အကြီးအကဲချင်၏စကားကို နားထောင်ပြီး ရီဖူရှင်း ဝမ်းနည်းသလို ခံစားရသည်။ သူက သည်သီချင်းအား သူ့နောက်ဆုံး တီးခတ်သော သီချင်းအလား သဘောထားပုံရသည်။ အကြီးအကဲချင်မှာ အလွန် အိုမင်းနေသည်ကို သူတို့သိသည်။ ဝန်ကြီးချုပ်ဟွာ ပြောသည်မှာ မှန်သည်။ သည်အသက်အရွယ်တွင် သူက တိုက်ပွဲ၏ဖိအားကို ခံနိုင်ရည်အားရှိရန် မလွယ်ပေ။ သူနှင့် ဟွာဂျီယူတို့ကို စိုးရိမ်သောကြောင့် အကြီးအကဲချင်မှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်တွင် အေးအေးဆေးဆေး နေနေရာမှ ထွက်လာရသည်။
“ဆရာဘိုးဘိုး…” ဟွာဂျီယူက ခေါ်လိုက်သည်။ ရီဖူရှင်း၏ လက်မောင်းများကြားတွင် မှီနေရင်း ဟွာဂျီယူ၏မျက်လုံးများတွင် မျက်ရည်များ စီးကျနေဆဲဖြစ်သည်။ တစ်စုံတစ်ခု ဆိုးရွားစွာ ဖြစ်ပျက်တော့မည်ဟု သူမခံစားနေရသည်။ မည်သူ့ကိုမှ သည်အခြေအနေထဲသို့ ဆွဲသွင်းရန် သူမ ဆန္ဒမရှိခဲ့ပေ။ သူမ၏ဦးလေးအား ရီဖူရှင်းကို သည်နေရာကို မလာရန် ပြောခိုင်းသော်လည်း ယခု ယိချင်ပင်လျှင် ရောက်လာခဲ့သည်။ ယခု အကြီးအကဲချင်လည်း ရောက်ရှိလာခဲ့ရာ သူမ အမှန်တကယ် ဝမ်းနည်းရသည်။
“အစ်ကိုကြီး… ခင်ဗျား ဘာကြောင့် ဒီလိုလုပ်နေရတာလဲ…” ကျောင်းအုပ်ကြီး ယန်ရှာအိုက မေးကာ သက်ပြင်းချသည်။ သည်အခြေအနေအား အကြီးအကဲချင်က ပြောင်းလဲနိုင်မည်ဟု သူမယုံကြည်ပေ။ နှစ်ဖက်အင်အားချင်းကား ကွာခြားလွန်းလှသည်။
ဝန်ကြီးချုပ်ဟွာက ဧကရာဇ်၏ အမိန့်တော်ဖြင့် လာရောက်သည်။ အရာအားလုံးမှာ ပြောင်းလဲမရတော့ပေ။ ဟွာဂျီယူနှင့် ရီဖူရှင်းတို့အတွက် လမ်းက နှစ်ခုသာရှိသည်။ တော်ဝင်မိသားစုက သူတို့ဘဝအား ထိန်းချုပ်ခြင်းနှင့် သေလမ်းသာ ဖြစ်သည်။ တတိယ လမ်းမရှိပေ။
သို့သော် အကြီးအကဲချင်ကား သူ့စကားများကို ကြားဟန်တူပေ။ သူက ညင်သာစွာ ပြောသည်… “ဖူရှင်း… ဒီသံစဉ်က ငါရေးထားတာ… ဒါပေမဲ့ နာမည် မပေးရသေးဘူး… ဒီနေ့… မင်းကို နာမည်ပေးခွင့် ပေးလိုက်မယ်…”
“အင်း…” ရီဖူရှင်းက စိတ်မကောင်းသော်လည်း ခေါင်းညိတ်လိုက်သည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်လျှင် အကြီးအကဲချင်က ပြုံးလိုက်သည်။ ထို့နောက် သူ့သက်စောင့်ဝိညာဉ် ပေါ်လာသည်။ သူ၏ကု့ချင်းဝိညာဉ်မှာ ပုံရိပ်နှင့် မတူဘဲ တကယ့် ကု့ချင်းနှင့် တူလှသည်။ ကု့ချင်းက အကြီးအကဲချင်၏ရှေ့ကို ဆင်းသက်လာသည်။ လက်နှစ်ဖက်အား မြှောက်၍ သူ့လက်ချောင်းများဖြင့် စတင် တီးခတ်လိုက်သည်။
“သူတို့ကို သတ်စမ်း…” ဝန်ကြီးချုပ်ဟွာက အမိန့်ပေးလိုက်သည်။ ယန်ရှာအိုနှင့် ဟန်မိုတို့ နှစ်ယောက်လုံးက ခုန်ဝင်လိုက်ကြသည်။ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုက လမ်းတစ်လျှောက် ဖျက်ဆီးသွားကာ သတ္တဝါဆန်းပေါ်မှ လူများထံသို့ ဦးတည်နေသည်။
တစ်ချိန်တည်းမှာပင် သတ္တဝါဆန်းက အကြီးအကဲချင်၏ သံစဉ်ကို လိုက်ပြီး စူးရှစွာ အော်ဟစ်သည်။ အသံနှစ်ခု ပေါင်းစပ်သွားလျှင် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားစေပြီး သူတို့ထံ လာရောက်သော မုန်တိုင်းအား ဖျက်ဆီးလိုက်သည်။ ထိုအသံက လူတိုင်းအား တုန်ခါစေသည်။ ယန်ရှာအိုက အကြီးအကဲချင်အား ကြည့်လိုက်သည်။ သူကား အိုမင်းနေသော်လည်း နှစ်ပေါင်းများစွာ တိတ်ဆိတ်စွာ တန်ခိုးကျင့်ခြင်းက အသံ၏အနှစ်သာရအား နားလည် သွားစေပုံပေါ်သည်။ သူကား ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ သို့သော်လည်း မည်မျှပင် တိုက်ကွက်က ကောင်းမွန်နေပါစေ မှော်ဂီတသံစဉ်မှာလည်း စိတ်ဝိညာဉ်စွမ်းအားဖြင့် အထောက်အကူပြုရန် လိုသလို သဘာဝ စွမ်းအင်များအားလည်း အဆက်မပြတ် အသုံးပြုရသည်။ အကြီးအကဲချင်၏ အသက်အရွယ်အရ သည်ဖိအားများကို ခံနိုင်ရည်ရှိရန် မလွယ်ကူပေ။
ဝန်ကြီးချုပ်ဟွာ၏ အမူအရာကား အေးစက်နေဆဲဖြစ်သည်။ သူက လက်ဆန့်တန်းလိုက်လျှင် လက်ဝါးတစ်ချက် ရိုက်ထုတ်ခြင်းဖြင့် အလင်းတန်းတစ်ခုက လေကိုခွင်း၍ ရှေ့ကို ပစ်ခွင်းလိုက်သည်။
အကြီးအကဲချင်က ကု့ချင်းအား တီးခတ်သလို သတ္တဝါဆန်းက သူ့အတောင်ပံများအား စည်းချက်တကျ ခတ်လိုက်သည်။ တဖြည်းဖြည်းဖြင့် သတ္တဝါဆန်းက လေထဲသို့ ပျံတက်သွားသည်။ သူ၏ဦးခေါင်းက ကောင်းကင်အား ဦးတည်ကာ တစ်ကြိမ်ပြီးတစ်ကြိမ် ကု့ချင်းအသံနှင့်လိုက်၍ ဟစ်ကြွေးလေသည်။ အသံနှစ်သံက ကြီးမားကျယ်ပြန့်ကာ ထိုပတ်ဝန်းကျင် တစ်ခုလုံးအား အဆုံးမဲ့ ပျံ့နှံ့သွားသည်။ အကြီးအကဲချင်ကား အမြဲလိုလိုပဲ အေးဆေးစွာ နေထိုင်ခဲ့သည်။ ယနေ့ သူ့ဂီတကား အရှေ့ပင်လယ်မှ လူများ အားလုံးအကြား ပြောစမှတ် တွင်စေတော့မည် ဖြစ်သည်။
ကျယ်လောင်သော ဂီတအသံလှိုင်းက သူတို့၏နားစည်အား ထွင်းဖောက်ကာ အဆက်မပြတ် လာရောက် ရိုက်ခတ်ကြသည်။ ထိုအခိုက်အတန့်လေးတွင်ပင် သူတို့က ဂီတသံစဉ်၏ နောက်ကွယ်မှ စွမ်းအားများကို ခံစားကြရသည်။ အကြီးအကဲချင်အား ဦးတည်နေသော တိုက်ခိုက်မှုများ အားလုံးမှာလည်း ပျက်စီးကြရသည်။ သတ္တဝါဆန်း၏ အထောက်အပံ့ဖြင့် ကြောက်မက်ဖွယ် ဂီတသံစဉ်မုန်တိုင်းကား ပေါက်ကွက်ထွက်သွားကာ အရာအားလုံးအား ဖျက်ဆီးသည်။
ရေခဲမုန်တိုင်းတစ်ခုက ထိုပတ်ဝန်းကျင်အား လာရောက်ရိုက်ခတ်ပြီး အေးခဲသွားစေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်၌ ထူးဆန်းအံ့ဖွယ် သစ်ပင်တစ်ပင် ပေါ်ပေါက်လာသည်။ အကိုင်းအခက်များက ရုန့်ရင်းကြမ်းတမ်းစွာ ကြီးမားဖွံ့ဖြိုးလာပြီး ထိုပတ်ဝန်းကျင် တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ အကိုင်းအခက်များက ဆက်တိုက်ပင် ကြီးထွားလာကာ သတ္တဝါဆန်း၏နောက်ကို လိုက်ပါလာကြသည်။ ထိုနေရာမှ တန်ခိုးရှင်များကလည်း သူတို့၏တန်ခိုး စွမ်းအားများကို အသုံးပြုပြီး သတ္တဝါဆန်း ထိုနေရာမှ ထွက်ခွာ မသွားနိုင်အောင် ကြိုးစားကြသည်။
အကြီးအကဲချင်က ထိုအရာများ အားလုံးကို သိသည်။ သူကား သူ့ဂီတတွင် အာရုံနှစ်ထားဆဲဖြစ်သည်။ သူ့လက်ချောင်းများက ပို၍ လျင်မြန်စွာ လှုပ်ရှားလာသည်။ အကြီးအကဲချင်၏ အိုမင်းနေသော ခန္ဓာမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သူ၏အဖြူရောင်ဆံပင်များက အနက်ရောင် ပြောင်းလဲသွားပြီး လေထဲတွင် မျောလွင့်နေကြသည်။ သူကား ယခု ပြန်လည် ငယ်ရွယ် နုပျိုသွားသလိုပင်။ သူ့ကိုယ်ရောင်ကိုယ်ဝါက အားကောင်းလှပြီး ကောင်းကင်တစ်ခုလုံး၏အမြင့်ဆုံးကို ရောက်သွားသကဲ့သို့ အလားပင်။
ကု့ချင်းဂီတသံက လေထုတစ်ခုလုံး ပျံ့နှံ့လာနေပြီး အားလှိုင်းတစ်ခုက ရေခဲပြင်တံတိုင်းအား ကျိုးပျက်စေသည်။ သူတို့ထံ တိုးဝင်လာနေသော နွယ်ပင်များမှာလည်း အသံလှိုင်းနှင့်ထိလျင် အမှုန့်များအဖြစ် ပြောင်းလဲသွားသည်။ ဂီတသံစဉ်သွားရာ လမ်းတစ်လျှောက် သူကား အတားအဆီး မရှိသလိုပင်။
ရီဖူရှင်းက အကြီးအကဲချင်၏ နောက်တွင် ရပ်နေသည်။ သူက တိတ်ဆိတ်စွာပင် လေ့လာကာ နားထောင်နေသည်။ ထာဝရတည်ရှိနေမည့် ဂီတသံစဉ်အလား သီချင်းကား ပိုမို၍ အားကောင်းလာသည်။ ထိုဂီတသံစဉ်က သူ့သိစိတ်ရှိနေဟန်ဖြင့် ဂီတသံစဉ်ထဲမှ စိတ်လှုပ်ရှား တက်ကြွမှုကို ခံစားနေရသည်။
“ပြန့်ကျဲခြင်း…” မြေပြင်မှ တစ်ယောက်က ပြောလိုက်သည်။ နန်ဒူမိသားစုမှ လူတိုင်းက ကောင်းကင်အား မော်ကြည့်လိုက်ကြသည်။ သူတို့ရင်ဘတ်များ ပြင်းထန်စွာ တုန်ခါနေသည်။ သည်ကဲ့သို့ အိုမင်းနေသော အဘိုးအိုက သည်မျှ ပြင်းထန်ကာ ကြမ်းတမ်းသော သံစဉ်အား တီးခတ်နိုင်သည်မှာ ယုံကြည်နိုင်ဖွယ်ရာ မရှိပေ။ သည်ဂီတသံစဉ်ကား မည်သည့် မှော်တိုက်ကွက်ကိုမဆို ဖျက်ဆီးနိုင်ပုံရကာ သဘာဝစွမ်းအင်များအား ပြန့်ကျဲသွားစေသည်။ သည်ဂီတသံစဉ် မရပ်မချင်း မှော်တိုက်ကွက်များ သူတို့ ထုတ်နိုင်စွမ်း မရှိတော့။
“ခင်ဗျား ရူးသွားပြီလား…” ဝန်ကြီးချုပ်ဟွာက မေးလိုက်သည်။ သူကား ယခု လေထဲမှာဖြစ်ပြီး သတ္တဝါဆန်းနောက်ကို လိုက်နေသည်။ သူသည်လည်း အကြီးအကဲချင် လုပ်မည့်အရာကို ကြောက်ရွံ့နေသည်သာ ဖြစ်သည်။ အကြီးအကဲချင်၏ ဂီတသံစဉ်က ပိုမို၍ စွမ်းအားမြင့်လာပြီး သံစဉ်က ထာဝရ တည်ရှိနေမည့်အလား တဖြည်းဖြည်း ပြင်းထန်လာသည်။ သို့သော်လည်း အကြီးအကဲချင်တွင် သည်ကဲ့သို့ မှော်ဂီတသံစဉ်မျိုးအား အချိန်ကြာကြာ တီးခတ်ရန် စိတ်စွမ်းအင် မလုံလောက်ပေ။ သည်ထက် ဆက်လက်၍ တီးခတ်ပါက သူမိမိကိုယ်ကို သေကြောင်း ကြံစည်နေခြင်းသာ ဖြစ်သည်။
ဝန်ကြီးချုပ်ဟွာ ပြောသည်ကို ကြားဟန်မတူဘဲ အကြီးအကဲချင်ကား ဂီတသံစဉ်ထဲတွင် နစ်မျောနေသည်။ သတ္တဝါဆန်းကလည်း ကောင်းကင်အမြင့်ကို တဖြည်းဖြည်း တက်နေသည်။ ထူးဆန်းသစ်ပင်၏ သစ်ကိုင်းများမှ လွတ်မြောက်သွားလျှင် သတ္တဝါဆန်းက နန်ဒူနန်းတော်ထဲမှ လှမ်းထွက်လိုက်သည်။ အဘိုးအိုတစ်ယောက်က လူငယ်လေးနှစ်ယောက်အား နန်းတော်ထဲမှ ခေါ်ဆောင် သွားတော့မည်ဖြစ်သည်။
“သူတို့ နောက်ကို လိုက်စမ်း…” ဝန်ကြီးချုပ်ဟွာက အမိန့်ပေးသည်။ တန်ခိုးရှင်များက လေထဲကို ပျံတက်လိုက်ကြပြီး သတ္တဝါဆန်းနောက်ကို လိုက်ကြသည်။ အကြီးအကဲချင်နှင့် ယိချင်က သည်လူငယ်နှစ်ဦးနှင့် သည်ကဲ့သို့ လွတ်မြောက်သွားမည်ဟု သူတို့ မယုံကြည်ပေ။
နန်ဒူတိုင်ကလည်း သူတို့နောက်မှ လိုက်ပါလာသည်။ အကြီးအကဲချင်အား တိုက်ခိုက်သမျှ တိုက်ကွက်တိုင်းက သူ၏ဂီတသံစဉ်အား တိုးမပေါက်သည်ကို မြင်တွေ့ကာ ထိတ်လန့်ရသည်။
လာဘ်လာဘကျောင်းဆောင်မှ ကျောင်းအုပ်ကြီးယိချန်နှင့် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ အကြီးအကဲချင်တို့မှာ ကျောင်းတော်အတွင်း အမြင့်ဆုံးသော ဂုဏ်ထူးဝိသေသများအား ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြ၏။ သို့သော် ယနေ့ သူတို့နှစ်ယောက်က လူငယ်နှစ်ယောက် အတွက် သေမင်းနှင့် စစ်ခင်းနေကြရပြီ ဖြစ်သည်။ အကယ်၍ ရီဖူရှင်းက နန်ဒူတိုင်ကို ထီးနန်းအား ကတိပေးနိုင်သည် ဆိုပါက ယိချင်နှင့် အကြီးအကဲချင်တို့ကို မည်သည့်အရာများ ကတိပေးနိုင်ပါသနည်း။ တစ်ခုမှ မရှိသည်လည်း ဖြစ်နိုင်သည်။ သူတို့က ရီဖူရှင်းအား ယုံကြည်မှု တစ်ခုတည်းကြောင့်လည်း ဖြစ်နိုင်သည်။ ရီဖူရှင်းက သည်အရာများအား အဘယ်ကြောင့် ထိုက်တန်ရသနည်း။ သူတို့က ရီဖူရှင်း၏ ထူးခြားဆန်းကြယ်သော ပါရမီများကြောင့် သူတို့၏အသက်ကို စွန့်၍ ကယ်တင်နေသလော။
နန်ဒူတိုင်က သူ့အတွေးများအား ခေါင်းယမ်းကာ ဖယ်ထုတ်လိုက်သည်။ ထိုအရာများအား ယခု သူမတွေးလိုပေ။ သူ၏ပထမ ဦးစားပေးမှာ ရီဖူရှင်းနှင့် တခြားလူများ ထွက်ပြေးခြင်းအား တားဆီးရန်ဖြစ်သည်။ သူက သူတို့အား သတ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ယနေ့ ရီဖူရှင်းအား လွှတ်ပေးလိုက်ပါက ရီဖူရှင်း၏ပါရမီကြောင့် အနာဂတ်တွင် အလွန်အန္တရာယ် များလှသည်။
ကြီးမားသော အုပ်စုကြီးက နန်ဒူနန်းတော်မှ ထွက်ပေါ်လာကြသည်။ စားပွဲမှ ဧည့်သည်များလည်း လိုက်ပါလာကြသည်။ သူတို့က တိုက်ပွဲက မည်သို့ အဆုံးသတ်မည်ကို သိလိုကြသည်။ ထို့အပြင် သည်အချစ်မောင်နှံ နှစ်ယောက်၏ အခြေအနေကိုလည်း စိတ်ဝင်စားကြသည်။
ကု့ချင်း၏သံစဉ်များက အဆက်မပြတ် ထွက်ပေါ်နေဆဲပင်။ ယိချင်က အကြီးအကဲချင်၏ ဘေးတွင်ရပ်ကာ သူ့အား လေးစားစွာ ကြည့်လိုက်သည်။ သူ့အဆင့်ဖြင့် အကြီးအကဲချင်၏ အခြေအနေကို သိမြင်နိုင်သည်။ သည်သံစဉ်ကား သူ့ဘဝ၏နောက်ဆုံး တီးခတ်ခွင့်ရသော သံစဉ်ဖြစ်ပေသည်။
ရီဖူရှင်းက အကြီးအကဲချင်၏ နောက်မှနေ၍ နောက်ဘက်ကို လှည့်ကြည့်လိုက်သည်။ သူ၏အာရုံက သူတို့နောက်ကို လိုက်လာနေသူတို့ထံ ရောက်သွားကာ ထိုသူတို့၏ တိုက်ခိုက်မှုတိုင်းက ဂီတသံစဉ်ကြောင့် ပျက်စီးသွားသည်ကို တွေ့ရသည်။ သူက တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို ခံစားရသည်။
“ဆရာဘိုးဘိုး… ဒီသံစဉ်ရဲ့နာမည်က ပျက်စီးခြင်းကမ္ဘာ…” ရီဖူရှင်းက ပြောလိုက်သည်။ ယိချင်၏မျက်လုံးများက မီးဝင်းဝင်း တောက်သွားသည်။ ရီဖူရှင်းက သည်သံစဉ်အား ပျက်စီးခြင်းကမ္ဘာဟု ပေးလိုက်သည်။ သည်သံစဉ်၏နောက်ကွယ်မှ အဓိပ္ပာယ်အား ထပ်မံ၍ ရှင်းပြနေရန် မလိုတော့ပေ။ အကယ်၍ သည်နေ့တွင် ရီဖူရှင်းသာ မသေခဲ့လျှင် နန်ဒူနိုင်ငံမှာ ပြန့်ကျဲ ပျက်စီးရမည်မှာ သေချာလှသည်။
အကြီးအကဲချင်က ဆက်လက်၍ တီးခတ်နေရင်း ပြုံးကာ ခေါင်းညိတ်လိုက်သည်… ̏ပျက်စီးခြင်းကမ္ဘာ… ဘယ်လောက် ကိုက်ညီလိုက်တဲ့ နာမည်လဲ…”
သတ္တဝါဆန်းကား နောက်ဆုံးတွင် နန်းတော်၏ခြံဝင်းမှ ထွက်ခွာ သွားနိုင်ပြီဖြစ်သည်။ နောက်အုပ်စုတစ်ခုက ကောင်းကင်ကို ပျံသန်းလာသည်ကို သူတို့မြင်ရသည်။ သူတို့မှာ ရှာဖိန်နှင့် သူ့လူများ ဖြစ်ကြသည်။ သူတို့က နန်းတော်အပြင်ဘက်တွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ရီဖူရှင်းနှင့် တခြားလူများ သည်နေရာမှ အသက်ရှင်လျက် ထွက်နိုင်မည်ဟု သူတို့ မယုံကြည်ကြပေ။
လက်မှ ထက်မြက်လှသော ဓားတစ်လက်အား ကိုင်စွဲကာ ရှာဖိန်က လေထဲတွင် ဝှေ့ယမ်းလိုက်သည်။ သဘာဝစွမ်းအင်များက သူ့ပတ်ဝန်းကျင်တွင် စုစည်းလာကြကာ ဓားအရှိန်အဝါ တစ်ခုအား ဖန်တီးလိုက်သည်။ သူရှိရာ အရပ်တည့်တည့်ကို သတ္တဝါဆန်းက လာနေရာ ရှာဖိန်ကလည်း ရှေ့ကို ပြေးသွားလိုက်သည်။ သူ့နောက်တွင်ကား ဓားအရှိန်အဝါတစ်ခုက ကပ်ပါလာသည်။ ထိုစဉ်မှာပင် ဓားအစင်းပေါင်းများစွာ ပေါ်လာကာ တိုက်ခိုက်ဖျက်ဆီးမှုအတွက် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
ဓားအစင်းပေါင်းများစွာက သတ္တဝါဆန်းထံသို့ လေကိုခွင်းလျက် ဦးတည်နေကြသည်။ အကြီးအကဲချင်က သတိထားမိပုံမရပေ။ သူက ကု့ချင်းတီးခတ်ခြင်းတွင်သာ အာရုံစိုက်ထားသည်။ သူ၏ဂီတသံစဉ်က လေထုအား အတိုင်းအဆမဲ့တုန်ခါစေကာ ကောင်းကင်အား ထွင်းဖောက်သွားသည်။ ကြောက်မက်ဖွယ် ဂီသသံစဉ်လှိုင်းက ဓားအစင်းပေါင်း များစွာအား ကျော်ဖြတ်ကာ ရှာဖိန်၏ခေါင်းထဲသို့ ဝင်ရောက် ရိုက်ခတ်ကြသည်။ အလွန်အမင်း နာကျင်မှုကြောင့် ရှာဖိန်၏လှုပ်ရှာမှုများ ရပ်တန့်သွားကာ သူ့ပါးစပ်မှ သွေးတစ်ပွက် အန်ကျသည်။ သူ့မျက်နှာများ ပြာနှမ်းသွားသည်။ သို့သော်လည်း သူ့ဓားသွားများက ရှေ့ကို ဆက်တိုးဝင် သွားကြသည်။
ယိချန်က သတ္တဝါဆန်း၏ရှေ့ကို လှမ်းထွက်လိုက်ပြီး သူ့လက်ဝါး နှစ်ဖက်လုံးအား လျင်မြန်စွာ ရိုက်ထုတ်လိုက်သည်။ သူ့လက်ဝါးရိုက်ချက်များက လျင်မြန်လွန်းလှပြီး ချက်ချင်းပင် ထောင်ပေါင်းများစွာသော လက်ဝါးများပေါ်လာကာ ဓားသွားများအား ဖျက်ဆီးပစ်လိုက်သည်။ သတ္တဝါဆန်းကလည်း အတားအဆီးမရှိ ရှေ့ကို ဆက်သွားလိုက်သည်။
ရှာဖိန် မြေပြင်ပေါ်သို့ ကျသွားသည်။ သူက ခေါင်းမော့လျက် ထိုလူများ ထွက်ခွာသွားသည်ကို ကြည့်လိုက်သည်။ သူ့အမူအရာများ မကောင်းတော့ပေ။ သူ့တွင် မူလကတည်းက စိတ်စွမ်းအင်များ အများကြီး ရှိသည်မဟုတ်ပေ။ ယခု ဂီတသံစဉ်၏ တိုက်ခိုက်မှုက သူ့စိတ်စွမ်းအင်များ အားလုံးကို ခန်းခြောက် သွားလုနီးပါးပင်။ အကယ်၍ သူက အကြီးအကဲချင်၏ ဂီတသံစဉ်ကို တိုက်ရိုက် တိုက်ခိုက်ခဲ့ပါက သူလည်း စိတ်စွမ်းအင် ခန်းခြောက်ကာ သေဆုံးရမည် ဖြစ်သည်။
ထိုထွက်ပြေးသွားသော အုပ်စုနောက်တွင် လိုက်ပါလာကြသော ဝန်ကြီးချုပ်ဟွာ။ နန်ဒူတိုင်နှင့် ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ကျောင်းအုပ်နှစ်ယောက်ကို မြင်လျှင် ရှာဖိန်က သူတို့မှာလည်း အကြီးအကဲချင်၏ဂီတသံစဉ်ကို တိုက်ရိုက် ရင်မဆိုင်ရဲကြကြောင်း ခန့်မှန်းမိကာ မချိပြုံး ပြုံးလိုက်သည်။
“အစ်ကိုကြီး… ဒီသံစဉ်က တကယ်ပဲ စွမ်းအား ထက်မြက်တယ်… ဒါပေမဲ့ ခင်ဗျားက ဘယ်လောက်ဆက်ပြီး တီးခတ်နိုင်ဦးမလဲ…” ဝန်ကြီးချုပ်ဟွာက ပြောသည်… .̏ခင်ဗျားတို့ လွတ်မှာ မဟုတ်ဘူး…”
သံစဉ်က ဆက်လက် ပျံ့လွင့်နေသည်။ အကြီးအကဲချင်ကား ရပ်တန့်ရန် ဆန္ဒရှိပုံမရပေ။ ဖြည်းညင်းစွာ သူက ခေါင်းမော့လျက် ပြုံးလိုက်သည်… “ယိချင်… ဖူရှင်းနဲ့ ဂျီယူကို ခေါ်ပြီး ထွက်သွားတော့…”
ယိချင်က အဘိုးအိုကို ကြည့်လိုက်သည်။ သူက မငြင်းဆိုနိုင်တော့… “ကောင်းပြီ…”
“ဆရာဘိုးဘိုး…” ရီဖူရှင်း၏ရင်ဘတ်မှ တင်းကျပ်စွာ ခံစားနေရသည်။ မည်သို့ ထပ်မံဖြစ်ပျက်မည်ကို သူခန့်မှန်းမိပြီး ဖြစ်သည်။
“ကလေး… စိတ်မကောင်းမဖြစ်နဲ့… ငါ့မှာ ဆက်နေရမယ့် အချိန်လည်း သိပ်မကျန်တော့ဘူး… မင်းတို့တွေကို ဒီနေ့ငါက လွတ်အောင် လုပ်ပေးနိုင်ရင် ငါက ပျော်ပျော်ရွှင်ရွင်ပဲ သေနိုင်တော့မယ်…” အကြီးအကဲချင်က ငြိမ်းချမ်းစွာ ပြောသည်။
“ဆရာဘိုးဘိုး… ကျွန်မတို့ လက်ထပ်ပွဲကို တက်ရောက်မယ်လို့ မပြောခဲ့ဘူးလား…” ဟွာဂျီယူ၏ မျက်ရည်များ တစ်ဖန် စီးကျလာကြသည်။
“ကလေး… ငါက အချိန်အကြာကြီး နေခဲ့ပြီးပြီ… မကြာခင် သေရတော့မယ်… မင်းတို့နှစ်ယောက်က ပျော်ပျော်ရွှင်ရွှင် နေသွားကြမယ်လို့ ကတိပေး… ငါအရင်က ပြောခဲ့သလိုပဲ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေကြ…” အဘိုးအိုက ပြောသည်။ ထို့နောက် သူက သတ္တဝါဆန်းအား ပြောလိုက်သည်… “ရှာဂို… သူတို့ကို ခေါ်သွား… ပြန်မလာနဲ့…” သူက ထိုသို့ပြောပြီးသည်နှင့် သတ္တဝါဆန်းပေါ်မှ ဆင်းသွားကာ နောက်မှလိုက်ပါလာသော လူများထံသို့ လှမ်းသွားလိုက်သည်။
သတ္တဝါဆန်း၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ သူက အတောင်ပံများအား ခတ်ကာ မရပ်မနား ရှေ့ကို ဆက်၍ ပျံသန်းလိုက်သည်။
“ဆရာဘိုးဘိုး…” ရီဖူရှင်းနှင့် ဟွာဂျီယူက နောက်မှ လှမ်းခေါ်လိုက်ကြသည်။
ယိချန်က တိတ်ဆိတ်နေရာမှ ပြောလိုက်သည်… “အကြီးအကဲချင် သေရတာ အလဟဿ မဖြစ်စေနဲ့… မင်းတို့နှစ်ယောက်လုံး အသက်ရှင်ရမယ်…”
***