အပိုင်း(၁၀၂)

သူရဲကောင်း ဆန်သော သေဆုံးမှု

အကြီးအကဲချင်က ကု့ချင်းကို လေထဲတွင် တီးခတ်နေစဉ်မှာပင် သူ့ထံ လှမ်းလာနေသော ရန်သူစစ်တပ်ကြီးအား ရင်ဆိုင်ရန် ဂီတသံစဉ်မုန်တိုင်းကြီး တစ်ခုက လေဟာနယ် တစ်ခုလုံးအား လွှမ်းခြုံသွားအောင် ဖြစ်ပေါ်လာနေသည်။ ဤသည်ကို မြင်လျှင် ဝန်ကြီးချုပ်ဟွာ နှာခေါင်းရှုံ့လိုက်သည်။ သူ့ဆရာတူအစ်ကိုကား သေမည့်လမ်းကို ရွေးချယ်နေသည်။

“မင်းတို့ ဆက်လိုက်ကြ… ငါသူနဲ့ ရင်ဆိုင်လိုက်မယ်…” ဝန်ကြီးချုပ်ဟွာက ပြောသည်။ သူက ကြောက်မက်ဖွယ် ဂီတသံစဉ်မုန်တိုင်းကြီးတစ်ခု လွှမ်းခြုံထားသော အကြီးအကဲချင်ထံသို့ တစ်လှမ်းပြီး တစ်လှမ်း တိုးဝင်သွားသည်။ အကြီးအကဲချင်အတွက် သံစဉ်အား ထပ်မံ၍ မြှင့်တင်ရန် ခက်ခဲလှသည်။ သူ့အကန့်အသတ် အထိကို ရောက်ရှိသွားသည်လည်း ဖြစ်နိုင်သည်။

အကြီးအကဲချင်က ဂရုမစိုက်ဘဲ ဆက်လက် တီးခတ်သည်။ ဂီတသံစဉ်မုန်တိုင်းက ကောင်းကင်ကို စိုးမိုးသွားသည်။ မကြာခင် အကြီးအကဲချင်၏ ကု့ချင်းဝိညာဉ်က သူ့လက်ထဲမှနေ၍ ကောင်းကင်ကို ပျံတက်သွားသည်။

ထိုစဉ် အလွန်ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ လေထဲကို ပေါလောမျောသွားသော ကု့ချင်းဝိညာဉ်က မိမိကိုယ်ကို တီးခတ်နေခြင်း ဖြစ်သည်။ အကြီးအကဲချင်ထံမှ အရိပ်အသွင် အလင်းရောင်များ ထွက်ပေါ်လာနေသည်။ အရိပ်တစ်ခုစီက အကြီးအကဲချင်၏ ကိုယ်ပွားကဲ့သို့ပင် ကု့ချင်းနှင့် အဆက်မပြတ် ပေါင်းစပ်နေသည်။

သက်စောင့်ဝိညာဉ်ကား ကောင်းကင်တွင် မျောနေသည်။ ကု့ချင်းကြိုးများက သူ့အလိုလို တုန်ခါနေသည်။ အလွန်မြင့်သော ဂီတသံစဉ်က ကောင်းကင်နှင့် မြေပြင်ကြားတွင် တုန်ခါနေသည်။ ထိတ်လန့်ဖွယ် သံစဉ်လှိုင်းက ထိုနေရာတစ်ခုလုံးအား လွှမ်းခြုံထားကာ မည်သူမှ လွတ်မြောက်မည့်ဟန် မရှိပေ။

ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ကျောင်းအုပ်ကြီး ယန်ရှာအိုနှင့် လက်ထောက် ကျောင်းအုပ် ဟန်မိုတို့မှာ ဖူရှင်းတို့နောက်ကို လိုက်ရန် ဟန်ပြင်နေရာမှ ရပ်သွားသည်။ အကြီးအကဲချင်အား မော်ကြည့်လိုက်လျှင် အဘိုးအိုမှာ ကောင်းကင်တွင် မျက်လုံးမှိတ်၍ ထိုင်နေသည်ကို မြင်ရသည်။ ကု့ချင်းက သူ့အပေါ်တွင် ဆက်လက် တီးခတ်နေသော်လည်း သူကား အလွန်ငြိမ်းချမ်းပုံ ပေါ်နေသည်။ စူးရှသော အသံက သူတို့၏နားစည်ကို အဆက်မပြတ် လာရောက်ရိုက်ခတ် နေသည်။ ယခုထက် ပိုမို မြင့်တက်ရန် မဖြစ်နိုင်တော့သော ဂီတသံစဉ်က ရုတ်တရက် ကြောက်မက်ဖွယ် မြင့်တက်လာပြန်သည်။ သူတို့က ဆက်လက်လိုက်ရန် မဖြစ်နိုင်တော့ဘဲ လာရောက် ရိုက်ခတ်သော အသံလှိုင်းအား ခုခံရန် ပြင်ဆင်ကြရသည်။ မဟုတ်ပါက အကျိုးဆက်မှာ ကောင်းမွန်မည် မဟုတ်ပေ။

အလွန် စွမ်းအားမြင့်သော ဝန်ကြီးချုပ်ဟွာပင်လျှင် ထိုအခိုက်တွင် ရပ်တန့်သွားသည်။ မိမိဘာသာ တီးခတ်နေသော ကု့ချင်းဝိညာဉ်အား ကြည့်ကာ သူက အကြီးအကဲချင် မည်သည့်အရာကို လုပ်ခဲ့သည်ကို သူသိလိုက်သည်။ ရင်းနှီးချစ်ခင်ခြင်းနှင့် အသက်ရှင်ခြင်းကြားတွင် အကြီးအကဲချင်က သူ့အသက်ကိုရင်း၍ နောက်ဆုံး သီချင်းအား တီးခတ်ခဲ့သည်။

ပိုမိုမြင့်တက်လာသော ဂီတသံစဉ်ကို ကြားလျှင် လူတချို့က သူတို့၏ခေါင်းအား ကိုင်ကာ မျက်နှာများ ရှုံ့တွနေကြသည်။ တချို့က သွေးအန်ကာ မျက်နှာများ ပြာနှမ်းလာကြသည်။ ခံနိုင်ရည်စွမ်း မရှိသူများမှာ မြေကြီးပေါ်သို့ လဲပြိုကြရသည်။ အစွမ်းအထက်ဆုံးသော သူများသာလျှင် ခံနိုင်ရည်ရှိကြသည်။ သို့တိုင်အောင် သူတို့၏ တတ်စွမ်းသမျှသော စွမ်းရည်များကို အသုံးပြုကာ ကာကွယ်နေကြရသည်။

စိတ်စွမ်းအင်များဖြင့် ဖန်တီးထားသော ဂီတသံစဉ်မှာ အောက်ခြေမှလူများအား ပြန်လည် မတိုက်ခိုက်နိုင်အောင် အဆက်မပြတ် တီးခတ်နေဆဲဖြစ်သည်။

ကု့ချင်းဝိညာဉ်၏အပေါ်မှ တီးခတ်နေသာ သံစဉ်များက အဘိုးအိုတစ်ယောက်၏ သွင်ပြင် အရိပ်သဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာစေသည်။ ထိုအဘိုးအိုက ဝန်ကြီးချုပ်ဟွာနှင့် နန်ဒူတိုင်တို့ထံ တစ်လှမ်းချင်း တိုးသွားသည်။ အဆက်မပြတ်ပင် ကု့ချင်းဝိညာဉ်အပေါ်မှ အဘိုးအို ပုံရိပ်များ ထပ်မံ၍ ဖြစ်ပေါ်လာနေသည်။ ဂီတသံစဉ်များ ဝန်းရံလျက် ထိုပုံရိပ်များက ဝန်ကြီးချုပ်ဟွာနှင့် နန်ဒူတိုင်တို့ထံ တိုးဝင်သွားကြသည်။

ဝန်ကြီးချုပ်ဟွာက သူ့မျက်လုံးများကို မှိတ်လိုက်သည်။ ကြောက်မက်ဖွယ် စိတ်ဝိညာဉ် အားလှိုင်းက ဓားတစ်လက် ဖြစ်သွားကာ ထိုအဘိုးအိုပုံရိပ်အား ဖျက်ဆီးရန် ကြိုးစားကြသည်။ သို့သော် ထိုပုံရိပ်များမှာ အကြီးအကဲချင်၏ တစ်သက်စာ စိတ်ဝိညာဉ်များအား သယ်ဆောင်လာပုံရကာ ဝန်ကြီးချုပ်ဟွာနှင့် နန်ဒူတိုင်တို့ထံ ဆက်လက် တိုးဝင်လာနေသည်။

နောက်ဆုံးတွင် ထိုပုံရိပ်များက ဝန်ကြီးချုပ်ဟွာနှင့် နန်ဒူတိုင်တို့အနီးကို ရောက်လာသည်။ သူတို့နှင့်အတူ ကပ်ပါလာသော စိတ်ဝိညာဉ် အားလှိုင်းများကြောင့် သူတို့၏ဆံပင်များ တဖျတ်ဖျတ် ခါနေသည်။ ထိုအခိုက်တွင်ပင် ထိုပုံရိပ်များက သူတို့၏ခန္ဓာကိုယ်နှင့် စိတ်နယ်ပယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။ ကု့ချင်းကြိုးများက အဆက်မပြတ် တီးခတ်နေဆဲဖြစ်ကာ ဝန်ကြီးချုပ်ဟွာနှင့် နန်ဒူတိုင်တို့ကလည်း မျက်လုံးအား မှိတ်လျက် တစ်စုံတစ်ခုကို အပြင်းအထန် ခုခံနေကြပုံရသည်။

အတန်ကြာလျှင် နန်ဒူတိုင်ထံမှ သွေးတစ်ပွက် အံကျသည်။ သူကား အားမဲ့သွားကာ မြေပြင်သို့ လဲပြိုဆင်းသွားသည်။

မကြာမီပင် ဝန်ကြီးချုပ်ဟွာ၏ပါးစပ်မှ သွေးအန်ကျလာကာ မျက်နှာပြာနှမ်းသွားသည်။ သူသည်လည်း နန်ဒူတိုင်လောက် မပြင်းထန်သော်လည်း အခြေအနေ သိပ်ကောင်းလှသည်တော့ မဟုတ်ပေ။

ဘန်း… နောက်ထပ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြန်သည်။ ဝန်ကြီးချုပ်ဟွာ လွင့်စဉ်သွားကာ နောက်ထပ် သွေးတစ်ပွက် အန်ကျပြန်သည်။ မြေပြင်သို့ ပြင်းထန်စွာမကျအောင် အပြင်းအထန် ဟန်ချက် ထိန်းလိုက်ရသည်။

ဘုန်း… ဝန်ကြီးချုပ်ဟွာအတွက် ပြင်ဆင်ထားသည့် အလားပင် ကု့ချင်းသံစဉ်၏ နောက်ဆုံးအသံက သူ့စိတ်နယ်ပယ်ထဲအား ရုန့်ရင်းကြမ်းတမ်းစွာ တိုးဝင်လာသည်။ သူ၏တုန်ခါနေသော ခန္ဓာအား နောက်ဆုံးတွင် မဟန်နိုင်တော့ဘဲ မြေပြင်တွင် ထိုင်ချလိုက်သည်။ သူ့ဝတ်ရုံမှာလည်း သွေးများ ခြင်းခြင်းနီနေလေပြီ။ ဝန်ကြီးချုပ် ဖြစ်သော်ငြားလည်း သူ့စွမ်းရည်များကိုပင် ထုတ်မပြလိုက်ရဘဲ သည်ကဲ့သို့ ဆိုးရွားသော အခြေအနေကို ရောက်ရသည်။ အကြီးအကဲချင်ကား ကု့ချင်းကို သူ့အသက်စွမ်းအားဖြင့် တီးခတ်ခဲ့သည်။

နောက်ဆုံးတွင် ကု့ချင်းကြိုးများ တုန်ခါနေရာမှ တဖြည်းဖြည်း ရပ်တန့်သွားသည်။ ကု့ချင်းဝိညာဉ်မှလည်း အလင်းရောင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်တွင် အတန်ကြာ ထွန်းလင်းနေခဲ့ပြီး နောက်ဆုံး လုံးဝပျောက်ကွယ် သွားတော့သည်။ ဂီတသံစဉ်လည်း လုံးဝ ရပ်တန့်သွား၏။

အကြီးအကဲချင်ကား ယခု မြေပြင်တွင် ငြိမ်သက်စွာ ထိုင်နေကာ သူ့မျက်နှာတွင် တည်ငြိမ် အေးချမ်းမှုများကို ဖော်ပြနေမြဲဖြစ်သည်။

“သူသေပြီ… ဆက်လိုက်ကြ…” ဝန်ကြီးချုပ်ဟွာက အေးစက်စွာ ပြောသည်။ ယန်ရှာအိုနှင့် ဟန်မိုတို့မှာ အနည်းငယ် ဒဏ်ရာရသည်။ သို့သော် အကြီးအကဲချင်၏ နောက်ဆုံး တိုက်ခိုက်မှုမှာ သူတို့ကို ဦးတည်ခဲ့ခြင်း မဟုတ်ခဲ့ပေ။ သူတို့က ရှေ့ကို ဆက်လက် ပြေးလွှားသွားကြသည်။ သူတို့နောက်မှ ရှာဖိန်က သူတို့လူများနှင့် ရောက်ရှိလာသည်။ သို့သော် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ထိတ်လန့်သွားသည်။

“သွား…”ဝန်ကြီးချုပ်ဟွာက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ ဝန်ကြီး…”ရှာဖိန်က ခေါင်းညိတ်၍ ဖူရှင်းတို့နောက်ကို ဆက်လိုက်သည်။

သူတို့ ထွက်သွားပြီးသည်နှင့် ဝန်ကြီးချုပ်ဟွာက အကြီးအကဲချင်အား စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်သည်။

“အစ်ကိုကြီး… ကျွန်တော်က ခင်ဗျားကို သဘောမကျဘူး… ဘာလို့လဲဆိုတော့ ခင်ဗျားက ဘာမှ ဂရုစိုက်ပုံမရလို့ဘဲ… ဒါပေမဲ့ ခင်ဗျားက အရမ်း သူရဲကောင်းဆန်ဆန် သေဆုံးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ဒီနေ့ အစ်ကိုကြီး တီးခတ်ခဲ့တဲ့ သီချင်းကို ကျုပ် တစ်သက်လုံး အမှတ်ရနေပါ့မယ်…” ဝန်ကြီးချုပ်ဟွာက အဘိုးအို၏ အသက်မဲ့နေသာ ရုပ်ခန္ဓာအားကြည့်ကာ ဆက်ပြောသည်… “ကံမကောင်းစွာနဲ့ပဲ ခင်ဗျားရဲ့ သေဆုံးခြင်းက သူတို့ကို အသက်ရှင်စေမှာ မဟုတ်ဘူး… သူတို့က ကျုပ်ပိုက်ကွန်ထဲက မလွှတ်နိုင်ဘူး…”

ဝန်ကြီးချုပ်ဟွာက မြေပြင်တွင် ထိုင်ကာ သူ့ဒဏ်ရာများအား ကုသသည်။ နန်ဒူတိုင်ကလည်း မြေပြင်မှ ကုန်းရုန်းထကာ သူ့ဘေးတွင် ထိုင်လျက် ဒဏ်ရာများအား ကုသသည်။ အကြီးအကဲချင်က သူတို့နှစ်ယောက်အား နောက်ဆုံးအကြိမ် ရှိသမျှ စွမ်းအင်ဖြင့် တိုက်ခိုက်ခဲ့ခြင်းက သူတို့ထဲမှ စွမ်းအားအမြင့်ဆုံး လူနှစ်ယောက်အား တားဆီးခြင်းဖြင့် ပြေးသူများအတွက် အချိန်ရစေလိုဟန်တူသည်။ သို့သော် ယန်ရှာအို ဟန်မိုနှင့် ရှာဖိန်တို့ကလည်း သာမန်လူများ မဟုတ်ကြပေ။ ထို့ကြောင့် ရီဖူရှင်း သူ့လက်မှ လွတ်မည်ဟု ဝန်ကြီးချုပ်ဟွာ မယုံကြည်ပေ။

ဝန်ကြီးချုပ်ဟွာ၏ အတွေးထဲတွင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က ဒွန်ဟိုင်ကျောင်းတော်ရှိ တခြား ကျောင်းဆောင်ခြောက်ခုအား လွှမ်းမိုးထားနိုင်သည် ဆိုပါက ကျောင်းအုပ်ကြီး ယန်ရှာအိုနှင့် လက်ထောက်ကျောင်းအုပ် ဟန်မိုတို့မှာ အလွန်ထက်မြက်ရပေမည်။ သူတို့၏ လေဓာတ်စွမ်းအင် သုံးစွဲမှုဖြင့်ဆိုလျှင် သူတို့က သတ္တဝါဆန်းထက် ပိုမြန်ပေသည်။ သတ္တဝါဆန်း၏ တန်ခိုးအဆင့်ကား ယန်ရှာအိုလောက် မရှိပေ။

သတ္တဝါဆန်း၏နောက်တွင် ထိုင်နေသော ယိချင်က ကျောင်းအုပ်ကြီး ယန်ရှာအိုနှင့် ဟန်မိုတို့ လိုက်လာသည်ကို မြင်လျှင် တစ်ခုခုကို ခန့်မှန်းမိဟန်တူသည်။ သူကပြောသည်… “မင်းတို့ မြန်မြန်သွား… ငါ့ကို မတွေးနဲ့…”

“ဆရာကြီး…” ရီဖူရှင်းက ယိချန်ကို ကြည့်လိုက်သည်။

“လွမ်းဆွေးနေရမယ့်အချိန် မဟုတ်ဘူး… ငါက မင်းအတွက် အသေမခံဘူး… ငါက တိုက်လို့မနိုင်ရင် ပြေးမှာပဲ… မင်းဘာသာ ဂရုစိုက်…”ယိချန်က ပြောသည်။ သူက ပြောပြီးသည်နှင့် သတ္တဝါဆန်းပေါ်မှ ခုန်ဆင်းသွားသည်။

ထိုသို့ကြားလျှင် ရီဖူရှင်း အနည်းငယ် စိတ်သက်သာရာ ရသည်။ အပေါက်ဆိုးသော်လည်း ယိချန်ကား အလွန် ဉာဏ်ကောင်းသောသူ ဖြစ်သည်။ မည်သည့် အခြေအနေတွင် မည်ကဲ့သို့ အကောင်းဆုံး ရွေးချယ်ရမည်ကို သူသိသည်။

ယိချန်လာနေသည်ကို မြင်လျှင် ယန်ရှာအိုနှင့် ဟန်မိုတို့က လမ်းခွဲလိုက်သည်။ သူတို့က အကြီးအကဲချင်နှင့် တိုက်ပွဲက အတွေ့အကြုံကို သင်ယူပြီး ဖြစ်ပုံရသည်။ သူတို့က နှစ်ယောက်ခွဲ၍ လာခြင်းဖြင့် ယိချန်က တစ်ယောက်တည်းကိုသာ တားနိုင်တော့မည် ဖြစ်သည်။

ထိုဉာဏ်များလှသော သူနှစ်ယောက်အား ယိချန်က ကျိန်ဆဲလိုက်သည်။

တွန့်ဆုတ်ခြင်းမရှိဘဲ ယိချန်က ယန်ရှာအိုထံသို့ ပြေးသွားလိုက်သည်။ ယန်ရှာအိုကား စွမ်းအားပိုမြင့်ပြီး လေဓာတ်သဘာဝ စွမ်းအင်တွင် ထူးချွန်သည်။ ထို့ကြောင့် သူက ယန်ရှာအိုကို တားဆီးခြင်းဖြင့် ရီဖူရှင်းတို့လွတ်ရန် ပိုအခွင့်အလမ်း များမည်ဖြစ်သည်။

“ယိချန်… ကျုပ်တို့ မတိုက်ခိုက်ရတာကြာပြီ… ဟုတ်တယ်မလား…” ယိချန်က သူ့ထံ လှမ်းလာသည်ကို မြင်လျှင် ယန်ရှာအိုက မေးသည်။

“ဒီနေ့ အခွင့်အရေး ရတာပေါ့…” ယိချန်ကလည်း ယန်ရှာအိုရှေ့ကို လှမ်းလာရင်း တွန့်ဆုတ်မနေဘဲ စိန်ခေါ်လိုက်သည်။

ရီဖူရှင်းနှင့် ဟွာဂျီယူတို့ အတွက်မူကား သူတို့ဘာသာ သူတို့ အားကိုးရပေတော့မည်။ အကယ်၍ သူတို့နှစ်ယောက်က ယန်ရှာအိုနှင့် ရင်ဆိုင်ရလျှင် ပိုမို၍ အန္တရာယ်များလှသည်။ ရှာဖိန်တို့အုပ်စု လိုက်လာစဉ်မှာပင် ဟန်မိုကလည်း ရီဖူရှင်းတို့နောက်ကို ဆက်လိုက်သည်။ သူတို့က ယိချန်နှင့် ယန်ရှာအိုတို့ တိုက်ပွဲအား တစ်ချက်မျှသာ ကြည့်ခဲ့ကြကာ ဟန်မိုနောက်မှ ဆက်လိုက်သွားကြသည်။

“ငါရှေ့က သွားနှင့်မယ်…” ရှာဖိန်က ပြောသည်။ သူက သူ့ဓားအား စီးနင်းလိုက်ကာ အလွန် လျင်မြန်စွာဖြင့် ပျံသန်းသွားလိုက်လျှင် မကြာမီ ဟန်မိုဘေးသို့ ရောက်လာကာ သတ္တဝါဆန်းနောက်ကို လိုက်ကြသည်။

သတ္တဝါဆန်းက ပျံသန်းနေရာမှ ခေါင်းကို နောက်လှည့်ကာ ရီဖူရှင်းအား အော်ဟစ်သည်။ ရီဖူရှင်းက သူဆိုလိုသည်ကို နားလည်ပုံရသည်… “ကျုပ်တို့ကို ထွက်သွားစေချင်တာလား…”

သတ္တဝါဆန်းက ခေါင်းညိတ်သည်။ ရီဖူရှင်းက နန်ဒူဝန်ယမ်အာ ကြည့်လိုက်လျှင် သူမကလည်း ခေါင်းညိတ်ပြသည်။

“ဂရုစိုက်ပါ…” ရီဖူရှင်းက ပြောသည်။ ထို့နောက် နန်ဒူဝန်ယမ်။ ဟွာဂျီယူနှင့် ရီဖူရှင်းတို့က ရှေ့ကို ဆက်လက်၍ ပျံသန်းသွားကြသည်။ သူတို့ ဆင်းသွားသည်နှင့် သတ္တဝါဆန်းက ဟန်မိုထံသို့ ချက်ချင်း ပျံသန်းသွားလိုက်သည်။ သတ္တဝါဆန်း၏ ကျယ်လောင်စူးရှသော အသံက အသံစွမ်းအင်လှိုင်းများ အဖြစ် ပြောင်းလဲသွားကာ ဟန်မိုနှင့် ရှာဖိန်တို့၏နားစည်ကို လာရောက် တိုက်ခိုက်ကြသည်။

“သူတို့နောက်က မင်းလိုက်သွား…” ဟန်မိုက သတ္တဝါဆန်းထံ ပြေးသွားကာ ပြောသည်။ ရှာဖိန်က ခေါင်းညိတ်လျက် သတ္တဝါဆန်း၏ဘေးမှ ဖြတ်သွားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သတ္တဝါဆန်းက အော်ဟစ်လျက် အတောင်ပံများအား ပြင်းထန်စွာ ခတ်လိုက်လျှင် အသံလှိုင်းက သူ့ထံ လာရောက် တိုက်ခိုက်ကြပြန်သည်။ ထို့နောက် သတ္တဝါဆန်းက ထက်ရှသော လက်သည်းများဖြင့် သူ့ထံ လာရောက် တိုက်ခိုက်သည်။

“ဒီမိစ္ဆာကောင်…”ရှာဖိန်က သူ့ဓားအား ထုတ်ကာ ဟန်မိုနှင့်အတူ သတ္တဝါဆန်းအား ဝင်ရောက် တိုက်ခိုက်သည်။ သတ္တဝါဆန်းကား သူတို့နှစ်ယောက်လုံးကို တားဆီးရန် ကြိုးစားနေသည်။

ဟန်မိုနှင့်ရှာဖိန်တို့ နှစ်ယောက်လုံး အံ့အားသင့်ရသည်။ ထိုအခိုက်တွင် ရှာဖိန်၏လူများ သူတို့ထံမီလာသည်။ ရှာဖိန်က အမိန့်ပေးလိုက်သည်… “ဟိုသုံးယောက်ကို သွားဖမ်းချေ…” သူနှင့် ဟန်မိုက သတ္တဝါဆန်းအား ရီဖူရှင်းကို ကယ်တင်၍ မရစေရန် ဝန်းရံလိုက်ကြသည်။

ထိုအဖွဲ့က လျင်မြန်စွာ လိုက်လာနေကြသည်။ ရီဖူရှင်း ဟွာဂျီယူနှင့် နန်ဒူဝန်ယမ်တို့သာလျှင် ကျန်ရှိနေရာ အရှေ့ပင်လယ်၏ ထိပ်တန်း တိုက်ခိုက်ရေးအဖွဲ့က သူတို့အား လွယ်ကူစွာ ဖမ်းဆီးနိုင်မည်ဖြစ်သည်။ အနည်းငယ် ခက်ခဲဟန်ရှိသော နန်ဒူဝန်ယမ်ပင်လျှင် ခုခံရန် မလွယ်ကူပေ။ ထို့ကြောင့် ရှာဖိန်က မစိုးရိမ်ပေ။

မျှော်လင့်ထားသည့်အတိုင်း သူတို့မှာ မကြာမီ ပိတ်မိသွားသည်။

သူတို့က ရပ်တန့်လိုက်ပြီး နန်ဒူဝန်ယမ်က ရီဖူရှင်းကို ပြောလိုက်သည်…“ဂျီယူကို ခေါ်သွား…”

“အသုံးမဝင်ဘူး…” ဟွာဂျီယူအား ပွေ့ထားရင်း ရီဖူရှင်းက ခေါင်းယမ်းသည်။ သူတို့က သည်နေရာအထိ ထွက်ပြေးလာနိုင်သော်လည်း သူတို့ကား အလွန် အားနည်းလှသည်။ ရန်သူက လက်မလျှော့သေးရာ နောက်ဆုံးတွင် သူတို့ထံ မီလာပြီဖြစ်သည်။ ယခု ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။

နန်ဒူဝန်ယမ်ကလည်း အခြေအနေကို နားလည်သည်။ ယနေ့ သူတို့ အမှန်တကယ် သေဆုံးရမည်လော။ သနားစရာကောင်းသော အကြီးအကဲချင်က သူ့အသက်ဖြင့်ရင်းကာ သူတို့ လွတ်မြောက်အောင် တိုက်ခိုက်ပေးခဲ့သည်။ သို့တိုင်အောင် အခြေအနေက ပြောင်းလဲခြင်း မရှိပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset