ဧကရာဇ်လျိုက ဝန်ကြီးချုပ်ဟွာအား နန်ဒူနန်းတော်ကို စောင့်ကြည့်ရန် စေလွှတ်ခဲ့ပြီး ရှာဖန်နှင့် သူ့တိုက်ခိုက်ရေးအဖွဲ့အား ကု့ချင်းဥယျာဉ်ကို စောင့်ကြပ်စေခဲ့သည်။ သူတို့က ဟွာဂျီယူနှင့် ရီဖူရှင်းတို့၏ခုခံမှုကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူတို့က ပုန်ကန်ခဲ့လျှင် ထိုနေရာတွင်ပင် သတ်မည့် အစီအစဉ်ပင်ဖြစ်သည်။
ထို့နောက် ဝန်ကြီးချုပ်ဟွာက နန်ဒူနန်းတော်တွင် ရီဖူရှင်းကို စောင့်နေခဲ့သည်။ သူက နန်ဒူတိုင်ကို ရီဖူရှင်းအား ဝင်ခွင့်ပေးရန် အမိန့်ပေးခဲ့သည်။ ရီဖူရှင်းအား သူ့ထောင်ခြောက်ထဲသို့ ဝင်ရန် စောင့်ဆိုင်းနေခဲ့၏။
ဧကရာဇ်အမိန့်တော်မှာ ရီဖူရှင်းနှင့် ဟွာဂျီယူအတွက် သေဒဏ်နှင့် မခြားပေ။ ဝန်ကြီးချုပ်ဟွာက အရာအားလုံးမှာ သူ့ထိန်းချုပ်မှုအောက်တွင် ရှိသည်ဟု ယုံကြည်ထားသည်။ အကြီးအကဲချင်က သူ့အသက်နှင့်ရင်း၍ ပျက်စီးခြင်းကမ္ဘာ ကဲ့သို့သော စွမ်းအားပြင်း သီချင်းအား တီးခတ်ခဲ့သည့်တိုင်အောင် ရလဒ်မှာ ပြောင်းလဲမည် မဟုတ်ပေ။ ဝန်ကြီးချုပ်ဟွာ လုံးဝ မမျှော်လင့်ထားမိသော တစ်ခုတည်းသော အကြောင်းအရာမှာ ရီဖူရှင်းက သူ့အရည်အချင်းများအား ထုတ်ဖော်ကာ နန်ဒူတိုင်အား ပုန်ကန်ရန် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ နန်ဒူတိုင်ကလည်း အမှန်တကယ်ပင် တွေဝေခဲ့သည်။
ထိုအချိန်တွင် အရှေ့ပင်လယ်ဒေသမှ ရှာဖိန်၏တိုက်ခိုက်ရေးအဖွဲ့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့အားလုံးက သူတို့ရှေ့မှ လူသုံးယောက်အား စိုက်ကြည့်နေကြသည်။ မှန်သည် ရှာဖန်သည်လည်း ထိုအုပ်စုထဲတွင် ပါဝင်သည်။ သူက ရီဖူရှင်း သေသည်ကို တွေ့မြင်လိုသည်။
“သူတို့ကို သတ်… ဒါပေမဲ့ မိန်းကလေးကို ထားခဲ့…” ရှာဖန်က ကောက်ကျစ်စွာ ပြုံးလျက် ပြောသည်။ တိုက်ခိုက်ရေးအဖွဲ့ ချက်ချင်းပင် ရှေ့မှလူသုံးယောက်ထံသို့ ပြေးဝင်သွားကြသည်။ နန်ဒူဝန်ယမ်က လူငယ်နှစ်ယောက်၏ရှေ့မှ ရပ်လိုက်သည်။ အလွန်အားပြင်းသော စိတ်ဝိညာဉ်အားလှိုင်း ထွက်ပေါ်လာသည်။ သူမ၏ရှည်လျားသော ဆံပင်များက လေထဲတွင် လူးလွင့်နေသည်။ တိုက်ခိုက်ရေးအဖွဲ့မှ လူများ၏လက်ထဲမှ လက်နက်များက တဖြည်းဖြည်း တုန်ခါလာကာ ထွက်ပြေးတော့မည့်ဟန်ဖြင့် ရုန်းကန်လာကြသည်။ အားနည်းသော တန်ခိုးရှင်များက လက်နက်များကို ထိန်းချုပ်ရတော့ဟန်မတူဘဲ သူတို့၏လက်နက်များအား လက်လွှတ်လိုက်ရသည်။ ထို့နောက် ထိုလက်နက်များက သူတို့၏ပိုင်ရှင်များအား ပြန်လည် တိုက်ခိုက်ကြသည်။
“သေစမ်း…” အကာနာအဆင့် တန်ခိုးရှင်တစ်ယောက်က အော်ဟစ်ကာ မှော်တိုက်ကွက် တစ်ကွက် ထုတ်လွှတ်လိုက်သည်။
ထိုစဉ်မှာပင် အဝေးတစ်နေရာမှ လျှပ်စီးအလား မိန်းမ တစ်ယောက် လျင်မြန်စွာ ပျံသန်းလာသည်။ မှော်တိုက်ကွက်က နန်ဒူဝန်ယမ်ထံ ရောက်ရှိလာသော်လည်း သူမအနီးကို ရောက်ရှိလာသော မိန်းမက ဘန်းခနဲ ကျယ်လောင်သော အသံနှင့်အတူ ဖျက်ဆီးပစ်လိုက်သည်။ နန်ဒူဝန်ယမ်၏ဘေးကို လှပသော မိန်းမတစ်ယောက် ရောက်ရှိလာသည်။ သူမကား တန်လန်ဖြစ်သည်။
“ကျေးဇူးပဲ…” နန်ဒူဝန်ယမ်က ပြောသည်။
“ငါနင့်ကို ကယ်မလို့ လုပ်နေတာ မဟုတ်ဘူး…” တန်လန်က ပြောသည်…“ တိုက်ကြမယ်…”
နန်ဒူဝန်ယမ်က ခေါင်းညိတ်လိုက်သည်။ သည်မိန်းမနှစ်ယောက်က အချစ်ပြိုင်ဘက်များ ဖြစ်ခဲ့ကြသော်လည်း ယခု ဘေးချင်းကပ်၍ တိုက်ခိုက်ကြရတော့မည် ဖြစ်သည်။ သူမတို့နှစ်ယောက်လုံး၏ သက်စောင့်ဝိညာဉ်များ ထွက်ပေါ်လာသည်။ နန်ဒူဝန်ယမ်၏ သက်စောင့်ဝိညာဉ်ကား တောက်ပသည်။ သို့သော် ထူးဆန်းအံ့ဖွယ် ကောင်းသည်။ ထိုအရာကား သရဖူ ဖြစ်သည်။ သရဖူက သူမ၏ခေါင်းတွင် ဆောင်းထားသောအခါ သူမကား ဘုရင်မနှင့်တူသည်။ အားပြင်းလှသော စိတ်ဝိညာဉ်စွမ်းအားများ ထုတ်လွှတ်လိုက်ပြီး အကာနာအဆင့်အောက်မှ တန်ခိုးရှင်များ၏ လက်နက်များ အားလုံးက သူတို့၏ လက်နက်များအားလုံး အပြင်းအထန် တုန်ခါလာသည်ကို ခံစားလိုက်ကြရသည်။
တန်လန်က နန်ဒူဝန်ယမ်ကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများတွင် အားကျခြင်း မနာလိုခြင်းများ ရှိနေသည်။ နန်ဒူဝန်ယမ်မှာ တော်ဝင်မိသားစု၏ တိုက်ရိုက်ဆက်ခံသူဖြစ်ပြီး သူမထက် နူးညံ့သိမ်မွေ့လှသည်။ တန်လန်၏ သက်စောင့်ဝိညာဉ်ကား ပိုမို၍ ကြမ်းတမ်းသည်။ သူမ၏ သက်စောင့်ဝိညာဉ်ကား ကျားမဖြစ်သည်။ သူမ၏ သက်စောင့်ဝိညာဉ်နှင့် ပတ်သက်၍ ထူးခြားသည်ကား အတော်ပံများ ပါဝင်ခြင်း ဖြစ်သည်။ အမှန်တကယ်ကား သာမန်ကျားမဟုတ်ပေ။ တန်လန်၏ သက်စောင့်ဝိညာဉ်မှာ ကျားဘုရင်မဖြစ်၏။
“တန်လန်… ဟွာဖန်းလူက နန်ဒူဝန်ယမ်ကို ရွေးပြီး နင့်ကို ဘာလို့ မရွေးတာလဲ သိလား… နင့်ရဲ့ သက်စောင့်ဝိညာဉ်ကို ကြည့်စမ်း…” အကာနာအဆင့် တန်ခိုးရှင်တစ်ယောက်က သရော်လိုက်သည်။
“ရှင် သေချင်နေတာလား…” တန်လန်က မေးလိုက်သည်။ သူမ အမုန်းဆုံး အရာတစ်ခုမှာ လူများက သူမ၏သက်စောင့်ဝိညာဉ်နှင့်ပတ်သက်၍ စော်ကားကြခြင်း ဖြစ်သည်။
“ကျားမက ဒေါသထွက်နေတာလား…” ထိုလူက ရယ်မောလိုက်သည်။ သူက တမင်ပင် တန်လန်ကို ရန်စနေခြင်း ဖြစ်သည်။
ဝေါင်း… သူမ၏ သက်စောင့်ဝိညာဉ် ကျားဘုရင်မက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် ကျားဘုရင်မပုံရိပ်က အကာနာအဆင့် တန်ခိုးရှင်အား ခုန်အုပ်လိုက်သည်။ တန်လန်ကလည်း ရှေ့ကို လှမ်းခုန်လိုက်လျှင် ကျားဘုရင်မပုံရိပ်နှင့် သူမ၏ခန္ဓာတို့ ပူးကပ်သွားသည်။ သူမ၏အတောင်ပံများက အလင်းရောင်များဖြင့် ဖြာထွက်နေပြီး ကျားပုံရိပ်များစွာ ဖြစ်ပေါ်လာသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် တိုက်ခိုက်ရေးအဖွဲ့မှ လူများ လွင့်စဉ်သွားကာ သွေးညှီနဲ့များ လွှမ်းခြုံသွားသည်။
တစ်ချိန်တည်းမှာပင် နန်ဒူဝန်ယမ်က နောက်မှ ထိန်းချုပ်သည်။ သူမကား စွမ်းအားမြင့်သော စိတ်ဝိညာဉ်သုံး တန်ခိုးရှင်ဖြစ်ပြီး ရန်သူအား ထိန်းချုပ်နိုင်စွမ်းရှိသည်။
ဟွာဂျီယူက သူမ၏အမေနှင့် ဟွာဖန်းလူတို့၏ ပါရမီများကို ဆက်ခံရရှိထားသည်။ ထို့ကြောင့် သူမ၏စွမ်းရည်များမှာ အနည်းငယ်ကွဲပြားသည်။
“သူတို့ကို ဝိုင်းထားစမ်း…” ရှာဖန်က အုပ်စု၏နောက်ဘက်ကို ဆုတ်ခွာရင်း အမိန့်ပေးသည်။ တိုက်ခိုက်ရေးသမားများက ရှေ့ကို တက်သွားကြသည်။ မှော်သိုင်းကွက်များ ထုတ်လွှတ်သော်လည်း သူမတို့က အလွယ်တကူပင် ပယ်ဖျက်နိုင်သည်။ သူတို့က သူမတို့နှစ်ယောက်အား ဝိုင်းရန် ကြိုးစားသောအခါ ပိုမို၍ပင် ထိန်းချုပ်ရ ခက်ခဲလာသည်။
ရီဖူရှင်းက ထိုမြင်ကွင်းအား ကြည့်လိုက်သည်။ ထို့နောက် သူ့ကျောမှ အတောင်ပင်များ ထွက်ပေါ်လာကာ ဟွာဂျီယူအား သယ်ဆောင်လျက် ထွက်ပြေးရန် ကြိုးစားသည်။ သူတို့သာ သည်နေရာတွင် ဆက်နေခဲ့ပါက နန်ဒူဝန်ယမ်နှင့် တန်လန်တို့အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်မည်ကို သူသိသည်။ သူမတို့အား မည်သို့မှ အကူအညီရမည် မဟုတ်ပေ။
ရှာဖန်က လူတစ်စုအား တန်လန်နှင့် နန်ဒူဝန်ယမ်တို့အား ဝိုင်းထားစေပြီး ရီဖူရှင်းနောက်အား လူတချို့ဖြင့် လိုက်ကြသည်။ နန်ဒူဝန်ယမ်နှင့် တန်လန်တို့မှာ လူအုပ်ကြားထဲ ပိတ်မိနေသည်။ သူတို့က ပြေးလမ်းရရန် အနီးမှလူများအား တိုက်ခိုက်သော်လည်း ရန်သူများက သူမတို့၏အကြံအစည်ကို သိနားလည်ဟန်တူကာ အမှန်တကယ် ရင်ဆိုင်ခြင်းမရှိဘဲ ပြေးလမ်းကိုသာ ပိတ်ရန် ကြိုးစားကြသည်။
ရှာဖန်က ရီဖူရှင်း၏ပြေးနေသော နောက်ကျောကိုကြည့်ကာ သူ့လူများနှင့် ဆက်လိုက်သည်။ သူ့မျက်နှာပေါ်မှ ကောက်ကျစ်သော အပြုံးက ပိုမို ပီပြင်လာသည်။ များစွာသော လူကြီးများက သတ်ရန် လိုက်နေသော ရီဖူရှင်းမှာ သူ့လက်ထဲတွင် အဆုံးသတ်ရလိမ့်မည်ကို ရှာဖန်တွေးကာ ပိုမို၍ စိတ်လှုပ်ရှားလာသည်။
“ပြေးဖို့ ကြိုးစားနေတုန်းလား…” ရှာဖန်က ရီဖူရှင်းအား ကစားနေသည်။ ရှာဖန်၏ဘေးမှ ဓမ္မအဆင့် တန်ခိုးရှင်များက လျင်မြန်စွာပင် ရီဖူရှင်းအား ပိတ်ဆို့ထားကြသည်။
ယခုကား ကု့ချင်းဥယျာဉ်မှ လူများအားလုံးမှာ တိုက်ပွဲထဲကို ရောက်ရှိနေကြပြီ ဖြစ်သည်။ လူငယ်များသာလျှင် ဝင်ရောက် တိုက်ခိုက်ခြင်း မရှိကြသေးပေ။ မည်သူက ရီဖူရှင်းကို ကယ်တင်မည်နည်း။
ရီဖူရှင်းက နောက်လှည့်၍ ရှာဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။ ချင်းကျူမြို့တွင် ရှာဖန်ကြောင့် သူသေလုနီးပါး ဖြစ်ခဲ့သည်။ ယခု ဒွန်ဟိုင်မြို့မှာပင်လျှင် တူညီသော အခြေအနေကို ရောက်ရှိနေသည်။
“အရမ်းလှတာပဲ…” ရှာဖန်က ရီဖူရှင်း၏ရင်ခွင်ထဲမှ မိန်းကလေးအား ကြည့်ကာ ပြောသည်။ ဟွာဂျီယူက သူ့အား အေးစက်စွာကြည့်ကာ သူမ၏အကြည့်အား လွှဲလိုက်သည်။
“ရီဖူရှင်းကို သတ်…” ရှာဖန်က အမိန့်ပေးသည်။ အကာနာအဆင့် တန်ခိုးရှင် အများအပြားက ရီဖူရှင်းထံ ခုန်ဝင်လိုက်ကြသည်။
တရွှီရွှီအသံများ ထွက်ပေါ်လာကာ ကောင်းကင်တွင် အလွန်တောက်ပသော ကမ္ဘာသစ်ပင်ပေါ်လာသည်။ ချက်ချင်းပင် ကမ္ဘာသစ်ပင်က ပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များအား အားကောင်းစွာ စုပ်ယူကြသည်။ နန်ဒူနန်းတော်တွင် သူက ကမ္ဘာသစ်ပင်အား ထုတ်မပြခဲ့ခြင်းမှာ သူက အရာအားလုံး ထုတ်ပြရန် မသင့်သေးကြောင်း စဉ်းစားမိ၍ ဖြစ်သည်။ ထို့အပြင် သူ့မွေးစားအဖေက ထွက်ပေါ်လာကာ သူ့အား ကယ်တင်မည်ဟု တွေးခဲ့သည်။ သို့သော် သူမှားခဲ့သည်။ သူ့မွေးစားအဖေက အဘယ်ကြောင့် ထွက်ပေါ်မလာသည်ကို သူနားမလည်ပေ။ ယခုအား နောက်ဆုံးအချိန်သို့ ရောက်နေလေပြီ။ လျှို့ဝှက်နေ၍ အပိုပင်။ သူဆက်လက်၍ အသက်ရှင်ရန် ရုန်းကန်ရပေမည်။
ကမ္ဘာသစ်ပင် ထွက်ပေါ်လာမှုက ရှာဖန်အား ထိတ်လန့်စေသည်။ သူ့တွင် နောက်ထပ် သက်စောင့်ဝိညာဉ်တစ်ခု ရှိနေသည်လား။
“ဝန်ကြီးချုပ်ဟွာက မင်းကို ဝန်ကြီးချုပ် အမိန့်ပြားပေးခဲ့တာ မထူးဆန်းဘူးလေ… မင်းက တကယ့်ပါရမီရှင်ပဲ… သနားစရာက မင်းက ဒီနေ့သေရမှာကိုပဲ…” ရှာဖန်က ပြောသည်။ ရီဖူရှင်း၏ခန္ဓာမှ သစ်သားဓာတ် သဘာဝစွမ်းအင်များက အားကောင်းစွာ စုစည်းလာနေကြကာ နွယ်ပင်ပေါင်းများစွာက ဓမ္မအဆင့် တန်ခိုးရှင်များထံသို့ တိုးဝင်သွားသည်။
တန်ခိုးရှင်တစ်ယောက်၏ ဓမ္မကိုနားလည်ခြင်းမှာ မီးပင်လယ်ဖြင့် အရာအားလုံးကို ကျွမ်းလောင်ခြင်း ဖြစ်သည်။ နွယ်ပင်တစ်ထောင် တိုက်ကွက်မှ ထွက်လာသော နွယ်ပင်များမှာ သူ့မီးပင်လယ်တွင် အားလုံး လောင်ကျွမ်းကုန်သည်။ ထို့နောက် ထိုလူ၏လက်ဝါးက ရီဖူရှင်းထံ ရောက်ရှိလာသည်။ ထိုလူကား ဓမ္မအဆင့် တန်ခိုးရှင်ဖြစ်သော်လည်း ရီဖူရှင်းနှင့် သူ့အဆင့်မှ အလွန်ကွာခြားလှသည်။ သူကား ဓမ္မအဆင့်တွင် အမြင့်ဆုံး တန်ခိုးအဆင့်ကို ရောက်ရှိနေပြီးသူ ဖြစ်သည်။ ရီဖူရှင်းက သူ့တိုက်ခိုက်မှုကို ရှောင်ဖယ်ရန် မဖြစ်နိုင်ပေ။
မီးလက်ဝါးက ရီဖူရှင်းနှင့် နီးကပ်သာလာသည်။ ရီဖူရှင်းက မှော်အစွမ်းသုံးလျက် လေဓာတ်များ လွှမ်းခြုံကာ လျင်မြန်စွာ နောက်ဆုတ်ရန် ကြိုးစားသည်။ သို့သော်လည်း သူကား လက်ဝါးကို ရှောင်ဖယ်ရန်အထိ လျင်မြန်ခြင်း မရှိသောကြောင့် လက်ဝါးက သူ့ပခုံးစွန်းအား ထိမိကာ ထိုနေရာတစ်ဝိုက်ရှိ အင်္ကျီများ လောင်ကျွမ်းသွားပြီး သူနောက်ကို လွင့်စဉ်သွားသည်။ ရီဖူရှင်းက မြေပြင်ကို မကျရောက်စေရန် လေထဲတွင် ဟန်ချက် ထိန်းလိုက်နိုင်သည်။ သူက နာကျင်မှုကို အောင့်အည်းခံကာ ဟွာဂျီယူအား ဖက်ထားသည်။
“မြေခွေးမ… ငါနင့်ကို လက်မထပ်နိုင်တော့ဘူး ထင်တယ်…” ရီဖူရှင်းက ခေါင်းငုံ့လျက် ဟွာဂျီယူကို ကြည့်လိုက်သည်။
“ငါနင်နဲ့ ဒီမှာ အတူရှိနေတာကိုပဲ ပျော်တယ်…” ဟွာဂျီယူက တောက်ပစွာ ပြုံးလိုက်သည်။ ဧကရာဇ်၏အမိန့်တော်က နန်ဒူနန်းတော်ကို ရောက်ရှိလာကတည်းက ဟွာဂျီယူကား ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူမက ကြောက်ရွံ့သော်လည်း တည်ငြိမ်လှသည်။ ထို့အပြင် သူမ၏ဘေးတွင် ရီဖူရှင်း ရှိသည်။
“အင်း…” ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။
သူက သူ့အနီးမှ တန်ခိုးရှင်များအား ကြည့်လိုက်ပြီး ပြုံးလျက် သူ့သက်စောင့်ဝိညာဉ်များ အားလုံးကို ထုတ်လွှတ်လိုက်သည်။ ရုတ်တရက်ပင် ရီဖူရှင်း အနီးပတ်ဝန်းကျင် တစ်ခုလုံး လင်းလက် တောက်ပသွားသည်။
ဤသည်ကို မြင်လျှင် ထိုအနီးမှ တန်ခိုးရှင်များအားလုံး အံ့အားသင့် မှင်တက်သွားသည်။ ရီဖူရှင်းအား ကြည့်ကာ ကျောရိုးများ စိမ့်လာကြသည်။
သူတကယ်ကော လူဟုတ်သလား။ သူတို့အား သတ်ခိုင်းလိုက်သော လူငယ်လေးမှာ မည်ကဲ့သို့သော ပါရမီရှင်နည်း။ သူတို့အားလုံး ထိတ်လန့်မှုကို မျက်နှာပေါ်မှ ဖုံးကွယ်မရတော့ပေ။
“သဘောတူညီချက် လုပ်ရအောင်… ခင်ဗျားတို့က ကျုပ်နဲ့ ဒီကထွက်သွားကြမယ်… ရှာဖန်နဲ့အတူနေတာထက် သာမယ်လို့ ကျုပ်ပြောရဲတယ်…” ရီဖူရှင်းက ပြောလိုက်သည်။ ထိုကျောက်ရုပ်ကဲ့သို့ အေးခဲနေကြသော တန်ခိုးရှင်များအား ကြည့်ကာ ရီဖူရှင်း ရယ်မောလိုက်သည်။ သူ့တွင် နောက်ဆုတ်စရာ မရှိတော့ပေ။ အခွင့်အရေး အနည်းငယ်ရှိလျှင်ပင် သူ ကြိုးစားကြည့်ရမည် ဖြစ်သည်။
လူအုပ်၏နောက်ဆုံးတွင် ရှာဖန်ကား အံ့သြလွန်းသဖြင့် အေးခဲနေလေပြီ။ သူ့ရင်ဘတ်များ အဆက်မပြတ် တုန်ခါနေသည်။ ရီဖူရှင်းကဲ့သို့သောသူ ဘယ်လိုလုပ် ရှိနေရသနည်း။
ရုတ်တရက် သူက တစ်စုံတစ်ခုအား တွေးမိလိုက်သည်။ တီအန်ယွာတောင်တွင် ရီဖူရှင်းက သားရဲပေါင်းများစွာ ရှိနေသော တောင်ကြားထဲသို့ ကျသွားသည်။ သို့သော် သူအသက်ရှင်ခဲ့သည်။ ယခု သူက ရီဖူရှင်း၏ သက်စောင့်ဝိညာဉ်များ အားလုံးကို မြင်လိုက်သည်။
“မင်းက တီအန်ယွာတောင်မှာတုန်းက အသက်ရှင်ခဲ့တာ ဧကရာဇ်ရီချင်ရဲ့ ပညာအမွေတွေကို ရခဲ့လို့မလား…” ရှာဖန်က မေးလိုက်သည်။ ထိုစကားအားကြားကာ တခြား တန်ခိုးရှင်များအားလုံး ထိတ်လန့်သွားသည်။ ဧကရာဇ်ရီချင်၏ဆက်ခံသူ။
“ဟုတ်တယ်…” ရီဖူရှင်းက ပြုံးလျက် တခြားလူများအား ကြည့်လိုက်သည်… “ခင်ဗျားတို့တွေက ဧကရာဇ်ရီချင်ရဲ့ ဆက်ခံသူနဲ့ ရှာဖန် ဘယ်သူနဲ့နေတာ ပိုကောင်းမယ်ထင်လဲ…”
“သူ့ကိုနားမထောင်နဲ့ … သူက မင်းတို့တွေကို နောက်ပိုင်း ပြန်ပြီး လက်စားမချေဘူးလို့ ပြောနိုင်မလား… အခုချက်ချင်း သူ့ကိုသတ်… မင်းတို့ကို ဆုတွေအများကြီးချမယ်…”
ရှာဖန်၏လူများအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူတို့၏နောက်မှ တခြားလူများ လိုက်လာကြသည်ကို တွေးမိလျှင် ရီဖူရှင်းနှင့် ထွက်သွားခြင်းက လက်တွေ့မကျမှန်း တွေးမိကြသည်။ သူတို့ပြေးမလွတ်ပေ။
လူနှစ်ယောက်က ရီဖူရှင်းထံ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ သူတို့က ယခု စိတ်ဆန္ဒ အပြည့်အဝ မပါသော်လည်း သူတို့အသက်ရှင်လိုလျှင် သည်လူငယ်အား သတ်ရမည်ဖြစ်သည်။ သည်ကဲ့သို့ ပါရမီရှင်မျိုး၏သွေး သူတို့လက်တွင် စွင်းထင်းရသည်မှာလည်း ဂုဏ်ယူစရာ တစ်ခုပင် မဟုတ်ပါလော။
ထိုလူနှစ်ယောက် သူနှင့်နီးကပ်လာသည်ကို ခံစားမိလျှင် ရီဖူရှင်းက သူ့မှော်ပညာအား ထုတ်လွှတ်ရန် ကြိုးစားသည်။ သို့သော် အသုံးမဝင်ပေ။ သူ့တိုက်ခိုက်မှုများအား ထိုလူများက မှုဟန်မတူဘဲ သူတို့က သူ့ထံ ခုန်ဝင်လာကြသည်။ လှံတံတစ်ချောင်းက သူ့ထံ တိုက်ရိုက် ဝင်ရောက်လာသည်။ ရီဖူရှင်းက သူ့ခန္ဓာကိုယ်အား နောက်သို့လှည့်လိုက်ကာ ဟွာဂျီယူအား ကြည့်လျက် ပြုံးလိုက်သည်။
သူကြိုးစားခဲ့သည်။ သူ အမှန်တကယ် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သို့သော် ဧကရာဇ်၏အမိန့်တော်ကို သူ တွန်းမလှန်နိုင်ခဲ့ပေ။ ဧကရာဇ်လျိုက သူ့အား သေစေလိုပြီး သည်အရာမှာ နန်ဒူနိုင်ငံတွင် သူလုပ်နိုင်သမျှပင်။ သူက ဧကရာဇ်လျိုအား တစ်ခါမှ မမြင်ဖူးပေ။ သူအခွင့်ရေးရခဲ့လျှင် သူအမှန်တကယ် သူ့အား မြင်တွေ့လိုသည်။
“အရူး…” ဟွာဂျီယူက သူမ၏သေးသွယ်သော လက်ချောင်းလေးများဖြင့် ရီဖူရှင်း၏မျက်နှာအား ပွတ်သပ်လိုက်သည်။ သူမက ပြန်လည် ပြုံးလိုက်သည်။ နောက်ဆုံး အချိန်လေးတွင်ပင် ရီဖူရှင်းက လှံတံအား သူ့နောက်ကျောဖြင့် ခံလိုက်ခြင်းဖြင့် သူမအား ကာကွယ်ခဲ့သည်ကို သိသည်။ သူကား အမှန်တကယ် အရူးပင်။
အသားထဲသို့ ထွင်းဖောက်သွားသော အသံအား ကြားရပြီး လှံတံရှည်က ရီဖူရှင်း၏ကျောထဲကို စိုက်ဝင်သွားသည်။ ထိုအခိုက်တွင်ပင် ရှာဖန်၏မျက်နှာတွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လာသည်။
သူ အမှန်တကယ် သေသွားသည်လား။ ပါရမီပါခြင်းက မည်ကဲ့သို့ အသုံးဝင်သနည်း။
ရီဖူရှင်းအား လှံဖြင့် ထိုးလိုက်သော တန်ခိုးရှင်က သက်ပြင်းချလိုက်သည်။ မယုံကြည်နိုင်စရာ ကောင်းလှအောင် ပါရမီပါသော သူကား သူ့လက်ချက်ဖြင့် သေဆုံးရသည်။ သူက အားသုံး၍ ရီဖူရှင်းကိုယ်ထဲမှ လှံတံကို နုတ်ယူရန် ကြိုးစားလိုက်သည်။ သို့သော် လှံတံမှာ မလှုပ်ပေ။
အသံတစ်သံ ကြားလိုက်ရသည်။ ထိုအသံက သွေးခုန်သော အသံနှင့် တူလှသည်။ ထိုအခိုက်တွင်ပင် တန်ခိုးရှင်က သူ့လှံတံမှာ အမှုန့်ဖြစ်ကာ ပျောက်ကွယ် သွားသည်ကို အံ့သြထိတ်လန့်ဖွယ် တွေ့မြင်ရသည်။
“ဘာဖြစ်တာလဲ…” ထိုလူက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ သူက ရီဖူရှင်း နောက်ကျောအား အသေအချာ ကြည့်လိုက်သည်။ သူခံစားရသည်ကား ရီဖူရှင်း၏ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခု အရံအတားတစ်ခု ကျိုးပျက်သွားသလို ခံစားရသည်။
ရုတ်တရက် အလင်းရောင် သေးသေးလေးတစ်ခု စတင် ဖြစ်ပေါ်လာသည်။ ထို့နောက် အလင်းတန်းနှစ်ခု ပေါ်လာသည်။ နှစ်ခုပြီးလျှင် သုံးခုပေါ်လာသည်။ ဆက်တိုက်ပင် အလင်းတန်းပေါင်းများစွာ ရီဖူရှင်း၏ခန္ဓာကိုယ်မှ စိမ့်ထွက်လာကြသည်။ ထိုအလင်းရောင်များကား ဧကရာဇ်တစ်ပါး၏ အလင်းရောင်များနှင့် တူလှသည်။
ဆယ်ပေ။ ပေနှစ်ဆယ်…။ ပေတစ်ရာ…။ ထိုအလင်းတန်းများက ကောင်းကင်တစ်ခုလုံး ဖြန့်ကြက်ထားသလိုပင်။
ရီဖူရှင်း၏ ကမ္ဘာသစ်ပင်မှလည်း ပြောင်းလဲမှုကို မြင်တွေ့ရသည်။ ယခုကား ကမ္ဘာသစ်ပင်တစ်ခုလုံး ရွှေဝါရောင် အလင်းများ တောက်ပနေပြီး ထူးဆန်းအံ့ဖွယ် သစ်ပင်ကြီး ဖြစ်သွားသည်။ သဘာဝစွမ်းအင်များက အဆုံးအစမဲ့စွာ သစ်ပင်ကြီးထံသို့ စီးဝင်လာနေကြသည်။
ထိုအခိုက်မှာပင် ထိုလူငယ်၏ပုံသဏ္ဌာန်ကား ဆယ်ကျော်သက်အရွယ် လူငယ်လေး မဟုတ်တော့… သူကား အလွန်မြင့်မြတ်သော ဧကရာဇ်တစ်ပါး ဖြစ်ပေသည်။
***