“မင်းသားလေးဇူယွမ်… မင်းသားလေးဇူယွမ်…”
အလွန်ပင်ကျယ်လောင်လှသည့်အားပေးသံတွေ ပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာခဲ့ရသလို ဇူအင်ပါယာစစ်သည်တွေရဲ့စိတ်ဓာတ်ကလည်း တစ်ဟုန်ထိုးမြင့်တက်သွားခဲ့ရသည်။
“မင်းသားလေးဇူယွမ်က မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်လိုက်တာလား…”
စစ်သည်တွေသာမက စွမ်းအားမြင့်ကျင့်ကြံသူတွေပါ ဒီရလဒ်ကြောင့် အံ့အားသင့်တုန်လှုပ်သွားခဲ့ကြရသည်။ ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့သည်လည်း ကျန်တဲ့လူတွေနဲ့အလားတူပင် အံ့အားသင့်သွားခဲ့ရသလို ခေါင်းရှုပ်သွားခဲ့ကြသည်။ သူတို့တွေက ဇူယွမ်ရဲ့ခွန်အားကို ကောင်းစွာသိထားကြပေ၏။ ဒီလိုမျိုးချီစုဆောင်းမှုအဆင့်မျှသာရှိနေသည့် ကျင့်ကြံသူတစ်ယောက်က အခုလိုအောင်မြင်မှုမျိုးရအောင် ဘယ်လိုများလုပ်နိုင်လိမ့်မည်နည်း။
သို့ပေမဲ့လည်း အမှန်တရားက သူတို့ရဲ့မျက်စိရှေ့တွင်ပဲ ဖြစ်သွားခဲ့သည်။ ထို့ကြောင့်ပင် သူတို့အနေဖြင့် ဒီအရာကိုမယုံကြည်နိုင်ပေမဲ့လည်း လက်ခံလိုက်ရုံကလွဲပြီး အခြားရွေးချယ်စရာမရှိခဲ့ပေ။
အခုအချိန်မှာ ဒီမူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက်ရဲ့ရင်ထဲ၌ ဇူယွမ့်အပေါ် ရိုသေလေးစားမှုတွေ ပိုပြီးမြင့်တက်သွားခဲ့ရ၏။ သူတို့အနေနဲ့ အရင်တုန်းက ဇူယွမ့်အပေါ် ယဉ်ယဉ်ကျေးကျေးဆက်ဆံခဲ့ကြတာက ဇူယွမ်ရဲ့အဆင့်အတန်းကြောင့်ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာဇူယွမ်က သူတို့နဲ့ကျင့်ကြံခြင်းအဆင့်အတူတူပင်ဖြစ်သည့် မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့မှုက သူတို့ကိုသူ့အပေါ် ရိုသေလေးစားသွားစေခဲ့သည်။
ဒီကမ္ဘာကြီးထဲမှာ လူတစ်ယောက်ရဲ့ကိုယ်ပိုင်စွမ်းအားကသာလျင် အဓိကအကျဆုံးအရာတစ်ခုဖြစ်သည်။
အချိန်ခဏကြာအောင် အံ့အားသင့်တုန်လှုပ်သွားခဲ့ရပြီးနောက်မှာ သူတို့ရဲ့ရင်တွေက တဖြည်းဖြည်းပြန်လည်တည်ငြိမ်သွားခဲ့သည်။ မူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီးနောက်မှာ ချီအိမ်တော်ရဲ့အရေးသာမှုက ပျောက်ကွယ်သွားခဲ့ရသည်။
ထို့အပြင် ချီအိမ်တော်ဘက်မှစစ်သည်တွေသာမက စွမ်းအားမြင့်ကျင့်ကြံသူတွေရဲ့စိတ်ဓာတ်တွေပါ ကျဆင်းသွားခဲ့ရ၏။ လက်ရှိအချိန်မှာ တိုက်ခိုက်နေလျက်ရှိကြသည့် မူလစဦးအဆင့်ကျင့်ကြံသူတွေရဲ့မျက်လုံးထဲမှာတောင်မှပင် အထိတ်တလန့်ဖြစ်မှုတွေနဲ့ မရေရာမသေချာမှုတို့ဖြင့် ပြည့်နှက်နေရကာ ၎င်းကပင် သူတို့ရဲ့တိုက်ခိုက်တဲ့အရှိန်အဟုန်ကို အားပျော့သွားစေခဲ့ရပြီး အစောပိုင်းကလောက် ပြင်းထန်ရက်စက်ခြင်းမရှိခဲ့တော့ပေ။
သူတို့အနေနဲ့ တစ်စုံတစ်ခုတော့မှားယွင်းမှုရှိနေပြီဆိုတာကို စတင်ပြီးသဘောပေါက်နားလည်လာခဲ့မိကြသည်။
သူတို့တွေအနေနဲ့ မူလကလွန်စွာလွှမ်းမိုးနိုင်စွမ်းရှိသည့်အမူအယာတွေဖြင့် ရောက်ရှိလာခဲ့ကြရပြီး မူလစဦးအဆင့်ကျင့်ကြံသူခုနှစ်ယောက်ဆိုတာက ဇူအင်ပါယာကိုနင်းချေနိုင်ဖို့ လုံလောက်တာထက်ပင် ပိုနေသေးသည်ဟုထင်ခဲ့ကြသည်။ သို့ပေမဲ့လည်း ဇူအင်ပါယာမှာ မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်တည်းပင်မဟုတ်ဘဲ ငါးယောက်တောင်ရှိနေကာ သူတို့ရဲ့အစီအစဉ်တွေကို ဒီလိုမျိုးကမောက်ကမဖြစ်သွားစေလိမ့်မယ်လို့ မည်သူကများထင်မှတ်ထားလိမ့်နည်း။
သို့ရာတွင် သူတို့အားလုံးထဲမှာ ပိုပြီးကြောက်စရာအကောင်းဆုံးက ချီစုဆောင်းမှုအဆင့်မှာရှိနေကြသည့် ထိုမိန်းကလေးနှင့် ဇူယွမ်တို့ပင်ဖြစ်ကြသည်။
အားလုံးထဲမှာ ထိုနှစ်ယောက်က အားအနည်းဆုံးဖြစ်ကာ သူတို့လိုမူလစဦးအဆင့်ကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့အရည်အချင်းမရှိနိုင်တဲ့သူတွေအဖြစ်သာ သူတို့အားလုံးမှတ်ယူထားခဲ့ကြသည်။ သို့ပေမဲ့လည်း ၎င်းတို့နှစ်ယောက်က မူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက်ကို ကြောက်မက်ဖွယ်ရာကောင်းသည့်နည်းလမ်းတွေနဲ့ လျင်မြန်စွာသတ်ဖြတ်နိုင်ခဲ့ကြသည်။
ဒီလိုမျိုးအလှည့်အပြောင်းက ချီအိမ်တော်ဘက်မှာကျန်ရှိနေကြသည့် မူလစဦးအဆင့်ကျင့်ကြံသူတွေကို စိုးရိမ်ထိတ်လန့်သွားစေခဲ့ရသည်။ ထို့ကြောင့်ပင် သူတို့ကစွမ်းအားအနည်းငယ်ကိုချန်ထားပြီး သူတို့တွေရှုံးနိမ်ခဲ့ရမယ်ဆိုရင် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ရန်အတွက် ပြင်ဆင်ထားလိုက်မိကြသည်။
သို့ပေမဲ့လည်း ဒီစိတ်ကူးတွေက သူတို့ပြိုင်ဘက်တွေရဲ့မျက်လုံးထဲကနေ လွတ်မြောက်သွားနိုင်ခြင်းတော့ မရှိခဲ့ပေ။ ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့ရဲ့တိုက်ခိုက်မှုတွေက အစောပိုင်းကထက်ပင် ပိုပြီးပြင်းထန်လာခဲ့ကာ ရန်သူတွေကို ထွက်ပြေးလွတ်မြောက်သွားစေနိုင်ဖို့ အခွင့်အရေးမရှိအောင် ဖိအားပေးတိုက်ခိုက်လာခဲ့ကြသည်။
…
“ကြည့်ရတာ အခြေအနေတွေက မင်းထင်ထားသလိုဖြစ်လာမှာ မဟုတ်တော့ဘူးထင်တယ်…” ပင်မဂိတ်တံခါးအထက်ရှိလေထဲမှာ ဇူချင်က ချီယန်ကိုကြည့်ကာ အေးစက်စွာပြုံး၍ပြောလိုက်သလို ပြင်းထန်တဲ့မူလချီတွေကို ထုတ်ဖော်လျက်မှပင် အပြင်းအထန်တိုက်ခိုက်နေလျက်ရှိကြသည်။
ချီယန်ရဲ့အမူအယာက လက်ရှိအချိန်မှာ အလွန်အမင်းပျက်ယွင်းနေခဲ့ရသည်။ သူ့အနေနဲ့ ဒီလိုမျိုးအလှည့်အပြောင်းကို ထင်မှတ်မထားခဲ့သည်မှာ ထင်ရှားပေသည်။
မူလကသူတို့ဘက်မှာ မူလစဦးအဆင့်ကျင့်ကြံသူခုနှစ်ယောက်ရှိနေကာ ထိုအင်အားက ဇူအင်ပါယာအပေါ် အလွယ်တကူအနိုင်ရနိုင်လိမ့်မည်လို့ သူကထင်မှတ်ထားခဲ့သည်။ သို့ပေမဲ့လည်း ဒီလိုတိုတောင်းလှတဲ့အချိန်လေးအတွင်းမှာပင် သူတို့ခုနှစ်ယောက်ထဲမှနှစ်ယောက်က အခုလိုမျိုးလျင်မြန်စွာသေဆုံးသွားခဲ့ရလိမ့်မယ်လို့ မည်သူကများထင်ထားလိမ့်မည်နည်း။
“ဇူယွမ်က တကယ်ကိုငါတို့အတွက် ကံဆိုးမှုတွေကို ယူဆောင်လာခဲ့တဲ့သူပဲ… ဒီလိုဖြစ်သွားမယ်ဆိုတာသာသိခဲ့ရရင် အစောကြီးကတည်းက ငါနည်းလမ်းရှာပြီး သူ့ကိုရှင်းပြစ်လိုက်ပါတယ်…” ချီယန်က အံကိုတင်းတင်းကြိတ်လျက် နောင်တရစွာပြောလိုက်သည်။
အခုလိုဖြစ်သွားခဲ့ရသည့်အလှည့်အပြောင်းရဲ့ အဓိကတရားခံက ဇူယွမ်ပင်ဖြစ်သည်။ တော်ဝင်ဇူကျောင်းတော်မှာ ဇူယွမ်က သူ့ရဲ့ပါရမီကို ထုတ်ဖော်ပြသခဲ့စဉ်ကတည်းကစတင်ပြီး အရာရာတိုင်းက ဖြည်းဖြည်းချင်းပြောင်းလဲသွားခဲ့ရသည်။ ၎င်းက တော်ဝင်ဇူကျောင်းတော်ကိုရယူနိုင်ဖို့ သူ့ရဲ့အစီအစဉ်တွေကို ပျက်စီးသွားစေရုံသာမကဘဲ ဇူယွမ်က ဝေကန်းလန်ကိုပင် တော်ဝင်ကလန်ဘက်သို့ အောင်မြင်စွာဆွဲခေါ်နိုင်ခဲ့သည်။ ထို့အပြင် အဆင့် ၄မူလမှော်စာလုံးရေးဆွဲနိုင်သည့် ထိုထူးဆန်းသည့်မိန်းကလေးနဲ့ ကြီးမားတဲ့မူလမှော်သားရဲတစ်ကောင်ကလည်း သူ့ဘေးတွင်ရှိနေသည်။ ဒီအကြောင်းအရာတွေအားလုံးက ဇူယွမ်တစ်ယောက်တည်းနဲ့သာ သက်ဆိုင်နေပေသည်။
အရင်ကအင်အားဆုတ်ယုတ်နေခဲ့ရတဲ့ တော်ဝင်ကလန်က တစ်နှစ်တောင်မရှိသေးတဲ့အချိန်ကာလလေးအတွင်းမှာပင် နောက်တစ်ကြိမ်ပြန်လည်ပြီး အင်အားတောင့်တင်းလာခဲ့ရသည်။
ချီယန်က အကြောင်းအရာအားလုံးကို စေ့စေ့စပ်စပ်တွေးမိလိုက်သည့်အခါ အရာရာတိုင်းက ဇူယွမ်တစ်ယောက်တည်းကြောင့် ပြောင်းလဲသွားခဲ့ရခြင်းဖြစ်သည်ကို တွေ့လိုက်ရသည်။
ဝုန်း…
ချီယန်တစ်ယောက် သူ့ရဲ့အတွေးတွေကြောင့် စိတ်ပျံ့လွင့်သွားခဲ့ရစဉ်မှာ ပြင်းထန်တဲ့မူလချီတွေပါဝင်နေသည့် မီးကဲ့သို့နီရဲနေသည့်အလုံးတစ်လုံး ဝင်ရောက်လာသည့်အတွက် သူ့ရဲ့မူလချီတွေကို အလျင်အမြန်ထုတ်ဖော်လိုက်ရသည်။ ထို့နောက်မှာ၎င်းတို့နှစ်ခုက ထိပ်တိုက်ရင်ဆိုင်မိလိုက်ကြပြီး ဒီထိပ်တိုက်ရင်ဆိုင်မှုကနေ ထွက်ပေါ်လာခဲ့ရသည့်အားလှိုင်းတစ်ခုက သူ့အားနောက်ကိုလွင့်ထွက်သွားစေခဲ့သည်။
“ချီယန်… ငါတစ်ယောက်လုံး ဒီနေရာမှာရှိနေတာတောင် မင်းကစိတ်ပျံ့လွင့်ရဲသေးတာလား…” ဇူချင်က မီးလျှံကိုးမျိုးလှံအားဝှေ့ယမ်းပြလိုက်သလို ချီယန့်ကို ကြောက်စရာကောင်းလှတဲ့အကြည့်နဲ့ ကြည့်နေလျက်ရှိသည်။
ချီယန်ရဲ့အမူအယာက နက်မှောင်သွားခဲ့ရကာ အေးစက်တဲ့လေသံဖြင့် ပြန်လည်ချေပလိုက်သည်… “အရမ်းကြီးပျော်မနေနဲ့ဦး ဇူချင်…”
“ကြည့်ရတာ မင်းရဲ့အခြေအနေက ပိုပိုပြီးဆိုးရွားလာတဲ့ပုံပဲ…” ဇူချင်က အေးစက်စက်တစ်ချက် ရယ်မောလိုက်သည်။ သူကဘေးဘက်ကို အနည်းငယ်စောင်းငဲ့ကြည့်လိုက်သည့်အခါ ဇူယွမ်က ဝမ်ကောင်းရှန်ကိုသတ်ပြီးနောက်မှာ အခြားဂိတ်တံခါးတစ်ခုထံသို့ ငွေရောင်အလင်းတန်းအလား တိုးဝင်သွားခဲ့သည်ကို တွေ့လိုက်ရသည်။
ချီယန်ကလည်း ဒီမြင်ကွင်းကိုမြင်နေရသည့်အတွက် သူ့ရဲ့အမူအယာက အလွန်အမင်းပျက်ယွင်းသွားခဲ့ရသည်။ လက်ရှိအချိန်မှာ ဇူယွမ်ကလွတ်လွတ်လပ်လပ်ဖြင့် လှုပ်ရှားနိုင်ခြင်းရှိနေသည့် တစ်ယောက်တည်းသောသူပင်ဖြစ်သည်။ ထို့ကြောင့်ပင် စစ်မြေပြင်အတွင်းရှိ ဘယ်နေရာမဆို သူပူးပေါင်းသွားခဲ့တာနဲ့ မကြာမီမှာပင်အရှုံးရလဒ်နဲ့ သေချာပေါက်ရင်ဆိုင်ရပေလိမ့်မည်။
“ပုန်ကန်သူ… မင်းကအခုအချိန်မှ နောင်တရမယ်ဆိုရင်လည်း အရမ်းကိုနောက်ကျသွားခဲ့ရပြီ…” ဇူချင်က အူလှိုက်သည်းလှိုက်ပင် ရယ်လိုက်မိသည်။ ထို့နောက်မှာ သူကနောက်ထပ်တုန့်ဆိုင်းနေခြင်းမရှိတော့ဘဲ ရုတ်တရက်ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်သလို သူ့ရဲ့တိုက်ခိုက်မှုတွေက ချီယန့်ကိုဖုံးလွှမ်းသွားခဲ့သည်။
…
ဝမ်ကောင်းရှန်ကို သတ်ဖြတ်နိုင်ခဲ့အပြီးမှာ ဇူယွမ်ရဲ့မျက်ခုံးနှစ်ခုကြားမှ နာကျင်မှုလှိုင်းတွေ လှုပ်ရှားထွက်ပေါ်လာခဲ့ရသည်။ ဒီနာကျင်မှုက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားတွေ အလျင်အမြန်ကုန်ဆုံးသွားခဲ့ရခြင်းကြောင့်ဖြစ်သလို သူ့အနေနဲ့နောက်ထပ်အချိန်အနည်းငယ်သာ ဆက်ပြီးတိုက်ခိုက်နိုင်တော့မည်ဖြစ်ကြောင်းကို နားလည်စေနိုင်ခဲ့သည်။
“ငါဒီအခွင့်အရေးကိုအသုံးချပြီးတော့ ငါတို့ဘက်ကအသာစီးရသွားအောင် ပြုလုပ်ရမယ်… အနည်းဆုံးနောက်ထပ်မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်ခဲ့မယ်ဆိုရင်တောင် အရာအားလုံးပြောင်းလဲသွားလိမ့်မယ်…”
ဇူယွမ့်ရဲ့အကြည့်က စစ်မြေပြင်မှာ တိုက်ခိုက်နေလျက်ရှိကြသည့် မူလစဦးအဆင့်ကျင့်ကြံသူတွေထံ ကျရောက်သွားခဲ့သည်။
တိုက်ပွဲနေရာငါးခုမှာ ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့က သူတို့ပြိုင်ဘက်တွေနဲ့ လက်ရည်တူညီတိုက်ခိုက်နေကာ ယောင်ယောင်နဲ့ ထန်ထန်တို့က သူတို့ပြိုင်ဘက်တွေကို လွယ်လွယ်ကူကူပင်ရင်ဆိုင်နေကြလျက်ရှိသည်။ ထန်ထန်က ၎င်းရဲ့တိုက်ပွဲမှာ အလုံးစုံအသာစီးရလို့နေပေသည်။ ၎င်းရဲ့ပြိုင်ဘက်ဖြစ်သူ၏ မူလချီတွေက ဝါးမျိုခြင်းခံနေရသည့်အတွက် ထိုမူလစဦးအဆင့်ကျင့်ကြံသူရဲ့အခြေအနေက လွန်စွာမှပင်သနားစရာကောင်းလှပေသည်။
“သူ့ကိုအရင်ဆုံးသတ်ရမယ်…”
ဇူယွမ်က ထန်ထန့်ကြောင့် လွန်စွာသနားစရာကောင်းလှတဲ့အခြေအနေမှာ ရောက်ရှိနေရသည့် မူလစဦးအဆင့်ကျင့်ကြံသူကို ချက်ချင်းဆိုသလိုပင် ရွေးချယ်လိုက်၏။ လက်ရှိအချိန်မှာ သူလုပ်ရမယ့်အရာက တတိယမြောက်မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို အလျင်အမြန်ရှင်းပြစ်ပြီး အင်အားညီမျှနေမှုကို ဖျက်စီးပြစ်နိုင်ဖို့ပင်ဖြစ်သည်။
ထို့နောက်မှာ သူကငွေရောင်အလင်းတန်းတစ်ခုအလား ရှေ့ကိုပြေးထွက်သွားခဲ့သည်။
…
ဘုန်း… ဘုန်း…
ရေခဲတမျှအေးစက်လှတဲ့မူလချီတွေက ကောင်းကင်ထက်မှာ တစ်ဟုန်ထိုးထွက်ပေါ်နေရကာ ၎င်းရဲ့အအေးဓာတ်က ပတ်ဝန်းကျင်လေထုကိုတောင် အေးခဲသွားစေခဲ့ပြီး ၎င်းဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက်မှာ ရေခဲတွေဖုံးလွှမ်းကာကျန်နေခဲ့ရသည်။
သို့ပေမဲ့လည်း ထန်ထန်က အလွန်အမင်းအေးစက်လှသည့်မူလချီတွေကို ရှောင်တိမ်းခြင်းမပြုခဲ့ပေ။ ထန်ထန်က ၎င်းရဲ့ကြီးမားတဲ့ပါးစပ်ကြီးကိုဖွင့်ဟကာ အရာရာတိုင်းကိုဝါးမျိုလိုက်ပြီး ၎င်းရဲ့နှာခေါင်းထဲမှ အခိုးအငွေ့တွေကို ပြန်လည်ထုတ်လွှတ်လိုက်သည်။
“ဒါကဘာလဲဟ… ဒါကဘယ်လိုမူလမှော်သားရဲအမျိုးအစားလဲ…” ထန်ထန်နဲ့တိုက်ခိုက်နေလျက်ရှိသည့် မူလစဦးအဆင့်ကျင့်ကြံသူရဲ့စိတ်ထဲမှာ သတိပေးသံဆူညံသွားခဲ့ရသလို ကြောက်ရွံ့မှုတွေကြီးစိုးသွားခဲ့သည်။ သူ့ရဲ့မူလချီတွေက သဘာဝအရပင် အလွန်အမင်းအေးစက်မှုရှိရကာ ပင်လယ်ရေကိုပင် အေးခဲသွားစေနိုင်ပေသည်။ ထန်ထန်က သူ့ရဲ့မူလချီတွေကို ဝါးမျိုခဲ့ပေမဲ့ ၎င်းအပေါ်တွင်တော့ တစ်စုံတစ်ရာအကျိုးသက်ရောက်စေခြင်းမရှိခဲ့ပေ။ ဒါကိုကြည့်ခြင်းအားဖြင့် ၎င်းရဲ့ခန္ဓာကိုယ်က ဘယ်လောက်သန်မာမှုရှိလဲဆိုတာကို မြင်နိုင်ပေသည်။
ရေခဲချီတွေကိုဝါးမျိုခဲ့ပြီးနောက်မှာ ထန်ထန်က အလင်းတန်းတစ်ခုအလားပြောင်းလဲသွားခဲ့ပြီး ရှေ့ကိုတိုးဝင်သွားခဲ့သည်။ ၎င်းရဲ့လက်သည်းတွေပတ်လည်မှာ ရက်စက်ကြမ်းကြုတ်တဲ့အနက်ရောင်အလင်းတွေ လှည့်ပတ်နေလျက်မှပင် မူလစဦးအဆင့်ကျင့်ကြံသူကို ရိုက်ချလိုက်သည်။
ဝှစ်…
အနက်ရောင်အလင်းတွေလှည့်ပတ်နေသည့် ထန်ထန်ရဲ့လက်သည်းတွေက အံ့အားသင့်စရာကောင်းလောက်သည့် အန္တရာယ်ပေးနိုင်စွမ်းရှိတဲ့အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ရင်းမှပင် လေထဲမှာလက်သည်းအရိပ်တွေ ထင်ကျန်နေခဲ့လောက်အောင်ပင် လျင်မြန်စွာကျဆင်းလာခဲ့သည်။
ထိုမူလစဦးအဆင့်ကျင့်ကြံသူက ထန်ထန်ရဲ့တိုက်ခိုက်မှုမှာ ပါဝင်တဲ့စွမ်းအားကို ကောင်းစွာသိသည့်အတွက် ပုံမှန်အားဖြင့် ၎င်းကိုထိပ်တိုက်ရင်ဆိုင်လိမ့်မည်မဟုတ်ပေ။ သူကထန်ထန်နဲ့ ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိခဲ့သည့်အတွက် နောက်ကိုလျင်မြန်စွာဆုတ်ခွာလိုက်သည်။
ဝှစ်…
သို့ပေမဲ့လည်း ထိုမူလစဦးအဆင့်ကျင့်ကြံသူလှုပ်ရှားသွားသည့်အခိုက်အတန့်မှာပင် သူ့ရဲ့နောက်မှ ငွေရောင်အလင်းတစ်ခု ရုတ်ချည်းထွက်ပေါ်လာခဲ့ရသည်။
ထိုမူလစဦးအဆင့်ကျင့်ကြံသူရဲ့စိတ်ထဲမှာ သတိပေးသံတွေဆူညံသွားခဲ့သလို ကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့ရသည်။ သူ့ရဲ့နောက်မှာ ငွေရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ခြင်းက သူ့ကိုအလွန်အမင်းထိတ်လန့်သွားစေခဲ့ရသည်။
သို့ပေမဲ့လည်း ဇူယွမ်က ထိုမူလစဦးအဆင့်ကျင့်ကြံသူကို တစ်စုံတစ်ရာတုံ့ပြန်နိုင်ဖို့ လုံလောက်တဲ့အချိန်မပေးခဲ့ပေ။ သူကကောင်းကင်ယွမ်စုတ်တံကို တစ်ချက်လှုပ်ခါလိုက်သလို စုတ်တံထိပ်ဖျားမှ မနှိုင်းယှဉ်သာအောင်ထက်မြလှသည့် အစိမ်းရင့်ရောင်အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မီးလျှံအလင်းကျင့်စဉ်…”
စုတ်တံရဲ့ထိပ်ဖျားက အလင်းတန်းတစ်ခုအလားပြောင်းလဲသွားခဲ့ပြီး မူလစဦးအဆင့်ကျင့်ကြံသူရဲ့နောက်ကျောကို အညှာအတာကင်းမဲ့စွာတိုးဝင်သွားခဲ့သည်။ ၎င်းရဲ့အထဲမှာပြင်းထန်တဲ့မူလချီတွေ လှုပ်ရှားနေလျက်ရှိပြီး ဒီတိုက်ခိုက်မှုရဲ့စွမ်းအားကို မြင့်တက်သွားစေခဲ့သည်။
မူလစဦးအဆင့်ကျင့်ကြံသူက ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး ချက်ချင်းဆိုသလိုပင် နောက်ဘက်ကိုလက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်၏။ ရေခဲပြာမူလချီတွေက သူ့ရဲ့လက်ဖဝါးအလယ်မှာ စုစည်းသွားခဲ့ပြီး ရေခဲအလွှာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ကာ သူ့ရဲ့လက်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။
ရွှစ်…
သို့ပေမဲ့လည်း ရေခဲအလွှာက ဇူယွမ်ရဲ့တိုက်ခိုက်မှုနဲ့ ရင်ဆိုင်တွေ့ခဲ့ရပြီးနောက်မှာ ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ရသည်။ အစိမ်းရောင်အရှိန်အဝါတစ်ခုက ရေခဲအလွှာကို ထွင်းဖောက်သွားခဲ့ပြီး မူလစဦးအဆင့်ကျင့်ကြံသူရဲ့လက်ကို ထွင်းဖောက်သွားခဲ့သည်။
အား…
သနားစရာကောင်းလှတဲ့အော်သံတစ်ခု မူလစဦးအဆင့်ကျင့်ကြံသူရဲ့ပါးစပ်ဖျားမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။ သူ့ရဲ့လက်မှာ သွေးတွေအဆက်မပြတ်စီးကျနေခဲ့သလို သူ့ရဲ့ခန္ဓာကိုယ်ကလည်း လျင်မြန်စွာပင်နောက်ကို ဆုတ်သွားခဲ့သည်။
ဝေါင်း…
သို့ပေမဲ့လည်း ထိုအခိုက်အတန့်မှာပင် ကြီးမားတဲ့အရိပ်ကြီးတစ်ခုက မူလစဦးအဆင့်ကျင့်ကြံသူရဲ့နောက်ကျောတွင် ပေါ်ထွက်လာခဲ့သည်။ ထို့နောက်မှာ ကမ္ဘာကြီးတစ်ခုလုံးအားဝါးမျိုးသွားနိုင်လောက်တဲ့ ကြီးမားတဲ့ပါးစပ်ကြီးတစ်ခုကဖွင့်ဟလျက်ကျဆင်းလာခဲ့ကာ မူလစဦးအဆင့်ကျင့်ကြံသူအား တစ်ချက်တည်းဖြင့် ဝါးမျိုသွားခဲ့သည်။
ထန်ထန်က အနီရောင်မူလချီတွေထဲမှာ ရပ်တန့်နေလျက်ရှိပြီး သူ့ရဲ့ဗိုက်ထဲမှာ တစ်စုံတစ်ခုကအပြင်းအထန်လှုပ်ရှားခုခံနေသည့်အလား တဝုန်းဝုန်းမြည်သံတွေ ထွက်ပေါ်နေရပေသည်။ သို့ပေမဲ့လည်း ထိုခုခံမှုတွေက အချိန်အနည်းငယ်ကြာပြီးနောက်မှာ တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့ရသည်။
ထန်ထန်က၎င်းရဲ့အစာအိမ်ကို တစ်ချက်ပုတ်လိုက်ပြီး စိတ်ကျေနပ်မှုရှိသွားရသည့်အလား လေတက်သံတစ်ချက်ထွက်ပေါ်လာခဲ့ရသည်။
ဇူယွမ်ရဲ့နှုတ်ခမ်းထောင့်စွန်းက လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ရသည်။ ထန်ထန်တစ်ကောင် ဝါးမျိုနိုင်ခြင်းမရှိသည့်အရာက ဒီကမ္ဘာပေါ်မှာတောင် ရှိနေနိုင်ပါမည်လား။ မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်တောင်မှပင် လွတ်မြောက်နိုင်ဖို့အခွင့်အရေးမရှိခဲ့ဘဲ ၎င်းရဲ့အစာအိမ်ထဲရောက်ရှိသွားခဲ့ရသည်။
“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့အစာအိမ်လဲ…” ဇူယွမ်တစ်ယောက် ညည်းညူလိုက်မိသည်။
သို့တိုင်အောင် သူတို့တွေက နောက်ထပ်မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရှင်းပြစ်နိုင်ခဲ့ပြီဖြစ်သည်။
ထို့နောက်မှာ သူကခေါင်းကိုမော့လိုက်ပြီး ချီယန်ရှိနေတဲ့နေရာကို လူသတ်လိုစိတ်တွေဖြင့်ပြည့်နှက်နေလျက် ကြည့်လိုက်သည်။
ထိုအခိုက်အတန့်မှာပင် ချီအိမ်တော်ရဲ့အသာစီးရနေမှုတွေက အလုံးစုံပျောက်ကွယ်သွားခဲ့ရသည်။
၎င်းက ဒီစစ်ပွဲကိုပြီးဆုံးသွားပြီလို့တောင် ပြောနိုင်ပေသည်။