အခန်း (၄၇) ပြိုင်ဘက်
ကောင်းကင်ရိပ်ငြိမ်ရေကန်၏ နဝမမြောက်တည်နေရာတွင် လမ်းလျှောက်နိုင်ရန်မှာ မလွယ်ကူလှပေ။
စိတ်စွမ်းအားကောင်းမွန်ရန်သာမက ကျင့်ကြံခြင်းအဆင့် မြင့်မားရန်လည်း လိုအပ်သည်။
နိယာမများအရဆိုလျှင် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ ကောင်းကင်ရိပ်ငြိမ်ရေကန်၏ နဝမမြောက်တည်နေရာသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။
ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ နဝမမြောက်တည်နေရာသို့ ဝင်ရောက်လိုပါက သေရည်နတ်ဘုရားကို အတော်လေး အချိန်ယူကာ နားချရမည် ဖြစ်သည်။
ယခင်ကတော့ ကောင်းကင်ဝိညာဉ်ရေကန်သို့ ဝင်ရောက်နိုင်ရန် တပည့်များက သေရည်နတ်ဘုရားအတွက် သေရည်များ ယူဆောင်လာလေ့ ရှိကြသည်။
သို့သော်… တဖြည်းဖြည်းနှင့် ထိုသို့ပြုလုပ်ရသည်ကို သေရည်နတ်ဘုရား စိတ်ပျက်လာမိသည်။
သူ… ထိုအလုပ်ကို ဆက်လက်လုပ်ဆောင်လိုခြင်း မရှိတော့ပေ။ ထိုသို့လုပ်ဆောင်နေရသည်က အချိန်ဖြုန်းခြင်း သက်သက်ဖြစ်သည်ဟု ထင်မြင်လာမိလေသည်။
ယခုဆိုလျှင်… အကောင်းစားသေရည် လက်ဆောင်ပေးလျှင်လည်း သေရည်နတ်ဘုရားက ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ ပေးမဝင်တော့ပေ။
သို့သော်… မော့ကျန်းသုန့်ပေးလိုက်သည့် ထိပ်တန်းအဆင့် ရှားပါးသေရည်မျိုးကတော့ ချွင်းချက်ဖြစ်၏။
ကျင့်ကြံသူများအနေဖြင့် ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ ဝင်ရောက်လိုပါက သေရည်နတ်ဘုရားကို တောင်းပန်ပြောဆိုမှသာ ဝင်ရောက်ခွင့် ရနိုင်ပေတော့မည်။
ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ ဝင်ရောက်နိုင်လျှင် ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး အနည်းနှင့်အများ အထောက်အကူ ဖြစ်နိုင်လေသည်။
အချိန်က ညဉ့်နက်နေလေပြီ…။
သို့သော်… အချို့တပည့်များကတော့… ကောင်းကင်ရိပ်ငြိမ်ရေကန် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။
နဝမတောင်ထွတ်မှတပည့် မည်သည့်အချိန်တွင် ပြန်ထွက်လာမည်ကို သူတို့ သိချင်နေကြသည်။
ထိုသို့ဖြင့်… အချိန် (၂) ရက်ခန့် ကြာသွားခဲ့လေသည်။
သို့သော်… ကျန်းလန်ကတော့ ပြန်ထွက်မလာသေးပေ။
တပည့်တစ်ယောက်က…
“ကြည့်ရတာ…. နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက ခုချိန်ထိ ရေကန်ထဲ မြုပ်မသွားသေးဘူးထင်တယ်…”
အများ၏ အမြင်တွင် ကျန်းလန်က အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်သည်။
ထိုအဆင့်ဖြင့်ဆိုလျှင် ရေကန်ထဲသို့ ချက်ချင်းပြုတ်ကျပြီး နစ်မြုသွားနိုင်သည့် အနေအထားဖြစ်သည်။
နောက်ထပ်တပည့်တစ်ယောက်က…
“ဘာပဲဖြစ်ဖြစ်ကွာ… သူ ခံနိုင်ရည်မရှိတော့ရင် ပြုတ်ကျသွားမှာပဲ…”
“သူက ပထမဆုံးအကြိမ် ရေကန်ထဲဝင်တာလေ… အနည်းနဲ့အများတော့ မတည်မငြိမ်ဖြစ်မှာပဲ… ၊ အတော်လေး စိတ်တည်ငြိမ်အောင်ထားနိုင်ရင်တော့… နေ့ဝက်လောက် နေနိုုင်လိမ့်မယ်…”
“ဒါဖြင့်… သူ အချိန်အတော်ကြာအောင်… နေနိုင်ဦးမှာပေါ့…”
“ကျုပ်ကြားဖူးတာတော့ ပင်ကိုယ်ပါရမီရှိတဲ့သူတွေက အများဆုံး (၃)ရက်လောက် နေနိုင်တယ်လို့ ကြားဖူးတယ်… ၊ ပါရမီအရမ်းအားကောင်းတဲ့သူတွေဆိုရင် (၇)ရက်လောက် နေနိုင်တယ်တဲ့… ၊ အရင်တုန်းကဆိုရင် ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးက အဲဒီနေရာမှာ အချိန် (၁)လတောင် နေနိုင်တာ မဟုတ်လား…”
“အမှန်ပဲ… ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးက တကယ့်ပါရမီရှင်ပဲ… ၊ နှစ်ပေါင်း (၂၀၀) အတွင်း သူ့ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မပေါ်သေးဘူး…”
“နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးတော့ ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးနဲ့သာ တွေ့လိုက်ရင် ချက်ချင်း ဖျားသွားမှာပဲ… ၊ ပြီးတော့ သူ ဘယ်လောက် အဆင့်နိမ့်လဲဆိုတာ နားလည်သွားလိမ့်မယ်… ဟုတ်တယ်မလား…”
“ဟုတ်ပကွာ… စောင့်ကြည့်ကြတာပေါ့… မနက်ဖန်မနက်တော့ ဒီကောင် စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်လာမှာ မြင်ယောင်ပါသေးတယ်…”
……………
ကောင်းကင်ရိပ်ငြိမ်ရေကန်…
ကျန်းလန် ကန်ရေပြင်ထက်တွင် ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်လျှက် ရှိသည်။
သူက ခြေလှမ်းများကို တစ်လှမ်းချင်းလှမ်းနေပြီး တစ်ခါတစ်ရံတွင်တော့ ခြေလှမ်းများရပ်တန့်ကာ အနားယူနေလေ့ရှိသည်။
သို့သော်… လမ်းလျှောက်သည့်အချိန်တိုင်း ကျန်းလန်က ကန်ရေပြင်ကို ငုံ့ကြည့်ကာ လမ်းလျှောက်လေ့ရှိသည်။ ကန်ရေပြင်တွင် မြင်တွေ့နေရသည့် သူ၏ပုံရိပ်ကို အချိန်တိုင်း ငုံ့ကြည့်နေခြင်း ဖြစ်၏။
ကန်ရေပြင်တွင် ရောင်ပြန်ဟပ်နေသည့် သူ၏ ပုံရိပ်က ထင်ရှားခြင်း မရှိသေးပေ။ ကောက်ကြောင်းတစ်ခုအလား မထင်မရှားသာ တွေ့မြင်နေရသည်။
ကျန်းလန်က ပုံရိပ်ကို ကြည်ကြည်လင်လင် တွေ့မြင်နိုင်ရန် ကြိုးစားလိုက်တိုင်း ရေကန်ထဲသို့ နစ်မြုပ်လုမတတ် ဖြစ်သွားရသည်။
ခံစားချက် (၇) ခုနှင့် စိတ်ဆန္ဒ (၆)ခုက သူ၏ စိတ်အာရုံကို အဆက်မပြတ်တိုက်ခိုက်နေပြီး အခြား စိတ်ခံစားချက်များကလည်း အဆက်မပြတ် ထွက်ပေါ်လာလေသည်။
မာန ၊ ဒေါသ ၊ လောက ၊ ပျင်းရိခြင်း ၊ မနာလိုမှု ၊ တပ်မက်စိတ်နှင့် တဏှာရာဂများပင် ဖြစ်၏။
ထိုခံစားချက်များက တဖြည်းဖြည်း ပိုမိုပြင်းထန်လာသည်ကို ကျန်းလန် ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
ထိုစိတ်ဆန္ဒများနှင့် စိတ်ခံစားချက်များက ကျန်းလန်၏ စိတ်အာရုံတစ်ခုလုံးကို ထိန်းချုပ်သွားပြီး သူ့ကို ရေအောက်သို့ ဆွဲနှစ်သွားတော့မည့်အလား ခံစားနေရသည်။
ကျန်းလန်က ထို စိတ်ခံစားချက်များကို တစ်ခုချင်း လိုက်လံပိတ်ဆို့ပစ်ရန် ကြိုးစားနေသည်။ တဖြည်းဖြည်း ပြင်းထန်လာသည့် ခံစားချက်များကို ကြံ့ကြံ့ခံရင်း ကျန်းလန် သူ့လမ်းသူ ဆက်လျှောက်နေသည်။
သို့သော်… ကန်ရေပြင်ထက်တွင် လမ်းလျှောက်နေရင်း… ရေကန်ထဲတွင် ရောင်ပြန်ဟန်နေသည့် ပုံရိပ်မှတစ်ဆင့် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်နိုင်မည့် နည်းလမ်းကို ကျန်းလန် ရှာဖွေတွေ့ရှိသွားသည်။
သို့သော်… ဤအခြေအနေကို သူ ထာဝရ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။
တစ်ခါတစ်ရံ… သူ ရင်တလှပ်လှပ် ခုန်နေသလို ခံစားရပြီး မောပန်းနွမ်းနယ်လာသည်။
ထိုအချိန်မျိုးတွင် သူ လမ်းလျှောက်ခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင် ကြိုးစားရင်း ခဏမျှ အနားယူလိုက်သည်။
“ဒီရေကန်က တကယ်ထူးခြားတာပဲ…”
ကျန်းလန် ရေရွတ်လိုက်၏။
ရေကန်ထဲမှ မထင်မရှားပုံရိပ်ကိုကြည့်ရင်း သူကိုယ်တိုင်၏ စိတ်သဏ္ဍန်တွင် ဖြစ်ပေါ်နေသည့် အားနည်းချက်များနှင့် အပြစ်အနာအဆာများကို ကျန်းလန် တဖြည်းဖြည်း သဘောပေါက်လာသည်။
အချို့သော အားနည်းချက်နှင့် အပြစ်အနာအဆာများကတော့ ပြုပြင်နိုင်သည့် အရာများ မဟုတ်ပေ။ ဒီတိုင်း လက်လွှတ်ထားရုံသာ တတ်နိုင်သည်။
လက်ရှိတွင်… ထိုအချက်က သူ၏ ကျင့်ကြံခြင်းကို သိပ်ပြီး အထောက်အကူ မပြုလှပေ။ သို့သော်… သူ၏ စိတ်စွမ်းအားအတွက်တော့ များစွာအကျိုးရှိ၏။
ပြောရမည်ဆိုလျှင်… ကောင်းကင်ရိပ်ငြိမ်ရေကန်ထက်တွင် လမ်းလျှောက်ရသည်ထက် မရဏဂူထဲတွင် နေထိုင်ရသည်ကမှ သူ့အတွက် ပိုပြီး သက်သောင့်သက်သာ ရှိသေးသည်။
သို့သော်… မရဏဂူထဲတွင် နေထိုင်သည့်အချိန်များတွင်လည်း သူ့အတွက် အန္တရယ်မကင်းနိုင်လေရာ ကျန်းလန်က အစဉ်အမြဲ သတိရှိနေခဲ့သည်။
ကျန်းလန် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။
သူ၏ ဂိုဏ်းတူအစ်ကိုကလည်း မနီးမဝေးတစ်နေရာတွင် ရှိနေသည်ကို တွေ့လိုက်သည်။
ဂိုဏ်းတူအစ်ကိုမှာလည်း ကျန်းလန်ကဲ့သို့ပင် ခေတ္တရပ်တန့်အနားယူနေဟန် ရှိသည်။
သိပ်မကြာမီ… ကုချီက ကျန်းလန်ကို လှည့်ကြည့်လာသည်။
ကျန်းလန်က ချက်ချင်းပင် ယဉ်ကျေးသမှုဖြင့် ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
ကုချီကလည်း ကျန်းလန်ကို ပြန်လည်ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
ထို့နောက်… ကုချီက ရှေ့ဆက်လျှောက်လှမ်းသွားလေတော့သည်။
ကုချီထံတွင် တိုက်ခိုက်ရေးဝိညာဉ်ဖြင့် ပြည့်ဝလျှက်ရှိကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ကုချီက သူနှင့် မတူညီကြောင်း ကျန်းလန် သိရှိလိုက်သည်။
ကျင့်စဉ်လမ်းကို လူတစ်ယောက်နှင့်တစ်ယောက် ချဉ်းကပ်ပုံကတော့ တူညီမည် မဟုတ်ပေ။
ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုက တိုက်ခိုက်ရေးဝိညာဉ်နှင့် ပြည့်ဝလျှက်ရှိပြီး တိုက်ခိုက်ရန် စိတ်ဓာတ်တက်ကြွလျှက် ရှိသည်။
ဤအချက်ကိုကြည့်ပြီး… ကျန်းလန် သူ့ကိုယ်သူ ဂိုဏ်းတူအစ်ကိုလောက် မတော်ဟု ခံစားလိုက်ရသည်။
“ခွန်လွန်တောင်မှာ ပါရမီရှင်တွေမှ အများကြီးပဲ…”
ကျန်းလန် တွေးလိုက်သည်။
ယခု … သူ့ရှေ့မှ ဂိုဏ်းတူအစ်ကိုကို မပြောပါနှင့်….။
တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေတွင် သူဆုံတွေ့ခဲ့ရသည့် ကျင့်ကြံသူများအားလုံးက ပါရမီရှင်များ ဖြစ်ကြသည် မဟုတ်ပါလား။
သူတို့အားလုံးတွင် ကိုယ်ပိုင်အတွေးအခေါ် ၊ ကိုယ်ပိုင်သိမြင်မှုနှင့် ကိုယ်ပိုင်လမ်းစဉ်များ ရှိကြသည်။
လူတိုင်းက အားသွန်ခွန်စိုက် ကြိုးစားကျင့်ကြံကြသည်။
သူလည်း ယခင်ကထက်ပိုပြီး ကြိုးစားကျင့်ကြံရမည်ဟု ကျန်းလန် စိတ်ဆုံးဖြတ်လိုက်သည်။
ကုချီ ထွက်ခွာသွားသည်ကိုကြည့်ပြီး ကျန်းလန် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကျန်ရစ်ခဲ့သည်။
သူကတော့ ဆက်သွားချိန်မတန်သေးပေ။ ခဏမျှ အနားယူရဦးမည် ဖြစ်သည်။
ကျန်းလန်ကို ထားရစ်ခဲ့ပြီး ထွက်ခွာသွားသည့် ကုချီကတော့ တိုက်ခိုက်ရေးဝိညာဉ်ဖြင့် ပြည့်ဝလျှက် ရှိပြီး စိတ်ဓာတ်လည်း တက်ကြွလျှက် ရှိသည်။
“အမှန်ပဲ… သူက ငါ့ရဲ့ ပြိုင်ဘက်ပဲ… ၊ အခု အချိန်ဒီလောက်ကြာတဲ့အထိ သူက ငါ့ကို အမီလိုက်လာနိုင်တယ်…”
“သူက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်လာဖို့ လုံး၀ ထိုက်တန်တဲ့ သူပဲ…”
“မင်း ပိုပြီးတော်လေ… ငါက ပိုပြီး ဝမ်းသာလေပဲကွ… ၊ ငါက သေချာပေါက် မင်းထက်တော်တဲ့သူ ဖြစ်ရမှာပဲ…”
“ဂိုဏ်းတူညီလေး… မင်းက ဘယ်တောင်ထွတ်ကလည်း ငါ မသိဘူး ၊ ဒါပေမဲ့ အခု ငါတို့ ပြိုင်ဘက်တွေ ဖြစ်သွားကြပြီ…”
“ငါ ကျင့်ကြံခြင်းအဆင့်တက်နိုင်ဖို့အတွက် မင်းက ငါ့အတွက် လှေကားထစ် ဖြစ်ပေးရမယ်…”
“မင်း ဒီထက်ပိုပြီး တော်ပါစေလို့ ငါ မျှော်လင့်တယ်ကွာ… ၊ ငါ့ကို အနိုင်ယူနိုင်လုနီးပါး မင်းတော်လေ ငါ့အတွက်အ ကျိုးရှိလေပဲ…”
“ငါတို့ ကန်ရေပြင်ထက် ဘေးချင်းယှဉ် လမ်းလျှောက်ပြီး ဘယ်သူက ပိုပြီး စွမ်းအားမြင့်မားသလဲဆိုတာ ယှဉ်ပြိုင်ကြတာပေါ့…”
“အဲဒါ ငါလိုချင်တဲ့အရာပဲ…”
“မင်းက ငါ့ကို ဒီထက်ပိုပြီး အံ့သြစရာတွေ လုပ်ပြမယ်လို့ မျှော်လင့်ပါတယ်…”
ကုချီ စိတ်ဓာတ်တက်ကြွစွာဖြင့် ထိုအတွေးများကို တွေးတောနေမိသည်။
ထို့နောက်… ကန်ရေပြင်ထက် ခြေတစ်လှမ်းချင်းလှမ်းကာ လမ်းလျှောက်လျှက် ရှိသည်။
သူ၏ ခြေလှမ်းများက ယခင်အချိန်များထက်ပင် များစွာ ပိုမိုတည်ငြိမ်နေလေသည်။
ပြိုင်ဘက်တစ်ယောက် ရှိနေခြင်းက သူ့ကို ပိုမိုသန်မာစေခဲ့ကြောင်း ကုချီ နားလည်လိုက်သည်။
လူငယ်မျိုးဆက်ကျင့်ကြံသူများထဲတွင် သို့မဟုတ် ကျင့်ကြံခြင်းအဆင့် တူသူများထဲတွင် ကောင်းကင်ရိပ်ငြိမ်ရေကန်၌ ကုချီနှင့် ဘေးချင်းယှဉ်ပြီး လမ်းလျှောက်နိုင်သူ တစ်ယောက်မှ မရှိခဲ့ပေ။
ယခုတော့ သူ့အတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ကို တွေ့ရပြီ ဖြစ်သည်။
ပြိုင်ဘက်ကို အသုံးချပြီး ကျင့်ကြံခြင်းအဆင့် တက်ရောက်နိုင်ရန် ကုချီ မျှော်လင့်လျှက် ရှိလေတော့၏။
…………
နောက်တစ်နေ့နံနက်…
နံနက်အရုဏ်တက်ခဲ့ပြီ ဖြစ်လေသည်။
မရဏဂူအဝင်ဝရှိ နတ်ဘုရားရောင်ဝါအစီအရင်တွင် လင်းလက်တောက်ပနေသည့် အလင်းရောင်က တဖြည်းဖြည်း မှေးမှိန်စ ပြုလာပြီ ဖြစ်သည်။
အစီအရင်ထဲတွင် ထိုင်ပြီး ကျင့်ကြံနေကြသည့် ကျင့်ကြံသူ (၃)ယောက်၏ ဝိညာဉ်စွမ်းအားများက သိပ်သည်းလျှက် ရှိပြီး သူတို့၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက်လျှက် ရှိသည်။
သူတို့အားလုံး ကျင့်ကြံခြင်းများ များစွာ တိုးတက်သွားကြပြီ ဖြစ်သည်။
ကျင်းထင်နှင့် မုရှိုးတို့သည်လည်း နောက်ဆုံးအခွင့်အရေးကို အချိန်မီ ဖမ်းဆုပ်နိုင်ခဲ့ကြသည်။
ထို့ကြောင့်… သူတို့လည်း အကျိုးအမြတ် များစွာ ရရှိခဲ့ကြ၏။
အစီအရင်မှ အလင်းရောင်များ ပျောက်ကွယ်သွားသည်နှင့် ဝိညာဉ်စွမ်းအားသိပ်သည်းမှုကြောင့် ထွက်ပေါ်နေသည့် သူတို့၏ ခန္ဓာကိုယ်မှ အလင်းရောင်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
သူတို့အတွက် မူလဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်ရန် ခြေတစ်လှမ်း ပိုမိုနီးကပ်လာပြီ ဖြစ်သည်။
ကျင်းထင် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။
သူ၏ ကျင့်ကြံခြင်း များစွာ တိုးတက်လာကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။
သူတို့ မရဏဂူအဝင်ဝတွင် အချိန် (၁)လလုံးလုံး ကျင့်ကြံခဲ့သည်ထက် ယမန်နေ့ည တစ်ညတည်း ကျင့်ကြံလိုက်ရသည်က အခြေအနေများစွာ တိုးတက်လာခဲ့သည်။
ကံဆိုးသည်မှာ… နတ်ဘုရားရောင်ဝါက တစ်ကြိမ်သာ ထွက်ပေါ်လာလေ့ရှိခြင်းပင် ဖြစ်၏။ ထို့ကြောင့်… ဒုတိယအကြိမ် ထပ်မံထွက်ပေါ်လာရန် သူတို့ မမျှော်လင့်ရဲကြတော့ပေ။
ထိုအချိန်မှာပင်… လုန်ယွိ၏ မျက်ဝန်းများလည်း တဖြည်းဖြည်း ပွင့်လာလေသည်။
သူတို့ (၃)ယောက်ထဲတွင် သူမက တိုးတက်မှု အမြင့်မားဆုံးဖြစ်သည်။
သူမ သက်ပြင်းတစ်ချက် ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်။
သူမ မှန်ကန်သည့်ဘက်မှ လောင်းကြေးထပ်နိုင်ခဲ့သည်ပဲ…။
“ဂိုဏ်းတူညီမလေး ‘လုန်’…”
ကျင်းထင်နှင့် မုရှိုးတို့က လုန်ယွိကို လှမ်းကြည့်လိုက်ပြီး နှုတ်ဆက်စကားဆိုလိုက်ကြသည်။
သူတို့က ဖြစ်ပျက်သွားသည့် အခြေအနေများနှင့်ပတ်သက်ပြီး လုန်ယွိကို မေးခွန်းများ မေးမြန်းချင်နေမိသည် မဟုတ်ပါလား။