အခန်း (၄၆) ကျန်းလန်ဘယ်တော့ရေထဲပြုတ်ကျမလဲ
စောစောကအထိပင်… ပတ်ဝန်းကျင်တွင် လူတစ်ယောက်ရှိနေကြောင်း ကျန်းလန် အာရုံမခံမိသေးပေ။
ယခုတော့ ပတ်ဝန်းကျင်တွင် လူတစ်ယောက်ရှိနေလေပြီ…။ ထိုသူက မည်သူဖြစ်ပါသနည်း…။
သိချင်စိတ်ဖြင့် ကျန်းလန် ခေါင်းမော့ကြည့်လိုက်၏။
ထိုအခါ… အလွန်အမင်း အံ့အားသင့်နေသည့် မျက်နှာထားဖြင့် သူ့ကို ကြည့်နေသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူငယ်က ခွန်လွန်တောင်မှ တပည့်များဝတ်ဆင်လေ့ရှိသည့် တူညီဝတ်စုံကို ဝတ်ဆင်ထားသည်။
ကျင့်ကြံခြင်းအဆင့်ကတော့ ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။
ကျန်းလန်က ထိုလူငယ်ကို မသိမသာ အကဲခတ်ကြည့်လိုက်ပြီးနောက်…
“ဒီလူက သူတို့တွေပြောနေကြတဲ့ ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုဆိုတဲ့သူ ဖြစ်ရမယ်… ၊ သူတို့ပြောပုံအရဆိုရင်တော့ ဒီဂိုဏ်းတူအစ်ကိုက မူလဝိညာဉ်အဆင့်ကို တက်ရောက်ဖို့ ကောင်းကင်ရိပ်ငြိမ်ရေကန်ထဲကို ဝင်ရောက်လာတာပဲ…”
ကျန်းလန် ခန့်မှန်းကြည့်လိုက်သည်။
ထိုစဉ်မှာပင်… တစ်ဖက်လူက ကျန်းလန်ကို ခေါင်းညိတ်နှုတ်ဆက်လိုက်လေသည်။
ကျန်းလန်လည်း ချက်ချင်းပင် ပြန်လည် ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
ဤလူငယ်က ပထမတောင်ထွတ်၏ သူ၏ ဂိုဏ်းတူအစ်ကို ဖြစ်၏။ သူ့ အနေဖြင့် ရိုင်းပြရန် မသင့်တော်ပေ။
ထို့ပြင်… ထိုသူက သူ့ကို စတင် အသိအမှတ်ပြုနှုတ်ဆက်နေလေရာ ကျန်းလန်ကလည်း ယဉ်ကျေးမှုအရ ပြန်လည်နှုတ်ဆက်ရမည် ဖြစ်သည်။
သို့သော်… သူတို့ တစ်ယောက်နှင့်တစ်ယောက် စကားမပြောခဲ့ကြပေ။ တစ်ဖက်လူကလည်း စကားစတင်ပြောဆိုခြင်း မရှိသလို ကျန်းလန်ကလည်း မည်သည့်စကားမှ မပြောခဲ့ပေ။
ကန်ရေပြင်ထက်တွင် လမ်းလျှောက်နေရင်း စကားပြောရန်မှာမသင့်တော်ပေ။ မဟုတ်ပါက စိတ်ပျံ့လွင့်ပြီး ရေကန်အောက်သို့ နစ်မြုပ်သွားနိုင်သည်။
ကျန်းလန် ထိုလူငယ်ကို အရေးမစိုက်ဘဲ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ကောင်းကင်ရိပ်ငြိမ်ရေကန်ထက်တွင် လမ်းလျှောက်ရန်ပင် အတော်လေး ခက်ခဲလေရာ တိုက်ခိုက်ရန်မှာတော့ မဖြစ်နိုင်သည့် ကိစ္စပင်…။
ရေကန်ထက်တွင် ရပ်တည်ရန်အတွက် စိတ်စွမ်းအား ကောင်းမွန်ရန် လိုအပ်သလို စိတ်တည်ငြိမ်မှုရှိရန်လည်း လိုအပ်သည်။
တိုက်ခိုက်ကြမည်ဆိုလျှင် စိတ်စွမ်းအားနှင့် စိတ်တည်ငြိမ်မှုကို အမြင့်ဆုံးအဆင့် ထိန်းသိမ်းထားနိုင်မှသာ တိုက်ခိုက်နိုင်ပေလိမ့်မည်။ ထိုသို့ပြုလုပ်ရန်က မလွယ်ကူလှပေ။
သူ့တွင် သန့်စင်သည့် တိုက်ခိုက်ရေးဝိညာဉ်တစ်ခု ပိုင်ဆိုင်ထားလျှင်တော့ တိုက်ခိုက်မှုကို ပြုလုပ်နိုင်မည် ဖြစ်သည်။
သို့သော်… ထိုသို့သော တိုက်ခိုက်ရေးဝိညာဉ်တစ်ခု ရရှိရန်မှာလည်း အလွန်တရာခက်ခဲလေ၏။
သို့သော်… ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကတော့ ထိုသို့သော တိုက်ခိုက်ရေးဝိညာဉ်မျိုး ပိုင်ဆိုင်ထားသလား ကျန်းလန် မသိရှိသလို စိတ်ဝင်စားခြင်းလည်း မရှိပေ။
သူ စိတ်ဝင်စားသည်က ကောင်းကင်ရိပ်ငြိမ်ရေကန်မှ ရသလောက် အမြတ်ထုတ်ရန် ဖြစ်သည်။
မတော်တဆ ဖြစ်ပေါ်လာမည် အန္တရယ်များကိုကာကွယ်ရန်တော့ ကျန်းလန်က အသင့်ပြင်ဆင်ထားသည်။
ဤသည်က အခြားသူများကို ရန်လိုခြင်း မဟုတ်ပေ။ သတိထားခြင်းသာ ဖြစ်လေသည်။
ပထမတောင်ထွတ်မှ တပည့်၏ အမည်က ကုချီ ဖြစ်၏။
ကုချီက ကျန်းလန်ကို တစ်ချက်မျှ အကဲခတ်ပြီးနောက် အရေးမစိုက်တော့ဘဲ ဆက်လက် ထွက်ခွာသွားသည်။
သူက ပထမတောင်ထွတ်မှ တပည့်ဖြစ်၏။ လူငယ်ကျင့်ကြံသူမျိုးဆက်တွင် အထူးခြားဆုံး ပါရမီရှင်တစ်ယောက် ဖြစ်သည်။
ကောင်းကင်ရိပ်ငြိမ်ရေကန်၏ နဝမမြောက်တည်နေရာသို့ ရောက်ရှိလာနိုင်သည်မှာလည်း သူ၏ ပါရမီနှင့် ကိုယ်ပိုင်စွမ်းရည်များကြောင့် ဖြစ်သည်။
သို့သော်… ယခုတော့ ဤနေရာသို့ နောက်ထပ်တပည့်တစ်ယောက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤနေရာထိ ရောက်ရှိလာနိုုင်သည်ကို ကြည့်ခြင်းအားဖြင့် ထိုတပည့်တွင်လည်း ထူးခြားမှုတစ်ခုခုတော့ ရှိရပေလိမ့်မည်။
ထိုတပည့်၏ ကျင့်ကြံခြင်းက သူ့လောက်အဆင့်မြင့်မားခြင်း မရှိသော်လည်း သူတို့ (၂)ယောက်လုံးက လူငယ်မျိုးဆက် တပည့်များ ဖြစ်ကြ၏။
ထို့ကြောင့်… ကုချီအနေဖြင့် ယခုမှ ရောက်လာသူ၏နောက်တွင် နောက်ကျရန်ရစ်ခဲ့ရန် ဆန္ဒ မရှိပေ။
ထိုတပည့်ထက်အရင် ရေကန်ထဲ နစ်မြုပ်သွားမည့် အဖြစ်မျိုး ကုချီ အဖြစ်မခံနိုင်ပေ။
စောစောက သူ ရေထဲသို့ နစ်မြုပ်တော့မလို ဖြစ်သွားသေးသည်။ သို့သော်… ကန်ရေပြင်ထက် ချက်ချင်းပြန်တက်လာနိုင်ခဲ့ပြီး ခဏမျှ အနားယူနေခဲ့သည်။
ထိုအချိန်တွင်… ထိုတပည့်က သူ့အနားသို့ ရောက်ရှိလာခြင်း ဖြစ်၏။
အစပိုင်းက ဤနေရာတွင် ကုချီတစ်ယောက်တည်းရှိလေသည်။ ယခုတော့ နောက်တစ်ယောက် ထပ်ရောက်လာပြီဖြစ်ရာ ထိုတပည့်ကို မရှုံးနိမ့်စေရန် ကုချီ စိတ်ဆုံးဖြတ်လိုက်သည်။
သူတို့ (၂)ယောက် မည်သူက ရေကန်ထဲသို့ အရင်ဆုံး နစ်မြုပ်မည်နည်း။
ကုချီ ကျန်းလန်နှင့် ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်သည်။
ကုချီက ကျန်းလန် သူ့ကို လိုက်မမီစေရန်အတွက် ပိုမိုဝေးကွာသည့် နေရာတစ်ခုသို့ ခပ်မြန်မြန် လမ်းလျှောက်သွားလိုက်သည်။
ကောင်းကင်ရိပ်ငြိမ် ကန်ရေပြင်ထက်တွင် တိုက်ခိုက်ရန်မှာ အလွန်ခက်ခဲသည့် ကိစ္စဖြစ်သည်။ သို့သော်… ပါရမီရှင်ဖြစ်သည့် ကုချီအတွက်တော့ အလွန်လွယ်ကူလေ၏။
သို့သော်… သူက ကျန်းလန်ကို တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။
သူက ရေထဲသို့ မည်သူအရင်ဆုံး ပြုတ်ကျမည်ကိုသာ ယှဉ်ပြိုင်လိုသည်။ သူက ယှဉ်ပြိုင်ရသည်ကို သဘောကျသူ ဖြစ်သည်။
“ဒါပေမဲ့… ငါ့ရဲ့ တိုက်ခိုက်ရေးဝိညာဉ်ကို မင်း ဘယ်လောက် စွပေးနိုင်မလဲဆိုတာ သိချင်မိတယ်…”
ကုချီ စိတ်ထဲမှ တွေးလိုက်သည်။
ထို့နောက်… သူ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။
ကျန်းလန်နှင့် အချိန်ကြာမြင့်စွာ ကန်ရေပြင်ထက် လမ်းလျှောက်ပြိုင်နေပါက သူ၏ တိုက်ခိုက်ရေးဝိညာဉ်က ပိုမိုလောင်ကျွမ်းလာမည် ဖြစ်သည်။
ထိုတပည့်က မည်သူပင်ဖြစ်ပါစေ သူကတော့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ယှဉ်ပြိုင်ခြင်းက သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြင့်တက်သွားစေမည် ဖြစ်၏။
အမှန်တော့… မူလဝိညာဉ်အဆင့် တက်ရောက်ရန်မှာ အလွန်ခက်ခဲသည်။ ထို့ကြောင့်… ကျန်းလန်ကို အသုံးချပြီး ကျင့်ကြံခြင်းအဆင့်တက်နိုင်အောင် သူ ကြိုးစားရမည် ဖြစ်သည်။
ကုချီ မပြောမဆို ထွက်ခွာသွားသည့်အတွက် ကျန်းလန်ကတော့ စိတ်ထဲ မည်သို့မှ မခံစားရပေ။
ကျန်းလန်က… သူ့အနီးပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိလေ သဘောကျလေ ဖြစ်သည်။
ကုချီနောက်မှ အေးအေးဆေးဆေး လမ်းလျှောက်လိုက်ပါသွားရမည်ဆိုလျှင်လည်း ကျန်းလန်အတွက် အဆင်ပြေသည်။ ရှေ့မှသွားရသည်ထက် နောက်မှလိုက်ရသည်က ပို၍ပင် သက်သောင့်သက်သာ ရှိသည် မဟုတ်ပါလား။
ရေထဲတွင် မှုံဝါးဝါး မြင်တွေ့နေရသည့် သူ၏ပုံရိပ်ကို ကျန်းလန် တစ်ချက်ကြည့်လိုက်သည်။
ထို့နောက်… သူလည်း ရှေ့ဆက်လျှောက်လာခဲ့သည်။
ကျန်းလန်က သူ၏ မူလဝိညာဉ်တွင် ဖြစ်ပေါ်နေသည့် အားနည်းချက်နှင့်လိုအပ်ချက်များကို သိရှိလိုသည်။
ထိုသို့သိရှိရပါက သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာရန်အတွက် များစွာ အကူအညီ ဖြစ်နိုင်ပေလိမ့်မည်။
………………
ကောင်းကင်ရိပ်ငြိမ်ရေကန် အပြင်ဘက်…
ကျန်းလန် ရေကန်ထဲဝင်သွားသည်နှင့် ရေကန်အပြင်ဘက်မှ တပည့်များက ဝေဖန်ပြောဆိုရင်း ကျန်ရစ်ခဲ့ကြသည်။
သူတို့က ကျန်းလန် ဘယ်အချက် ရေမြုပ်ပြီး ပြန်ထွက်လာမည်လဲ စိတ်ဝင်စားနေကြသည်။
“ဒီကောင် ရေထဲမြုပ်သွားတာနဲ့ ကမ်းခြေကို ပြန်ရောက်လာမှာ မဟုတ်လား…. ၊ ဒီကောင် ဘယ်တော့လောက် ပြန်ထွက်လာမလဲ မသိဘူး…”
“ဘယ်သိနိုင်မလဲ… ၊ ခဏလောက်တော့ စောင့်ကြည့်ရမှာပေါ့… ၊ ပထဆုံးအကြိမ် ရေကန်ထဲဝင်တဲ့သူတွေက ခဏလေးနဲ့ ပြန်ထွက်လာကြတာ ခပ်များများပဲလေ…”
“မင်းတို့တွေ သူ့ကို သိပ်တော့ အထင်မသေးနဲ့နော်… ၊ သူက ပါရမီရှင်တစ်ယောက် မဟုတ်ပေမယ့် နဝမတောင်ထွတ်က တပည့်နော်… ”
“အဲဒီ ဂိုဏ်းတူအစ်ကိုက နဝမတောင်ထွတ်ကဆိုတော့ ဘာဖြစ်လို့လဲဟင်… ၊ နဝမတောင်ထွတ်က အခြားတောင်ထွတ်တွေထက် ရင်းမြစ်တွေပိုပြီး ကြွယ်ဝလို့လား…”
ထိုမေးခွန်းကိုမေးလိုက်သူက ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ မကြာသေးသည့် တပည့်ငယ်တစ်ယောက် ဖြစ်၏။
ခွန်လွန်တောင်မှ တပည့်ကြီးများအတွက် ကျန်းလန်က ဂိုဏ်းတူညီလေးဖြစ်သော်လည်း နောက်မှရောက်သည့် တပည့်ငယ်များအတွက်တော့ ကျန်းလန်က ဂိုဏ်းတူအစ်ကို ဖြစ်သည်။
တပည့်ငယ်များထဲတွင် ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ လာရောက်နိုင်သူ အနည်းငယ်သာ ရှိသည်။
ထို့ကြောင့်… ရေကန်အနီးအနားရှိ တပည့်အများစုမှာ ကျန်းလန်၏ ဂိုဏ်းတူအစ်ကိုများ ဖြစ်ကြသည်က များသည်။
သို့သော်… အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ထားသည့် ကျန်းလန်၏ အဆင့်က အချို့ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်မများထက် သာလွန်သည်ဟု ဆိုနိုင်သည်။
ဤသည်မှာ နဝမတောင်ထွတ်မှ ရင်းမြစ်များအားလုံးကို ကျန်းလန်တစ်ယောက်တည်း အသုံးပြုထားသောကြောင့်ဟု အများက ယူဆကြသည်။
ထို့ပြင်… ကျန်းလန်က နဝမတောင်ထွတ်မှ တပည့်တစ်ယောက် ဖြစ်လေရာ အခြားတပည့်များထက် စိတ်စွမ်းအား ပိုမိုကောင်းမွန်သည်။
ထို့ကြောင့်ပင်… အချို့တောင်ထွတ်များမှ ပါရမီရှင် တပည့်များကိုပင် ကျန်းလန်က ကျော်တက်သွားနိုင်ခြင်း ဖြစ်၏။
ကျန်းလန်အတွက်တော့ နဝမတောင်ထွတ်မှ တောင်သခင်က မျက်နှာသာပေးနေသရွေ့ တောင်ထွတ်တစ်ခုလုံးက ရင်းမြစ်များကို ပေါပေါများများ အသုံးပြုနေနိုင်မည် ဖြစ်သည်။
သို့သော်… ထိုသို့ ရင်းမြစ်များ အသုံးပြုပြီး အဆင့်မြင့်တက်လာသည့် ကျင့်ကြံခြင်းက အခြေမခိုင်ပေ။
ထို့ကြောင့်… ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေ အခက်အခဲများစွာ ရင်ဆိုင်ရကာ နောက်ဆုံး အောင်မြင်မှုနှင့် အလှမ်းဝေးလိမ့်မည်ဟု အားလုံးက ယုံကြည်ကြသည်။
ဤသည်က အခြားတပည့်များ ကျန်းလန်အပေါ် ထင်မြင်ကြသည့် အမြင်များဖြစ်ကြ၏။
တပည့်အသစ်လေး၏ မေးခွန်းကို အခြားတပည့်တစ်ယောက်က ပြန်ဖြေလိုက်၏။
“မဟုတ်ဘူးကွ… ၊ ဒီဂိုဏ်းတူညီလေးက နဝမတောင်ထွတ်မှာ အချိန်အကြာကြီးနေနိုင်တာကို ကြည့်ရင် သူ့ရဲ့ စိတ်စွမ်းအားက အရမ်းကောင်းလို့ ဖြစ်ရမယ်…၊ အနည်းဆုံးတော့ သူ့ရဲ့ စိတ်စွမ်းအားက ကျုပ်တို့ထက် သာတယ်ကွာ… ဒါကြောင့်မို့လို့…. သူက ကောင်းကင်ရိပ်ငြိမ်ရေကန်ကနေ အကျိုးအမြတ် အများကြီး ရသွားနိုင်တယ်…”
“ဒါပေမဲ့ သူက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာလေ… ၊ ပြီးတော့ ကောင်းကင်ရိပ်ငြိမ်ရေကန်ကိုလည်း ပထမဆုံးအကြိမ်ရောက်ဖူးတာ… ၊ စိတ်ပိုင်းဆိုင်ရာ သေသေချာချာ ပြင်ဆင်မထားဘူးဆိုရင် ရေကန်အောက်ကို ချက်ချင်းမြုပ်သွားမှာပဲ…”
“အမှန်ပဲ… အထူးသဖြင့် နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက တစ်ယောက်တည်း ကျင့်ကြံနေတာ များတယ်လေ… ၊ ကောင်းကင်ရိပ်ငြိမ်ရေကန်အကြောင်းကို သူ နားလည်မှာ မဟုတ်ဘူး… ၊ ဒီကောင်က လောကအကြောင်းလည်း ဘာမှ သိပုံမရပါဘူးကွာ…”
“အမှန်ပဲ… နဝမမြောက်တည်နေရာကိုရောက်တာနဲ့ ချက်ချင်းမြုပ်သွားမှာပဲ…”
“စောင့်ကြည့်ကြတာပေါ့ကွာ… ရေကန်အောက်တန်းမမြုပ်ဘူးဆိုရင်တောင်မှ ရေကန်ပေါ်မှာရပ်တည်ဖို့တော့ အတော်လေး ခက်ခက်ခဲခဲ ကြိုးစားရမှာပဲ…”
“အမှန်ပဲ… တစ်ခါ နှစ်ခါလောက် ရေကန်အောက် နစ်မလိုဖြစ်ပြီးရင်တော့ တောင့်မခံနိုင်တော့ဘဲ ရေကန်ထဲ မြုပ်သွားမှာပဲ…”
သေရည်နတ်ဘုရားကတော့ သေရည်လေးတမြမြဖြင့် တပည့်များ၏ ဝေဖန်လေကန်သံများကို နားထောင်နေ၏။
မော့ကျန်းသုန့်က သူ့ကို ထိပ်တန်းအဆင့် ရှားပါးသေရည်တစ်အိုး လက်ဆောင်ပေးကတည်းက တပည့်ဖြစ်သူ ကျန်းလန်ကို အထူးဂရုစိုက်စေချင်သည့်အတွက် လာဘ်ထိုးလိုက်ခြင်းဖြစ်ကြောင်း သေရည်နတ်ဘုရား သိရှိသည်။
သူ့အနေဖြင့် ကျန်းလန် ကောင်းကင်ရိပ်ငြိမ် ကန်ရေပြင်ထက်တွင် အချိန်ကြာကြာ လမ်းလျှောက်နေနိုင်ရန် ကူညီပေးနိုင်သည်။
သို့သော်… သူက ထိုသို့ မကူညီရန် ဆုံးဖြတ်ခဲ့၏။
သူက ကျန်းလန်ကို နဝမမြောက်တည်နေရာ အလယ်ဗဟိုသို့ တန်းပြီးရောက်ရှိသွားအောင် ပို့ဆောင်ပေးခဲ့သည်။
ဤသည်က အခြားတပည့်များ မရရှိသည့် ထူးခြားသည့် ကူညီမှုမျိုး ပြုလုပ်ပေးလိုက်ခြင်း ဖြစ်သည်။ မော့ကျန်းသုန့် အနေဖြင့်လည်း ကျေနပ်နိုင်မည်ဟု သူ မျှော်လင့်မိသည်။
သို့သော်… ထိုနေရာတွင် ကျန်းလန် အချိန်မည်မျှကြာအောင် ရပ်တည်နိုင်မည်လဲ ဆိုသည်ကတော့ သူလည်း ခန့်မှန်းနိုင်ခြင်း မရှိပေ။
သူလည်း အခြားတပည့်များကဲ့သို့ပင် စိတ်ဝင်စားသဖြင့် စောင့်ကြည့်နေခြင်း ဖြစ်၏။
“ကန်ရေပြင်ပေါ်မျာ ဘာမှ မတွေ့ရသေးဘဲ ရေကန်အောက် တန်းမြုပ်သွားရင်လည်း သူ့ကို ကမ်းခြေကိုရောက်မလာဘဲ နဝမမြောက်တည်နေရာကို ပြန်ရောက်သွားအောင် ထပ်ပြီး ကူညီပေးလိုက်မယ်… ၊ ဒါဆိုရင် အဆင်ပြေလောက်မှာပါ…”
သေရည်တစ်ငုံကို မော့သောက်လိုက်ရင်း သေရည်နတ်ဘုရား တွေးလိုက်သည်။
ထို့နောက်… သူက သေရည်အိုးထဲမှ သေရည်ရနံ့ကို တစ်ချက် အနံ့ခံရှူရှိုက်ကြည့်လိုက်သည်။ ဤသေရည်က မော့ကျန်းသုန့်လက်ဆောင်ပေးလိုက်သည့် ထိပ်တန်းအဆင့် သေရည်ဖြစ်၏။
သေရည် ရနံ့က အလွန်မှ မွှေးပျံ့လွန်းလှသည်။
မော့ကျန်းသုန့်က အမှန်တကယ် ရှားပါးသည့် သေရည်တစ်အိုးကို တပည့်ဖြစ်သူအတွက် လာဘ်ထိုးခဲ့ခြင်း ဖြစ်သည်။
သူကလည်း ဤသို့သော သေရည်ကောင်းမျိုးကို မငြင်းဆန်နိုင်လေရာ မော့ကျန်းသုန့်အလိုကျ သူ့တပည့်ကို ကူညီပေးရပေလိမ့်မည်။
သေရည်နတ်ဘုရားက ခေါင်းတညိတ်ညိတ်လုပ်လိုက်ရင်း…
“အိမ်း… မော့ကျန်းသုန့်ဘက်က ကြည့်မယ်ဆိုလည်း မှန်ပါတယ်လေ… ၊ နှစ်ပေါင်း ဒီလောက်ကြာမှ ရှားရှားပါးပါး တပည့်လေးတစ်ယောက်ရထားတာ… ဂရုစိုက်ရှာပေမပေါ့…”
ဟု ရေရွတ်လိုက်လေ၏။