ဇူယွမ်နဲ့ထန်ထန်တို့ရဲ့ လက်နဲ့ပါးစပ်ထဲမှာ မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက် သေဆုံးသွားခဲ့ရပြီးနောက်မှာ စစ်ပွဲရဲ့အင်အားညီမျှမှုက တစ်ဖက်စောင်းနင်းဆန်သွားခဲ့ရသည်။ ချီယန်အပြင် ချီအိမ်တော်ရဲ့စစ်တပ်ဘက်မှာကျန်ရှိနေသေးသည့် အခြားမူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်ရဲ့ အမူအယာတွေက ပြောင်းလဲသွားခဲ့ရကာ သူတို့တွေက နောက်ထပ်တုံ့ဆိုင်းခြင်းအလျဉ်းမရှိခဲ့ဘဲ အလျင်အမြန်နောက်ဆုတ်လိုက်ကြသည်။
မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်ဆုတ်ခွာသွားခဲ့ပြီးနောက်မှာ ချီအိမ်တော်ရဲ့တိုက်စစ်က ရုတ်ချည်းပြိုလဲသွားခဲ့ရသည်။ ကြီးမားတဲ့စစ်သည်အစုအဖွဲ့ကြီးကလည်း ထိန်းချုပ်သူကင်းမဲ့သွားသည့်အလား အထိန်းအကွပ်မဲ့စွာထွက်ပြေးကြရတော့သည်။ သူတို့အားလုံး အလုအယက်ထွက်ပြေးမှုကြားထဲမှာ လူဘယ်နှစ်ယောက်လောက် သေကြေပျက်စီးသွားခဲ့ရလဲဆိုတာကို နတ်ဘုရားတွေသာ သိနိုင်ပေလိမ့်မည်။
ချီအိမ်တော်စစ်သည်အားလုံးရဲ့စိတ်ဓာတ်တွေက အခုအချိန်မှာ အလုံးစုံပျက်စီးပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။
ဘုန်း…
ဇူချင်နဲ့ ချီယန်တို့နှစ်ယောက်က နောက်တစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်မိလိုက်ကြပြီးနောက်မှာ နှစ်ယောက်စလုံးနောက်ကို ခြေလှမ်းများစွာဆုတ်ခွာသွားခဲ့ကြရသည်။ ချီယန်ရဲ့မျက်နှာက စွမ်းအားအလွန်အကျွံအသုံးပြုထားရမှုကြောင့် နီရဲနေသကဲ့သို့ အောက်ဘက်ရှိဖရိုဖရဲဖြစ်နေသည့် သူ့ရဲ့စစ်တပ်ကို မြင်လိုက်ရတဲ့အခါ ချက်ချင်းဆိုသလိုပင် သွေးအန်လုနီးပါးဖြစ်သွားခဲ့ရသည်။
မူလကသူတို့ဘက်မှာ အခွင့်အရေးသာနေခဲ့ရပေမဲ့လည်း ဒီလိုမျိုးကံဆိုးမှုတစ်ခု ကျရောက်လာလိမ့်မယ်လို့ သူ့အနေနဲ့ ထင်မှတ်မထားခဲ့ပေ။
“ချီယန်… ဒါကအားလုံးပြီးဆုံးသွားခဲ့ပြီ… ငါတို့တွေ ပြန်ဆုတ်သင့်တယ်…” ဇောင်ရှန်းလွန်နဲ့ ကျန်တဲ့မူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက်တို့က ချီယန်ရဲ့နောက်မှာ ပေါ်ထွက်လာခဲ့ကြပြီး သူတို့ရဲ့အမူအယာတွေက ပျက်ယွင်းလို့နေရပေသည်။
အခုအချိန်မှာအနိုင်ရလဒ်က ဇူအင်ပါယာဘက်ကို စတင်ပြီးယိမ်းယိုင်သွားခဲ့ရပြီဖြစ်သည်။
ချီယန်ရဲ့မျက်နှာက ဒေါသကြောင့်မတည်ငြိမ်နိုင်အောင်ဖြစ်သွားခဲ့ရသည်။ သူက ‘ဇူ’ဆိုတဲ့နာမည်နေရာမှာ ‘ချီ’ဆိုပြီးပြောင်းလဲနိုင်ဖို့အတွက် နှစ်ပေါင်းများစွာကြိုးစားအားထုတ်ပြီး ကြံစည်ထားခဲ့ရသည်။ သို့ပေမဲ့လည်း ဒီလိုနှစ်ပေါင်းများစွာကြံစည်ထားခဲ့ရတဲ့ အစီအစဉ်အားလုံးက အခုချိန်မှာ အငွေ့ပျံပျောက်ကွယ်သွားခဲ့ရပြီဖြစ်ကာ ဒီနေ့ကိုကျော်လွန်သွားခဲ့ပြီးတဲ့နောက် ဇူအင်ပါယာအတွင်းမှာ သူ့အတွက်နေရာရှိလိမ့်တော့မည်မဟုတ်ပေ။
အဝေးမှာရှိနေသည့် ဇူချင်က လေထဲမှာရပ်တန့်နေလျက်မှပင် မီးလျှံကိုးမျိုးလှံကိုဝှေ့ယမ်းပြလိုက်ပြီး ကြောက်စရာကောင်းလောက်သည့်အမူအယာဖြင့်ပြောလိုက်သည်… “ဟမ့်… ငါကမင်းတို့လိုပုန်ကန်သူတွေကို ဒီနေ့မှာ လွယ်လွယ်ကူကူနဲ့ ထွက်ပြေးလွတ်မြောက်သွားစေလိမ့်မယ်လို့ ထင်နေကြတာလား…”
ဝေကန်းလန်၊ အဆိပ်ဘုရင်၊ ငွေရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့်ဇူယွမ်နဲ့ ထန်ထန်တို့က သူ့ရဲ့နောက်မှာစုစည်းလာခဲ့ကြပြီး သူတို့ရဲ့မျက်လုံးတွေက ချီယန်တို့လူစုအပေါ်ကို မမှိတ်မသုန်စိုက်ကြည့်နေလျက်ရှိကြသည်။
ချီယန်ရဲ့ မျက်နှာကမဲ့ရွဲ့သွားခဲ့ကာ ပြန်ပြောလိုက်သည်… “အရမ်းကြီးလည်းပျော်မနေနဲ့ဦး ဇူချင်… အခုချိန်ထိ ဘယ်သူရှုံးမယ် ဘယ်သူနိုင်မယ်ဆိုတာ မသေချာသေးပါဘူး…”
သူ့ရဲ့စကားတွေပျောက်ကွယ်သွားတဲ့နောက်မှာ ချီယန်ရဲ့လက်ကတစ်ချက်လှုပ်ရှားသွားခဲ့သလို ရွှေရောင်အလင်းတစ်ခုက သူ့လက်ထဲမှာ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်အလင်းတွေထွက်ပေါ်လာခဲ့သကဲ့သို့ ထိုအလင်းထဲမှ အံ့အားသင့်စရာကောင်းတဲ့ဖိအားတစ်ခု ပျံ့နှံ့ထွက်ပေါ်လာခဲ့ရသည်။
ထိုဖိအားက ဘုရင်တစ်ပါးရဲ့အရှိန်အဝါအလား ကျယ်ပြန့်ကာအဆုံးမရှိပေ။
လူတိုင်းကကြည့်လိုက်မိသည့်အခါ ရွှေရောင်းအလင်းတွေကြားထဲမှာ စာလိပ်တစ်ခုကို မြင်တွေ့လိုက်ကြရသည်။
ဇောင်ရှန်းလွန်တို့တစ်သိုက် အံ့အားသင့်တုန်လှုပ်သွားခဲ့ရပြီး ထိတ်လန့်တကြားအော်ဟစ်လိုက်မိကြသည်… “ဒါက… ဒါကဝူဘုရင်ရဲ့အင်ပါယာအမိန့်တော်လား…”
စာလိပ်ထံမှထွက်ပေါ်လာသည့် အရှိန်အဝါက သူတို့တွေနှင့် ရင်းနှီးမှုရှိလှပေသည်။ ၎င်းကဝူအင်ပါယာရဲ့ ဝူဘုရင်ကသူတို့ရှေ့မှောက်မှာ ကိုယ်တိုင်ရောက်ရှိနေသည့်အလားပင်။
“မင်းက ဝူဘုရင်ရဲ့အင်ပါယာအမိန့်တော်ကို အမှန်တကယ်ပဲပိုင်ဆိုင်ထားခဲ့တာလား…” ချီယန်ကိုကြည့်နေသည့် ဇောင်ရှန်းလွန်ရဲ့မျက်လုံးတွေထဲမှာ အားကျမနာလိုမှုတို့ဖြင့် ပြည့်နှက်နေရ၏။ ဝူဘုရင်၏အင်ပါယာအမိန့်တော်ဆိုသည်က သာမန်အင်ပါယာအမိန့်တော်တစ်ခုမဟုတ်ပေ။ အတိအကျပြောရရင် ၎င်းက ဝူဘုရင်ကိုကိုယ်စားပြုလေသည်။ ၎င်းကထူးခြားလှသည့် မူလရတနာတစ်ခုဖြစ်ကာ ၎င်းရဲ့အထဲမှာ ဝူဘုရင်ရဲ့စိတ်စွမ်းအားနဲ့ ဝူအင်ပါယာရဲ့ကောင်းချီးပေးမှုတို့ အပြည့်အဝပါဝင်နေပေသည်။
များစွာသောစစ်တပ်ခေါင်းဆောင်တွေနဲ့ ဝူအင်ပါယာရဲ့ကြီးမြတ်တဲ့ဝန်ကြီးတွေတောင်မှပင် ၎င်းကိုပိုင်ဆိုင်ထားတဲ့လူရဲ့ရှေ့ကိုရောက်သည့်အခါ ဦးညွှတ်အရိုအသေပြုရပေသည်။
အရေးအကြီးဆုံးက ဝူဘုရင်ရဲ့အင်ပါယာအမိန့်တော်က မယုံကြည်နိုင်လောက်စရာကောင်းတဲ့စွမ်းအားကို ပိုင်ဆိုင်ထားသည့် ဝူဘုရင်၏ပုံရိပ်ယောင်တစ်ခုကို ဆင့်ခေါ်နိုင်တဲ့စွမ်းရည်ရှိခြင်းပင်ဖြစ်သည်။
ထို့ကြောင့်ပင် ဝူဘုရင်ရဲ့အင်ပါယာအမိန့်တော်က ရူးသွပ်ချင်စရာကောင်းလောက်အောင် တန်ဖိုးရှိလှကာ ၎င်းကိုဖန်တီးနိုင်ဖို့အတွက်လည်း လွန်စွာခက်ခဲရပေသည်။ ဝူအင်ပါယာထဲမှာတောင်မှပင် ဒီလိုအရာမျိုးကိုရရှိထားတဲ့ နောက်ထပ်လူတစ်ယောက်ကို ရှာတွေ့နိုင်ဖို့ဆိုတာက အလွန်ပင်ရှားပါးလှသည်။
ချီယန်မှာ ဒီလိုအရာမျိုးတစ်ခုကို ရရှိထားလိမ့်မယ်လို့ ဘယ်သူမှထင်မထားမိခဲ့ပေ။
ချီယန်ရဲ့လက်ထဲမှာရှိနေသည့် ရွှေရောင်အင်ပါယာအမိန့်တော်ထံမှ ဘုရင်တစ်ပါးရဲ့အရှိန်အဝါအငွေ့အသက်တွေကို ထုတ်လွှတ်နေကာ ၎င်းကိုခံစားမိလိုက်သည့်လူတိုင်းအား ဒူးထောက်ခစားစေလိုသည့် ခံစားချက်တွေ ဖြစ်ပေါ်သွားစေခဲ့သည်။
သို့ပေမဲလည်း ရွှေရောင်အင်ပါယာအမိန့်တော်ကို ကြည့်နေသည့် ဇူချင်ရဲ့မျက်လုံးတွေထဲမှာ ထိတ်လန့်စရာကောင်းလောက်သည့် အေးစက်မှုတွေ ထွက်ပေါ်လာခဲ့ရသည်။ ချီယန်က ဝူဘုရင်ရဲ့အင်ပါယာအမိန့်တော်ကို ဇူအင်ပါယာကိုပြသဖို့ ယူဆောင်လာခဲ့တာလား။
“ဇူချင်… ငါ့အနေနဲ့ အရင်တုန်းက ဒီရတနာကိုအသုံးပြုဖို့ ဆန္ဒမရှိခဲ့ဘူး… ဒါပေမဲ့ အခုငါ့မှာရွေးချယ်စရာမရှိတော့တဲ့အတွက် ဒါကိုထုတ်သုံးရတော့မယ်…” ချီယန်က အံကိုတင်းတင်းကြိတ်ကာပြောလိုက်သည်။ ဝူဘုရင်ရဲ့အင်ပါယာအမိန့်တော်က တစ်ကြိမ်သာအသုံးပြုလို့ရသည့်ပစ္စည်းတစ်ခုဖြစ်ကာ ၎င်းကိုအသုံးပြုလိုက်ပြီး မကြာမီမှာ ပျောက်ကွယ်သွားရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်ပင် ချီယန်က၎င်းကို နောက်ဆုံးမျှော်လင့်ချက်တစ်ခုအဖြစ် အသုံးပြုပေလိမ့်မည်။
ချီယန်က ဇူချင်ကိုစိုက်ကြည့်နေသကဲ့သို့ သူ့ရဲ့မျက်နှာထက်မှာလည်း လှောင်ပြောင်သရော်လိုမှုတို့ ထင်ဟပ်နေလျက်ရှိသည်။
“ဇူချင်… မင်းကဝူဘုရင်ကို ရှုံးနိမ့်သွားခဲ့ရတဲ့အချိန်တုန်းက မင်းရဲ့လက်တစ်ဖက်က ဖြတ်တောက်ခြင်းခံခဲ့ရသလို မင်းရဲ့စွမ်းအားကိုလည်း ကျဆင်းသွားစေခဲ့ရတယ်… အဲ့ဒီအချိန်ကနေစပြီးတော့ ဒီနေ့အထိအောင် မင်းရဲ့စွမ်းအားတွေပြန်ပြီးမြင့်တက်မလာနိုင်တော့တာက မင်းရဲ့နှလုံးသားထဲမှာ အရိပ်ဆိုးကြီးတစ်ခုအဖြစ်ရှိနေခဲ့ရတယ်… ဒီနေ့ငါကဝူဘုရင်ရဲ့ပုံရိပ်ယောင်ကို အသုံးပြုပြီးတော့ မင်းကိုသတ်ရလိမ့်မယ်…”
“ဝူဘုရင်ကအစစ်အမှန်ဘုရင်တစ်ပါးဖြစ်တဲ့အတွက် မင်းကသူနဲ့ယှဉ်လိုက်တဲ့အခါ ဘယ်လောက်တောင်အသုံးမကျလဲဆိုတာကို ဒီနေ့မှာငါသိချင်နေမိတယ်…”
ချီယန်က ကျယ်လောင်စွာရယ်မောလိုက်သည်။ ထို့နောက်မှာ ချီယန်ကနောက်ထပ်တုန့်ဆိုင်းနေခြင်းမရှိတော့ဘဲ သူ့လက်ထဲမှ ရွှေရောင်စာလိပ်ကိုဖွင့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ထောင်ပေါင်းများစွာသောရွှေရောင်အလင်းတွေ ထွက်ပေါ်လာသကဲ့သို့ ၎င်းရဲ့အထဲမှ မှုန်ဝါးဝါးလူရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုလူရိပ်က လွန်စွာမှပင်မှုန်ဝါးလှပေသည်။ သူက အင်ပါယာပလ္လင်ထက်မှာ ထိုင်နေလျက်ရှိပြီး သူ့ရဲ့မျက်လုံးထဲမှာ ဣဒြေ္နသိက္ခာတွေနဲ့ပြည့်နှက်နေကာ ပလ္လင်ထက်မှနေ အောက်ကိုငုံ့ကြည့်နေလျက်ရှိလေသည်။ သူ့ရဲ့အကြည့်နဲ့ဆုံတဲ့ဘယ်သူမဆို ဘုရင်တစ်ပါးရဲ့အရှိန်အဝါကြောင့် ကြောက်ရွံ့ထိတ်လန့်သွားကြရပေလိမ့်မည်။
ရွှေရောင်လူရိပ်ရဲ့ အံ့အားသင့်စရာအကောင်းဆုံးအရာက သူ့ရဲ့မူလချီလှုပ်ရှားမှုတွေပင်ဖြစ်သည်။ အဆိုပါမူလချီလှုပ်ရှားမှုတွေက မူလစဦးအဆင့် အဆင့် ၅ကိုရောက်ရှိနေသည့် ကျင့်ကြံသူတစ်ယောက်၏စွမ်းအားနှင့် အတူတူပင်ဖြစ်သည်။
လက်ရှိဒီနေရာမှာရှိနေကြသည့် စွမ်းအားမြင့်ကျင့်ကြံသူတွေအကုန်လုံးမှာ ဇူချင်နဲ့ ချီယန်တို့နှစ်ယောက်သာ မူလစဦးအဆင့် အဆင့် ၃မှာရှိနေသည့်ကျင့်ကြံသူတွေဖြစ်ကြကာ ကျန်တဲ့မူလစဦးအဆင့်ကျင့်ကြံသူတွေအားလုံးက အဆင့် ၂တွင်သာ ရှိနေကြသေးသည်။
မူလစဦးအဆင့် အဆင့် ၅ကျင့်ကြံသူတစ်ယောက်က ဒီနေရာမှာရှိနေတဲ့လူတိုင်းကို အလွယ်တကူပင်နင်းခြေနိုင်စွမ်းရှိပေသည်။
ပလ္လင်ထက်မှာရှိနေသည့် ရွှေရောင်လူရိပ်က ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်သော်လည်း ၎င်းကနေရာတစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။
“ဒါက… ဝူဘုရင်လား…”
ဇူယွမ်ကလည်း ရွှေရောင်လူရိပ်ကို စေ့စေ့စပ်စပ်ကြည့်နေလိုက်ပြီး သူ့ရဲ့လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်လိုက်မိသလို သူ့ရဲ့မျက်လုံးထဲမှာလည်း အေးစက်မှုတွေစီးဆင်းသွားခဲ့ရသည်။ ထိုလူက သူ့ရဲ့မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုကို ခိုးယူသွားခဲ့သည့်အပြင် သူ့ကိုနှစ်ပေါင်းများစွာကြာအောင် သေလုမြောပါးခံစားစေခဲ့ရသူဖြစ်သည်။ ဒီလူက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ နဂါးရဲ့ခါးသီးမှုတွေကို ထည့်သွင်းခဲ့ကာ နဂါးဒေါသအဆိပ်ကိုဖြစ်စေခဲ့သူဖြစ်သည်။
“ဝူဘုရင်… ဝူရွှမ်း…”
ဇူယွမ်ရဲ့ရှေ့မှာရှိနေသည့် ဇူချင်ရဲ့ခန္ဓာကိုယ်က တုန်ခါလာခဲ့ပြီး သွေးကြောတွေထောင်ထလာခဲ့ကာ သူ့ရဲ့မျက်လုံးတွေက ရွှေရောင်လူရိပ်ထံ မမှိတ်မသုန်စိုက်ကြည့်နေလျက်ရှိလေသည်။ အတိတ်တုန်းက သူနဲ့ဝူဘုရင်တို့ဟာ ဇူအင်ပါယာမြို့တော်ရဲ့အပြင်ဘက်မှာ တိုက်ခိုက်ခဲ့ကြပြီး သူ့ရဲ့လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသလို သူ့ရဲ့သားဖြစ်သူထံမှ မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုတောင်မှပင် ခိုးယူခြင်းခံခဲ့ရလေသည်။
ဒီမြင်ကွင်းတွေက သူ့ရဲ့မှတ်ဉာဏ်တွေထဲကနေ နောက်တစ်ကြိမ်ပြန်လည်ထွက်ပေါ်လာခဲ့ရပြီး ထိုအဖြစ်အပျက်တွေက အခုချိန်အထိအောင် သူ့ကိုအလွန်အမင်းနာကျင်ခံစားနေရစေတုန်းပင်ဖြစ်သည်။
ဇူချင်ရဲ့အမူအယာကို မြင်လိုက်ရသည့်အခါ ဇူယွမ်ရဲ့မျက်လုံးတွေထဲမှာ ကျေနပ်နေမှုတို့ထင်ဟပ်လာခဲ့ရသည်။ ထိုအခိုက်အတန့်တွင် ရွှေရောင်အင်ပါယာအမိန့်တော်ထံမှ ထွက်ပေါ်လာခဲ့သည့်ပုံရိပ်ယောက်က ရက်စက်ကြမ်းကြုတ်တဲ့အပြုံးတစ်ခုနဲ့အတူ ပလ္လင်ထက်မှ ဖြည်းညှင်းစွာထရပ်လာခဲ့သည်။ ကောင်းကင်ကိုပင် တုန်လှုပ်သွားစေနိုင်လောက်သည့် အံ့အားသင့်စရာကောင်းလှတဲ့မူလချီလှိုင်းတွေက ၎င်းရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ဇူယွမ်ရဲ့အမူအယာက အလွန်အမင်းလေးနက်တည်ကြည်သွားခဲ့သည်။ မူလစဦးအဆင့် အဆင့် ၅ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအားက အခြေအနေအားလုံးကို နောက်တစ်ကြိမ်ပြောင်းလဲသွားစေနိုင်ဖို့ လုံလောက်ပေသည်။
သူကဝေကန်းလန်နဲ့ ကျန်တဲ့လူအားလုံးကိုကြည့်လိုက်ပြီး လေးနက်တဲ့လေသံဖြင့်ပြောလိုက်သည်… “ငါတို့တွေ အတူတူဝိုင်းတိုက်ကြမယ်… ဒီအင်ပါယာအမိန့်တော်ရဲ့ စွမ်းအားကမြင့်မားပေမဲ့လည်း ဒါကအချိန်အကြာကြီး တည်ရှိနေနိုင်မှာမဟုတ်ဘူး…”
အခြားလူတွေကလည်း ခေါင်းညိတ်ကာထောက်ခံလိုက်ကြသည်။ သူတို့တွေထဲက ဘယ်သူမဆို မူလစဦးအဆင့် အဆင့် ၅ကျင့်ကြံသူတစ်ယောက်နဲ့ တစ်ယောက်ချင်းရင်ဆိုင်ရမယ်ဆိုရင် သေချာပေါက်အသတ်ခံရပေလိမ့်မည်။
သို့ပေမဲ့လည်း သူ့တို့ရဲ့ခန္ဓာကိုယ်တွေမှ မူလချီတွေကို ထုတ်ဖော်လိုက်စဉ်မှာပင် ရှေ့မှာရှိနေသည့် ဇူချင်ကလက်ကာပြလိုက်ပြီး သူတို့ကိုဟန့်တားလိုက်သည်။
“အရှင်မင်းကြီး…” ဝေကန်းလန်က ဇူချင်အား စိုးရိမ်တကြီးကြည့်လိုက်မိသည်။
ဇူယွမ်သည်လည်းအလားတူပင် ဇူချင်ကို ကြည့်လိုက်သည်။
ဇူချင်ရဲ့လက်က မီးလျှံကိုးမျိုးလှံကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သလို သူ့ရဲ့ခန္ဓာကိုယ်ကလည်း အဆက်မပြတ်တုန်ခါနေလျက်ရှိသည်။ သူ့ရဲ့မျက်လုံးထဲမှာ သွေးကြောတွေထွက်ပေါ်လာခဲ့ရသကဲ့သို့ သူကရွှေရောင်လူရိပ်ကို စိုက်ကြည့်လိုက်မိသည်။
ထို့နောက်မှ သူ့ရဲ့ပါးစပ်ဖျားမှ အက်ကွဲနေတဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့ရသည်။
“ငါသူ့ကိုရင်ဆိုင်မယ်…”
ဇူချင်ရဲ့စကားကိုကြားလိုက်ရသည့်အခါ ဝေကန်းလန်ရဲ့အမူအယာက ပြောင်းလဲသွားခဲ့ပြီး ပြောလိုက်သည်… “ကျေးဇူးပြုလို့ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ အရှင်မင်းကြီး… ဒီအင်ပါယာအမိန့်တော်ရွှေရောင်လူရဲ့ကျင့်ကြံခြင်းအဆင့်က မူလစဦးအဆင့် အဆင့် ၅မှာရှိနေတယ်…”
လက်ရှိဇူချင်ရဲ့ကျင့်ကြံခြင်းအဆင့်က မူလစဦးအဆင့် အဆင့် ၃တွင်သာ ရှိနေပေသည်။
ဇူယွမ်ရဲ့အမူအယာကလည်း ချက်ချင်းဆိုသလိုပင် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရသည်။
ဇူချင်က သူ့ရဲ့ခေါင်းကိုဖြည်းညှင်းစွာလှည့်လိုက်ပြီး ဇူယွမ်ကိုကြည့်လိုက်သလို သူ့ရဲ့အက်ကွဲနေတဲ့လေသံဖြင့် ပြောလိုက်သည်… “အတိတ်တုန်းက အရှုံးဟာငါရဲ့ရင်ထဲမှာ အရိပ်တစ်ခုအဖြစ်ကျန်နေခဲ့ရတယ်… အဲ့ဒီနေ့ကစပြီးတော့ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က များစွာကျဆင်းသွားခဲ့ရပြီး တိုးတက်လာခဲ့ခြင်းမရှိတော့ဘူး…”
“ဒါကိုငါကိုယ်တိုင်ရင်ဆိုင်ဖို့လိုအပ်တယ်… ဒီလိုမှမဟုတ်ရင် ငါ့အနေနဲ့ ရှေ့ကိုနောက်ထပ်ခြေတစ်လှမ်းလှမ်းနိုင်ဖို့ ဘယ်တော့မှဖြစ်လာနိုင်လိမ့်တော့မှာမဟုတ်ဘူး…”
ဇူယွမ်က ရုတ်တရက်မသက်မသာခံစားလိုက်ရသလို ဇူချင်ရဲ့သွေးရောင်လွှမ်းနေသည့်မျက်လုံးတွေကို ကြည့်လိုက်မိသည်။ ဇူချင်တစ်ယောက်နှစ်ပေါင်းများစွာကြာအောင် ဒီအရိပ်ဆိုးကြီးရဲ့အောက်မှာ ခက်ခက်ခဲခဲရှင်သန်နေထိုင်ခဲ့ရလဲဆိုတာကို သူကဘယ်လိုလုပ်နားမလည်ဘဲနေလိမ့်မည်နည်း။
အခုအချိန်မှာ အင်ပါယာအမိန့်တော်ထဲမှ ရွှေရောင်လူရိပ်ထွက်ပေါ်လာခဲ့ရခြင်းက ဇူချင်အတွက် ဒီအရိပ်ဆိုးကြီးကို ဖျောက်ဖျက်နိုင်ဖို့ အခွင့်အရေးတစ်ခုမဟုတ်ပေဘူးလား။
သို့ပေမဲ့လည်း ဒီအခွင့်အရေးက ဆုံးရှုံးသွားရနိုင်ပေသည်။ အဲ့ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ဇူချင်အနေနဲ့ ဒီအရိပ်ဆိုးကြီးအောက်ကနေ ဘယ်တော့မှရုန်းထွက်လာနိုင်လိမ့်တော့မည်မဟုတ်ပေ။
ဒီလိုဆုံးဖြတ်ချက်ကို ချနိုင်ဖို့အတွက် သတ္တိတွေဘယ်လောက်တောင် လိုအပ်လိမ့်မည်နည်း။
ဇူယွမ်ကိုကြည့်နေတဲ့ ဇူချင်ရဲ့မျက်လုံးတွေထဲမှာ နွေးထွေးမှုတွေ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထို့နောက်မှာ သူကဇူယွမ်ရဲ့ပခုံးကို ညင်သာစွာပုတ်လိုက်ပြီး ပြုံး၍ပြောလိုက်သည်… “အရင်တုန်းက အဖေ့ရဲ့အသုံးမကျမှုကြောင့် သားကိုကာကွယ်မပေးနိုင်ခဲ့ဘူး… ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူကသားကို ထိခိုက်နာကျင်စေမှာကို အဖေကခွင့်ပြုပေးလိမ့်တော့မှာမဟုတ်ဘူး…”
ဒီအရာက အဖေတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့နောက်ဆုံးသောမာနတရားပင်ဖြစ်သည်။
ဒီစကားတွေကိုပြောလိုက်ပြီးနောက်မှာ ဇူချင်ကထပ်မံ၍အချိန်ဖြုန်းလိုခြင်းမရှိတော့ပေ။ သူ့လက်ထဲမှ မီးလျှံကိုးမျိုးလှံကိုဆတ်ခနဲလှုပ်ရှားလိုက်ပြီး သူကလှံတံရဲ့ထိပ်ဖျားကို ဝူဘုရင်ရဲ့ရွှေရောင်ပုံရိပ်ထံသို့ ဖြည်းညှင်းစွာချိန်ရွယ်လိုက်လေသည်။
“လာစမ်းပါ ဝူရွှမ်း…”