အလင်းတန်းများ တောက်ပစွာ သူ့ကိုယ်မှ ဖြာထွက်နေလျက်ပင် ရီဖူရှင်းက သူမည်သို့ ဖြစ်နေသည်ကို နားမလည်ပေ။ သူ့ကိုယ်ထဲတွင်ကား ဆူပွက်နေသော သွေးများက ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။ ထို့အပြင် သူ့ကိုယ်ထဲတွင် ဧကရာဇ်ပုံသဏ္ဌာန် တစ်ခု ဝေဝေဝါးဝါး သူခံစားမိသည်။ သူက ထိုပုံသဏ္ဌာန်၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် သူက ထိုပုံသဏ္ဌာန်၏ထူးခြားသော သွင်ပြင် မြင့်မြတ်မှု။ ကြီးကျယ် ခန့်ညားမှုများကို ခံစားရသည်။ ထိုပတ်ဝန်းကျင် တစ်ခုလုံးအား လွှမ်းခြုံထားနိုင်သော အလင်းရောင်များက ထိုနေရာမှ လာနေဟန်တူသည်။ ထိုပုံသဏ္ဌာန်က သူ့ကိုယ်ထဲတွင် ရွေ့လျားနေဟန်တူကာ သူ့စိတ်နယ်ပယ်နှင့် တဖြည်းဖြည်း နီးကပ်လာနေသည်။ သူ့အရှိန်အဝါကလည်း ပိုပို၍ နက်ရှိုင်း သိပ်သည်းလာသည်။ ရီဖူရှင်းက သူ၏မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်လိုသော်လည်း သူမတတ်နိုင်ပေ။ သူ့ကိုယ်ထဲတွင် မည်သူက ဧကရာဇ်အရှိန်အဝါအား ထားခဲ့သည်ကို သူသိလိုသည်။
ထိုအရာက သူ့မွေးဖွားမှုနှင့် သက်ဆိုင်သလော။
သို့သော် သည်ဧကရာဇ်ကဲ့သို့ ပုံသဏ္ဌာန်က သူ့ကိုယ်ထဲတွင် ရွေ့လျားနေသည်ကို သူတွေးတောရန် အချိန်မရှိပေ။ ထိုပုံသဏ္ဌာန်၏ လက်ဝါးရိုက်ချက်တိုင်း။ ခြေကန်ချက်တိုင်း။ လှုပ်ရှားမှုများအားလုံး ဧကရာဇ်၏ ခိုင်မာတည်ကြည်သော အမူအရာများ ပါဝင်သည်။ ထိုပုံသဏ္ဌာန်၏ လိုက်ပါမှုနှင့်အတူ ရီဖူရှင်းက သူ့ခန္ဓာကိုယ်မှ သွေးများ ဆူပွက်လာကြကာ သူ့ဝိညာဉ်က အလွန် တက်ကြွလာသည်ကို ခံစားရသည်။ သူ့တစ်ကိုယ်လုံး အလွန်အားအင်များ ပြည့်ဝလာပြီး ထိုစွမ်းအင်မှာ သူ့ကိုယ်ပိုင်စွမ်းအင်ဟုပင် သူမခံစားရတော့ပေ။
သူ့ဝိညာဉ်က ထူးဆန်းအံ့ဖွယ်သစ်ပင်မှ တစ်ဆင့်စီးဆင်းလာနေသော စွမ်းအင်များအား ဝါးမျိုလိုက်သည်။ သူ့ကိုယ်ရောင်ကိုယ်ဝါ ပြောင်းလဲလာသလို သူ့ကိုယ်ထဲမှလည်း အတိုင်းအဆမဲ့သော စွမ်းအင်များအား သူခံစားနေရသည်။ ထိုပုံသဏ္ဌာန် လှုပ်ရှားသမျှက သူ့စိတ်ထဲတွင် အလိုအလျောက် တံဆိပ်ရိုက်ထားသလို မှတ်မိနေစေသည်။
ရီဖူရှင်း၏ရင်ခွင်ထဲမှ ဟွာဂျီယူကလည်း ရီဖူရှင်းကိုယ်မှ ပြောင်းလဲမှုများကို ခံစားနေရသည်။ သူမက သေရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော် ရုတ်တရက် ထူးဆန်းသော ကိုယ်ရောင်ကိုယ်ဝါများ ရီဖူရှင်းထံမှ ထွက်ပေါ်လာသည်။ သူမက ဧကရာဇ်လျိုအား တစ်ခါမှ မမြင်ဖူးပေ။ သို့သော် ဧကရာဇ်သည်ပင်လျှင် သည်ကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါမျိုး မရှိနိုင်ဟု ခံစားရသည်။ ရီဖူရှင်းကိုယ်တိုင်ကပင် သဘာဝအရ မွေးဖွားလာသော ဧကရာဇ် ဖြစ်နေသည့်အလားပင်။
သူမက ရုတ်တရက် ဝန်ကြီးချုပ်ကျို ဟောကိန်းထုတ်ခဲ့သော သူမ၏ကံကြမ္မာအား တွေးမိလိုက်သည်။ ဤတွင် ဧကရီဘုရင်မ၏ ကံကြမ္မာဟူသည်မှာ မည်သို့ဖြစ်သည်ကို သူမ နားလည်လိုက်သည်။ သူမက ရီဖူရှင်း ချင်းကျူမြို့မှ ပြန်လာမည်လောဟု မေးသောအခါ ဝန်ကြီးချုပ်ကျိုက အဘယ်ကြောင့် ရယ်မော၍ သူမ၏ကံကြမ္မာအား ဟောကိန်းထုတ်ခဲ့သည်ကို ရိပ်မိလိုက်သည်။
ဤသည်ကား သူမ၏ကံကြမ္မာဖြစ်သည်။ သူမတို့က အတူတူရှိရန် ကံပါလာသည်။
ထိုသို့တွေးမိလျှင် သူမ၏မျက်လုံးများ နီရဲလာသည်။ ပုလဲလုံးများအလား မျက်ရည်များက သူမ၏ပါးပြင်ကို စီးဆင်းလာကြသည်။ ကံကြမ္မာက သူမအား လိမ်လည် လှည့်ဖြားခဲ့ခြင်း မရှိပေ။ သူမ၏မျက်နှာတွင် ခိုင်မာ ပြတ်သားသောဟန် ပေါ်လာသည်။ ကံကြမ္မာက သည်အတိုင်းဆိုလျှင် သည်ကမ္ဘာတွင် သူမတို့အား အတူရှိနေခြင်းမှ အဘယ်ကဲ့သို့သော အရာက တားဆီးနိုင်ပါမည်နည်း။
သူမ၏ချစ်သူမှာ ဧကရာဇ်ဖြစ်ရန် ကံပါလာသူ ဖြစ်သည်။
ရှာဖန်မှာလည်း ထိုမြင်ကွင်းအား ကြည့်ကာ ထိတ်လန့်နေလေပြီ။ သူ့မျက်နှာမှ ကောက်ကျစ်သော အပြုံးမှာလည်း ပျောက်ကွယ်သွားလေပြီ။ ထူးဆန်းသော အခြေအနေက သူ့ယုံကြည်မှုများ အားလုံးကို ဖျက်ဆီးသွားသည်။
အဘယ်ကြောင့်နည်း။ လှံတံက ရီဖူရှင်း၏ ခန္ဓာကိုယ်အား ထွင်းဖောက်သွားပါလျက် အဘယ်ကြောင့် သူ မသေသနည်း။ အဘယ်ကြောင့် ဧကရာဇ်ရဲ့ကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါများ ဖုံးလွှမ်းလျက် အလွန် အားကောင်းသော အရှိန်အဝါအား သူခံစားနေရသနည်း။
သည်ကဲ့သို့ မြင်ကွင်းမျိုးအား သူကြားလည်း မကြားဖူး။ မြင်လည်း မမြင်ဖူးပေ။ တန်ခိုးရှင်များမှာ တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ယူကြရပြီး ရုတ်တရက် ဤကဲ့သို့ ချက်ချင်း တန်ခိုးမြင့်တက် သွားသည်မှာ ယုံနိုင်ဖွယ်မရှိပေ။ အကယ်၍ ရီဖူရှင်းကိုယ်တွင် တစ်စုံတစ်ယောက်က တစ်ခုခုထားခဲ့သည် ဆိုပါက ထိုလူမှာ မည်မျှ စွမ်းပကား ကြီးမားသူ ဖြစ်မည်နည်း။
ရှာဖန် မသိတော့ပ။ ကြောက်ရွံ့စိတ်။ ဒေါသစိတ်များဖြင့် သူက အနီးရှိ ဓမ္မအဆင့် တန်ခိုးရှင်နှစ်ယောက်အား အမိန့်ပေးလိုက်သည်…“သူ့ကို သတ်စမ်း…”
ဓမ္မအဆင့်မှ နှစ်ယောက်မှာလည်း ရီဖူရှင်းကိုယ်မှ ပြောင်းလဲမှုများကို မြင်ကာ ထိတ်လန့်တကြား ဖြစ်သွားကြသည်။ ရှာဖန်၏ဟော်ဟစ်မှုက သူတို့၏လူသတ်လိုသော အရှိန်အဝါကို အားကောင်းစေသည်။ သဘာဝစွမ်းအင်ဖြင့် ပြုလုပ်ထားသော လှံတံနှင့် ကြောက်မက်ဖွယ် မီးလက်ဝါးတို့က ရီဖူရှင်းထံ လျင်မြန်စွာ ရောက်ရှိလာသည်။
သို့သော်လည်း သည်တစ်ကြိမ်တွင်ကား သူတို့က ရီဖူရှင်းကို ရိုက်နိုင်စွမ်း မရှိကြတော့ပေ။ ရီဖူရှင်းအား လွှမ်းခြုံထားသော ဧကရာဇ် ကိုယ်ရောင်ကိုယ်ဝါက ဝိုးတိုးဝါးတား ပုံသဏ္ဌာန် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ရီဖူရှင်းအား လွှမ်းခြုံထားသော ဧကရာဇ် အရှိန်အဝါများကား ပြင်းထန်လွန်းရကား သူတို့က ရီဖူရှင်း၏အနီးကိုပင် မကပ်နိုင်ပေ။
ဤသည်ကိုမြင်လျှင် ရှာဖန်နှင့် တိုက်ခိုက်ရေးသမားနှစ်ဦး။ တခြား ဝန်းရံထားသော လူများအားလုံး မျက်နှာများ ဖြူလျော့သွားကြသည်။ သူတို့က မကောင်းသော ခံစားချက်များ ရနေသည်။
ကမ္ဘာသစ်ပင်မှလွဲ၍ သက်စောင့်ဝိညာဉ်များ အားလုံး ပျောက်ကွယ်သွားသည်။ ကမ္ဘာသစ်ပင်ကမူ သစ်ကိုင်းမျာ ယိမ်းကာ သစ်ရွက်များ လှုပ်ခတ်နေကြပြီး အကိုင်းအခက် အသစ်အသစ်များ အများအပြား အဆက်မပြတ် ထွက်ပေါ်လာနေကြသည်။ ထိုစဉ်မှာပင် သစ်ကိုင်းအချို့က လျင်မြန်စွာ ကြီးထွားလာပြီး ရီဖူရှင်းနောက်မှ လူနှစ်ယောက်ထံသို့ တိုးဝင်လာနေကြ၏။
ထိုလူနှစ်ယောက် ရင်ထိတ်သွားသည်။ သူတို့က လှံတံနှင့် မီးလက်ဝါးတို့ကို သုံး၍ သစ်ကိုင်းများအား ဖျက်ဆီးရန် ကြိုးစားကြသော်လည်း သစ်ကိုင်းများမှာ ဖျက်ဆီး၍ မရလောက်အောင် မာကျောလှသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် သူတို့နှစ်ယောက်မှာ သစ်ကိုင်းများ ရစ်ပတ်လျက် လေထဲကို မြှောက်ထားခြင်း ခံလိုက်ရသည်။ ထို့နောက် သစ်ကိုင်းငယ်များက ထိုလူများ၏ဒွာရကိုးပေါက်အား ဝင်ရောက်သွားကြကာ အထဲမှ ကလီစာများ ပျက်စီးကာ သေဆုံး သွားကြရတော့သည်။
ရီဖူရှင်းက နောက်ကို လှည့်ကြည့်လိုက်သည်။ သူက ရှာဖန်အား ရွှေရောင်ဝင်းသော ဧကရာဇ်မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“မင်းက ရီဖူရှင်း မဟုတ်ဘူး… ဘယ်သူလဲ…” ရှာဖန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ရီဖူရှင်း၏ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံးက ဧကရာဇ်၏ အရှိန်အဝါ ရှိနေသည်မှာ ထူးဆန်းလှသည်။ ထိုအရာများက ရီဖူရှင်းနှင့် မဆိုင်ဟု သူယူဆသည်။
“မင်းက ဘယ်လိုထင်လို့လဲ…” ရီဖူရှင်းက အေးစက်စွာ မေးလိုက်သည်။ သူ့နောက်ကျောမှ လှပသော ရွှေရောင်အတောင်ပံတစ်စုံ ပေါ်ထွက်လာသည်။ အတောင်ပံများ တဖျတ်ဖျတ်ခတ်လျက် သူက ဟွာဂျီယူကို ပွေ့ဖက်ကာ လေထဲကို ပျံတက်သွားသည်။ သူ့ကိုယ်ထဲတွင် ဧကရာဇ်ကဲ့သို့ ပုံသဏ္ဌာန်ကား ကခုန်နေဆဲပင်။ သူ့ကိုယ်တွင် စွမ်းအင်များ အဆမတန် မြင့်တက်လာနေသလို ထိုပုံသဏ္ဌာန်၏ လှုပ်ရှားမှုတိုင်းကလည်း သူ့စိတ်နယ်ပယ်ထဲတွင် မှတ်မိနေစေသည်။ သည်စွမ်းအင်များက သူပိုင်ဆိုင်သော အရာများ မဟုတ်ကြောင်း ရီဖူရှင်းက နားလည်သည်။ သို့တိုင်အောင် သည်အခိုက်အတန့်တွင် သူက သည်စွမ်းအင်များအား သုံးစွဲနိုင်ပေသည်။
“သတ်စမ်း… သူ့ကို သတ်…..” ရှာဖန်က နောက်ကို ဆုတ်ရင်း သူ့လူများအား အမိန့်ပေးလိုက်သည်။ သို့သော် သူ့နောက်က လူများက တုန်ယင်နေကြကာ ရှေ့ကို တိုးရဲကြခြင်း မရှိပေ။
“သွားစမ်း…” ရှာဖန်က နောက်ဆုတ်ရင်း သူ့ဘေးမှလူများအား ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူက နောက်လှည့်ကာ နန်ဒူဝန်ယမ်တို့အား ထိန်းချုပ်ထားသော အကာနာအဆင့် တန်ခိုးရှင်များ ရှိနေရာသို့ ပြေးသွားလိုက်သည်။
ရီဖူရှင်းက အတောင်ပံများအား ဖြန့်လိုက်ကာ လျှပ်စီးအလား ပြေးသွားလိုက်လျှင် ချက်ချင်းပင် ရှာဖန်၏လူများအနီးသို့ ရောက်သွားသည်။ စက္ကန့်ပိုင်းအတွင်းတွင်ပင် အော်ဟစ်သံများ ဖုံးလွှမ်းသွားကာ ထိုနေရာတစ်ခုလုံး သွေးညှီနံ့များ လွှမ်းခြုံသွား၏။
“ဦးလေး…” ရှာဖန်က သူ့နောက်တွင် မည်သို့ ဖြစ်ပျက်နေသည်ကို သိလိုက်ဟန်တူကာ လျင်မြန်စွာ ပြေးသွားရင်း အော်ဟစ်လိုက်သည်… “ကူညီပါ…”
အကာနာအဆင့် အမြင့်တွင် ရှိနေသော သူတစ်ယောက်က ရှာဖန်ကို မြင်ကာ ထိုတိုက်ပွဲနေရာကို ထားခဲ့ပြီး ပြေးလာသည်။ သူက ရှာဖန်အား ဖြတ်ကျော်လျက် ရီဖူရှင်းထံ ခုန်လွှားလိုက်သည်။ သူကား ရှာဖိန်၏ဆရာတူ ညီဖြစ်ပြီး ဓားသမားလည်းဖြစ်သည်။ သူ၏ထက်မြက်ကာ အလွန်တောက်ပသော ဓားဖြင့် ရီဖူရှင်းကို ပိုင်းဖြတ်ရန် ကြိုးစားလိုက်သည်။ ရီဖူရှင်းက အဘယ်ကြောင့် သည်မျှပြောင်းလဲသွားသနည်း သူမသိပေ။ သို့သော် သူ့တွင် ထိုအရာများအား တွေးတောနေရန် အချိန်မရှိပေ။ အဓိကက ရီဖူရှင်းအား သတ်ဖြတ်ရန်ဖြစ်သည်။
“နည်းနည်းလောက် အနားယူလိုက်…” ရီဖူရှင်းက ဟွာဂျီယူကို ညင်သာစွာပြောသည်။ သစ်ကိုင်းများက ဟွာဂျီယူအား သယ်ဆောင်သွားပြီး သစ်ကိုင်းသစ်ရွက်များဖြင့် မွေ့ရာတစ်ခု ဖြစ်ပေါ်လာကာ ဟွာဂျီယူအား လဲလျောင်းနေစေသည်။
ထို့နောက် ရီဖူရှင်းက သူ့လက်ဝါးများအား ဝှေ့ယမ်းကာ သူ့ထံ တိုးဝင်လာသော ဓားအား ရိုက်ထုတ်လိုက်သည်။ သည်လက်ဝါးကား သူယခင် လေ့ကျင့်ဖူးသော တိုက်ကွက်များ မဟုတ်ဘဲ ယခုလတ်တလောပင် သူ့ခေါင်းထဲသို့ အလိုအလျောက် ဝင်လာသော တိုက်ကွက်ဖြစ်သည်။ သူက သာမန်လက်ဝါး ရိုက်ထုတ်သကဲ့သို့ ရိုက်ထုတ်လိုက်ရုံဖြင့် သူ့ကိုယ်မှထွက်နေသာ ဧကရာဇ်အရှိန်အဝါက သူ့အား လမ်းညွှန်ကြကာ မူရင်း လက်ဝါးရိုက်ချက်ဟန်အတိုင်း။ အားအင်အတိုင်း ဓားသမားထံ တိုးဝင်သွားသည်။ လက်ဝါးရိုက်ချက်၏ နောက်တွင် ကပ်ပါလာသည်ကား ကြောက်မက်ဖွယ် အားလှိုင်းတစ်ခုဖြစ်ပြီး ဓားသမား၏ဓားချက်မှာ အလိုအလျောက် ပျက်ပြယ်သွားသည်။
ဓားသမား၏မျက်နှာ သွေးဆုတ်သွားသည်။ ရီဖူရှင်းက လေထဲကို ခုန်တက်လိုက်ကာ ဒုတိယ လက်ဝါးရိုက်ချက်တစ်ခု ထုတ်လိုက်သည်။ လက်ဝါးက ရိုးရှင်းပုံရသော်လည်း စကြဝဠာနှင့် ဧကရာဇ်တစ်ပါး၏ လှုပ်ရှားမှုများ ပါဝင်နေသည်။ ထိုလက်ဝါးတွင် ဧကရာဇ်၏အရှိန်အဝါများ ပါဝင်နေသည်။ ဓားသမားကလည်း ဓားကို အဆက်မပြတ် ဝှေ့ယမ်းကာ ဓားအစင်းပေါင်းများစွာ ဖြစ်ပေါ်လာနေပြီး တံတိုင်းတစ်ခုအဖြစ် ကာရံကာ ခုခံလိုက်သည်။
ဧကရာဇ်၏စွမ်းအင်ကို ရင်ဆိုင်ရလျှင် မည်သည့် အတားအဆီးမဆို ပြိုလဲမည်သာ ဖြစ်သည်။ မည်သူမှ ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။
ဓားသမား ကြောက်ရွံ့သွားသည်။ ဧကရာဇ်၏ လက်ဝါးရိုက်ချက်တွင် အလွန်နက်ရှိုင်းသိမ်မွေ့သော လှုပ်ရှားမှုများပါဝင်နေပြီး ကြောက်မက်ဖွယ် အားလှိုင်းများက လက်ဝါးရိုက်ခံရသူအား တစ်မုဟုတ်ချင်း လွှမ်းခြုံသွားကာ မိုးကြိုးလျှပ်စီးများ ပေါက်ကွဲသံကဲ့သို့ ကြားလိုက်ရပြီး အကာနာအဆင့်မြင့် ဓားသမားက အစိတ်စိတ်အမြွှာမြွှာ ပြိုလဲသွားကာ အမှုန့်ဖြစ်သွားသည်။
“မဟုတ်ဘူး…” ရှာဖန်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူ့ဦးလေး အကာနာအဆင့်ဓားသမားမှာ ရီဖူရှင်း၏ လက်ဝါးရိုက်ချက်များအကြား အစအနမကျန် ပျောက်ကွက်သွားရသည်။ ရှာဖန်၏တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ့မျက်လုံးမှ ကောက်ကျစ်သော ပုံဟန်မှာ ကြောက်ရွံ့မှုသို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
သို့သော်လည်း ရီဖူရှင်းက ဧကရာဇ်အရှိန်အဝါမှာ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလာသည်ကို ခံစားရသည်။ ထိုရွေ့လျားနေသော ပုံသဏ္ဌာန်မှာလည်း နောက်ဆုံး တဖြည်းဖြည်း နှေးကွေးလာကာ အဆုံးသတ်တော့မည်ဟု သူခံစားနေရသည်။ ဧကရာဇ်၏အရှိန်အဝါမှာ ခဏတာဟု ရီဖူရှင်း ခံစားရသည်။ သူ့အတွက် အချိန်သိပ်မကျန်တော့ပေ။ ထို့အပြင် သည်အရှိန်အဝါက သူ့အား တိုက်ခိုက်ရေး နည်းစနစ်တစ်ခုအား သင်ပေးရန် ဖြစ်ပေါ်လာပုံရသည်။
ထိုသို့တွေးမိလျှင် သူ့အတောင်ပံများအား ဖြန့်ကာ အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် နန်ဒူဝန်ယမ်နှင့် တန်လန်တို့ရှိရာ တိုက်ပွဲထဲကို ခုန်ဝင်လိုက်သည်။ လက်ဝါးရိုက်ချက်များ အကြားတွင် လေထုပေါက်ကွဲသံများ။ ဟော်ဟစ်သံများ အဆက်မပြတ် ကြားရပြီး အကာနာအဆင့် တန်ခိုးရှင်များမှာ မည်သို့မှ မခုခံနိုင်ဘဲ သတ်ဖြတ်ခြင်း ခံကြရသည်။
နန်ဒူဝန်ယမ်နှင့် တန်လန်တို့မှာ ရီဖူရှင်း၏ ပြောင်းလဲမှုနှင့် ပတ်သက်၍ အလွန် ထိတ်လန့်ကြရသည်။ သို့သော် သူတို့က သည်အခိုက်အတန့်အတွင် မည်သို့လုပ်ရမည်ကို သိကြသည်။ ရီဖူရှင်းနှင့် ပူးပေါင်း၍ ထိုများစွာသော ရန်သူများအား တိုက်ခိုက်ကြ၏။
ရီဖူရှင်းက အဆက်မပြတ် လက်ဝါးရိုက်ချက်များ ထုတ်နေသည်။ လက်ဝါးရိုက်ချက် တစ်ချက်စီတိုင်းက ဧကရာဇ်လက်ဝါး၏ အနှစ်သာရများ ပါရှိနေသည်။ ထိုစွမ်းအားမြင့် တန်ခိုးရှင်များမှာ တဖြည်းဖြည်း အရေးနိမ့်လာကာ မြေပြင်တွင် အလောင်းများ ပုံထပ်နေပြီဖြစ်သည်။
မိနစ်ပိုင်းအတွင်းတွင် အကုန်သေဆုံးကုန်ပြီး တိုက်ပွဲအတွင်း အကာနာအဆင့် တန်ခိုးရှင်နှစ်ဦးခန့်သာ ကျန်ရစ်ခဲ့ပြီး သူတို့က နောက်လှည့်ကာ ထွက်ပြေးရန် ကြိုးစားကြသည်။ လက်ရှိ ရီဖူရှင်းကား အလွန်ကြောက်မက်ဖွယ် ကောင်းလှပြီး သူတို့ ရင်ဆိုင်နိုင်စွမ်း မရှိပေ။
ရီဖူရှင်းက လျင်မြန်စွာ ပြိုင်ဘက် တိုက်ခိုက်လာသည်ကို ရှောင်ဖယ်၍ လက်ဝါးအား လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရိုက်ထုတ်လိုက်သည်။ ဧကရာဇ်၏အရှိန်အဝါက ပိုမိုအားကောင်းလာသည်။ နောက်ဆုံးကျန်နေသော လူမှာလည်း ပထမလူလိုပင် အဆုံးသတ်သွားရသည်။ ဧကရာဇ်လက်ဝါးက အရာအားလုံးကို ဖျက်ဆီးသွားသည်။ ထိုလက်ဝါးက ကျန်ရှိနေသော လူအား အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေသည်။
ရှာဖန်မှလွဲ၍ အားလုံး သေဆုံးသွားပြီ ဖြစ်သည်။
နန်ဒူဝန်ယမ်နှင့် တန်လန်တို့က ရီဖူရှင်းကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ ထိုအချိန်တွင်ကား ဧကရာဇ်၏အရှိန်အဝါက အမြင့်ဆုံး ရောက်နေပြီဖြစ်သည်။ ဧကရာဇ် အလင်းရောင်များကလည်း ပေပေါင်း ရာထောင်ချီအောင် လင်းလက်စွာဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြန့်ကြက်ထားသည်။
ရီဖူရှင်းက သူမတို့၏ မျက်လုံးများအား သတိထားမိပုံမရဘဲ ရှာဖန်ထံကို လျှောက်သွားလိုက်သည်။ ရှာဖန်က ကြောက်ရွံ့သော မျက်လုံးများဖြင့် ခြေတစ်လှမ်းပြီး တစ်လှမ်း ဆုတ်နေသည်။
“ငါ့ကို လွှတ်ပေး… ငါမင်းလိုချင်တာ အကုန် ကတိပေးမယ်…” ရှာဖန်က ကြောက်လန့်တကြား အော်လိုက်သည်။ ထိုစဉ်မှာပင် သစ်ကိုင်းများ လှုပ်ခတ်သံများ ကြားလိုက်ရကာ သစ်ကိုင်းများက ရှာဖန်၏ခန္ဓာကိုယ်အား လာရောက် ရစ်ပတ်ကြသည်။ ထို့နောက် သူ့လည်ပင်းများ။ လက်များ။ ခြေများအား ချည်နှောင်ကာ လေထဲကို မြှောက်လိုက်၏။
“မဟုတ်ဘူး…” ရှာဖန်က မည်သို့ဖြစ်တော့မည်ကို ခန့်မှန်းမိဟန်တူသည်။ မျက်နှာက ပြာနှမ်းသွားကာ အကြောက်အကန် ရုန်းကန်သည်။ ရုတ်တရက် သစ်ကိုင်းများက တင်းကျပ်သွားကာ ခြေလက်များ တုပ်ဆွဲခံရပြီး ရှာဖန်၏ခန္ဓာကိုယ်မှာ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားတော့သည်။ မှန်သည် ထိုအရာကား သုတ်သင်ခြင်း ဖြစ်သည်။
**