Switch Mode

စာစဉ်(၈) အပိုင်း(၁၀၉)

အရိပ်ဆိုးကိုဖျက်စီးခြင်း

ဇူချင်က ရှေ့ကိုခြေတစ်လှမ်းလှမ်းတက်လိုက်သကဲ့သို့ အနီရောင်တောင်ပနေသည့်လှံတံဖြင့် ရွှေရောင်ပုံရိပ်ထံချိန်ရွယ်လိုက်သည်။ သူ့ရဲ့ရင်ထဲမှ အရိပ်ဆိုးကိုဖျက်စီးပြစ်နိုင်ဖို့အတွက် ဘယ်သူကမှသူ့ကို ဟန့်တားနိုင်စွမ်းမရှိလောက်အောင် သူ့ရဲ့အမူအယာက ဆုံးဖြတ်ချက်ပြတ်သားလို့နေရပေသည်။

“ဇူချင်… ဇူချင်… မင်းကအခေါင်းကိုမြင်နေရတာတောင်မှပဲ မျက်ရည်မကျနိုင်သေးဘူးပေါ့…” ဇူချင်က ဝူဘုရင်ရဲ့ပုံရိပ်ယောင်ကို တစ်ယောက်တည်းသွားရောက်ရင်ဆိုင်တာကို မြင်လိုက်ရသည့်အခါ ချီယန်က ရက်စက်ယုတ်မာစွာရယ်မောလိုက်သလို သူ့ရဲ့မျက်နှာထက်မှာလည်း လှောင်ပြောင်သရော်လိုမှုတွေ ထွက်ပေါ်လာခဲ့ရသည်။

“တကယ်လို့မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အရင်လိုအဆင့်မျိုးမှာရှိနေဦးမယ်ဆိုရင်တော့ ဒီအင်ပါယာအမိန့်တော် ရွှေရောင်ပုံရိပ်က မင်းကိုဘာတစ်ခုမှ လုပ်နိုင်လိမ့်မှာမဟုတ်ဘူး… ဒါပေမဲ့ မင်းရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်က မူလစဦးအဆင့် အဆင့် ၃ဖြစ်ပြီးတော့ ဒီအဆင့်နဲ့မင်းကဒီလိုမျိုးစိတ်ကြီးဝင်ရဲသေးတာလား…”

ဇူချင်က ချီယန်ရဲ့လှောင်ပြောင်သရော်မှုကို လျစ်လျူရှုထားလိုက်သည်။ ဇူချင်က သူ့ရဲ့မျက်လုံးထဲမှာ အခြားရန်သူတွေကို မမြင်ရတော့သည့်အလား ရွှေရောင်ပုံရိပ်ထံသို့သာ တစိုက်မတ်မတ်စိုက်ကြည့်နေလိုက်မိသည်။

“မင်းကသေဖို့ဆန္ဒရှိနေမှတော့ ငါကမင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့…”

ချီယန်က အေးစက်စွာရယ်မောလိုက်ပြီး ဇူချင်ရဲ့အပြုအမူကို ပျော်ရွှင်စွာကြည့်လိုက်သည်။ တကယ်လို့ဇူချင်သာ အသတ်ခံခဲ့ရမယ်ဆိုရင် သူတို့ဘက်ကနောက်တစ်ကြိမ်ပြန်လည်ပြီး အရေးသာသွားရလိမ့်မည်ဖြစ်ပေသည်။

ဒီအတွေးတွေ သူ့ရဲ့စိတ်ထဲမှာထွက်ပေါ်လာမှုနဲ့အတူ ချီယန်က ရွှေရောင်အင်ပါယာအမိန့်တော်ကို လှုပ်ခါလိုက်သည်။ ထိုအခိုက်မှာ ရွှေရောင်ပုံရိပ်ထံမှ အံ့အားသင့်စရာကောင်းလောက်သည့် မူလချီတွေပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ၎င်းကိုပို၍ကြောက်မက်ဖွယ်ရာကောင်းသွားစေခဲ့သည်။

ဇူချင်ကလည်း သူ့ရဲ့လှံတံအောက်ခြေကို မြေပြင်ပေါ်သို့ဆောင့်ချလိုက်သလို သူ့ရဲ့ဦးခေါင်းထက်မှလည်း မိုးခြိမ်းသံတဝုန်းဝုန်းထွက်ပေါ်နေရသည့် သူ့ရဲ့အနီရောင်မူလချီတွေကို ထုတ်လွှတ်လိုက်သည်။

ဝုန်း…

ပေတစ်ရာအရှည်ရှိ အနီရောင်မူလချီတွေထွက်ပေါ်လာခဲ့ပြီးနောက်မှာ ၎င်းကဝူဘုရင်ရဲ့ရွှေရောင်ပုံရိပ်ယောင်ထံသို့ ဦးတည်ကာတိုးဝင်သွားခဲ့သည်။ ဇူချင်ရဲ့မူလချီတွေက တောက်ပပြီး ပြင်းထန်လှရကာ ၎င်းဖြတ်သန်းသွားသည့်လမ်းတစ်လျှောက်ရှိ လေထုပင်လောင်ကျွမ်းသွားခဲ့ရသည်။

သို့ပေမဲ့လည်း ဝူဘုရင်ရဲ့ပုံရိပ်ယောင်က တွန့်ဆုတ်သွားခြင်းတောင်မရှိခဲ့သည့်အပြင် ၎င်းကဝင်ရောက်လာသည့် အနီရောင်မူလချီအလင်းတန်းထံသို့ဦးတည်ကာ လက်သီးတစ်ချက်ထိုးထုတ်လိုက်လေသည်။

ဘန်း…

လက်သီးချက်မှာပါဝင်နေသည့် ပြင်းထန်တဲ့မူလချီစွမ်းအားတွေက ဝင်ရောက်လာခဲ့သည့် အနီရောင်မူလချီအလင်းတန်းကို ပျက်စီးသွားစေခဲ့သည်။

ဒီဝူဘုရင်၏ပုံရိပ်ယောင်ရဲ့စွမ်းအားက ဘယ်မူလစဦးအဆင့် အဆင့် ၃ကျင့်ကြံသူမျိုးကိုမဆို အလွယ်တကူအနိုင်ယူနိုင်စွမ်းရှိပေသည်။

ဇူယွမ်တို့အားလုံးက ဒီအရာကိုကောင်းစွာမြင်တွေ့နေရသည့်အတွက် သူတို့ရဲ့မျက်လုံးထဲမှာ စိုးရိမ်မှုတွေမြင့်တက်သွားခဲ့ရသည်။

ဝုန်း…

ဝူဘုရင်ရဲ့ပုံရိပ်ယောင်က ရှေ့ကိုခြေတစ်လှမ်းတက်လိုက်သလို များစွာသောလက်သီးပုံရိပ်တွေကလည်း လျှပ်စီးအလားလျင်မြန်စွာဖြင့် ဇူချင်ကိုလွှမ်းခြုံသွားလေသည်။

ဇူချင်က နောက်ဆုတ်ရှောင်တိမ်းခြင်းမရှိခဲ့ဘဲ ထိုလက်သီးပုံရိပ်တွေကို ထိပ်တိုက်ပင်ရင်ဆိုင်လိုက်သည်။

သို့ပေမဲ့လည်း အကြိမ်များစွာထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီးနောက်မှာ သူကနောက်ကိုလွင့်ထွက်သွားခဲ့ရသည်။ သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှာ သွေးစီးကြောင်းတစ်ခုထွက်ပေါ်လာခဲ့ရကာ ဒါကိုကြည့်ချင်းအားဖြင့် အစောပိုင်းထိပ်တိုက်ရင်ဆိုင်မှုတွေမှာ သူ့အနေနဲ့ အသာစီးမရခဲ့ဘူးဆိုတာ ထင်ရှားလှပေသည်။

“ဇူချင်တစ်ယောက် ရူးသွပ်သွားမှာကို ငါစိုးရိမ်နေမိတယ်…” ချီယန်က အေးစက်စွာရယ်မောလိုက်ရင်းမှပြောသည်။ မူလစဦးအဆင့် အဆင့် ၃ကျင့်ကြံသူတစ်ယောက်က မူလစဦးအဆင့် အဆင့် ၅မှာရှိနေသည့် ကျင့်ကြံသူတစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းက အမှန်တကယ်ရူးမိုက်လွန်းရာကျပေသည်။

သူ့ဘေးမှာရှိနေသည့် ဇောင်ရှန်းလွန်တို့သုံးယောက်ကလည်း ခေါင်းညိတ်လိုက်မိကြသည်။ ကြည့်ရတာ ဇူချင်တစ်ယောက် ဝူဘုရင်၏ပုံရိပ်ယောင်ရဲ့ ထိန်းချုပ်မှုအောက်ကိုအလုံးစုံကျရောက်နေခဲ့ရပြီး တစ်စုံတစ်ရာပြန်လည်ပြုလုပ်နိုင်စွမ်းကင်းမဲ့နေရသည့်ပုံပေါ်သည်။

လူရိပ်နှစ်ခုကလေထဲမှာ အဆက်မပြတ်ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလျက်ရှိကြတုန်းပင်ဖြစ်သည်။ ဇူချင်က အလုံးစုံထိန်းချုပ်ခြင်းခံနေရတာကိုတောင် ဂရုစိုက်ခြင်းအလျဉ်းမရှိဘဲ ဝူဘုရင်၏ပုံရိပ်ယောင်ရဲ့တိုက်ခိုက်မှုတွေကို ရူးသွပ်စွာဖြင့် ဆက်လက်ပြီးထိပ်တိုက်ရင်ဆိုင်နေလျက်ပင်ရှိသေးသည်။

ဝုန်း… ဝုန်း…

နားကွဲမတတ်ဆူညံသံတွေက လေထုထဲမှာပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာခဲ့ရသလို ဝူဘုရင်၏ပုံရိပ်ယောင်ရဲ့ ပြင်းထန်သည့်လက်သီးချက်က ဇူချင်ရဲ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ရ၏။

ဘုန်း…

ဇူယွမ်ရဲ့မျက်လုံးတွေက ကောင်းကင်ထက်ရှိတိုက်ပွဲကို မမှိတ်မသုန်စိုက်ကြည့်နေလျက်ရှိသလို အရိုးအဆစ်တွေမှတဖျောက်ဖျောက်မြည်သံထွက်ပေါ်လာသည်အထိ သူ့ရဲ့လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်ထားလိုက်မိသည်။

မိနစ်အနည်းငယ်ကြာပြီးနောက်မှာ ဝူဘုရင်ရဲ့ပုံရိပ်ယောင်က အပျက်အစီးတစ်စုံတစ်ရာမရှိခဲ့ပေမဲ့ ဇူချင်ရဲ့အခြေအနေက အလွန်ပင်သနားစရာကောင်းနေခဲ့ရသည်။ သူ့ရဲ့တစ်ဖက်တည်းသာရှိတဲ့လက်က သူ့ရဲ့လှံကိုတင်းတင်းဆုပ်ကိုင်ထားလျက်ရှိသလို သူ့ရဲ့ခန္ဓာကိုယ်မှလည်း လတ်ဆတ်တဲ့သွေးတွေ စီးကျနေရပေသည်။

ဒီလိုမျိုးပြင်းထန်တဲ့ဒဏ်ရာတွေရနေခဲ့တာတောင်မှပင် သူ့ရဲ့လက်ကတုန်ယင်နေခြင်းမရှိခဲ့ဘဲ မီးလျှံကိုးမျိုးလှံကို ဖြည်းညှင်းစွာပင့်မြှောက်လိုက်သည်။

၎င်းကလွန်စွာမှပင် ဝမ်းနည်းစရာကောင်းလှသည့် မြင်ကွင်းတစ်ခုဖြစ်ပေသည်။

သို့ပေမဲ့လည်း ဇူယွမ်တို့လူစုက ဇူချင်တစ်ယောက် သူ့ရှေ့မှာရှိနေသည့် ဝူဘုရင်ရဲ့ပုံရိပ်ယောင်ကို ရင်ဆိုင်နေခြင်းမဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာက သူ့ရဲ့လက်တစ်ဖက်ကို ဝူဘုရင်ဖြတ်တောက်သွားခဲ့စဉ်ကတည်းကစတင်ကာ သူ့ရဲ့နှလုံးသားထဲမှာ စွဲထင်နေခဲ့ရသည့်အရိပ်ဆိုးကြီးကို ချေဖျက်နိုင်ဖို့ကြိုးစားနေခြင်းဖြစ်သည်ကို ကောင်းစွာသိထားကြသည်။

လတ်ဆတ်တဲ့သွေးတွေက အနီရောင်လှံရှည်တစ်လျှောက်စီးကျနေလျက်ရှိသကဲ့သို့ ဇူချင်က ဝူဘုရင်ရဲ့ပုံရိပ်ယောင်ကိုစိုက်ကြည့်နေလျက်မှ အက်ကွဲသည့်လေသံဖြင့်ပြောလိုက်သည်… “လာစမ်းပါ…”

ချီယန်ရဲ့အမူအယာက အနည်းငယ်နက်မှောင်သွားခဲ့ရသည်။ ဇူချင်ရဲ့အလျော့မပေးတဲ့စိတ်က သူ့ကိုအနည်းငယ်တော့ မသက်မသာဖြစ်သွားစေခဲ့သည်။ ထို့ကြောင့်ပင် သူကချက်ချင်းဆိုသလို ထိတ်လန့်စရာကောင်းလှသည့်လေသံဖြင့်ပြောလိုက်သည်… “ကောင်းပြီလေ… သူကသေချင်နေတယ်ဆိုမှတော့ ငါကသူ့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးရတော့မှာပေါ့… ကြည့်ရတာ သူကဝူဘုရင်ရဲ့အရိပ်ဆိုးကြီးအောက်မှာ နှစ်ပေါင်းများစွာရှင်သန်နေထိုင်လာခဲ့ရတာ တော်တော်လေးပင်ပန်းနေရပြီထင်တယ်…”

ချီယန်က သူ့လက်ထဲရှိ ရွှေရောင်အင်ပါယာအမိန့်တော်ကို ဆတ်ခနဲလှုပ်ရှားလိုက်သည်။

ဝူဘုရင်ရဲ့ပုံရိပ်ယောင်က တဒင်္ဂမျှရပ်တန့်သွားခဲ့ရပြီးနောက်မှာ ၎င်းကဆုပ်ကိုင်တဲ့လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သကဲ့သို့ ၎င်းရဲ့နောက်ကျောဘက်ရှိ မူလချီတွေကစတင်ပြီး စုစည်းလာခဲ့ကြသည်။ ထို့နောက်မှာ ရွှေရောင်အလင်းတွေ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ပြီး ၎င်းရဲ့မူလချီတွေက ပေပေါင်းများစွာကျယ်ဝန်းသည့် ရွှေရောင်အလင်းစက်ဝန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအလင်းစက်ဝန်းကြီးထံမှ ရွှေရောင်အလင်းတန်းများစွာထွက်ပေါ်လာခဲ့ပြီး ၎င်းရဲ့ရှေ့ရှိလေထဲမှာ မျော့လွင့်နေလျက်ရှိကာ အလင်းတန်းတစ်ခုစီက မူလချီနဲ့ပြုလုပ်ထားသည့် ရွှေရောင်ဓားတစ်ချောင်းစီအဖြစ်ပြောင်းလဲသွားခဲ့သည်။

ရွှစ်… ရွှစ်…

ထို့နောက်မှာ ချက်ချင်းဆိုသလိုပင် ထောင်ပေါင်းများစွာသောဓားတွေက ရုတ်ချည်းရှေ့ကိုပစ်လွင့်သွားခဲ့ကြပြီး ကောင်းကင်တစ်ခုလုံးကိုဖုံးအုပ်လျက် ဇူချင်ထွက်ပြေးလွတ်မြောက်သွားနိုင်မည့်လမ်းကြောင်းအားလုံးကို ပိတ်ဆို့ဟန့်တားထားလိုက်သည်။ ဒီတိုက်ခိုက်မှုက အဆုံးသတ်လှုပ်ရှားမှုတစ်ခုအဖြစ်တောင် ပြော၍ရနိုင်ပေသည်။

ရွှေရောင်ဓားတွေက သူ့ရဲ့မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ရပြီးနောက်မှာ ဇူချင်ကဟစ်ကြွေးလိုက်ပြီး သူ့လက်ထဲရှိမီးလျှံကိုးမျိုးလှံကို လှည့်ပတ်လိုက်သလို အနီရောင်မီးလျှံစက်ဝန်းတစ်ခုအား ပြုလုပ်လိုက်သည်။ ဖြစ်ပေါ်လာသည့်အလင်းစက်ဝန်းရဲ့ပတ်လည်မှာ မီးလျှံတွေနဲ့ လျှပ်းစီးတွေ လှည့်ပတ်လှုပ်ရှားနေလျက်ရှိလေသည်။

ထန်း… ထန်း…

ရွှေရောင်ဓားတွေကျရောက်လာသည့်နောက်မှာ ဇူချင်ဖန်တီးထားသည့် မီးလျှံအလင်းစက်ဝန်းနဲ့ ပြင်းပြင်းထန်ထန်ရင်ဆိုင်ထိတွေ့သွားမိခဲ့ကြပြီး ၎င်းတို့နှစ်ခုရင်ဆိုင်မိခဲ့တဲ့အချိန်တိုင်းမှာ အံ့အားသင့်စရာကောင်းလှသည့် မူလချီလှိုင်းတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။

ဇူချင်ရဲ့အနီရောင်အလင်းစက်ဝန်းက အကောင်းဆုံးခုခံတားဆီးထားခဲ့ပေမဲ့လည်း ကျဆင်းလာခဲ့သည့် ရွှေရောင်ဓားတွေက လွန်စွာများပြားလှသလို ပြင်းထန်တဲ့စွမ်းအားတွေလည်း ပါဝင်လို့နေပေသည်။ ထို့ကြောင့်ပင် များစွာသောရွှေရောင်ဓားတွေက ဇူချင်ရဲ့အရံအတားကို ထိုးဖောက်ထွက်သွားခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်သွားခဲ့ကြသည်။

အသက်ရှူချိန်များစွာကြာပြီးနောက်မှာ ရွှေရောင်ဓားတွေက နောက်ဆုံးမှာ ပျောက်ကွယ်သွားခဲ့သည်။

များစွာသောအကြည့်တွေက ဇူချင်ရှိရာအရပ်ဆီသို့ ကြည့်လိုက်မိကြသည့်အခါ ဇူချင်ရဲ့ခေါင်းကအနည်းငယ်ငုံ့ကျနေရသလို မီးလျှံကိုးမျိုးလှံကိုလည်း သူ့ရဲ့လက်ထဲမှာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလျက်ရှိနေတာကို မြင်လိုက်ကြရသည်။ ရွှေရောင်ဓားတွေက သူ့ရဲ့ခန္ဓာကိုယ်အနှံ့မှာ စိုက်ဝင်နေလျက်ရှိသလို ထိုနေရာတွေမှနေ လတ်ဆတ်တဲ့သွေးတွေ စီးကျနေလျက်ရှိပေသည်။

ဒီလိုမျိုးပြင်းထန်လှတဲ့ဒဏ်ရာတွေနဲ့တောင် သူကမီးလျှံကိုးမျိုးလှံကို လက်ထဲမှာတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလျက်မှပင် မားမားမတ်မတ်ရပ်နေနိုင်တုန်းပင်ရှိသေးသည်။

ဒီမြင်ကွင်းက နှစ်ဖက်စလုံးမှလူတွေကို ပြောစရာစကားမရှိလောက်အောင် ထိတ်လန့်တုန်လှုပ်သွားစေခဲ့ရသည်။ ချီအိမ်တော်ရဲ့စစ်သည်တွေကလည်း ဇူချင်ရဲ့အကြောက်အရွံ့ကင်းမဲ့လှတဲ့ပုံစံကြောင့် ကြောက်ရွံ့ထိတ်လန့်သွားခဲ့ကြသည်။

ထိုအခိုက်အတန့်မှာ ဇူယွမ်ရဲ့မျက်လုံးတွေက ရုတ်တရက်နီရဲသွားခဲ့သည်။ လက်ရှိသူ့ရှေ့မှမြင်ကွင်းက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်အချိန်ကာလ သူမွေးဖွားလာခဲ့စဉ်တုန်းက ဝူဘုရင်ကိုဟန့်တားနိုင်ဖို့ စွမ်းအားအားလုံးကိုအသုံးပြုခဲ့ရသည့် သူ့အဖေရဲ့ပုံစံကို ပြန်မြင်တွေ့နေရသည့်ပုံပေါ်သည်။

အဲ့ဒီအချိန်တုန်းက သူကအလုံးစုံရှုံးနိမ့်ခဲ့ရပေမယ့်လည်း သူလုပ်ဆောင်နိုင်တဲ့အရာမှန်သမျှကို လုပ်ဆောင်ခဲ့ပေသည်။

“သူကမကြာခင် သေရတော့မယ် ဟုတ်တယ်မလား…” ချီယန်ရဲ့မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်နေခဲ့ရကာ ဒဏ်ရာတွေနဲ့ပြည့်နှက်နေရသည့် ဇူချင်ရဲ့ပုံစံကို စိုက်ကြည့်လိုက်သည်။ သူ့အနေဖြင့် ဇူချင်ရဲ့ပတ်လည်မှ မူလချီတွေက တဖြည်းဖြည်းအားပျော့လာခဲ့သည်ကို ခံစားနိုင်ခဲ့ရသည်။

မြို့တော်ရဲ့အတွင်းဘက်မှာရော အပြင်ဘက်မှာပါရှိနေကြသည့် လူတိုင်းရဲ့အကြည့်တွေက ဇူချင်ထံတွင် စုစည်းရောက်ရှိနေခဲ့ကြသည်။

လှံရှည်ထံမှ သွေးတွေက တစ်စက်စက်စီးကျနေလျက်ရှိသည်။ သို့ပေမဲ့လည်း ဇူချင်ရဲ့မှိတ်ထားတဲ့မျက်လုံးတွေက ထိုအခိုက်အတန့်မှာပင် ဖြည်းညှင်းစွာပွင့်လာခဲ့ရသည်။ ထို့နောက်မှာ သူ့ရဲ့ခန္ဓာကိုယ်ကိုဆတ်ခနဲလှုပ်ရှားလိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ စိုက်ဝင်နေသည့်ရွှေရောင်ဓားတွေကို အစိတ်စိတ်အမွှာမွှာဖြစ်စေလိုက်သည်။

ထိုအခိုက်မှာ သူ့ရဲ့မျက်လုံးတွေက အလွန်အမင်းတောက်ပလာခဲ့ရသကဲ့သို့ နှစ်ပေါင်းများစွာအကြာက သူ့အပေါ်အုပ်စိုးနေခဲ့ရသည့် အရိပ်ဆိုးကြီးကလည်း တဖြည်းဖြည်းလွင့်ပါးပျောက်ကွယ်သွားခဲ့ရသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးထွက်နေတဲ့ဒဏ်ရာတွေကလည်း စတင်ပြီးပိတ်ဆို့လာခဲ့ကြသည်။

သူက ဝူဘုရင်ရဲ့ပုံရိပ်ယောင်ကို စိုက်ကြည့်လိုက်သည်။ သူ့အနေနဲ့ ၎င်းကမယုံကြည်နိုင်လောက်စရာစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ပုံရိပ်ယောင်တစ်ခုဆိုတာကို သိပေမဲ့လည်း သူကဖြည်းညှင်းစွာပင်ပြောလိုက်သည်… “အတိတ်တုန်းက တိုက်ပွဲမှာ မင်းကအမှန်တယ်ကို အနိုင်ရလဒ်နဲ့အဆုံးသတ်နိုင်ခဲ့တယ်…”

“ပြီးတော့ ငါကလည်းမင်းကို ရှုံးနိမ့်ခဲ့ရတယ်လို့ အမြဲတမ်းယုံကြည်ထားခဲ့မိတယ်…”

“ဒါပေမဲ့… အခုအချိန်မှာတော့ ငါမရှုံးခဲ့ဘူးဆိုတာကို နားလည်သဘောပေါက်သွားခဲ့ရပြီ…”

“ဒါကဘာကြောင့်လဲဆိုတော့ ငါကငါ့သားရဲ့အသက်ကို ကာကွယ်နိုင်ခဲ့လို့ပဲ…”

“မင်းက ဇူအင်ပါယာရဲ့နယ်မြေတွေနဲ့ မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုကို အနိုင်ရရင် ရသွားခဲ့မယ်… ဒါပေမဲ့လည်း ဒီလိုအရာတွေက ငါ့သားရဲ့ဆံပင်တစ်မွှေးလောက်တောင် တန်ဖိုးမရှိဘူးဆိုတာကို မင်းကတစ်နေ့နားလည်လာရလိမ့်မယ်…”

“သူကဆုံးရှုံးခဲ့ရတဲ့အရာအားလုံးကို သေချာပေါက်ပြန်ပြီးယူလိမ့်မယ်…”

“ဇူနဲ့ဝူတို့ကြားက တိုက်ပွဲကအဆုံးသတ်မသွားသေးဘူး…”

သူ့ရဲ့စကားတွေပျောက်ကွယ်သွားတဲ့အခိုက်အတန့်မှာ ဇူချင်ရဲ့ခန္ဓာကိုယ်ထဲမှ အနီရောင်မူလချီတွေက မီးတောင်တစ်ခုအလား ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူ့ရဲ့မျက်လုံးတွေက နေမင်းအလားတောက်ပလာခဲ့ပြီး သူ့ရဲ့မူလချီလှုပ်ရှားမှုတွေက စတင်ပြီးမြင့်တက်လာခဲ့ရသည်။

မူလစဦးအဆင့် အဆင့် ၄…

မူလစဦးအဆင့် အဆင့် ၅…

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ဇူချင်ရဲ့ကျင့်ကြံခြင်းအဆင့်က မူလစဦးအဆင့် အဆင့် ၃ကနေ မူလစဦးအဆင့် အဆင့် ၅အထိ မြင့်တက်သွားခဲ့ရသည်။

ချီယန်၊ ဇောင်ရှန်းလွန်နဲ့ ကျန်တဲ့လူအားလုံးရဲ့မျက်နှာထက်မှာ ကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

“အရှင်မင်းကြီးက သူ့နှလုံးသားထဲက အရိပ်ဆိုးကြီးကိုဖယ်ရှားနိုင်ခဲ့ပြီးတော့ သူ့ရဲ့စွမ်းအားကလည်း တဖြည်းဖြည်းစတင်ပြီး မြင့်တက်လာခဲ့ရပြီ…” ဝေကန်းလန်က ဇူချင်ကိုကြည့်နေလျက်မှပင် တုန်တုန်ယင်ယင်ဖြင့်ပြောလိုက်သလို သူ့ရဲ့မျက်လုံးတွေကလည်း ရုတ်ချည်းနီရဲသွားခဲ့ရသည်။

ဇူချင်က ဒီအရိပ်ဆိုးကြီးအောက်တွင် နှစ်ပေါင်းများစွာကြာအောင် သည်းခံနေလာခဲ့ရပြီးနောက်မှာ သူ့ရဲ့တော်ဝင်အရှိန်အဝါတွေကို ပြန်လည်ရရှိခဲ့ပြီဖြစ်သည်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ဇူအင်ပါယာထွန်းတောက်ခဲ့စဉ်ကာလမှာ ဇူအင်ပါယာရဲ့ဘုရင်ဖြစ်သည့်ဇူချင်ရဲ့စွမ်းအားက ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားအောင် ပြုလုပ်နိုင်စွမ်းရှိခဲ့ပေသည်။

ဇူချင်က သူ့ရဲ့မီးလျှံကိုးမျိုးလှံကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသကဲ့သို့ စွမ်းအားပြည့်ဝလှသည့်မူလချီတွေက မီးတောင်တစ်ခုအလား ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထို့နောက်မှာ သူ့ရဲ့ခန္ဓာကိုယ်က အနီရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီး လက်ရှိရှိနေသည့်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

သူ့ရဲ့အမြန်နှုန်းက မြန်ဆန်လွန်းရကား ဘယ်သူကမှသူ့ကို ရှာမတွေ့နိုင်ခဲ့ပေ။

မီးလျှံကိုးမျိုးလှံရှည်ပတ်လည်မှာ မီးလျှံစပါးအုံးမြွေကိုးကောင်လှည့်ပတ်နေလျက်ရှိပြီး ၎င်းရဲ့ထိပ်ဖျားမှာ လျှပ်စီးတွေကခုန်နေပေသည်။

ဝှစ်…

ဇူချင်ရဲ့ပုံရိပ်က ဝူဘုရင်၏ပုံရိပ်ယောင်နောက်မှာ ထွက်ပေါ်လာခဲ့သလို အနီရောင်အလင်းတစ်ခုကလည်း ရွှေရောင်ပုံရိပ်ရဲ့ရင်ဘတ်ကို ဖောက်ထွင်းသွားခဲ့သည်။ ထိုအရာက မီးလျှံကိုးမျိုးလှံပင်ဖြစ်ပြီး ဇူချင်ကလှံရှည်အား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလျက်ရှိသည်။

ထိုအခိုက်အတန့်မှာ ဝူဘုရင်ရဲ့ပုံရိပ်ယောင်က ပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့သည်။ အဆုံးမှာ ၎င်းကတဖြည်းဖြည်း ပြိုလဲပျက်စီးသွားခဲ့ရပြီး ရွှေရောင်အလင်းအဖြစ်ပြောင်းလဲသွားခဲ့ကာ ကောင်းကင်တစ်ခွင်လုံးပြည့်နှက်သွားခဲ့ရသည်။

ဘန်း…

တစ်ချိန်တည်းမှာ ချီယန်ရဲ့လက်ထဲမှာကိုင်ထားသည့် ရွှေရောင်အင်ပါယာအမိန့်တော်ကလည်း ပေါက်ကွဲသွားခဲ့ရ၏။ သူ့နောက်မှာရှိနေကြသည့် ဇောင်ရှန်းလွန်နဲ့ကျန်တဲ့လူတွေအားလုံး တုန်ယင်သွားခဲ့ကြသလို ကောင်းကင်ထက်ရှိဇူချင်ကို မျက်နှာတွေဖြူဖျော့စွာဖြင့် ကြည့်လိုက်မိကြသည်။

ဇူချင်ကနှစ်ပေါင်းများစွာကြာအောင် နစ်မြှုပ်နေခဲ့ရသည့် ဒီအရိပ်ဆိုးကြီးကို ဝူဘုရင်ရဲ့ပုံရိပ်ယောင်ကြောင့် ဖျက်စီးပြစ်နိုင်လိမ့်မည်လို့ သူတို့အားလုံးထင်မထားခဲ့မိကြပေ။

“ဒါက… အခုတော့ အားလုံးပြီးဆုံးသွားခဲ့ပြီ…”

ချီယန်ရဲ့မျက်လုံးထဲမှာ မျှော်လင့်ချက်ကုန်ဆုံးသွားမှုတွေ စတင်ပြီးမြင့်တက်လာခဲ့ရသည်။

Comment

Leave a Reply

Options

not work with dark mode
Reset