်က သူတို့အား နောက်ကွယ်မှ ကူညီပေးနေခြင်းလော။
“ကျုပ်တို့က ဟန်မိုနဲ့ ရှာဖိန်တို့ကိုပဲ စောင့်ရတော့မယ်….” နန်ဒူတိုင် ပြောသည်။ သူလည်း ထိုလူများ လွတ်သွားမည်ကို မလိုလားပေ။ အကယ်၍ ထိုကောင်လေးသာ အသက်ရှင်ခဲ့ပါက အနာဂတ်တွင် မလွဲမသွေ သူတို့ထံ လက်စားချေရန် ရောက်ရှိလာမည် ဖြစ်သည်။
ထို့အပြင် ဝန်ကြီးချုပ်ကျို၏ဟွာဂျီယူအတွက် ဟောကိန်းနှင့် ပတ်သက်၍ သူတစ်ယောက်သာ ကောင်းမွန်စွာ သိပေသည်။ ဧကရာဇ်၏ အမိန့်တော် ရောက်ရှိလာသောအခါ သူက ဟွာဂျီယူမှာ ဧကရီဘုရင်မ ဖြစ်လာမည်ဟု မှားယွင်းစွာ သတ်မှတ်မိသည်။ နောက်ပိုင်း ရီဖူရှင်း၏ ပါရမီများအား လက်တွေ့မြင်ရသောအခါမှ ဝန်ကြီးချုပ်ဟွာက အဘယ်ကြောင့် ရီဖူရှင်းအား ဝန်ကြီးချုပ် အမိန့်ပြားပေးသည်ကို နားလည်လိုက်ကာ သူ မှားယွင်းခဲ့သည်ကို သိသည်။
“သွား… မြို့အဝင်အထွက် နေရာတွေကို လူတွေလွှတ်ပြီး သေချာစောင့်ကြည့်ထား… အထူးသဖြင့် ကောင်းကင်ကိုပဲ…”ဝန်ကြီးချုပ်ဟွာက အမိန့်ပေးသည်။ သို့သော်လည်း အကယ်၍ ရှာဖိန်နှင့် ဟန်မိုတို့က ရီဖူရှင်တို့အား လိုက်မမီခဲ့လျှင် သူတို့အား ဖမ်းဆီးရမိရန် အလွန် ခက်ခဲသွားပြီကို သိသည်။
သူတို့ အမှန်တကယ် လွတ်မြောက်သွားပါက သူက ဧကရာဇ်လျိုအား မည်ကဲ့သို့ ဖြေရှင်းရမည်နည်း။ ဝန်ကြီးချုပ်ဟွာက လူငယ်နှစ်ယောက်အား ကိုယ်တိုင် နန်းမြို့တော်ကို လာရောက် ခေါ်ဆောင်သော်လည်း သူတို့ ထွက်ပြေး လွတ်မြောက်သွားသည်။ သူက သည်ကိစ္စအား ပြန်လည်တင်ပြရန် အလွန် အရှက်ရမိမည် ဖြစ်သည်။
သူတို့က အချိန်ကြာမြင့်စွာ စောင့်ဆိုင်း နေခဲ့ကြသော်လည်း ဟန်မိုနှင့် ရှာဖိန်တို့ ပြန်ရောက်မလာခဲ့ကြပေ။ နန်ဒူမိသားစုဝင်များနှင့် တခြားလူများလည်း လိုက်ပါသွားကြသော်လည်း သူတို့မှာလည်း ပျောက်ကွယ် သွားကြသည်။
ညရောက်လာသောအခါ နန်ဒူတိုင်က နန်ဒူနန်းတော်ကို ပြန်သွားခဲ့ပြီး ယန်ရှာအိုက ဒွန်ဟိုင်ကျောင်းတော်ကို ပြန်သွားခဲ့ကြသည်။ ဝန်ကြီးချုပ်ဟွာကလည်း ရှာဖိန်၏အိမ်တော်ကို ပြန်သွားခဲ့သည်။ သို့တိုင်အောင် ရှာဖိန်နှင့် ဟန်မိုတို့၏သတင်းအား မကြားရတော့ပေ။
သူ့မိသားစုဝင်များက ပြော၍ ဝန်ကြီးချုပ်ကျို ရောက်ရှိလာသည့် အကြောင်းအား နန်ဒူတိုင် သိရသည်။ သူ့မိသားစုဝင်များ ပြောပြသည်မှာ ဝန်ကြီးချုပ်ဟွာက အကြောင်းစုံ ကြားသိပြီးနောက် ရယ်မော၍ ပြန်သွားခဲ့ကြောင်းကိုပင်။ ဝန်ကြီးချုပ်ကျိုက ကံကြမ္မာမှာ ပြောင်းလဲ မရနိုင်ကြောင်း ပြောကာ သူ့လူများအား ခေါ်ဆောင်လျှင် နန်းမြို့တော်အား ပြန်သွားခဲ့ကြောင်း သူကြားသိရသည်။ ထိုသို့ကြားသိရလျှင် နန်ဒူတိုင်မှာ သူ့ရင်ဘတ်အား အပူလုံးကြီးတစ်ခု အားကောင်းစွာ လာရောက် ဖိထားသလို ခံစားရသည်။
ယခု အိမ်ရှေ့စံမင်းသမီး ဆိုသည်မှာ မရှိတော့သလို နန်ဒူနန်းတော်က ဟွာဂျီယူအားလည်း ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။ ထို့အပြင် ဟွာဂျီယူ၏ငြင်းဆန်မှုကြောင့် ဧကရာဇ်လျိုက နန်ဒူမိသားစုအား ဒေါသထွက်နိုင်သေးသည်။ ထို့ကြောင့်လည်း ဝန်ကြီးချုပ်ဟွာက သူ့အား ဖိအားပေးခဲ့ခြင်း ဖြစ်သည်။ သူက ဧကရာဇ်အား သစ္စာရှိမှုကို ပြသရန် သူ့မိသားစုဝင်အား ပြန်လည် သတ်ဖြတ်ရန် လိုအပ်ပေသည်။
နန်ဒူနန်းတော်စားပွဲကို ဂုဏ်ပြုရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာကြသူများလည်း ပြန်သွားကြပြီ ဖြစ်သည်။ သူတို့ကြားသိရသည်မှာ ဝန်ကြီးချုပ်ဟွာက ထိုသုံးယောက်အား အမှန်တကယ် ဖမ်းမိခဲ့ခြင်း မရှိသည်ကိုပင်။ ထိုသတင်းကား ထူးဆန်းလှသည်။ ရီဖူရှင်းက ဝန်ကြီးချုပ်ဟွာကဲ့သို့ အလွန်စွမ်းအား မြင့်သောသူ။ လူအင်အားကောင်းသောသူ လက်ထဲမှ မည်ကဲ့သို့ လွတ်မြောက် သွားရသနည်း။
ကောင်းကင်ပြက္ခဒိန်၏ ၁၀ဝ၀ဝနှစ် နောက်ဆုံးရက်တွင် ဒွန်ဟိုင်မြို့တွင် မထင်မှတ်သော ကိစ္စရပ်တစ်ခု ပေါ်ပေါက်လာသည်။
ဝန်ကြီးချုပ်ဟွာက ဧကရာဇ်၏အမိန့်တော်အား ယူဆောင်၍ ဟွာဂျီယူအား အိမ်ရှေ့စံမင်းသမီးအဖြစ် ချီးမြှင့်ရန် ရောက်ရှိလာခဲ့သည်။ လူတိုင်းက နန်ဒူနန်းတော်ကို ဂုဏ်ပြုရန် သွားရောက်ခဲ့ကြသည်။ သူတို့က နန်ဒူနန်းတော်မှာ ယခင် ခမ်းနား ကြီးကျယ်မှုများအား မကြာခင် ပြန်ရလာတော့မည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော်လည်း မထင်မှတ်သော အပြောင်းအလဲ ဖြစ်ခဲ့ပြန်သည်။ အသက်ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က သူ့တွင် သက်စောင့်ဝိညာဉ်နှစ်ခု ရှိကာ ဓာတ်စွမ်းအင်မျိုးစုံသုံးစွဲလျက် သူ၏ထူးခြား ထက်မြက်သော အရည်အသွေးများကို ထုတ်ပြခဲ့သည်။ သူက ဧကရာဇ်၏အမိန့်တော်ကို ဖီဆန်ခဲ့သလို သူက နန်ဒူနန်းတော်အား သူနှင့်အတူ တော်လှန်ရန် သွေးဆောင်ခဲ့၏။ သို့သော် နန်ဒူနန်းတော်က သူ့အား သတ်ရန် ဆုံးဖြတ်ခဲ့သည်။ သူထိုနေရာတွင် သေသင့်သော်လည်း သူ့ဆရာဘိုးဘိုးက လာရောက် ကယ်ဆယ်ခဲ့သည်။ ဝန်ကြီးချုပ်ဟွာနှင့် သူ့အဖွဲ့က လိုက်လံဖမ်းဆီးကြ၏။
နောက်ဆုံးတွင် သူက အိမ်ရှေ့စံမင်းသမီး ဖြစ်လာမည့် ဟွာဂျီယူကို ယူဆောင်ကာ ထွက်ပြေးသွားသည်။ သူ မည်သည့်နေရာကို ထွက်သွားသည်ကို မည်သူမှ မသိပေ။ သို့သော် သေချာသည်က တစ်နေ့တွင် သူပြန်လာလိမ့်မည် ဖြစ်သည်။
***
၁၀ဝ၀၁နှစ်ကို ရောက်လာပြီ ဖြစ်သည်။ နှစ်သစ်၏ ပထမဦးဆုံးနေ့တွင် ဒွန်ဟိုင်ကျောင်းတော်တွင် ကောလာဟလများစွာ ပြန့်နှံ့နေပြီဖြစ်သည်။
လူပြောအများဆုံးမှာ အိမ်ရှေ့စံမင်းသမီးအဖြစ် ချီးမြှောက်ခြင်းခံရသူ ဟွာဂျီယူက ရီဖူရှင်းကြောင့် မိမိကိုယ်ကို သတ်သေလုနီးပါး ဖြစ်ခဲ့ခြင်းပင်။
ထို့အပြင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရှေ့တွင် စိန်ခေါ်တိုက်ခိုက်ခဲ့သော ပါရမီရှင်မှာ သက်စောင့်ဝိညာဉ်နှစ်ခုရှိပြီး ဓာတ်သဘာဝမျိုးစုံကို လေ့ကျင့်သည်။ သူက ဓမ္မအဆင့်အောက်မှ တန်ခိုးရှင်များအား အနိုင်ယူနိုင်စွမ်းရှိပြီး ကျောင်းချိန်ပင်လျှင် မယှဉ်နိုင်ပေ။ သူကား ဒွန်ဟိုင်ကျောင်းတော်တွင် ရှိနေစဉ်က သူ့စွမ်းရည်များကို ဖုံးကွယ်ခဲ့ခြင်းသာ ဖြစ်၏။
ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ အကြီးအကဲချင်မှာလည်း ရီဖူရှင်းအား ကယ်ဆယ်ရန် သူ့နောက်ဆုံး လက်ကျန် အသက်စွမ်းအားဖြင့် ကြောက်မက်ဖွယ် ကောင်းသော မှော်ဂီတသံစဉ်တစ်ခုကို တီးခတ်ခဲ့ခြင်းပင်။ ယခုကား ကြယ်စင်ဧကရာဇ် ကျောင်းဆောင်တွင် အကြီးအကဲချင်ဟူသောသူ မရှိတော့ပြီ။ လာဘ်လာဘကျောင်းဆောင် ကျောင်းအုပ်ကလည်း ရီဖူရှင်းနှင့်အတူ ဧကရာဇ်၏အမိန့်ကို ဆန့်ကျင်ကာ ထွက်ပြေးသွားခဲ့၏။
အရှေ့ပင်လယ် စီရင်စုခေါင်းဆောင် ရှာဖိန်၏သား ရှာဖန်မှာလည်း အသတ်ခံခဲ့ရသည်။ ပို၍ ထူးဆန်းဖွယ် ကောင်းသည်မှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင် လက်ထောက်ကျောင်းအုပ်။ ရှာဖိန်နှင့် သူ့လူများ။ နန်ဒူနန်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင်များ အများအပြား ပျောက်ဆုံးသွားခြင်းပင်။ သူတို့ မည်မျှပင် လိုက်ရှာသော်လည်း ထိုလူများ၏သဲလွန်စကို ရှာတွေ့ခြင်း မရှိခဲ့ကြပေ။
ယမန်နေ့က ဒွန်ဟိုင်မြို့တော်အား ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းတစ်ခုက ဖြတ်ကျော်သွားခဲ့သည်။ မုန်တိုင်းက ရီဖူရှင်း ထွက်ခွာသွားပြီးနောက် ပြန်လည် ငြိမ်သက်သွားခဲ့သည်။
ဒွန်ဟိုင်ကျောင်းတော်၏ အပြင်ဘက်တွင် ကျောင်းတော်ကြီးအား ငေးကြည့်ကာ လှပသော မိန်းမပျိုနှစ်ယောက် ရပ်နေကြသည်။ သူတို့မှာ လင်းဇီယွီနှင့် ရှောက်ဟီတို့ ဖြစ်ကြသည်။ မနေ့က နန်ဒူနန်းတော်ထဲတွင် လင်းဇီယွီ၏အဖေလည်း ရှိနေခဲ့ကာ ဖြစ်ပျက်ခဲ့သမျှအား မြင်သိခဲ့သည်။
“သူ့စွမ်းရည်တွေက ဒီလောက်မြင့်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး…” ရှောက်ဟီ သက်ပြင်းချသည်။ နန်ဒူနန်းတော်မှ အဖြစ်အပျက်များအား ကြားသိပြီးနောက် မိန်းကလေး နှစ်ယောက်မှာ ထိတ်လန့်ခဲ့ကြရသည်။
“ငါက ဒွန်ဟိုင်ကျောင်းတော်ရဲ့ နွေဦးရာသီစစ်ဆေးပွဲကို စမ်းသပ်ခံယူပြီး ကျောင်းတော်ကို တက်ရောက်မယ် စဉ်းစားထားတယ်…” လင်းဇီယွီက ပြောသည်။
“ရုတ်တရက် ဘာလို့ ဒွန်ဟိုင်ကျောင်းတော်မှာ တန်ခိုးကျင့်ချင် ရတာလဲ…” ရှောက်ဟီက နားမလည်သလို ပြောသည်။
“နွေဦးရာသီ စစ်ဆေးခြင်းပြီးရင် နန်းမြို့တော်မှာ တန်ဖန်းပွဲတော် ကျင်းပလိမ့်မယ်…..” လင်းဇီယွီက တည်ငြိမ်စွာ ပြောသည်….“ဒွန်ဟိုင်ကျောင်းတော်က ကျောင်းသားတွေလည်း တန်ဖန်းပွဲတော်ကို တက်ရောက်ကြလိမ့်မယ်… ငါလည်း သွားကြည့်ချင်တယ်…” သူမ မပြောပြလိုသော အခြား အကြောင်းပြချက် တစ်ခုလည်း ရှိသည်။ သူမက ကျောင်းတော်တွင် ဆက်လက်၍ တန်ခိုးကျင့်နေပါက တစ်နေ့ သူပြန်လာလျှင် ပြန်တွေ့ခွင့် ရလိမ့်မည်ဖြစ်သည်။
“အာ… တန်ဖန်းပွဲတော်… နန်ဒူနိုင်ငံရဲ့ ကျောင်းတော် ၃၆ခုက ပါရမီရှင်တွေ စုစည်းတဲ့ပွဲတော်လား… လူဘယ်လောက်များ ရောက်မလဲ မသိဘူးနော်…..” ရှောက်ဟီ၏ မျက်လုံးများက မျှော်လင့်ချင်များ ပြည့်နှက်နေသည်… “တကယ်လို့ ဒီအဖြစ်အပျက်တွေသာ မရှိခဲ့ရင် ပွဲတော်မှာ သူက အရမ်း ကျော်ကြားတဲ့လူ ဖြစ်လာမှာ……”
“ဟုတ်တယ်…” လင်းဇီယွီက သဘောတူစွာ ခေါင်းညိတ်သည်။ မနေ့ကပြသခဲ့သော သူ့စွမ်းရည်များအရ နန်ဒူနိုင်ငံတွင် သူ့အား အနိုင်ယူနိုင်သော ပါရမီရှင် ရှိနိုင်မည် သူမ မထင်ပေ။ သူ့တွင် သက်စောင့်ဝိညာဉ်နှစ်ခုနှင့် ဓာတ်စွမ်းအင်မျိုးစုံကို သုံးနိုင်စွမ်းရှိသည်။ ထို့အပြင် အလွန်ထက်မြက်သော သိုင်းပညာနှင့် စိတ်ဝိညာဉ် စွမ်းအားတွင်လည်း အလွန်ထူးချွန်ကာ မှော်ဂီတပညာကို လေ့လာသည်။ အရှေ့ပင်လယ်၏ သင်္ဘောကုန်းပတ်ပေါ်တွင် တွေ့ခဲ့သော သာမန်ကောင်လေး တစ်ယောက်ဟု သူမတွေးထင်ခဲ့သော သူက သည်မျှ ထူးခြား ထက်မြက်နေသည်။
ထိုအချိန်တွင် အရှေ့ပင်လယ်၏သင်္ဘောတစ်စီးပေါ်တွင် လူတစ်စု ရပ်နေကြသည်။ ပင်လယ် လေများကြောင့် သူတို့၏အင်္ကျီများက တဖျတ်ဖျတ် လူးလွန့်နေကြသည်။ သူတို့မှာ ရီဖူရှင်းတို့ အုပ်စုဖြစ်ကြသည်။
ကောင်းကင်မှ သတ္တဝါဆန်းတစ်ကောင် ဆင်းသက်လာသည်။ သူကား ရီဖူရှင်း၏ သိမ်းငှက်နက်ကြီး ဖြစ်သည်။
ရီဖူရှင်းက ရှေ့ကို လှမ်းသွားလိုက်ပြီး ယိချိန်ချန်အား ပြောလိုက်သည်… “ငါက သိမ်းငှက်နက်ကို ဒွန်ဟိုင်မြို့ကို လေ့လာဖို့ စေလွှတ်ထားတာ… ဆရာကြီးရီ အဆင်ပြေတယ်ဆိုတာ ငါသေချာ ပြောနိုင်တယ်… မစိုးရိမ်နဲ့…”
“အင်း…” ယိချိန်ချန်က ခေါင်းညိတ်လိုက်သော်လည်း သူမ၏မျက်လုံးများထဲတွင် စိုးရိမ်ဟန်များ ရှိနေဆဲပင်။
“ဖူရှင်း… မင်းက ဘယ်ကို သွားမလို တွေးထားလဲ…” တန်လန်က လျှောက်လာနေရင်း မေးလိုက်သည်။
“ရီဖူရှင်းက အဆုံးအစမဲ့လှသော ပင်လယ်ကြီးအား ငေးကြည့်ကာ ပြောသည်… “တန်အဒေါ်… နန်ဒူနိုင်ငံမှာ အိမ်နီးချင်း ရန်သူနိုင်ငံရှိလား…” သူက မေးသည်။
“မင်းက အရှေ့ပင်လယ်ကနေ မြောက်ဘက်ကို သွားရင် အရှေ့ပင်လယ်ဒေသရဲ့ နယ်စပ်ကို ရောက်သွားလိမ့်မယ်…” တန်လန်က ပြောသည်… “ဒါက ကန်ယီနိုင်ငံရဲ့ နယ်စပ်လည်း ဟုတ်တယ်… ဒီနိုင်ငံနှစ်ခုက နှစ်ပေါင်း သုံးရာကျော် စစ်ဖြစ်လာတဲ့ ရန်ဘက်နိုင်ငံတွေပဲ…..”
“ဒါဆို မြောက်ဘက်ကို သွားရအောင်…” ရီဖူရှင်းက ထိုဦးတည်ရာအရပ်သို့ ကြည့်ကာ ပြောသည်… “ကျွန်တော်တို့က ကန်ယီနိုင်ငံရဲ့ နန်းမြို့တော်ကို သွားမယ်…” သူက တန်ဖန်းပွဲတော်ကို တက်ရောက်ရန် စီစဉ်ထားသော်လည်း ဧကရာဇ်လျို၏ အမိန့်တော်က အရာအားလုံးကို ဖျက်ဆီးခဲ့သည်။ သူက သည်နေရာတွင် ဆက်လက်နေ၍ မရမှတော့ သူက ကန်ယီနိုင်ငံ၏ နန်းမြို့တော်ကို သွားရတော့မည် ဖြစ်သည်။
“ကောင်းပြီ…” တန်လန်က ခေါင်းညိတ်သည်။ မနေ့က ပြသခဲ့သော ထိတ်လန့်ဖွယ် စွမ်းရည်များအရ သူ့အတွက် အခြေချရန် နေရာ မရှားပေ။ သူသာလျှင်ရှာဖွေမည် ဆိုပါက သူ့အား ထောက်ပံ့ကူညီမည့် လူများအား အလွယ်တကူ တွေ့ရှိနိုင်မည် ဖြစ်သည်။
***