Switch Mode

အခန်း (၄၈)

အံ့သြစရာဂိုဏ်းတူညီလေး

အခန်း (၄၈) အံ့သြစရာဂိုဏ်းတူညီလေး

လုန်ယွိက ကျင်းထင်နှင့် မုရှိုးကို ကြည့်လိုက်သည်။

သူတို့ (၂)ယောက် အစီအရင်ထဲသို့ ပြန်ဝင်လာကြသည်ကို လုန်ယွိ အံ့သြခြင်း မဖြစ်မိပေ။

သူမသည်လည်း အပြင်ဘက်တွင် ရှိနေလျှင် အစီအရင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ရွေးခြယ်မည်ပဲ ဖြစ်သည်။

ဤသို့သော အခွင့်အရေးမျိုးက အမှန်တကယ်ပင် ရှားပါးသည့် အခွင့်အရေးမျိုး မဟုတ်ပါလား။

အမှန်တော့… သူမလည်း ယခုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရလိမ့်မည်ဟု ထင်မှတ် မထားခဲ့ပေ။

“ရှင်တို့တွေ… အစီအရင်အကြောင်း မေးမြန်းချင်နေကြတာ မဟုတ်လား…”

လုန်ယွိက မေးလိုက်လေသည်။

သူမ၏ အသံက နူးညံ့သိမ်မွေ့လှသော်လည်း ခံစားချက် ကင်းမဲ့လျှက်ရှိသည်။

ထို့အတူ… လုန်ယွိ၏ မျက်ဝန်းများကလည်း ကန်ရေပြင်အလားတည်ငြိမ်နေပြီး မည်သည့်ခံစားချက်ကိုမှ တွေ့မြင်ရခြင်း မရှိပေ။

ကျင်းထင်က…

“အမှန်ပဲ… ကျုပ်တွေးနေမိတာက… ဂိုဏ်းတူညီမလေး’လုန်’ က နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးအကြောင်း တစ်ခုခု သိထားတယ် မဟုတ်လား… ၊ ဒီလိုသာမဟုတ်ရင် … ညီမလေး သူ့ဆီသွားပြီး အလောတကြီးနဲ့ အစီအရင်အကြောင်း မေးမြန်းမှာမဟုတ်ဘူး… ၊ ပြီးတော့ သူ့စကားကိုလက်ခံပြီး အင်းသင်္ကေတကိုဖယ်ရှားတဲ့အထိ စွန့်စားမှုမျိုးကိုလည်း ပြုလုပ်မှာ မဟုတ်ဘူး… ဟုတ်တယ်မလား…”

ကျင်းထင်က သူ၏ ထင်မြင်ချက်ကို ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော်… သူ၏ ထင်မြင်ချက်က မမှားယွင်းနိုင်ကြောင်း စိတ်ထဲတွင် သိရှိနေသည်။

မုရှိုးကလည်း စကားဝင်ပြောလိုက်၏။

“အမှန်ပဲ… ဂိုဏ်းတူညီမလေး… ဘယ်လိုအဖြစ်အပျက်တွေ ရှိခဲ့တယ်ဆိုတာ ကျွန်မတို့ကို ပြောနိုင်မလား…”

မုရှိုးက ခဏနားပြီးမှ စကားဆက်ပြောလိုက်သည်။

“မနေ့ညက အဖြစ်အျက်က တကယ့်ကို မယုံနိုင်စရာပါပဲ…”

ဟုတ်ပေ၏…။

နတ်ဘုရားရောင်ဝါ ထွက်ပေါ်လာသည့်ကိစ္စက အမှန်ကတယ်ပင် မယုံကြည်နိုင်စရာ ကောင်းလှသည်။

အမှန်တော့… လုန်ယွိ ကိုယ်တိုင်လည်း မယုံကြည်နိုင်ခဲ့ပေ။ ထိုသို့ဖြစ်ပျက်လာမည်ဟု သူမလည်း မျှော်လင့်မထားခဲ့မိပေ။

လုန်ယွိက…

“လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) က တတိယတောင်ထွတ်ရဲ့ မှော်ရုံနယ်မြေမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို ရှင်တို့တွေ သိကြတယ် မဟုတ်လား…”

ကျင်းထင်က…

“အဲဒီကိစ္စကို နည်းနည်းလောက်ပဲ သိတယ်… ၊ ဂိုဏ်းတူညီမလေးက အခြားတပည့်တွေ အသက်ရှင်သန်ခွင့်ရအောင် ကာကွယ်ပေးခဲ့တယ်လို့ သိရတယ်… ၊ နောက်တော့… ထူးဆန်းတဲ့လူတစ်ယောက်ပေါ်လာပြီး ညီမလေးကို ကယ်တင်လိုက်တယ် မဟုတ်လား… ၊ အဲဒီ လူထူးလူဆန်းက တတိယတောင်ထွတ် မှော်ရုံနယ်မြေရဲ့ လျှို့ဝှက်စောင့်ရှောက်သူလို့ ပြောကြတယ်… ၊ အဲဒီ စောင့်ရှောက်သူက ရန်သူအားလုံးကို သတ်ဖြတ်ပစ်လိုက်တယ်လို့ သိရတာပဲ…”

မုရှိုးက…

“အဲဒီ ရန်သူတွေကြောင့် တတိယတောင်ထွတ်ရဲ့ မှော်ရုံနယ်မြေထဲမှာ တပည့်အချို့လည်း အသက်ဆုံးခဲ့ရသေးတယ် မဟုတ်လား… ၊ အဲဒီတုန်းက ခွန်လွန်တောင်မှ စစ်ဆေးမှုကြီး ပြုလုပ်ခဲ့တာမှ အကြီးအကျယ်ပဲလေ… ၊ နောက်ဆုံးတော့ ခွန်လွန်တောင်က တပည့်တွေကြားထဲ ရောနှောရောက်ရှိနေတဲ့ သူလျှိုအတော်များများကို ဖော်ထုတ်နိုင်ခဲ့ကြတယ်… ၊ ဒါကြောင့်လည်း… ဒီနှစ်ပိုင်းတွေ ခွန်လွန်တောင်မှာ ဘာ ပြဿနာမှ မရှိဘဲ ငြိမ်းချမ်းနေတာပေါ့…”

ပြီးမှ မုရှိုးက နားမလည်နိုင်ဟန်ဖြင့်…

“ဒါပေမဲ့… အဲဒါက အခုကိစ္စနဲ့ ဘာဆိုင်လို့လဲ…”

လုန်ယွိက ကျင်းထင်နှင့် မုရှိုးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

“ဆိုင်တာပေါ့…”

ဟု ပြောလိုက်၏။

ပြီးမှ သူမက သက်ပြင်းတစ်ချက် မသိမသာ ချလိုက်ရင်း…

“တတိယတောင်ထွတ် မှော်ရုံနယ်မြေထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ရှင်တို့က အကြမ်းဖျင်းလောက်ပဲ သိတာလေ… ၊ အသေးစိတ် သိတာမှ မဟုတ်တာ…”

လုန်ယွိက စကားကို ခဏနားလိုက်ပြီးမှ ဆက်ပြောသည်။

“အဲဒီအချိန်တုန်းက… မှော်ရုံနယ်မြေထဲမှာ ရုတ်တရက် မြူခိုးတွေ ထူထပ်လာတာ… ၊ ကျွန်မက ဂိုဏ်းတူမောင်လေးတွေ ညီမလေးတွေကို လိုက်ရှာရင်း နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးကို ရှာတွေ့ခဲ့တယ်… ၊ အဲဒီအချိန်မှာ သူက မြူခိုးတွေကို ဖယ်ရှားပစ်နေခဲ့တယ်…”

မုရှိုးက သိချင်စိတ်ဖြစ်သွားမိပြီး…

“တတိယတောင်ထွတ်က မှော်ရုံနယ်မြေရဲ့ မြူခိုးတွေက အထူးစီရင်ထားတဲ့ မှော်ဝင်မြူခိုးတွေ မဟုတ်လား… ၊ သူက ဘယ်လိုဖြစ်လို့ ဖယ်ရှားပစ်နိုင်ရတာလဲ…”

လုန်ယွိက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

“အမှန်ပဲ… ဒါကြောင့် ကျွန်မက အဲဒီ ဂိုဏ်းတူမောင်လေးကို မေးကြည့်ခဲ့တယ်… ”

လုန်ယွိက စကားကို ခဏရပ်နားပြီးမှ ဆက်ပြောသည်။

“သူက မြူခိုးတွေကို ဖယ်ရှားပစ်တဲ့ အစီအရင်တစ်ခု ပြုလုပ်ထားတဲ့အကြောင်း ကျွန်မကို ပြောပြခဲ့တယ်… ၊ သူက အစီအရင်လို့တောင် မပြောဘူး… ၊ လှည့်ကွက်လေးတစ်ခုလို့ပဲ ပြောတာ… ၊ သူ့ဆီက အဲဒီပညာကို ကျွန်မ သင်ယူခဲ့တယ်… ၊ အဲဒါကြောင့်လည်း ပတ်ဝန်းကျင်က မြူခိုးတွေကို ဖယ်ရှားပစ်နိုင်ပြီး ရန်သူတွေကို အချိန်ဆွဲထားနိုင်ခဲ့တယ်…”

ကျင်းထင်က…

“အဲဒီအစီအရင်က နဝမတောင်ထွတ်က ပညာများလား…”

လုန်ယွိက ခေါင်းခါရမ်းလိုက်ရင်း…

“မဟုတ်ဘူး… နောက်ပိုင်း ကျွန်မက အဲဒီအစီအရင်ရဲ့ အချက်အလက်တွေကို စုစည်းပြီး ဆရာ့ကို မေးကြည့်ခဲ့တယ်… ၊ ဒါပေမဲ့ ဆရာပြောတာက အဲဒီလိုအစီအရင်မျိုး ခွန်လွန်တောင်မှာ လုံးဝမရှိဘူး… တဲ့…”

လုန်ယွိက ကျင်းထင်နှင့် မုရှိုးတို့ကို တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့် ကြည့်လိုက်ရင်း…

“အဲဒီ မြူခိုးတွေကိုဖယ်ရှားပစ်တဲ့ အစီအရင်က နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးကိုယ်တိုင် တီထွင်ထားခဲ့တဲ့ အစီအရင်ပဲ… ”

ကျင်းထင်က…

“အဲဒီ မြူခိုးဖယ်ရှားတဲ့ အစီအရင်က အရမ်း ရှုတ်ထွေးခက်ခဲသလား…”

လုန်ယွိက…

“မခက်ဘူး… အရမ်းကို ရိုးရှင်းတယ်… ၊ ဒါပေမဲ့ ဘယ်သူမှ အဲဒီလို အစီအရင်တစ်ခုပြုလုပ်ဖို့ တွေးမိကြမှာ မဟုတ်ဘူး…”

ထို့နောက် လုန်ယွိက မြူခိုးဖယ်ရှားသည့် အစီအရင်ပြုလုပ်ပုံကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။

မုရှိုးက အံ့သြတကကြီးဖြင့်…

“ဒါက… ဒါက… အတော်လေး ထူးဆန်းတာပဲ ၊ လူတစ်ယောက်က ဒီလိုအစီအရင်မျိုးလုပ်ဖို့ တွေးမိမယ်ဆိုရင်တောင် အောင်မြင်ဖို့ကတော့ ခပ်ခက်ခက်ပဲ…”

လုန်ယွိ မည်သည့်စကားမှ မပြောတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ကျင်းထင်နှင့် မုရှိုးတို့ကတော့ မယုံကြည်နိုင်စွာဖြင့် အံ့သြမှင်တက်နေမိကြသည်။

နဝမတောင်ထွတ်မှ ဂိုဏ်းတူမောင်လေးက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော်လည်း ပညာရပ်များကို နားလည်နိုင်စွမ်းတွင် အားနည်းခြင်းမရှိကြောင်း သူတို့ သဘောပေါက်သွားကြသည်။

ဤသည်က… မယုံကြည်နိုင်စရာ ကောင်းလွန်းလှပေသည်။

အမှန်တော့… နဝမတောင်ထွတ်တွင် နေထိုင်နိုင်သည်ဆိုကတည်းက ထိုဂိုဏ်းတူမောင်လေးက သူတို့အားလုံးထက် ပိုမို သန်မာဟန် ရှိသည်။

သူတို့ (၃)ယောက် တိတ်ဆိတ်ငြိမ်သက်နေမိကြသည်။

အတန်ကြာမှ… ကျင်းထင်က တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်၏။

“ဒီလိုသာဆိုရင်တော့… အဲဒီ ဂိုဏ်းတူညီလေးက သက်တံ့တိမ်တိုက်ကျင့်စဉ်ကိုလည်း သင်ယူတတ်မြောက်နေလောက်ပြီ ထင်တယ်…”

သူတို့ နဝမတောင်ထွတ်သို့ ရောက်လာသည့်နေ့က မြင်တွေ့ရသည့် သက်တံ့မြင်ကွင်းက အမှန်တကယ်ပင် သက်တံတိမ်တိုက် တန်ခိုးစွမ်းအား ဖြစ်ပေလိမ့်မည်။

သို့သော်… သူတို့က ကျန်းလန်ကို အထင်မကြီးကြသဖြင့် သံသယများစွာဖြင့် မယုံကြည်နိုင်ခဲ့ကြပေ။

သူတို့ (၃)ယောက်က သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားအကြောင်း သိရှိခြင်းမရှိကြပေ။

သို့သော်… ကျန်းလန်က သက်တံ့တိမ်တိုက်ကျင့်စဉ်ကို တတ်မြောက်သည်မှာ ဖြစ်နိုင်ချေရှိသည်ဟု ထင်မှတ်စ ပြုလာပြီ ဖြစ်သည်။

သေသေချာချာ သိရှိရန်မှာတော့ ကျန်းလန်ကို သူတို့ကိုယ်တိုင် မေးမြန်းကြည့်ရန် လိုအပ်သည်။

ဂိုဏ်းတူမောင်လေး ပြန်လာလျှင်တော့ ပွင့်ပွင့်လင်းလင်း မေးကြည့်ရန် သူတို့ ဆုံးဖြတ်လိုက်ကြလေသည်။

………………

ကောင်းကင်ရိပ်ငြိမ်ရေကန် အပြင်ဘက်…

“နေ့လည်တောင်ရောက်နေပြီဟေ့… သူ ဘာလို့ ထွက်မလာသေးတာလဲ…”

ရေကန်ရှေ့မှ တပည့်တစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

အမြဲတမ်း သူများအကြောင်း ဂရုစိုက်နေသူများကတော့ လောကတွင် ရှိကြစမြဲပင်…။

သူတို့က နဝမတောင်ထွတ်မှတပည့် စိတ်ပျက်လက်ပျက်ဖြင့် ရေကန်ထဲမှ ထွက်လာမည့်အချိန်ကို စောင့်နေကြခြင်း ဖြစ်၏။

သို့သော် ကျန်းလန်က တော်တော်နှင့် ထွက်မလာသည့်အခါ သူတို့အားလုံး စိတ်ပျက်လက်ပျက် ဖြစ်လာကြသည်။

“နည်းနည်းလောက် ထပ်စောင့်ကြည့်ကြတာပေါ့… ၊ အခု ကောင်းကင်ရိပ်ငြိမ်ရေကန်ထဲ ဝင်သွားတဲ့သူ သိပ်များများမှ မရှိတာ… ၊ တစ်ယောက်ယောက် ပြန်ထွက်လာတာနဲ့ ကျုပ်တို့ ချက်ချင်းသိမှာပဲလေ…”

ယခု နေ့လည်ခင်းအချိန် ရောက်နေပြီ ဖြစ်သည်။

သို့သော်… နေထွက်လာသည်နှင့် ထူးဆန်းစွာပင် ရေကန်တစ်ခုလုံး မြူခိုးများ ဖုံးအုပ်သွားလေသည်။

ထို့ကြောင့် ရေကန်မျက်နှာပြင်ကို တွေ့မြင်ရခြင်း မရှိတော့ပေ။

ရေကန်ထဲမှ အခြေအနေများကိုလည်း သိရှိရန် ပိုမိုခက်ခဲသွားပြီ ဖြစ်သည်။

“အချိန်ဒီလောက်ကြာနေမှတော့ … နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးနဲ့ ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီး တွေ့နေလောက်ပြီ ထင်တယ်…”

“နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးသာ ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးကိုတွေ့ရင် သူတို့အဆင့် ဘယ်လောက်ကွာခြားလဲဆိုတာ သိသွားမှာပဲ…”

“အမှန်ပဲ… အဲဒီဂိုဏ်းတူအစ်ကိုကြီးနဲ့ ကျုပ် အရင်တုန်းက ဆုံဖူးတယ်… ၊ အရမ်းတော်တာကွာ… စကားနဲ့တောင် ပြောပြလို့မရနိုင်ဘူး…”

“ဟုတ်တယ်… ကျုပ်လည်း တစ်ခါတွေ့ဖူးတယ်…”

“ကျုပ်ဆိုရင် အဲဒီ ဂိုဏ်းတူအစ်ကိုကြီးကို လုံး၀ အမီမလိုက်နိုင်ဘူး… ၊ သူ့တန်ခိုးစွမ်းအားက သိပ်ကြောက်စရာ ကောင်းတာပဲ…”

“ဟုတ်တယ်ဟေ့… ကျုပ်တို့ ခက်ခက်ခဲခဲ လုပ်ရတဲ့အလုပ်တွေကို အဲဒီ ဂိုဏ်းတူအစ်ကိုကြီးက အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပဲ လုပ်သွားတာကွ…”

“ကြားဖူးတာတော့… ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတွေထဲမှာ အဲဒီ ဂိုဏ်းတူအစ်ကိုကြီးကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူးတဲ့… ၊ ပြီးတော့… မူလဝိညာဉ်အဆင့် ကျင့်ကြံသူတွေထဲမှာတောင် သူ့ကိုမယှဉ်နိုင်တဲ့သူတွေ ရှိတယ်… တဲ့”

သေရည်နတ်ဘုရားကတော့ သေရည်လေးတမြမြဖြင့် ပြောဆိုနေကြသည့် စကားများကို နားထောင်နေ၏။

စိတ်ဝင်စားစရာကောင်းပေသည်ဟု သူ တွေးတောနေမိသည်။

သူက ကောင်းကင်ရိပ်ငြိမ်ရေကန်ကို စောင့်ရှောက်သည့် နတ်ဘုရားဖြစ်သည်။

ထို့ကြောင့်… ရေကန်ထဲတွင် ဖြစ်ပျက်နေသည့် အခြေအနေများကို အသေးစိတ် မသိရှိနိုင်သော်လည်း အကြမ်းဖျင်းတော့ သိရှိနိုင်စွမ်း ရှိသည်။

ယခုဆိုလျှင်…

တပည့်များပြောဆိုနေကြသည့်အတိုင်း… ပထမတောင်ထွတ်မှတပည့်နှင့် နဝမတောင်ထွတ်မှတပည့်တို့ ကန်ရေပြင်ထက်တွင် တွေ့ဆုံနေကြပြီ ဖြစ်ကြောင်း သေရည်နတ်ဘုရား သိရှိလိုက်လေတော့သည်။

……………

ကျန်းလန် အချိန်ကြာမြင့်စွာ ဆက်လက်လမ်းလျှောက်ပြီးနောက် ဖိအားများကို ရင်ဆိုင်လာရပြန်သည်။

ထို့ကြောင့်… သူက အနားယူရန် ဆုံးဖြတ်လိုက်သည်။

ရှေ့ဆက်လျှောက်လာလေလေ ရေပြင်ထက်မှ သူ့ပုံရိပ်က ပိုမိုရှင်းလင်းကြည်လင်လာလေ ဖြစ်သည်။

သူသာ ရှေ့ဆက်လျှောက်မည်ဆိုလျှင် ပုံရိပ်၏ အသေးစိတ်ကို တွေ့မြင်ရတော့မည် ဖြစ်သည်။

ကန်ရေပြင်ထက်တွင် သူ့ပုံရိပ်ကို အသေးစိတ်မြင်တွေ့ရမည်ဆိုလျှင် ကောင်းကင်ရိပ်ငြိမ်ရေကန်၏ အကြီးမားဆုံး အကျိုးကျေးဇူးများကို ရရှိတော့မည်ဖြစ်ကြောင်း ကျန်းလန် စိတ်ထဲမှ သိရှိနေသည်။

ထိုအချိန်မှာပင်… သူ၏ မူလဝိညာဉ်မှ အလင်းရောင်များ စတင်လင်းလက်လာသည်ကို ကျန်းလန် သတိပြုလိုက်မိသည်။

ကန်ရေပြင်ထက်တွင် သူ့ပုံရိပ်ကို ပိုမိုထင်ရှားစွာ တွေ့မြင်ရလေ သူ၏ မူလဝိညာဉ်မှ အလင်းရောင်များက ပိုမို တောက်ပလာလေ ဖြစ်၏။

ကျန်းလန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။

“ငါ့အတွက် တကယ့်နေရာမှန်ကို ရောက်လာတာပဲ…”

ကျန်းလန် စိတ်ထဲမှ ရေရွတ်လိုက်သည်။

နောက်ဆုံး သူ၏ပုံရိပ်ကို လုံး၀ ရှင်းရှင်းလင်းလင်း တွေ့မြင်ရပြီဆိုလျှင် သူ့အနေဖြင့် မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်သို့ အလျှင်အမြန် အဆင့်တက်ရောက်သွားနိုင်မည် ဖြစ်သည်။

သို့သော်… အလျှင်လိုစရာတော့ မရှိပေ။

ကျန်းလန် အနားယူရန် ခြေလှမ်းများ ရပ်တန့်လိုက်သည်နှင့် သူ့ရှေ့တွင် လူတစ်ယောက် ရှိနေကြောင်း သတိပြုလိုက်မိသည်။

သူ၏ ဂိုဏ်းတူအစ်ကိုပင် ဖြစ်၏။

ကျန်းလန်က ထိုသူကို ခေါင်းညိတ်နှုတ်ဆက်လိုက်လေရာ တစ်ဖက်လူကလည်း ပြန်လည်ခေါင်းညိတ် နှုတ်ဆက်သည်။

ထိုခဏမှာပင်… တစ်ဖက်လူ၏ တိုက်ခိုက်ရေးဝိညာဉ်က ပိုမိုပြင်းထန်လာပြီး စွမ်းအားများလည်း ပိုမိုမြင့်မားလာကြောင်း ကျန်းလန် ခန့်မှန်းလိုက်မိသည်။

သို့သော်… ကျန်းလန် ထိုသူကို အရေးမစိုက်ဘဲ ကိုယ့်လမ်းကိုယ်သာ ဆက်လျှောက်လာခဲ့သည်။

လမ်းလျှောက်ရင်း ဖိအားများ ခံစားလာရသည့်အခါ ကျန်းလန်က ရပ်တန့်အနားယူလေ့ရှိသည်။ သို့သော်… သူ ခြေလှမ်းများ ရပ်တန့်လိုက်တိုင်း သူ့ရှေ့တွင် ဂိုဏ်းတူအစ်ကိုရှိနေသည်ကို တွေ့မြင်ရမြဲ ဖြစ်သည်။

တွေ့မြင်ရတိုင်းလည်း… ထိုဂိုဏ်းတူအစ်ကိုထံမှ တိုက်ခိုက်ရေးဝိညာဉ်က စွမ်းအားများ ပိုမိုပြင်းထန်လာစမြဲ ဖြစ်သည်။

ကန်ရေပြင်ထက်တွင် လမ်းလျှောက်နေရင်းဖြင့်ပင် ထိုသူ၏ တန်ခိုးစွမ်းအားများက အဆက်မပြတ် မြင့်တက်နေဟန် ရှိလေသည်။

တစ်ဖက်လူက အံ့သြစရာကောင်းလောက်သည့် ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။

ထိုသို့ဖြင့်… အချိန် (၁)လတိတိ ကုန်ဆုံးသွားခဲ့လေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset