Switch Mode

အပိုင်း(၁၀၅)

သရဖူကိုလိုချင်ရင် သရဖူရဲ့ဒဏ်ကိုခံနိုင်ရမှာဘဲ

လေထဲတွင် ရှာဖန်၏ခန္ဓာကိုယ်ကား ဆွဲဆန့်ခံရကာ သူ့လက်။ သူ့ခြေ။ သူ့ဦးခေါင်းများက သစ်ကိုင်း သစ်ခက်များနှင့်အတူ နေရာအနှံ့သို့ ပြန့်ကျဲကာ အပိုင်းပိုင်းအစစ ဖြစ်သွားကြသည်။

ရှာဖန်ကား ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကို ချင်းကျူမြို့တွင် စတင်တွေ့ဆုံခဲ့သည်။ ထိုအချိန်က ရီဖူရှင်းမှာ ရှာဖန်အတွက် သာမန်ကောင်ငယ်လေး တစ်ယောက်သာ ဖြစ်သည်။ သူစိတ်ရှိတိုင်း ဆော့ကစား၍ရသော လူငယ်လေးတစ်ဦးအဖြစ် သတ်မှတ်ထားသည်။ တီအန်ယွာတောင်တွင် သူက ရီဖူရှင်း၏အသက်နှင့် ဆော့ကစားခဲ့သည်။ ယခုလည်း သူက ရီဖူရှင်းအား ဆော့ကစားရန် ကြံစည်ခဲ့သည်။ နောက်ဆုံးတွင် ထိုအကျိုးဆက်များအဖြစ် အပြစ်ပေးခြင်း ခံလိုက်ရ၏။

ရှာဖန်၏ဆိုးရွားသော အဆုံးသတ်အား ကြည့်ကာ ရီဖူရှင်းအား မည်သို့မှ ခံစားရဟန်မရှိပေ။

သူက သစ်ပင်မွေ့ရာပေါ်တွင် လဲလျောင်းနေသော ဟွာဂျီယူအား သွားရောက် ပွေ့ချီလိုက်ကာ နန်ဒူဝန်ယမ်နှင့် တန်လန်တို့ထံ လျှောက်သွားလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်… “ကု့ချင်းဥယျာဉ်ကို ပြန်ကြမယ်…”

သူ့ခန္ဓာကိုယ်အတွင်းမှ သွေးများ ဆူပွက်မှုများ ရပ်တန့်သွားပြီ ဖြစ်သည်။ ဧကရာဇ်ကဲ့သို့ အသွင်သဏ္ဌာန်က အရိပ်တစ်ခုအဖြစ် မှိန်သွားပြီဖြစ်သည်။ သူ့ကိုယ်မှ ဖြာထွက်နေသော အလင်းရောင်များမှာလည်း မှိန်သွားပြီ။ ရီဖူရှင်းက သူ့မူလဝိညာဉ်အား ပြန်ရုပ်သိမ်းလိုက်သည်။ သူက တခြားအရာများ မတွေးလိုတော့။ ယခု သူ့စိတ်ထဲတွင် တစ်ခုသာရှိသည်။ သူ ဆက်လက် အသက်ရှင်ရမည်။ သူ့ဆရာဘိုးဘိုးက သူ့အသက်ဖြင့် ရင်း၍ ရီဖူရှင်းအား ကယ်ဆယ်ခဲ့သည်။ ယိချန်နှင့် သတ္တဝါဆန်းတို့က အသက်စွန့်၍ သူ့အတွက် တိုက်ခိုက်နေရသည်။ သူဆက်လက် အသက်ရှင်ရန် လိုအပ်သည်။

“သွားစို့…” တန်လန်က ခေါင်းညိတ်သည်။ သူမတွင် မေးခွန်းပေါင်းများစွာ ရှိသော်လည်း ယခုအချိန်ကား မေးခွန်မေးရန် သင့်တော်သော အချိန်မဟုတ်ကြောင်း သူမသိသည်။ သူတို့လေးယောက် ကောင်းကင်သို့ ပျံတက်လိုက်ကြပြီး ကု့ချင်းဥယျာဉ်သို့ မြန်ဆန်သော အလျင်နှုန်းဖြင့် သွားလိုက်ကြသည်။

ရီဖူရှင်းတို့အုပ်စု ထိုနေရာမှ ထွက်ခွာသွားပြီး များမကြာမီပင် ထိုလူသေများ ပြည့်နှက်နေသော နေရာအား အခြားအုပ်စုတစ်ခု ရောက်ရှိလာကြသည်။ ထိုအုပ်စုအား ဦးဆောင်လာကြသူများမှာ အရှေ့ပင်လယ်စီရင်စု ခေါင်းဆောင် ရှာဖိန်နှင့် ကြယ်စင်ဧကရာဇ် ကျောင်းဆောင် လက်ထောက်ကျောင်းအုပ် ဟန်မိုတို့ ဖြစ်ကြသည်။ တခြားလူများမှာ ရှာဖန်၏ တိုက်ခိုက်ရေးအဖွဲ့။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ တိုက်ခိုက်ရေးအဖွဲ့နှင့် နန်ဒူနန်းတော်မှ တန်ခိုးရှင်တို့ ဖြစ်ကြသည်။ ရှာဖိန်က မြေပြင်တွင် ပြန့်ကျဲနေသော အလောင်းများအား တွေ့ရလျှင် မျက်နှာ မည်းမှောင်သွားသည်။ အခြေအနေက ဤကဲ့သို့ ဖြစ်လာမည်ဟု သူမထင်ထားပေ။ နန်ဒူဝန်ယမ်က သည်မျှလောက် အစွမ်းထက်သလော။ သူ့သားကော မည်သည့်နေရာတွင်နည်း။

ရှာဖိန်က လူသေအလောင်းများစွာအား လိုက်ရှာသည်။ သို့သော် ရှာဖန်အား ရှာမတွေ့ပေ။ နောက်ဆုံးတွင် သူ့မျက်လုံးက တစ်နေရာကို ရောက်သွားသည်။ သူ့ရင်ဘတ်များ အဆမတန် တုန်ခါလာသည်။ တုန်ယင်စွာဖြင့် ထိုနေရာကို တစ်လှမ်းချင်း လှမ်းသွားလိုက်လျှင် ခေါင်းပြတ်တစ်လုံး အနားကို ရောက်သွား၏။ ထိုခေါင်းပြတ်၏မျက်နှာကား နာကျင်မှုကြောင့် ရှုံ့မဲ့နေကာ မျက်လုံးများက မသေမီ အလွန်အမင်း ကြောက်ရွံ့ခဲ့ဟန်တူကာ မျက်လုံးများ ပြူးကျယ်နေသည်။ ဒေါသကြောင့် ဆတ်ဆတ်တုန်ကာ ရှာဖိန်၏ခန္ဓာကိုယ်မှ ဓားအရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

ဟန်မိုနှင့် တခြားလူများအားလုံး ထိတ်လန့်သွားကြသည်။ မည်သို့ ဖြစ်ပျက်ခဲ့သနည်း။ နန်ဒူဝန်ယမ်နှင့် ရီဖူရှင်းတို့အား ထိုမျှသော အစွမ်းထက်သော လူများနှင့် အနိုင်ယူရန် ခက်ခဲမည် မဟုတ်ပေ။ သူတို့အား တစ်စုံတစ်ယောက်က ကူညီခဲ့သလော။

“ကျုပ်လည်း စိတ်မကောင်း ဖြစ်ရပါတယ်… ရှာအစ်ကို… အခုအရေးကြီးတာက အခုလိုလုပ်ခဲ့တဲ့လူကို ရှာပြီး လက်စားချေဖို့ပဲ…” ဟန်မိုကပြောသည်။ ရှာဖိန်က သူ့ဒေါသများအား ချုပ်တည်းရန် ကြိုးစားလိုက်သည်။ သူ့မျက်နှာပေါ်တွင်ကား သွေးရောင်များ လွှမ်းနေပြီး သူ့ပတ်ဝန်းကျင်မှ လေထုက တုန်ခါနေသည်။ သူကပြောသည်… “သဘာဝစွမ်းအင် လှုပ်ရှားမှုတွေက အခုထိ မငြိမ်သက်သေးဘူး… သူတို့ အဝေးကြီး မရောက်သေးဘူး… သူတို့က ကု့ချင်းဥယျာဉ်ကို သွားတာဖြစ်ရမယ်… သွားမယ်…”

ဟန်မိုက အနည်းငယ် တွေးလိုက်ကာ ရှာဖိန်ပြောသည်မှ ဖြစ်နိုင်သည်ဟု ခံစားရသည်…“ကောင်းပြီ… သူတို့ကို ဒီအတွက် ပေးဆပ်စေရမယ်… မျက်လုံးအစား မျက်လုံးပဲ…” သူကပြောသည်။

“ဟင်း ဒီကောင့်ကို မိလို့ကတော့ ငါက ဒီကောင်နဲ့ ပတ်သက်သမျှ လူတွေကအစ လိုက်သတ်မှာ…” ရှာဖိန်က အံကြိတ်၍ ပြောသည်။ သူ့အသံကား ပြင်းထန်လှကာ လူတိုင်း၏ကျောအား စိမ့်သွားစေသည်။ သူက ကောင်းကင်ကို ပျံတက်လိုက်ပြီး ရုတ်တရက် သူ့ကိုယ်က ဓားတစ်လက်ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွား၏။

ဘုန်း… အဝေးမှ ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု ကြားလိုက်ရသည်။ ကောင်းကင်တွင် ရွှေရောင်အလင်းတန်း တစ်ခုက မယုံကြည်နိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် လာနေသည်။ ထိုအရာက မည်သည့်အရာ ဖြစ်သည်ကို ပြောရန် မဖြစ်နိုင်ပေ။ ထိုအရာကား အလွန်မြန်ဆန်သည်။ မည်မျှမြန်ဆန်သနည်း ဆိုလျှင် စိတ်ဖြင့် လိုက်၍ အချိန်ရေတွက်ရန်ပင် ခက်ခဲလှသည်။

“သတိထား…” ဟန်မိုက အော်ဟစ်လိုက်သည်။ ရွှေရောင်အလင်းတန်းက ကောင်းကင်မှ ဆင်းသက်လာသည်။

ဘုန်း… တခြား ပေါက်ကွဲမှုတစ်ခု ကြားရသည်။ မြေပြင်က အက်ကွဲသွားသည်။ ဟန်မိုနှင့် တခြားလူများက ထိုနေရာအား ကြည့်လိုက်ရာ ရှာဖိန်ကိုသာ မြင်ရသည်။ စက္ကန့်ပိုင်းအတွင်းက လေထဲကို ပျံတက်သွားသော ရှာဖိန်ကား ယခု ရွှေရောင်လှံတံတစ်လက် သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်နေလေပြီ။ လှံရှည်က သူ့ခန္ဓာကိုယ်မှတစ်ဆင့် မြေပြင်တွင် စိုက်နေကာ ရှာဖိန်မှာ လှံတံရှည်တွင် တွဲလျက် ဖြစ်နေလေသည်။ စွမ်းအားမြင့်လှသော ရှာဖိန်မှာ သူ့အား မည်သူ တိုက်ခိုက်လိုက်သည်ကို မသိလိုက်ပေ။

ရှာဖိန်၏မျက်လုံးများ ပြူးကျယ်လျက် သူ့ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာနေကြသည်။ လှံတံက သူ့ခန္ဓာကိုယ်မှ တိုးလျှိုပေါက် မြေပြင်သို့ ထိုးစိုက်ထားရာ သူမလှုပ်နိုင်ပေ။ သူ့လက်များ ခြေများကမူ တုန်ခါနေသည်။ ထိုအခိုက်တွင် သူကား လက်စားချေရန် အတွေးမရှိတော့။ သူခံစားနေရသည်ကား အလွန်အမင်း နာကျင်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ ဖြစ်ကြသည်။

ဟန်မိုနှင့် တခြားလူများမှာလည်း ထိတ်လန့် တုန်လှုပ်နေကြသည်။ မည်သို့ ဖြစ်ပျက်နေသနည်း။

သူတို့နှင့် အဝေးတစ်နေရာမှ ပုံသဏ္ဌာန်တစ်ခု တဖြည်းဖြည်းနှင့် နီးကပ်လာနေသည်။ ထိုပုံသဏ္ဌာန်က ဖြည်းညင်းစွာ ရွေ့လျားနေပုံရသော်လည်း မျက်လုံး တစ်မှိတ်အတွင်းတွင် သူတို့လူအုပ်အနီးသို့ ရောက်လာသည်။ ထိုလူကား အလွန်အိုမင်းနေသော အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ့ခေါင်းတွင် ဆံပင်များ ဖြူဆွတ်နေသည်။ သူ့လက်အား နောက်တွင် ချိတ်လျက် ကောင်းကင်မှ ဆင်းသက်လာသည်။ ထိုအဘိုးအိုအားမြင်လျှင် လူတိုင်းက အရိုးထဲမှ စိမ့်တက်လာသော ကြောက်ရွံ့မှုကို ခံစားရသည်။ သည်အဘိုးအိုက တိုက်ခိုက်လိုက်ခြင်းလော။

“မင်းတို့တွေ သတ်ဖို့ကြိုးစားနေတာ ဘယ်သူလဲ…” အဘိုးအိုက မေးသည်။ သူ့မျက်လုံးက ရှာဖိန်ကို တစ်ချက်ကြည့်လိုက်ပြီး ဟန်မိုဘက်ကို လှည့်၍ မေးလိုက်သည်။

“ဆရာကြီးက ဘယ်သူလဲမသိဘူး…” ဟန်မို၏မျက်လုံးများက ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

“ငါလား…”အဘိုးအိုက ဟန်မိုအား ကြည့်လိုက်လျှင် သူ့မျက်လုံးမှ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု တိုက်ခတ်လာသည်ကို ဟန်မိုခံစားရသည်။ ရွှေရောင် အလင်းတစ်ခုက မုန်တိုင်း၏ အလယ်တည့်တည့်တွင် ရှိနေပုံရကာ ဟန်မိုနှင့် တခြားလူများထံသို့ ရွေ့လျားလာနေသည်။

“ပြေး…” ဟန်မို အော်ဟစ်လိုက်သည်။ သူက ပျံသန်းလျက် ပြေးရန် ကြိုးစားလိုက်သော်လည်း ရုတ်တရက် ထိုပတ်ဝန်းကျင်က လေပွေကြီးတစ်ခု ဖြစ်သွားကာ သူတို့အား အလယ်နေရာသို့ ပြန်လည် ဆွဲငင်သွားတော့သည်။ ထိုပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လေပွေက သူတို့အားလုံးအား မုန်တိုင်း၏အလယ်နေရာသို့ ဆွဲငင်ခေါ်ဆောင် သွားနေသည်။

“ဆရာကြီး… ခင်ဗျားက ဘယ်သူလဲ… ဘာလို့ ဒီလိုလုပ်နေရတာလဲ…” နန်ဒူမိသားစုဝင် တစ်ယောက်က မေးသည်။

အဘိုးအိုကား ငြိမ်သက်စွာ ရပ်နေသည်။ သူ့တွင် လှုပ်ရှားမှု မတွေ့ရပေ။ သူက နန်ဒူမိသားစုဝင်အား ကြည့်လိုက်ပြီး ပြောသည်…“မင်းတို့ သတ်မလို့ ကြိုးစားနေတာ ငါ့သခင်လေးပဲ..”

ထိုနန်ဒူမိသားစုဝင် ထိတ်လန့်သွားသည်။ သူက ခေါင်းယမ်းလျက် ပြောသည်…“မဖြစ်နိုင်ဘူး… ရီဖူရှင်းက ဒီလို အားကောင်းတဲ့ နောက်ခံရှိနေရင် ဒွန်ဟိုင်မြို့တော်ကို သူ့မိသားစုမပါဘဲ ဘာလို့လာတာလဲ… ဒွန်ဟိုင်ကျောင်းတော်မှာ သူဘာလို့ သင်ယူချင်ရတာလဲ… ကု့ချင်းမိစ္ဆာနဲ့ ဘာလို့ ဂီတကို လေ့လာရတာလဲ…”

ဟန်မိုက နန်ဒူနန်းတော်တုန်းက ရီဖူရှင်း ကောင်းကင်ကို ကြည့်လျက် စကားပြောခဲ့သည်ကို ပြန်သတိရလိုက်သည်။ ထိုအချိန်က သူ့အပြုအမူမှာ ထူးဆန်းသည်ဟု လူတိုင်းက တွေးခဲ့ကြသည်။ ယခု သူနားလည်သွားပြီ။ သည်အဘိုးအိုပြောသည်မှ မှန်ကန်ပုံရသည်။ ဟန်မို တွေးလေလေ တုန်လှုပ်လေလေ ဖြစ်လာသည်။

“ဆရာကြီး… ကျုပ်တို့က ဧကရာဇ်ရဲ့ အမိန့်တော်ကို နာခံရုံပဲရှိပါတယ်… ကျုပ်တို့က ရီဖူရှင်းကို တကယ်တမ်းအားဖြင့် ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူး… ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ…” ဟန်မိုက တောင်းပန်လိုက်သသည်။ သူကား ကြောက်ရွံ့သောကြောင့် ချွေးစေးများပြန်နေပြီ။ သည်မျှ ကြောက်မက်ဖွယ် ကောင်းသောသူက ရီဖူရှင်းအား ကာကွယ်နေသည်ကို သူသိခဲ့ပါက သူက သည်ကိစ္စတွင် လုံးဝ ဝင်ပါမိမည် မဟုတ်ပေ။

“ဧကရာဇ်ရဲ့ အမိန့်တော်… ဟုတ်လား… အဲဒါဘာလဲ…” အဘိုးအိုက မေးသည်။ ဟန်မိုက ကြီးကျယ်မြင့်မြတ်သော နန်ဒူနိုင်ငံ၏ဧကရာဇ်မှာ သည်အဘိုးအို၏ မျက်လုံးထဲတွင် မည်သို့မှ ထူးခြားမှု မရှိသည်ကို သိလိုက်သည်။

“မင်းက ပြောတယ်… ငါ့ရဲ့သခင်လေးက ဧကရာဇ်ရဲ့ အမိန့်တော်ကို ဖီဆန်ခဲ့လို့ သေမိန့်ချခံရပြီး အလိုက်ခံနေရတယ်… ဒါဆို ငါ့ရဲ့ သခင်လေးကို သတ်မလို့ ကြိုးစားတဲ့သူကို ဘယ်လို အပြစ်ပေးရမလဲ..” အဘိုးအိုက ဆက်မေးလိုက်သည်။ ဟန်မို၏မျက်နှာ ပြာနှမ်းသွားသည်။ ဧကရာဇ်၏ အမိန့်တော်ကို ဖီဆန်ခြင်းမှာ ဧကရာဇ်အား ဆန့်ကျင်ခြင်း ဖြစ်သော်လည်း အကယ်၍ ရီဖူရှင်း၏နောက်ခံက နန်ဒူဘုရင်ထက် မြင့်နေလျှင် ရီဖူရှင်းအား သတ်ရန် ကြိုးစားခြင်းက မည်သည့်အပြစ်ဒဏ်ကို ခံစားရမည်နည်း။

သေလမ်းတစ်လမ်းသာ ရှိသည်။

“ကျုပ်မသေခင် အကုန်လုံးကို နားလည်အောင် ပြောပြလို့မရဘူးလား…” ဟန်မိုကား မျှော်လင့်ချက်များ မထားတော့ပေ။

“ကောင်းပြီ…” အဘိုးအိုက ခေါင်းညိတ်လိုက်သည်… “ငါ့ရဲ့ သခင်လေးက …..”

အဘိုးအို ပြောလိုက်သည်ကို ကြားလျှင် ရှာဖိန်။ ဟန်မိုနှင့် တခြားလူများအားလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။ သူတို့လုံးဝ မထင်မှတ်ထားသော အရာတစ်ခုအား သိလိုက်ကြရသည်။

“ဒါ…ဒါ… မဖြစ်နိုင်ဘူး…” တစ်ယောက်က အော်ဟစ်လိုက်သည်…“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” နန်ဒူမိသားစုက မည်သို့သောသူကို ငြင်းပယ်ခဲ့သနည်း။

“မင်းတို့အားလုံး အခု သေကြတော့…” အဘိုးအိုက ပြောသည်။ ကြောက်မက်ဖွယ် လေပွေမုန်တိုင်းက သူတို့အား ဆက်လက် ဆွဲခေါ်သွားကြကာ ထိုအရှေ့ပင်လယ်မှ စွမ်းအားမြင့် တန်ခိုးရှင်များအား ဝါးမျိုသွားလေသည်။ သူတို့တွင် ထိုမုန်တိုင်းအား တောင့်ခံနိုင်စွမ်း မရှိပေ။ သူတို့၏ခန္ဓာကိုယ်များမှာ အမှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။ မြေပြင်တွင် လှံတံဖြင့် စိုက်ထားခြင်းခံရသော ရှာဖိန်မှာလည်း သူ့ခန္ဓာကိုယ် ယိုယွင်းလာမှုကို ခံစားရသည်။ သူ့ကိုယ်အား စိုက်ဝင်နေသာ ရွှေရောင်လှံတံက သဘာဝစွမ်းအင်အဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားသည်။

“ဒီလိုမျိုးဆို ခင်ဗျားက နန်ဒူနန်းတော်မှာတုန်းက ဘာလို့ မထွက်လာရတာလဲ…” ဟန်မိုက အော်ဟစ်လိုက်သည်။

အဘိုးအိုက ကောင်းကင်အား ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

“သရဖူကို လိုချင်ရင်တော့ သရဖူရဲ့ ဒဏ်ကို ခံရမှာပဲ…”

ထိုစကားများအား ပြောပြီးသွားသည်နှင့် လေပွေမုန်တိုင်းက ထိုပတ်ဝန်းကျင် တစ်ခုလုံးအား ကြောက်မက်ဖွယ် ကောင်းစွာ လှည့်ပတ်လျက် အရာအားလုံးအား ဝါးမျိုသွားတော့သည်။ ဟန်မို။ ရှာဖိန်နှင့် တခြားလူများက အစအနပင် မကျန်ရစ်တော့။

အဘိုးအိုက နောက်လှည့်၍ ရီဖူရှင်း ထွက်ခွာသွားသော အရပ်အား ကြည့်ကာ ဒူးထောက်လိုက်သည်။ သူ့ခေါင်းအား မြေပြင်သို့ ထိအောင် ဦးညွှတ်လိုက်၏။ အမှန်တကယ်လည်း ရီဖူရှင်းကို နန်ဒူနန်းတော်ကို သွားရန် သူတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်း၏မိန်းကလေးကို လာထိရန် သူမည်သို့ ခွင့်ပြုနိုင်မည်နည်း။ သို့သော် သူက ရီဖူရှင်းကို ကူညီရန် လုံးဝ မထွက်ပေါ်ခဲ့ပေ။ ရှာဖန်က သူ့အား လိုက်မီလာသည့်တိုင်အောင် သူထွက်မပြခဲ့ပေ။ ရီဖူရှင်း အမှန်တကယ် မသေဆုံးသရွှေ့ သူဝင်ရောက် ကူညီရန် ဆန္ဒမရှိပေ။ ရလဒ်အနေဖြင့် သေဆုံးခြင်းနှင့် အနာတရများ ဖြစ်လာမည်ကို သူသိသည်။ သို့သော် အနည်းငယ်သော စွန့်လွှတ်မှုကိုတော့ သည်းခံရပေမည်။

အောင်မြင်မှုကို သွားသော လမ်းတွင် ရီဖူရှင်းက စွန့်လွှတ်မှု။ အနစ်နာခံမှု။ တာဝန်ယူမှု။ ခက်ခဲမှု။ နာကျင်မှုနှင့် မျှော်လင့်ချက် စသည်တို့ကို သိနားလည်ရန် လိုအပ်သည်။ မိမိကိုယ်ကို အားကိုးတတ်ရန် သူသင်ယူရမည်။ မိမိမှအပ အားကိုးရာမရှိသည်ကို နားလည်ရမည်။ အရာအားလုံးကို ထိန်းချုပ်နိုင်ရန် သူ့တွင် အဆုံးစွန်သော စွမ်းအားများ လိုအပ်သည်။

သူ့ရက်စက်မှုများအတွက် ရီဖူရှင်းက မုန်းတီးခဲ့လျှင်ပင် သူ့တွင် နောင်တမရှိပေ။ သူက ရီဖူရှင်းအတွက် လူဆိုးတစ်ယောက်အဖြစ် ခံယူကာ မကောင်းမှုများအား သယ်ဆောင်နိုင်သည်။

သည်အရာများ အားလုံးကို သူလုပ်သည် အဘယ်ကြောင့်ဆိုသော် ဒါက သူ့တာဝန်ဖြစ်သည်။

ကောင်းကင်ပြက္ခဒိန်၏ နှစ်တစ်သောင်းမြောက်တွင် နောက်ဆုံးရက်ကို ရောက်ရှိနေပြီ ဖြစ်သည်။ ရီဖူရှင်းက ရင့်ကျက်သင့်နေလေပြီ။ သူ ယုံကြည်သည်မှာ ရီဖူရှင်းမှာ တစ်နေ့ ကောင်းကင်ဒေသတွင် အထွန်းလင်းဆုံး အင်အားအကြီးဆုံး ဖြစ်တည်မှု ဖြစ်လာလိမ့်မည်။ သူကဲ့သို့သော နောက်တစ်ယောက် မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရီဖူရှင်းမှာ “သူတို့” ၏ ကလေးဖြစ်သောကြောင့်ပင်။

တဖြည်းဖြည်းဖြင့် သူက ကောင်းကင်မှ မြင့်တက်သွားပြီး ချက်ချင်းပင် သူရပ်နေရာမှ ပျောက်ကွယ်သွားသည်။ မြန်ဆန်လွန်းရကား သူထိုနေရာတွင် တစ်ခါမှ မရှိခဲ့သလိုပင်။

သူထွက်သွားပြီး များမကြာမီပင် လူတစ်စု ထိုနေရာကို ရောက်လာသည်။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများအား ကြည့်ကာ သူတို့၏မျက်နှာပေါ်တွင် နားမလည်မှုများ ပြည့်နှက်နေသည်။ သူတို့က လူအများအပြား သည်အရပ်ကို ထွက်သွားသည်ကို မြင်ခဲ့ကြရပြီး သည်အရပ်မှ မြူများ ဆိုင်းနေသည်ကို မြင်ကြရသည်။ မြူများက ထူထပ်လွန်းသဖြင့် သူတို့က မည်သို့ ဖြစ်ပျက်နေခဲ့သည်ကို မသိခဲ့ကြပေ။

သည်နေရာတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့ပြီး သည်အလောင်းများက မည်သူများနည်း။

***

နန်ဒူနန်းတော်သို့ စွမ်းအားမြင့် တန်ခိုးရှင်များ ရောက်ရှိလာပြီး သူတို့၏ခေါင်းဆောင်မှ ဝန်ကြီးချုပ်ကျို ဖြစ်သည်။

ဝန်ကြီးချုပ်ကျိုက နန်းတော်ရင်ပြင်မှ အခြေအနေကို ကြည့်ကာ တစ်စုံတစ်ခုအား ခန့်မှန်းမိဟန်ဖြင့် မျက်နှာမှာ မည်းမှောင်သွားသည်။ နန်းတော်ရင်ပြင်တွင် ကျန်ရစ်နေသော လူအနည်းငယ်အား သူက မေးလိုက်သည်… “ဒီမှာ ဘာဖြစ်ခဲ့တာလဲ… ရီဖူရှင်းနဲ့ ဟွာဂျီယူ ဘယ်မှာလဲ…”

နန်ဒူမိသားစုဝင်များက သူမည်သူဖြစ်သည်ကို သိကြသည်။ သူတို့က ဦးညွှတ်၍ ပြန်ပြောလိုက်သည်… “ရီဖူရှင်းနဲ့ဟွာဂျီယူက ဧကရာဇ်ရဲ့ အမိန့်တော်ကို ဖီဆန်ခဲ့ကြတယ်… ဒါကြောင့် ဝန်ကြီးချုပ်ဟွာနဲ့ နန်ဒူမိသားစုဝင်တွေက သူတို့နောက်ကို ဖမ်းဆီးဖို့ လိုက်နေကြတယ်…”

ဝန်ကြီးချုပ်ကျို ရင်ထိတ်သွားသည်။ သူ နောက်ကျသွားပြီလား။

“သူတို့ ဒဏ်ရာ ရသွားလား…” ဝန်ကြီးချုပ်ကျို မေးသည်။

“ရီဖူရှင်းရဲ့ ဒဏ်ရာတွေက နည်းတယ်… ဒါပေမဲ့ ဟွာဂျီယူက သတ်သေမယ်ဆိုပြီး ခြမ်းခြောက်လို့ သူမအခြေအနေက သိပ်မကောင်းဘူး…” တစ်ယောက်က ဖြေသည်။ ထိုစကားကိုကြားလျှင် အခြေအနေက နောက်လှည့်၍ရမည့်ပုံ မဟုတ်တော့သည်ကို နားလည်လိုက်သည်။ သူက ခေါင်းမော့ကာ ကောင်းကင်အား ကြည့်လျက် ဝါးလုံးကွဲ ရယ်ချလိုက်သည်…“ဟား… ဟား… ဟား…ငါက ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်… ဒါပေမဲ့ အဆုံးသတ်မှာတော့ ဘာမှ ပြောင်းလဲမသွားခဲ့ဘူး…”

သူက ဧကရာဇ်လျိုအား အကောင်းဆုံးကူညီရန် ကြိုးစားခဲ့သော်လည်း ဧကရာဇ်မည်သည့် အရာကို တွေးတောနေသည်ကို နားလည်ရန် ခက်ခဲလှသည်။ ဝန်ကြီးချုပ်ကျိုက ယခင်က နန်ဒူနိုင်ငံ၏ကံကြမ္မာအား တွက်ချက်ခဲ့ဖူးရာ နိုင်ငံကား ပျက်စီးမည့် ကြမ္မာဆိုး ရှိနေသည်။ ထို့အပြင် ဧကရာဇ်၏နေရာမှလည်း ခိုင်မြဲမှုမရှိပေ။ ထို့နောက် သူက နောက်ထပ် ဧကရာဇ်၏အမိန့်တော်အား ကြားသိလိုက်ရလျှင် လတ်တလော ထပ်မံတွက်ချက်မှုများအရ သွေးဖြင့် အဆုံးသတ်ရမည်ကို သူမြင်နေရသည်။

ဧကရာဇ်လျို၏ အမိန့်တော်က ရီဖူရှင်းနှင့် ဟွာဂျီယူ၏ကံကြမ္မကို အမှန်တကယ်အားဖြင့် ပြောင်းလဲခဲ့ခြင်းမရှိဘဲ နန်ဒူနိုင်ငံအားသာလျှင် ပြောင်းလဲခဲ့သည်ကို ဝန်ကြီးချုပ်ကျို တစ်ယောက်သာလျှင် သိနားလည်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset